အခန်း (၁၃၄၈-၁၃၅၀)
Vol. 90 Ch. 1448-1450
အခန်း ၁၃၄၈: ခေါင်းဆောင်အံ့ဩသွားပြီ!
တရုတ်သိပ္ပံအကယ်ဒမီ_
တော်ဝင်ပညာရှင်ဟောင်နှင့်တော်ဝင်ပညာရှင်ကျူးဦးဆောင်သော အာကာသဒုံးပျံသုတေသနအဖွဲ့၏အထူးပရောဂျက်အဖွဲ့တစ်ခုတွင် ဝန်ကြီးလုရောက်နေသည်။
မျိုးစေ့နှစ်စေ့ကိုအောင်အောင်မြင်မြင်ပြန်ယူလာပြီးနောက် ဒီပရောဂျက်က တရုတ်သိပ္ပံအကယ်ဒမီတွင် အရေးအကြီးဆုံးပရောဂျက်ဖြစ်လာသည်။
အထူးသဖြင့် ဂြိုဟ်ပေါ်သို့မျိုးစေ့နှစ်မျိုးပြန်ယူသွားပြီး ဂြိုဟ်ကိုအသွင်ပြောင်းရန် အထက်လူများဆုံးဖြတ်ထားသည်။
ရှေ့လျှောက် ဒီပရောဂျက်ကို သူအနီးကပ်စောင့်ကြည့်ရမည်။
ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်ဟောင်က ပရောဂျက်ကိုစစ်ဆေးပြီးနောက် ခေါင်းဆောင်ကဖုန်းဆက်လာသည်။
ဒီခေါင်းဆောင်က သူ့အထက်ကတိုက်ရိုက်မဟုတ်သလို သူနှင့်လည်းမဆက်စပ်ပေ။
သို့သော် ခေါင်းဆောင်တစ်ဦးဖုန်းဆက်မှတော့ ချက်ချင်းဖြေရမည်။
သို့ရာတွင် သူဖုန်းကိုင်ပြီး ခဏကြောင်သွားသည်။ ထို့နောက် တရုတ်သိပ္ပံအကယ်ဒမီမှအလောတကြီးထွက်ပြီး ထိုခေါင်းဆောင်ရုံးသို့ကားမောင်းသွားလိုက်သည်။
သူရောက်သောအခါ ပတ်ဝန်းကျင်စီမံရေးဌာနတာဝန်ခံလည်းရောက်နေသည်ကိုတွေ့ရသည်။ သူနှင့်သုံးလေးကြိမ်ဆုံဖူးသည်။
ဖုန်းထဲမှအကြောင်းရင်းသိပြီးဖြစ်၍ သူရောက်နေတာမထူးဆန်း။
ခေါင်းဆောင်က ဝန်ကြီးလုအား_
"ဝန်ကြီးလု.. ဖုန်းထဲမှာပြောထားတဲ့အတိုင်းပဲ... ဒီမှာအချက်အလက်တွေ... ကြည့်လိုက်ပါဦး!'
ချင်းလင်ဓာတ်ခွဲခန်းနှင့်ဆိုင်နေသည်။
ဝန်ကြီးလုက ချက်ချင်းယူဖတ်ကြည့်သည်။
ပတ်ဝန်းကျင်စီမံရေးတာဝန်ခံမဟုတ်၍ ရေထုစီမံရေးအကြောင်း သူသိပ်မသိ။
သို့သော် ခေါင်းဆောင်ပေးသောအချက်အလက်အရ ပြည်တွင်းရေအရည်အသွေးနှင့်ပတ်ဝန်းကျင်စီမံရေးက ဘယ်လောက်ခက်ခဲကြောင်း အကြမ်းဖျင်းသဘောပေါက်လိုက်သည်။
မောရိသျှတွင် ဆီတန်ချိန် ၄၀၀၀ ယိုစိမ့်မှုကြောင့်ဖြစ်သောရေထုညစ်ညမ်းမှုက ဘယ်လောက်အရေးကြီးမှန်း သူလည်းသိသည်။
ဒါကြောင့်လည်း နိုင်ငံတကာရေအရည်အသွေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မောရိသျှနိုင်ငံနှင့်ပူးပေါင်းပြီး ရန်ပုံငွေထူထောင်ကာ ရေထုသန့်စင်ရေးအတွက်တင်ဒါခေါ်ခြင်းဖြစ်သည်။
အထူးသဖြင့် တင်ဒါတွင် ချင်းလင်ဓာတ်ခွဲခန်းပါနေသည်။
"ချင်းလင်ဓာတ်ခွဲခန်းမှာ သုတေသနရလဒ်အသစ်ရှိရမယ်... ပြီးတော့ ရေညစ်ညမ်းမှုနဲ့လည်းဆိုင်လိမ့်မယ်''
ဝန်ကြီးလုက အချက်အလက်ကြည့်ရင်း အမှတ်တမဲ့ပြောလိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းအကြောင်း သူသိသောကြောင့်ပင်။ ရလဒ်ကဘာမှန်းမသိခြင်းသာ။
သူဌေးချင်ရဲ့သုတေသနလား ဒါမှမဟုတ် တော်ဝင်ပညာရှင်လီရဲ့သုတေသနလား?
ခေါင်းဆောင်ကနားထောင်ရင်း လောလောနှင့်မေးသည်_
"ဝန်ကြီးလု.. သေချာလား?''
