သတ်ဖြတ်ခြင်း
Vol. 10 Ch. 976
"တာအိုရောင်းရင်း ကူညီဖို့ပဲ သဘောတူလိုက်ပါ ၊ အကျိုးအမြတ်က ချက်ချင်းရလာစေရပါလိမ့်မယ်…"
ထိုက်ယိ၏ အသံက ဝူကျီးချီ၏ စိတ်ထဲသို့ လေပြေလေးအလား ဝင်ရောက်လာသည်။
ဝူကျီးချီမှာ လောဘတက်နေသည့်အတွက် ထိုအသံတွင် လှည့်စားခြင်းအနည်းငယ်ပါဝင်နေသည်ကို သတိမထားခဲ့မိပေ။
ဝူကျီးချီက…
"ကောင်းပြီလေ… ၊ ဒါဖြင့် ဘာလုပ်ရမလဲသာ အရင်ပြောပါ…"
ထိုက်ယိ၏ အသံက ဝူကျီးချီ၏ စိတ်အာရုံထဲသို့ ပျံ့နှံ့ပြီး ဝင်ရောက်လာသည်။
"ကျိုးယီတောင်မှာ ဝိညာဉ်စွမ်းအားအကောင်းဆုံး တောင်ထိပ်တစ်ခုရှိတယ် ၊ အဲဒီတောင်ထိပ်ကို စွမ့်ယွမ်တောင်ထွတ်လို့ ခေါ်တယ် ၊ အဲဒီမှာ လူသားမျိုးနွယ်တွေနေကြတယ် ၊ သူတို့အားလုံးက စွင့်တိဧကရာဇ်ရဲ့ မျိုးနွယ်က ဆင်းသက်လာတဲ့သူတွေပဲ ၊ မင်းသူတို့အာလုံးကိုသတ်ပြီး သွေးထဲက သွေးအနှစ်သာရတွေကိုယူလိုက်ပါ ၊ ပြီးတော့ အဲဒီသွေးအနှစ်သာရတွေကိုပေါင်းစပ်လိုက်ရင် စွင့်တိဧကရာဇ်ရဲ့ သွေးအနှစ်သာရတွေရလာလိမ့်မယ် ၊ အဲဒီသွေးကို စွမ့်ယွမ်တောင်ထွတ်မှာ သွန်းလောင်းလိုက်မယ်ဆိုရင် ဓားတစ်လက်ထွက်ပေါ်လာလိမ့်မယ် ၊ အဲဒီဓားက တာအိုဆရာသခင်ထိုက်ယီ အတိတ်အချိန်တုန်းက ပြုလုပ်ခဲ့တဲ့ ထာဝရဓားပဲ ၊ အဲဒီဓားကို ရပြီဆိုတာနဲ့ ကမ္ဘာမြေကြီးရဲ့ အနက်ရှိုင်းဆုံး ဗဟိုချက်မှာ ကျောက်တံခါးတစ်ချပ်ကို တွေ့လိမ့်မယ် ၊ အဲဒီတံခါးကို ဖျက်စီးလိုက်တာနဲ့ ကျုပ်ထွက်လာလို့ ရပြီ…"
ထိုက်ယိ၏ စကားများကြောင့် ဝူကျီးချီ၏နှလုံးသား တစ်ချက်လှုပ်ရှားသွားသည်။
"စွမ့်ယွမ်တောင်ထွတ်မှာ ထာဝရဓားရှိတာလား…"
ထိုက်ယိက…
"သိချင်ရင် လုပ်ကြည့်လိုက်လေ ၊ အဲဒါဆို သိလာမှာပေါ့…"
ဝူကျီးချီက စိတ်လှုပ်ရှားနေသော်လည်း စိုးရိမ်နေမိပြန်သည်။
"နောင်ကြီးထိုက်ယိ ၊ အခု ကျုပ်က ဆန်းလျန်ထျန်းကျွင်းလက်အောက်မှာ ရောက်နေပါတယ် ၊ သူက အခုဆိုရင် ဘယ်သူမှ သွားမထိရဲတဲ့ မီးတောက်လိုပဲ တန်ခိုးစွမ်းအားမြင့်မားလွန်းတယ် ၊ ကျုပ်သာ တောင်ပေါ်ကလူတွေကို သတ်လိုက်ရင် ဆန်းလျန်ထျန်းကျွင်း အပြစ်ပေးမှာ ကြောက်ရွံ့မိတယ်…"
ထိုက်ယိက…
"ဆန်းလျန်ထျန်းကျွင်းဆိုတာ ဘယ်သူလဲ ၊ ပြီးတော့ မင်းရဲ့ တန်ခိုးစွမ်းအားအဆင့်နဲ့ဆိုရင် တခြားသူတွေလက်အောက်မှာ တာဝန်ထမ်းဆောင်စရာ မလိုပါဘူး…"
ဝူကျီးချီက မချိပြုံးတစ်ချက်ပြုံးလိုက်ပြီး သူသိသလောက် ဆန်းလျန်ထျန်းကျွင်းအကြောင်းများကို ပြောပြလိုက်သည်။
