← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 10 Ch. 977

နောက်ဆုံးတိုက်ပွဲ

Vol. 10 Ch. 977

ဟယ်ရှန်း တိတ်တဆိတ်သက်ပြင်းချလိုက်မိ သည်။

ဟယ်အိမ်တော်ကို ကယ်တင်ရန်အတွက် သူမ ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။

သူမက ဟယ်အိမ်တော်နှင့် ဆက်ဆံရေးသိပ်ကောင်းသည် မဟုတ်ပေ။ သူမနှင့် ဟယ်စူးရင်း အတိတ်တွင် ဖြစ်ပျက်ခဲ့သည့် ပြဿနာများကြောင့် သူတို့အချင်းချင်း သိပ်ပြီး အခေါ်အပြော မရှိကြပေ။

သို့သော်… သူတို့အားလုံးမှာ ဟယ်မျိုးနွယ် တစ်မျိုးနွယ်တည်းမှ ဆင်းသက်လာသူများဖြစ်ကြလေရာ တကယ်တမ်း ဟယ်အိမ်တော်တစ်ခုလုံးဖျက်စီးခံလိုက်ရသည့်အခါ ဟယ်ရှန်း အနည်းငယ် ဒေါသထွက်စိတ်မကောင်းဖြစ်သွားမိသည်။

သူမက ချက်ချင်းပင် ထျန်းတိကျန်းဖြင့် စွမ့်ယွမ်တောင်ထွတ်တစ်ခုလုံးကို ကြည့်ရှုလိုက်သည်။ ထျန်းတိကျန်းမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး စွမ့်ယွမ်တောင်ထိပ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများက ဖုံးလွှမ်းသွားလေသည်။

ထိုအချိန်မှာပင်… မိုကောင်းကင် (၉)ထပ်နှင့် အသူရာခြောက် (၉)ထပ်ကို တုန်လှုပ်သွားစေသည့် ဓားခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

စွမ့်ယွမ်တောင်ထွတ်တွင် အံ့သြစရာကောင်းသည့် အသက်ဓာတ်စွမ်းအားများပေါက်ကွဲထွက်သွားလေသည်။

အကြောင်းမှာ… စွမ့်ယွမ်တောင်ထွတ်တွင် မင်ရောင်ကဲ့သို့ နက်မှောင်သည့် ဓားတစ်လက်ထွက်ပေါ်လာသောကြောင့် ဖြစ်လေသည်။

မျောက်ဝံကြီးတစ်ကောင်က သူ၏ ကြီးမားပြီး အမွှေးများထူထဲစွာရှိနေသည့် လက်များကို ဆန့်ထုတ်ကာ ထိုဓားကို လှမ်းယူနေသည်ကို ဟယ်ရှန်း ထျန်းတိကျန်းမှတစ်ဆင့် တွေ့မြင်လိုက်ရသည်။

ထျန်းတိကျန်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည့်အခါ ဓားကိုယူရန်ကြိုးစားနေသည့် မျောက်ဝံကြီး၏ လက်များ အနည်းငယ် တုံ့ခနဲ ဖြစ်သွားလေသည်။

ထိုအချိန်မှာပင်… မိန်းကလေးတစ်ယောက် ထွက်ပေါ်လာပြီး ဓားကို ယူဆောင်သွားလေတော့သည်။

မိန်းကလေးမှာ အလွန်မှ ချစ်စရာကောင်းပြီး ချောမောလှပသူလေး ဖြစ်သည်။

မျက်နှာလေးက အပြစ်ကင်းစင်လွန်းပြီး မျက်ခုံးများက အသက်ဝင်လှသည်။ သို့သော်… တန်ခိုးစွမ်းအားကတော့ အတော်အတန် မြင့်မားဟန် ရှိသည်။

သူမက လေထဲတွင် ရပ်တန့်နေပြီး သူမပတ်ဝန်းကျင်တွင် မြူခိုးတိမ်တိုက်များ ဝန်းရံပျံသန်းလျှက် ရှိလေသည်။ သူမ၏ပုံစံက ခမ်းနားသည့်နတ်ဘုရားတစ်ပါးနှင့် ဆင်တူလှသည်။

သူမသည်ကား ဆန်းချင်းချင်းပင် ဖြစ်လေ၏။

မျောက်ဝံကြီးမှာ သူယူမည့်ဓားကို အခြားသူတစ်ယောက်က လက်ဦးမှုရယူသွားသည်ကို သိရှိလိုက်သည့်အခါ အလွန်အမင်း အံ့အားသင့်သွားသလို ဒေါသလည်းချောင်းချောင်း ထွက်သွားသည်။

