← Chapters

အခန်း (၁၃၃၉-၁၃၄၁)

Vol. 90 Ch. 1339-1341

အခန်း (၁၃၃၉-၁၃၄၁)

Vol. 90 Ch. 1339-1341

အခန်း ၁၃၃၉: ဥက္ကဌချင်ရဲ့နောက်ထပ်သုတေသနရလဒ်?

ချင်လင်က အတွင်းဘက်အလုပ်ခန်းပြန်လာပြီး တံခါးလော့ချလိုက်သည်။

သူဂိမ်းထဲဝင်လိုက်သောအခါ လူပုလေးများက အထူးမိုးမခဘဲစားမှော်များကိုရိတ်သိမ်းပြီး သိုလှောင်ခန်းထဲထည့်ထားပြီဖြစ်သည်။

သူကချက်ချင်း သိုလှောင်ခန်းထဲသွားပြီး အထူးမိုးမခဘဲစားမှော်ပင်များပြည့်နေသော ရေကန်တစ်ခုရှေ့ရောက်သွားသည်။

[ အထူးမိုးမခဘဲစားမှော်ပင်: အရည်အသွေး ၃ ]

[ အထူးအာနိသင်ရှိသောမိုးမခဘဲစားမှော်ပင်ဖြစ်သည်:

ရေသန့်စင်ပေးခြင်း +၃၊ ညစ်ညမ်းပစ္စည်းများကို ချေဖျက်စုပ်ယူနိုင်ခြင်း +၃၊ ကြီးထွားနှုန်း +၂! ]

မှတ်ချက်မှာ မျိုးစေ့ထက်ပိုရှင်းသော်လည်း အာနိသင်က အတူတူပင်။

သူက ရေပုံးတစ်ပုံးချက်ချင်းရှာပြီး အထူးမိုးမခဘဲစားမှော်များကို ရေပုံးထဲထည့်လိုက်သည်။ ထို့နောက် အတွေးနှင့် ရေပုံးကိုဂိမ်းထဲမှထုတ်လာသည်။

အတွင်းဘက်မှထွက်လာပြီးနောက် ချင်လင်က ရေကူးကန်သွားကာ ပုံးထဲရှိမိုးမခဘဲစားမှော်များကို ရေကန်ထဲလောင်းထည့်လိုက်သည်။

ချက်ချင်းဆိုသလို လိပ်နေသောအထူးမိုးမခရွက်များမှာတဖြည်းဖြည်းပြန့်သွားပြီး ရေကန်မျက်နှာပြင်ပေါ်တွင် အုံလိုက်မျောလာသည်။

ဒီအထူးမိုးမခဘဲစားမှော်ပင်ကို ရေထုညစ်ညမ်းမှုသန့်စင်ရန်၊ ညစ်ညမ်းပစ္စည်းများကိုချေဖျက်စုပ်ယူရန်သုံးခြင်းဖြစ်သည်။

မိုးမခဘဲစားမှော်ရဲ့အာနိသင်ကိုသူသိချင်ရင် ရေထုညစ်ညမ်းမှုဆိုင်ရာစမ်းသပ်ချက်တချို့လုပ်ရမည်။

ချင်လင်ကဖုန်းထုတ်ပြီး ရှန်လီကိုဆက်လိုက်သည်။ ချင်းလင်ဓာတ်ခွဲခန်းရဲ့အကူအညီကို သူလိုသေးသည်။

ချင်းလင်ဓာတ်ခွဲခန်း_

အစည်းအဝေးခန်းထဲတွင် ရှန်လီက ဓာတ်ခွဲသုတေသနခေါင်းဆောင်များနှင့် အစည်းအဝေးလုပ်နေသည်။

သူက ကုမ္ပဏီလုပ်ငန်းလည်ပတ်မှုအပိုင်းတာဝန်ခံသာဖြစ်သည်။ စမ်းသပ်မှုအပိုင်းမဟုတ်။

သို့သော် ဓာတ်ခွဲခန်းတာဝန်ခံတစ်ယောက်အနေနှင့် သုတေသနရံပုံငွေများ၊ သုတေသနခွင့်ပြုချက်များ၊ သုတေသနများ၏အလားအလာကို ပြန်လည်သုံးသပ်ခြင်း စသည့်ကိစ္စရပ်များကို သူတာဝန်ယူရသည်။

ရှယ်ယာရှင်တစ်ဦးဖြစ်ပြီး ဓာတ်ခွဲခန်းခေါင်းဆောင်ဖြစ်သောလီခိုင်မှလွဲ၍ ကျန်သုတေသနပရောဂျက်ခေါင်းဆောင်များသည် အရေးကြီးသုတေသနမဟုတ်ပါက သတ်မှတ်ထားသည့်အချိန်အတိုင်း ဓာတ်ခွဲခန်းအစည်းအဝေးတွင်အစီရင်ခံရသည်။

အစည်းအဝေးလုပ်နေစဉ် ရှန်လီဖုန်းမြည်လာသည်။ ပုံမှန်အားဖြင့် အစည်းအဝေးချိန်တွင် ဖုန်းအသံပိတ်ထားတတ်ပြီး အရေးကြီးဖုန်းမဟုတ်ရင် သူပြန်ဖြေလေ့မရှိ။

သို့သော် ဥက္ကဌချင်ဖြစ်နေသောကြောင့် သူကချက်ချင်းဖုန်းကိုင်ပြီး_

“ဥက္ကဌချင်.. ဘာများ ညွှန်ကြားစရာရှိလဲ?”

