အခန်း (၉၁၅-၉၁၆)
Vol. 92 Ch. 915-916
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၅ + ၉၁၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
“သူက ခင်ဗျားကို စမ်းသပ်မှုတွေလုပ်ဖို့ ငရဲမျှော်စင်ဆီ ခေါ်သွားခဲ့တယ်။ အဲဒီမှာတင် ခင်ဗျားရဲ့ သိုင်းပညာကျင့်ကြံမှုတွေက အံ့မခန်းကို ချက်ချင်း တိုးတက်သွားခဲ့တာလေ။ နောက်ဆုံးတော့ သူက ခင်ဗျားကို အိပ်မက်ဆိုးအင်ပါယာဆီ ခေါ်သွားပြီး မင်းသမီး ရန်ယဲ့ရှောင်နဲ့ပါ လက်ထပ်ပေးခဲ့သေးတယ်။ ခင်ဗျားက ခင်ဗျားရဲ့ မဟာစွမ်းအားတွေကို နောက်တစ်ကြိမ် ထပ်ပြသခွင့်ရခဲ့ပြီးတော့ ဆိုမိုနဲ့ ယန်ကျူးတို့ကို အနိုင်ယူနိုင်ခဲ့တယ်။ ပြီးတော့ ချောမောလှပတဲ့ မိန်းမတစ်ယောက်နဲ့ပါ လက်ထပ်ခွင့်ရခဲ့တယ်ပေါ့။”
“ဘယ်လောက်တောင် ပြီးပြည့်စုံတဲ့ ဇာတ်လမ်းလေးလဲ...။ အတက်အကျတွေ... မျှော်လင့်မထားတဲ့ အချိုးအကွေ့တွေနဲ့လေ။ ခင်ဗျားက ဒီဇာတ်လမ်းထဲမှာ အရမ်းကို တောက်ပနေတဲ့ ဇာတ်လိုက်မင်းသားပေါ့...။”
“ဒါပေမဲ့... ဒါတွေအားလုံးက ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပြီး အရာအားလုံးက အတုအယောင်တွေချည်းပါပဲ။”
ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ အသံက နေရာအနှံ့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။ သူ၏ မျက်နှာထက်တွင်တော့ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သူတစ်ဦး၏ မောက်မာလှောင်ပြောင်မှုများက အထင်းသား ပေါ်လွင်နေလျက် ဆက်ပြောလိုက်သည်။
“ဒီအရာအားလုံးကို... ကျုပ်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့ပါ...။ ဒီဇာတ်လမ်းကြီးအတွက် ကျုပ် ဆယ်နှစ်ကျော်တောင် အချိန်ယူခဲ့ရတယ်။ ခင်ဗျားကို စတွေ့ခဲ့ရတဲ့အချိန်... ခင်ဗျား အသက်မဲ့နေတဲ့ သတိလစ်မေ့မြောနေခဲ့တဲ့အချိန်... အဲဒီ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ဒီဇာတ်ညွှန်းကို ကျုပ်ရဲ့ စိတ်ကူးထဲမှာ စတင်ဖန်တီးခဲ့တာ။ အခုတော့ ဒီ ကံကြမ္မာဆိုတဲ့ ဇာတ်လမ်းကြီးက အဆုံးသတ်သွားခဲ့ပြီ။ အံ့မခန်း သရုပ်ဆောင်ပြခဲ့ကြတဲ့ မင်းသား ၊ မင်းသမီးတွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ပထမဆုံးအနေနဲ့... ကျုပ်တို့ရဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုရှင် မစ္စကျန်းရှောင်မန်ကို ဖိတ်ခေါ်ပါရစေ။”
သူ၏ စကားအဆုံးတွင် ရုတ်တရက်ဆိုသလို အလွန်စူးရှတောက်ပသော မီးမောင်းကြီးတစ်ခုက အပေါ်စီးမှနေ၍ ထိုးဆင်းလာကာ စင်မြင့်ပေါ်တွင် ရပ်နေသော ကျန်းရှောင်မန်၏ ကိုယ်ပေါ်သို့ အတိအကျ ကျရောက်သွားလေတော့သည်။
