← Chapters

ဘူးသီးခြောက်

Vol. 10 Ch. 978

ဘူးသီးခြောက်

Vol. 10 Ch. 978

ဝူကျီးချီက ဟယ်ရှန်းကို အသနားခံသည့်မျက်နှာထားဖြင့် ကြည့်လိုက်ပြီး တောင်းပန်လိုက်လေသည်။

ဟယ်ရှန်းကလည်း ဝူကျီးချီ၏ ဦးခေါင်းကို ခုတ်ဖြတ်နေခြင်း ကို ရပ်တန့်လိုက်သည်။

အမှန်တော့ ဟယ်ရှန်းက ဝူကျီးချီကို သနားသောကြောင့် ရပ်တန့်လိုက်ခြင်း မဟုတ်ပေ။ သူမ၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာသည့် အမျိုးသမီးအသံက "ရပ်တန့်လိုက်ရန်" ပြောလိုက်သည့်အတွက် ရပ်တန့်လိုက်ခြင်း ဖြစ်သည်။

ဝူကျီးချီကတာ့လော်အဆင့် နတ်မိစ္ဆာတစ်ပါးဖြစ်လေသည်။ သူ၏ အနက်ရှိုင်းဆုံးဝိညာဉ်သည်လည်း တန်ခိုးစွမ်းအား အနှစ်သာရများဖြင့် ပြည့်ဝလျှက်ရှိသည်။

ဟယ်ရှန်းသာ ဝူကျီးချီ၏ဦးခေါင်းကို ဆက်လက်ခုတ်ဖြတ်နေမည်ဆိုလျှင် ထိုမျောက်ကြီး ဒဏ်ရာရသွားမည်မှာ သေချာသလောက်ဖြစ်သည်။ သို့သော်… ထိုမိစ္ဆာကောင်ကို အမြစ်ပြတ်သုတ်သင်ပစ်နိုင်မည်တော့ မဟုတ်ပေ။

ဟယ်ရှန်း၏လက်ထဲမှ ငရဲလမ်းဓားက တန်ခိုးစွမ်းအားများဖြင့် ရောင်ပြန်ဟပ်ကာ တလက်လက်တောက်ပလျှက် ရှိသည်။ ငရဲလမ်းဓား၏ သန့်စင်ထားသည့် တာ့လော်အဆင့်တန်ခိုးစွမ်းအားများက ဝူကျီးချီကို များစွာ ဒုက္ခပေးနိုင်လေသည်။

ထို့နောက် ဟယ်ရှန်းက ငရဲလမ်းဓားကို တစ်ချက်ဝှေ့ရမ်းလိုက်လေရာ ငရဲလမ်းဓားမှ သံပိုးချည်မျှင်များ ထွက်ပေါ်လာပြီး ဝူကျီးချီကို ကြိုးဖြင့် တုတ်နှောင်ထားလိုက်လေတော့သည်။

ဆန်းချင်းချင်းက ပြဒါးဆေးတစ်လုံးကို အလျှင်အမြန်စားလိုက်သည့်အတွက် ဒဏ်ရာများ ချက်ချင်းပင် ပြန်လည် သက်သာလာပြီ ဖြစ်လေသည်။

ဆန်းချင်းချင်းက …

"ကျေးဇူးတင်ပါတယ် ညီမလေးဟယ်ရှန်း…"

ဟယ်ရှန်းက…

"ဆန်းမိန်းကလေး ကျေးဇူးတင်တာ မခံဝံ့ပါဘူး ၊ ကျွန်မက ဆရာဆန်းလျန်အမိန့်အတိုင်း လုပ်ဆောင်တာပါ…"

ဆန်းချင်းချင်းက မျက်လုံးတစ်ချက်လှန်လိုက်ပြီး ရယ်မောလိုက်ရင်း…

"ဒါနဲ့ ကျွန်မလည်း ဆန်းလျန်ကို သွားတွေ့စရာကိစ္စတစ်ခုရှိတယ် ၊ အတူတူ သွားကြမယ်လေ… ညီမလေး…"

ဟယ်ရှန်းက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး…

"ဆန်းမိန်းကလေး တစ်ခုခုများ လုပ်စရာရှိသေးလို့လား…"