ချက်ချင်းပင် သူက ဆန်းချင်းချင်းကို တိုက်ခိုက်လိုက်လေတော့သည်။

ကြမ်းတမ်းသည့် အနက်ရောင်ရေများက ဆန်းချင်းချင်းရှိရာသို့ ကြမ်းတမ်းစွာဖြင့် ဝင်ရောက်လာလေသည်။

ဆန်းချင်းချင်းက တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်သည်။ သို့သော်… သူမက အခြားသူများနှင့် သိပ်ပြီး တိုက်ခိုက်ဖူးခြင်းမရှိပေ။ ထို့ကြောင့် တိုက်ခိုက်သည့်နေရာတွင် အတွေ့အကြုံနည်းပါးသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ဝူကျီးချီကဲ့သို့  ကြမ်းတမ်းသည့် ရှေးဟောင်းနတ်မိစ္ဆာနှင့် ရင်ဆိုင်လိုက်ရသည့်အခါ မည်သို့ ပြန်လည်တိုက်ခိုက်ရမည်မသိတော့ဘဲ သတိလက်လွတ်ဖြစ်သွားလေတော့သည်။

ဝူကျီးချီ၏ ကြမ်းတမ်းသည့် အနက်ရောင်ရေများက  မိစ္ဆာစွမ်းအားများနှင့်ပြည့်နေသည်ကို ခံစားလိုက်ရသည့်အခါ ဆန်းချင်းချင်း ကြောက်ရွံ့တုန်လှုပ်သွားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားလေသည်။

သို့သော်… သူမ၏ ခန္ဓာကိုယ်အတွင်းမှ တန်ခိုးစွမ်းအားများ ရုတ်တရက် လှည့်ပတ်သွားပြီး နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာကာ အနက်ရောင်ရေစီးကြောင်းကို အလိုလို အကာအကွယ်ပေးထားလိုက်လေသည်။

ထိုအချိန်မှာပင်… သူ့အနားသို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို ဝူကျီးချီ သတိထားလိုက်မိသော်လည်း သူက အရေးစိုက်ခြင်းမရှိဘဲ ဆန်းချင်းချင်းကိုသာ အနက်ရောင်ရေစီးကြောင်းများ တစ်ခုပြီးတစ်ခု ထုတ်လွှတ်ကာ အဆက်မပြတ် တိုက်ခိုက်လျှက် ရှိလေသည်။

ဆန်းချင်းချင်းမှာ ခုခံနိုင်စွမ်း ကင်းမဲ့သွားပြီး အပြင်းအထန် ဒဏ်ရာရသွားလေတော့သည်။

ထိုအချိန်မှာပင်… သူ တိုက်ခိုက်မိသူမှာ ဆန်းလျန်က ကာကွယ်ပေးရန် အမိန့်ပေးလိုက်သည့် မိန်းကလေးဖြစ်ကြောင်း ဝူကျီးချီ ရုတ်တရက် အမှတ်ရသွားသည်။

ဝူကျီးချီ အံ့သြမှင်တက်သွားလေသည်။

သို့သော်… သူက စိတ်ထားကြမ်းတမ်းသူဖြစ်ပြီး ချင်းရှတောင်သို့လည်း မပြန်တော့ရန် ဆုံးဖြတ်ထားပြီး ဖြစ်လေရာ ထာဝရဓားကိုတော့ ရအောင်ယူမည်ဟု ဆုံးဖြတ်လိုက်သည်။

ထာဝရဓားကို ရအောင်ယူနိုင်ခြင်း မရှိပါက သူ့အနေဖြင့် အရှုံးဖြင့်သာ ရင်ဆိုင်ရဖွယ်ရှိသည်။

ဆန်းချင်းချင်းဒဏ်ရာရသွားသည်ကို တွေ့လိုက်သည်နှင့် ဝူကျီးချီက အစွမ်းကုန် ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပင်… ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်တစ်ခုက ဝူကျီးချီရှိရာသို့ ဝင်ရောက်လာလေသည်။

ဝူကျီးချီက လေထဲတွင် ခန္ဓာကိုယ်ကို တစ်ချက်လှည့်လိုက်ပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ထိုဓားဝိညာဉ်ကို မရှောင်တိမ်းနိုင်ခဲ့ပေ။

