အခန်း (၄၄၈)
Vol. 45 Ch. 448
ဤသတင်းကို ကြားလိုက်ရချိန်တွင် အစောပိုင်းက ဝေခွဲမရဖြစ်နေကြသော အဆင့်မြင့်အရာရှိကြီးများ၏ မျက်နှာအမူအရာမှာ ရုတ်ချည်းပင် ပျက်ယွင်းသွားကြတော့သည်။
ဤသည်မှာ သူတို့ ကြားသိရသမျှ အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည့် တတိယမြောက် အခြေစိုက်စခန်း ဖြစ်သည်။ ယခင်က ရှမ်းချွမ်းအခြေစိုက်စခန်း ၊ လီမြစ်အခြေစိုက်စခန်းနှင့် ယခုအခါ လဆန်းအခြေစိုက်စခန်းတို့ပင်။
ခေါင်းဆောင်၏ လက်ယာဘက်တွင် ထိုင်နေသော ကျောက်လင်းသည်လည်း စိတ်လှုပ်ရှားမှုများ ပြင်းထန်စွာ ခံစားနေရသည်။ လဆန်းအခြေစိုက်စခန်းသည် နဂါးပြည်နယ်အတွင်း၌ တည်ရှိပြီး မူလက ကျန်းပြည်နယ်မှ ပြောင်းရွှေ့လာသော အခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ယခင်က သူမသည် သူမ၏ "မသေနိုင်သောတပ်ဖွဲ့" ကို ဦးဆောင်ကာ လဆန်းအခြေစိုက်စခန်းရှိ အကျပ်အတည်းများကို ရှင်းလင်းပေးခဲ့ပြီး အဆင့် ၄ ရှိသော သားရဲအမြောက်အမြားကိုလည်း သုတ်သင်ပေးခဲ့ဖူးသည်။ ထိုစဉ်က လဆန်းအခြေစိုက်စခန်းမှာ အဆင်ပြေချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်နေခဲ့သော်လည်း ယခုအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်စီးသွားခဲ့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တက်ရောက်လာသော အဆင့်မြင့်အရာရှိကြီးများ၏ မျက်နှာတွင် လေးနက်တည်ကြည်မှုများ အထင်အသား ပေါ်လွင်နေသည်။
ပြင်ပတွင် ဇွန်ဘီအန္တရာယ်မှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး လူသားနှင့် ဇွန်ဘီ မည်သူမျှ အပြတ်အသတ် အနိုင်မရသေးသော်လည်း အဓိကအခြေစိုက်စခန်းကြီးတစ်ခုစီမှာ ပုံမှန်အတိုင်း ဖွံ့ဖြိုးတိုးတက်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ယခင်က မသေနိုင်သောတပ်ဖွဲ့က အခြေစိုက်စခန်းကြီးများအတွက် ပြဿနာများကို ရှင်းလင်းပေးခဲ့ဖူးသဖြင့် ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် လဆန်းအခြေစိုက်စခန်းမှာ ယခုကဲ့သို့ ရုတ်တရက် ပျက်စီးသွားစရာ အကြောင်းမရှိပေ။
အကယ်၍ အခြေစိုက်စခန်းတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်စွမ်းရှိသည့် အခြားသော အစွမ်းထက် ဇွန်ဘီဘုရင်တစ်ပါး ပေါ်ထွန်းလာပြီး ဧရာမဇွန်ဘီလှိုင်းလုံးကြီးဖြင့် တိုက်ခိုက်ခဲ့လျှင်တော့ တစ်မျိုးပင်။
"နောက်ထပ် ဇွန်ဘီဘုရင်တစ်ပါး ထပ်ပေါ်လာတာများလား"
အဆင့်မြင့်အရာရှိတစ်ဦးက မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"ဇွန်ဘီဘုရင် မဟုတ်ဘူး... ဒါပေမဲ့ အဲဒီထက် ပိုပြီးတော့တောင် ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်နိုင်တယ်။ ဒါကို တစ်ချက်လောက် ကြည့်လိုက်ကြပါဦး"
တက်ရောက်လာသူအားလုံး၏ လေးနက်တည်ကြည်နေသော မျက်နှာများကို ကြည့်ကာ အခြေစိုက်စခန်းခေါင်းဆောင်က စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်ပြီးနောက် သူ၏ရှေ့ရှိ ပရိုဂျက်တာကို ဖွင့်ကာ ဗီဒီယိုဖိုင်တစ်ခုကို ပြသလိုက်သည်။
ခေါင်းဆောင်၏ စကားကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
ဇွန်ဘီတွေထက်တောင် ပိုကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးလား။
အားလုံး၏ အကြည့်များမှာ စူးစိုက်မှုအပြည့်ဖြင့် ဖန်သားပြင်ဆီသို့ ရောက်ရှိသွားကြတော့သည်။
ဝီ... ဝီ... ဝီ...
