← Chapters

အခန်း (၄၄၅)

Vol. 45 Ch. 445

အခန်း (၄၄၅)

Vol. 45 Ch. 445

ယာဉ်တန်းသည် ချောမွေ့လှသော လမ်းမကြီးအတိုင်း အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့ရာ မကြာမီမှာပင် လီမြစ်မြို့ပြဧရိယာသို့ ချဉ်းကပ်မိသွားသည်။

ပထမဆုံး ကုန်တင်ကား၏ နောက်ခန်းတွင် ထိုင်လိုက်ပါလာသော လုချွမ်းနှင့် ကျိရုရွှယ်တို့သည် မြို့လယ်ခေါင်ဆီမှ ထွက်ပေါ်လာသော ဟိန်းဟောက်သံနှင့် အော်ဟစ်သံများကို ကြားရသောအခါ မျက်မှောင်ကြုတ်သွားကြသည်။

ဤကိုဘိုးလ်များသည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ ၎င်းတို့သည် မြို့အတွင်းရှိ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများနှင့် သန္ဓေပြောင်းသားရဲများကို အမြစ်ပြတ်သုတ်သင်ရန်အတွက် ဇွဲနပဲဖြင့် အမဲလိုက်နေကြခြင်းပင်။

သို့သော်လည်း အမြင့်ဆုံး အဆင့် ၄ မျှသာရှိသော ဤကိုဘိုးလ်များကို လုချွမ်းနှင့် ကျိရုရွှယ်တို့က အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိဘဲ ယာဉ်တန်းကို မြို့ထဲသို့ တိုက်ရိုက် မောင်းနှင်ဝင်ရောက်စေခဲ့သည်။

မကြာမီမှာပင် ယာဉ်တန်းသည် လမ်းမတစ်ခုပေါ်၌ အမဲလိုက်နေသော ကိုဘိုးလ်အုပ်စုနှင့် ထိပ်တိုက်တိုးတော့သည်။

ယုတ်မာရက်စက်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် ကိုဘိုးလ် အကောင် ၃၀ ကျော်သည် စစ်သုံးပုဆိန်များကိုယ်စီ ဝှေ့ယမ်းလျက် အဆင့် ၂ နှင့် အဆင့် ၃ ရှိ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီအုပ်စုကို ဝိုင်းရံကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြသည်။

၎င်းမှာ ကြက်သွန်နီခွံ နွှာနေသကဲ့သို့ပင်။ အေးစက်သော ပုဆိန်သွားများ၏ အလင်းရောင်အောက်တွင် တိုက်ခိုက်နေသော ဇွန်ဘီများသည် တစ်ကောင်ပြီးတစ်ကောင် ခါးပြတ်ထွက်ကုန်ကြပြီး သွေးနှင့် အသားစများမှာလည်း သနားစဖွယ် လွင့်စင်နေကြသည်။

မူလက အတော်အတန် များပြားလှသော ဇွန်ဘီအုပ်စုမှာလည်း တဖြည်းဖြည်း နည်းပါးလာခဲ့သည်။

ဝုန်း...

မျှော်လင့်မထားသော စက်သံဟိန်းသံကြီးကြောင့် ကိုဘိုးလ်များ၏ အာရုံမှာ ပြောင်းလဲသွားခဲ့သည်။ မြေပြင်မှ တုန်ခါမှုကို ခံစားမိလိုက်သည်နှင့် ၎င်းတို့သည် ရက်စက်ပြီး အေးစက်လှသော အကြည့်များဖြင့် ယာဉ်တန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ယာဉ်တန်းကို မြင်လိုက်ရသောအခါ ကိုဘိုးလ်များ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ဖျတ်ကနဲ ပေါ်လာခဲ့သည်။

"ဝူး..."

