← Chapters

အခန်း (၄၄၂)

Vol. 45 Ch. 442

အခန်း (၄၄၂)

Vol. 45 Ch. 442

ကွေ့ကောက်စွာ စီးဆင်းနေသော လီမြစ်ပြင်သည် အဝေးတစ်နေရာမှ စီးဆင်းလာသည့် ရေပြင်ကျယ်ကြီးနှင့်အတူ လှိုင်းခွပ်လေးများ တဖျတ်ဖျတ် လက်နေခဲ့ပြီး တောက်ပနေသော နေရောင်ခြည်အောက်တွင် ရွှေအိုရောင် အပိုင်းအစလေးများ ဖြန့်ကျဲထားသကဲ့သို့ တောက်ပနေခဲ့သည်။

မြစ်ရေမျက်နှာပြင်၏ အောက်ဘက်တွင်မူ ရေစီးကြောင်းမှာ အလွန်အမင်း မြန်ဆန်နေပြီး ရေနောက်နောက်ထဲ၌ ကြောက်မက်ဖွယ်ရာ ငါးဆိုးကြီးများ၏ အရိပ်အယောင်များက ဟိုမှသည်သို့ လျှင်မြန်စွာ ကူးခတ်သွားလာနေကြသည်။

ဝုန်း...

ရုတ်တရက်ပင် ငြိမ်သက်နေသော မြစ်ကြမ်းပြင်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး လီမြစ်တစ်ခုလုံးမှာ အိပ်ပျော်နေရာမှ နိုးထလာသော ဧရာမနဂါးကြီးတစ်ကောင်အလား ဖြစ်သွားခဲ့သည်။ မြစ်ရေများမှာ ချက်ချင်းပင် ထိုးတက်လာခဲ့ပြီး လှိုင်းလုံးကြီးများမှာလည်း မြစ်ပြင်ထက်၌ မရပ်မနား လိပ်တက်နေခဲ့တော့သည်။

ဤမျှော်လင့်မထားသော ရုတ်ရုတ်သဲသဲ အခြေအနေကြောင့် ရေအောက်ရှိ ငါးဆိုးများနှင့် သားရဲတိရစ္ဆာန်များမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး အလန့်တကြား လျှင်မြန်စွာ ကူးခတ်ပြေးလွှားကြသည်။

တုန်ခါမှု၏ ဗဟိုချက်နှင့် နီးကပ်သော ငါးဆိုးအချို့မှာမူ ထိုတုန်ခါမှုဒဏ်ကြောင့် သတိလစ်သွားကြပြီး ဝမ်းဗိုက်များကို အပေါ်သို့လှန်လျက် မြစ်ပြင်ထက်၌ ပေါလောပေါ်လာခဲ့ကြသည်။

ထိုခဏ၌ပင် အလွန်အမင်း နောက်ကျိနေသော မြစ်ကြမ်းပြင်ထက်၌ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် အက်ကြောင်း တစ်ခုသည် ဘယ်ကမှန်းမသိဘဲ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

နောက်တစ်ခဏတွင် ဆယ်ပေခန့် ရှည်လျားသော ထိုအက်ကြောင်းထဲမှ အနက်ရောင် မြူခိုးများစွာမှာ တိုးဝှေ့၍ ထွက်ပေါ်လာခဲ့ပြီး အက်ကြောင်းအတွင်းသို့ စုပ်ယူခံထားရသော မြစ်ရေများကို ပြန်လည်တွန်းထုတ်ပစ်လိုက်သည်။

ဝူး... ဝူး...

အနက်ရောင်မြူခိုးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ရာ မြစ်ကြမ်းပြင်တစ်ခုလုံးမှာ အနက်ရောင်မြူလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ လှိုင်းထနေသော မြစ်ရေမျက်နှာပြင်ထက်၌ ပူဖောင်းများ တစီစီ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင် မီးခိုးတန်းလေးများမှာလည်း လွင့်ပျံလာခဲ့သည်။

တစ်ချိန်တည်းမှာပင် မှောင်မှိုင်းနေသော မြစ်ကြမ်းပြင်ထက်၌ ထူးဆန်းလှသော အရိပ်အယောင်များသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ အလုအယက် တိုးထွက်လာကြသည်။