ဆန်းချင်းချင်းက ထာဝရဓားကို ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်။

ထိုအခါ ဓားအိမ်အတွင်းမှ ဆောင်းရာသီတွင်ကျဆင်းသည့် နှင်းဖြူများအလား တောက်ပလွန်းသည့် ဓားတစ်လက် ထွက်ပေါ်လာလေသည်။

ဓားခြိမ်းသံတစ်ချက်လည်း ကြည်လင်စွာ ထွက်ပေါ်လာပြီး ဓားတန်ခိုးစွမ်းအားများကြောင့် စွမ့်ယွမ်တောင်ထွတ်တစ်ခုလုံး တုန်လှုပ်လျှက်ရှိလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးရှိ မြူခိုးတိမ်တိုက်များမှာ ဓားတန်ခိုးစွမ်းအားများကြောင့် လျှင်မြန်စွာ လွင့်ပျံနေပြီး အဆုံးမရှိသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လျှက် ရှိသည်။

ဟယ်ရှန်းက ပြီးပြည့်စုံသည့် တာအိုနှလုံးသားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့တိုင်အောင် ထာဝရဓား၏ အံ့ချီးဖွယ်ရာ တန်ခိုးစွမ်းအားများက သူမကို စွဲဆောင်လျှက် ရှိလေသည်။

ထာဝရဓားမှာ မယုံကြည်နိုင်စရာကောင်းလွန်းသည့် နတ်ဓားတစ်လက်ဖြစ်ပြီး ဟယ်ရှန်းသည်ပင် ထာဝရဓား၏ နက်ရှိုင်းသည့် တန်ခိုးစွမ်းအားများကြောင့် တုန်လှုပ်လျှက် ရှိလေသည်။

ထာဝရဓားကို တွေ့မြင်ရသည်မှာ ဆရာဆန်းလျန်ကို တွေ့မြင်ရသည့်အလား တူညီသည့် ခံစားချက်ကို ပေးစွမ်းလေသည်။

ဆန်းချင်းချင်းက ဓားကိုဆွဲထုတ်လိုက်ပြီးသည့်နောက် အရင်ကနှင့်မတူတော့ဘဲ အသစ်သောလူသားတစ်ယောက်အလား ပြောင်းလဲသွားလေသည်။

သူမ လွတ်လပ်ပေါ့ပါးသည့် နတ်မိမယ်လေးတစ်ပါးအလား ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေသည်။

သူမ၏မျက်ဝန်းများထဲမှ အပြစ်ကင်းစင်မှုများနှင့် ကလေးဆန်မှုလေးများ ပျောက်ဆုံးသွားပြီး စင်ကြယ်သည့် တန်ခိုးစွမ်းအားများဖြင့် ပြည့်နက်နေသည့် မျက်ဝန်းများဖြင့် အစားထိုးသွားသည်။

ဆန်းချင်းချင်းသာ ယခုကဲ့သို့ ပုံစံဖြင့် လူ့လောကသို့ ရောက်ရှိသွားမည်ဆိုပါက သူမကို ရိုသေလေးစားပြီး သူမလက်အောက်တွင် တပည့်ခံကြမည့် ကျင့်ကြံသူများစွာရှိလာပေလိမ့်မည်။ တရားအလင်းရရန်အတွက် သူမကို သေချာပေါက် ချဉ်းကပ်ကြပေလိမ့်မည်။

ဆန်းချင်းချင်းကိုယ်တိုင်မှာလည်း သူမ အပြောင်းလဲကြီးပြောင်းလဲသွားသည်ကို သတိထားလိုက်မိသည်။

သူမ ထာဝရဓားကို ဆွဲထုတ်လိုက်သည်နှင့် ထိုက်ယီမရဏဓား (၇)လက်အကြောင်းကို ချက်ချင်း နားလည်သွားလေသည်။

ထိုက်ယိမရဏဓားကျမ်းကို သူမ အကြိမ်ပေါင်းများစွာ ဖတ်ရှုပြီးသည့်တိုင် တစ်လုံးတစ်ပါဒမျှ နားမလည်ခဲ့ပေ။ ယခု ထာဝရဓားကို လက်တွင်ကိုင်ဆောင်လိုက်သည်နှင့် ထိုဓားကျမ်းတစ်ခုလုံးကို ရှင်းလင်းစွာဖြင့် နားလည်သွားလေသည်။

