အခန်း (၉၁၁-၉၁၂)
Vol. 92 Ch. 911-912
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၁ + ၉၁၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဧကရာဇ်ထိုက်ခန်က မေးခွန်းထုတ်၏။ "တုပိုင်... လူတစ်ယောက်ရဲ့ ကြီးမြတ်မှုဆိုတာ မွေးရာပါလား ၊ ဒါမှမဟုတ် နောက်မှ ဖြစ်လာတာလားလို့ မင်းထင်လဲ။ လူတစ်ယောက်ရဲ့ ယုတ်မာကောက်ကျစ်မှုဆိုတာကရော မွေးရာပါလား ၊ ဒါမှမဟုတ် နောက်မှ ဖြစ်လာတာလား"
တုပိုင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေ၏။ "မသိဘူး။ ဒါပေမဲ့ မွေးရာပါလို့ပဲ ပိုပြီးတော့ ယုံကြည်မိတယ်"
ဧကရာဇ်ထိုက်ခန် ဆက်မေးသည်။ "မင်းဆိုလိုတာက ယုတ်မာတဲ့သူက အမြဲတမ်း ယုတ်မာနေပြီး ၊ မြင့်မြတ်တဲ့သူက အမြဲတမ်း မြင့်မြတ်နေမယ်လို့ ပြောချင်တာလား"
တုပိုင် ခေါင်းခါပြလိုက်၏။ "မသိဘူး"
ဧကရာဇ်ထိုက်ခန် ဝိုင်တစ်ခွက်ကို ထပ်မံမော့သောက်လိုက်ပြီးနောက် ဆိုသည်။ "စည်းစိမ်ဥစ္စာ ရတနာတွေက တန်ဖိုးမကြီးပါဘူး။ ငါကတော့ မူးယစ်နေပြီး ဘယ်တော့မှ ပြန်မနိုးလာဖို့ပဲ မျှော်လင့်တယ်။ ရှေးခေတ်က ပညာရှိ သူတော်စင်တွေဟာ အထီးကျန်ခဲ့ကြပေမဲ့ အရက်သမားတွေကတော့ သူတို့ရဲ့ နာမည်ကို ချန်ထားရစ်နိုင်ခဲ့ကြတယ်။"
"အတိတ်က ချန်မင်းသား ငြိမ်းချမ်းရေးနန်းဆောင်မှာ ပွဲခံပြီး တန်ဖိုးကြီးတဲ့ အရက်တွေကို ပျော်ပျော်ပါးပါး သောက်သုံးခဲ့တယ်။ အိမ်ရှင်က ဘာလို့ ပိုက်ဆံမရှိဘူးလို့ ပြောနေရမှာလဲ။ အရက်ဝယ်ဖို့ပဲ လိုတာပေါ့။ တန်ဖိုးကြီးတဲ့ မြင်းတွေ ၊ ရွှေရောင် သားမွေးဝတ်ရုံတွေကို အကောင်းစားအရက်နဲ့ သွားလဲခိုင်းလိုက်။ ဒါမှ အဆုံးမဲ့ ဝမ်းနည်းပူဆွေးမှုတွေကို မင်းတို့နဲ့အတူ ဖျောက်ဖျက်ပစ်နိုင်မှာပေါ့... ဒါက လီပိုင်ရဲ့ အရက်သောက်ရန် ဖိတ်ခေါ်ခြင်းကဗျာပဲ"
ဧကရာဇ်ထိုက်ခန်က ဆက်ပြော၏။ "ဒီကဗျာက သိပ်ကို ကောင်းလွန်းတယ်။ သိပ်ကောင်းတာပဲ။ မူးယစ်နေပြီး ဘယ်တော့မှ ပြန်မနိုးလာဖို့ပဲ မျှော်လင့်တယ် ဆိုတဲ့ စာကြောင်းလေးက အထူးသဖြင့် ပိုပြီးတော့ကို ကောင်းသေးတယ်"
တုပိုင် ဧကရာဇ်ထိုက်ခန်အား ဝိုင်တစ်ခွက် ငဲ့ပေးလိုက်ပြီး သူ၏ခွက်ကို မြှောက်ကာ ဂုဏ်ပြုလိုက်သည်။