နောက်တစ်ခဏတွင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို အာရုံခံမိသွားသဖြင့် ကိုဘိုးလ်များသည် ဝိုင်းရံသတ်ဖြတ်နေသော ဇွန်ဘီများကိုပင် ပစ်ထားခဲ့ကြပြီး ယာဉ်တန်းဆီသို့ စူးစိုက်ကြည့်ကာ အစဉ်လိုက် ဟိန်းဟောက်နေကြသည်။

ဤတစ်ပါးသော ကမ္ဘာမှ ရောက်ရှိလာကြသည့် သတ္တဝါတို့သည် မောင်းနှင်နိုင်သော ယာဉ်အသုံးအဆောင်ဟူသည်ကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခြင်း မရှိကြချေ။ ထို့ကြောင့်လည်း ၎င်းတို့သည် ထိုယာဉ်တန်းကြီးကို အင်အားကြီးမားလှသော သားရဲကြီးတစ်ကောင်ဟု မှားယွင်းစွာ ထင်မှတ်နေကြခြင်းပင်။

ဘုန်း... ဘုန်း... ဘုန်း...

ထိုခဏ၌ပင် ယာဉ်တန်းမှာ ရပ်တန့်သွားခဲ့ပြီး လုချွမ်း၏ အမိန့်ပေးစေခိုင်းမှုနှင့်အတူ ဇွန်ဘီရုပ်သေးများသည် တစ်ကောင်ပြီးတစ်ကောင် ကားပေါ်မှ ခုန်ဆင်းကာ ယာဉ်တန်း၏ ရှေ့ဆုံးတွင် အလျင်အမြန်ပင် နေရာယူလိုက်ကြတော့သည်။

"ဝူး..."

၎င်းတို့၏ လမ်းကို ပိတ်ဆို့ထားသည့် ဇွန်ဘီရုပ်သေးများကို ရင်ဆိုင်ရသောအခါ ကိုဘိုးလ်များသည် သွားများကို ဖြဲကာ သွေးဆာနေသည့် ရန်လိုမှုများကို ထုတ်ဖော်ပြသကြသည်။ ၎င်းတို့သည် လက်ရှိစစ်သုံးပုဆိန်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း တိုက်ခိုက်ရန် အလွန်ပင် စိတ်အားထက်သန်နေကြသည်။

အခြေအနေအရပ်ရပ်ကို မသိနားမလည်ကြသော ဤသားရဲများကို ကြည့်ကာ လုချွမ်းသည် ယာဉ်ပေါ်မှ ဆင်းလာပြီး အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။

နောက်တစ်ခဏတွင် အဆင့် ၅ ဇွန်ဘီရုပ်သေးများသည် အုပ်စုအတွင်းမှ ရှေ့သို့ ဝုန်းခနဲ ပြေးထွက်သွားကြတော့သည်။

ဝုန်း...

လမ်းမတစ်ခုလုံးမှာ တုန်ခါသွားခဲ့ပြီး အဆင့် ၅ ဇွန်ဘီရုပ်သေးများသည် ၎င်းတို့၏ အဆင့် ၅ အရှိန်အဝါများကို ရက်စက်စွာ ထုတ်လွှတ်လိုက်ကြကာ ကိုဘိုးလ်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်ကြသည်။

အဆင့် ၅ ဇွန်ဘီရုပ်သေးများထံမှ ထွက်ပေါ်လာသော အရှိန်အဝါများကို အာရုံခံမိလိုက်သောအခါ မူလက ကြမ်းကြုတ်ခက်ထန်နေသည့် ကိုဘိုးလ်များမှာ ထိတ်လန့်တုန်လှုပ်လာကြတော့သည်။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် အုပ်စုကို ဦးဆောင်လာသော အဆင့် ၄ ကိုဘိုးလ်မှာ ဟိန်းဟောက်လိုက်ပြီး သူ၏ စစ်သုံးပုဆိန်ကို ဝှေ့ယမ်းပြကာ ကြောက်လန့်နေသော ကိုဘိုးလ်များကို စိတ်တည်ငြိမ်အောင် ပြန်လည်လုပ်ဆောင်ပေးလိုက်သည်။

၎င်း၏ ဦးဆောင်မှုအောက်တွင် ကိုဘိုးလ်များသည် ၎င်းတို့၏ ယုတ်မာရက်စက်သော သဘာဝများကို ပြန်လည်ရရှိလာခဲ့ပြီး ဇွန်ဘီရုပ်သေးများရှိရာဆီသို့ ချီတက်လာကြသည်။

ဝုန်း...

မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ပွဲမှာ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။ သွေးများ လွင့်စင်ထွက်လာကာ မိုးထစ်ချုန်းသံကဲ့သို့ ပြင်းထန်သော အသံများမှာလည်း ဟိန်းထွက်နေတော့သည်။

ဦးဆောင်လာသော ကိုဘိုးလ်၏ အကြည့်မှာ ယုတ်မာကောက်ကျစ်လှသည်။ ၎င်း၏ ပုဆိန်ကြီးမှာ အရောင်များ တောက်ပလာခဲ့ပြီး ရှေ့မှ ဧရာမဇွန်ဘီ ၁ ဆီသို့ အားကုန်လွှဲ၍ ခုတ်ပိုင်းချလိုက်သည်။

ဝုန်း...

ဧရာမဇွန်ဘီ ၁ သည် တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ သူ၏ သန်မာလှသော လက်မောင်းကို လျှင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ လက်ဖျားမှ ထက်မြက်လှသော အနက်ရောင် လက်သည်းဓားသွားမှာ ကိုဘိုးလ်၏ ရင်ဘတ်ဆီသို့ အရိပ်တစ်ခုအလား တိုးဝင်သွားခဲ့သည်။

ကိုဘိုးလ်၏ ပုဆိန်ချက်မှာ အားပါလှသော်လည်း ဧရာမဇွန်ဘီ ၁ ဝတ်ဆင်ထားသည့် ထူထဲသော အနက်ရောင် သံချပ်ကာကိုမူ မဖောက်ထွင်းနိုင်ခဲ့ချေ။ ထက်မြက်လှသော ပုဆိန်သွားမှာ ဧရာမဇွန်ဘီ ၁ ၏ ရင်ဘတ်ပေါ်တွင် ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ အဖြူရောင် အစင်းကြောင်းတစ်ခုသာ ထင်ကျန်ရစ်ခဲ့သည်။

အပြန်အလှန်အားဖြင့်မူ အဆင့် ၄ ကိုဘိုးလ်သည် ဧရာမဇွန်ဘီ ၁ ၏ တိုက်ကွက်ကို အန်တုနိုင်စွမ်း မရှိခဲ့ပေ။ အမွှေးအမျှင်များ ဖုံးလွှမ်းနေသော သူ၏ ရင်ဘတ်မှာ ပွင့်ထွက်သွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့တော့သည်။

ဝူး...

အဆင့် ၄ ကိုဘိုးလ်သည် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ဧရာမဇွန်ဘီ ၁ ၏ ဧရာမ ခွန်အားအောက်တွင် သူ၏ တစ်ကိုယ်လုံးမှာ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲ ကျသွားခဲ့ရသည်။

သို့သော်လည်း ကိုဘိုးလ်များ၏ ဒဏ်ရာပြန်လည်ကုသနိုင်စွမ်းမှာ အံ့မခန်းလှပေ။ အကြိမ်အနည်းငယ် အော်ဟစ်ပြီးနောက် မြေပြင်မှ အလျင်အမြန် ပြန်လည်ထရပ်နိုင်ခဲ့သည်။ နံရိုးများ ပေါ်သည်အထိ ပွင့်ထွက်သွားသော ရင်ဘတ်မှ ဒဏ်ရာသုံးခုမှာလည်း ပြန်လည်ကျက်စပြုလာခဲ့သည်။ အသားစိုင်လေးများမှာ လျှင်မြန်စွာပင် ပြန်လည်ပေါက်ဖွားလာပြီး တစ်ခုနှင့်တစ်ခု ရောယှက်ကာ သွေးထွက်ခြင်းကို ရပ်တန့်စေခဲ့သည်။

ဒုန်း...