ဗီဒီယိုထဲတွင် မိုးထစ်ချုန်းသံကဲ့သို့ ဆူညံသံများ ထွက်ပေါ်နေသည်။ ညဉ့်နက်သန်းခေါင်ယံအချိန် မြို့ရိုးပေါ်ရှိ အဝေးကြည့်မီးမောင်းကြီးများမှ ထွက်ပေါ်လာသော အလင်းတန်းများအောက်တွင် မရေမတွက်နိုင်သော သွေးဆာနေသည့် ပိုးမွှားများက အခြေစိုက်စခန်းဆီသို့ အုပ်စုလိုက်ကြီး ကျူးကျော်ဝင်ရောက်လာနေကြသည်။
ဤနေရာမှာ လဆန်းအခြေစိုက်စခန်း ဖြစ်နေမည်မှာ သေချာလှသည်။
ဒုန်း... ဒုန်း... ဒုန်း...
ကြောက်မက်ဖွယ်ကောင်းသော ဤသွေးဆာပိုးမွှားများနှင့် ရင်ဆိုင်ရသောအခါ လဆန်းအခြေစိုက်စခန်းက တိုက်ရိုက်ပင် ပစ်ခတ်မှုများ ပြုလုပ်တော့သည်။ သေနတ်သံများနှင့် အမြောက်သံများမှာ ကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်သွားပြီး ကျည်ဆန်များနှင့် အမြောက်ကျည် အမြောက်အမြားမှာ ထိုသွေးရောင်လွှမ်းနေသော ပိုးမွှားအုပ်ကြီးထဲသို့ ဗုံးကြဲသကဲ့သို့ ကျရောက်သွားခဲ့သည်။
ဝုန်း...
ခဏချင်းမှာပင် သွေးရောင်ပိုးမွှားအုပ်ကြီးအတွင်း၌ ဧရာမ မီးလျှံကြီးများ တောက်လောင်လာခဲ့ပြီး ပိုးမွှားအမြောက်အမြား သေဆုံးသွားခဲ့သည်။ သို့သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကွက်လပ်များကို ပတ်ဝန်းကျင်ရှိ အခြားသော ပိုးမွှားများက ချက်ချင်းပင် အစားထိုး ဝင်ရောက်လာကြသည်။
ဤပိုးမွှားများသည် အဆုံးမရှိသကဲ့သို့ပင် သေခြင်းတရားကိုလည်း အနည်းငယ်မျှ မကြောက်ရွံ့ဘဲ ကျည်ဆန်မိုးများကြားထဲမှ မြို့ရိုးပေါ်သို့ ရူးသွပ်စွာ တိုးဝှေ့တက်လာကြတော့သည်။
"အား..."
ထိတ်လန့်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး မြို့ရိုးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့သည်။ အချိန်အနည်းငယ်အတွင်းမှာပင် ဆင့်ကဲပြောင်းလဲသူ အချို့နှင့် စစ်သည်တော်များမှာ ဤသွေးဆာပိုးမွှားများ၏ ဝိုင်းအုံကိုက်ခဲမှုအောက်တွင် အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ဤမှတ်တမ်းမှာ ကြာရှည်မခံဘဲ ပိုးမွှားများ၏ တိုက်ခိုက်မှုကြောင့် ပြတ်တောက်သွားခဲ့ပြီးနောက် နောက်ထပ် ဗီဒီယိုဖိုင်တစ်ခုသို့ ကူးပြောင်းသွားခဲ့သည်။
ဤမှတ်တမ်းမှာမူ အခြေစိုက်စခန်းအတွင်းပိုင်း၌ ရိုက်ကူးထားခြင်းဖြစ်ပြီး သွေးဆာပိုးမွှားအုပ်ကြီး မြို့ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် မြင်ကွင်းကို အတိအကျ မှတ်တမ်းတင်ထားခြင်းပင်။
ကောင်းကင်ယံထက်တွင် သွေးနီရောင် တိမ်တိုက်ကြီးများအလား ပေါ်ထွက်လာသော သွေးဆာပိုးမွှားအုပ်ကြီးသည် မြို့အတွင်းသို့ အလုံးအရင်းနှင့် ကျူးကျော်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် မည်သည့်သက်ရှိမျှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။