ဧကရာဇ်ထိုက်ခန်က စကားစ၏။ "တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်လောကမှာ မင်း ကဗျာတွေ အများကြီး ကူးချခဲ့တယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါကတော့ တစ်ကြောင်းလေးတောင် မကူးချခဲ့ဘူး"
တုပိုင် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
ဧကရာဇ်ထိုက်ခန် ခေါင်းခါလိုက်ပြီး ပြန်ဖြေ၏။ "ဘာဖြစ်လို့လဲဆိုတာ ငါလည်း မသိဘူး"
တုပိုင် ဆက်လက် မေးမြန်းသည်။ "အရှင်မင်းမြတ်ရဲ့ သားနာမည်က လီဟိုင် ၊ သမီးနာမည်က လီရှောင်ထန်လို့ ပေးထားတယ်။ အရှင်မင်းမြတ်က ယဲ့ဟိုင်ထန်ကို အဲဒီလောက်တောင် ချစ်ခဲ့တာလား"
ဧကရာဇ်ထိုက်ခန် သက်ပြင်းချကာ ရှင်းပြ၏။ "အချစ်လို့တော့ ပြောလို့မရပါဘူး။ ငါ သူ့ကို မမေ့နိုင်ဘူးလို့ပဲ ခံစားရတာပါ။ ပထမဆုံးအချစ်ဆိုတာက အမြဲတမ်း အနက်ရှိုင်းဆုံးပဲလေ။ အထူးသဖြင့် ငါ့ရဲ့... အဲဒီလိုမျိုး ပထမဆုံးအချစ်ပေါ့။ အခုလက်ရှိ ခံစားချက်အရ ပြောရမယ်ဆိုရင်တော့ ငါ လင်းလုအပေါ်ထားတဲ့ ခံစားချက်က ယဲ့ဟိုင်ထန်ထက် ပိုပြီးတော့ နက်ရှိုင်းပါတယ်"
တုပိုင် မေးလိုက်ပြန်သည်။ "မင်းသမီး အန်းနီ ၊ အိန်ဂျယ်တို့လို လင်းလုထက် ပိုလှတဲ့သူတွေကျတော့ရော ဘယ်လိုလဲ"
ဧကရာဇ်ထိုက်ခန် ပြန်ဖြေ၏။ "အဲဒီအချိန်တုန်းက ငါက ကောင်းကင်ယံမှာ လွင့်မျောနေပြီး ၊ ထာဝရ မူးယစ်နေသလိုမျိုး အလွန်အမင်း ပျော်ရွှင်ကြည်နူးနေခဲ့တာလေ။ မူးယစ်နေတဲ့သူတွေဆီမှာ ခံစားချက်တွေ ၊ အချစ်တွေ ရှိပါ့မလား။ ပြီးတော့ ငါ မင်းသမီး အန်းနီနဲ့ အိပ်ခဲ့ပေမဲ့ အိန်ဂျယ်နဲ့တော့ မအိပ်ခဲ့ဘူး။ အိန်ဂျယ်က မိစ္ဆာဘုရင်က ငါ့အနားကို စေလွှတ်လိုက်တဲ့ တမန်တော်ပဲလေ"
မူးယစ်နေသူတစ်ဦးသည် နောက်တစ်နေ့ နိုးလာသောအခါ မူးယစ်နေစဉ်က အဖြစ်အပျက်များကို မှတ်မိနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် မူးယစ်နေချိန်တွင် နက်ရှိုင်းပြင်းထန်သော ခံစားချက်များ ရှိမနေနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။
အခြားသော ဘုရင်အများစုကဲ့သို့ပင် သူတို့သည် ဒုက္ခရောက်နေချိန်၌သာ ဇနီးမယားများအပေါ် နက်ရှိုင်းသော သံယောဇဉ် ထားလေ့ရှိကြ၏။ ထိုအချိန်များ လွန်မြောက်သွားသောအခါ အကြွင်းမဲ့ အာဏာစက်နှင့် ကာမဂုဏ်အာရုံများကိုသာ မက်မောကြလေတော့သည်။
