အခန်း (၁၃၃၆-၁၃၃၈)
Vol. 90 Ch. 1336-1338
အခန်း ၁၃၃၆: အရုပ်ချင်းလဲ!
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ခြံထဲမှထွက်ပြီး မြေပုံတွင်ပေါ်လာသောလမ်းညွှန်ချက်အတိုင်း နတ်ဘုရားမတောင်သို့ဦးတည်သွားစေသည်။
တောင်တက်လမ်းရောက်သောအခါ အရင်နှင့်မတူဘဲ လမ်းခွဲပိုများလာသည်ကိုတွေ့ရသည်။
ထိုလမ်းခွဲများမှာ သောမတ်ပေးခဲ့သောမြေပုံပေါ်ရှိလမ်းများဖြစ်ပြီး စုစုပေါင်းလမ်းခွဲလေးခုတွင် တစ်ခုတည်းကသာ မှင်စာများနေထိုင်ရာနေရာသို့ဦးတည်သည်။
နောက်ပြီး လမ်းကြောင်းလေးခုက အရပ်လေးမျက်နှာဖြစ်နေသည်။
ချင်လင်ကတုံ့ဆိုင်းမနေဘဲ လမ်းတစ်ခုကိုတန်းရွေးလိုက်သည်။
ရွေးစရာလိုလို့လား?
အများကြီးရွေးရတာမဟုတ်ဘဲ အလကားရတဲ့မေးခွန်း ဟုတ်ပြီလား?
ထိုလမ်းကြောင်းမှာ အရင်က သူမှင်စာနှင့်ဆုံဖူးသောလမ်းကြောင်းဖြစ်နေသည်။
ရွေးစရာလိုဦးမလား?
ဒီနေ့ သူကံကောင်းခြင်းဘုရင်ဖြစ်နေ၍ အဖြေမှန်က ရှေ့တည့်တည့်ရောက်လာသလိုပင်။
သူက ဂိမ်းဇာတ်ကောင်အား ထိုလမ်းအတိုင်းသွားစေရာ လမ်းအဆုံးတွင် ခေါင်းပေါ်၌ '!'အမှတ်အသားပါသော အစိမ်းရောင်လူပုလေးကိုတွေ့လိုက်ရသည်။
ချင်လင်က စိတ်ထဲမှကြုံးဝါးလိုက်သည်။
ကံကောင်းနေမှတော့ ဘယ်မှားပါ့မလဲ?
သူကချက်ချင်း ဂိမ်းဇာတ်ကောင်ကိုအနားကပ်သွားစေပြီး ထိုအစိမ်းရောင်မှင်စာပေါ်နှိပ်လိုက်သည်။
ပုံမှန်အတိုင်းဆို စကားပြောပေါ်လာရမည်ဖြစ်သော်လည်း ဒီတစ်ခါ မှင်စာခေါင်းပေါ်တွင် '????' များသာပေါ်လာသည်။
ချင်လင် ကြောင်သွားသည်။
ဒါဘာသဘောလဲ?
သောမတ်ရှာခိုင်းတဲ့မှင်စာကိုတွေ့ရင် မစ်ရှင်ပေးရမယ်မလား?
တစ်ခုခုလိုနေလို့လား?
ဒီလိုမဖြစ်သင့်။ လိုရင်လည်း ပြောရမှာပေါ့။
အခုဒီလိုမေးခွန်းသင်္ကေတတွေပြနေတာ သူကဘာလုပ်ရမလဲ?
တစ်ခုခုလိုရင် ပြောသင့်သည်။
ရုတ်တရက် ဒီလိုမြင်ကွင်းကို ချင်လင်သတိရသွားသည်။
အရင်က လူပုလေးအာနီနှင့်ဒီလိုဖြစ်ခဲ့ဖူးသည်။
ထိုသို့ဖြစ်ခြင်းမှာ ဂိမ်း BUG ဖြစ်ပြီး သူကိုယ်တိုင်ဂိမ်းထဲဝင်မှသာ အဆင်ပြေမည်။ သို့သော်လည်း ဒီလိုအခြေအနေမျိုးက လူပုလေးအာနီနှင့်သာဖြစ်ဖူးသည်။
ရုတ်တရက် မှင်စာလက်အိတ်ကိုလွှင့်ပစ်ခဲ့သောမှင်စာလေးကို ချင်လင်သတိရသည်။
မဖြစ်နိုင်ပါဘူးနော်?
ဒီမှင်စာက အရင်ကမှင်စာလေးလား?
ဟုတ်မဟုတ်၊ ဂိမ်းထဲဝင်ပြီးမှသိမည်။
သို့သော် ဂိမ်းထဲဝင်ချိန်မတန်သေး။ ကျောက်မိုချင်းတို့ရှိနေသောကြောင့် အချိန်စောင့်ရဦးမည်။
"ယောက်ျား.. ဘာတွေတွေးနေတာလဲ?''
ငေးနေသောသူ့ကို ကျောက်မိုချင်းကမေးသည်။
"တစ်ခုစဉ်းစားနေတာ''
ချင်လင်က လျှောက်ပြောသည်။
စားပြီးသောက်ပြီးနောက် စကားပြောရမည်။
ကျောက်မိုချင်းနှင့်ထန်ရှိုးဝမ်က နောက်နေ့မနက်နေထွက်ရှုခင်းကြည့်ရန်တိုင်ပင်နေကြ၏။
ဒီလိုအခြေအနေမျိုးမှာ လီခိုင်ဘယ်လောက်ပဲမသွားချင်ပါစေ၊ မနက်အစောကြီးထကြည့်မည်ဟုခေါင်းညိမ့်လိုက်ရသည်။
ချင်လင်က ကန့်ကွက်စရာမရှိ။ သူ့စိတ်ထဲတွင် မိန်းမနှင့်အတူ နေထွက်ရှုခင်းကြည့်ခြင်းမှာ ယောက်ျားဖြစ်သူ၏တာဝန်ဖြစ်ပြီး ကြည်နူးစရာလည်းကောင်းသည်။
နေထွက်ရှုခင်းကြည့်မယ်ဆိုမှတော့ အစောကြီးအိပ်ရမှာပေါ့။
ကျောက်မိုချင်းက နှိုးစက်ပေးပြီး ချင်လင်ကိုပန်းအိမ်ဆီခေါ်သွားသည်။
ချင်လင်ကဂိမ်းထဲဝင်ပြီး မှင်စာပုံမမှန်တာ BUG ဟုတ်မဟုတ်ကြည့်ချင်နေသည်။
သို့သော် ကျောက်မိုချင်းကသူ့ကိုဆွဲခေါ်လာပြီး သူ့လက်မောင်းပေါ်အိပ်သောကြောင့် ဂိမ်းထဲခိုးဝင်ရန်အခွင့်မသာချေ။
ကျောက်မိုချင်းအိပ်ပျော်သွားပြီးနောက် သူမကိုမနိုးစေချင်၍ ဒီအတိုင်းနှင့်အိပ်လိုက်သည်။
နောက်တစ်နေ့ နေမထွက်ခင် နှိုးစက်မြည်လာသည်။
နှိုးစက်သံကြောင့် ကျောက်မိုချင်းနှင့်ချင်လင်လည်းနိုးလာသည်။
နှစ်ယောက်သား ပန်းအိမ်မှထွက်လာ၏။ ထန်ရှိုးဝမ်က အိပ်ချင်မူးတူးဖြစ်နေသောလီခိုင်ကို ပန်းအိမ်အပြင်ဆွဲခေါ်လာသည်။