သူမသည် ဆုလာယူမည့် ကမ္ဘာကျော် ကြယ်ပွင့်တစ်ဦးအလား အလွန်တရာ ဆွဲဆောင်မှုရှိလှသော ညနေခင်းဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထား၏။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ နဂိုကတည်းက အပြစ်ဆိုဖွယ်ရာမရှိအောင် ပြည့်စုံလှပြီးသား ဖြစ်သော်လည်း ယခုကဲ့သို့ ကျနလှသော ဝတ်စုံနှင့် အလင်းရောင်အောက်တွင်တော့ သူမ၏အလှမှာ လူကို ညှို့ယူဖမ်းစားနိုင်သည့် မိစ္ဆာမလေးတစ်ပါးပမာ ပို၍ပင် ရင်သပ်ရှုမောဖွယ် ကောင်းနေတော့သည်။
ကံကြမ္မာမိစ္ဆာသခင်က ပြုံးလျက် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ကာ ပြောလိုက်သည်။ “အားလုံးပဲ... မျက်နှာပြင်ကြီးကို ကြည့်ပြီး မစ္စ ကျန်းရှောင်မန်ရဲ့ အံ့မခန်း သရုပ်ဆောင်ချက်တွေကို ရှုစားပေးကြပါဦး။”
ထိုအခိုက် ဧရာမ မျက်နှာပြင်ကြီးပေါ်၌ လန်ဟူနယ်မြေတွင် ကျန်းရှောင်မန် ပထမဆုံးအကြိမ် တုပိုင်အား ပြန်လည်တွေ့ဆုံခဲ့ရစဉ်က မြင်ကွင်း ပေါ်လာလေ၏။ သူမသည် တုပိုင်အား သေနတ်ဖြင့် ချိန်ရွယ်ထားကာ ခလုတ်ဆွဲရန် အရူးအမူး ကြိုးစားနေသော်ငြား တုန်ယင်နေသော လက်များဖြင့် မဆွဲရက်ဘဲ ဖြစ်နေခဲ့သည်။ ထိုအချိန်က သူမ၏ မျက်နှာအမူအရာမှာ အလွန်တရာ ရှုပ်ထွေးပြီး နာကျင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
ကံကြမ္မာမိစ္ဆာသခင်က ကျေနပ်အားရစွာဖြင့် မှတ်ချက်ချလေသည်။ “အားလုံးပဲ ကြည့်လိုက်ကြစမ်းပါ... အဲဒီအချိန်တုန်းက ကျန်းရှောင်မန်ရဲ့ မျက်နှာအမူအရာက သိပ်ကို သိမ်မွေ့လွန်းတယ်။ သူ့ရဲ့ ရင်ထဲမှာ အမုန်းတရားတွေနဲ့ ပြည့်နှက်နေပြီး တုပိုင်ရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်ဖောက်လိုက်ချင်နေတာ။ ဒါပေမဲ့ တကယ်တမ်း မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့အချိန်မှာကျတော့... သူ့ရဲ့ ရင်ထဲမှာ အမုန်းတရားတွေသာမကဘဲ ပထမဆုံးအချစ်အတွက် စိုးရိမ်ပူပန်မှုတွေ ၊ တုပိုင် ပိန်ချုံးအားနည်းနေတာကို မြင်ပြီး သနားကြင်နာမှုတွေပါ ပြည့်နှက်နေခဲ့တယ်။"
"အဲဒီလို အလွန်အမင်း ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို ဒီမျက်နှာလေးပေါ်မှာ အပြည့်အဝ ဖော်ပြနိုင်ခဲ့တာပဲ။ ဒီသရုပ်ဆောင်ချက်က လုံးဝကို အထွတ်အထိပ်ပဲဗျာ။ ဒါကြောင့်... ဒီကနေ့ညရဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို မစ္စ ကျန်းရှောင်မန် ရရှိသွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဆုပေးအပ်ချီးမြှင့်ဖို့အတွက် ဘုရင်မ မိုဟန်ကို ဖိတ်ခေါ်ပါတယ်။”