ဝူကျီးချီကလည်း ဆန်းလျန်အကြောင်းသိပ်သိသူမဟုတ်ပေ။ သို့သော်… သိသလောက်ကို ပြောပြရသည်ကပင် အတော်လေး ခြောက်ခြားတုန်လှုပ်ဖွယ်ကောင်းနေပြီ ဖြစ်သည်။
ဝူကျီးချီပြောပြပြီးသွားသည်နှင့် ထိုက်ယိထံမှ အသံတိတ်ဆိတ်သွားသည်။
အချိန်အတန်ကြာမှ…
"ကျုပ်ကို တာအိုဆရာသခင်ထိုက်ယီက ဒီတောင်အောက်မှာ ဖိနှိပ်ထားခဲ့တာ ကြာလှနေပြီ ၊ ဒီတော့ ဆန်းလျန်ထျန်းကျွင်း ဘယ်သူလဲဆိုတာ ကျုပ်မသိဘူး ၊ သူ့လက်အောက်မှာ ရှုံးနိမ့်သွားရတဲ့ ကျုပ်ရဲ့ညီနောင် ပထမမိုးနတ်မင်းကိုပဲ သနားမိတယ် …"
ပြောရင်း ထိုက်ယိက ဝမ်းနည်းဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။
ဝူကျီးချီမှာလည်း ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေလေသည်။
"ဒါနဲ့ တာအိုဆရာသခင်ထိုက်ယီက နောင်ကြီးထိုက်ယိကို ဘာလို့ ဒီနေရာမှာ ဖိနှိပ်ထားရတာလဲ…"
ထိုက်ယိက…
"တာအိုရောင်းရင်းဝူကျီးချီ… ယွမ်စီမှော်မိစ္ဆာအကြောင်း သိတယ်မဟုတ်လား…"
ဝူကျီးချီက…
"နည်းနည်းပါးပါးလောက်တော့ သိပါတယ် ၊ ယွမ်စီထျန်းကျွင်းက သူရဲ့ မိစ္ဆာစွမ်းအားတွေအားလုံးကို ဖြတ်တောက်လိုက်ရာကနေ ယွမ်စီမှော်မိစ္ဆာဖြစ်လာတာ မဟုတ်လား ၊ သူက ပေါ့သေးသေးတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ ကျုပ်တော့ တစ်ခါမှ မတွေ့ဖူးဘူး …"
ထိုက်ယိက အေးဆေးတည်ငြိမ်စွာဖြင့်…
"ကျုပ်နဲ့ တာအိုဆရာသခင်ထိုက်ယီရဲ့ ပတ်သက်မှုကလည်း ယွမ်စီထျန်းကျွင်းနဲ့ ယွမ်စီမှော်မိစ္ဆာရဲ့ ဆက်သွယ်မှုလိုပါပဲ…"
ဝူကျီးချီက…
"ဒါဆို နောင်ကြီးထိုက်ယိရဲ့ ဇာစ်မြစ်က အလွန်ကြီးကျယ်တာပဲ ၊ ခေတ်အဆက်ဆက် နောင်ကြီးထိုက်ယိကို လွှမ်းမိုးအနိုင်ယူနိုင်တဲ့သူ မရှိတာ မအံ့သြတော့ပါဘူး…"
ထိုက်ယိက…
"တခြားသူမလိုချင်လို့ စွန့်ပစ်လိုက်တဲ့ အစိတ်အပိုင်းတစ်ခုပဲ ၊ ဘာမှ ကြီးမြတ်တယ်လို့ ခံယူနေစရာ မလိုပါဘူး ၊ ကဲပါလေ… တာအိုရောင်းရင်းသာ ဆုံးဖြတ်ချက်ချပါ ၊ ထာဝရဓားကို အရင်သွားယူလိုက်ပါ ၊ ဒါမှ ကျုပ်လိမ်ပြောတာ မဟုတ်ဘူးဆိုတာ သက်သေပြနိုင်မယ် ၊ ပြီးမှ မင်း ကျုပ်ကို လာကယ်တယ် မကယ်ဘူးကတော့ မင်းရဲ့ စိတ်ဆန္ဒအတိုင်းပဲပေါ့…"
ဝူကျီးချီအလွန်စိတ်လှုပ်ရှားနေလေသည်။
သူ့အရင်စိတ်ဖြင့်ဆိုလျှင် လူသားမိသားစုလေးတစ်စုကို သတ်ဖြတ်ရန်မှာ အခက်အခဲမရှိပေ။ သွေးဖြင့်ယာဇ်ပူဇော်မှုကို ပြုလုပ်ရန်အတွက် သန်းနှင့်ချီသည့် လူသားများကိုပင် တစ်ချက်နောက်မတွန့်ဘဲ သူက သတ်ဖြတ်ရဲသူဖြစ်သည်။
သို့သော်… ယခု သူက ဆန်းလျန်ထျန်းကျွင်းလက်အောက်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဆန်းလျန်က သူ့ကို လူမသတ်ရဟု စည်းကမ်းတင်းကျပ်ထားခြင်းတော့ မရှိပေ။