ဝန်ကြီးလုကခေါင်းညိမ့်ပြီး_
"ဒီလိုပြောလို့ရတယ်... အခြေအနေအတိအကျကို ကျွန်တော်ဖုန်းဆက်မေးရမယ်''
သူကပြောရင်းဆိုရင်း ဖုန်းထုတ်ပြီး ချင်လင်ကိုဆက်သည်။ အခြေအနေကိုခေါင်းဆောင်သေချာသိအောင် စပီကာဖွင့်လိုက်၏။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က ရှောင်ရန်စီးနေသောချင်ဖုန်းလေးကိုကြည့်ပေးနေသည်။
ဖုန်းဝင်လာသောအခါ ဝန်ကြီးလုဖုန်းဖြစ်၍ ချက်ချင်းကိုင်ပြီး_
"ဟယ်လို ဝန်ကြီးလု!''
ချင်လင်ဖုန်းကိုင်သည်နှင့် ဝန်ကြီးလုကတန်းမေးသည်_
"သူဌေးချင်.. ချင်းလင်ဓာတ်ခွဲခန်းက မောရိသျှဆီယိုစိမ့်မှုတင်ဒါမှာပါတာလား?''
အထက်လူများသိပြီးဖြစ်မည်ထင်သောကြောင့် ချင်လင်ကဖုံးကွယ်မထားဘဲ_
"ဟုတ်ပါတယ်.. ရေဆိုးသန့်စင်ရာမှာအရမ်းထိရောက်တဲ့မိုးမခဘဲစားမှော်မျိုးစိတ်အသစ်ကို ကျွန်တော်တို့ပျိုးထောင်ထားလို့ ဥက္ကဌရှန်က တင်ဒါလိုက်တာပါ''
ဝန်ကြီးလုကနားထောင်ရင်း ခေါင်းဆောင်နှင့်ပတ်ဝန်းကျင်စီမံရေးတာဝန်ခံကိုအမှတ်တမဲ့ကြည့်ကာ 'ကြည့်ပါလား!' ဟုပြောနေသလိုပင်။
ခေါင်းဆောင်နှင့်ပတ်ဝန်းကျင်စီမံရေးတာဝန်ခံလည်း အချင်းချင်းကြည့်လိုက်ကြသည်။
တကယ်သုတေသနရလဒ်အသစ်ရှိနေသည်။
ဒါပေမဲ့ သူတို့သိချင်သေးသည်။
သူဌေးချင်က မိုးမခဘဲစားမှော်ဟုပြောသည်။
မိုးမခဘဲစားမှော်ကို တပြည်လုံးအနှံ့တွေ့နိုင်မှန်း သူတို့သိသည်။
မိုးမခဘဲစားမှော်ပင်အများစုမှာ ရေသန့်နိုင်သောအာနိသင်ရှိသော်လည်း သိပ်မထိရောက်သောကြောင့် ရေဆိုးကိုသန့်စင်ရန်မဖြစ်နိုင်။ မောရိသျှဆီယိုစိမ့်မှုဆိုမပြောနှင့်တော့။
ချင်းလင်ဓာတ်ခွဲခန်းမှာ အဆင့်မြင့်ရေဆိုးသန့်စင်ရေးနည်းပညာရှိမည်ဟုတွေးမိသော်လည်း မိုးမခဘဲစားမှော်ဟုမထင်မိပေ။
သို့သော် စဉ်းစားကြည့်လိုက်မှ ချင်းလင်ဓာတ်ခွဲခန်း၏သုတေသနက အမြဲအပင်နှင့်ဆက်စပ်နေသည်။
သူတို့သံသယကို ဝန်ကြီးလုနားလည်သည်။
ဒါချင်းလင်ဓာတ်ခွဲခန်းအကြောင်း သူတို့သေချာမသိသေးတဲ့သဘော။
သူဌေးချင်ကမိုးမခဘဲစားမှော်လို့ပြောမှတော့ လုံးဝသာမန်မဟုတ်နိုင်။
ချင်းလင်ဓာတ်ခွဲခန်းဥက္ကဌရှန်လီကလည်း အရူးမဟုတ်။ မဟုတ်ရင် အရင်းရှင်သူဌေးကြီးမာက Ant ဓာတ်ခွဲခန်းတာဝန်ခံအဖြစ်ရွေးခဲ့မှာမဟုတ်ပေ။ နောက်ပိုင်း ချင်းလင်ဓာတ်ခွဲခန်းရောက်လာပြီး သူဌေးချင်ကဓာတ်ခွဲခန်းကို ယုံယုံကြည်ကြည်အပ်နှံခြင်းခံထားရသူဖြစ်သည်။
ချင်းလင်ဓာတ်ခွဲခန်းက တင်ဒါလိုက်ရင် သူဌေးချင်ပြောတဲ့မိုးမခဘဲစားမှော်မှာ ထင်မထားလောက်တဲ့အာနိသင်မျိုးရှိရမည်။
ချင်လင်နဲ့သူ့ဓာတ်ခွဲခန်းကို ဝန်ကြီးလုထက်ပိုပြီးယုံကြည်သူမရှိနိုင်။
"သူဌေးချင်.. မိုးမခဘဲစားမှော်အကြောင်း ရှင်းပြလို့ရမလား?''
