အခန်း (၉၁၃-၉၁၄)
Vol. 92 Ch. 913-914
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၄ + ၉၁၃)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ထို့နောက် မင်းသမီး ရန်ယဲ့ရှောင်က ညင်သာစွာ တွန်းလှဲလိုက်ရာ တုပိုင်ကုတင်ပေါ်သို့ ပက်လက်လန်ကျသွားလေတော့သည်။
သူမ၏ အိပ်မက်ဆန်ဆန် လှပလွန်းလှသော ခန္ဓာကိုယ်လေးဖြင့် တုပိုင်အား ရစ်ပတ်လိုက်ပြီးနောက် မျက်နှာကို နမ်းရှိုက်လိုက်လေ၏။
မင်းသမီး ရန်ယဲ့ရှောင်က မေးသည်။ "ယောကျ်ား... ကျွန်မကို စိတ်ထဲကနေ အပြစ်တင်နေတယ် မဟုတ်လား။ ဒီနှစ်တွေတစ်လျှောက်လုံး ရှင်နဲ့ ရှောင်ရှောင်ကို လာမရှာခဲ့လို့ ကျွန်မကို အပြစ်တင်နေတာမလားဟင်"
တုပိုင်က ခေါင်းခါ၏။ "မတင်ပါဘူး မိန်းမရဲ့"
မင်းသမီး ရန်ယဲ့ရှောင်က တိုးညှင်းစွာ မေးလာပြန်သည်။ "တကယ် မတင်တာလားဟင်"
တုပိုင်က ခေါင်းညိတ်သည်။ "တကယ် မတင်တာပါ"
မင်းသမီး ရန်ယဲ့ရှောင်က သက်ပြင်းတစ်ချက်ချကာ ရှင်းပြသည်။ "မွေးစားအဖေက ကျွန်မကို ကယ်ပြီး တခြားကမ္ဘာက သွေးတွေ သွင်းပေးခဲ့တယ်။ ရှင့်ကိုပဲ သွားရှာမယ်လို့ တွေးနေမိလို့ ကျွန်မရဲ့ သိုင်းပညာလမ်းကြောင်းတိုးတတ်မှုက အရမ်းကို နှေးကွေးခဲ့တယ်။ အဲဒါကြောင့်မို့လို့ မွေးစားအဖေက စိတ်ဝိညာဉ်နည်းစနစ်တွေသုံးပြီး ကျွန်မရဲ့ မှတ်ဉာဏ်တွေကို ပိတ်လှောင်ခဲ့တာပါ... တောင်းပန်ပါတယ် ယောကျ်ားရယ်... တောင်းပန်ပါတယ်နော်"
တုပိုင်က ညင်သာစွာ ပြန်လည်နှစ်သိမ့်လိုက်၏။ "တောင်းပန်ပါတယ်လို့ ပြောနေစရာ မလိုပါဘူး... တကယ်ပါ"
ထိုနောက် မင်းသမီး ရန်ယဲ့ရှောင် သူ့အား ထပ်မံ၍ နမ်းရှိုက်လာပြန်သည်။
တုပိုင် မေးလိုက်၏။ "ကိုယ် မင်းကို ပေးထားခဲ့တဲ့ ဆွဲသီးလေးရော ရှိသေးလား"
မင်းသမီး ရန်ယဲ့ရှောင်က ညုတုတုအသံလေးဖြင့် ပြန်ဖြေသည်။ "ရှိတာပေါ့... ဒီနေရာလေးမှာ ရှိနေတာပဲ မဟုတ်လား။ လူဆိုးကြီး... ရှင်က လူလည်ကျချင်တယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ"
ထိုဆွဲသီးလေးကား သူမ၏ ရင်အုံကြားရှိ အလှပဆုံးသော ရှုခင်းများအလယ်၌ နေရာယူထားခြင်းပင် ဖြစ်၏။
ထို့နောက် သူမ တုပိုင်အား ဆွဲဆောင်မှုအပြည့်ဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။ "ရှင် ကြည့်ချင်ရင် ရှင့်ဘာသာရှင်ပဲ နှိုက်ပြီး ယူကြည့်လိုက်လေ"
တုပိုင် သူမ၏ ရင်အုံကြားထဲသို့ လက်လျှိုသွင်းကာ ဆွဲသီးလေးကို ဆွဲထုတ်လိုက်ပြီးနောက် အနီးကပ် ကြည့်ရှုရန် လက်ဖဝါးပေါ်၌ တင်ထားလိုက်လေ၏။
ရန်ယဲ့ရှောင်က မေးလာသည်။ "ဒီအဆင်တန်ဆာလေးက ရှင့်အတွက် အဖိုးတန်ဆုံးအရာလား"
တုပိုင် ခေါင်းညိတ်၏။ "ဟုတ်တယ်..."