သုတေသနပရောဂျက်တာဝန်ခံများလည်း ရှန်လီကိုကြည့်လိုက်ကြသည်။

သုတေသနပရောဂျက်တာဝန်ခံဖြစ်၍ ချင်းလင်ဓာတ်ခွဲခန်းမှာအချိန်တစ်ခုကြာခဲ့ပြီ။ ဥက္ကဌချင်က သူဌေးဖြစ်ရုံတင်မဟုတ်၊ အရည်အချင်းရှိသောရှောင်ချင်မှန်းလည်းသိကြသည်။

သုတေသနနှင့်ပတ်သက်ရင် ဥက္ကဌချင်ကို သူတို့မယှဉ်နိုင်။

ဥက္ကဌချင်ကို လေးလည်းလေးစားကြသည်။ ကြီးမားသောအုတ်မြစ်တစ်ခုကိုတည်ဆောက်နိုင်ရုံသာမက၊ သုတေသနကို ကိုယ်တိုင်လေ့လာနိုင်စွမ်းက သူတို့အရှက်ရစေလောက်သည်။

ဒါကြောင့်လည်း ချင်းလင်ဓာတ်ခွဲခန်းအခြေအနေက ဒီလောက်ကောင်းနေခြင်းဖြစ်မည်။

ဖုန်းထဲမှ ချင်လင်အသံထွက်လာသည်_

"ဥက္ကဌရှန်.. ကျွန်တော့်ကို ညစ်ညမ်းနေတဲ့ရေအရင်းအမြစ်တွေရှာပေးနိုင်မလား? စက်ရုံကထွက်တဲ့စွန့်ပစ်ရေဆို အကောင်းဆုံးပဲ... ညစ်ညမ်းလေ ပိုကောင်းလေပေါ့... အဲဒီရေကို ရေအရည်အသွေးစစ်ဆေးတဲ့ကိရိယာနဲ့အတူ ချင်းလင်းစံအိမ်ကိုပို့ပေးပါ... ပြီးတော့ ရေကိုဆိုးဆိုးဝါးဝါးညစ်ညမ်းစေတဲ့ ဆီလိုဟာတွေရှာဖို့ လူအင်အားသုံးပေးပါဦး... ကျွန်တော် သုတေသနလုပ်စရာရှိလို့"

“ဥက္ကဌချင်.. ရေနေအပင်သုတေသီရောလိုလား”

ရှန်လီက ချက်ချင်းမေးလိုက်သည်။

ဥက္ကဌချင်ပြောပုံအရ ဘယ်လိုသုတေသနမျိုးလုပ်မည်မှန်း ရှန်လီရိပ်မိသည်။ နောက်ပြီး ဥက္ကဌချင်က အပင်သုတေသနအားကောင်းသောကြောင့် ရေအရည်အသွေးပြဿနာကိုဖြေရှင်းပေးနိုင်မည့်အပင်တစ်မျိုး ပျိုးထောင်လိုက်တာဖြစ်မည်။

ဥက္ကဌချင်က တကယ့်ထုတ်လုပ်နိုင်သူဖြစ်ကြောင်း သူဝန်ခံရမည်။

သူများတွေ သုတေသီအဖွဲ့လိုက်လုပ်ရင်တောင် နှစ်တော်တော်ကြာတဲ့အထိ ရလဒ်ထွက်ချင်မှ ထွက်သည်။ ရလဒ်တစ်ခုထွက်ရင်ပဲ တကယ်တော်တဲ့အဖွဲ့ဟု သတ်မှတ်ရသည်။

ဒါပေမဲ့ ဥက္ကဌချင်ကတော့ တစ်ကိုယ်တော်ဖြစ်ပြီး ပစ္စည်းကောင်းတစ်ခုပြီးတစ်ခုထွက်လာသည်။ အထူးသဖြင့် အင်မတန်တော်တဲ့အဖွဲ့တွေတောင် မလုပ်နိုင်တဲ့အရာတွေဖြစ်နေသည်။

“ကောင်းပြီ.. လူနှစ်ယောက်သုံးယောက်ခေါ်ခဲ့ပါ”

ရှန်လီ၏အကြံပြုချက်ကို ချင်လင်ကမငြင်း။

ဘယ်လိုပဲဖြစ်ဖြစ် သူဒီလိုကိစ္စတွေမကျွမ်းကျင်သလို အရင်က ဘာစမ်းသပ်မှုမှမလုပ်ဖူးပေ။

“ကောင်းပါပြီ ဥက္ကဌချင်”