သူကမေးလိုက်သည်။
"ကိစ္စမရှိပါဘူး''
တကယ်တော့ ဝန်ကြီးလုဖုန်းဆက်ရသည့်အကြောင်းရင်းကို ချင်လင်ရိပ်မိသည်။
မိုးမခဘဲစားမှော်ကို အထက်လူတွေမသိအောင်ထိန်ချန်မထား။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းရေအရည်အသွေးနှင့်ပတ်ဝန်းကျင်သန့်စင်ရေးအတွက် မကြာမီကြော်ငြာတော့မည်ဖြစ်သည်။
ထို့ကြောင့် သူကရှင်းပြလိုက်၏_
"ဒီမိုးမခဘဲစားမှော်ကိုရေသန့်စင်ရေးအတွက်အထူးပျိုးထောင်ထားတာပါ... ဝန်ကြီးလု.. ကျွန်တော်တို့ချင်းလင်စံအိမ်ရေပေါ်တံတားကမိုးမခဘဲစားမှော်တွေအကြောင်းသိတယ်မလား? အဲဒီကရေအရည်အသွေးပိုကောင်းလိမ့်မယ်''
"အင်း.. သိတယ်''
ဝန်ကြီးလုပြန်ဖြေသည်။
ရေပေါ်တံတားကိုသူရောက်ဖူးသည်။ အဲဒီကရေအရည်အသွေးက ရေလှောင်တမံတခြားအပိုင်းထက်ပိုကောင်းသည်။
ချင်လင်က ပုံပြင်ဆက်ပြောသည်_
"အဲဒီမိုးမခဘဲစားမှော်တွေမှာ ရေသန့်စင်နိုင်တဲ့အာနိသင်ရှိတယ်... အခုမိုးမခဘဲစားမှော်အသစ်က အဲဒီအပင်တွေကိုအဆင့်မြှင့်ထားတာ... ရေအရည်အသွေးထိန်းချုပ်ဖို့သက်သက်ပဲ'’
အခန်း ၁၃၄၉: ခေါင်းဆောင်အံ့ဩသွားပြီ! ၂
"ကျွန်တော်တို့ဓာတ်ခွဲခန်းက သုတေသနစမ်းသပ်ချက်လုပ်ထားပါတယ်... စက်ရုံစွန့်ပစ်ရေ TD တန်ဖိုး ၁၀၀၀ ကျော်ရှိတဲ့ ဆိုးဆိုးဝါးဝါးညစ်ညမ်းတဲ့ရေကိုစမ်းသပ်ထားတာပါ''
"မိုးမခဘဲစားမှော်နဲ့တစ်ညသန့်စင်ပြီး စွန့်ပစ်ရေ TD တန်ဖိုးက ၁၀ အောက်တန်းကျသွားပါတယ်... ရေဆိုးထဲကအန္တရာယ်ရှိပစ္စည်းအားလုံးကို မိုးမခဘဲစားမှော်က စုပ်ယူလိုက်တာပါ... ဒါအခြေအနေအတိအကျပါပဲ''
ဝန်ကြီးလုကနားထောင်ရင်း TD တန်ဖိုး ၁၀၀၀ ကျော်ကို ၁၀ အောက်လျှော့ချနိုင်တာ အတော်အထင်ကြီးစရာကောင်းမည်ဟုထင်လိုက်သည်။
သို့ရာတွင် တာဝန်ခံကအံ့ဩလွန်း၍ ရေရွတ်လိုက်၏_
"ဒါမျိုးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''
ခေါင်းဆောင်က တာဝန်ခံကိုတအံ့တဩကြည့်လိုက်သည်။
သူတို့ကြောင့် ဝန်ကြီးလုလည်း ဖုန်းထဲပြောလိုက်သည်_
"သူဌေးချင်.. မင်းကိုမနှောင့်ယှက်တော့ပါဘူး''
ဖုန်းချပြီးနောက် သူကဇဝေဇဝါနှင့် တာဝန်ခံကိုကြည့်ပြီးမေးသည်_
"ချင်းလင်ဓာတ်ခွဲခန်းရဲ့မိုးမခဘဲစားမှော်က အရမ်းစွမ်းတာလား?''
တာဝန်ခံက မဆိုင်းမတွပင်_
"အဲဒီထက်ပိုတာပေါ့... မိုးမခဘဲစားမှော်မှာ ဒီလိုအာနိသင်မျိုးရှိရင် တော်တော်မယုံနိုင်စရာကောင်းတာ''
"TD ၁၀၀၀ ကျော်တဲ့ရေက ဘယ်လောက်ဆိုးဝါးလိုက်လဲ? လေးလံတဲ့သတ္တုဒြပ်စင်တွေပါရင် သောက်ပြီးတန်းသေနိုင်တယ်''
"ဒါပေမဲ့ အဲလောက်ညစ်ညမ်းတဲ့ရေကို တစ်ညနဲ့ TD တန်ဖိုး ၁၀ အောက်ကျအောင်သန့်စင်နိုင်တယ်ဆိုတော့ ညစ်ညမ်းရေက ကျွန်တော်တို့သောက်တဲ့ရေသန့်ထက်ပိုသန့်သွားတယ်ဆိုတဲ့သဘောပဲ... ပြည်တွင်းနေရာအတော်များများမှာ ဘုံပိုင်ရေ TD တန်ဖိုးက ၅၀ ကျော်တယ်''
"အဆင့်အမြင့်ဆုံးရေဆိုးသန့်စင်တဲ့နည်းပညာတောင် ဒီလိုမလုပ်နိုင်ဘူး... ကုန်ကျစရိတ်မရှိဘဲနဲ့ပေါ့''
ထိုအချိန်တွင် ဘယ်လောက်အံ့ဩစရာကောင်းမှန်း ဝန်ကြီးလုနှင့်ခေါင်းဆောင်လည်းသဘောပေါက်သွားသည်။
သောက်ရင်သေနိုင်တဲ့ရေကို တစ်ညအတွင်းသန့်စင်ပြီး သောက်ရေထက်တောင်ပိုသန့်အောင်လုပ်နိုင်သတဲ့။ ဒါစိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းထဲမှာပဲရှိတာမျိုး။
ဒီလိုအံ့ဩစရာကောင်းတဲ့အာနိသင်မျိုးရှိရင် ရှေ့လျှောက်ရေညစ်ညမ်းမှာပူစရာလိုလား?
