← Chapters

အခန်း (၄၄၇)

Vol. 45 Ch. 447

အခန်း (၄၄၇)

Vol. 45 Ch. 447

နဂါးပြည်နယ်၏ မူလ ယုဟွာအခြေစိုက်စခန်းသည် ကျန်းပြည်နယ်ရှိ အခြားသောအခြေစိုကစခန်းများမှ လူအင်အားများကို ပေါင်းစည်းပြီးနောက်တွင်လည်းကောင်း အရပ်ရပ်မှ လှည့်လည်ရှင်သန်ကျန်ရစ်သူများကို လက်ခံပြီးနောက်တွင်လည်းကောင်း အဆမတန် ကြီးမားကျယ်ပြန့်လာခဲ့သည်။ ၎င်းကို နဂါးပြည်နယ်၏ အကြီးဆုံးသော အခြေစိုက်စခန်းဟု ခေါ်ဆိုလျှင်ပင် လွန်အံ့မထင်ချေ။

သို့သော်လည်း ယခုအခါ အခြေစိုက်စခန်း တည်ရှိရာနေရာမှာ ယုဟွာမြို့ မဟုတ်တော့သကဲ့သို့ စခန်းအတွင်းရှိ လူအများစုမှာလည်း ယုဟွာမြို့သားများ မဟုတ်ကြတော့သဖြင့် အမည်သစ်တစ်ခု ပေးရန် လိုအပ်လာခဲ့သည်။ ဤအတောအတွင်း အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးတိုင်ပင်ကြပြီးနောက် ချောင်ယန် အခြေစိုက်စခန်းဟု အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြသည်။

ဤအမည်ကို ရွေးချယ်ရခြင်းမှာ အခြေစိုက်စခန်းသည် နဂါးပြည်နယ်ရှိ ချောင်ယန်တောင်တန်းနှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် ဖြစ်သကဲ့သို့ ယုဟွာအခြေစိုက်စခန်း၏ တစ်ဖန်ပြန်လည် မွေးဖွားခြင်းကို ကိုယ်စားပြု၍ ရှေ့အနာဂတ်တွင် ထွန်းလင်းတောက်ပလာမည့် နေဝန်းအလား အလားအလာကောင်းများ ရှိစေရန် ရည်ရွယ်ခြင်းပင်။

နံနက်စောစော အချိန်၌ ချောင်ယန်အခြေစိုက်စခန်းသည် ၎င်း၏ အိပ်မောကျမှုမှ နိုးထလာခဲ့ပြီ ဖြစ်သည်။ လမ်းမများပေါ်တွင် လူအများဖြင့် စည်ကားလျက် ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်နေကာ မြို့သူမြို့သား အများအပြားမှာလည်း အလုပ်အကိုင်များ စတင်ရန်အတွက် အိမ်ပြင်သို့ ထွက်ခွာနေကြပြီ ဖြစ်သည်။

ရှင်သန်ကျန်ရစ်သူများသည် အခြေစိုက်စခန်း၏ အကာအကွယ်ကို ရရှိကြသည်မှာ မှနသော်လည်း ၎င်းမှာ မြို့တော်က သူတို့ကို အလကား ကျွေးမွေးထားမည်ဟု မဆိုလိုပေ။ ရှင်သန်ကျန်ရစ်သူများသည် ဝတ်နိုင်စားနိုင်ရန်အတွက် သူတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြရစမြဲပင်။

ဝုန်း... ဝုန်း...