ရှန်လီကဖုန်းချပြီးနောက် ဓာတ်ခွဲခန်းထဲရှိလူတစ်ယောက်ဘက်လှည့်ကာ_

“ရေနေအပင်သုတေသနဌာနက ပါမောက္ခလျို... ခင်ဗျားအဖွဲ့ဝင်တွေကိုခေါ်ပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ... ဥက္ကဌချင် အကူအညီလိုနေတယ်... ကျန်တဲ့သူတွေကတော့ ပြန်ပြီးသုတေသနဆက်လုပ်ကြပါ... ဒီနေ့အစည်းအဝေးကို ဒီမှာပဲရပ်နားပါမယ်”

နာမည်ခေါ်ခံရသောပါမောက္ခလျိုက တအံ့တဩမတ်တပ်ထရပ်ပြီး ရှန်လီနောက်လိုက်ကာ အစည်းအဝေးခန်းအပြင်ထွက်လာသည်။

ဥက္ကဌရှန်ဆီ ဥက္ကဌချင်ဖုန်းဝင်လာသည့်အချိန်မှစပြီး ဥက္ကဌချင်မှာသုတေသနရလဒ်အသစ်ရှိမည်ဟု အစည်းအဝေးခန်းထဲမှလူတိုင်းရိပ်မိကြသည်။

အပင်နှင့်၊ရေနှင့်ဆက်စပ်နေမည်ဟု သူမထင်မိ။

ဥက္ကဌချင် ဘာသုတေသနလုပ်ထားလဲ၊ သူအခု အရမ်းသိချင်နေပြီ။

အရင်လိုအံ့ဖွယ်ရလဒ်မျိုးဆိုရင် ကူညီခွင့်ရတာဂုဏ်ယူစရာပင်။

အစည်းအဝေးခန်းထဲတွင် တခြားပရောဂျက်ခေါင်းဆောင်များလည်း သိချင်စိတ်နှင့်အပူတပြင်းဆွေးနွေးကြသည်။

“ဒီတစ်ခါ ဥက္ကဌချင်က ဘယ်လိုအံ့ဩစရာရလဒ်မျိုး ထွက်လာမယ်ထင်လဲ?''

"သာမန်တော့မဟုတ်ဘူး... ဥက္ကဌချင်နဲ့ပါမောက္ခလီခိုင်ရဲ့ဘယ်သုတေသနမှ သာမန်မဟုတ်ဘူး''

“အမှန်ပဲ.. ဥက္ကဌချင်ရဲ့သုတေသနပါရမီနဲ့စိတ်ကူးစိတ်သန်းက အားကျစရာကောင်းသလို လေးစားဖို့လည်းကောင်းတယ်''

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က အတွင်းဘက်အလုပ်ခန်းပြန်လာပြီး ဂိမ်းထဲဝင်ကာ အထူးမိုးမခဘဲစားမှော်နှစ်ပုံးသယ်လာသည်။ ထို့နောက် အပန်းဖြေစံအိမ်ရေကူးကန်ထဲဖြည့်လိုက်သည်။

ကျောက်မိုချင်း၊ထန်ရှိုးဝမ်နှင့်လင်းလျိုတို့က ကလေးကိုယ်စီချီပြီး လမ်းလျှောက်လာကြသည်။

တစ်ခုထူးခြားသည်မှာ ကျောက်မိုချင်းနောက်တွင် တရုတ်မိကျောင်းကြီးတစ်ကောင်ပါလာသည်။

အရေခွံလဲပြီးနောက် ရှောင်ရန်ခန္ဓာကိုယ်နည်းနည်းပိုကြီးလာပြီး ဝမ်ချိုင်ထက်သိသိသာသာကြီးနေသည်။

အခန်း ၁၃၄၀: ဥက္ကဌချင်ရဲ့နောက်ထပ်သုတေသနရလဒ်? ၂

ရေကူးကန်ဘေးတွင်ချင်လင်အလုပ်ရှုပ်နေသောကြောင့် သူတို့အားလုံးရောက်လာပြီးစပ်စုသည်။

ရှောင်ရန်က သူ့သခင်ဂရုမစိုက်၍ သခင်လေးနောက်လိုက်နေပုံပေါ်သည်။ သူ့သခင်လေးသွားရာ သူလိုက်သည်။

"ယောက်ျား.. ဒါမိုးမခရွက်တွေလား? ရေပေါ်တံတားကဟာနဲ့မတူသလိုပဲ... အဲလောက်မလှဘူး''

ကျောက်မိုချင်းကမေးသည်။

ချင်းလင်စံအိမ်သို့မကြာခဏလည်ပတ်ဖူးသောကြောင့် ရေပေါ်တံတားရှုခင်းမှမိုးမခဘဲစားမှော်ပင်ကို ထန်ရှိုးဝမ်နှင့်လင်းလျိုတို့လည်းသိသည်။