ဓားဝိညာဉ်ဖြင့် ထိမိပြီး သွေးထွက်နေသည့် သူ၏လက်ကို ဝူကျီးချီ စိုက်ကြည့်နေမိလေသည်။

ဝူကျီးချီ၏ နတ်မိစ္ဆာခန္ဓာသည် မသေနိုင်သော နတ်ဘုရားခန္ဓာတစ်ခု မဟုတ်သော်လည်း ရွှေခန္ဓာထက်ပင် ပိုမိုမာကျောသည့် ခန္ဓာကိုယ်တစ်ခုဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားများသည်ပင်လျှင် သူ့ကို ဒဏ်ရာရအောင် မပြုလုပ်နိုင်ကြပေ။ ယခုတော့ ဓားဝိညာဉ်က သူ့ကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့ပြီ ဖြစ်သည်။

သူက ဒဏ်ရာကို ကြည့်နေရာမှ ခေါင်းမော့ကြည့်လိုက်သည့်အခါ ဓားတစ်လက်နှင့် ကြေးမုံမှန်တစ်ချပ်ကို ကိုင်ထားသည့် တာအိုကျင့်ကြံသူ မိန်းမပျိုတစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။

သူမ၏မျက်ဝန်းများက မမြင်ရသည့် မျောက်ဝံကြီးကို တိုက်ခိုက်ရန် မှန်ထဲသို့ ကြည့်နေခဲ့သည်။

မိန်းမပျို၏လက်ထဲမှဓားကို တွေ့လိုက်သည်နှင့် ဝူကျီးချီ များစွာကြောက်ရွံ့တုန်လှုပ်သွားမိသည်။

"ငရဲလမ်းဓား…"

ဝူကျီးချီ၏ မိစ္ဆာသံကြီး ထွက်ပေါ်လာလေသည်။

ထိုအသံနက်ကြီးကို ကြားလိုက်သည်နှင့် ဟယ်ရှန်းမှာ သူမ၏နှလုံးသားကို တင်းပုတ်ဖြင့် ထုရိုက်လိုက်သည့်အလား ခံစားလိုက်ရပြီး သွေးများအန်ထွက်တော့မလိုပင် ဖြစ်သွားရသည်။

ကံကောင်းသည်မှာ ငရဲလမ်းဓားမှ အေးစိမ့်သည့်အငွေ့အသက်များထွက်ပေါ်လာပြီး သူမခံစားနေရသည့် မသက်မသာခံစားနေရမှုများကို ဖိနှိပ်ထားလိုက်သည်။

သို့သော်… ဟယ်ရှန်းမှာ မျောက်ဝံကြီး၏ မိစ္ဆာစွမ်းအားများကို အလွန်ထိတ်လန့်သွားပြီး ထိုမျောက်ဝံကြီး မည်မျှကြောက်မက်ဖွယ်ရာဖြစ်သည်ကိုလည်း သဘောပေါက်သွားရသည်။

သူမလက်ထဲတွင်ကိုင်ထားသည့် ရတနာပစ္စည်း (၂)ခုသာမရှိလျှင် ထိုမျောက်ဝံကြီးကို သူမ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ သေချာပေါက် ရှုံးနိမ့်ရမည် ဖြစ်လေသည်။

ဟယ်ရှန်း ကယ်တင်လိုက်သည့်အတွက် ဆန်းချင်းချင်းကတော့ အသက်အန္တရယ်မှ လွတ်မြောက်သွားခဲ့လေသည်။

ဆန်းချင်းချင်းက ဝူကျီးချီကို လှမ်းကြည့်လိုက်သည်။

သူမနောက်တွင် တာအိုဆရာလီချင်းဆွေတစ်ယောက်လုံး ရှိသည်ဖြစ်လေရာ မိုးနှင့်မြေတွင် ဆန်းချင်းချင်း ကြောက်ရွံ့သည့်သူ တစ်ယောက်မှ မရှိပေ။

ဆန်းချင်းချင်းက

"မျောက်စုတ်… နင်က ငါ့ကို တိုက်ခိုက်ရဲသလား…"

ဟု အော်ဟစ်ပြောဆိုလိုက်၏။

ဝူကျီးချီက ငရဲလမ်းဓားကို အလွန်ကြောက်ရွံ့သွားမိသော်လည်း ဆန်းချင်းချင်းကိုတော့ ကြောက်ရွံ့ခြင်း မရှိပေ။