"ချင်းလင်ဓာတ်ခွဲခန်းဆိုတဲ့အတိုင်းပဲ''
ဝန်ကြီးလုမနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ခေါင်းဆောင်ကအမှတ်တမဲ့ခေါင်းညိမ့်ပြီးနောက် ပတ်ဝန်းကျင်စီမံရေးတာဝန်ခံအား_
"မြန်မြန်စီစဉ်လိုက်ပါ... မောရိသျှတင်ဒါကိုအာရုံအပြည့်စိုက်ထား!''
"ကောင်းပါပြီ ခေါင်းဆောင်''
တာဝန်ခံက ချက်ချင်းခေါင်းညိမ့်သည်။
မောရိသျှတင်ဒါပရောဂျက်ကို ဝန်ကြီးလုမျှော်လင့်စောင့်စားမိသည်။
မိုးမခဘဲစားမှော်က သူဌေးချင်ပြောတဲ့အတိုင်းသာဆိုရင် တစ်ကမ္ဘာလုံးရေထုစီမံရေးလုပ်ငန်းများကို အံ့အားသင့်စေလိမ့်မည်။
မောရိသျှမှာ သန္တာကျောက်တန်းများဝန်းရံထားသောမီးတောင်ကျွန်းနိုင်ငံဖြစ်သည်။ သမုဒ္ဒရာပတ်လည်ဝိုင်းပြီး ပတ်ဝန်းကျင်ကအလွန်လှသည်။
သို့ရာတွင် ဆီတန်ချိန် ၄၀၀၀ ယိုစိမ့်မှုကြောင့် ပင်လယ်တပိုင်းက ဆိုးဆိုးဝါးဝါးညစ်ညမ်းသွားသည်။ ပင်လယ်ပြင်တစ်ခုလုံး ငါးသေပုပ်များမျောပြီး အနံ့ဆိုးထွက်နေ၏။
ထိုဆီယိုစိမ့်မှုကြောင့် မောရိသျှအခြေအနေဆိုးလာသည်။
နိုင်ငံတကာရေအရည်အသွေးနှင့်ပတ်ဝန်းကျင်စီမံရေးအဖွဲ့မှာ မောရိသျှအတွက်အကြီးမားဆုံးကယ်တင်ရှင်ဖြစ်သည်။
အချိန်လွန်သည်နှင့် တင်ဒါလိုက်သောကုမ္ပဏီတစ်ခုပြီးတစ်ခု မောရိသျှရောက်လာကြသည်။ ကမ္ဘာတစ်ဝန်းရှိသတင်းထောက်များလည်း အုံလိုက်ကျင်းလိုက်ရောက်ချလာ၏။
ယခုအခါ ပတ်ဝန်းကျင်ညစ်ညမ်းမှုမှာ ကမ္ဘာပေါ်တွင်အကြီးမားဆုံးပြဿနာတစ်ခုဖြစ်လာသောကြောင့် ထိုသတင်းများအလွန်ရေပန်းစားပြီး လူအများအာရုံစိုက်ခံရတာသဘာဝပင်။
တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီများတွင် အမေရိကန်မှ Altos ဓာတ်ခွဲခန်းက နာမည်အကြီးဆုံးဖြစ်သည်။ သူတို့ရေဆိုးသန့်စင်မှုနည်းပညာက အမြဲထိပ်တန်းတွင်ရှိခဲ့သည်။
သူတို့အနေနှင့် အမေရိကန်၏ညစ်ညမ်းရေပြဿနာကိုဖြေရှင်းရန် နည်းလမ်းမရှိသေးသော်လည်း အခြားကုမ္ပဏီများနှင့်ယှဉ်လျှင် အကောင်းဆုံးနည်းပညာကိုရထားသည်။
အရေးကြီးဆုံးအချက်မှာ လွန်ခဲ့သောနှစ်ဝက်ခန့်က Altos ဓာတ်ခွဲခန်းသည် နောက်ဆုံးပေါ် သံလိုက်ဓာတ်နှင့်ခွဲထုတ်သည့်ရေဆိုးသန့်စင်မှုနည်းပညာကိုတီထွင်နိုင်ခဲ့ခြင်းပင်။
ထိုနည်းပညာကို လက်ရှိရေဆိုးသန့်စင်မှုနည်းပညာများယှဉ်မရကြောင်း ကောလာဟလထွက်နေသည်။ Altos ဓာတ်ခွဲခန်း၏မူလနည်းပညာထက်တောင် အဆပေါင်းများစွာသာသည်။
ထိုနည်းပညာကို ကမ္ဘာပေါ်ချပြခြင်းမရှိသောကြောင့်သာ မသိကြခြင်းဖြစ်သည်။
ဒီအကြိမ်တွင် သံလိုက်နှင့်ဓာတ်ခွဲ၍ရေဆိုးသန့်စင်သည့်နည်းပညာကို ကိုယ်တိုင်မြင်တွေ့ရတော့မည်။
Altos ဓာတ်ခွဲခန်းကဲ့သို့ အာရုံစိုက်ခံရသည့် ဓာတ်ခွဲခန်းတစ်ခုလည်းရှိသေးသည်။
အရှေ့တိုင်းမှချင်းလင်ဓာတ်ခွဲခန်းပင်။
ကမ္ဘာပေါ်တွင် ချင်းလင်ဓာတ်ခွဲခန်းကိုသိပ်မစိမ်းကြ။ အကြောင်းမှာ ချင်းလင်ထုတ်ကုန်များဖြစ်သည့် သန့်စင်မြက်၊ ရေပူစမ်းဆေးမှုန့်၊ ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့် အပူချိန်မြင့်သွေးခဲပလိပ်ဆေးရည်... အားလုံးနာမည်ကြီးသောကြောင့်ပင်။