အဘယ်ကြောင့်ဆိုသော် အမြင့်ဆုံးသော နေရာသို့ရောက်ရှိကာ မာနထောင်လွှားနေသူတစ်ဦးအား ကျေနပ်ရောင့်ရဲစေရန်မှာ မလွယ်ကူလှသောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် သာမန်မိန်းမတစ်ဦးအနေဖြင့် သူ၏ နှလုံးသားထဲသို့ ဝင်ရောက်နိုင်ရန်မှာ တကယ်ကို ခက်ခဲလှသည်။
ဧကရာဇ်ထိုက်ခန်က တုပိုင်အား စိုက်ကြည့်ကာ မေးလိုက်၏။ "ငါ့ရဲ့ ဘဝက အဖြစ်ဆိုးကြီးတစ်ခုလို့ မင်း ထင်လား"
တုပိုင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်"
ဧကရာဇ်ထိုက်ခန်က ဆို၏။ "မင်းက သိပ်ကို... ပွင့်လင်းလွန်းတာပဲ" ထို့နောက် သူ ဝိုင်နောက်တစ်ခွက်ကို ထပ်မံမော့သောက်လိုက်ပြန်သည်။
ဧကရာဇ်ထိုက်ခန်က ထပ်မေးလိုက်၏။ "တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်လောကမှာတုန်းက မင်း ဘာဖြစ်လို့ အဲဒီလို လုပ်ခဲ့တာလဲ။ ကိုယ့်ကိုယ်ကိုယ် စတေးပြီးတော့ ကမ္ဘာကြီးကို ကယ်တင်ခဲ့တာ... ဘာဖြစ်လို့လဲ"
တုပိုင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖြေလာသည်။ "မိသားစုကြောင့်... ပြီးတော့ စွဲလမ်းမှုတစ်ခုကြောင့်"
ဧကရာဇ်ထိုက်ခန် မေးလိုက်၏။ "လူတွေက တခြားသူတွေအတွက် အသက်ရှင်နေကြတာလား"
တုပိုင် ရှင်းပြသည်။ "ကျုပ်တို့ ဒီကမ္ဘာကို မကူးလာခင်တုန်းက လူတွေဟာ ကိုယ့်အတွက်ကိုယ် အသက်ရှင်သင့်တယ်ဆိုတဲ့ စိတ်ခွန်အားပေးစာတမ်းတွေကို မရေမတွက်နိုင်အောင် ဖတ်ခဲ့ဖူးတယ်လေ။ ဒါက ဘာဖြစ်လို့လဲလို့ အရှင်မင်းမြတ် ထင်ပါသလဲ"
ဧကရာဇ်ထိုက်ခန်က ပြန်ဖြေ၏။ "ဘာဖြစ်လို့လဲဆိုတော့ တကယ့်လက်တွေ့မှာ ကမ္ဘာပေါ်က လူအများစုက တခြားသူတွေအတွက်ပဲ အသက်ရှင်နေကြရလို့လေ။ အဲဒါကြောင့်မို့လို့ပဲ လူတွေကို ကိုယ့်အတွက်ကိုယ် အသက်ရှင်ကြဖို့ တိုက်တွန်းနေကြရတာပေါ့။ ဒါပေမဲ့ ကိုယ့်အတွက်ကိုယ် မဖြစ်မနေ အသက်ရှင်ရမယ့် လူတစ်မျိုးလည်း ရှိသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ... သူကိုယ်တိုင်ကလွဲပြီး တခြားဘယ်သူမှ မရှိလို့ပဲ။ ဘယ်သူကမှ သူ့ကို လုံးဝ ချစ်လာမှာ မဟုတ်လို့လေ... အခု ငါ့လိုမျိုးပေါ့"