ဝူကျီးချီက…

"ကောင်မလေး… မင်းလက်ထဲကဓားကို ကျုပ်ကိုပေးစမ်း ၊ ဒါဆိုရင် မင်းကို ကျုပ် အသက်ချမ်းသာပေးမယ်…"

ဆန်းချင်းချင်းက ဖီခနဲ တံတွေးတစ်ချက်ထွေးလိုက်ရင်း…

"ဟဲ့… မျောက်စုတ် ၊ နင်က ငါဘယ်သူလဲဆိုတာရောသိရဲ့လား ၊ ငါက ချင်းဆွေထျန်းကောင်းကင်ဘုံကပဲ ၊ ဒီထာဝရဓားကိုလာယူရတာကလည်း တာအိုဆရာလီချင်းဆွေရဲ့အမိန့်နဲ့လာယူတာ ၊ နင်ငါ့ကို ဆန့်ကျင်ရဲသလား…"

ဝူကျီးချီမှာ တာအိုဆရာလီချင်းဆွေဆိုသည့်အသံကို ကြားလိုက်သည်နှင့် အလွန်အမင်း တုန်လှုပ်သွားလေတော့သည်။

တာအိုဆရာလီချင်းဆွေနှင့် တာအိုဆရာသခင်ထိုက်ယီကြားမှ ဆက်နွယ်မှုကို လောကတွင် မသိသူ မရှိကြပေ။ ထို့ကြောင့် တာအိုဆရာလီချင်းဆွေကသာ ထာဝရဓားကို လူလွှတ်ပြီး ယူခိုင်းလိုက်သည်ဆိုလျှင် ထိုသူကိုမည်သူက တားဆီးရဲပါမည်နည်း။

ယခုအချိန်ဆိုလျှင် တာအိုဆရာလီချင်းဆွေသည်ပင် အဖြစ်အပျက်များကို သိရှိနေလောက်ပြီ ဖြစ်ပေသည်။

မိုးနှင့်မြေတွင် တာအိုဆရာလီချင်းဆွေကို မကြောက်ရွံ့သူ တစ်ယောက်မှ မရှိပေ။

ဝူကျီးချီက ထိုက်ယိသင်ပေးလိုက်သည့် တာအိုဆရာသခင်ထိုက်ယီ၏ ထိုက်ယိနတ်ဘုရားပညာကို အသုံးပြုထားသည့်တိုင် တာအိုဆရာလီချင်းဆွေ၏လက်မှ လွတ်အောင်ပြေးနိုင်မည် မဟုတ်ပေ။

သူ့အနေဖြင့် ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်အခြေအနေမျိုး ရင်ဆိုင်နေရပြီ ဖြစ်သည်။

ထို့ကြောင့် ဝူကျီးချီက ချက်ချင်းပင် ပြုံးလိုက်ပြီး…

"ကြည့်ရတာ နားလည်မှု လွဲကုန်ကြပြီထင်တယ် ၊ ကျုပ်က ဆန်းလျန်ထျန်းကျွင်းလက်အောက်မှာ အလုပ်လုပ်နေတဲ့သူပါ ၊ ကျုပ်သခင်ဆန်းလျန်နဲ့ တာအိုဆရာလီချင်းဆွေတို့က မိတ်ဆွေတွေ မဟုတ်လား ၊ နားလည်မှု လွဲတာပါ ၊ နားလည်မှုလွဲတာပါ…"

သူ့အနေဖြင့် ချင်းရှတောင်သို့ ပြန်ရန် မဖြစ်နိုင်တော့သော်လည်း တာအိုဆရာလီချင်းဆွေ ရုတ်တရက် ထွက်ပေါ်လာမည်ကို အလွန်ကြောက်ရွံ့သည့်အတွက် ဆန်းလျန်၏နာမည်ကိုအသုံးပြုကာ ဆန်းချင်းချင်းနှင့် ဟယ်ရှန်းကို အရူးလုပ်လိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝူကျီးချီ စိတ်ထဲမှ ထိုက်ယိကို ကျိန်ဆဲလိုက်မိသည်။ ယခုလောက်ရှုတ်ထွေးသည့် ကိစ္စကြီးနှင့် သူပတ်သက်မိသည်မှာ ထိုက်ယိကြောင့်ဖြစ်ပြီး ယခုတော့ မည်သို့ နောက်ဆုတ်ရမည် မသိတော့ပေ။