လမ်းမများပေါ်တွင် အသည်းအသန် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေကြသော ရှင်သန်ကျန်ရစ်သူ အမြောက်အမြားမှာ ထိုသွေးရောင်တိမ်တိုက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်နှင့် တစ်ခဏချင်းမှာပင် အရိုးစုပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ တစ်မြို့လုံးမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အရိုးစုများ အထပ်ထပ် ဖြစ်တည်နေသည့် သုသာန်မြေကြီးအလား ဖြစ်သွားခဲ့ရသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ရှုရင်း တက်ရောက်လာသည့် အဆင့်မြင့်အရာရှိကြီးများမှာ ကျောချမ်းကာ ချွေးစေးများ ပြန်လာခဲ့ကြပြီး မယုံကြည်နိုင်လောက်အောင်ပင် မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ကြသည်။
ဒီအကောင်တွေက အပြင်မှာ တကယ်ရှိတာလား ဘာတွေလဲ။ သန္ဓေပြောင်းသွားတဲ့ သားရဲတွေလား။ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရက်စက်နေကြတာလဲ။
မူလက လဆန်းအခြေစိုက်စခန်း ပျက်စီးသွားသည်ဆိုခြင်းမှာ ယခင် ရှမ်းချွမ်းနှင့် လီမြစ်အခြေစိုက်စခန်းများကဲ့သို့ မြို့ရိုးကျိုးပေါက်ကာ ရှင်သန်ကျန်ရစ်သူများ အရပ်ရပ်သို့ ကွဲလွင့်သွားခြင်းမျိုးသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်းပင်။
သို့သော် ယခု လဆန်းအခြေစိုက်စခန်း၏ အခြေအနေမှာ ယခင်ဖြစ်ရပ်များနှင့် လုံးဝကွဲပြားနေသည်။ ဤသွေးဆာပိုးမွှားအုပ်ကြီး၏ သတ်ဖြတ်ပုံ နည်းစနစ်များအရဆိုလျှင် လဆန်းအခြေစိုက်စခန်းမှာ တစ်ဦးတစ်ယောက်မျှ အသက်မချန်ဘဲ အမှန်တကယ်ပင် အမြစ်ပြတ် သုတ်သင်ရှင်းလင်းခံလိုက်ရပြီဟု ယူဆလို့ရသည်။
ကျောက်လင်းသည်လည်း မျက်လုံးအစုံ ပြူးကျယ်လျက် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ဤသွေးဆာပိုးမွှားများကို နှိုင်းယှဉ်ကြည့်ရင်း ရင်ထဲ၌ စိမ့်တက်သွားခဲ့သည်။
ဒီပိုးမွှားတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဟု ခဏမျှ စဉ်းစားကြည့်သော်လည်း ကောင်းမွန်သော နည်းလမ်းကို ရှာမတွေ့ခဲ့ပေ။ အကယ်၍သာ ဤပိုးမွှားများ၏ ဝိုင်းရုံခြင်းကို ခံလိုက်ရပါက အဆင့် ၅ ဆင့်ကဲပြောင်းလဲသူ ဖြစ်သော သူမပင်လျှင် ထိုနေရာ၌ပင် အသက်ပျောက်သွားနိုင်သည်။
ဒုန်း...
"ဒီအယုတ်တမာ သားရဲတွေ"
အဆင့်မြင့်အရာရှိတစ်ဦးမှာ မျက်ဝန်းများ နီရဲလျက် စားပွဲကို အားကုန်လွှဲ၍ ထုလိုက်ကာ မုန်းတီးမှုအပြည့်ဖြင့် ရေရွတ်လိုက်သည်။
"ဒီပိုးမွှားတွေကတော့ တကယ့်ကို ကပ်ဘေးတစ်ခုပဲ"
အခြားအရာရှိတစ်ဦးကလည်း ပြောလိုက်သည်။
အခြားသူများမှာမူ ဘာမှမပြောကြသော်လည်း သူတို့၏ မျက်မှောင်ကြုတ်နေသော မျက်နှာများကပင် အခြေအနေ၏ ပြင်းထန်မှုကို ဖော်ပြနေသည်။
"စိတ်မပူကြပါနဲ့... ဒီပိုးမွှားအုပ်တွေက သာမန်သန္ဓေပြောင်းသားရဲတွေလောက် ရိုးရှင်းမှာ မဟုတ်ဘူး။ အရင်က ဒီပိုးမွှားတွေအကြောင်း ဘာသတင်းအချက်အလက်မှ မရှိခဲ့ဘူး။ လေထဲကနေ ရုတ်တရက် ပေါ်လာသလိုပဲ"