အားလုံးက ချင်းလင်ဓာတ်ခွဲခန်းထုတ်ကုန်များဖြစ်သည်။ အထူးသဖြင့် ထုတ်ကုန်အများစုကို အနောက်နိုင်ငံများတွင်ပိတ်ဆို့အရေးယူထားသည်။
ချင်းလင်ဓာတ်ခွဲခန်းတစ်ခုတည်းသာ ဒီလိုလုပ်နိုင်စွမ်းရှိသည်။
ထို့ကြောင့် ဒီတစ်ကြိမ် မောရိသျှ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးတင်ဒါတွင် ချင်းလင်ဓာတ်ခွဲခန်းဝင်ပြိုင်သောအခါ အလွန်အာရုံစိုက်ခံရသည်။
အဓိကအချက်မှာ အတော်များများက ချင်းလင်ဓာတ်ခွဲခန်းကိုစုံစမ်းကြည့်ရာ ရေအရည်အသွေးထိန်းချုပ်မှုဆိုင်ရာနည်းပညာအကြောင်း တစွန်းတစမှမကြားရပေ။
သက်ဆိုင်ရာနည်းပညာမရှိသောဓာတ်ခွဲခန်းက ဒီလိုတင်ဒါမျိုးတွင်ဝင်ပြိုင်ခြင်းမှာ နည်းနည်းရုတ်ချည်းဆန်နေသည်။
ချင်းလင်ဓာတ်ခွဲခန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးတင်ဒါတွင်ပါဝင်ရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ပြီး ထိုအဖွဲ့တာဝန်ခံမှာ ရှန်လီဖြစ်သည်။
သူတို့က တင်ဒါဝင်ပြိုင်မည့်ကုမ္ပဏီများအတွက် နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှပြင်ဆင်ပေးသောသင်္ဘောနှင့် မောရိသျှသို့ထွက်လာသည်။
ပင်လယ်ပြင်ကိုဖြတ်သန်းပြီး တစ်နေရာအရောက်တွင် ပင်လယ်ရေပြင်မှာမည်းနက်ပြီး ငါးသေပုပ်များပေါ်နေသည်ကို ရှန်လီတွေ့ရသည်။ ပင်လယ်လေနှင့်အတူ အပုပ်နံ့များလည်းပါလာသည်။
ထိုနေရာမှာ ညစ်ညမ်းနေသောပင်လယ်ပြင်အပိုင်းဖြစ်သည်။
ပင်လယ်အခြေအနေကို တင်ဒါပြိုင်မည့်ကုမ္ပဏီများအရင်သိရှိစေရန် ထိုနေရာကိုရည်ရွယ်ချက်ရှိရှိဖြတ်သန်းမောင်းနှင်စေခြင်းဖြစ်သည်။
မောရိသျှကမ်းခြေသို့သင်္ဘောဆိုက်သောအခါ ညစ်ညမ်းနေသောပင်လယ်ရေပြင်နှင့် ဖောင်စင်္ကြံများခြားထားသည်ကို ရှန်လီတွေ့ရသည်။
ခြားထားသည့်နေရာတိုင်းတွင် ရေအရည်အသွေးစစ်ဆေးသောအထူးကိရိယာများတပ်ဆင်ထားသည်။ တချို့စက်များတွင်ပြထားသောနံပါတ်မှာ:
၃၂၀၀? ၃၂၄၄? ၃၃၂၁......
ထိုစက်များမှာ ရေအရည်အသွေးကိုတိုင်းတာရန် သုံးသောစက်ကြီးများဖြစ်ကြောင်း ရှန်လီသိသည်။ ပတ်ဝန်းကျင်ရေထု၏ TD တန်ဖိုးကို တိုင်းတာနိုင်သည်။
အားလုံး ၃၀၀၀ ကျော်နေသောကြောင့် ဆီယိုစိမ့်မှုက ဘယ်လောက်ကြောက်စရာကောင်းကြောင်းပြနေသည်။
ဆီတန်ချိန် ၄၀၀၀ မှာ ပင်လယ်ပြင်တစ်ခုလုံးပျံ့နှံ့သွားပြီး ပင်လယ်ရေနှင့်ရောနှောသွားသည်ကိုသတိချပ်မိသည်။
ဒီတစ်ကြိမ်တင်ဒါက အလွန်ရိုးရှင်းသည်။ တင်ဒါဝင်ပြိုင်မည့်ကုမ္ပဏီများ၊ဓာတ်ခွဲခန်းများက ညစ်ညမ်းနေသောပင်လယ်ပြင်တစ်နေရာကို ရွေးချယ်စာရင်းသွင်းပြီး ထိုပင်လယ်ပြင်ကို စတင်သန့်စင်ရမည်။
မောရိသျှလိုညစ်ညမ်းနေသောရေပြင်တင်ဒါအပေါ် သူတို့မလှည့်စားစေလို။
အကြောင်းမှာ ဒေတာအချက်အလက်များနှင့်နမူနာရလဒ်များကိုပြသသည့် နိုင်ငံတကာဓာတ်ခွဲခန်းတချို့နှင့်ကြုံခဲ့ဖူးသောကြောင့်ပင်။ ရလဒ်များက အထင်ကြီးစရာကောင်းသော်လည်း လက်တွေ့စီမံရေးမှာ အခြေအနေဆိုးရွားသည်။