ထိုစဉ်မှာပင် မြို့တံခါးအပြင်ဘက်မှ အနက်ရောင်လှံများ တပ်ဆင်ထားသော ကုန်တင်ကားကြီး အချို့သည် မြို့ထဲသို့ မောင်းနှင်၍ ဝင်ရောက်လာခဲ့သည်။ ၎င်းနှင့်အတူ ပြင်းထန်လှသော သွေးညှီနံ့များမှာလည်း လေထဲ၌ လွှမ်းခြုံကာ ပါလာခဲ့သည်။

ကုန်တင်ကားများ၏ အောက်ခြေမှ လတ်ဆတ်သော သွေးစက်များမှာ တစ်စက်ချင်း ကျဆင်းနေသည်ကို တွေ့မြင်နိုင်ပြီး ကားနောက်ခန်းများတွင်လည်း သားရဲအလောင်းများဖြင့် ပြည့်နှက်နေသည်။ ဤယာဉ်တန်းသည် အမဲလိုက်ရာမှ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုရပေမည်။

မြို့တံခါးရှိ ကင်းစောင့်ရဲဘော်များသည် စစ်ဘက်သုံး ကုန်တင်ကားများကို မြင်သည်နှင့် တိတ်ဆိတ်စွာ အလေးပြုလိုက်ကြပြီး ယာယီအတားအဆီးများကို ဖယ်ရှားပေးရန် အချက်ပြလိုက်ကြသည်။

ပထမဆုံး ကားပေါ်တွင် ထိုင်လိုက်ပါလာသော ကျောက်လင်းသည် ကင်းစောင့်များကို စကားတစ်လုံးမျှ မပြောဘဲ ခေါင်းငြိတ်ပြလိုက်ပြီးနောက် ယာဉ်တန်းသည် ချောင်ယန်အခြေစိုက်စခန်းအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်သွားခဲ့တော့သည်။

"ဟေး... ကြည့်စမ်းပါဦး ဒါ ငါတို့ ချောင်ယန်အခြေစိုက်စခန်းရဲ့ မသေနိုင်သောတပ်ဖွဲ့မဟုတ်လား။ သူတို့ သားရဲတွေ အမဲလိုက်ရာကနေ ပြန်လာကြတာပဲ"

"ကားတွေကို ကြည့်ပါဦး။ သားရဲတွေ အများကြီး သတ်လာနိုင်တာပဲ။ မသေနိုင်သောတပ်ဖွဲ့က တကယ့်ကို အစွမ်းထက်တာပဲနော်"

"ဒီသားရဲတွေဆီက ထွက်ပေါ်နေတဲ့ အငွေ့အသက်တွေက မနည်းဘူးပဲ။ တချို့ကဆိုရင် ကြောက်စရာတောင် ကောင်းတယ်။ အဆင့် ၄ သတ္တဝါတွေတောင် ဖြစ်နိုင်တယ်"

"ဟားဟား... ဒါပေါ့ဗျ။ ငါတို့ရဲ့ မသေနိုင်သော စစ်နတ်ဘုရားမရှိနေတာပဲ။ ဒီလိုသားရဲတွေကို ကိုင်တွယ်ရတာကတော့ အေးဆေးပါပဲ။ ကျုပ်အမြင်ပြောရရင်တော့ ချောင်ယန်အခြေစိုက်စခန်း ဘေးနားမှာ လာနေမိတဲ့ ဒီသားရဲတွေကတော့ ကံဆိုးတာပဲလို့ ပြောရမယ်..."

လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ဖြတ်သန်းသွားလာနေသူများသည် ယာဉ်တန်းကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် တမြုံ့မြုံ့ ဆွေးနွေးနေကြတော့သည်။

အမှန်စင်စစ် ချောင်ယန်အခြေစိုက်စခန်းတွင် နေထိုင်သူတိုင်း မသေနိုင်သော စစ်နတ်ဘုရားမအကြောင်းကို မကြားဖူးသူ မရှိသလောက်ပင်။ မြို့တော်၏ အကာအကွယ်ပေးသူအဖြစ် တည်ရှိနေသော သူမကို ကျေးဇူးမသိတတ်သူမှလွဲ၍ လူတိုင်းက အထူးပင် လေးစားကြည်ညိုကြသည်။