သို့သော် ရေကူးကန်ထဲကအရွက်မှာ ရေပေါ်တံတားလောက်မလှမှန်းလည်း သူတို့သိသည်။ အကွာကြီးကွာနေသည်။

ရေပေါ်တံတားမှမိုးမခဘဲစားမှော်ပင်က သဘာဝအလှရှိပြီး တစ်ချက်ကြည့်ရုံနှင့်အလွန်ဆွဲဆောင်မှုရှိသည်။

ဒီအပင်တွေက လုံးဝမတူ၊ အရွက်လိပ်နေရင် ပိုကြည့်ရဆိုးသည်။

အကြောင်းရင်းသိသူချင်လင်ကပြုံးပြီး ရှင်းပြသည်_

"ဒီမိုးမခဘဲစားမှော်တွေက အလှပြဖို့မဟုတ်ဘူး... အသုံးဝင်တာရှိတယ်... ရေပေါ်တံတားကမိုးမခဘဲစားမှော်ပင်တွေမယှဉ်နိုင်အောင် အသုံးဝင်တယ်''

သူတို့စကားပြောနေစဉ် ရှန်လီက ပါမောက္ခလျို၏ရေနေအပင်သုတေသနအဖွဲ့၊ ချင်းလင်ဓာတ်ခွဲခန်းမှတခြားဝန်ထမ်းများနှင့်အတူရောက်လာသည်။

ကိရိယာများသယ်သူကသယ်၊ ရွှံ့လိုမည်းညစ်နေသောရေပုံးများသယ်သူကသယ်လာသည်။

အမျိုးသမီးအုပ်စုကကြည့်ရင်း ရေကူးကန်ထဲမှမိုးမခဘဲစားမှော်ပင်ကြောင့်လာမှန်းသိလိုက်သည်။ ဒီမိုးမခဘဲစားမှော်က ဘယ်လိုအသုံးဝင်မလဲ သူတို့သိချင်နေသည်။

ရှန်လီက ပါမောက္ခလျိုကိုချက်ချင်းခေါ်လာပြီး ချင်လင်နှင့်မိတ်ဆက်ပေးသည်_

"ဥက္ကဌချင်.. ဒါကပါမောက္ခလျိုပါ... ဓာတ်ခွဲခန်းက ရေနေအပင်သုတေသနတာဝန်ခံပါ''

"ဥက္ကဌချင်.. ညွှန်ကြားစရာရှိရင်ပြောပါ... ကျွန်တော့်လူတွေနဲ့ပူးပေါင်းလုပ်ဆောင်ပါမယ်''

ချင်လင်ရှေ့တွင် ပါမောက္ခလျိုက အတော်ရိုရိုကျိုးကျိုးဖြစ်နေသည်။

ချင်လင်ထက်အများကြီးအသက်ကြီးသော်လည်း သိပ္ပံသုတေသနမှာ အသက်ကအဓိကမကျပေ။

ချင်းလင်ဓာတ်ခွဲခန်းမှသုတေသီအများစုကို ချင်လင်မမြင်ဖူး၊ ပါမောက္ခလျိုနှင့် ပထမဆုံးအကြိမ်ဆုံခြင်းပင်။ သူကခေါင်းညိမ့်ပြကာ_

"ဒီရေကန်ထဲကမိုးမခရွက်တွေကိုသုတေသနလုပ်မယ်... ဒီအရွက်တွေက ရေသန့်စင်ပေးပြီး ညစ်ညမ်းရေကိုချေဖျက်စုပ်ယူပေးနိုင်တယ်... ဒီအရွက်တွေရဲ့အာနိသင်ကိုအတိအကျသိချင်တာ!''

ရှန်လီနှင့်ပါမောက္ခလျိုက ရေကန်ထဲကြည့်လိုက်ကြသည်။

သူတို့ဝင်လာကတည်းက ထိုမိုးမခဘဲစားမှော်များကိုမြင်ပြီး သုတေသနနှင့်ဆိုင်မည်ဟုတွေးမိသည်။

ရေပေါ်တံတားမှမိုးမခဘဲစားမှော်အကြောင်း သူတို့လည်းသိသည်။

ထိုမိုးမခဘဲစားမှော်က ရေသန့်စင်နိုင်သောအာနိသင်ရှိသည်။ ရေရှည်တွင် ရေပေါ်တံတားရှုခင်းမှရေအရည်အသွေးက ရေလှောင်တမံတခြားအပိုင်းများထက်ပိုကောင်းသည်။

ဥက္ကဌချင်က ရေပေါ်တံတားမှအပင်ကိုအဆင့်မြှင့်ပြီး ဒီအပင်ရလာပုံရှိသည်။

သို့သော် ညစ်ညမ်းရေထဲမှရေနေအပင်၏သန့်စင်နိုင်စွမ်းကိုစမ်းသပ်ချင်ရင် တစ်ရက်၊နှစ်ရက်နှင့်မပြီး။ စောင့်ကြည့်ရန်အချိန်ယူရမည်။