၎င်းတို့မှာ ကျောကုန်းပေါ်တွင် အရိုးဆူးတန်းများ စီတန်းနေပြီး ခေါင်းသုံးလုံးနှင့်အတူ စွယ်ငေါငေါနှင့် မျက်နှာဆိုးကြီးများရှိသော အနက်ရောင် သံချပ်ကာဝတ် ငါးကြီးများ၊ ကားတစ်စီးစာခန့် အရွယ်အစားရှိပြီး တစ်ကိုယ်လုံးတွင် ရွံရှာဖွယ်ကောင်းသော သွေးရောင်မျက်လုံးများနှင့် ပြည်ပုအဖုအကျိတ်များ ဖုံးလွှမ်းနေသည့် ဧရာမဖားပြုတ်ကြီးများ၊ ဝမ်းဗိုက်အတွင်း၌ အခေါင်းပေါက်များစွာ ရှိနေသော ငါးရှဉ့်ကဲ့သို့ သတ္တဝါများပင်။

ထိုကြောက်မက်ဖွယ် သတ္တဝါဆိုးကြီးများထံမှ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အငွေ့အသက်များနှင့် ယုတ်မာရက်စက်သော အငြိုးအတေးများ ထွက်ပေါ်နေခဲ့သည်။

ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ထွက်ပေါ်လာပြီးနောက် ထိုသတ္တဝါဆိုးကြီးများသည် အရပ်မျက်နှာအနှံ့သို့ ကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်ကြတော့သည်။ ရေအောက်၌ အလန့်တကြား ကူးခတ်နေကြသော သန္ဓေပြောင်း ငါးရိုင်းကြီးများကိုလည်း ယုတ်မာသောအကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

နောက်တစ်ခဏတွင် ငြိမ်သက်စပြုနေသော လီမြစ်ရေပြင်ထက်၌ လှိုင်းလုံးကြီးများ တစ်ဖန်ပြန်လည် ထိုးတက်လာခဲ့ပြန်သည်။ ရေအောက်မှ သွေးစိမ်းရှင်ရှင် စီးထွက်လာကာ မြစ်ပြင်ကျယ်ကြီးမှာလည်း သွေးရောင်လွှမ်းလျက် နီရဲသွားခဲ့ရတော့သည်။

တစ်ချိန်တည်းမှာပင် ကျန်းပြည်နယ်မှ ကီလိုမီတာ တစ်ထောင်ခန့်အကွာရှိ ချီလျန်တောင်တန်းကြီးသည် ရှေးဟောင်းဧရာမသားရဲကြီးတစ်ကောင် မြေပြင်ပေါ်တွင် ဝပ်စင်းနေသကဲ့သို့ ခန့်မှန်းရခက်သော သက်ရှိတစ်ခုနှင့်အတူ တည်ရှိနေခဲ့သည်။

စိမ်းလန်းစိုပြည်လှသော သစ်တောများနှင့် အဆုံးမရှိသော သားရဲတိရစ္ဆာန်များကြောင့် ချီလျန်တောင်တန်းကြီးမှာ သက်ဝင်လှုပ်ရှားနေခဲ့သည်။

ဝုန်း...

ရုတ်တရက်ပင် မိုးထစ်ချုန်းသံကဲ့သို့ ပြင်းထန်သော အသံကြီးနှင့်အတူ မြေပြင်မှာ တုန်ခါလာခဲ့ပြီး ချီလျန်တောင်တန်းတစ်ခုလုံး သိမ့်သိမ့်တုန်သွားခဲ့သည်။

တောင်ပေါ်ရှိ သစ်ပင်အမြောက်အမြား လဲပြိုလာခဲ့သလို တောင်တန်းတွင် ရှင်သန်နေထိုင်ကြသော သားရဲရိုင်းများမှာလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အဆက်မပြတ် ဟိန်းဟောက်နေကြတော့သည်။

ဂျိန်း...