တုပိုင်က ပြောသည်။ "မင်းက အရမ်းတော်တာပဲ လီရှောင်ချန်... မင်းက အမြဲတမ်း ဉာဏ်ကောင်းခဲ့တာပဲ။ မိဘမဲ့ဂေဟာမှာပဲဖြစ်ဖြစ် ၊ အထက်တန်းကျောင်းမှာပဲဖြစ်ဖြစ် ၊ တက္ကသိုလ်မှာပဲဖြစ်ဖြစ် မင်းက အမြဲတမ်းကို ထူးချွန်လွန်းနေခဲ့တာ။ မင်းရဲ့ အမှတ်တွေကို ငါ သိပါတယ်။ တကယ်တော့ ငါ့ထက်တောင် ပိုကောင်းနိုင်သေးတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ စာမေးပွဲတိုင်းမှာ အဆင့်သုံးနေရာကိုပဲ အမြဲ ယူထားရတာလဲ"
လီရှောင်ချန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေ၏။ "အဆင့်တစ်ရတော့ရော ဘာထူးမှာလဲ။ ငါက အရမ်းရုပ်ဆိုးတာလေ။ အဆင့်တစ်ရရင်တောင်မှ ဘယ်ကောင်မလေးကမှ ငါ့ကို သဘောကျမှာ မဟုတ်ဘူး။ အဆင့်တစ်က ပိုက်ဆံနဲ့လဲလို့ရတာမှ မဟုတ်တာ။ ပြီးတော့ အဆင့်တစ်လည်း တက္ကသိုလ်ဝင်ခွင့်ရသလို ၊ အဆင့်သုံးလည်း တက္ကသိုလ်ဝင်ခွင့်ရတာပဲလေ။ အရေးအကြီးဆုံးက ငါက အဆင့်တစ်ရပြီး မင်းက အဆင့်နှစ်ရရင် ၊ မင်းက ငါ့ကို ပိုက်ဆံပေးမှာ မဟုတ်သလို မင်းနဲ့အတူတူ ထမင်းစားခွင့်ပြုမှာ မဟုတ်ဘူးလို့ ထင်လို့ပဲ။ ဘာပဲဖြစ်ဖြစ် မင်းလို ဆောင်းပါးတွေရေးပြီး ပိုက်ဆံရှာနိုင်တဲ့သူနဲ့ မတူဘဲ ငါက စာပဲဖတ်နိုင်တာလေ"
တုပိုင် မေးလိုက်သည်။ "ယဲ့ဟိုင်ထန်ကို မင်း သတ်ခဲ့တာ စိတ်ပျက်အားငယ်မှုနဲ့ အကြောက်တရားကြောင့်လား"
ဧကရာဇ်ထိုက်ခန် ဝန်ခံလိုက်၏။ "ဟုတ်တယ်"
ထို့နောက် ဧကရာဇ်ထိုက်ခန်က ပြန်မေးလိုက်သည်။ "မင်းရော ကြောက်နေလား"
တုပိုင် ပြန်လည် ဖြေကြား၏။ "ကြောက်တာပေါ့... ဒါပေမဲ့ ကြောက်နေလည်း အပိုပဲလေ။ ဒါကြောင့်မို့လို့ ငါ ကြောက်နေသလားဆိုတာကို မသိတော့တာ ကြာပြီ"
ဧကရာဇ်ထိုက်ခန် ပြုံးကာ ဆိုသည်။ "အဲဒါကြောင့်မို့လို့ မင်းက သူရဲကောင်းတစ်ယောက် ဖြစ်နေတာပေါ့"
ထို့နောက် သူ အရက်ကို ထပ်မံသောက်သုံးလိုက်ပြန်၏။ တုပိုင်ကမူ မည်သို့မျှ မှတ်ချက်မပေးတော့ဘဲ ပခုံးကိုသာ တွန့်ပြလိုက်သည်။
ဧကရာဇ်ထိုက်ခန်က ဆက်ပြော၏။ "ဒါ့အပြင် ငါက မင်းထက် ပိုတော်တယ်ဆိုတာ မမှန်ပါဘူး။ ငါသာ စာမေးပွဲအတွက် ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် မင်းရဲ့ အဆင့်တစ်နေရာကို တကယ်ပဲ ယူနိုင်ကောင်းယူနိုင်လိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းကျ ငါက မင်းလောက်တော့ ဉာဏ်မကောင်းပါဘူး။ ငါတွေ့ဖူးသမျှလူတွေထဲမှာတော့ မင်းက ဉာဏ်အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်"
တုပိုင် တုံ့ပြန်လိုက်သည်။ "ကျေးဇူးပဲ..."