ဤသို့ မသေနိုင်သော စစ်နတ်ဘုရားမဟု အမည်တွင်နေသူမှာ အခြားသူမဟုတ်ဘဲ ကျောက်လင်းပင်။

ချီချီထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ကျောက်လင်းသည် အခြေစိုက်စခန်းသို့ ပြန်ရောက်သည်နှင့် သူမ၏ ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို လက်ဆင့်ကမ်းရန်အတွက် သင့်တော်သော လူသစ်များကို စတင်ရွေးချယ်ကာ လေ့ကျင့်ပေးခဲ့သည်။

ယခုအခါ နှစ်လခန့် ကြာမြင့်ပြီးနောက်တွင် ကျောက်လင်း၏ စနစ်တကျ လမ်းညွှန်မှုအောက်၌ ရွေးချယ်ခံရသော ဆင့်ကဲပြောင်းလဲသူများသည် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိခဲ့ကြသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ကျောက်လင်းသည် ထိုသူများကို စုစည်းကာ အခြေစိုက်စခန်းတစ်ခုလုံးတွင် အတော်ဆုံးဟု အသိအမှတ်ပြုခံရသည့် အထူးရွေးချယ်ထားသော ဆင့်ကဲပြောင်းလဲသူအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

သူမ၏ ထူးခြားသော စွမ်းရည်များကို အစွဲပြု၍ ကျောက်လင်းသည် ဤအဖွဲ့ကို မသေနိုင်သောတပ်ဖွဲ့ဟု အမည်ပေးခဲ့ခြင်းပင်။

တပ်ဖွဲ့ကို ဖွဲ့စည်းပြီးနောက်တွင် ကျောက်လင်းသည် နဂါးပြည်နယ်အတွင်းရှိ အခြေစိုက်စခန်းအသီးသီးတွင် ဖြစ်ပေါ်နေသော ဘေးအန္တရာယ်များနှင့် ခြိမ်းခြောက်မှုများကို ဖြေရှင်းပေးရန် မနားမနေ ကြိုးပမ်းခဲ့ပြီး အခြေစိုက်စခန်းအတွက်လည်း အောင်မြင်မှုများစွာကို သယ်ဆောင်လာနိုင်ခဲ့သည်။

သို့သော်လည်း အရာရာမှာ ချောမွေ့နေခဲ့သည်တော့ မဟုတ်ပေ။ ဤကာလအတွင်း၌ ကျောက်လင်းသည် အဆင့် ၅ ရှိသော သားရဲနှစ်ကောင်ကြောင့် ဖြစ်ပွားခဲ့သည့် သားရဲလှိုင်းလုံးကြီးအတွင်း၌ တစ်ကြိမ် သေဆုံးခဲ့ဖူးသည်။

သူမ၏ စွမ်းဆောင်ရည်များမှာ ထူးကဲလှသဖြင့် အင်ပါယာမြို့တော်ကပင် သူမကို အသိအမှတ်ပြုခဲ့ပြီး မသေနိုင်သော စစ်နတ်ဘုရားမဟူသော ဘွဲ့ထူးကို အပ်နှင်းခဲ့သည်။ ယခုအခါ အင်ပါယာမြို့တော်၏ တက်ကြွစွာ မြှင့်တင်ပေးမှုကြောင့် လူသားအခြေစိုက်စခန်းတိုင်းတွင် သူမ၏ အမည်ကို ကြားဖူးနေကြပြီ ဖြစ်သည်။

ကုန်တင်ကားအတွင်း၌ ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို နားထောင်ရင်း လေးစားသော အကြည့်များကို ခံစားမိရင်း ကျောက်လင်းသည် မပြုံးဘဲ မနေနိုင်ခဲ့ပေ။

ယခုအခါ သူမသည် ကျော်ကြားလာခဲ့ပြီး လူသားမျိုးနွယ်စုများအကြားတွင် သူမ၏ ဂုဏ်သတင်းမှာ အမြင့်မားဆုံး အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သတည်း။

ဤကဲ့သို့သော ဂုဏ်သတင်းအကျော်အမောနှင့်ဆိုလျှင် သူမအနေဖြင့် ခေါင်းဆောင်မှုကဏ္ဍတစ်ခုသို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းမှာ ပိုမိုမြင့်မားလာနေပြီဖြစ်သည်။