နေ့စဉ်အခြေအနေကိုစောင့်ကြည့်ရန် ဥက္ကဌချင်မှာအချိန်မရှိ။ နောက်ပိုင်း ရေသန့်စင်မှုအာနိသင်ကို သူတို့စောင့်ကြည့်ရမည်။

ပါမောက္ခလျိုညွှန်ကြားချက်အတိုင်း ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းများက အင်မတန်ညစ်ညမ်းသောရေစည်များကိုမလာကြသည်။

ရုံချန်းစက်မှုဇုံရှိစက်ရုံများမှစွန့်ပစ်ရေဖြစ်ပြီး အားလုံးလိုလို ဆိုးဆိုးဝါးဝါးညစ်ညမ်းနေသည်။

ပါမောက္ခလျိုက သူ့အဖွဲ့သားများကိုချက်ချင်းညွှန်ကြားသည်_

"ညစ်ညမ်းရေအရည်အသွေးကိုစစ်ဆေးပြီး မှတ်တမ်းတင်ထားပါ''

သုတေသီများက ချက်ချင်းအထူးကိရိယာကိုင်ပြီး ညစ်ညမ်းရေကိုစစ်ဆေးသည်။

ရေအရည်အသွေးစမ်းသပ်ရန်အထူးကိရိယာရှိသည်။ စမ်းသပ်စက်ခေါင်းကို ညစ်ညမ်းရေထဲအချိန်တစ်ခုအထိထည့်ထားလျှင် TD တန်ဖိုးတက်လာသည်။

ရေအရည်အသွေးစံသတ်မှတ်ချက်ရှိသည်။ ပုံမှန်အားဖြင့် TD တန်ဖိုးနိမ့်လေလေ ရေအရည်အသွေးပိုကောင်းလေလေပင်။

( TD တန်ဖိုး (PPM) ၀ – ၉

ရေအရည်အသွေး: သန့်စင်ရေ)

( TD တန်ဖိုး (PPM): ၁၀ – ၆၀

ရေအရည်အသွေး: တောင်ကျစမ်းရေ၊သတ္တုရေ)

( TD တန်ဖိုး (PPM): ၆၀ _ ၁၀၀

ရေအရည်အသွေး: ရေသန့်)

( TD တန်ဖိုး (PPM): ၁၀၀ _ ၃၀၀

ရေအရည်အသွေး: ဘုံပိုင်ရေ)

( TD တန်ဖိုး (PPM): 300 နှင့်အထက်

ရေအရည်အသွေး: ညစ်ညမ်းရေ)

တန်ဖိုးမြင့်လေလေ ရေညစ်ညမ်းမှုဆိုးလေလေပင်။

သုတေသီက ညစ်ညမ်းရေပထမပုံးထဲစက်ထည့်လိုက်ရာ TD တန်ဖိုးမြန်မြန်ဆန်ဆန်တက်လာသည်ကိုတွေ့ရသည်။

အချိန်တိုအတွင်း ပထမရေပုံး TD တန်ဖိုးက ၃၀၀ ကျော်သွားပြီး နောက် ၅၀၀၊ မကြာမီ ၁၀၀၀ ကျော်သွားသည်။

အင်မတန်ညစ်ညမ်းသောရေဖြစ်သည်။ မည်သို့ဆိုစေ စက်ရုံမှထွက်သောစွန့်ပစ်ရေပင်။

သုတေသီများကချက်ချင်း ဒုတိယပုံး၊တတိယပုံးများကိုစစ်ဆေးသည်။ နောက်ဆုံး ပုံးတိုင်းလိုလိုက ၁၀၀၀ ကျော်အထိဆိုးဆိုးဝါးဝါးညစ်ညမ်းသောရေများဖြစ်ကြောင်းတွေ့ရသည်။

သို့ရာတွင် ပါမောက္ခလျိုနှင့်ရှန်လီအတွက်ပြဿနာရှိသည်။ သူတို့ရှာထားသောရေက ညစ်ညမ်းလွန်သွားပြီ။ ရေအရည်အသွေးသုတေသနအတွက်အပင်ဖြစ်ရင်တောင် ဒီလိုညစ်ညမ်းသောရေမှာ အပင်ရှင်သန်ရန်ခက်မည်။

"ဥက္ကဌချင်.. ညစ်ညမ်းရေကိုရေရောဦးမလား?''