ရန်ယဲ့ရှောင်က ဆက်မေးပြန်သည်။ "ဒါဆို... ကျွန်မကရော ရှင့်ရဲ့ အချစ်ရဆုံး မိန်းမလား"
တုပိုင်က ယုယကြင်နာစွာဖြင့် ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်... ရန်ယဲ့ရှောင်က ကိုယ် အချစ်ရဆုံး မိန်းမပါ"
ရန်ယဲ့ရှောင်၏ လှပသော မျက်ဝန်းလေးများ၌ အလွန်အမင်း စိတ်လှုပ်ရှားသွားသည့်အလား ရုတ်တရက် မျက်ရည်များ ဝဲတက်လာကာ တိုးညှင်းစွာ ဆိုလိုက်သည်။ "ယောကျ်ား... နည်းနည်းတော့ နောက်ကျနေပြီနော်။ နွေဦးညလေးတစ်ညက ရွှေတစ်ထောင်တန်တယ်တဲ့လေ... ကျွန်မ စောင့်နေခဲ့တာ ဆယ်နှစ်ကျော်တောင် ရှိနေပြီ။ အခုတော့ တစ်စက္ကန့်လေးတောင် ထပ်မစောင့်ချင်တော့ဘူး။ ယောကျ်ားက ကျွန်မကို လိုချင်တယ် မဟုတ်လား"
ထို့နောက် ရန်ယဲ့ရှောင် သူမ၏ မျက်လုံးများကို မှိတ်ချလိုက်လေ၏။ သူမသည် တုပိုင်က သူမ၏ လှပသော ခန္ဓာကိုယ်အား အပိုင်သိမ်းမည့်အချိန်၊ သူတို့နှစ်ဦး ပေါင်းဖက်ရမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။
တုပိုင် တိုးတိုးလေး ရယ်မောရင်း ဆိုလိုက်၏။ "ကိုယ် ဟာသတစ်ခု ပြောပြမယ်... မငိုနဲ့နော်"
ရန်ယဲ့ရှောင်က မျက်လုံးမှိတ်ထားလျက်ပင် ညည်းတွားလာသည်။ "မုန်းစရာကြီး..."
တုပိုင်က မေး၏။ "မင်းက အပျိုစင် ပြန်ဖြစ်သွားဦးမှာလား"
ရန်ယဲ့ရှောင်က ခန္ဓာကိုယ်ကို တွန့်လိမ်လျက် မောဟိုက်နေသောအသံဖြင့် ဆိုသည်။ "မုန်းတယ်... မုန်းတယ်... အရမ်းမုန်းတယ်... မြန်မြန်လုပ်ပါတော့... ကျွန်မ တစ်စက္ကန့်လေးတောင် ထပ်မစောင့်ချင်တော့ဘူး"
တုပိုင်က ညင်သာစွာ သတိပေးလိုက်၏။ "ကိုယ် လာပြီနော်... ခဏလောက်တော့ နာလိမ့်မယ် ၊ မင်း သည်းခံရမယ်နော်"
"မုန်းစရာကြီး... မြန်မြန်လုပ်ပါဆို"
ထိုအချိန်မှာပင် တုပိုင် လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ရုတ်တရက် မီးတောက်မီးလျှံတစ်ခုက ဟုန်းကနဲ ထွက်ပေါ်လာ၏။ ထိုမီးတောက်သည် သူ၏ လက်ဖဝါးထက်၌ စုစည်းသွားကာ မီးတောက်ဓားတစ်လက်အဖြစ် ပုံပေါ်လာလေတော့၏။
ထို့နောက် သူ ရန်ယဲ့ရှောင်၏ ပြိုင်ဘက်ကင်းခန္ဓာကိုယ်လေးဆီသို့ ရုတ်တရက် အရှိန်ပြင်းစွာဖြင့် ခုတ်ချလိုက်သည်။
"ရွှီးးး"
ရုတ်တရက်ဆိုသလိုပင် မင်းသမီး ရန်ယဲ့ရှောင်၏ ပြိုင်ဘက်ကင်းခန္ဓာကိုယ်လေးကား အလယ်တည့်တည့်မှ ထက်ပိုင်းပြတ်ကျသွားလေတော့၏။ ထို့နောက် ချက်ချင်းပင် တုပိုင်၏ မီးတောက်ဓားက သူမ၏ ရင်ဘတ်ကို အရှိန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။