တုပိုင် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်မိသည်။ ထိုနေရာတွင် ဦးနှောက်မဲ့နေသည့် ဘုရင်မ မိုဟန်ကို သူ နောက်တစ်ကြိမ် ထပ်မံတွေ့လိုက်ရပြန်၏။
သူမသည် အမြဲတမ်း ရှေးဟောင်းဝတ်စုံများကိုသာ ဝတ်ဆင်လေ့ရှိသော်လည်း ယခုအချိန်တွင်မူ ခေတ်မီဆန်းပြားသော ပွဲတတ်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမက လူသေတစ်ယောက်လို အေးစက်စက် မျက်နှာထားဖြင့် လျှောက်လှမ်းလာပြီး ဦးခေါင်းခွံပုံသဏ္ဌာန် ထွင်းထုထားသည့် ကြောက်မက်ဖွယ် ဆုဖလားတစ်ခုကို ကျန်းရှောင်မန်ထံသို့ လွှဲပြောင်းပေးအပ်လိုက်လေသည်။
ကျန်းရှောင်မန်က ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီး မိုက်ခရိုဖုန်းရှေ့သို့ တိုးကာ ပြောလိုက်သည်။ “ဒါရိုက်တာကြီးကို ကျေးဇူးတင်ပါတယ်။ ဘုရင်မ မိုဟန်ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့... လုပ်ငန်းစဉ်တစ်ခုလုံးမှာ အစစ်အမှန်အတိုင်း ပူးပေါင်းပါဝင်ပေးခဲ့တဲ့ မစ္စတာ တုပိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ သူသာ မရှိရင် ကျွန်မ ဒီလိုဂုဏ်ပြုဆုမျိုး ရနိုင်မှာ မဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်ရှင်။”
သူမ၏ အသံမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းများထဲတွင်တော့ ဖတ်ရခက်သော အရိပ်အယောင်အချို့ ဖြတ်ပြေးသွား၏။
ကံကြမ္မာမိစ္ဆာသခင်က လက်ခုပ်တီးကာ ဆက်လက်ကြေညာလိုက်ပြန်သည်။ “နောက်ထပ် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ချီးမြှင့်ပါမယ်။ ဧကရာဇ်ထိုက်ခန်... ဒါမှမဟုတ် လီရှောင်ချန်ကို ဖိတ်ခေါ်ပါရစေ။”
ချက်ချင်းပင် နောက်ထပ် တောက်ပသော အလင်းတန်းတစ်ခုက မှောင်မိုက်နေသည့် နေရာတစ်ခုကို ထိုးခွဲကျဆင်းလာပြီး ဧကရာဇ်ထိုက်ခန် လီရှောင်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ကံကြမ္မာမိစ္ဆာသခင်က စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ဆက်ပြောလေ၏။ “ဧကရာဇ်ထိုက်ခန်... လီရှောင်ချန်ရဲ့ ဇာတ်ကောင်စရိုက်က သိပ်ကိုမိုက်ပြီး ရှုပ်ထွေးလွန်းတယ်။ ခေတ်သစ်ကမ္ဘာမှာတုန်းက သူက တုပိုင်အပေါ် မှီခိုနေရတဲ့ ကပ်ပါးကောင်တစ်ကောင် ၊ ဘာမှမဟုတ်တဲ့ ဇာတ်ပို့တစ်ယောက်ပဲ ဖြစ်ခဲ့တယ်။ တာ့နင်အင်ပါယာမှာတော့ သူနဲ့ တုပိုင်က လုံးဝကို သေမလိုရှင်မလို ရန်သူတွေ ဖြစ်သွားခဲ့ကြတယ်။"