ပါမောက္ခလျိုက တန်းမေးသည်။

ရှန်လီလည်းခေါင်းညိမ့်သည်။

ဒါသူ့အမှားပင်။ သူကဓာတ်ခွဲခန်းဝန်ထမ်းများကို ရုံချန်းစက်မှုဇုံရှိစက်ရုံများမှစွန်ပစ်ရေကိုယူခိုင်းခဲ့သည်။ ဥက္ကဌချင်တောင်းဆိုချက်အတိုင်းဖြစ်သော်လည်း TD တန်ဖိုးဒီလောက်မြင့်မည်ဟုမထင်မိ။

ချင်လင်ကသဘောပေါက်၍ ခေါင်းခါပြီး_

"ဒီမိုးမခဘဲစားမှော်ပင်တွေအရင်ချကြည့်တာပေါ့''

စွန့်ပစ်ရေ TD တန်ဖိုးက သတ်မှတ်ထားသည်ထက်အများကြီးကျော်လွန်နေ၍ အပင်များရှင်သန်နိုင်ရန်မလွယ်။ သို့သော် အထူးမိုးမခဘဲစားမှော်၏အာနိသင်နှစ်ခုက ဒီလိုမဟုတ်။

ညစ်ညမ်းရေသန့်စင်ခြင်း +၃ အာနိသင်နှင့် ဒီလိုရေမျိုးမှာမရှင်ရင် နည်းနည်းစိတ်ပျက်စရာကောင်းမည်။

ဘာပဲဖြစ်ဖြစ် +၃ ပစ္စည်း!

ချင်လင်စကားကြောင့် ပါမောက္ခလျိုနှင့်ရှန်လီကအချင်းချင်းကြည့်လိုက်ကြသည်။ ရေကူးကန်ထဲမှအထူးမိုးမခဘဲစားမှော်ပင်များကိုဆယ်ခိုင်းပြီး ညစ်ညမ်းရေပုံးများထဲအညီအမျှဖြန့်ထည့်လိုက်ကြသည်။

ထန်ရှိုးဝမ်နှင့်လင်းလျိုတို့လည်း သိချင်နေသည်။ သူဌေးချင်က မိုးမခရွက်နှင့် ညစ်ညမ်းရေသန့်စင်တော့မည်မှန်း သူတို့သိသည်။

ဖြစ်နိုင်ပါ့မလား? ဒီလောက်ညစ်ညမ်းတဲ့ရေကို နည်းပညာမပါဘဲ မိုးမခရွက်နဲ့?

ပုံမှန်အတိုင်းဆို မဖြစ်နိုင်သလောက်ပင်။

ပါမောက္ခလျိုနှင့်ရှန်လီလည်း ဒီလိုထင်သည်။ ပုံမှန်အတိုင်းဆို ဒီလိုရေမျိုးမှာ မိုးမခဘဲစားမှော်ပင်ကနည်းနည်းကြာကြာခံရင်တောင် အထင်ကြီးစရာကောင်းနေပြီ။ ဥက္ကဌချင်သုတေသနက အရမ်းအောင်မြင်ရင်တောင် အထင်ကြီးစရာကောင်းသည်။

မိုးမခဘဲစားမှော်များကိုရေပုံးထဲထည့်လိုက်ရာ ညစ်ညမ်းရေပေါ်တွင် ပေါလောပေါ်နေသည်။

ပါမောက္ခလျိုလည်း သုတေသီများအား_

"အခုကစပြီး ဒီမိုးမခဘဲစားမှော်ပင်တွေရဲ့အခြေအနေကို အလှည့်ကျစောင့်ကြည့်ပါ''

သုတေသီတွေအလှည့်ကျစောင့်ခိုင်းဖို့တောင် သူစီစဉ်လိုက်သည်။ မိုးမခဘဲစားမှော်တွေဘယ်လောက်ရှင်နိုင်ရှင်နိုင်၊ ညစ်ညမ်းရေကိုဘယ်လောက်ပဲသန့်စင်နိုင်ပါတယ်ပြောပြော၊ အချိန်တိုအတွင်းပြီးမှာမဟုတ်။

သို့သော် မကြာမီ ရှန်လီက ရေပုံးထဲမှမိုးမခဘဲစားမှော်ပင်များကိုကြည့်ပြီး အံ့ဩသံနှင့်_

"ဥက္ကဌချင်.. ဒီမိုးမခဘဲစားမှော်တွေတစ်ခုခုဖြစ်နေတာလား?''

အခန်း ၁၃၄၁: ကြောက်စရာအာနိသင်!

ရှန်လီအသံကြောင့် အားလုံးစိတ်ဝင်စားသွားသည်။

ချင်လင်က လျှောက်လာသည်။

"ဥက္ကဌရှန်.. ဘာဖြစ်လို့လဲ?''

ပါမောက္ခလျိုက တန်းမေး၏။

"ဒီပုံးထဲကမိုးမခရွက်တွေကိုကြည့်ပါဦး''

ရှန်လီကချက်ချင်း ရေပုံးကိုလက်ညိုးထိုးပြီးပြောသည်။

"အာ!''