ဧကရာဇ်ထိုက်ခန်က သတိပေးလိုက်၏။ "အချိန်နီးလာပြီ... မင်္ဂလာပွဲ စတော့မယ်။ ဒါနဲ့ စကားမစပ်... ငါ မင်းကို ဟာသတစ်ခု ပြောပြရဦးမယ်"
တုပိုင် ခေါင်းညိတ်လိုက်သည်။ "ပြောလေ"
ဧကရာဇ်ထိုက်ခန်က ပြုံးစစဖြင့် ပြောလိုက်၏။ "ဒီည မင်္ဂလာဦးညမှာ မင်းသမီး ရန်ယဲ့ရှောင်က အပျိုစင်တစ်ယောက် ပြန်ဖြစ်နေလိမ့်မယ်လို့ မင်း ထင်လား။ အဲဒီလိုဆိုရင်တော့ မင်းအတွက် မိုက်တာပေါ့ကွာ... မိန်းမတစ်ယောက်တည်းကို နှစ်ခါ ပြန်ခွဲခွင့်ရမှာလေ"
တုပိုင် ရိသဲ့သဲ့ တုံ့ပြန်လိုက်၏။ "မင်းရဲ့ သိုင်းပညာက ငါ့ထက် အများကြီး ပိုမြင့်နေပေမဲ့ ငါမင်းကို ထမထိုးဘူးလို့တော့ မဆိုလိုဘူး"
**--**--**--**--**--**--**--**
ညအမှောင်ထု ကြီးစိုးလာပြီ ဖြစ်၏။
ဧကရာဇ်ထိုက်ခန် ထွက်ခွာသွားပြီဖြစ်ရာ လသာဆောင်တွင် တုပိုင်တစ်ယောက်တည်းသာ အရက်သောက်ရင်း ကောင်းကင်ယံမှ ကြယ်များကို မော့ကြည့်နေမိသည်။
ဤနေရာရှိ ညကောင်းကင်ယံမှာ သိပ်ကို လှပလွန်းလှပြီး လမင်းကြီးက ထိန်လင်းနေကာ ကြယ်များသည်လည်း တောက်ပနေလျက်ရှိ၏။ ဤနေရာရှိ အရာအားလုံးသည် ကမ္ဘာပျက်ကပ်ကြီးနှင့် လုံးဝ သက်ဆိုင်မှုမရှိသည့်အလား ထင်မှတ်ရသည်။
ထိုအခိုက် စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။ "အရှင်မင်းသား တုပိုင်... မင်္ဂလာပွဲ စတင်တော့မှာမို့လို့ အရှင်မင်းမြတ်က ကြွရောက်ပေးဖို့ ဖိတ်ကြားခိုင်းလိုက်ပါတယ်"
ထိုသူမှာ အလွန်တရာ ချောမောလှပသော်ငြား နှုတ်ခမ်းများကို လူပြက်တစ်ဦးကဲ့သို့ ဆိုးထားသည့် မိန်းမစိုးလေးပင် ဖြစ်သည်။ ယခုအချိန်တွင် သူ၏အမူအရာမှာ ပို၍ပင် မျက်နှာချိုသွေးနေပုံရပြီး ကိုယ်ကို ကိုးဆယ်ဒီဂရီနီးပါး ညွှတ်ကိုင်းထားကာ တုပိုင်အပေါ် အလွန်အမင်း နှိမ့်ချသော သဘောထားကို ပြသနေ၏။
တုပိုင် ထိုမိန်းမစိုးအား စိုက်ကြည့်လိုက်သည်။
သူ၏ ခါးကပို၍ပင် ကွေးညွှတ်သွားကာ မြေကြီးနှင့် သွားကပ်တော့မည့်အလား ဖြစ်နေပြီး သူ၏ အကြည့်များလည်း ပို၍ အောက်သို့ စိုက်ကျသွားတော့၏။
တုပိုင် အမိန့်ပေးလိုက်သည်။ "သွားကြစို့..."