သို့သော်… ဆန်းလျန်အနေဖြင့် အကြောင်းမဲ့လူသတ်ခြင်းကိုတော့သဘောကျမည် မဟုတ်သည်ကို သူ သိရှိထားသည်။
ထို့ပြင် သူ လူသတ်လိုက်လျှင် ဆန်းလျန် ချက်ချင်းသိရှိသွားမည်ကိုလည်း သူ ကြောက်ရွံ့မိသည်။ ဆန်းလျန်သာ သူ့ကို အပြစ်ပေးမည်ဆိုလျှင် ဝူကျီးချီ မည်သို့မှ ခုခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဝူကျီးချီ စိုးရိမ်ပူပန်လျှက် ရှိလေသည်။
ထိုက်ယိက…
"ဆန်းလျန်ထျန်းကျွင်းဆိုတဲ့သူက ဘယ်လောက် တန်ခိုးကြီးလည်း ကျုပ် မသိဘူး ၊ဒါပေမဲ့ ကျုပ်မှာလည်း ထိုက်ယိနတ်ဘုရားပညာရှိတယ် ၊ မင်းကို အဲဒီပညာသင်ပေးမယ် ၊ တကယ်တော့ ဆန်းလျန်ထျန်းကျွင်းက ဘယ်လောက် တန်ခိုးစွမ်းအားမြင့်မားပါစေ တာအိုဆရာသခင်ကြီးတစ်ပါးမှ မဖြစ်သေးတာ ၊ ဒီပညာကိုသာ အသုံးပြုလိုက်ရင် မင်း ဘယ်ရောက်နေလဲဆိုတာ သူ ခြေရာခံနိုင်မှာ မဟုတ်တော့ဘူး ၊ မင်း ကျုပ်ပေးတဲ့ အခွင့်အရေးကိုသာ ယူလိုက်ပါ ၊ ဆန်းလျန်ထျန်းကျွင်းလက်အောက်မှာ တံခါးစောင့်လုပ်နေရတာထက်တော့ သာတာပေါ့… ၊ မဟုတ်ဘူးလား…"
ဝူကျီးချီ အတော်လေးစိတ်လှုပ်ရှားသွားပြီး…
"အဲဒါ တကယ်ပဲလား…"
ထိုက်ယိက…
"ဒီလျှို့ဝှက်ပညာက တာအိုဆရာသခင်ထိုက်ယီကိုယ်တိုင် ဖန်တီးခဲ့တာ ၊ မင်း မယုံဘူးဆိုရင် မင်းကို အခုပဲ သင်ပေးလိုက်မယ် ၊ စမ်းကြည့်ပေါ့…"
ထိုက်ယိစကားဆုံးသွားသည်နှင့် ဝူကျီးချီ၏ စိတ်အာရုံထဲသို့ ခက်ခဲနက်နဲသည့် တာအိုကျင့်စဉ်တစ်ခု ပေါ်လာလေသည်။
ဝူကျီးချီက ထက်မြက်သူဖြစ်လေရာ ချက်ချင်းပင် ထိုပညာကို နားလည်သွားပြီး အသုံးပြုကြည့်လိုက်သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်တွင်းနက်ကြီးတစ်ခုက ကာကွယ်ထားပေးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်များအားလုံးကို တွင်းနက်ကြီးက စုပ်ယူပစ်လိုက်လေသည်။
ဝူကျီးချီက စမ်းချောင်းတစ်ခုအနားသို့သွားကာသူ့ကိုယ်သူ ရေထဲတွင် ကြည့်လိုက်သည်။ သို့သော်… စမ်းချောင်းထဲတွင် သူ၏ ရုပ်ပုံကို လုံး၀ တွေ့မြင်ရခြင်း မရှိတော့ပေ။
ထိုတန်ခိုးစွမ်းအားက ကိုယ်ရောင်ဖျောက်သည့် တန်ခိုးစွမ်းအားတစ်ခုမဟုတ်ပေ။ လောကတွင် ရှိနေသည့်တည်ရှိနေမှုကို သဲလွန်စမကျန်အောင် ခြေရာဖျောက်သည့် နည်းလမ်းပင် ဖြစ်သည်။
ဝူကျီးချီက ပျော်ရွှင်စွာဖြင့် နားရွက်များကို ကုတ်ခြစ်လိုက်သည်။
"နောင်ကြီးထိုက်ယိက တကယ်ယုံကြည်ထိုက်တဲ့ပုဂ္ဂိုလ်ပဲ ၊ ကျုပ် အခုပဲ ထာဝရဓားကိုသွားယူပြီး နောင်ကြီးကို ကယ်တင်ပေးပါ့မယ်…"