ပါမောက္ခလျိုလည်း ရေပုံးကိုကြည့်ပြီးအံ့ဩသွားသည်။

ပုံမှန်မဟုတ်မှန်း ချင်လင်လည်းသိသည်။

ရေပုံးထဲရှိမိုးမခဘဲစားမှော်များမှာ အဝါစက်များပေါ်လာ၏။

ဒီအဝါရောင်က ဆောင်းဦးရွက်ဝါနှင့်တူသည်။

အချိန်လွန်သည်နှင့် အဝါစက်ပိုများလာသည်။ လူမျက်နှာပေါ်အမဲစက်ထသလိုပင်၊ အသက်အရွယ်ရလျှင် မလွန်ဆန်နိုင်။

အဝါစက်တချို့ကပူးသွားပြီး အဝါပျောက်ကြီးဖြစ်လာသည်။

ရှန်လီကမျက်မှောင်ကြုတ်ပြီး_

"ညိုးတော့မှာလား? ဘာပဲဖြစ်ဖြစ် ဒီလောက်ညစ်ညမ်းတဲ့ရေမှာ အပင်ကဘယ်ရှင်နိုင်မလဲ''

ပါမောက္ခလျိုကခေါင်းခါပြီး_

"ပုံမှန်အတိုင်းဆို ဒီလိုညစ်ညမ်းတဲ့ရေထဲမှာ ဒီလောက်မြန်မြန်မညိုးဘူး''

ချင်လင်လည်း မျက်မှောင်နည်းနည်းကြုတ်လိုက်သည်။

ဒီအထူးမိုးမခဘဲစားမှော်ကို ဂိမ်းထဲမှဒီအတိုင်းထုတ်လာသောကြောင့် မှတ်ချက်အတိုင်းသာ သူသိသည်။ အခြေအနေကိုသူမသိ။

"ဒီပုံးထဲကဟာလည်း အတူတူပဲ''

ရုတ်တရက် ရှန်လီကနောက်တစ်ပုံးကိုလက်ညိုးထိုးပြသည်။

ချင်လင်နှင့်ပါမောက္ခလျိုကလှမ်းကြည့်လိုက်ရာ ထိုထဲမှမိုးမခရွက်များလည်းအဝါရောင်ပြောင်းနေသည်။

ထိုပုံးတင်မဟုတ်၊ တခြားပုံးများလည်း အလားတူအ​ခြေအနေအတိုင်း အဝါစက်များထွက်လာ၏။

အချိန်လွန်သည်နှင့် အဝါစက်များကကြီးကြီးလာသည်။

နာရီပိုင်းအကြာတွင် အထူးမိုးမခဘဲစားမှော်ပင်များက အဝါရောင်မှလုံးဝညိုးတော့မည့်ပုံရှိလာသည်။

"ညိုးတာမြန်လိုက်တာ''

ပါမောက္ခလျိုက မျက်မှောင်ကြုတ်လိုက်ပြီး_

"ဒါပုံမှန်မဟုတ်ဘူး... ညစ်ညမ်းရေမှာ ထူးထူးခြားခြားပါတာများရှိလို့လား?''

"မဖြစ်နိုင်ဘူး''

ရှန်လီကခေါင်းခါပြီး_

"ရုံချန်းမှာညစ်ညမ်းရေစမ်းသပ်ချက်ကို အရမ်းတင်းကြပ်ထားတယ်... စောင့်ကြည့်နေတဲ့ပညာရှင်တွေ သဘာဝထိန်းသိမ်းရေးတွေရှိတယ်... သူတို့က မြစ်ကိုတချိန်လုံးအနီးကပ်စစ်ဆေးတာ... စက်ရုံကလုပ်ရဲမှာမဟုတ်ဘူး''

သူတို့ဆွေးနွေးနေရင်း အံ့ဩပုံပေါက်လာသည်။

လုံးဝညိုးသွားသောအဝါရောင်အရွက်များမှာ အမဲစက်များထလာသောကြောင့်ပင်။

အဝါရောင်အစက်မှပြန်ထွက်လာသလိုရှိသည်။

မြန်မြန်ဆန်ဆန်ပင် တခြားပုံးထဲမှမိုးမခဘဲစားမှော်ပင်များလည်းညိုးဝါပြီး အမဲစက်များထွက်လာသည်။

မိုးမခဘဲစားမှော်ပင်များ အရောင်ပြောင်းနေပုံရသည်။

ပုံမှန်မဟုတ်သောမြင်ကွင်းကြောင့် စောစောကအဝါရောင်မှာညိုးခြောက်သည်ဟု ရှန်လီနှင့်ပါမောက္ခလျိုမထင်တော့။

တခြားအကြောင်းရင်းရှိရမည်။

အကြောင်းရင်းကို ချင်လင်ကတန်းသဘောပေါက်သည်။

အထူးမိုးမခဘဲစားမှော်မှာ ညစ်ညမ်းရေကိုဖြိုခွဲပြီးစုပ်ယူနိုင်သောအာနိသင် +၃ ရှိသည်။

ညစ်ညမ်းရေကိုဖြိုခွဲပြီးစုပ်ယူလိုက်ရင် ပုံစံပြောင်းသွားမှာပဲမလား?

အစာအဆိပ်သင့်သလိုပင်။ တစ်ခါတလေ တစ်ကိုယ်လုံးဖြူဖျော့ပြီး အသားအရောင်ကဝါကြန့်ကြန့်ဖြစ်သွားမည်။

မိုးမခဘဲစားမှော်ရော လုံးဝမထိခိုက်ဘဲနေမလား?