ထို့နောက် ထိုမိန်းမစိုး ကိုးဆယ်ဒီဂရီခန့် ကုန်းကိုင်းလျက် တုပိုင်၏ နောက်မှ လိုက်ပါလာတော့၏။ သူ၏ ခြေလှမ်းများမှာ သိပ်ကို ဖွဖွလေးဖြစ်နေပြီး ပုရွက်ဆိတ်များကို နင်းမိ၍ သေသွားမည်ကိုပင် ကြောက်ရွံ့နေသည့်အလား လုံးဝကို သတိထား လျှောက်လှမ်းနေသည်။
**--**--**--**--**--**--**--**
ဤသည်မှာ တကယ်ကို စိတ်ဝင်စားဖွယ်ကောင်းလှသော မင်္ဂလာပွဲတစ်ခုပင် ဖြစ်၏။
မင်္ဂလာပွဲကြီးသည် လှပသော အိပ်မက်များဖြင့် ပြည့်နှက်နေပြီး နန်းတော်ကြီး၏ ရင်ပြင်တော်၌ ကျင်းပနေခြင်းပင် ဖြစ်သည်။ တုပိုင်နှင့် မင်းသမီး ရန်ယဲ့ရှောင်တို့၏ မင်္ဂလာပွဲသို့ လူထောင်ပေါင်းများစွာ တက်ရောက်လာကြ၏။
ခမ်းနားလှပသော တေးဂီတဝိုင်းများသည် တစ်ခုပြီးတစ်ခု တီးခတ်နေကြပြီး ထိုတေးသွားများမှာ အခြားကမ္ဘာတစ်ခုမှ ဂီတများ ၊ အခြားကမ္ဘာတစ်ခု၏ သံစဉ်များ ဖြစ်နေသည်။ သီချင်းတစ်ပုဒ်စီ၏ အသံများမှာ ထူးခြားသော စွမ်းအင်များဖြင့် ပြည့်နှက်နေပုံရပြီး မီတာထောင်ပေါင်းများစွာ အကွာအဝေးအထိ ပျံ့နှံ့သွားကာ လေထုထဲ၌ လွင့်မျောနေလျက်ရှိ၏။
ယနေ့အတွက် တုပိုင် သပ်ရပ်သော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
မင်းသမီး ရန်ယဲ့ရှောင်ကမူ နှင်းပွင့်ကဲ့သို့ ဖြူစင်သော မင်္ဂလာဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ ဦးခေါင်းထက်တွင် ရွှေသရဖူငယ်လေးတစ်ခုကို ဆောင်းထား၏။ သူတို့၏ ရှေ့တွင် ပန်းပွင့်များ ကိုင်ဆောင်ထားသော ပန်းကြဲအပျိုရံ မိန်းကလေး အချို့ရှိနေသည်။ နောက်တွင်မူ မင်းသမီး ရန်ယဲ့ရှောင်၏ ဂါဝန်အမြီးကို ကိုင်ဆောင်ပေးထားသော မိန်းကလေးငယ် နှစ်ဦးလည်း ပါရှိလေ၏။
ရှည်လျားသော ပန်းစင်္ကြံလမ်းကို ဖြတ်သန်းသွားပြီးနောက် ပန်းများဖြင့် အလှဆင်ထားသော မုခ်ဦးတစ်ခုအောက်သို့ ရောက်ရှိလာကြသည်။
လက်ရှိအချိန်တွင် အနောက်တိုင်းစတိုင် မင်္ဂလာပွဲတစ်ခု၏ ထုံးစံအရဆိုလျှင် သဘောတူလက်ခံပါသလားဟု မေးမြန်းမည့် ဘုန်းတော်ကြီးတစ်ပါး ရှိနေရမည် ဖြစ်၏။ လက်စွပ်များ ဖလှယ်ရမည် ဖြစ်ပြီး အနမ်းများလည်း ပေးကြရမည် ဖြစ်သည်။
သို့သော်ငြားလည်း ထိုသို့ မဟုတ်ချေ။
တကယ်တမ်းတွင်မူ အခမ်းအနားသည် ပထမအကြိမ်အဖြစ် ကောင်းကင်နှင့် မြေကြီးကို ကန်တော့ခြင်း ၊ ဒုတိယအကြိမ်အဖြစ် မိဘနှစ်ပါးကို ကန်တော့ခြင်း ၊ တတိယအကြိမ်အဖြစ် ဇနီးမောင်နှံ အပြန်အလှန် ကန်တော့ခြင်း ဟူသော ရိုးရာဓလေ့အတိုင်း ကျင်းပနေခြင်း ဖြစ်၏။