ဒီတော့ ဒီတစ်ခေါက် သူတို့အစီအစဉ်ကရှင်းသည်။ 'ခင်ဗျားတို့ကိုအချိန်ပေးမယ်... ကိုယ်ရွေးထားတဲ့နေရာကို ကိုယ့်နည်းကိုယ်ဟန်နဲ့စီမံကြည့်ပါ' ပေါ့။
ရှန်လီက သူ့လူများနှင့်အတူ သင်္ဘောပေါ်မှအမြန်ဆင်းလာသည်။ သူတို့မိုးမခဘဲစားမှော်ကိုသေချာစစ်ဆေးပြီး ပြည်တွင်းရှိယုံကြည်စိတ်ချရသောသင်္ဘောတင်ကုမ္ပဏီတစ်ခုတွင် အပ်နှံခဲ့သည်။
ရှန်လီတို့အဖွဲ့၏အာရှမျက်နှာများက အားလုံး၏အာရုံကိုဆွဲဆောင်လိုက်သည်။ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတင်ဒါတွင်ပါဝင်သည့်အခြားဓာတ်ခွဲခန်းများနှင့် နိုင်ငံအသီးသီးမှသတင်းထောက်များပင်။
ချင်းလင်ဓာတ်ခွဲခန်းမှာ တင်ဒါဝင်ပြိုင်သည့်အထဲတွင်တစ်ခုတည်းသောအာရှဓာတ်ခွဲခန်းဖြစ်သည်။
ဒီတော့ ဒီအရှေ့တိုင်းသားတွေက ချင်းလင်ဓာတ်ခွဲခန်းကလွဲပြီးမဖြစ်နိုင်။
သို့သော် အခြားဓာတ်ခွဲခန်းများက ချင်းလင်ဓာတ်ခွဲခန်းကိုသဘောမကျမှန်းသိသာသည်။ အကြောင်းမှာ ပါဝင်ယှဉ်ပြိုင်သည့်ဓာတ်ခွဲခန်းအားလုံးတွင် နည်းစနစ်ကျကျသုတေသနများရှိသော်လည်း ချင်းလင်ဓာတ်ခွဲခန်းတစ်ခုတည်းသာ ဘာအတွေ့အကြုံမှမရှိသောကြောင့်ပင်။
သို့ရာတွင် ချင်းလင်ဓာတ်ခွဲခန်းမှာ တခြားကုမ္ပဏီများအားလုံးထက် ပိုအာရုံစိုက်ခံရပြီး Altos ဓာတ်ခွဲခန်းနှင့်တန်းတူဖြစ်နေသည်။ ထို့ကြောင့် ငြင်းရခက်ခက်ပင်။
ရေသန့်စင်ရေးမှာ ချင်းလင်ဓာတ်ခွဲခန်းက အရည်အချင်းမပြည့်မီဟု သူတို့ထင်သည်။
Altos ဓာတ်ခွဲခန်းမှလူများလည်း ဒီလိုထင်ကြသည်။
တာဝန်ခံ Babit က ရှန်လီတို့ကိုမြင်သောအခါ သူ့နားရှိလူများအား_
"နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဒီတစ်ခါ လျှောက်လွှာတင်တဲ့နေရာမှာ အရည်အချင်းကန့်သတ်ချက်ထားသင့်တာ"
“မစ္စတာ Babit.. ချင်းလင်ဓာတ်ခွဲခန်းက တကယ်အစွမ်းထက်တဲ့ဓာတ်ခွဲခန်းဖြစ်မယ်... သူတို့က အံ့ဖွယ်ထုတ်ကုန်အများကြီးကို သုတေသနလုပ်ထားတာ”
ဘေးနားရှိလူတစ်ယောက်က မျက်မှောင်ကြုတ်ပြီးပြောသည်။
Babit က ဆက်ညည်းသည်_
"ချင်းလင်ဓာတ်ခွဲခန်းက အံ့သြဖို့ကောင်းမှန်းသိပါတယ်... ကျုပ်လည်း သူတို့ရေပူစမ်းဆေးမှုန့်ကိုတောက်လျှောက်သုံးနေတာ... အရမ်းဈေးကြီးတယ်... ဒါပေမဲ့ သူတို့မှာ ရေထုသန့်စင်ရေးအတွေ့အကြုံလုံးဝမရှိဘူး... ဒီအပိုင်းမှာ ဘာအရည်အချင်းမှမရှိဘူး... အရည်အသွေးနဲ့နည်းပညာပိုင်းမှာထိပ်တန်းရောက်နေတဲ့ ငါတို့ Altos ဓာတ်ခွဲခန်းနဲ့ယှဉ်စရာဘာအကြောင်းရှိလဲ?''
သူ့စကားကို ဘေးနားရှိလူများက ခေါင်းညိမ့်ထောက်ခံကြသည်။ မည်သို့ဆိုစေ သူတို့၏သံလိုက်ဓာတ်နှင့်ခွဲထုတ်သည့် ရေဆိုးသန့်စင်မှုနည်းပညာက တခြားကုမ္ပဏီအားလုံးထက်သာ၍ တင်ဒါကိုသေချာပေါက်အနိုင်ရလိမ့်မည်။
ချင်းလင်ဓာတ်ခွဲခန်းက နားမလည်ပါးမလည်?
ဝါသနာအရလုပ်ပြီး သူများထမင်းအိုးကိုရိုက်ခွဲချင်နေသလိုလို။
နောက်နေတာလား?
အခန်း ၁၃၅၀: ခေတ်နောက်ကျ?