ထိုခဏ၌ပင် အားဖန်းသည်လည်း စစ်တလင်းအတွင်းသို့ ပြေးဝင်လာခဲ့သည်။ သူ၏ ကြိတ်ဆုံကျောက်တုံးခန့် ကြီးမားလှသော သံမဏိလက်သီးမှာ အဆင့် ၄ ကိုဘိုးလ်ကို ပစ်မှတ်ထားကာ ထိုးနှက်လိုက်ရာ ထိုကိုဘိုးလ်မှာ နောက်တစ်ကြိမ် လွင့်စင်သွားခဲ့ပြန်သည်။

အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ ကိုဘိုးလ်များမှာ အရေအတွက် အသာစီးရပြီး အဖွဲ့လိုက် ခုခံနေကြသော်လည်း အစွမ်းထက်လှသော အဆင့် ၅ ဇွန်ဘီရုပ်သေးများကိုမူ ယှဉ်နိုင်စွမ်း မရှိခဲ့ကြချေ။

တိုက်ပွဲမှာ တစ်ဖက်သတ် အနိုင်ကျင့်ခြေမှုန်းခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကိုဘိုးလ်များမှာ အထိနာလှသဖြင့် ထက်ဝက်ကျော်မှာ အသက်မဲ့ကာ လဲကျကုန်ကြပြီ ဖြစ်သည်။ လက်ကျန်ဖြစ်သော အဆင့် ၃ နှင့် အဆင့် ၄ ကိုဘိုးလ် အနည်းငယ်မှာလည်း ဇွန်ဘီရုပ်သေးများ၏ ထိုးစစ်အောက်တွင် အသည်းအသန် ရုန်းကန်နေရပြီး အလွန်အမင်း စိုးရိမ်ရသော အခြေအနေသို့ ရောက်နေတော့သည်။

သူ့မျိုးနွယ်စုဝင်များ၏ အလောင်းများကို ကြည့်ရှုရင်း အားဖန်း၏ ထိုးနှက်ချက်များကြောင့် တစ်ကိုယ်လုံး အထိနာကာ သေအံ့မူးမူး ဖြစ်နေသော အဆင့် ၄ ကိုဘိုးလ်သည် ဒေါသအဟုန် ပြင်းထန်လာခဲ့သည်။ သူ၏ မျက်ဝန်းအိမ်များမှာလည်း သွေးရောင်လွှမ်းလျက် နီရဲတောက်လာခဲ့သည်။

"ဝူး..."

သေခါနီးနောက်ဆုံးအချိန်တွင် ထိုအဆင့် ၄ ကိုဘိုးလ်သည် နားကွဲမတတ် စူးရှလှသော ဟောင်သံကြီးကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့သည်။

ဘုန်း...

ထို့နောက်တွင်တော့ အားဖန်း၏ သံမဏိလက်သီးအောက်၌ သန်မာလှသော ကိုဘိုးလ်၏ ခွေးဦးခေါင်းမှာ ကွဲအက်သွားခဲ့ပြီး ဦးနှောက်အစအနများနှင့် သွေးများမှာ ဖိတ်စင်ကာ ထွက်လာခဲ့သည်။

"ဖေဖေ... သူက စစ်ကူတွေကို ခေါ်လိုက်တာပဲ။ ကြည့်ရတာ ဒီမြို့ထဲမှာ ကိုဘိုးလ်တွေ အတော်များများ ရှိနေပုံပဲ။ ဟင်းလင်းပြင်အက်ကြောင်းကလည်း ဒီနားတင် ရှိနေတာ သေချာသလောက်ရှိနေပြီ"

ဂြိုဟ်သားမျိုးနွယ်စုများအကြောင်း ကောင်းစွာသိရှိထားသော ကျိရုရွှယ်သည် ထိုအော်သံကို ကြားသည်နှင့် ဘေးနားရှိ လုချွမ်းကို အမြန်ပင် ရှင်းပြလိုက်သည်။ လုချွမ်းကတော့ ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

မကြာမီမှာပင် အဆင့် ၅ ဇွန်ဘီရုပ်သေးများက ကျန်ရှိနေသော ကိုဘိုးလ်များကို အပြတ်အသတ် ရှင်းလင်းပြီးချိန်တွင် လမ်းဆုံးဆီမှ ရှုပ်ထွေးလှသော ခြေသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