မကြာမီမှာပင် ယာဉ်တန်းသည် စစ်စခန်းအတွင်းသို့ မောင်းနှင်ဝင်ရောက်လာခဲ့သည်။ သူမသည် ယာဉ်ပေါ်မှ ဆင်းလိုက်သည်။

"တပ်မှူး"

နွမ်းနယ်နေကြသော မသေနိုင်သောတပ်ဖွဲ့ဝင်များသည် သူမ၏အနားသို့ စုရုံးရောက်ရှိလာကြသည်။

"အားလုံးပဲ ပင်ပန်းသွားကြပြီ သွားနားကြတော့။ ဒီနေ့အတွက်တော့ မင်းတို့ကို အားလပ်ရက်ပေးတယ်"

ကျောက်လင်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် တပ်မှူး"

"ဟီးဟီး... ကျေးဇူးပဲ တပ်မှူးရေ နောက်ဆုံးတော့ နားရပြီ"

"ဟုတ်ပဗျာ... ကျုပ်ဖြင့် သေတော့မတတ် ပင်ပန်းနေတာ..."

ကျောက်လင်း၏စကားကို ကြားရသောအခါ တပ်ဖွဲ့ဝင်များ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားကြသည်။

"ကဲ... သွားကြတော့"

ကျောက်လင်းက လက်ဝှေ့ယမ်း၍ လွှတ်လိုက်ရာ သူတို့သည် တစ်ဦးကိုတစ်ဦး ပခုံးဖက်လျက် အုပ်စုလိုက် ထွက်ခွာသွားကြတော့သည်။

"ဒါနဲ့ အကူလင်း... ထောက်ပံ့ရေးအဖွဲ့ကို ချက်ချင်းလာခိုင်းလိုက်ပါ။ ဒီပစ္စည်းတွေကို ဂိုဒေါင်ထဲမှာ သေချာသိမ်းပြီး အမြန်ဆုံး စီမံခန့်ခွဲခိုင်းလိုက်ဦး။

နေလည်စာကျရင်တော့ လတ်ဆတ်တဲ့ သားရဲသားကို စားချင်တယ်လို့ ပြောလိုက်။ ပြီးတော့ အလုပ်ကို မခိုမကပ်ဘဲ လုပ်ဖို့လည်း မှာလိုက်ဦး"

ထိုသို့မှာကြားပြီးနောက် ကျောက်လင်းသည် သူမ၏ ဘေးနားရှိ အရာရှိလက်ထောက်ဘက်သို့ လှည့်ကာ ညွှန်ကြားချက်များ ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ တပ်မှူးကြီး... ကျွန်တော် အခုချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်"

အရာရှိက တည်ကြည်စွာဖြင့် အလေးပြုရင်း ပြန်လည်ဖြေကြားသည်။

"ကောင်းပြီ... ငါ အရင်ပြန်နားတော့မယ်။ အပြင်မှာ နှစ်ရက် သုံးရက်လောက် ကြာသွားတော့ ရေမချိုးရသေးဘူး။ တစ်ကိုယ်လုံးလည်း နံစော်နေပြီ"

လက်ထောက်ကို လက်ဝှေ့ယမ်း နှုတ်ဆက်ကာ ကျောက်လင်းသည် သူမ၏ နားနေဆောင်ရှိရာသို့ ခပ်သွက်သွက် လှမ်းလျှောက်သွားတော့သည်။

နာရီဝက်ခန့်အကြာတွင်တော့ ရေမိုးချိုးပြီး၍ လန်းဆန်းတက်ကြွနေသော ကျောက်လင်းသည် အခန်းထဲမှ ပြန်လည်ထွက်ခွာလာခဲ့သည်။ ဗိုက်ကလည်း ဟာလာဟင်းလင်း ဖြစ်နေပြီဖြစ်ရာ တစ်ခုခုစားရန် သူမ ဆုံးဖြတ်လိုက်သည်။