သူမ၏မျက်ဝန်းများကလည်း စမ်းချောင်းလေးများ စီးဆင်းနေသည့်အလား အဆုံးမရှိကြည်လင်နေလေသည်။ ကျင့်ကြံရမည်ကို ပျင်းရိနေသည့် သူမ၏ စိတ်ထားများအားလုံး ကြက်ပျောက်ငှက်ပျောက် လွင့်စင်ထွက်သွားပြီ ဖြစ်လေသည်။

နှစ်ပေါင်း သောင်းနှင့်ချီပြီးကျင့်ကြံမှ အောင်မြင်နိုင်မည်ဖြစ်သည့် ထိုက်ယီမရဏဓား (၇)လက်ကို ဆန်းချင်းချင်းကတော့ ချက်ချင်းပင် ကျင့်ကြံအောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။

သူမ၏ ဓားသိုင်းပညာကလည်း အကန့်အသတ်မရှိတော့ဘဲ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ သူမ၏ စိတ်ဝိညာဉ်သည်လည်း အနက်ရှိုင်းဆုံးအဆင့်သို့ ရောက်ရှိသွားပြီး အံ့သြစရာ ဓားသိုင်းပညာ၏ အမှန်တရားကို သိမြင်နားလည်သွားလေသည်။

ထိုအဖြစ်အပျက်များက တစ်ပြိုင်တည်း ဖြစ်ပျက်သွားခြင်း ဖြစ်ပြီး သူမ၏ ဖြစ်နိုင်ချေများအားလုံးက ထာဝရဓားကြောင့် ပွင့်ထွက်ပေါက်ကွဲကာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ထို့နောက် နိမိတ်ပုံမြင်ကွင်းများအားလုံး ဖြည်းဖြည်းချင်းပျောက်ကွယ်သွားလေသည်။

ဆန်းချင်းချင်းက တစ်ချက်ပြုံးလိုက်ရင်း…

"ကျွန်မ တာအိုဆရာလီချင်းဆွေရဲ့ အမိန့်နဲ့ လူတစ်ယောက်ကို လွှတ်ပေးရဦးမယ်…"

ဟယ်ရှန်းက…

"ကောင်းပါပြီ ၊ ဆန်းမိန်းကလေးရဲ့ ကိစ္စတွေပြီးမှပဲ ဆရာဆန်းလျန်ကို တွေ့ဖို့ ချင်းရှတောင်ကို အတူတူ သွားကြတာပေါ့…"

ဟယ်ရှန်း၏စကားကို နားထောင်ပြီးနောက် ဆန်းချင်းချင်းက မြေကြီးအတွင်းသို့ ဝင်ရောက်သွားလေသည်။

မြေပြင်က ရေလှိုင်းများအလားလှုပ်ခတ်သွားပြီး ဆန်းချင်းချင်း၏ ခန္ဓာကိုယ်က မြေကြီးအတွင်းသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားလေ၏။

ထို့နောက် ကြောက်မက်ဖွယ်ရာ ဓားခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး (၂)ခြမ်းကွဲအက်သွားသည်။

ထို အက်ကွဲသွားသည့် မြေကြီးအတွင်းမှ မီးခိုးရောင်အရိပ်တစ်ရိပ် ပျံသန်းထွက်ပေါ်လာပြီး မီးခိုးရောင်အရိပ်က တာအိုဆရာလူငယ်တစ်ယောက်အသွင်သို့ ပြောင်းလဲသွားလေသည်။

ထိုတာအိုဆရာ၏ မျက်ဝန်းများက ကြည်လင်လှပြီး ထိုသူက ဟယ်ရှန်းကို တစ်ချက်ပြုံးပြကာ လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

တစ်ခဏမျှသာ မြင်တွေ့လိုက်ရခြင်း ဖြစ်သော်လည်း ထိုတာအိုဆရာ၏ ပုံရိပ်မှာ ဟယ်ရှန်း၏ နှလုံးသားထဲတွင် တစ်သက်လုံးမမေ့နိုင်တော့လောက်အောင် စွဲထင်သွားလေသည်။