နေထွက်ရှုခင်းကြည့်ပလက်ဖောင်းဆီ သူတို့သွားစရာမလို။ သီးသန့်နေရာတွင် တိုက်ရိုက်ကြည့်နိုင်သည်။ နောက်ပြီး သူတို့နေရာက ပလက်ဖောင်းထက်ပိုကောင်းသည်။
မကြာမီ တောင်ပေါ်တွင်နေထွက်လာပြီး ကမ္ဘာမြေကိုတဖြည်းဖြည်းအလင်းရောင်ပေးလာသည်။
ပန်းအိမ်အစုအဝေးမှာနေထွက်ရှုခင်းကြည့်တာ ချင်လင်အဖို့ပထမဆုံးပင်။ အမှန်အတိုင်းပြောရရင် သူနည်းနည်းစိတ်ပျက်မိသည်။
ဘာပဲဖြစ်ဖြစ် နတ်ဘုရားမတောင်ထိပ်မှာ နေထွက်ရှုခင်း သူကြည့်ဖူးသည်။
နတ်ဘုရားမတောင်ပေါ်မှအံ့ဩစရာ၊ခမ်းနားသောမြင်ကွင်းနှင့်ယှဉ်လိုက်လျှင် ဒီရှုခင်းကတစ်ဆင့်၊နှစ်ဆင့်မက အဆင့်ဆင့်နိမ့်နေသည်။
ဒါ သူ့အတွက်သာ။
ဘာပဲဖြစ်ဖြစ် သူကအဆင့်မြင့်ရှုခင်းမြင်ထားသူဖြစ်သည်။ ကျောက်မိုချင်းနှင့်ထန်ရှိုးဝမ်တို့အတွက်မူ နေထွက်ရှုခင်းကလှနေဆဲ။
နေထွက်ချိန်အတူတူကြည့်ကြတာ အတွေ့အကြုံကောင်းတစ်ခုဖြစ်သည်။
နေထွက်ပြီးနောက် တချို့ကပန်းအိမ်ပြန်လာပြီးအိပ်ကြ၏။ ဒီလှလှပပအချိန်တိုလေးကိုကြည့်ပြီးနောက်ပိုင်း မောပန်းသွားသည်။
ချင်လင်နှင့်ကျောက်မိုချင်းက နေ့လယ်အထိအိပ်ပြီးမှ ပြန်နှိုးလာကြသည်။ ထို့နောက် ပန်းအိမ်စားသောက်ဆိုင်တွင် နေ့လယ်စာအတူတူစားကြသည်။
မနေ့ညကမှ အရည်အသွေး ၄ သူတောင်းစားကြက်သားစားထား၍ ပန်းအိမ်စားသောက်ဆိုင်မှအစားအစာများကိုမြိုချရခက်နေသည်။
စားဖိုမှူးလက်ရာမကောင်း၍မဟုတ်။ အမှန်အတိုင်းပြောရရင် စားဖိုမှူးလက်ရာက တခြားရှုမျှော်ခင်းစားသောက်ဆိုင်မှအစားအစာများထက်ပိုကောင်းသည်။
ဘယ်အရာမဆို နှိုင်းယှဉ်စရာရှိရင် ကြောက်စရာကောင်းသည်။ နှိုင်းယှဉ်စရာရှိသည်နှင့် အကောင်းအဆိုးချက်ချင်းပေါ်လွင်သွားသောကြောင့်ပင်။
စားသောက်ဆိုင်မှအစားအစာကို အပြင်ဆိုင်များနှင့်ယှဉ်ရင် သေချာပေါက်ကောင်းသည်။ သို့သော် ချင်လင်၏အရည်အသွေး ၄ သူတောင်းစားကြက်သားနှင့်ယှဉ်လိုက်သောအခါ ဝက်စာနှင့်မခြားတော့။
ထို့ကြောင့် နည်းနည်းပါးပါးစားပြီးနောက် ကေဘယ်ကားနှင့် နတ်သမီးပုံပြင်တောင်ပေါ်မှ ချင်လင်တို့ပြန်ဆင်းလာကြသည်။
အပန်းဖြေစံအိမ်ပြန်ရောက်ရောက်ချင်း ချင်လင်ကရုံးခန်းထဲတန်းဝင်ကာ တံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
သူ့ဂိမ်းဇာတ်ကောင်အား မှင်စာပေါ်နှိပ်စေသော်လည်း မှင်စာခေါင်းပေါ်တွင် '???' များသာပေါ်နေဆဲ။
ထို့ကြောင့် အတွေးနှင့်ဂိမ်းထဲဝင်ပြီး မှင်စာကိုအရင်ကြည့်လိုက်သည်။
သူထင်ထားသည့်အတိုင်း အရင်က သူနှင့်တွေ့ခဲ့သောမှင်စာလေးဖြစ်နေသည်။
မှင်စာလေးက ချင်လင်ကိုမြင်သောအခါ မကြည်မလင်နှင့်_
"ခင်ဗျားပဲ! ကျွန်တော့်အဖေပေးတဲ့လက်ဆောင်ကို ခိုးသွားတဲ့သူခိုး!"
မှင်စာစကားကြောင့် ချင်လင် မျက်နှာပျက်သွားသည်။ သူကချက်ချင်း မှင်စာလက်အိတ်ကိုသတိရသွားသည်။
မှင်စာလက်အိတ်ကို သူခိုးခဲ့ခြင်းမဟုတ်၊ ကောက်ရခဲ့ခြင်းသာ။
သူ့ကိုအထင်လွဲနေပြီ။
အထူးသဖြင့် မှင်စာက ကလေးဖြစ်ပုံရသည်။
နောက်ပြီး သူ့မှာတာဝန်ရှိနေသောကြောင့် အောင့်သက်သက်နှင့်_
"အင်း.. ငါကမင်းလက်အိတ်ကိုကောက်ရတာ... ခိုးတာမဟုတ်ဘူး!''
မှင်စာလေးက စိတ်တိုတိုနှင့်အော်သည်_
"မသိဘူး.. ကျွန်တော့်အရုပ်ကိုခင်ဗျားခိုးတာ... ပြန်ပေး!''
ချင်လင် သက်ပြင်းချလိုက်သည်။
နည်းနည်းကိုင်တွယ်ရခက်မည့်ပုံ။
သူက မှင်စာလက်အိတ်ကိုတစ်စစီဖြုတ်ပြီး ဓာတ်ခွဲခန်းမှာစမ်းသပ်ရန်ပို့ထားပြီဖြစ်သည်။ အပြင်ပိုင်းသားရေကိုတောင် ညှပ်ပစ်လိုက်ပြီ။
သူ့ကို ဘယ်လိုပြန်ပေးရမလဲ?
ဒါပေမဲ့ သောမတ်ရဲ့မစ်ရှင်ကိုအပြီးသတ်ရဦးမည်။
မှင်စာလေးကိုကလေးသဘာဝအလျောက်ချော့မော့မည်ဟုစိတ်ကူးရပြီး မေးလိုက်သည်_
"အဲလက်အိတ်က ဘယ်နားပျောက်သွားမှန်းမသိဘူး... ဒါပေမဲ့ မင်းကိုတခြားအရုပ်တွေအများကြီးပြန်ပေးမယ်လေ ရလား? အရုပ်တွေ အများကြီး အများကြီးနော်!''