အရပ်တစ်ဆယ်ပေခန့် မြင့်မားပြီး ငွေဖြူရောင် အမွှေးအမျှင်များ ဖုံးလွှမ်းနေသော အဆင့် ၅ ကိုဘိုးလ်တစ်ကောင်ကို သူတို့ မြင်လိုက်ရသည်။ ထိုသတ္တဝါသည် သတ္တုရောင် တလက်လက်တောက်နေသော ဧရာမစစ်သုံးပုဆိန်ကြီးကို ကိုင်ဆောင်ထားကာ လုချွမ်းတို့ရှိရာသို့ ယုတ်မာရက်စက်သော အရှိန်အဝါများ ထုတ်လွှတ်လျက် ချဉ်းကပ်လာခဲ့သည်။

၎င်း၏နောက်တွင်မူ ကိုဘိုးလ် အကောင်တစ်ရာခန့် လိုက်ပါလာကြပြီး ထိုအထဲမှ ထက်ဝက်ခန့်မှာ အဆင့် ၃ နှင့် အဆင့် ၄ များ ဖြစ်ကြသည်။

"တကယ်ပဲ အကူအညီတွေ ခေါ်လိုက်တာပဲ"

ချဉ်းကပ်လာသော အဆင့် ၅ ကိုဘိုးလ်ကို ကြည့်ရင်း လုချွမ်းကတော့ တည်ငြိမ်နေဆဲပင်။ အကယ်၍ အဆင့် ၆ ကိုဘိုးလ်သာ ပေါ်လာပါက သူ အနည်းငယ် ဂရုစိုက်မိပေလိမ့်မည်။ သို့သော် ယခုကဲ့သို့ အဆင့် ၅ မျှသာရှိသော ကိုဘိုးလ်မှာ သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။ သူသည် အဆင့် ၆ ဇွန်ဘီရုပ်သေးများကိုပင် ထုတ်သုံးရန် မလိုအပ်သေးချေ။

"ဖေဖေ... ဒါက ခွေးခေါင်းလူသား တပ်မှူးပဲ သတိထားဦးနော်။ သူက ဆင့်ကဲပြောင်းလဲသူတွေရဲ့ ပါရမီစွမ်းအင်နဲ့ ဆင်တူတဲ့ မျိုးနွယ်စုဗီဇစွမ်းရည်ကို အသက်သွင်းထားတာ"

ငွေရောင်အမွှေးအမျှင်နှင့် ကိုဘိုးလ်ကို မြင်သောအခါ ကျိရုရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ဖခင်ဖြစ်သူကို သတိပေးလိုက်သည်။

တစ်ပါးသောကမ္ဘာတွင် ရှင်သန်နေထိုင်ကြသည့် တစ်ဝက်တစ်ပျက် လူဝံသားရဲမျိုးနွယ်စုများမှာ သာမန်တော့ မဟုတ်ကြချေ။ မည်သည့်လူဝံသားရဲမဆို ၎င်းတို့၏ မျိုးနွယ်စုဗီဇစွမ်းရည်ကို အသက်သွင်းနိုင်ပြီး အဆင့် ၅ သို့ တက်လှမ်းနိုင်ပါက ခွန်အားမှာ သိသိသာသာ မြင့်တက်လာလေ့ရှိသည်။

ကိုဘိုးလ်များထဲတွင် မျိုးနွယ်စုဗီဇစွမ်းရည်ကို အသက်သွင်းနိုင်သူများကိုသာ တပ်မှူးအဖြစ် သတ်မှတ်ကြပြီး ၎င်းတို့မှာ ရင်ဆိုင်ရ အလွန်ခက်ခဲလှသည်။ ယခု သူတို့ရှေ့မှ ကိုဘိုးလ်မှာမူ ဗီဇစွမ်းရည် မည်မျှအထိ အသက်သွင်းထားသည်ကို မည်သူမျှ မသိနိုင်သေးချေ။

All Chapters