ထို့နောက် အလွန်တရာ ပင်ပန်းနွမ်းနယ်နေဟန်ရှိသည့် ဆန်းချင်းချင်းတစ်ယောက် မြေကြီးအတွင်းမှ ပြန်လည်ထွက်ပေါ်လာလေသည်။

သူမက ကျောက်ဆောင်တစ်ခုကို မှီကာ အမောဖြေနေလေ၏။

ဟယ်ရှန်းက ဆန်းချင်းချင်းအနားသို့ သွားလိုက်ပြီး…

"ဆန်းမိန်းကလေး လွှတ်ပေးလိုက်တာ ဘယ်သူလဲ…"

"ထိုက်ယိ…"

ဟယ်ရှန်း၏ အမေးကို ဖြေလိုက်သူက ဆန်းချင်းချင်း မဟုတ်ပေ။

မလှုပ်နိုင်အောင် တုပ်နှောင်ခံထားရသည့် မျောက်ဝံကြီး ဝူကျီးချီ ဖြစ်လေ၏။

ထိုစကားကို ပြောလိုက်သည့်အချိန်မှာပင် ဝူကျီးချီ ထိုက်ယိကို သတ်ပစ်ချင်နေမိသည်။ သို့သော်… သူ့မှာ ချုပ်နှောင်ခံထားရလေရာ မည်သို့မှ မတတ်နိုင်ခဲ့ပေ။

ထိုခဏအတွင်းမှာပင် ဝူကျီးချီ၏ နှလုံးသားထဲတွင် အမုန်းတရားများ တလိမ့်လိမ့်မြင့်တက်လာပြီး ထိုအမုန်းတရားများကို နဂါးငွေ့တန်းမြစ်ရေဖြင့် ဆေးကြောလျှင်တောင် ပျောက်ပျက်နိုင်တော့မည် မဟုတ်ပေ။

ဆန်းချင်းချင်းက…

"သူ့နာမည်က ထိုက်ယိ… တဲ့ ၊ သူ့ကိုကယ်တင်ပေးလို့ဆိုပြီး အခုပဲ နာမည်ကို ပြောပြသွားတာ ၊ ပြီးတော့ ဘူးသီးခြောက်တစ်ခုလည်း လက်ဆောင်ပေးသွားသေးတယ် ၊ ကြည့်ပါဦး… ၊ ဘူးသီးခြောက်က မလှဘူးလား…."

ဟယ်ရှန်းက ဆန်းချင်းချင်းလက်ထဲမှ ဘူးသီးခြောက်ကို လှမ်းကြည့်လိုက်သည်။

ဘူးသီးခြောက်က အနီရောင်တောက်တောက်ဖြစ်ပြီး မခန့်မှန်းနိုင်သည့် မိစ္ဆာစွမ်းအားများ ထွက်ပေါ်လျှက် ရှိသည်။

ဟယ်ရှန်းပင် ဘူးသီးခြောက်ကိုကြည့်ပြီးနောက် တစ်စုံတစ်ခု လစ်ဟာသွားသလို ခံစားလိုက်ရလေသည်။

ထိုအချိန်မှာပင် ဝူကျီးချီက အော်ဟစ်လိုက်ပြန်၏

"ဝိညာဉ်ကိုးသွယ်ဘူးသီးခြောက်…"

ဝူကျီးချီမှာ ကြောက်မက်ဖွယ်ရာကောင်းသည့် မိစ္ဆာကောင်ဖြစ်သော်လည်း ဆန်းချင်းချင်းက ဝူကျီးချီကို ကြောက်ရွံ့ခြင်း မရှိတော့ပေ။

"ဟုတ်လား ၊ နာမည်ကတော့ အတော်လေး ထူးဆန်းသားပဲ ၊ ဘာအတွက်အသုံးပြုရတာလဲ…"

ပြောပြီးသည်နှင့် ဆန်းချင်းချင်းက ဘူးသီးခြောက်ကို ဖွင့်ရန် ဟန်ပြင်လိုက်သည်။

ဝူကျီးချီက ကြောက်ရွံ့တုန်လှုပ်သွားဟန်ဖြင့်…

"မဖွင့်နဲ့…"