စစ်တန်းလျားရှိ ထမင်းစားဆောင်မှာ ထမင်းစားချိန် ကျော်လွန်သွားပြီဖြစ်ကြောင်း သတိပြုမိသဖြင့် ကျောက်လင်းသည် အပြင်၌သာ သွားရောက်စားသောက်ရန် ပြင်ဆင်လိုက်သည်။

ချောင်ယန်အခြေစိုက်စခန်းတွင် လူဦးရေ ပိုမိုများပြားလာသည်နှင့်အမျှ ယခင်က ပြိုလဲသွားခဲ့သော ဒေသခံများ၏ လုပ်ငန်းကဏ္ဍများသည်လည်း တဖြည်းဖြည်း ပြန်လည်ဦးမော့လာခဲ့သည်။ စားသောက်ဆိုင်လေးများစွာမှာလည်း အခြေစိုက်စခန်း၏ နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

သို့သော် သူမ မျှော်လင့်မထားဘဲ အပြင်သို့ ထွက်ရန် အလှမ်းအနည်းငယ်အကွာမှာပင် တားဆီးခြင်း ခံလိုက်ရသည်။

"စစ်နတ်ဘုရားမကြီး ခဏလောက် စောင့်ပါဦး"

ထိုခေါ်သံကြောင့် ကျောက်လင်း နောက်သို့ လှည့်ကြည့်လိုက်ရာ အရာရှိတစ်ဦး သူမဆီသို့ အပြေးအလွှား လာနေသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားမိသည်။

"စစ်နတ်ဘုရားမကြီး... အရေးပေါ်အစည်းအဝေးတစ်ခု ရှိနေလို့ အစည်းအဝေးခန်းမကို အခုချက်ချင်း ကြွရောက်ပေးဖို့ အကြီးအကဲက သတင်းပါးလိုက်ပါတယ်"

ထိုအရာရှိမှာ အမောတကောဖြင့် ကျောက်လင်းထံသို့ သတင်းစကားကို အမြန်ဆုံး ပါးလိုက်ခြင်းပင်။

"အရေးပေါ်အစည်းအဝေး ဟုတ်လား... ဘာတွေများ ဖြစ်လို့လဲ"

အရေးပေါ်အစည်းအဝေးဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် ကျောက်လင်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး အလျင်အမြန် မေးမြန်းလိုက်သည်။ အဆင့်မြင့်အရာရှိကြီးများက အရေးပေါ်အစည်းအဝေး ခေါ်ယူသည်ဆိုကတည်းက တစ်စုံတစ်ခုသော ကြီးမားသည့်ဖြစ်ရပ် ဖြစ်ပွားနေပြီဟု ဆိုလိုခြင်းပင်။

"စစ်နတ်ဘုရားမကြီး... ကျွန်တော်လည်း အသေးစိတ်ကို မသိပါဘူး။ အမြန်ဆုံး ကြွရောက်ပေးဖို့ပဲ မှာလိုက်တာပါ"

ထိုအရာရှိက ခေါင်းယမ်းလျက် ပြန်လည်ဖြေကြားသည်။

"ကောင်းပြီလေ... သိပြီ"

ကျောက်လင်းသည် မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်ပြလိုက်ပြီး အစည်းအဝေးခန်းမရှိရာသို့ ချက်ချင်းပင် ဦးတည်သွားတော့သည်။

ဆယ်မိနစ်ခန့်အကြာ အစည်းအဝေးခန်းမအတွင်း၌

"ကျွန်တော်တို့ ခုလေးတင် သတင်းရရှိတာကတော့ လဆန်းအခြေစိုက်စခန်းတစ်ခုလုံး ပျက်စီးသွားပြီဆိုတဲ့ သတင်းပါပဲ"

အခြေစိုက်စခန်း အကြီးအကဲက တက်ရောက်လာသူ အားလုံးကို ကြည့်ကာ လေးနကတည်ကြည်သော လေသံဖြင့် ကြေညာလိုက်သည်။

All Chapters