'အရုပ်'ဆိုသောစကားကြောင့် မှင်စာလေး မျက်လုံးအရောင်တောက်သွားပြီး_
"တကယ်လား? အရုပ်တွေ အများကြီးလား?"
ငါးစာလာဟပ်ပြီဖြစ်၍ ချင်လင်ကချက်ချင်းခေါင်းညိမ့်ပြီး_
"အင်း.. မင်းရဲ့လက်အိတ်နဲ့တန်တဲ့အထိပေါ့''
"ဒါဆို အရုပ်တွေအရင်ယူပေး''
မှင်စာလေးကငါးစာလာဟပ်သော်လည်း လုံးလုံးချိတ်မိပုံပေါ်မပေါ်သေး။
ချင်လင်က ဂိမ်းထဲမှချက်ချင်းထွက်ကာ သူ့ရုံးခန်းထဲပြန်လာသည်။ ထို့နောက် နှာခေါင်းစည်းတပ်၊ဦးထုပ်ဆောင်း၍ရုပ်ဖျက်ပြီး အပန်းဖြေစံအိမ်မှထွက်ကာ အရှေ့ပိုင်းစီးပွားရေးစျေးကွက်သို့တန်းထွက်လာသည်။
ထိုနေရာတွင် အရုပ်သီးသန့်ရောင်းသောနေရာရှိသည်။
အဝတ်နှင့်ချုပ်ထားသောအရုပ်များကို သူပယ်လိုက်သည်။ မှင်စာလေးက ဒါတွေကြိုက်မှာမဟုတ်။ Big Hero နှင့် Transformers လို ခေတ်မီလှပသည့်စက်ရုပ်ကြီးများကိုရွေးဝယ်သည်။ နောက်ပြီး ခပ်ကြီးကြီးဝယ်သည်။
ကြီးလေ မှင်စာလေးအံ့ဩလေဖြစ်မည်။
သူကတွန်းလှည်းထဲ အရုပ်များထည့်ပြီးရင်းထည့်သည်။ အရုပ်များတောင်လိုပုံလာသဖြင့် ဘေးလူများစိတ်ဝင်စားလာသည်။
ဆိုင်ရှင်ကဝမ်းသာပြီး ချင်လင်များများဝယ်ပါစေဟုဆုတောင်းနေသည်။ သို့သော် သူကဦးထုပ်ဆောင်းပြီးနှာခေါင်းစည်းတပ်ထား၍ ရှောင်ချင်မှန်းမသိကြ။ မဟုတ်ရင် လူတွေဝိုင်းနေလောက်ပြီ။
နောက်ဆုံး ချင်လင်ဝယ်သောအရုပ်များလွန်း၍ အရောင်းသမားတစ်ယောက်ကို အရုပ်ကူသယ်ခိုင်းရသည်။ ကားနောက်ဖုံး၊ နောက်ခန်း၊ ခရီးသည်ထိုင်ခုံ အားလုံးအရုပ်များပြည့်သွားသည်။
နောက်ပြီး မှင်စာကစားစရာက အဆင့်မြင့်ကြောင်း ချင်လင်သတိရသည်။ ဒီအရုပ်တွေက သူ့အရုပ်ကိုမမီ။ ထို့ကြောင့် Big Hero နှင့် Transformers အရုပ်များ၏အစွမ်းပြရန် Tablet တစ်လုံးသက်သက်ဝယ်ပြီး ကာတွန်းကားများကိုပါ download ဆွဲသွားသည်။
အနည်းဆုံးတော့ ဒီအရုပ်များအပေါ် မှင်စာလေးအမြင်ပြောင်းနိုင်သည်။
ဒါဆို မှင်စာလက်အိတ်နဲ့ကျေလောက်ပါပြီနော်?
သူက ချင်းလင်အပန်းဖြေစံအိမ်ကိုမပြန်။
ချင်ဖုန်းလေးအတွက်အရုပ်တွေအများကြီးဝယ်သွားပြီး ဒီအရုပ်တွေနဲ့ရုတ်တရက်ပျောက်သွားရင် ဘယ်လိုရှင်းပြရမလဲ?
ထို့ကြောင့် ဆင်ခြေဖုံးရပ်ကွက်မှဂိုဒေါင်ဆီမောင်းသွားသည်။
သူကသိုလှောင်ရုံဝယ်ပြီး သော့ခတ်ထား၏။ အထဲမှာဘာဖြစ်နေမှန်း ဘယ်သူမှမသိ။
ဂိုဒေါင်ရောက်သောအခါ ချင်လင်ကအရုပ်များထုတ်ပြီး အိတ်ကြီးကြီးနှင့်ထည့်လိုက်သည်။ ထို့နောက် ဂိမ်းထဲယူသွား၏။
မှင်စာလေးကိုတွေ့ရပြန်သည်။
သူပေါ်လာသည်နှင့် မှင်စာလေးချက်ချင်းရောက်လာပြီး သူ့လက်ထဲမှအိတ်ကိုကြည့်သည်။
ချင်လင်ကတုံ့ဆိုင်းမနေ။ အိတ်ကြီးကိုဖွင့်ပြီး မှင်စာလေးဆီပေးလိုက်သည်။
"အဲဒါအကုန် အရုပ်တွေလား?"
မှင်စာလေးက အိတ်ထဲမှခပ်မိုက်မိုက်အရုပ်များကိုကြည့်ပြီး စိတ်ဝင်စားနေသည်။
ဒီအရုပ်တွေက လုပ်ဆောင်ချက်ပိုင်းမှာ မှင်စာအရုပ်ကိုမယှဉ်နိုင်သော်လည်း ခပ်မိုက်မိုက်ပထမတန်းစားအရုပ်များဖြစ်သည်။
ချင်လင်ကချက်ချင်း Tablet ထုတ်ပြီး Big Hero နှင့် Transformers ကာတွန်းရုပ်ရှင်များ မှင်စာလေးကိုဖွင့်ပြကာ_
"တွေ့လား? ဒီအရုပ်တွေက အဲဒီပုံစံတွေပဲ... အရမ်းမိုက်တယ်''
မှင်စာလေးက Tablet ယူပြီး စိတ်ဝင်တစားကြည့်သည်။
ကမ္ဘာချင်းမတူသော်လည်း ကလေးအကြိုက်ကအတူတူပင်။
ခဏအကြာ မှင်စာလေးကစိတ်ကြည်ကြည်နှင့် ချင်လင်အား_
"ကျွန်တော့်နာမည် Elba ပါ... ဒါတွေအားလုံး ကျွန်တော့်အတွက်လား? ခင်ဗျားကို ဘာကူညီပေးရမလဲ?"