ထို့နောက် ထာဝရဓားကို ရယူရန်အတွက် ဝူကျီးချီ ထွက်ခွာသွားလေတော့သည်။
ထိုအချိန်မှာပင်… ချင်းရှတောင်ပေါ်တွင်ရှိနေသည့် ဆန်းလျန်၏ နှလုံးသားက တစ်ချက်လှုပ်ရှားသွားလေသည်။
ဆန်းလျန်က မျက်ဝန်းများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ သူ၏ စိတ်အာရုံက မိုင်ထောင်ပေါင်းများစွာအဝေးမှ ကျိုးယီတောင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
တောင်တစ်ခွင်လုံးကို နေရာလပ်မကျန် ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသော်လည်း ဝူကျီးချီကိုတော့ တွေ့မြင်ရခြင်း မရှိတော့ပေ။
မည်သို့သောအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကိုသိရှိရန် ဆန်းလျန် အတိတ်ကို ကြည့်မြင်လိုက်သည့်အခါ ဝူကျီးချီ ဖြည်းဖြည်းချင်း လေထဲတွင် ပျောက်ကွယ်သွားသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရလေသည်။
ထိုပုံရိပ်ကိုတွေ့မြင်လိုက်သည်နှင့် မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီကို ဆန်းလျန် ချက်ချင်းပင် သိရှိသွားသည်။
ဆန်းလျန် စိတ်ထဲမှ တွေးလိုက်လေသည်။
"ဆန်းချင်းချင်း အန္တရယ်ကျရောက်တော့မယ်ဆိုတာကိုပဲ ကျုပ် ကြိုပြီး သိမြင်ခဲ့တာ ၊ ဒါပေမဲ့ ဆန်းချင်းချင်းကို ဒုက္ခပေးမယ့်သူက ဝူကျီးချီ ဖြစ်နေမယ်လို့ ထင်မထားမိဘူး ၊ တော်လိုက်တဲ့ တာအိုဆရာသခင်ထိုက်ယီ ၊ ကျုပ်ကို အရှက်ကွဲအောင် လုပ်လိုက်တာပဲ…"
လက်ရှိအချိန်တွင် ဆန်းလျန်၏ တန်ခိုးစွမ်းအားက မိုးမြင်တစ်ခွင်တွင် ပြိုင်ဘက်ကင်း ဖြစ်လေသည်။
သို့သော်… တာအိုဆရာသခင်ကြီးတစ်ပါးကိုတော့ ရင်ဆိုင်ရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သေးပေ။ ထို့ပြင် နိုင်ချေမရှိဘဲ တာအိုဆရာသခင်ကြီးများကို သွားရောက် ရင်ဆိုင်ခြင်းမပြုသည်က အကောင်းဆုံး ဖြစ်လေသည်။
ယခုတော့ တာအိုဆရာသခင်ထိုက်ယီ ရှေ့သို့ ထွက်မလာရုံသာမက ဆန်းလျန် စေလွှတ်လိုက်သည့် ဝူကျီးချီက ဆန်းချင်းချင်းကို ဘေးသင့်အန္တရယ်ကျရောက်အောင် ပြုလုပ်တော့မည် ဖြစ်သည်။
ဆန်းလျန်ကိုယ်တိုင်သာ ရှေ့ထွက်သွားမည်ဆိုလျှင် ပို၍ပင် အရှက်ကွဲပေလိမ့်မည်။ ထို့ပြင် ဝူကျီးချီက ဆန်းချင်းချင်းကို သတ်လိုက်မည်ဆိုပါက ဆန်းလျန် အရှက်အကွဲတကာ့အကွဲကြီး ဖြစ်ပေလိမ့်မည်။
ဆန်းလျန်က စိတ်ထဲတွင် တွေးလိုက်သည်။
"ဟယ်ရှန်းက ဟယ်အိမ်တော်နဲ့ပတ်သက်တဲ့သူပဲ ၊ ဒီကိစ္စကို သူ့ကိုတာဝန်ပေးရမယ်…"
…………..