ဝူကျီးချီက လောဘကြီးသူတစ်ယောက်ဖြစ်ပြီး သူအကျိုးရှိမည်ဆိုလျှင် မည်သည့်အလုပ်ကို မဆို လုပ်မည့်သူဖြစ်သည်။ ထို့ပြင်… ဝူကျီးချီက တာအိုဝါဒကို သိပ်ပြီးနားလည်သူမဟုတ်သည့်အတွက် ထိုက်ယိ၏လှည့်စားခြင်းကိုလည်း ခံခဲ့ရသည်။

ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းမှားယွင်းခဲ့ပြီးနောက် သူ့ဘဝမှာ ပြာမှုံ့ဘဝရောက်ရန် ဦးတည်နေပြီ ဖြစ်သည်။

ဝူကျီးချီစကားကိုကြားသည်နှင့် ဟယ်ရှန်းက…

"လက်စသတ်တော့ မင်းက ဆရာ့ရဲ့လက်အောက်မှာ အလုပ်လုပ်နေပါလျှက်နဲ့ ဆရာ့ကို သစ္စာဖောက်တဲ့သူကိုး ၊ ဆရာက မင်းကို အပြစ်ပေးခိုင်းလိုက်တာ မအံ့သြတော့ပါဘူး…"

ဟယ်ရှန်း၏စကားကိုကြားသည့်အခါ ဝူကျီးချီ အံ့အားထိတ်လန့်သွားပြီး…

"ဘာလို့လဲ… ၊ မင်းက သခင့်ရဲ့ တပည့်လား…"

ဟယ်ရှန်းက ဂုဏ်ယူဝင့်ကြွားသည့်ဟန်ဖြင့်…

"ကျွန်မနာမည်က ဟယ်ရှန်း ၊ ဆရာဆန်းလျန်ရဲ့ တတိယမြောက်တပည့်ပဲ…"

ဝူကျီးချီ ဘာလုပ်ရမှန်း မသိတော့ပေ။

သူ၏ လုပ်ရပ်များအားလုံးကို ဆန်းလျန် သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူက ဆန်းလျန်ကို ခဏမျှ ဖုံးကွယ်ထားနိုင်မည်ဟု တွေးထင်ထားခဲ့သည်။ယခုတော့ လုံး၀ ဖုံးကွယ်ထားနိုင်ခြင်း မရှိသည့်အပြင် ဆန်းလျန်က သူ့အကြောင်းများအားလုံးကို သိရှိနေခဲ့ပြီ ဖြစ်သည်။

ထို့ပြင်… ဟယ်ရှန်းလက်ထဲတွင် ကိုင်ထားသည့် ငရဲလမ်းဓားနှင့် ထျန်းတိကျန်းကြေးမုံမှန်တို့မှာလည်း သူ့ကိုတိုက်ခိုက်ရန်အတွက် ဆန်းလျန်ပေးအပ်လိုက်သည့် ရတနာပစ္စည်းများဖြစ်ကြောင်း ဝူကျီးချီ ရိပ်မိလိုက်သည်။

ထိုအခါ သူ့စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများနှင့်အတူ ဒေါသများလည်း ပြင်းထန်လာတော့သည်။

အရာအားလုံးက အဆုံးသတ်သွားပြီ ဖြစ်သည်။

ဟယ်ရှန်းလက်တွင်ကိုင်ထားသည့် ရတနာပစ္စည်းများရန်မှ လွတ်မြောက်ချင်သည်ဆိုလျှင် ကောင်းကင်ဘုံနန်းတော်သို့ ထွက်ပြေးပြီး ရွှမ်တုတောက်ကျွင်းထံတွင် ခိုလှုံမှသာ ဖြစ်ပေလိမ့်မည်။

ဝူကျီးချီ ထိုသို့တွေးလိုက်မိသည်နှင့်…

"နတ်သမီးလေး… ကျုပ် အပြစ်ဝန်ခံပါတယ်…"

ဟု ပြောလိုက်လေသည်။

ဝူကျီးချီ ပျော့ပြောင်းသွားသည်ကိုတွေ့တော့မှ ဟယ်ရှန်းစိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။

သို့သော်…. ဝူကျီးချီက စကားဆုံးသွားသည်နှင့် လက်ထဲတွင်သင်္ကေတတစ်ခုပုံသဏ္ဍန်ရေးဆွဲလိုက်ပြီး ဟယ်ရှန်း၏ ဝိညာဉ်စွမ်းအားများကို ဖိနှိပ်ကာ ကောင်းကင်ထက်သို့ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။