ဒါသူတို့မြင်နေရတဲ့မြင်ကွင်းရဲ့အကြောင်းရင်းဖြစ်မည်။

တနည်းပြောရရင် အထူးမိုးမခဘဲစားမှော်ရဲ့ +၃ အရည်အသွေးနှစ်မျိုးက မြန်မြန်ဆန်ဆန်အာနိသင်ပြနေပြီ။

မကြာမီ ရေပုံးထဲမှမိုးမခဘဲစားမှော်ပင်များ အမည်းရောင်လုံးလုံးပြောင်းသွားသည်။ နောက်ဆုံး အရွက်များလိပ်ပြီး အမည်းလုံးများဖြစ်သွား၏။

အဲဒီနောက် ပြောင်းလဲမှုမရှိတော့။

"အဲဒီအရွက်တွေအကုန်ဆယ်လိုက်ပါ''

ချင်လင်ကညွှန်ကြားသည်။

သုတေသီတစ်ယောက်က ချက်ချင်းရောက်လာပြီး အမည်းရောင်ဘောလုံးများဖြစ်နေသောမိုးမခဘဲစားမှော်ပင်များကို ဇကာနှင့်ဆယ်ကာ ပုံးအလွတ်ထဲထည့်လိုက်သည်။

ထို့နောက်တွင် ရေပုံးထဲမှရေကိုကြည့်ပြီး အားလုံးအံ့ဩသွားသည်။

"ရေပုံးထဲကရေကိုကြည့်ပါဦး... အခုတော်တော်ကြည်သွားပြီမလား?''

ပါမောက္ခလျိုကအမှတ်တမဲ့မေးသည်။

ရှန်လီက မယုံနိုင်ပုံနှင့်ခေါင်းညိမ့်သည်။

ပုံးထဲကညစ်ညမ်းရေ အများကြီးကြည်သွားမှန်း ချင်လင်သိသည်။

စောစောကနောက်ကျိနေသောရေပုံးမှာ အခုအများကြီးကြည်သွားပြီ။

တနည်းပြောရရင် ဒါအထူးမိုးမခဘဲစားမှော်၏အာနိသင်ဖြစ်သည်။

ဒီတော့ အထူးမိုးမခဘဲစားမှော်ပင်အလုံအလောက်ရှိရင် ဒီလိုညစ်ညမ်းတဲ့ရေတောင်ကြည်နိုင်တာပေါ့!

"မြန်မြန်လေး.. ဒီပုံးထဲကရေအရည်အသွေးကို ပြန်စစ်ကြည့်''

ပါမောက္ခလျိုက သုတေသီတစ်ယောက်ကိုချက်ချင်းညွှန်ကြားသည်။

သုတေသီက ချက်ချင်းကိရိယာယူပြီး ပုံးထဲမှရေအရည်အသွေးကိုစစ်ဆေးကြည့်သည်။

TD တန်ဖိုး လျင်မြန်စွာတက်လာ၏။

"စောစောက တန်ဖိုးဘယ်လောက်လဲ?''

ရှန်လီကမေးသည်။

"၁၄၃၅ ပါ!''

သုတေသီတစ်ယောက်က တင်ပြသည်။

အလွန်မြင့်သောတန်ဖိုးဖြစ်ပြီး ဆိုးဆိုးဝါးဝါးညစ်ညမ်းနေသည်။

သို့ရာတွင် အခုပြန်စစ်ကြည့်သော TD တန်ဖိုးကိုမြင်ပြီး အားလုံးအံ့အားသင့်သွားသည်။

၉၈၇!

အသစ်စမ်းထားသော TD တန်ဖိုးဖြစ်ပြီး ၄၀၀ ကျော်ကျသွားသည်။

"မယုံနိုင်စရာကောင်းလိုက်တာ''

ပါမောက္ခလျိုက တအံ့တဩရေရွတ်သည်။

ရေနေအပင်သုတေသီဖြစ်၍ ဘယ်လောက်အံ့ဩစရာကောင်းမှန်း သူသိသည်။

ရေသန့်စင်ပေးနိုင်သောအပင်များစွာရှိသော်လည်း အာနိသင်အကန့်အသတ်ရှိသည်။ တနည်းအားဖြင့် သန့်စင်ခြင်းကလည်း ဖြည်းဖြည်းချင်းအချိန်ယူရသည်။

နောက်ပြီး အဓိကအကျဆုံးက ထိုအပင်များမှာ အာနိသင်အကန့်အသတ်ရှိခြင်းပင်။ အတိုင်းအတာတစ်ခုအထိညစ်ညမ်းရင် အသုံးမတည့်တော့။ ရေထဲမှာရှင်တောင်မရှင်နိုင်ပေ။ သုံးရက်မှငါးရက်အတွင်း အမြစ်များတဖြည်းဖြည်းပုပ်ပြီးညိုးခြောက်သွားမည်။

All Chapters