ဟယ်ရှန်း လုပ်စရာအလုပ် သိပ်မရှိဘဲ အေးအေးဆေးဆေး ရှိနေလေသည်။
ထို့ကြောင့် သူမက ယွင်မုမြစ်ကမ်းနံဘေးရှိ သူမ၏ အိမ်တွင်ပင် နေထိုင်လျှက် ရှိလေသည်။
ဟယ်ရှန်း၏ မိခင် ဆုံးပါးသွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ဟယ်ရှန်းက တန်ခိုးစွမ်းအားအသုံးပြုကာ မိခင်ဖြစ်သူ၏ ဝိညာဉ်ကို စောင့်ရှောက်ပေးပြီး ကြွယ်ဝချမ်းသာသည့် မိသားစုတွင် လူပြန်ဝင်စားစေခဲ့သည်။
သူမ၏မိခင် အရွယ်ရောက်လာသည့်တစ်နေ့တွင် ကျင့်ကြံခြင်းလမ်းစဉ်များ သင်ပြပေးရန်လည်း စီစဉ်ထားသည်။
အိမ်လေးအတွင်းရှိ တိတ်ဆိတ်သည့်အခန်းထဲတွင် ဟယ်ရှန်း တရားထိုင်လျှက် ရှိသည်။
ထိုစဉ်… ရုတ်တရက်… သူ့အခန်းတစ်ခုလုံး အဖြူရောင်အလင်းတန်းများ တောက်ပသွားပြီး လူတစ်ယောက်ပေါ်လာလေသည်။ ထိုသူမှာ သူမ၏ ဆရာဖြစ်သူ ဆန်းလျန်ပင် ဖြစ်လေ၏။
ဟယ်ရှန်းက ဆန်းလျန်ကိုတွေ့သည်နှင့် ချက်ချင်း ဒူးထောက်ဂါရဝပြုလိုက်သည်။
ဆန်းလျန်က ချက်ချင်းပင် လက်တစ်ဖက်ဝှေ့ရမ်းလိုက်လေရာ လေထဲတွင် ဓားတစ်လက်နှင့် ကြေးမုံမှန်တစ်ချပ် ထွက်ပေါ်လာလေသည်။
ဆန်းလျန်က…
"လိမ္မာတဲ့တပည့်လေး ၊ ကိစ္စတစ်ခုရှိလို့ မင်းဆီကို ရောက်လာရတာပဲ…"
ဟယ်ရှန်းက…
"ဘာကိစ္စများလဲ ဆရာ…"
ဆန်းလျန်က…
"ဒီကြေးမုံမှန်ကို ထျန်းတိကျန်းလို့ခေါ်တယ် ၊ အသက်ရှည်စေခြင်းကျောင်းတော်က ရတနာပစ္စည်းတစ်ခုပဲ ၊ ကျုပ်ဆီမှာ ဒီကြေးမုံမှန်ရှိနေတာ ကြာလှပြီ ၊ ဒါပေမဲ့ အခု ဒီရတနာပစ္စည်းကို မင်းကို ပေးလိုက်မယ် ၊ မင်း စွမ့်ယွမ်တောင်ထွတ်ကို သွားပါ ၊ အဲဒီတောင်ထွတ်မှာ ဒီမှန်ကိုအသုံးပြုပြီး မျောက်ဝံကြီးတစ်ကောင်ကို တွေ့အောင်ရှာပါ ၊ ပြီးရင် ဒီဓားကို အသုံးပြုပြီး အဲဒီမျောက်ဝံကြီးကို နှိမ်နင်းပါ…"
ဟယ်ရှန်းက လေထဲတွင်လွင့်မျောနေသည့် ထျန်းတိကျန်းနှင့် ဓားကို လှမ်းယူလိုက်လေသည်။
ဓားကို ကိုင်လိုက်သည်နှင့် အေးစက်နေသည့်အငွေ့အသက်များကို ခံစားလိုက်ရပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားတော့မတတ် ခံစားလိုက်ရသည်။