ချင်လင်ကနားထောင်ရင်း Elba ကိုချီးကျူးချင်သွားသည်။ Elba က မိတ်ဆွေဖွဲ့တတ်ပြီး ပြန်ပေးရကောင်းမှန်းသိသည်။ ချင်လင်ဦးနှောက်ခြောက်စရာမလို၊ သူကတန်းမေးသည်။
ထို့ကြောင့် Elba ကို သူ့ရည်ရွယ်ချက်ပြောပြလိုက်သည်_
"ငါက နတ်ဘုရားမတောင်ခြေမြို့လေးတစ်မြို့ကပါ... ငါတို့မြို့ကမြစ်ထဲကိုကားထိုးကျပြီး ဓာတ်ဆီတွေယိုစိမ့်လို့ မြစ်ရေညစ်ညမ်းနေတယ်... အဲဒါကိုသန့်စင်ဖို့အတွက် မင်းတို့ဆီက အထူးမိုးမခဘဲစားမှော်ပင်လိုချင်လို့ပါ"
"သိပြီ!''
Elba ကအကြောင်းစုံသိပြီး ချက်ချင်းပင်_
"အဖေ့မှာ အထူးမိုးမခဘဲစားမှော်မျိုးစေ့တွေအများကြီးရှိတယ်ထင်တယ်... ခင်ဗျားအတွက်နည်းနည်းခိုးခဲ့မယ်''
Elba ကပြောရင်းဆိုရင်း ချက်ချင်းတောထဲပြေးဝင်သွားသည်။
ခဏအကြာတွင် Elba က အိတ်လေးတစ်အိတ်နှင့်ပြန်ထွက်လာပြီး ချင်လင်အား_
"ဒါ အထူးမိုးမခဘဲစားမှော်မျိုးစေ့တွေပဲ... ခင်ဗျားအသုံးတည့်မှာပါ!"
ချင်လင်က မျိုးစေ့များယူပြီး ကျေးဇူးတင်စကားပြောမည်အပြုတွင် Alba ကမူ အရုပ်အိတ်ကြီးကိုဆွဲကာ_
"ဒီအရုပ်တွေက သိပ်မမိုက်သေးဘူး... အဖေ့ကို ဒီထက်ကောင်းအောင်ပြင်ခိုင်းဦးမယ်!"
ဟုရေရွတ်ရင်း အလျင်အမြန်ပြေးသွားလေသည်။
အခန်း ၁၃၃၇: ကမ္ဘာ့ရေအရည်အသွေးကယ်တင်ရှင်!
Elba ပျောက်သွားသောကြောင့် ချင်လင်မှာ ကျေးဇူးတင်စကားကိုမြိုချလိုက်ရသည်။ ထို့နောက် သူ့လက်ထဲမှမျိုးစေ့အိတ်ကိုကြည့်လိုက်သည်။
(အထူးမိုးမခဘဲစားမှော်: အရည်အသွေး ၃)
(မိုးမခဘဲစားမှော်ကိုပြုပြင်ထားသောအထူးမျိုးစေ့ဖြစ်သည်။ ဤမျိုးစေ့မှထွက်သောမိုးမခဘဲစားမှော်မှာ အထူးအာနိသင်ရှိသည်:
ရေသန့်စင်ပေးခြင်း +၃၊ ညစ်ညမ်းသောရေကိုပြိုကွဲစေခြင်း၊စုပ်ယူပေးခြင်း +၃၊ ကြီးထွားနှုန်း +၂!)
အထူးမိုးမခဘဲစားမှော်က ဆီယိုစိမ့်သောမြစ်ရေကိုဘာကြောင့်သန့်စင်ပေးနိုင်မှန်း ချင်လင်သိလိုက်သည်။
ဒီအထူးမိုးမခဘဲစားမှော်မှာ မိုးမခဘဲစားမှော်အရည်အသွေးလုံးဝမရှိ။ ရေသန့်စင်ပေးသောအာနိသင်နှင့် ညစ်ညမ်းသောရေကိုပြိုကွဲစေခြင်း၊စုပ်ယူပေးခြင်းအာနိသင်သာရှိပြီး နှစ်မျိုးလုံး +၃ ရှိသည်။
ညစ်ညမ်းတဲ့ရေကိုဖြိုခွဲပြီးစုပ်ယူတာမှ ရေမကြည်ရင် ထူးဆန်းနေမည်။
သို့ရာတွင် ကြီးထွားနှုန်း +၂ အာနိသင်က ဘယ်လိုဆိုးကျိုးရှိမှန်း သူမသိ။
မည်သို့ဆိုစေ လက်တွေ့ဘဝမှာရှိသောအရာမဟုတ်၍ ကျူးကျော်မျိုးစိတ်ဟုဆိုရမည်။
အကြီးမြန်လွန်းရင် ပြဿနာရှိနိုင်သည်။
သို့သော် ဒါထင်ကြေးသက်သက်သာ။
ဘာပဲဖြစ်ဖြစ် ဂိမ်းထဲမှာညစ်ညမ်းရေအတွက် မှင်စာတွေစိုက်ကြတာ ဘာပြဿနာမှမရှိ။
ဒီအထူးမိုးမခဘဲစားမှော်ကို Elba ကအရုပ်နှင့်လဲရန်ခိုးခဲ့ကြောင်း ချင်လင်သတိရသည်။ ထို့ကြောင့် သူကဂိမ်းထဲမှအမြန်ထွက်ပြီး သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေသည်။
တကယ်လို့ Elba အဖေလာရှာရင် သူဒုက္ခရောက်နေမည်။
ဒါကြောင့် သူငယ်တုန်းဘဝကိုလည်းအောက်မေ့မိသည်။ ရွာကိုသကြားလုံးလာရောင်းရင် သကြားလုံးရအောင် အိမ်ကဖိနပ်လိုပစ္စည်းများနှင့်လဲခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဖ*င်လှန်အရိုက်ခံရသည်။
Elba မျိုးစေ့ခိုးတာသိရင် ဒီလိုများဖြစ်သွားမလား?
ဒါသူတတ်နိုင်တဲ့အရာမဟုတ်။ ဘာပဲဖြစ်ဖြစ် သူရထားတဲ့မျိုးစေ့ကိုပြန်မပေးနိုင်။ သူအရုပ်တွေနဲ့လဲခဲ့တာပဲလေ။
သူက သူ့ဂိမ်းဇာတ်ကောင်အားစိုက်ပျိုးရေးခြံပြန်စေသည်။ သောမတ်မှာခေါင်းပေါ်တွင် '!!!' နှင့်ရှိနေဆဲ။ သူမစ်ရှင်အပ်နိုင်သည့်သဘောပင်။
ချင်လင် ငတုံးမဟုတ်။ သူ့ကိုပေးလိုက်ရင် မျိုးစေ့အကုန်ယူသွားလိမ့်မည်။
သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေပြီးနောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ သူက အထူးမိုးမခဘဲစားမှော်မျိုးစေ့အိတ်ကိုယူပြီး သိုလှောင်ခန်းထဲလျှောက်သွားသည်။
အရင်ဆုံး ဒီမျိုးစေ့ကိုခွဲထားရမည်။
သူကမျိုးစေ့အိတ်ကို သိုလှောင်ခန်းပလက်ဖောင်းတွင်ဖြန့်ခင်းလိုက်သည်။ ထို့နောက် ပလက်ဖောင်းမှမျိုးစေ့တစ်စေ့ကောက်ပြီး အိတ်ထဲထည့်သည်။
ခဏအကြာ နှစ်စေ့ထပ်ကောက်ထည့်သည်။
သုံးမျိုးဆိုရပြီ။
ဒီမစ်ရှင်အတွက် သောမတ်ကဆုပေးချင်ပုံမပေါ်။
ဒီမျိုးစေ့တွေကို အရုပ်တွေနဲ့လဲခဲ့ရတာ၊ ဒီကောင့်ကိုအလကားမပေးလိုက်နိုင်။
သိုလှောင်ခန်းထဲမှထွက်ပြီးနောက် ချင်လင်ကအတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။ ထို့နောက် သူ့ဂိမ်းဇာတ်ကောင်အား သောမတ်ဆီမစ်ရှင်ပေးစေသည်။
(ကောင်းလိုက်တာ! အထူးမိုးမခဘဲစားမှော်တွေပဲ... ငါတို့သတ္တုမြို့တော်ရဲ့မြစ်ကိုကယ်တင်နိုင်ပြီ... ကျေးဇူးတင်တဲ့အနေနဲ့ မင်းကိုဒါပေးမယ်!)