ထိုအခါ မင်းသမီး ရန်ယဲ့ရှောင်၏ လှပသော အရေပြားအတွင်းမှ အရာတစ်ခုက ရုတ်တရက် ထွက်ပေါ်လာတော့၏။
"ဟားဟားဟားဟားးး"
သူမက အလွန်တရာ စူးရှစွာဖြင့် ရယ်မောလိုက်လေသည်။
ထို့နောက် ချက်ချင်းပင် ထိုရယ်သံကား အလွန်ဆွဲဆောင်မှုရှိသော အသံအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေ၏။
သူမက ညုတုတုအသံလေးဖြင့် ဆိုလာသည်။ "ယောကျ်ားရယ်... ဘာဖြစ်လို့ တစ်ခါတည်းနဲ့ မပြီးဘဲ နောက်တစ်ခါ ထပ်ထိုးရတာလဲ... နာတာပေါ့လို့"
သူမ၏ ပုံပန်းသဏ္ဌာန်ကား အဆက်မပြတ် ပြောင်းလဲနေလျက်ရှိ၏။
မင်းသမီး ရန်ယဲ့ရှောင်မှသည် ဝိညာဉ်မိစ္ဆာအဖြစ်သို့... ထို့နောက် အိန်ဂျယ်၏ ရုပ်သွင်အဖြစ်သို့ အံ့မခန်း ပြောင်းလဲသွားသည်။ သူမကား ကမ္ဘာ့အလှဆုံး အမျိုးသမီးဖြစ်သော အိန်ဂျယ်ပင် ဖြစ်လေ၏။
အိန်ဂျယ်သည် ဝိညာဉ်မိစ္ဆာ လေးဦးအနက်မှ တစ်ဦးဖြစ်သည်။
ထိုအချိန်မှာပင် ပြင်းထန်ပြီး လှပလွန်းလှသော စန္ဒရားသံစဉ်များက ရုတ်တရက် ထွက်ပေါ်လာ၏။
"ဒန် ဒန် ဒန် ဒန်းးး ဒန် ဒန် ဒန် ဒန်းးး" ကံကြမ္မာ ဆင်ဖိုနီသံစဉ် ဖြစ်သည်။
တီးခတ်မှုအဆင့်အတန်းကား အလွန်တရာ မြင့်မားလွန်းလှပြီး တုပိုင်ထက်ပင် များစွာ သာလွန်နေ၏။ လုံးဝကို ရင်သပ်ရှုမောဖွယ်ကောင်းလှသော တီးခတ်မှုကြီးပင်။
စိတ်အားထက်သန်ဖွယ်ကောင်းလှသော သံစဉ်များကား အမှောင်ထုဖုံးလွှမ်းနေသည့် မင်္ဂလာခန်းဆောင်ကြီးအတွင်း၌ လွင့်ပျံနေလျက်ရှိသည်။
အနောက်ဘက်၌လည်း တေးသွားကို နောက်ခံတီးခတ်ပေးနေသည့် ခမ်းနားလှပသော တေးဂီတဝိုင်းကြီး ရှိနေလေ၏။ ကြက်သီးထလောက်အောင်ပင် သာယာနာပျော်ဖွယ် ကောင်းလွန်းလှသည်။
တုပိုင်က ရပ်တန့်လိုက်ပြီး ကံကြမ္မာ ဆင်ဖိုနီတီးခတ်မှုကို တိတ်ဆိတ်စွာဖြင့် နားထောင်နေလိုက်သည်။ ထို့နောက် အလင်းတန်းတစ်ခု ထိုးကျလာကာ စန္ဒရားတီးခတ်နေသူအပေါ်သို့ အတိအကျ ကျရောက်သွား၏။
ထိုသူကား အခြားသူမဟုတ်ချေ... ချောမောလှပသော်ငြား မျက်နှာတွင် မိတ်ကပ်ပေါင်ဒါများ လိမ်းကျံထားပြီး နှုတ်ခမ်းကို လူပြက်တစ်ဦးကဲ့သို့ ခြယ်သထားသည့် မိန်းမစိုးလေးပင် ဖြစ်သည်။ တုပိုင်၏ရှေ့တွင် အလွန်တရာ နှိမ့်ချကာ မျက်နှာချိုသွေးနေခဲ့သည့် ထိုမိန်းမစိုးလေးပင်။