ဟု အော်ဟစ်လိုက်၏။

ဆန်းချင်းချင်းက ဘူးသီးခြောက်ကိုဆက်မဖွင့်တော့ဘဲ ရပ်တန့်လိုက်ပြီး…

"ဘာဖြစ်လို့လဲ…"

ဟု မေးလိုက်သည်။

ဝူကျီးချီက…

"ဒီ ဘူးသီးခြောက်က မိစ္ဆာဘူးသီးခြောက်ပဲ ၊ မင်း အဖုံးကို ဖွင့်လိုက်တာနဲ့ အထဲက မိစ္ဆာဝိညာဉ်တွေထွက်လာလိမ့်မယ် ၊ မိစ္ဆာဝိညာဉ်ဆိုတာမှ အထူးသန့်စင်လေ့ကျင့်ထားတဲ့ မိစ္ဆာဝိညာဉ်တွေထွက်လာမှာ ၊ မင်း တာ့လော်အဆင့် မရောက်သေးဘူးဆိုရင် ဘယ်လောက်ပဲ တန်ခိုးစွမ်းအားမြင့်မားပါစေ အဲဒီ မိစ္ဆာစွမ်းအားတွေက မင်းကို ထိန်းချုပ်သွားတဲ့ဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး…"

ဝူကျီးချီစကားကြောင့် ဆန်းချင်းချင်း ဘူးသီးခြောက်ကို မဖွင့်တော့ပေ။

ထို့နောက် သူမက ဟယ်ရှန်းထံသို့ ဘူးသီးခြောက်ကို လှမ်းပေးလိုက်ပြီး…

"ညီမလေးဟယ်ရှန်းက ကျွန်မကို ကယ်ခဲ့တာ ၊ ဒီဘူးသီးခြောက်ကို ညီမလေးကို လက်ဆောင်ပေးမယ်လေ…"

ဆန်းချင်းချင်း၏ စကားကိုကြားသည့်အခါ ဝူကျီးချီမှာ မနာလိုလွန်းသည့်အတွက် သေလောက်အောင် ခံစားလိုက်ရသည်။

သူသာ ထိုဘူးသီးခြောက်ကို ရမည်ဆိုလျှင် လျှို့ဝှက်ကျင့်စဉ်တန်ခိုးစွမ်းအားမျာဖြင့် ပေါင်းစပ်ပြီး ကျန့်ယွမ်ကျီနတ်မင်းကြီးနီးပါး တန်ခိုးစွမ်းအား မြင့်မားသွားမည် ဖြစ်လေသည်။ သူ့အနေဖြင့် မိုးနှင့်မြေတွင် မည်သူ့ကိုမှာ ကြောက်စရာမလိုတော့သည့် အနေအထား ရောက်သွားပေလိမ့်မည်။

ဤအခွင့်အရေးများသည် တာ့ယိကို ကယ်တင်ပြီးနောက် သူရရှိရမည့် အခွင့်အရေးများဖြစ်လေသည်။ သို့သော်… ယခုတော့ သူ့ကိစ္စကို ဝင်ရှုတ်သည့် မိန်းကလေး (၂)ယောက်ကိုသာ အပြစ်တင်ရတော့မည် ဖြစ်သည်။

ဝူကျီးချီက သူ့ကိုယ်သူအပြစ်မမြင်ဘဲ မိန်းကလေး (၂)ယောက်ကိုသာ ဒေါသထွက်လျှက် ရှိလေတော့သည်။

ဟယ်ရှန်းက သူမထံတွင် ဆရာဆန်းလျန်ပေးထားသည့် ရတနာပစ္စည်းများရှိနေသည့်အတွက် ဆန်းချင်းချင်းပေးသည့် ဘူးသီးခြောက်ကို သိပ်ပြီး စိတ်မဝင်စားပေ။

ဟယ်ရှန်းက…

"ဒီပစ္စည်းက ဆန်းမိန်းကလေး ရသင့်တဲ့ပစ္စည်းပဲ ၊ ကျွန်မ မယူဝံ့ပါဘူး…"