သောမတ်ကပြောပြောဆိုဆို စာလိပ်တစ်လိပ်ထုတ်ပြီး သူ့ဂိမ်းဇာတ်ကောင်ကိုပေးသည်။
ချင်လင် ခဏကြောင်သွားသည်။
သောမတ်က ဒီတစ်ခါအလကားခိုင်းတာမဟုတ်ဘူးပေါ့? ဆုပေးတယ်ပေါ့?
ထို့ကြောင့် သူနည်းနည်းရှက်သွားသည်။ ဘာပဲဖြစ်ဖြစ် ဒီမစ်ရှင်အတွက် အထူးမိုးမခဘဲစားမှော်မျိုးစေ့သုံးစေ့သာသူထည့်ခဲ့သည်။
သောမတ်ကိုပိုပေးခဲ့သင့်တာ။
ဒါပေမဲ့ သောမတ် ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်ရမည်။ ဘာပဲဖြစ်ဖြစ် အရင်ကသူ့ကိုလှည့်စားခဲ့ဖူးသည်။
ထို့ကြောင့် 'မြေခွေးလာပြီ' ဆိုသောပုံပြင်မှာ အဓိပ္ပါယ်အများကြီးရှိသည်။
သောမတ်ပေးခဲ့သောအရာကို ချင်လင်စူးစမ်းချင်သည်။ သူကအတွေးနှင့်ဂိမ်းထဲဝင်ပြီး စာလိပ်မှတ်ချက်ကိုကြည့်လိုက်သည်:
(လူကြီးများအတွက်အရိုးအားကောင်းစေသောဝိုင်လုပ်နည်း: အရည်အသွေး ၂)
(အသက်ကြီးသူများအရိုးအားကောင်းစေရန်အထူးလုပ်ထားသောဝိုင်အမျိုးအစားဖြစ်သည်။ အထူးအာနိသင်ရှိသည်:
အရိုးအားဖြည့်ပေးခြင်း +၂ (ကျန်းမာရေးကောင်းလျှင် အာနိသင်မရှိ!)၊
အရိုးပွရောဂါသက်သာစေခြင်း +၂ (ကျန်းမာရေးကောင်းလျှင် အာနိသင်မရှိ!))
(အသုံးပြုပြီးလျှင် ပါဝင်ပစ္စည်းများနှင့်လျှို့ဝှက်လုပ်နည်းရမည်!)
စာလိပ်မှတ်ချက်ဖတ်ပြီး ချင်လင်အံ့ဩသွားသည်။
လျှို့ဝှက်ဆေးဘက်ဝင်ဝိုင်လုပ်နည်းပဲ။
သူ့မှာဆေးဘက်ဝင်ဝိုင်အများကြီးရှိသော်လည်း ဝိုင်သိုလှောင်ခန်းထဲကထုတ်လိုက်ရင် အပြင်လူတွေရူးသွားမှာစိုးရသည်။
သို့သော် အားလုံးက တောင်တန်းထွက်ကုန်နှင့်အထူးအရိုးမှလုပ်ထားခြင်းဖြစ်သည်။
နောက်ပြီး ဒီလျှို့ဝှက်နည်းက လူကြီးများအတွက်သီးသန့်ဖြစ်ပြီး အရိုးအားဖြည့်ပေးခြင်း၊ အရိုးပွရောဂါသက်သာစေခြင်း အရည်အသွေးနှစ်မျိုးသာရှိသည်။
အရင်အာနိသင်နှင့်မတူဘဲ ထိုအရည်အသွေးနှစ်မျိုးနောက်တွင် ကွင်းစကွင်းပိတ်များပါသည်:
(ကျန်းမာရေးကောင်းလျှင် အာနိသင်မရှိ!)
အသက်ကြီးလာလျှင် ရောဂါမျိုးစုံရလွယ်သည်။ အထူးသဖြင့် အရိုးပါးအရိုးပွရောဂါပင်။ တစ်ခါတလေ အသာလေးချော်လဲပြီးဖြစ်နိုင်သည်။
ဒါကြောင့်လည်း စျေးကွက်ထဲမှာ လူကြီးများအတွက်ထုတ်ကုန်မျိုးစုံပေါ်နေခြင်းပင်။
ဒီစျေးကွက်ကြီးသောကြောင့်လည်း အလိမ်အညာကျန်းမာရေးထုတ်ကုန်မျိုးစုံရှိလာပြီး လူကြီးများလှည့်စားခံရသည်။
+၂ အာနိသင်ကြောင့် ဒီအရည်အသွေးနှစ်မျိုးက အလွန်အစွမ်းထက်သည်ဟုဆိုရမည်။
သို့သော် ရောဂါရှိသောအရိုးအတွက်သာဖြစ်သည်။ အရိုးရောဂါရှိမှ၊အရိုးပွမှသာ ဒီဆေးဘက်ဝင်ဝိုင်ကထိရောက်မည်။ နောက်ပြီး လူနာကျန်းမာရေးအခြေအနေပြန်ကောင်းသည်အထိသာ။
ပြန်ကောင်းသည်နှင့် ဆေးဘက်ဝင်ဝိုင်မှာအာနိသင်မရှိတော့။
ဂိမ်းထဲမှဆေးနှင့်တူသည်။ ထိခိုက်ဒဏ်ရာရရင် ဆေးသုံးလိုက်ပါက HP မြန်မြန်ဆန်ဆန်ပြန်တက်လာပြီး HP ၁၀၀% ဖြစ်ရင် ဘယ်လောက်ဆက်သုံးသုံး အာနိသင်မရှိတော့။
လူကြီးအတွက်အရိုးအားဖြည့်ဝိုင်မှာ ဒီလိုကန့်သတ်ချက်ရှိသည်။
ဘာပဲဖြစ်ဖြစ် သောမတ်က ပစ္စည်းကောင်းပေးခဲ့သည်။ သူအချိန်ရရင် ဒီဝိုင်လုပ်ပြီးကြော်ငြာမည်။
အခန်း ၁၃၃၈: ကမ္ဘာ့ရေအရည်အသွေးကယ်တင်ရှင်! ၂
ဒီဆေးဘက်ဝင်ဝိုင်ကြောင့် ကျန်းမာရေးထုတ်ကုန်များနှင့်လှည့်စားခံရသောလူကြီးဦးရေကိုလျှော့ချပေးနိုင်မည်။
ချင်လင်က 'အရိုးအားဆေးလျှို့ဝှက်နည်းသုံးမည်'ကိုရွေးလိုက်သည်။
တခဏအတွင်း ဆေးဘက်ဝင်ဝိုင်လျှို့ဝှက်နည်းစာလိပ်မှာ အလင်းပျောက်များဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ထဲတိုးဝင်လာသည်။
ဆေးဘက်ဝင်ဝိုင်လျှို့ဝှက်နည်းစနစ်နှင့်အသေးစိတ်အချက်အလက်များကိုလည်း သူရလိုက်သည်။
သို့ရာတွင် အထူးမိုးမခဘဲစားမှော်အကြောင်းကိုသာ သူပိုစိတ်ဝင်စားနေသည်။
ဒီပစ္စည်းကိုထုတ်လုပ်နိုင်ရင် သေချာပေါက်ဟိုးလေးတကျော်ကျော်ဖြစ်သွားမည်။
မောရိသျှနိုင်ငံတွင်ဖြစ်ခဲ့သော ဆီတန်ချိန် ၄၀၀၀ ယိုစိမ့်မှုဘေးအန္တရာယ်ကို အခုချိန်ထိမဖြေရှင်းနိုင်သေး။
ဒီအထူးမိုးမခဘဲစားမှော်က အဆိုပါညစ်ညမ်းမှုပြဿနာကို အလွယ်တကူဖြေရှင်းပေးနိုင်လိမ့်မည်။
ဒါဆို သူတို့လာတောင်းပန်ကြလေမလား?