ယခုအချိန်တွင် သူသည် မိန်းမစိုးဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော်ငြား ကံကြမ္မာ ဆင်ဖိုနီကို အလွန်အမင်း စိတ်နှစ်၍ တီးခတ်နေလျက်ရှိနေ၏။
မိနစ်အနည်းငယ်ကြာသောအခါ ကြီးကျယ်ခမ်းနားလှသော တီးခတ်မှုကြီး အဆုံးသတ်သွားလေတော့၏။
စန္ဒရားတီးခတ်နေသော ထိုမိန်းမစိုးလေးသည် မတ်တပ်ရပ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခါလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် သူ၏ မိန်းမစိုးဝတ်စုံကား ပျောက်ကွယ်သွားပြီး သပ်ရပ်သော အနောက်တိုင်း အနက်ရောင်ဝတ်စုံ တစ်စုံအဖြစ်သို့ ပြောင်းလဲသွားလေ၏။ သူ မတ်တပ်ရပ်လိုက်သည့်အချိန်မှာပင် ဘေးနားရှိ လူတိုင်းက ဒူးထောက်ချလိုက်ကြသည်။
မဟာအိပ်မက်ဆိုး ၊ အိပ်မက်ဆိုးမင်းသား ၊ ဧကရာဇ်ထိုက်ခန် အစရှိသူများ အားလုံး အပါအဝင် လူတိုင်းပင် ဖြစ်လေ၏။ သူသည် ပေါ့ပေါ့ပါးပါး မတ်တပ်ရပ်နေသည့်တိုင် ကမ္ဘာလောကကြီးကို လွှမ်းမိုးထားသော ဘုရင်တစ်ပါးကဲ့သို့ ဖြစ်နေသည်။
လူတိုင်းက ဒူးထောက်နေကြသောကြောင့် သူသည် ထိုနေရာ၌ အရပ်အမြင့်ဆုံး ဖြစ်နေလေ၏။ သူ၏ မျက်နှာပေါ်ရှိ မိတ်ကပ်ပေါင်ဒါများ ပျောက်ကွယ်သွားရာ အလွန်တရာ ချောမောလှပသော မျက်နှာတစ်ခုက အထင်းသား ပေါ်လွင်လာသည်။
ထို့နောက် သူသည် အိတ်ကပ်ထဲမှ ရွှေရောင်မျက်မှန်တစ်လက်ကို ထုတ်ယူကာ မျက်မှန်သုတ်ဝတ်ဖြင့် သေချာစွာ သုတ်လိုက်ပြီးနောက် ခန့်ညားစွာ တပ်ဆင်လိုက်လေ၏။
ထို့နောက် တုပိုင်ထံသို့ လက်ကမ်းပေးလိုက်ပြီး မိတ်ဆက်လိုက်သည်။ "ကျွန်တော်က ကံကြမ္မာမိစ္ဆာသခင် ၊ ကံကြမ္မာစနစ်ရဲ့ စနစ်ရှင် ၊ အရှေ့ကမ္ဘာခြမ်းမှာရှိတဲ့ မိစ္ဆာမျိုးနွယ်တွေရဲ့ အမြင့်ဆုံး အရှင်သခင် ကျောက်ယန်ဖိန် ဖြစ်ကြောင်း တရားဝင် မိတ်ဆက်ပါရစေ။ လေးစားရပါသော ကယ်တင်ရှင် တုပိုင်... ခင်ဗျားအတွက် ကျွန်တော် ရိုက်ကူးပေးခဲ့တဲ့ ဆယ်နှစ်ကျော်ကြာ ကံကြမ္မာဇာတ်လမ်းကြီးကိုရော သဘောကျရဲ့လား"
**--**--**--**--**--**--**--**
ကံကြမ္မာစနစ်၏ စနစ်ရှင် ၊ ကံကြမ္မာမိစ္ဆာသခင် ၊ အရှေ့ကမ္ဘာခြမ်း၏ အရှင်သခင်ဖြစ်သော ကျောက်ယန်ဖိန်က စကားစလာ၏။ "ကယ်တင်ရှင်ကြီး တုပိုင်... ခင်ဗျားက ကောင်းကင်ဘုံကနေ မုန့်တွေ အလကား ကျမလာဘူးဆိုတဲ့ စကားတစ်ခွန်းကို ယုံကြည်ထားပုံရတယ်။ မုန့်တွေ ကျလာရင်တောင်မှ အဆိပ်ပါနေတတ်တယ်ဆိုတာလေ... မဟုတ်ဘူးလား။ လောလောဆယ် ကောင်းကင်ဘုံကနေ မုန့်တွေ အများကြီး ကျလာနေတယ်လို့ ခင်ဗျား မထင်ဘူးလား"