"ကျုပ်နေရာစာရင်းသွင်းရင် ချင်းလင်ဓာတ်ခွဲခန်းနားရွေးမယ်... ကျုပ်တို့နဲ့တတန်းတည်း အာရုံစိုက်ခံရအောင်လို့''
Babit ကပြုံးပြုံးနှင့်ပြောသည်_
"အချိန်ကျရင် သိသိသာသာကွာသွားမှာပေါ့''
သူ့နားဝန်းကျင်မှလူများကနားထောင်ရင်း ပြုံးလိုက်ကြသည်။
ရေအရည်အသွေးထိန်းချုပ်ရာတွင် Altos ဓာတ်ခွဲခန်းက အမှန်ပင် ကမ္ဘာမှာဦးဆောင်နေသည်။
ရှန်လီတို့မောရိသျှရောက်သောအခါ အထူးဟိုတယ်တစ်ခုတွင်တည်းခိုရန်စီစဉ်ပေးထားသည်။
နောက်တစ်နေ့တွင် ဝန်ထမ်းတစ်ဦးက စာရင်းသွင်းနေရာလိုက်ပို့သည်။
ဝန်ထမ်းက အီလက်ထရွန်းနစ်မြေပုံထုတ်ပြကာ_
"လူကြီးမင်း.. ကိုယ်စီမံလိုတဲ့နေရာကိုရွေးပါ''
အီလက်ထရွန်းနစ်မြေပုံတွင် အပိုင်းပိုင်းခွဲထားသည်ကိုတွေ့ရသည်။
စောစောက သူတို့မြင်ခဲ့သောပင်လယ်နားပင်။
ထိုအပိုင်းပိုင်းခွဲထားသောအပေါ်တွင် ကုမ္ပဏီနာမည်များဖော်ပြထားသည်။ ထိုကုမ္ပဏီများ၊ဓာတ်ခွဲခန်းများကရွေးချယ်ထားသောနေရာများဖြစ်သည်။
ရှန်လီက အီလက်ထရွန်းနစ်မြေပုံကိုတစ်ချက်ကြည့်ပြီး တစ်နေရာရွေးလိုက်သည်။ ထို့နောက် ချင်းလင်ဓာတ်ခွဲခန်းနာမည်ဖြည့်လိုက်၏။
"လူကြီးမင်း''
ဝန်ထမ်းကသတိပေးသည်_
"စာရင်းသွင်းပြီးတာနဲ့ ကိုယ်ရွေးချယ်ထားတဲ့နေရာမှာ အချိန်မရွေးလုပ်ငန်းစနိုင်ပါပြီ''
ရှန်လီကခေါင်းညိမ့်ပြီး ရွေးချယ်ထားသောနေရာအခြေအနေကို သူ့လူများနှင့်သွားစစ်ဆေးသည်။
သို့ရာတွင် သူတို့ထွက်သွားသည်နှင့် Babit ၏ Altos ဓာတ်ခွဲခန်းကလူများ စာရင်းသွင်းရန်ရောက်လာသည်။
"လူကြီးမင်း.. ကိုယ်ပြုပြင်လိုတဲ့နေရာရွေးပါ''
ဝန်ထမ်းက သူတာဝန်အတိုင်း အီလက်ထရွန်းနစ်မြေပုံထုတ်ပြသည်။
Babit က အီလက်ထရွန်းနစ်မြေပုံပေါ်မှကုမ္ပဏီ၊ဓာတ်ခွဲခန်းနာမည်များကိုဖတ်ပြီး ချင်းလင်ဓာတ်ခွဲခန်းကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ချင်းလင်ဓာတ်ခွဲခန်းဘေးနေရာကိုရွေးချလိုက်၏။
အခုချိန်ထိစောင့်နေရတဲ့အကြောင်းရင်းက ချင်းလင်ဓာတ်ခွဲခန်းအရင်နေရာရွေးအောင်ပင်။ ပြီးမှ သူတို့က ချင်းလင်ဓာတ်ခွဲခန်းဘေးကပ်လျက်နေရာကိုရွေးမည်။
ဇာတ်လိုက်ကို ဇာတ်ပို့ပေးမည့်သူ လိုစမြဲ။
Altos ဓာတ်ခွဲခန်းက ဇာတ်လိုက်၊ ချင်းလင်ဓာတ်ခွဲခန်းက ဇာတ်ပို့။
Altos ဓာတ်ခွဲခန်းရွေးသောနေရာကိုမြင်ပြီး ဝန်ထမ်းက Babit ကိုအမှတ်တမဲ့ကြည့်လိုက်သည်။
ဝင်ပြိုင်တဲ့ကုမ္ပဏီ၊ဓာတ်ခွဲခန်းတွေထဲမှာ Altos ဓာတ်ခွဲခန်းနဲ့ချင်းလင်ဓာတ်ခွဲခန်းကို လူစိတ်ဝင်စားမှုအများဆုံးမှန်း သူသိသည်။
အခု Altos ဓာတ်ခွဲခန်းက ဒီနေရာကိုရွေးလိုက်ပြီဆိုတော့ သူ့ရည်ရွယ်ချက်ကရှင်းနေပြီ။
ပြိုင်တာ!
တနည်းပြောရရင် ပွဲကောင်းကောင်းကြည့်ရတော့မည်။
ရှန်လီက သူ့လူများနှင့်ပင်လယ်နားရောက်နေသည်။
သူရောက်သောအခါ ရေမျောတုံးပလက်ဖောင်းနှင့်ခြားထားသောနေရာများတွင် ကုမ္ပဏီ၊ဓာတ်ခွဲခန်းနာမည်များတွေ့ရသည်။
ဓာတ်ခွဲခန်းတစ်ခုစီကရွေးထားသောနေရာအလိုက် သက်ဆိုင်ရာနာမည်များတပ်ထားသည်။
ချင်းလင်ဓာတ်ခွဲခန်းနာမည်ကို ရှန်လီကချက်ချင်းမြင်ပြီး သူ့အဖွဲ့ကိုထိုနေရာခေါ်သွားသည်။
သို့ရာတွင် ရေပေါ်တံတားပလက်ဖောင်းပေါ်ရောက်သောအခါ သူ့ဘေးပလက်ဖောင်းမှ Altos ဓာတ်ခွဲခန်းနာမည်ကို ရှန်လီသတိထားမိသည်။
“???”