ကိုယ်ကျိုးကြည့်ရင် ဒီအပင်ကိုစိုက်ပျိုးထုတ်လုပ်ပြီး ချင်းလင်ဓာတ်ခွဲခန်းအတွက် ဝင်ငွေအမြောက်အမြားရနိုင်သည်။ မော်ဒန်ခေတ်တွင် ရေထုညစ်ညမ်းမှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဖြေရှင်းရန်လိုအပ်သောကိစ္စတစ်ရပ်ဖြစ်သည်။
အများအကျိုးအတွက်စဉ်းစားရရင် ဒီအပင်ကို နိုင်ငံတိုင်းက မဖြစ်မနေလိုအပ်မည်။ အထူးသဖြင့် အနောက်တိုင်းမှစက်မှုဖွံ့ဖြိုးသောနိုင်ငံများပင်။ အမေရိကန်လိုဖွံ့ဖြိုးပြီးနိုင်ငံများမှာ အထိနာဆုံးဖြစ်ပြီး အဲဒီနောက်တွင် ဥရောပနိုင်ငံများရှိသည်။
အဲဒီကျရင် အထက်လူများက အထူးမိုးမခဘဲစားမှော်ပင်နှင့် အဆိုပါနိုင်ငံများကိုထိန်းချုပ်နိုင်မည့်နည်းလမ်းရှိလာမည်။
ဒါ နိုင်ငံအတွက် ကြီးကြီးမားမားအထောက်အကူဖြစ်သည်ဟုယူဆနိုင်သည်။
မျှမျှတတကြည့်ရင်တော့ စက်မှုလုပ်ငန်းသုံးရေဆိုးများကြောင့်ဖြစ်လာသောရေထုညစ်ညမ်းမှုမှာ ကမ္ဘာ့ပတ်ဝန်းကျင်နှင့်ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကျန်းမာရေးကိုခြိမ်းခြောက်နေသည်။
ရေထုညစ်ညမ်းပြီးနောက် ညစ်ညမ်းသောရေများသည် သောက်သုံးရေ သို့မဟုတ် အစာကွင်းဆက်မှတဆင့် လူ့ခန္ဓာကိုယ်ထဲရောက်လာပြီး ရုတ်တရက်နှင့်နာတာရှည်အဆိပ်သင့်ခြင်းကိုဖြစ်စေသည်။ အာဆင်းနစ်၊ ခရိုမီယမ်၊ ပိုတက်စီယမ်နှင့် တခြားဒြပ်စင်များကြောင့် ကင်ဆာရောဂါဖြစ်နိုင်သည်။
သန်ကောင်၊ ဗိုင်းရပ်စ်နှင့် တခြားဘက်တီးရီးယားပိုးမွှားပါသောညစ်ညမ်းသည့်ရေကြောင့် ကူးစက်ရောဂါနှင့်ကပ်ပါးရောဂါအမျိုးမျိုးကို ဖြစ်စေပြီး လူ့ခန္ဓာကိုယ်ကိုထိခိုက်စေသည်။ သံသရာဆိုးတစ်ခုလိုပင်။
ထို့အပြင် သတ္တုဓာတ်ပြင်းများနှင့်ညစ်ညမ်းနေသောရေကြောင့်လည်း လူ့ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေသည်။ Cadmium ပါသောညစ်ညမ်းရေကိုသောက်မိရင် ကျောက်ကပ်နှင့် အရိုးပျက်စီးနိုင်သည်။ camidate acid ၂၀ ဂရမ်လောက်စားမိပါက သေဆုံးနိုင်သည်။ ခဲဓာတ်ပါသောရေကြောင့် အဆိပ်သင့်ခြင်း၊ သွေးအားနည်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်များတောင်ဖြစ်နိုင်သည်။
ရေထုညစ်ညမ်းမှုအမျိုးအစားပေါင်း မရေမတွက်နိုင်အောင်ပင်။
ဒီအထူးမိုးမခဘဲစားမှော်ပင်နှင့်သာဆိုရင် ကမ္ဘာလုံးဆိုင်ရာရေအရည်အသွေးဂေဟစနစ်ပြဿနာကိုဖြေရှင်းပေးနိုင်သလို လူသားမျိုးနွယ်တစ်ခုလုံး၏ကျန်းမာရေးကိုလည်း ကယ်တင်နိုင်မည်။
အဲဒီကျရင် လူသားအားလုံးက သူ့ကောင်းမှုကို အမှတ်ရကြမည်။
သူ့ကိုနိုဘယ်ဆုမပေးရင် နိုဘယ်ဆုအဖွဲ့ကိုအယုံအကြည်နည်းသွားမည်။
ဆုပေးပြန်ရင်လည်း ထုံးစံအတိုင်း သူကငြင်းဦးမည်သာ။ အဲဒီအချိန်ကျ နိုဘယ်လ်ဆုအဖွဲ့က သိက္ခာဆယ်မလား၊ မျက်နှာဆယ်မလား စောင့်ကြည့်ရမည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိစ္စမဟုတ်။
ချင်လင်က သိုလှောင်ခန်းထဲသွားပြီး အထူးမိုးမခဘဲစားမှော်ပင်များကို နှစ်ပုံခွဲလိုက်သည်။ ထို့နောက် တစ်ပုံယူကာ ဂိမ်းထဲမှထွက်လာ၏။
'စိုက်ပျိုးမွေးမြူရေးခြံပုံပြင်' ဂိမ်းစနစ်ပုံစံမှာ တစ်ခါတလေ ခေတ်နောက်ကျနေသည်။ သူသာဒီလိုမလုပ်ရင် ဂိမ်းဇာတ်ကောင်က အထူးမိုးမခဘဲစားမှော်အားလုံးကို တစ်ခါတည်းအကုန်စိုက်ပစ်လိုက်လိမ့်မည်။
အဓိကအချက်မှာ ဂိမ်းထဲတွင်စိုက်ထားရန်သာ။ အထူးမိုးမခဘဲစားမှော်မျိုးစေ့ကို ရိတ်သိမ်းနိုင်မည့်နည်းလမ်းမရှိပေ။ ဂိမ်းစနစ်အရ ရင့်မှည့်လာသည်နှင့် လူပုလေးများကအရင်ရိတ်သိမ်းသွားလိမ့်မည်။