ချီလျန်တောင်တန်း၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ကောင်းကင်ယံသို့ နတ်မင်းကြီး၏ တိုင်လုံးကြီးတစ်တိုင်ကဲ့သို့ ထိုးထွက်နေသည့် ကောင်းကင်ထိတောင်ထိပ်၏ တိမ်တိုက်များကြားတွင် ကြောက်မက်ဖွယ်ရာ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ထပ်မံပေါ်ထွက်လာပြန်သည်။

ဝီ... ဝီ... ဝီ...

နောက်တစ်ခဏတွင် သွေးရောင်လွှမ်းသော မြူခိုးများမှာ ထိုဧရာမအက်ကြောင်းကြီးအတွင်း ပြည့်နှက်လာခဲ့ပြီး နားကွဲမတတ် မြည်ဟည်းသံကြီးနှင့်အတူ လက်ဝါးခန့်အရွယ်အစားရှိသော သွေးရောင်နတ်ဆိုးပိုးကောင်များမှာ အက်ကြောင်းအတွင်းမှ အုပ်စုလိုက် တိုးထွက်လာကြသည်။

ပင်လယ်အောက်ရှိ ငါးအုပ်ကြီးများအလား ထိုကြောက်မက်ဖွယ် သွေးရောင်နတ်ဆိုးပိုးကောင်များသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ အဆက်မပြတ် စီးဆင်းလာခဲ့သည်။ ၎င်းတို့မှာ သွေးရောင်နှင့် အန္တရာယ်များ ပြည့်နှက်နေသော ပိုးဖဲကြိုးစများအလား ချီလျန်တောင်တန်း၏ အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားကြတော့သည်။

ချက်ချင်းပင် ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ သက်ရှိမှန်သမျှမှာ ဆာလောင်မွတ်သိပ်နေသော ထိုသွေးရောင်နတ်ဆိုးပိုးကောင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အရိုးစုများသာ ကျန်ရစ်ခဲ့တော့သည်။

မကြာမီအချိန်အတွင်းမှာပင် ချီလျန်တောင်တန်း တစ်ခုလုံးမှာ အရှင်လတ်လတ် ငရဲခန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ တောင်စဉ်တောင်တန်းများကြားတွင် ကြောက်မက်ဖွယ်ရာ သားရဲတို့၏ အော်ဟစ်ညည်းတွားသံများ ဟိန်းထွက်နေပြီး၊ မရေမတွက်နိုင်သော သားရဲရိုင်းအပေါင်းမှာ နတ်ဆိုးပိုးကောင်တို့၏ သွေးသောက်ပွဲကြီးအတွက် သားကောင်များ ဖြစ်ခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ထိတ်လန့်တုန်လှုပ်နေကြသည့် သားရဲအုပ်ကြီးမှာ တောင်တန်း၏ အပြင်ဘက်ပိုင်းဆီသို့ အလုအယက် ထွက်ပြေးကြတော့သည်။ သို့သော် ကံဆိုးသည်မှာ အဆိုပါ သွေးရောင်နတ်ဆိုးပိုးအုပ်ကြီးမှာ သားရဲများထက် ပိုမိုမြန်ဆန်နေခြင်းပင်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သားရဲပေါင်းများစွာမှာ လွှမ်းမိုးထားသည့် ပိုးအုပ်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

အဝေးမှ လှမ်းကြည့်မည်ဆိုလျှင် ချီလျန်တောင်တန်းကြီး၏ ကောင်းကင်ယံမှာ လေထဲတွင် တလွင့်လွင့်ဖြစ်နေသည့် ဧရာမ သွေးရောင်လိုက်ကာကြီးများ ဖုံးလွှမ်းထားသကဲ့သို့ ထင်မှတ်ရသည်။ ဤကဲ့သို့ ခမ်းနားထည်ဝါလှသော မြင်ကွင်း၏ နောက်ကွယ်၌မူ မည်သူမျှ မသိနိုင်သေးသည့် သေမင်းတမန် အန္တရာယ်ဆိုးကြီး ကိန်းအောင်းနေခဲ့ပြီ ဖြစ်သည်။ ဤကာလအတွင်းမှာပင် ကမ္ဘာအနှံ့အပြား၏ ထောင့်ပေါင်းစုံ၌ ယခုကဲ့သို့သော ဟင်းလင်းပြင်