ဆန်းချင်းချင်းသည် မင်းမျိုးမင်းနွယ်တွင်မွေးဖွားလာခဲ့သည့် မင်းသမီးတစ်ပါး ဖြစ်လေသည်။

ထို့ပြင် သူမက လီချင်းဆွေနှင့်လည်း နီးစပ်သူဖြစ်လေရာ လူ့လောကတွင်လည်း အမြင့်ဆုံးအဆင့် နေထိုင်ခဲ့ရသလို ၊ နတ်ဘုရားတို့၏လောကတွင်လည်း အမြင့်ဆုံးအဆင့် နေထိုင်ရသူတစ်ယောက် ဖြစ်သည်။

ထို့ကြောင့်… သူမက ရှားပါးရတနာပစ္စည်းများအပေါ်တွင် သိပ်ပြီး တန်ဖိုးမထားတတ်သလို မက်မောခြင်းလည်း မရှိပေ။

ဟယ်ရှန်းက သူမကို ကူညီခဲ့သည့်အတွက် ကျေးဇူးဆပ်ရန်ရည်ရွယ်ကာ ဘူးသီးခြောက်ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်… ဟယ်ရှန်းက သူမပေးသည့်လက်ဆောင်ကို စိတ်မဝင်စားသည်ကို တွေ့လိုက်ရသည့်အခါ သူက ဟယ်ရှန်းကို တခြားနည်းလမ်းဖြင့်သာ ကျေးဇူးဆပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ဆန်းချင်းချင်းက ကလေးဆန်ပြီး သွက်လက်သူဖြစ်သော်လည်း ဟယ်ရှန်း၏ တည်ငြိမ်အေးဆေးသူ ဖြစ်သည်။ သူတို့ (၂)ယောက်ကိုကြည့်ရသည်မှာ ဆန့်ကျင်ဘက်ဖြစ်နေသည့်တိုင် ဆန်းချင်းချင်းကတော့ ဟယ်ရှန်းကို အလွန်သဘောကျမိလေသည်။

ထို့နောက် မိန်းကလေး (၂)ယောက်သည် ရယ်မောစကားဆိုရင်းဖြင့် ချင်းရှတောင်သို့ ရောက်ရှိလာကြသည်။

သူတို့က ချင်းရှကျောင်းတော်သို့ ရောက်သည်နှင့် ဆန်းလျန်ကို ချက်ချင်းပင် ဝင်ရောက်တွေ့ဆုံလိုက်ကြသည်။

ချင်းရှကျောင်းတော်ခန်းမထဲတွင် ဆန်းလျန်က ခန်းမအလယ်တွင်ထိုင်နေပြီး ကူးဝေေ၀နှင့်အခြားသူများက ဆန်းလျန်၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြလေသည်။

ထိုအချိန် အပြင်ဘက်မှ အလင်းတန်းတစ်ခု ဝင်ရောက်လာပြီး ဆန်းလျန်၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဖြတ်သန်းဝင်ရောက်သွားလေသည်။ ထိုအလင်းတန်းက ဆန်းလျန်အနောက်ဘက်ရှိ နံရံတွင် လုံး၀ အရိပ်ထင်ခြင်း မရှိပေ။

ဆန်းချင်းချင်းက ဆန်းလျန်နှင့် မဆုံရသည်မှာ အတော်လေး ကြာနေခဲ့ပြီ ဖြစ်သည်။

ဆန်းလျန် အများကြီးပြောင်းလဲသွားပြီ ဖြစ်သော်လည်း ဆန်းချင်းချင်းကတော့ ကျော်ကြားလှသည့် ဆန်းလျန်ထျန်းကျွင်းကို ကြောက်ရွံ့ခြင်း မဖြစ်မိပေ။

ထို့ကြောင့် အလင်းတန်းဖြင့် ဆန်းလျန်ကို တိုက်ခိုက်ရင်း စ နောက် လိုက်ခြင်း ဖြစ်သည်။

ထို့နောက်… ဆန်းချင်းချင်းက ငှက်ငယ်လေးတစ်ကောင်အလား ခန်းမထဲသို့ ဆတ်ဆလူးခါ ဝင်ရောက်လာပြီး…