ထို့နောက် သူကဂိမ်းဇာတ်ကောင်အား သိုလှောင်ခန်းထဲကျန်သောတစ်ပုံကို အိတ်ထဲထည့်ပြီး စိုက်ပျိုးရေးခြံလယ်ကွင်းထဲသွားကာ မိုးမခဘဲစားမှော်ပင်များ ချက်ချင်းစိုက်ပျိုးစေသည်။
စိုက်ပျိုးပြီးနောက် လူကြီးအရိုးအားဆေးဝိုင်လျှို့ဝှက်နည်းကို ချင်လင်စလေ့လာသည်။ ထို့နောက် လိုအပ်သောပါဝင်ပစ္စည်းများနှင့် လျှို့ဝှက်နည်းအဆင့်ဆင့်လုပ်ဆောင်ပုံများကို တစ်ခုချင်းချရေးသည်။
ချင်လင်က ခဏလေ့လာပြီးနောက် ဆေးဘက်ဝင်ဝိုင်ကိုသီးသန့်ချက်လုပ်ရန်မလိုမှန်းသိလိုက်သည်။ ပထမအချက်၊ လူကြီးများအတွက်ဝိုင်ကို သူမလိုအပ်။
မိခင်ဖြစ်သူကျန်းမာရေးက အစပိုင်းမကောင်းသော်လည်း ဆေးဘက်ဝင်အစားအစာများကြောင့် အလွန်ကျန်းမာလာသည်။ လူကြီးရောဂါများ လုံးဝမရှိတော့။
ဒုတိယအချက်၊ ဆေးဘက်ဝင်ဝိုင်ဖော်စပ်ရာတွင် အဆင့်များစွာလိုအပ်သည်။ ဆေးဘက်ဝင်အပင်များကို အရက်ထဲတစ်ခါတည်းထည့်မရ။ တစ်ဆင့်ပြီးမှတစ်ဆင့်ထည့်ရမည်။
ထို့အပြင် အဆင့်တိုင်းတွင် ဒုတိယမြောက်ပစ္စည်းမထည့်မီ အချဉ်ဖောက်ရန်အချိန်ပေးရသေးသည်။
သူဂိမ်းထဲယူသွားရင်တောင် အချိန်တွက်ချက်ရဦးမည်။
ချင်လင်က သူ့မှာအချိန်ဒီလောက်ရှိသည်မထင်သောကြောင့် ချင်းလင်ဝိုင်လုပ်ငန်းတွင် အမြောက်အမြားထုတ်ရန်ဆုံးဖြတ်လိုက်သည်။
ချင်လင်ကဖုန်းကိုင်ပြီး ဝိုင်လုပ်ငန်းတာဝန်ခံဆရာကျန်းဆီဖုန်းဆက်လိုက်သည်။
ချင်းလင်ဆန်သုံးပြီး ချင်းလင်ဝိုင်ချက်နိုင်သည့်အချိန်မှစ၍ ချင်းလင်ဝိုင်လုပ်ငန်းအဆင့်မြင့်လာသည်။
ထုတ်လုပ်မှုပမာဏမှာ အကြီးစားဝိုင်လုပ်ငန်းကြီးများနှင့်ယှဉ်လျှင် ဘာမှမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိကြီးမားနေပြီဖြစ်သည်။
ထို့အပြင် ချင်းလင်ဆန်ဖြင့်ချက်လုပ်ထားသော ချင်းလင်ဝိုင်က အဆင့်အမြင့်ဆုံးထုတ်ကုန်တစ်ခုဖြစ်သည်။ အခုပြည်တွင်းမှာ အကျော်ကြားဆုံးနှင့်အရည်အသွေးအကောင်းဆုံးဝိုင်ဖြစ်လာသည်။
နှစ်သစ်ကူးကာလတွင်လက်ဆောင်ပေးရန်အတွက် မောက်ထိုက်အရက်က ခေတ်မစားတော့။ အနည်းဆုံး ချင်းလင်ဝိုင်နှင့်ဧည့်ခံရင် ပိုဂုဏ်ရှိသည်ဟုယူဆကြသည်။
သို့သော် ချင်းလင်ဝိုင်က ထုတ်လုပ်မှုပမာဏနည်းသောကြောင့် မောက်ထိုက်ထက်ဝယ်ရခက်သည်။
ချင်လင်ဖုန်းဆက်သောကြောင့် ဆရာကျန်းအလွန်ဝမ်းသာသွားသည်။ သူက ဝိုင်သိုလှောင်ခန်းကိုစစ်ဆေးနေရင်း ချင်လင်ဖုန်းဝင်လာသောအခါ ချက်ချင်းကိုင်လိုက်သည်။
သူ့သူဌေးအပေါ် ကျေးဇူးတင်ခြင်းက ဝိုင်လုပ်ငန်းဥက္ကဌဖြစ်၍မဟုတ်၊ လစာကောင်းကောင်းရလို့လည်းမဟုတ်။ ဒီဝိုင်လုပ်ငန်းကို ဥက္ကဌချင်ကကယ်တင်ခဲ့သောကြောင့်ပင်။
သူလူပျိုပေါက်အရွယ်ကတည်းက ဒီလုပ်ငန်းမှာရှိခဲ့သည်။ သူ့တစ်ဘဝလုံး ဒီမှာပဲအလုပ်လုပ်ပြီး ဒီလုပ်ငန်းကိုအမှီသဟဲပြုကာ အိမ်ထောင်ပြု၊သားမွေးခဲ့သည်။ သူနှင့်သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဒီလုပ်ငန်းအပေါ် ထားရှိသောသံယောဇဉ်ကို ဘယ်သူမှနားလည်နိုင်မှာမဟုတ်။
အရင်ကဝိုင်လုပ်ငန်းမှာ စီရင်စုထဲကလူတွေကြောင့် ပရမ်းပတာဖြစ်ခဲ့သည်။ အခြေအနေကမှောင်မိုက်ပြီး ဒေဝါလီခံရလုနီးနီးပင်။ အဲဒီအချိန်က လုပ်ငန်းမှာအလုပ်သင်တစ်ယောက်တောင်မခေါ်နိုင်ဘဲ အရာအားလုံးလမ်းဆုံးနေသည်။
နောက်ပိုင်း ဥက္ကဌချင်က လုပ်ငန်းကိုကယ်တင်လိုက်ခြင်းမှာ သူနှင့်သူ့လုပ်ဖော်ကိုင်ဖက်များကို ကယ်တင်လိုက်သလိုပင်။ သူဌေးကို ကျေးဇူးတင်ရုံမှတပါး အခြားမရှိ။
ထို့ကြောင့် ချင်လင်ဖုန်းဆက်သည်နှင့် ချင်းလင်စံအိမ်သို့အမြန်ဆုံးပြေးပြီး ချင်လင်၏ရုံးခန်းထဲသွားခဲ့သည်။
ချင်လင်ကိုမြင်သောအခါ သူကတရိုတသေမေးသည်_
"ဥက္ကဌချင်.. ဒီနေ့ ဘာများညွှန်ကြားစရာရှိလို့လဲ?''