အက်ကြောင်း ပေါင်းများစွာမှာ တိတ်တဆိတ် ပေါ်ထွက်လာခဲ့ပြီး အဆုံးမရှိသည့် ယုတ်မာရက်စက်မှုများနှင့်အတူ မရပ်မနား သတ်ဖြတ်မှုများကို သယ်ဆောင်လာခဲ့သည်။

လီမြစ် အခြေစိုက်စခန်း

နှစ်လတာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် ဤအခြေစိုက်စခန်းမှာ သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိထားသည်။ စိမ်းလန်းစိုပြည်နေသည့် ဟင်းသီးဟင်းရွက်ခင်းများသည်လည်း အဆမတန် အထွက်နှုန်းကောင်းနေသဖြင့် လုချွမ်း ပြင်ဆင်ထားသော ရေခဲသေတ္တာများထဲတွင် ပြည့်လျှံနေပြီး စားသုံးနိုင်သည်ထက်ပင် ပိုလျှံနေခဲ့ပြီဖြစ်သည်။

ယခင်ကတည်းက မြင့်မားလှသည့် မြို့ရိုးကြီးများကိုလည်း လုချွမ်းက ထပ်မံချဲ့ထွင်ကာ မြှင့်တင်ခဲ့သည်။ အခုဆိုလျှင် လီမြစ်အခြေစိုက်စခန်းကို ဝန်းရံထားသည့် မြို့ရိုးကြီးများမှာ ကိုးပေအထိ မြင့်မားနေပြီး သုံးပေခန့် ကျယ်ဝန်းသဖြင့် မြင်းများသာမက ကားများပါ ပတ်မောင်း၍ရသည့်အထိ အလွန်အမင်း ထူထဲကာ တောင့်တင်းနေပြီ ဖြစ်သည်။

မြို့ရိုးများကို အားဖြည့်ရန် လိုအပ်ချက်ကြောင့် မြို့ထဲရှိ ဧရိယာအတော်များများမှ အိမ်များကို ဖျက်သိမ်းခဲ့ရသည်။ ထိုမှထွက်ပေါ်လာသော မြေလွတ်များကိုမူ လုချွမ်းက သူ၏ ဇွန်ဘီရုပ်သေးများကို အသုံးချကာ ကျယ်ဝန်းလှသည့် ငါးကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ အခုအချိန်တွင် ထိုကျယ်ပြောလှသည့် ရေမျက်နှာပြင်ပေါ်၌ အနက်ရောင်ငါးအုပ်ကြီးမှာ ပေါ်နေသည့် အသားတုံးများနှင့် အလောင်းများကို အရူးအမူး လုယက်စားသောက်နေကြပြီး လှိုင်းလုံးကြီးများကို တဖွားဖွား ထွက်ပေါ်စေလျက် ရှိသည်။

ရေမျက်နှာပြင်ထက်တွင် ကူးခတ်နေသည့် ဤငါးအုပ်ကြီးမှာ လက်ညှိုးခန့်အရွယ်အစားရှိသော သန္ဓေပြောင်းငါးသန်လေးများဖြင့် ဖွဲ့စည်းထားခြင်းပင်။

ဗီလာရပ်ကွက်

ဝုန်း...

လုချွမ်းမှာ သူ၏လက်အောက်ခံ အဆင့် ၆ ဇွန်ဘီရုပ်သေး အချို့နှင့် တိုက်ပွဲလေ့ကျင့်ခန်း လုပ်ဆောင်နေသည်။ လေထဲတွင် သွေးရောင်ဓားသွားများ ကခုန်နေပြီး အဆက်မပြတ် မြည်ဟည်းသံများနှင့်အတူ ချဉ်းကပ်လာသည့် အားဖန်း၊ မသေနိုင်သူ ၁ နှင့် အခြားဇွန်ဘီရုပ်သေးများကို ရင်ဆိုင်နေရသဖြင့် နားကွဲမတတ် ဟိန်းဟောက်သံများ ထွက်ပေါ်နေသည်။