"ဒါပေမဲ့... ခေတ်သစ်ကမ္ဘာကို ရောက်လာပြီးနောက်မှာတော့ အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို လက်စားချေဖို့အတွက် မဟာအိပ်မက်ဆိုးရဲ့ ဂိုဏ်းထဲကို ကိုယ့်ကိုယ်ကိုယ် မနှမြောဘဲ ဝင်ရောက်ခဲ့တယ်။ အရူးအမူး စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့... နောက်ဆုံးမှာ သူက အရှင်သခင်တစ်ပါး ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာကျင့်ကြံမှုမှာ အဟန့်အတားတစ်ခု ရှိနေတယ်လို့ ခံစားရတာကြောင့် တုပိုင်ကို သွားရှာခဲ့တယ်။ ရန်သူကနေ မိတ်ဆွေအဖြစ် ပြောင်းလဲသွားခဲ့ရုံသာမက သူ့ရဲ့ ဧကရာဇ်ရာထူးကိုပါ လူသားမျိုးနွယ်ကို ကယ်တင်နိုင်မယ့် တုပိုင်ရဲ့ မျှော်လင့်ချက်တွေအပေါ် ပုံအပ်ခဲ့တယ်။ ဒီဇာတ်ကောင်ရဲ့ ကြီးမားလှတဲ့ အပြောင်းအလဲတွေက သရုပ်ဆောင်ရဲ့ စွမ်းရည်ကို ပြသနေတာပါပဲ။”
“အားလုံးပဲ မျက်နှာပြင်ကြီးကို ကြည့်လိုက်ကြပါ။ ဒါက ဧကရာဇ်ထိုက်ခန်နဲ့ တုပိုင်တို့ မြို့နယ်အလယ်တန်းကျောင်းလေးတစ်ခုမှာ နောင်တတရားတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့ မြင်ကွင်းပါပဲ။”
ဧရာမမျက်နှာပြင်ပေါ်တွင် လီရှောင်ချန်နှင့် တုပိုင်တို့၏ ဆုံတွေ့မှု မြင်ကွင်းက အသက်ဝင်စွာ ပေါ်လာ၏။
ကံကြမ္မာမိစ္ဆာသခင်က ပီတိဖြာနေသော အသံဖြင့် ဆက်ပြော၏။ “ဧကရာဇ်ထိုက်ခန်ရဲ့ လက်ထဲက သဲဝဲကတော့ကို သေချာကြည့်ပါ။ ပြီးတော့ သူ့ရဲ့ မျက်လုံးတွေကို ကြည့်ပါ။ မနေ့က ငါ့ကို စွန့်ပစ်သွားခဲ့တဲ့သူတွေ ၊ ဒီကနေ့ ငါ့ရဲ့ နှလုံးသားကို ရှုပ်ထွေးစေတဲ့သူတွေ... အဲဒီလို စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်အခြေအနေကို အထွတ်အထိပ်ရောက်အောင် အပြည့်အဝ ဖော်ပြနိုင်ခဲ့တယ်။ ဒါကြောင့်... အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ဧကရာဇ်ထိုက်ခန်ကို ချီးမြှင့်လိုက်ပါတယ်။ သူက ဒီဆုနဲ့ လုံးဝကို ထိုက်တန်ပါတယ်။ ဆုပေးအပ်ချီးမြှင့်ဖို့အတွက် မစ္စအိန်ဂျယ်ကို ဖိတ်ခေါ်ပါတယ်။”
အိန်ဂျယ်သည်လည်း တောက်ပနေသော ပွဲတတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိစွာ လျှောက်လှမ်းလာကာ ဦးခေါင်းခွံပုံသဏ္ဌာန် ဆုဖလားကို ဧကရာဇ်ထိုက်ခန် လီရှောင်ချန်ထံသို့ ပေးအပ်လိုက်သည်။
လီရှောင်ချန်က ဆုဖလားကို ကိုင်ထားရင်း သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။ ထို့နောက် အံကြိတ်ကာ ပြောလိုက်၏။ “ကြီးမြတ်တဲ့ ကံကြမ္မာမိစ္ဆာသခင်ကြီးကို ကျေးဇူးတင်ပါတယ်။ သူသာ မရှိရင်... ဒီကနေ့ ကျွန်တော်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်။”