ချင်လင်ကချက်ချင်းပြုံးပြပြီး ဆရာကျန်းကို လက်ဖက်ရည်စားပွဲတွင်ထိုင်ရန်ဖိတ်ကာ_
"ဒီနေ့ ဆရာကျန်းကိုကြည့်စေချင်တဲ့ကိစ္စတစ်ခု ရှိတယ်''
ဆရာကျန်းမှာ ချင်းလင်ကုမ္ပဏီတွင် ရာထူးကြီးကြီးမားမားမရှိသော်လည်း ဝါရင့်သူဖြစ်သည်။ ထို့အပြင် ဝိုင်လုပ်ငန်းကိုသူဝယ်ယူစဉ်က အနှစ် ၃၀၊၄၀ သက်တမ်းရှိဝိုင်များအပေါ်လောဘလုံးဝမရှိခဲ့သော လေးစားထိုက်သူတစ်ဦးပင်။
တဖက်ကတိတ်တဆိတ်ခိုးယူသွားလည်း ဘယ်သူမှသိမည်မဟုတ်။ လူတစ်ယောက်ကိုချမ်းသာစေလောက်သောဝိုင်များဖြစ်သည်။
ဆရာကျန်းက ချင်လင်စကားကိုနားထောင်ရင်း ချက်ချင်းပင်_
"ဥက္ကဌချင်.. ဘာများညွှန်ကြားချင်လို့လဲ? ကျွန်တော်အားလုံးကို သေချာကြီးကြပ်ပေးပါမယ်"
ချင်လင်ကပြုံးပြီး ရှင်းပြသည်_
"ကျွန်တော် အခုတလော ဆေးဘက်ဝင်ဝိုင်တစ်မျိုးသုတေသနလုပ်နေတယ်... အဲဒါကို ဝိုင်လုပ်ငန်းမှာထုတ်လုပ်တော့မယ်... ဆရာကျန်း.. ချင်းလင်ဝိုင်လှောင်ဖို့ ဝိုင်သိုလှောင်ခန်းတစ်ခုပြင်ဆင်ပေးနိုင်မလား? ပြီးတော့ ဝိုင်လုပ်ငန်းအတွက်လိုအပ်တဲ့ဆေးပင်တချို့လည်း ဝယ်ပေးပါဦး"
ချင်လင်ကပြောရင်းဆိုရင်း ဆေးဘက်ဝင်အပင်များရေးထားသောစာရွက်တစ်ရွက်ကို ဆရာကျန်းဆီပေးလိုက်သည်_
"ဒီဆေးပင်တွေပဲ''
ဆရာကျန်းကစာရွက်ယူပြီး ဆေးပင်များကိုဖတ်ကြည့်ကာ ချက်ချင်းကတိပေးလိုက်သည်_
"စိတ်ချပါ ဥက္ကဌချင်.. ကျွန်တော်ပြန်သွားရင် ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်လုပ်မှာပါ''
ချင်လင်နှင့်ဆရာကျန်းက ချင်းလင်ဝိုင်လုပ်ငန်းအကြောင်းခဏပြောပြီးနောက် ဆရာကျန်းပြန်သွားသည်။
ထို့နောက် ချင်လင်လည်း သတင်းများကြည့်ရန် လိုင်းသုံးသည်။ လိုင်းပေါ်တွင် ချင်းလင်နတ်သမီးပုံပြင်တောင်နှင့်အထမ်းသမားသတင်းများပြည့်နေဆဲပင်။
အထူးစိတ်ဝင်စားစရာသတင်းတစ်ပုဒ်လည်းရှိသည်။ ပေါင် ၂၅၀ ခန့်ရှိသောလူဝကြီးက တောင်မတက်ချင်၍ ထမ်းစင်စီးသည့်ကိစ္စပင်။
အရင်ကသာဆိုရင် ဒီလူဝကြီး သေချာပေါက်အပြောခံရမည်။ အင်တာနက်ပေါ်မှမြင့်မြတ်သူများ၏ရှုတ်ချမှုကိုခံရနိုင်သည်။
သို့သော် ဒီတစ်ခါ ဘယ်သူမှ ဘာမှမပြောကြ။ အကြောင်းမှာ သူကယွမ် ၅၀၀၀ တန်းပေးပြီး အထမ်းသမား ၆ ဦးက သူ့ကိုအလှည့်ကျထမ်း၍တောင်ပေါ်ပို့ပေးခဲ့သောကြောင့်ပင်။
အထမ်းသမားတစ်ယောက်ကို ယွမ် ၁၀၀၀ နီးပါးရသည်။
ငွေရသောအခါ အထမ်းသမားတိုင်းပြုံးပျော်နေကြ၏။ လိုင်းသုံးသူအများစုမှာ ပေါင် ၂၅၀ ရှိသောလူဝကြီးကို အားကျနေကြသည်။
လူအများစုက တောင်တက်ရုံသက်သက်နှင့် လစာတစ်လစာ အကုန်အကျမခံလိုပေ။
အလွန်ဆုံး 'ဒီလူဝကြီးက တကယ်ကံကောင်းလှချည့်' ဟုပြောကာ မနာလိုဖြစ်သူတချို့ရှိမည်။
ထို့အပြင် ခရီးသွားတချို့က နေထွက်ချိန်အလှမှာ ပန်းအိမ်အစုအဝေးအလှနှင့်မတန်ဟုလည်းပြောကြသည်။
ဒီအတွက် ချင်လင်ဘာမှမတတ်နိုင်။ နေထွက်ချိန်ကို သူမထိန်းချုပ်နိုင်။
နတ်ဘုရားမတောင်ထိပ်ပေါ်ကနေထွက်ချိန်လိုအံ့ဩစရာကောင်းပြီးခမ်းနားအောင် သူဘယ်လိုလုပ်ပေးနိုင်မလဲ?
ခြုံပြောရင် နတ်သမီးပုံပြင်တောင်က လမ်းကြောင်းမှန်ပေါ်ရှိနေပြီဖြစ်သည်။
နာရီအနည်းငယ်အကြာတွင် ချင်လင်ကသူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်ပြီး အံ့ဩသွားသည်။ အချက်ပေးစာသားတစ်ခုပေါ်လာ၏:
[ အထူးမိုးမခဘဲစားမှော်ပင်များ ရင့်နေပြီဖြစ်၍ ရိတ်သိမ်းနိုင်ပါပြီ! ]
ချင်လင် ဘာမှလုပ်စရာမလို။ ဂိမ်းထဲရှိလူပုလေးများက ရိတ်သိမ်းနေပြီဖြစ်သည်။
ကမ္ဘာ့ရေထုကိုကယ်တင်နိုင်သည့်အထူးမိုးမခဘဲစားမှော်ပင်များပေါ်ထွက်လာပါက တစ်ကမ္ဘာလုံးရုတ်ရုတ်သဲသဲဖြစ်သွားမှာ အသေအချာပင်။