"ဆန်းလျန်… ၊ မမချင်းဆွေက အမှာစကားပါးလိုက်တယ် ၊ ချင်းဆွေထျန်းကောင်းကင်ဘုံမှာ ဟွင့်ယွမ်တာအိုသစ်သီး ဖွင့်လှစ်ပြသတာကို နားထောင်ဖို့ အရောက်လာခဲ့ပါတဲ့…"

ဆန်းလျန်က အေးအေးဆေးဆေးပင် ပြုံးလိုက်ပြီး လက်နှစ်ချောင်းဖြင့် တန်ခိုးစွမ်းအားထုတ်လွှတ်ကာ ခန်းမ၏ ဘယ်ဘက်ခြမ်းတစ်နေရာတွင် ကြမ်းခင်းအဝတ်လေးတစ်ခု ဖန်ဆင်းလိုက်သည်။

"မင်း အဝေးကြီးကနေရောက်လာရတာ ၊ အေးအေးဆေးဆေး ထိုင်ပါဦး…"

ဆန်းချင်းချင်းက အားနာနေဟန်မရှိဘဲ လွတ်လပ်ပေါ့ပါးစွာပင် ဝင်ထိုင်လိုက်လေသည်။

ထို့နောက် ဟယ်ရှန်းက ဝူကျီးချီကို ခေါ်ပြီး ခန်းမအတွင်းသို့ ဝင်လာသည်။

သူမက ဆန်းလျန်ကို ဂါရဝပြုလိုက်ပြီး…

"ဆရာ… မိစ္ဆာမျောက်ဝံကြီးကို ကျွန်မ ဖမ်းခဲ့ပါပြီ…"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ဆန်းချင်းချင်း၏ နံဘေးတွင် နောက်ထပ် ကြမ်းခင်းအဝတ်တစ်ခုကို ဖန်ဆင်းလိုက်သည်။

ဟယ်ရှန်းက ကြမ်းခင်းအဝတ်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။

ယခုတော့ ခန်းမထဲတွင် ဒူးထောက်ထိုင်နေသည့် ဝူကျီးချီတစ်ယောက်သာ ရှိလေတော့သည်။

သူက ငိုကြွေးနေပြီး ဆန်းလျန်ကို အကြိမ်ကြိမ် ကုန်းဦးချပြီး တောင်းပန်လျှက် ရှိသည်။

"သခင်… ကျွန်တော် မှားသွားပါတယ် ၊ မှားသွားပါတယ်…"

ဆန်းလျန်က တည်ကြည်သည့်မျက်နှာထားဖြင့်…

"မင်း အရင်က ကြိုးစားကျင့်ကြံခဲ့တဲ့ မျက်နှာထောက်ပြီး မင်းကို တစ်ခါတည်းရှင်းမပစ်ဘဲ တောင်ပေါ်ကို ခေါ်လာပြီး အခွင့်အရေးပေးခဲ့တယ် ၊ ဒါပေမဲ့ မင်းရဲ့ ရက်စက်တဲ့စိတ်နဲ့ အကျိုးအမြတ်နည်းနည်းလေးအတွက်နဲ့ လောဘတက်တတ်တဲ့စိတ်က ပြောင်းလဲမသွားဘူး ၊ အခုတော့ ချင်းရှတောင်မှာ မင်းကို ဆက်ပြီး လက်ခံမထားနိုင်တော့ဘူး…"

ဝူကျီးချီက ထိတ်လန့်တုန်လှုပ်စွာဖြင့်…

"ကျွန်တော် အမှားအကြီးကြီး ကျူးလွန်ခဲ့တယ်ဆိုတာ သိပါတယ် ၊ ကျွန်တော့်ကို ပြန်လည်ပြုပြင်ဖို့ အခွင့်အရေးပေးပါ ၊ နောက်ပိုင်းကျရင် ကျွန်တော် ပြုလုပ်ခဲ့သမျှအပြစ်တွေအတွက် အကုန်လုံးပြန်ပေးဆပ်ပါ့မယ်…"

ဝူကျီးချီက ဆန်းလျန်ကို အသနားခံသည့်အကြည့်ဖြင့် ကြည့်ရင်း တောင်းပန်နေလေတော့သည်။

***

All Chapters