သို့သော် ထိုဇွန်ဘီရုပ်သေးများက လုချွမ်းကို မရပ်မနား အစွမ်းကုန် တိုက်ခိုက်နေကြစေကာမူ လုချွမ်း၏ အဝတ်အစား အနားသတ်ကိုပင် ထိအောင် မလုပ်နိုင်ကြပေ။ လုချွမ်း၏ ကျောပြင်မှ စိမ်းပြာရောင် ဝိညာဉ်အတောင်ပံ တစ်စုံ ထွက်ပေါ်လာပြီး ခပ်ဖွဖွ တစ်ချက်ခတ်လိုက်တိုင်းမှာပင် သူ့အား ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဟုန်များ ပေးစွမ်းနေသဖြင့် စစ်တလင်းပြင်ထက်တွင် ကိုယ်ယောင်ဖျောက်၍ သွားလာနေသကဲ့သို့ပင်။

ခဏအကြာတွင် ဇွန်ဘီရုပ်သေးများထဲမှ ဝိညာဉ်အဆီအနှစ်များ ကုန်ခမ်းလုနီးပါးဖြစ်နေသည်ကို ခံစားမိသဖြင့် လုချွမ်းက တိုက်ခိုက်မှုကို ရပ်တန့်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဟူး...”

သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း လုချွမ်းက သူ့ရှေ့မှ ဇွန်ဘီရုပ်သေးများကို ကြည့်ကာ ယခင်က စွမ်းဆောင်ရည်များကို ပြန်လည်တွေးတောလျက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ နှစ်လတာအတွင်းမှာ သူ အဆင့်တက်ခဲ့စဉ်ကထက် ဝိညာဉ်အဆီအနှစ်များမှာ အဆပေါင်းများစွာ တိုးပွားလာခဲ့ပြီဖြစ်သည်။ သွေးသောက်ဓားသိုင်းမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်၍ ဓား၏ စွမ်းအင်လှိုင်းများကို အလွယ်တကူ ထုတ်လွှတ်နိုင်နေပြီဖြစ်သည်။

စိမ်းပြာရောင်အတောင်ပံဖြန့်သိုင်းမှာလည်း ပြည့်စုံသွားပြီဖြစ်ရာ အစွမ်းကုန် အသုံးပြုလိုက်သည့်အခါ သူ၏ကျောပြင်၌ ဧရာမအတောင်ပံကြီးများ ပွင့်ထွက်လာပြီး အလွန်အမင်း မြန်ဆန်သည့် အရှိန်ကို ပေးစွမ်းနိုင်သည်။ ၎င်းအပြင် လုချွမ်းထံ၌ အခုဆိုလျှင် အဆင့် ၆ ဇွန်ဘီရုပ်သေး ရှစ်ခုတောင် ရှိနေပြီဖြစ်သည်။ ၎င်းတို့မှာ မီးလျှံ ၁၊ မီးလျှံ ၂၊ မသေနိုင်သူ ၁၊ ပျံသန်းသူ ၁၊ အားဖန်း၊ မြေလျှိုး ၁၊ ကိုယ်ယောင်ဖျောက် ၁ နှင့် ရေထိန်းချုပ်သူ ၁ တို့ပင် ဖြစ်ကြသည်။

နှစ်လတာအတွင်း သူ၏အင်အားမှာ သိသိသာသာကို တိုးတက်လာခဲ့ခြင်းပင်။

ထိုအချိန်၌ ကျိရုရွှယ်မှာ အခန်းထဲရှိ ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်၍ ကျင့်ကြံနေသည်။

“မကြာခင်မှာ အဆင့် ၇ ကို ငါ တက်လှမ်းနိုင်တော့မယ်”

ကျိရုရွှယ်က သူမ၏အတွင်းရှိ ဝိညာဉ်အဆီအနှစ်များကို ခံစားရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

ဤကာလအတွင်း သူမမှာ သားရဲရိုင်းအသားများကို အဆက်မပြတ် စားသုံးခဲ့သလို မူလအခြေစိုက်စခန်း၏ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အမြုတေ အမြောက်အမြားကို အသုံးပြု၍ ဖော်စပ်ထားသည့် အဆင့်မြင့် ဆင့်ကဲပြောင်းလဲမှုဆေးရည်များကိုလည်း အများအပြား သောက်သုံးခဲ့ခြင်းပင်။

“ဟင်... ဒါက... နတ်ဆိုးအငွေ့အသက်လား”

All Chapters