ရှန်လီကြောင်သွားသည်။
သူမလာခင်က ဓာတ်ခွဲခန်းများ၏အချက်အလက်ကိုဖတ်ခဲ့သည်။ ရေအရည်အသွေးထိန်းချုပ်ရာတွင် Altos ဓာတ်ခွဲခန်းက ကမ္ဘာပေါ်တွင်အကောင်းဆုံးဓာတ်ခွဲမှန်း သူသိသည်။ ဒီတစ်ကြိမ်တွင် စိတ်ဝင်စားအခံရဆုံးဓာတ်ခွဲခန်းလည်းဖြစ်သည်။
အခု Altos ဓာတ်ခွဲခန်းက သူ့ဘေးမှာဆိုတော့ ရည်ရွယ်ချက်ကရှင်းနေပြီ။
သူတို့ပေါ်နင်းချင်တာမလား?
ရှန်လီတင်မဟုတ်။ တခြားကုမ္ပဏီ၊ဓာတ်ခွဲခန်းများလည်း ဒီအခြေအနေကိုသတိထားမိပြီး ပြုံးစိစိဖြစ်သွားကြသည်။ သူတို့အားလုံး Altos ဓာတ်ခွဲခန်း၏ရည်ရွယ်ချက်ကိုသိသည်။
သတင်းထောက်များကချက်ချင်း ထိုမြင်ကွင်းဘက်ကင်မရာလှည့်လိုက်သည်။ စ*စ်ဖြစ်မည့်အရိပ်အယောင်မြင်နေရပြီ။
"မြင်တဲ့အတိုင်းပါပဲ... Altos ဓာတ်ခွဲခန်းက ချင်းလင်ဓာတ်ခွဲခန်းဘေးကိုရွေးထားပါတယ်''
"ဒီတစ်ခါ ချင်းလင်ဓာတ်ခွဲခန်းနဲ့ Altos ဓာတ်ခွဲခန်းက အာရုံအစိုက်ခံရဆုံးဓာတ်ခွဲခန်းနှစ်ခုပါ... အလိုလေး''
ဒါ ရေပန်းစားသတင်းခေါင်းစဉ်ပင်။
သို့ရာတွင် ထိုထိုကုမ္ပဏီ၊ဓာတ်ခွဲခန်းများမှာ တင်ဒါအတွက်အဓိကလာကြခြင်းဖြစ်၍ မကြာမီ သူတို့ကိရိယာများယူလာပြီး စတင်တပ်ဆင်ကြသည်။
ရေအရည်အသွေးစီမံခန့်ခွဲသည့်ကုမ္ပဏီနှင့် ဓာတ်ခွဲခန်းအများစုက နည်းပညာမြင့်စက်ကိရိယာများသုံးပြီး လျှပ်စစ်ဓာတ်ခွဲနည်းနှင့်ဆင်တူသောနည်းများကိုအသုံးပြုကြသည်။
ပင်လယ်ထဲကိုလည်း အထူးအမှုန့်များစထည့်သည်။
Altos က အထူးနည်းပညာမြင့်စက်ပစ္စည်းသုံးပြီး သံလိုက်ဓာတ်ခွဲနည်းနှင့်ရေဆိုးသန့်စင်သည်။
ရေထုစီမံရေးမှာ ဒီလိုနည်းပညာမျိုးပေါ်ထွက်လာတာ ဒါပထမဆုံးလည်းဖြစ်သည်!
သံလိုက်ဓာတ်ခွဲနည်းနှင့် ရေထဲမှအညစ်အကြေးများကိုချေဖျက်ခွဲထုတ်သည်။ ထို့နောက် ကွဲထွက်နေသောညစ်ညမ်းပစ္စည်းများကိုဖယ်ထုတ်ပြီး ရေသန့်စင်ရန် အထူးနည်းလမ်းများသုံးမည်။
ကိရိယာများကိုရေပေါ်ပလက်ဖောင်းတွင်ချပြီးနောက် Babit ကိုယ်တိုင်ဦးဆောင်ပြီး ကိရိယာများတပ်ဆင်သည်။
ဒါသူ့သုတေသနရလဒ်ဖြစ်၍ ဒီကိရိယာကိုသူ့ထက်ပိုကျွမ်းကျင်သူမရှိနိုင်။
မကြာမီ Babit တို့က ကိရိယာတပ်ဆင်ပြီး ညစ်ညမ်းရေကိုစတင်သန့်စင်သည်။
တခြားကုမ္ပဏီများလည်း အတူတူပင်။ ချင်းလင်ဓာတ်ခွဲခန်းမှလွဲ၍ အားလုံးကိုယ်ပိုင်ကိရိယာများအသီးသီးတပ်ဆင်လိုက်ကြသည်။
ထိုအချိန်တွင် တင်ဒါတရားဝင်စတင်သည်။
ချင်းလင်ဓာတ်ခွဲခန်းမှပို့လိုက်သောမိုးမခဘဲစားမှော်မရောက်သေးသောကြောင့် ချင်းလင်ဓာတ်ခွဲခန်းကိုအာရုံစိုက်ခံရပြန်သည်။
ပြည်တွင်းအကောက်အခွန်စစ်ဆေးမှုနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအခြေအနေကြောင့် မြန်မြန်သယ်ချင်တိုင်းသယ်မရပေ။
ထို့ကြောင့်လည်း အခြေအနေတစ်ရပ်ဖြစ်လာသည်။ တခြားကုမ္ပဏီများက ကိရိယာများတပ်ဆင်ပြီး ရေဆိုးသန့်စင်နေကြစဉ် ချင်းလင်ဓာတ်ခွဲခန်းမှာယောင်ချာချာနှင့် ဘာလှုပ်ရှားမှုမှမရှိသေး။