မှန်ပေသည်။ သတို့သားသည် သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သမီးသည် အဖြူရောင် မင်္ဂလာဂါဝန်ကို ဝတ်ဆင်ထား၏။ သို့သော် ဘာကြောင့်မှန်းတော့ မသိပေ... ဤနေရာရှိ အရာအားလုံးသည် အလွန်အမင်း အိပ်မက်ဆန်ပြီး လှပလွန်းနေသောကြောင့်လား သို့မဟုတ် ဤအခြားကမ္ဘာမှ တေးဂီတများက သိပ်ကို သာယာနာပျော်ဖွယ် ကောင်းလွန်းနေသောကြောင့်လား... အရာအားလုံးသည် အထစ်အငေါ့ လုံးဝမရှိဘဲ အလွန်တရာကို လှပတင့်တယ်နေပုံရသည်။
အိပ်မက်ဆိုးအင်ပါယာ၏ မင်းသားက ကြေညာလိုက်၏။ "ကန်တော့ခြင်း အခမ်းအနား ပြီးဆုံးပါပြီ... မင်္ဂလာခန်းဆောင်သို့ ပို့ဆောင်ကြလော့"
ထို့နောက် တုပိုင် မင်းသမီး ရန်ယဲ့ရှောင်၏ လက်ကို ဆွဲကိုင်ကာ မင်္ဂလာခန်းဆောင်ရှိရာသို့ လျှောက်လှမ်းသွားတော့သည်။
**--**--**--**--**--**--**--**
မည်မျှပင် ကြီးမားကျယ်ဝန်းသော မင်္ဂလာခန်းဆောင်ကြီးနည်း။ စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းသော မင်္ဂလာခန်းဆောင်ကြီးပင် ဖြစ်၏။
မင်္ဂလာခန်းဆောင်ကြီးမှာ အိပ်မက်ခန်းမတစ်ခုအတွင်း၌ တည်ရှိပြီး ပန်းများဖြင့် ပြည့်နှက်နေဆဲဖြစ်ကာ အလယ်ဗဟိုတွင် ကုတင်တစ်လုံး ရှိနေလေသည်။ မီးတောက်မီးလျှံများကဲ့သို့ ရဲရဲတောက် နီမြန်းနေသော ထိုကုတင်ကြီးမှာ အလျား ၅ မီတာ ၊ အနံ ၃ မီတာ ရှိပြီး မင်္ဂလာအငွေ့အသက်များ အပြည့်အဝ လွှမ်းခြုံနေလျက်ရှိ၏။
မင်းသမီး ရန်ယဲ့ရှောင်၏ နီမြန်းသော နှုတ်ခမ်းလေးများ တုပိုင်၏ မျက်ခုံးနှင့် နှာခေါင်းတို့ကို ဖွဖွလေး နမ်းရှိုက်လိုက်ပြီးနောက် နောက်ဆုံးတွင်တော့ သူ၏ နှုတ်ခမ်းများကို အနမ်းပေးလိုက်သည်။
ထို့နောက် သူမ တုပိုင်၏ အဝတ်အစားများကို ဖြည်းညင်းစွာ ချွတ်ပေးလိုက်ရာ ရှပ်အင်္ကျီတစ်ထည်သာ ကျန်ရှိနေတော့၏။ ဆက်လက်၍ သူမ၏ နှင်းပွင့်ကဲ့သို့ ဖြူစင်သော မင်္ဂလာဂါဝန်ကိုပါ ချွတ်ချလိုက်ရာ သူမ၏ စွဲမက်ဖွယ်ကောင်းလောက်အောင် လှပသည့် ခန္ဓာကိုယ်လေးထက်တွင် နှင်းကဲ့သို့ဖြူစင်သော အတွင်းခံလေးသာ ကျန်ရှိနေတော့သည်။
"ယောက်ျား... ကျွန်မ လှလားဟင်" မင်းသမီး ရန်ယဲ့ရှောင်က တိုးညှင်းစွာ မေးလိုက်ပြီးနောက် တုပိုင်၏ ရှေ့တွင် တစ်ပတ် လှည့်ပြလိုက်၏။
တုပိုင် ချီးမွမ်းလိုက်သည်။ "အရမ်းလှတာပေါ့... ဒီကမ္ဘာပေါ်မှာ မင်းထက်ပိုလှတဲ့သူ မရှိပါဘူး။ ကိုယ်စိတ်ကူးထားတာထက်ကို အများကြီး ပိုလှနေတယ်"
မင်းသမီး ရန်ယဲ့ရှောင်က ဆို၏။ "ရှင်လည်း အတူတူပါပဲ။ မိန်းမတစ်ယောက်အတွက်တော့ ရှင်က တကယ့်ကို အဆိပ်အတောက်ပဲ။ အရင်တုန်းကတော့ ဒါကို ကျွန်မ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းကျမှ ရှင်က အဆိပ်... ကျွန်မအတွက်တော့ ပြင်းထန်တဲ့ အဆိပ်ဆိုတာကို နားလည်လာတယ်"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၁ + ၉၁၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။