ကြီးမားသည့် ဖိအားကြီးတစ်ခု ဟယ်ရှန်းထံသို့ ဝင်ရောက်လာပြီး ထိုတန်ခိုးစွမ်းအားကိ ဟယ်ရှန်းအနေဖြင့် လုံး၀ ခုခံနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်… ငရဲလမ်းဓားက ကိုယ်ပိုင်ဝိညာဉ်စွမ်းအားပြည့်ဝသည့် ဓားတစ်လက်ဖြစ်လေရာ ဓားသွားမှ တန်ခိုးစွမ်းအားများက ဒီရေအလားမြင့်မားစွာ ထွက်ပေါ်လာပြီး ဟယ်ရှန်းကိုဖိနှိပ်ထားသည့် တန်ခိုးစွမ်းအားများကို ခုခံထားလိုက်သည်။

ထို့နောက် ကောင်းကင်ထက်မှ ဝူကျီးချီကို ဓားသွားဖြင့် ရိုက်ချလိုက်လေတော့သည်။

ငရဲလမ်းဓားနှင့် ထိုးနှက်ခံလိုက်ရသည့်အခါ ဝူကျီးချီ၏ သွေးကြောဆုံချက်များအားလုံး ပိတ်ဆို့သွားပြီး တန်ခိုးစွမ်းအားလှည့်ပတ်မှုများအားလုံးရပ်တန့်သွားလေသည်။

ဝူကျီးချီ မခံမရပ်နိုင်စွာဖြင့် သွားတစ်ချက်ဖြဲလိုက်မိသည်။

ငရဲလမ်းဓားမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ သူ၏ မူလဝိညာဉ်ခန္ဓာကိုပင် နာကျင်စေလေသည်။ ဝူကျီးချီ၏ သန်မာလွန်းသည့် မူလဝိညာဉ်ခန္ဓာမှာ ဓားသွားအောက်တွင် ချက်ချင်းပင် အားနည်းသွားရသည်။

ဟယ်ရှန်း အန္တရယ်မှ သီသီလေးလွတ်မြောက်သွားသည့်အတွက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်လေသည်။

ထိုအချိန်မှာပင် သူ့နားထဲတွင် သာယာကြည်လင်ပြီး ကျက်သရေရှိလှသည့် အမျိုးသမီးတစ်ယောက်၏ အသံက စိတ်အာရုံထဲသို့ ဝင်ရောက်လာသည်။

"မင်းရဲ့ဓားနဲ့ သူ့ရဲ့ခေါင်းကို ခုတ်ပစ်လိုက်စမ်း…"

ထိုအသံမှာ တာအိုဆရာလီချင်းဆွေ၏ အသံဖြစ်သည်။

သို့သော်… ဟယ်ရှန်းကတော့ သိရှိခြင်းမရှိပေ။ သူမက ချက်ချင်းပင် စကားအတိုင်း အလိုလို ပြုလုပ်မိလျက်သားဖြစ်သွားပြီး ဝူကျီးချီ၏ ခေါင်းကို ခုတ်ဖြတ်ပစ်လိုက်လေသည်။

ဝူကျီးချီ၏ ခေါင်းမှာ တို့ဖူးပြတ်သလို မြေပြင်ထက်သို့ ပြတ်ကျသွားလေ၏။

သို့သော်… ခေါင်းအသစ်တစ်လုံး ပြန်ထွက်လာလေသည်။ ထိုသို့ဖြစ်သည်ကို တွေ့မြင်လိုက်သည်နှင့် နေက်ထပ်ထွက်ပေါ်လာသည့်ခေါင်းကို ဟယ်ရှန်းက ချက်ချင်းပင် ထပ်မံခုတ်ဖြတ်ပစ်လိုက်သည်။

ထိုသို့ဖြင့် ဝူကျီးချီ၏ခေါင်းကို ဟယ်ရှန်းက (၉၉)ကြိမ်ုခုတ်ဖြတ်ပြီးသည့်အခါတွင်တော့ ဝူကျီးချီက လက်လျှော့လိုက်သည့်ဟန်ဖြင့် တောင်းပန်လိုက်လေသည်။

"ထပ်မလုပ်ပါနဲ့တော့ ၊ ထပ်မလုပ်ပါနဲ့တော့…"

***

All Chapters