ထို့နောက် ကံကြမ္မာမိစ္ဆာသခင်၏ အသံက ပို၍ ကျယ်လောင်လာကာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။ “နောက်ထပ် အကောင်းဆုံး အမျိုးသား ဇာတ်လိုက်ဆုကို ချီးမြှင့်ပါမယ်။ ဒီဆုကို ဘယ်သူနဲ့ ထိုက်တန်တယ်လို့ ထင်ကြလဲ။ မှန်ပါတယ်... အဲဒါကတော့ ကျုပ်တို့ရဲ့ ကြီးမြတ်လှတဲ့ ကယ်တင်ရှင်ကြီး တုပိုင်ပဲ ဖြစ်ပါတယ်။”
ရုတ်တရက် မျက်နှာပြင်ကြီးတစ်ခုလုံး အလင်းများ လက်သွားပြီး တုပိုင်၏ လှုပ်ရှားမှုတိုင်းက မြင်ကွင်းပေါ်၌ အဆက်မပြတ် ပေါ်လာလေတော့၏။
ဘတ်စ်ကားပေါ်မှ ဆင်းလာသည့်အချိန် ၊ ယဲ့ဟိုင်ထန်၏ ရေကာတာနှင့် ကြုံတွေ့ခဲ့ရသည့်အချိန် ၊ လန်ဟူနယ်မြေတွင် မဟာစွမ်းအားများကို ပြသခဲ့သည့်အချိန် ၊ အလယ်တန်းကျောင်း ကစားကွင်းတွင် ထိုက်ခန်၏ ဝန်ခံချက်ကို လက်ခံခဲ့သည့်အချိန်မှစ၍ ယနေ့ ဆိုမိုနှင့် ယန်ကျူးတို့ကို အနိုင်ယူခဲ့သည့် မှော်ဆန်လှသော တိုက်ပွဲမြင်ကွင်းများအထိ အားလုံးပါဝင်နေသည်။
အရာအားလုံးမှာ လုံးဝမမြင်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ကင်မရာများဖြင့် အတိအကျ မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။
တုပိုင် မျက်လုံးဖွင့်ကာ နိုးထလာချိန်မှစ၍ ယခုအချိန်အထိ သူဖြတ်သန်းခဲ့ရသမျှ အရာအားလုံးသည် ကံကြမ္မာမိစ္ဆာသခင် ရိုက်ကူးနေသည့် ဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်နေခဲ့၏။
သရဲဖုတ်ကောင် သောင်းချီ ၊ ဧကရာဇ်ထိုက်ခန် ၊ အိပ်မက်ဆိုးအင်ပါယာနှင့် ထိုက်ခန်အင်ပါယာတို့ကို အသုံးပြုကာ ရိုက်ကူးထားသော သမိုင်းတစ်လျှောက် မကြုံစဖူး ဧရာမ ဇာတ်လမ်းကြီးတစ်ပုဒ်ပင်ဖြစ်၏။
ကံကြမ္မာမိစ္ဆာသခင်က ပြောလိုက်သည်။ “အကောင်းဆုံး အမျိုးသား ဇာတ်လိုက်ဆုက တန်ဖိုးကြီးမားလွန်းတာမို့... ကျုပ်ကိုယ်တိုင်ပဲ ပေးအပ်ချီးမြှင့်ပါမယ်။”
ထိုအချိန်တွင် အလွန်တရာ ဆန်းကြယ်လှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ကံကြမ္မာမိစ္ဆာသခင်၏ ခန္ဓာကိုယ်ကြီးမှာ အရိပ်နှစ်ခုအဖြစ် ရုတ်တရက် နှစ်ခြမ်းကွဲထွက်သွားကာ တစ်ယောက်က ခမ်းနားလှသော စန္ဒရားကြီးရှေ့တွင် ထိုင်၍ သာယာနာပျော်ဖွယ် တီးခတ်နေပြီး ၊ အခြားတစ်ယောက်ကမူ မျက်စိတစ်မှိတ်အတွင်း တုပိုင်၏ ဘေးသို့ ရောက်ရှိလာသည်။
ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က တုပိုင်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။ “ဆရာတုပိုင်... ကျုပ် ခင်ဗျားကို မေးစရာစကားတစ်ခွန်း ရှိတယ်။ တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်လောကမှာ ခင်ဗျားက ဟင်းလင်းပြင်ခွဲလေးဖြစ်တဲ့ ကမ္ဘာမြေကို ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တယ်။ ခေတ်သစ်ကမ္ဘာမှာကျတော့ မျက်လုံးဖွင့်လာလာချင်း ပထမဆုံးလုပ်ခဲ့တဲ့အရာက သမီးဖြစ်သူကို ကယ်တင်တာကလွဲရင်... ကျန်တဲ့အချိန်တွေမှာ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက်ပဲ လုပ်ခဲ့တာလေ။ အဲဒီလို စံပြစိတ်ကူးတွေကို အခုအချိန်အထိ... ဘယ်လိုအင်အားမျိုးကများ ထောက်ပံ့ပေးထားတာလဲ။”