တုပိုင် တိတ်ဆိတ်စွာဖြင့်သာ ရှိနေသည်။
"ကယ်တင်ရှင်ကြီး တုပိုင်... ခင်ဗျား နိုးလာလာချင်း လီသရဲ ယဲ့ဟိုင်ထန်နဲ့ ဆုံခဲ့တယ်... ပြီးတော့ သူက အခြေချစခန်း နှစ်ခုကို သတ်ပစ်ခဲ့တယ်။ အဲဒီနောက်မှာ သူက ခင်ဗျားဆီကို ရောက်လာခဲ့တယ်... အဲဒါတွေက တိုက်ဆိုင်မှုတစ်ခုလို့ ခင်ဗျား မထင်ဘူးလား"
"ယဲ့ဟိုင်ထန်က ခင်ဗျားကို ရှာတွေ့ခဲ့တယ် ၊ ခင်ဗျားအတွက် အရာအားလုံးကို စွဲလမ်းရူးသွပ်ခဲ့တယ် ၊ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ခင်ဗျားကို ပေးအပ်ခဲ့တယ် ၊ ဝိညာဉ်ချုပ်နှောင်ခြင်းနည်းစနစ်နဲ့ လီဝိညာဉ် သတ်ဖြတ်ခြင်း နည်းစနစ်တွေကို သင်ပေးခဲ့တယ်။ ဒါတင်မကသေးဘူး... လီရှောင်ချန်က ခင်ဗျားအဖြစ် ဟန်ဆောင်ပြီး သူနဲ့ ချစ်ကြိုက်ခဲ့တာကိုပါ ခင်ဗျားကို သိခွင့်ပေးခဲ့တယ်။ လီရှောင်ချန် သူ့ကို မြူဆွယ်ခဲ့ရုံသာမက ရက်ရက်စက်စက် လည်ပင်းညှစ်သတ်ပြီး ဟေးယဲ့ရေကန်ထဲကိုတောင် ပစ်ချခဲ့တယ်လေ..."
"အဲဒီနောက်မှာတော့ တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်လောကက သခင်လေး ဖန်းချန်ဆိုတာ လီရှောင်ချန် ဖြစ်နေတယ်ဆိုတာကို ခင်ဗျား ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။ အဲဒီနောက်မှာ ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို ခင်ဗျား ထပ်တွေ့ရှိပြန်တယ်။ ကမ္ဘာပျက်ကပ်ကြီးရဲ့ ကယ်တင်ရှင်လို့ လူသိများတဲ့ ဧကရာဇ်ထိုက်ခန်ဆိုတာက တကယ်တော့ ယုတ်မာတဲ့ သခင်လေး ဖန်းချန်... ဒါမှမဟုတ် လီရှောင်ချန် ဖြစ်နေတယ်ဆိုတာကိုပဲ။ ဒီအရာအားလုံးက တိုက်ဆိုင်မှုတစ်ခုပဲ မဟုတ်လား"
"လန်ဟူနယ်မြေမှာ ခင်ဗျားရောက်နေချိန် မြို့စားမင်း လျန်ကျင်း ခင်ဗျားနဲ့ အလောင်းအစား နှစ်ခု လုပ်ခဲ့သေးတယ်လေ။ ပထမအလောင်းအစားက လူသူကင်းမဲ့နေတဲ့ အခြေချစခန်းတစ်ခုကို လဝက်အတွင်းမှာ လူ ၁၀၀၀ ပြည့်အောင် လုပ်ရမယ်ဆိုတာရယ် ၊ ဒုတိယအလောင်းအစားက လဝက်အတွင်းမှာ မြို့စားမင်း လျန်ကျင်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး အနိုင်ယူရမယ်ဆိုတာရယ်လေ... ဒါက လုံးဝကို မဖြစ်နိုင်တဲ့ တာဝန်တစ်ခုပဲ။ ဒါပေမဲ့ ခင်ဗျားကတော့ ကံကောင်းခြင်းတွေ အများကြီး ပိုင်ဆိုင်ထားပုံရတယ်။ ပထမဦးဆုံး ကျန်းရှောင်မန်နဲ့ လေလွင့်မဟာမိတ်အဖွဲ့က လူဒါဇင်ပေါင်းများစွာ ခင်ဗျားရဲ့ လန်ဟူနယ်မြေကို ထွက်ပြေးလာကြပြီး ခင်ဗျားရဲ့ မဟာစွမ်းအားတွေကို ထုတ်ဖော်ပြသခွင့် ရခဲ့တယ်။ ရန်ယဲ့ရှောင်ရဲ့ သတင်းအစအနကိုပါ သိခွင့်ရလိုက်သေးတယ်"
"အဲဒီနောက်မှာ ချက်ချင်းဆိုသလို လေလွင့်မဟာမိတ်အဖွဲ့က လူတစ်ထောင်ကျော် လာရောက်တိုက်ခိုက်တဲ့အချိန်မှာ ခင်ဗျားရဲ့ စွမ်းအားတွေကို နောက်ထပ်တစ်ကြိမ် ထပ်ပြခွင့်ရပြန်တယ်။ ပြီးတော့ အဲဒီလူတစ်ထောင်ကျော်က ခင်ဗျားရဲ့ လန်ဟူနယ်မြေကို ချိုးဖောက်ဝင်ရောက်တော့မယ့်အချိန်မှာ သွေးရိုင်းဖုတ်ကောင် နှစ်သောင်းလောက် ဝင်လာခဲ့လို့ အဲဒီလေလွင့်မဟာမိတ်အဖွဲ့က လူတွေ ခင်ဗျားနဲ့အတူတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရသေးတယ်လေ"
တုပိုင် ထိုအကြောင်းအရာများကို ခေါင်းထဲတွင် ပြန်လည်စဉ်းစားနေလိုက်၏။
ကံကြမ္မာ မိစ္ဆာသခင်က အေးစက်စက် အပြုံးဖြင့် ဆက်ပြောလာသည်။ "ယဲ့ဟိုင်ထန်ရဲ့ ပေါ်လာမှု ၊ ကျန်းရှောင်မန်ရဲ့ ပေါ်လာမှု ၊ လေလွင့်မဟာမိတ်အဖွဲ့ ဗိုလ်မှူးရဲ့ ပေါ်လာမှု ၊ သွေးရိုင်းဖုတ်ကောင် နှစ်သောင်းသုံးသောင်းလောက်ရဲ့ ပေါ်လာမှု... အဲဒါတွေက တိုက်ဆိုင်မှုတစ်ခုလို့ မထင်ဘူးလား။ အရာအားလုံးက ခင်ဗျားရဲ့ပတ်ဝန်းကျင်မှာပဲ ဖြစ်ပျက်နေသလိုပဲ။ တိုက်ဆိုင်မှုဆိုတာ မရှိဘူးလို့ ပြောကြပေမဲ့... ဒါကတော့ သိပ်ကို တိုက်ဆိုင်လွန်းနေတယ်လေ"
"ဒါပေါ့... ဒီအရာအားလုံးက ဧကရာဇ်ထိုက်ခန် ပေါ်လာဖို့အတွက် ကြိုတင်ပြင်ဆင်မှုလေးတွေပဲလေ။ သူက ခင်ဗျားရဲ့ မလိုလားမှုတွေကြားထဲကနေ ရုတ်တရက်ကြီး ပေါ်လာပြီး ၊ မသေမျိုးမျိုးနွယ်စု နှစ်သောင်းသုံးသောင်းလောက်ကို တစ်ကွက်တည်းနဲ့ ရှင်းပစ်ခဲ့တယ်။ အဲဒီနောက်မှာ သူ့အမှားတွေကို ဝန်ခံပြီး နောင်တရပြတယ်... ပြီးတော့ ထိုက်ခန်အင်ပါယာရဲ့ ဧကရာဇ်အဖြစ် ခင်ဗျားကို ဆက်ခံစေခဲ့တယ်။ အကြီးဆုံးနဲ့ အကောင်းဆုံး မုန့်ကြီးက ဒီမှာလေ... အမြင့်ဆုံး ဇာတ်ရှိန်က ဒီကို ရောက်နေပြီပေါ့"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၄ + ၉၁၃) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။