ထို့နောက် သူမ၏နှလုံးသားထဲတွင် ဓားသိုင်းစွမ်းအားတစ်ခုထွက်ပေါ်လာပြီး ဓားသွား၏အေးစက်မှုများက သူမ၏ခန္ဓာကိုယ်ကို သန့်စင်ပေးလိုက်သည့်အလား တက်ကြွလန်းဆန်းမှုများကို ခံစားလိုက်ရသည်။
သူမလက်ထဲမှဓားမှာ ဗီဇဝိညာဉ်မရဏဓားတစ်လက်ဖြစ်သည့် ငရဲလမ်းဓားဖြစ်သည်ကို ဟယ်ရှန်း သိရှိခဲ့ခြင်း မရှိပေ။
ဟယ်ရှန်းနှလုံးသားထဲတွင် ထင်ဟပ်လာသည့် ဓားသိုင်းစွမ်းအားများမှာ ငရဲလမ်းဓားကို ကိုင်ဆောင်ခဲ့သည့် ကျောက်ရှောင်ယွီထံမှ ကျန်ရှိနေသည့် မပျောက်ကွယ်နိုင်သော တန်ခိုးစွမ်းအားများ ဖြစ်လေသည်။
ထို့ကြောင့် ငရဲလမ်းဓားသည် တာ့လော်အဆင့် ဓားတစ်လက်အဖြစ် တန်ခိုးစွမ်းအားများ မြင့်မားနေခြင်း ဖြစ်လေသည်။
မီလဲ့ကိုယ်တော်သည်ပင် ငရဲလမ်းဓား၏ တန်ခိုးစွမ်းအားများကို ခံနိုင်ရည် မရှိခဲ့ပေ။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ငရဲလမ်းဓား မည်မျှ တန်ခိုးစွမ်းအားကြီးမားသည်ကို သိမြင်နိုင်မည် ဖြစ်လေသည်။
ဟယ်ရှန်းက သူမရရှိထားသည့် ထိပ်တန်းမရဏဓားတစ်လက်ဖြစ်သော "ငရဲလမ်းဓား" အကြောင်းကို သိရှိခြင်းမရှိပေ။ သို့သော်… ဆန်းလျန်က ပေးအပ်လာသည့် ဓားတစ်လက်ဖြစ်သည့်အတွက် အလွန်စွမ်းအားမြင့်မားမည်ကိုတော့ ရိပ်မိလိုက်သည်။
ထို့နောက် ဆန်းလျန်က ဟယ်ရှန်းကို အဖြစ်အပျက်အလုံးစုံနှင့် လုပ်ရမည့်အလုပ်များကို ပြောပြပြီးနောက်ပျောက်ကွယ်သွားလေတော့သည်။
ဆန်းလျန်ထွက်ခွာသွားသည့်နောက် ဟယ်ရှန်းသည်လည်း စွမ့်ယွမ်တောင်ထွတ်သို့ ထွက်လာခဲ့လေသည်။
မိုးထိအောင်မြင့်မားသည့် စွမ့်ယွမ်တောင်ထွတ်သို့ရောက်သည်နှင့် သွေးနီရောင်လွှမ်းနေသည့် တိမ်တိုက်တစ်ခုကို ဟယ်ရှန်း တွေ့မြင်လိုက်ရသည်။
စွမ့်ယွမ်တောင်ထိပ်ရှိ ဝတ်ကျောင်းတော်ထဲတွင် လူပေါင်းများစွာ၏ ဦးခေါင်းများကို ချိတ်ဆွဲထားပြီး မတရားအသတ်ခံရသည့်ဝိညာဉ်များမှ ထွက်ပေါ်နေသည့် အမျက်ဒေါသများကို ခံစားလိုက်ရလေသည်။
အသတ်ခံလိုက်ရသည့်လူများမှာ ဟယ်အိမ်တော်မှ လူအများပင် ဖြစ်လေတော့သည်။
***