တုပိုင်က မိစ္ဆာသခင်ကို အေးစက်စွာ တုံ့ပြန်ကြည့်လိုက်ပြီး အနည်းငယ် ပြုံးကာ ဖြေလိုက်၏။ “စွဲလမ်းမှုတစ်ခုကြောင့်ပါပဲ။”
ကံကြမ္မာမိစ္ဆာသခင်က ခေါင်းရမ်းလိုက်ပြီး ဆက်မေးပြန်သည်။ “ဒါပေမဲ့ ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲ... ဧကရာဇ်ထိုက်ခန်က ကျုပ်ရဲ့ ခွေးတစ်ကောင် ၊ အိပ်မက်ဆိုးအင်ပါယာက ကျုပ်ခြေမွှသတ်ပစ်လို့ရတဲ့အရာ ၊ ရုပ်သေးမဟာမိတ်အဖွဲ့က ကျုပ်ရဲ့ ကစားစရာ ၊ လေလွင့်မဟာမိတ်အဖွဲ့က ကျုပ်ရဲ့ ဆီးအိုးတွေပဲလေ။ တစ်ကမ္ဘာလုံးက ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာ။ ခင်ဗျားက လူတစ်ယောက်တည်းရယ်ပါ...။ ဒီလို အတုအယောင် ကမ္ဘာကြီးထဲမှာ ခင်ဗျားက ကမ္ဘာကြီးကို ကယ်တင်ချင်နေသေးတယ်ပေါ့။ ခင်ဗျားကို ဒီလို သတ္တိတွေ ဘယ်သူက ပေးထားတာလဲ... လျန်ကျင်းရူလား။”
“ကောလာဟလတွေကို ရင်ဆိုင်ဖို့ အချစ်မှာ တကယ်ကို သတ္တိလိုပါတယ်။ မင်းက အပြုသဘောဆောင်တဲ့ အမြင်မျိုးနဲ့ ကြည့်မယ်ဆိုရင်... ငါ့ရဲ့ အချစ်တွေက အဓိပ္ပာယ်ရှိပါတယ်...”
စန္ဒရားရှေ့တွင် ထိုင်နေသော ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ ကိုယ်ပွားက ထိုသို့ သီချင်းဆိုကာ လက်ချောင်းများကို စန္ဒရားခလုတ်များပေါ်တွင် ကျွမ်းကျင်စွာ ပြေးလွှားတီးခတ်နေလေ၏။ သူ၏ အသံတွင် သံလိုက်ဓာတ်ကဲ့သို့ ဆွဲငင်မှုများ ပါရှိနေပြီး သီဆိုမှုမှာလည်း အလွန်တရာ သာယာနာပျော်ဖွယ် ကောင်းလှပေသည်။
တုပိုင်က မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်၏။ “မိစ္ဆာသခင်... ငါလည်း မင်းကို မေးခွန်းတစ်ခု မေးချင်တယ်။”
ကံကြမ္မာမိစ္ဆာသခင်က သူ၏ မျက်ခုံးကို အနည်းငယ်ပင့်လိုက်ကာ ခွင့်ပြုလိုက်သည်။ “မေးပါ ဆရာတုပိုင်...။”
တုပိုင်က စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။ “လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ငါ ကိုမာဝင်နေတဲ့လူတစ်ယောက်လို ဖြစ်နေတဲ့အချိန်မှာ မင်းရဲ့ အကြည့်တွေက ငါ့အပေါ်ကို ရောက်နေခဲ့ပြီး ဒီဇာတ်လမ်းကြီးကို စိတ်ကူးယဉ်ခဲ့တယ်။ အတိုင်းအဆမရှိတဲ့ လူအင်အား ၊ ပစ္စည်းအင်အားတွေကို သုံးပြီး နောက်ဆုံးမှာတော့ ဒီဇာတ်လမ်းကြီး ပြီးဆုံးသွားခဲ့ပြီ။ ဘာဖြစ်လို့လဲ... ငါ့ကို မင်းရဲ့ လက်ခုပ်ထဲမှာ ကစားရတဲ့ အရသာကို ခံစားချင်လို့လား။ ဘုရားသခင်ရဲ့ အမြင်မျိုးနဲ့ ရပ်ကြည့်ပြီး သိမ်ငယ်တဲ့ လူသားတစ်ယောက် ရုန်းကန်နေရတာကို ကြည့်ချင်လို့လား။ လူသားတွေရဲ့ ရှုထောင့်ကနေ ပုရွက်ဆိတ်တစ်ကောင်ကို ဖန်ပုလင်းထဲ ထည့်ပြီး အထဲမှာ လည်ပတ်နေတာကို ကြည့်ရတဲ့ မကောင်းဆိုးဝါးဆန်တဲ့ အရသာမျိုးကို ခံစားချင်လို့လား။”
ကံကြမ္မာမိစ္ဆာသခင်က သူ၏ လက်ညှိုးကို မြှောက်ကာ လေးလေးနက်နက် ခေါင်းညိတ်လိုက်လေ၏။ “ကောင်းတဲ့မေးခွန်းပဲ... သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ဆရာတုပိုင်ရဲ့ ဒီမေးခွန်းက တကယ်ကို ကောင်းလွန်းပါတယ်။ ကျုပ်ရဲ့ မူလရည်ရွယ်ချက်ကို အပြည့်အဝ မေးလိုက်တာပဲ။ ကျုပ် ဘာဖြစ်လို့ ဒီဇာတ်လမ်းကြီးကို ရိုက်ကူးခဲ့ရတာလဲ ဆိုတာပေါ့။”
သူက ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောသည်။ “ပထမဆုံးအနေနဲ့ အကြောင်းရင်း နှစ်ချက် ရှိတယ်။ ပထမအကြောင်းရင်းက ကျုပ်က ကံကြမ္မာစနစ်ရဲ့ စနစ်ရှင် ဖြစ်ပြီး ၊ ခင်ဗျားနဲ့ လီရှောင်ချန်က အိပ်မက်စနစ်ရဲ့ စနစ်ရှင်တွေ ဖြစ်နေလို့လေ။ လူတိုင်းက စနစ်ပိုင်ရှင်တွေ ဖြစ်နေတော့... အနိုင်အရှုံးဆိုတာ အမြဲတမ်း ရှိနေမှာပဲ။ ပြီးတော့ ခင်ဗျားရဲ့ လီရှောင်ချန်က ဒူးထောက်တာ မြန်လွန်းတယ်။ ကျုပ် စမတိုက်ခိုက်ရသေးခင်မှာတင် ဒူးထောက်ပြီး အရှုံးပေးသွားခဲ့တယ်။ ဒါကြောင့် ခင်ဗျားပဲ ပြိုင်ဘက်အနေနဲ့ ကျန်တော့တာလေ။ ကျုပ်ကလည်း ပျော်ချင်တာပေါ့။ ကြောင်က ကြွက်ကို ဖမ်းတာ အပျော်အတွက်လေ... စားဖို့မှ မဟုတ်တာ။”
ထို့နောက် ကံကြမ္မာမိစ္ဆာသခင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်ပြော၏။ “ဒုတိယအကြောင်းရင်းကတော့ ကျုပ်ရဲ့ မိန်းမက တကယ်ကို ပျင်းစရာကောင်းလွန်းလို့ပဲ။ ကယ်တင်ရှင်ကြီး တုပိုင်... ကမ္ဘာကြီးက ဘယ်လောက်တောင် စုတ်ပြတ်သတ်နေပြီလဲဆိုတာ ခင်ဗျား သိလား။ တစ်နှစ်တောင် မပြည့်သေးဘူး... တစ်ကမ္ဘာလုံး ကျုပ်တို့ရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရတယ်။"
"အရှေ့ကမ္ဘာခြမ်းရဲ့ အရှင်သခင်ဖြစ်တဲ့ ကျုပ်က နေ့တိုင်း တကယ်ကို ပျင်းစရာကောင်းနေတာ။ ပျော်စရာလေးတွေ မရှိဘဲနဲ့ အသက်ဆက်ရှင်လို့ မရဘူးလေ။ တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်လောကမှာတုန်းက ခင်ဗျားရဲ့ ခမ်းနားကြီးကျယ်တဲ့ ပုံစံလေးက ကျုပ်ကို မေ့မရနိုင်အောင် ဖြစ်စေခဲ့တယ်။ ဒါကြောင့် ကျုပ်ရဲ့ ပျင်းစရာကောင်းလှတဲ့ ဘဝလေးကို အပြောင်းအလဲလေး ဖြစ်သွားအောင် ဒီဇာတ်လမ်းကြီးကို ရိုက်ကူးပြီး ကစားကြည့်လိုက်တာပါ။”
တုပိုင်က တည်ငြိမ်စွာဖြင့်ပင် ဆက်မေးလိုက်၏။ “ဒါဆိုရင် ငါ မေးချင်တာက အိပ်မက်ဆိုးဧကရာဇ်က အစစ်လား ၊ အတုလား။”
ကံကြမ္မာမိစ္ဆာသခင်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ပြန်လည်မေးခွန်းထုတ်လိုက်သည်။ “ဆရာတုပိုင်... ခင်ဗျားကရော သူ အစစ်လို့ထင်လား ၊ အတုလို့ထင်လား။”
တုပိုင်က တွေဝေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ “အစစ်လို့ ငါ ထင်တယ်။”
ကံကြမ္မာမိစ္ဆာသခင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အတည်ပြုပေးလိုက်၏။ “ဟုတ်ပါတယ်... အစစ်ပါ။”
ထို့နောက် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က သူ၏ လက်ကို မြှောက်ကာ လေထဲသို့ လှမ်းခေါ်လိုက်သည်။ “လာ... လာ... လာ... အိပ်မက်ဆိုးရေ... ဒီကိုလာခဲ့စမ်း။”
ချက်ချင်းပင် ကြီးမားလှသော အလင်းတန်းတစ်ခု ထိုးကျလာပြီး ငါးမီတာခန့် မြင့်မားသော မဟာအိပ်မက်ဆိုး ဧရာမလူသားကြီး၏ ကိုယ်ပေါ်သို့ လင်းထိန်သွားစေ၏။ ထိုသူကား ကမ္ဘာ့နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ခမ်းနားကြီးကျယ်လှသော အိပ်မက်ဆိုးဧကရာဇ်ကြီးပင် ဖြစ်သည်။
ကံကြမ္မာမိစ္ဆာသခင်က အေးစက်စက် အမိန့်ပေးလိုက်သည်။ “ပြလိုက်စမ်း...။”
“ဖောက်”
ဟူသော အသံနှင့်အတူ ဧရာမ အိပ်မက်ဆိုးကြီး၏ လည်ပင်း၌ အက်ကွဲကြောင်းကြီးတစ်ခု ထင်ရှားစွာ ပေါ်လာပြီးနောက် သူ၏ ခမ်းနားလှသော ဦးခေါင်းကြီးမှာ ကြမ်းပြင်ပေါ်သို့ "ဘုန်းးး" ကနဲ ပြုတ်ကျသွားလေတော့၏။ ထို့နောက် လည်ပင်းပြတ်နေသော လည်ချောင်းဝကြီးထဲမှနေ၍ ရုပ်ဆိုးဆိုးနှင့် သေးကွေးလှသော လူပုလေးတစ်ယောက်က တွားသွားကာ ထွက်ပေါ်လာ၏။
အိပ်မက်ဆိုးဧကရာဇ်၏ ဦးခေါင်းမှာ အစစ်ဖြစ်ပြီး ခန္ဓာကိုယ်ကလည်း အစစ်ဖြစ်သော်ငြား ၊ ထိုလူကြီးမှာ သေဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်ကာ သူ၏ ဧရာမခန္ဓာကိုယ်အတွင်း၌ ရုပ်သေးဆရာသခင်တစ်ဦးက ဝင်ရောက်၍ ကြိုးဆွဲထိန်းချုပ်နေခြင်းသာ ဖြစ်လေတော့သည်။
ကံကြမ္မာမိစ္ဆာသခင်က ထိုရွံရှာဖွယ် မြင်ကွင်းကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်ပြီး မှတ်ချက်ချလိုက်သည်။ “သရုပ်ဆောင်တာ ကောင်းပါတယ်... ဒါပေမဲ့ ကမ္ဘာကြီးနဲ့ သူစိမ်းဆန်တဲ့ အငွေ့အသက်မျိုးတော့ မရသေးဘူး။” ထို့နောက် သူ၏ လက်ကို လေထဲတွင် ညင်သာစွာ ဝှေ့ယမ်းလိုက်၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၁၅ + ၉၁၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။