"ဒါ့အပြင် လဆန်းအခြေစိုက်စခန်းတစ်ခုလုံးကို သုတ်သင်နိုင်တယ်ဆိုကတည်းက သူတို့ရဲ့ ခွန်အားက တကယ့်ကို ကြောက်စရာကောင်းမှာ သေချာတယ်။ ငါတို့ရဲ့ ချောင်ယန်အခြေစိုက်
စခန်းတောင်မှ သူတို့ကို ခုခံဖို့ဆိုတာ အတော်လေး ခက်ခဲလိမ့်မယ်"
အခြေစိုက်စခန်း ခေါင်းဆောင်သည်လည်း မတတ်သာသည့်အဆုံး ခေါင်းကိုသာ ရမ်းလိုက်မိတော့သည်။
ခေါင်းဆောင်၏ သတိပေးစကားကို ကြားရသောအခါ တက်ရောက်လာသူအားလုံးသည် ဒေါသနွံထဲမှ ရုန်းထွက်နိုင်ခဲ့ကြပြီး ကောက်ကျစ်ရက်စက်သော ထိုပိုးမွှားများကို လက်စားချေရန်အတွက် ၎င်းတို့နှင့် ယှဉ်နိုင်သော အင်အားလိုအပ်ကြောင်း သဘောပေါက်သွားကြသည်။
ထို့ပြင် အကယ်၍ ထိုကြောက်မက်ဖွယ်ကောင်းသော သွေးရောင်ပိုးမွှားအုပ်ကြီးသည် ချောငယန်အခြေစိုက်စခန်းကိုသာ နောက်ထပ်ပစ်မှတ်အဖြစ် တိုက်ခိုက်လာခဲ့လျှင်...
ခဏချင်းမှာပင် လူတိုင်း၏စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ လွှမ်းမိုးသွားခဲ့သည်။
ကမ္ဘာပျက်ပြီးတဲ့နောက်မှာ ဇွန်ဘီအန္တရာယ်အပြင် ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ တခြားဒုက္ခတွေ ရှိနေဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
အစည်းအဝေးတွင် လူတိုင်းသည် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကို ရင်ဆိုင်ရန် နည်းလမ်းမျိုးစုံ ဆွေးနွေးခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ တိကျသေချာသော အစီအစဉ်တစ်ခုကို မချမှတ်နိုင်ခဲ့ကြပေ။
အကြောင်းမှာ ထိုသွေးရောင်ပိုးမွှားအုပ်ကြီးသည် အလွန်အန္တရာယ်များလွန်းပြီး ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်ရာ အခြေစိုက်စခန်းအနေဖြင့် ၎င်းတို့အကြောင်းကို လုံးဝနားမလည်သေးဘဲ တုံ့ပြန်မည့်အစီအစဉ် ရေးဆွဲရန် ခက်ခဲနေသောကြောင့်ပင်။
အစည်းအဝေးပြီးဆုံးချိန်တွင် မွန်းတည့်ရန် နီးကပ်နေပြီဖြစ်ရာ ဗိုက်ဟောင်းလောင်းဖြစ်နေသော ကျောက်လင်းသည် စစ်စခန်းအတွင်းရှိ ထမင်းစားဆောင်သို့ အမြန်သွားရောက်ကာ အစာဖြည့်လိုက်သည်။
ထမင်းစားဆောင်မှ ထွက်လာပြီးနောက် ကျောက်လင်းသည် သူမ၏ နားနေဆောင်သို့ ပြန်ရန် ပြင်ဆင်နေစဉ် စစ်စခန်းဝင်ပေါက်၌ လူအုပ်ကြီး စုရုံးကာ ဆူညံနေသည်ကို မြင်တွေ့လိုက်ရသည်။
ကျောက်လင်းသည် မျက်မှောင်ကြုတ်လျက် ထိုနေရာသို့ ခပ်သွက်သွက် လှမ်းလျှောက်သွားခဲ့သည်။
"ဘာလို့ ဒီမှာ လာစုနေကြတာလဲ။ ဒီလောက် ဆူညံနေရအောင် စစ်စခန်းရဲ့ စည်းကမ်းတွေကို မေ့ကုန်ကြပြီလား"
လူအုပ်ကြီးမှာ အထပ်ထပ်ဝိုင်းရံနေသည်ကို အနီးကပ် မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး တင်းမာသောလေသံဖြင့် အော်ဟစ်လိုက်သည်။
"စစ်နတ်ဘုရားမကြီး"
"စစ်နတ်ဘုရားမကြီး လာနေပြီဟေ့"
ကျောက်လင်း၏ အသံနှင့် တင်းမာနေသော မျက်နှာကို မြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ လန့်ဖျန့်သွားပြီး ချက်ချင်းပင် ငြိမ်သက်သွားကြသည်။
မကြာမီမှာပင် ဆင့်ကဲပြောင်းလဲသူများနှင့် စစ်သည်တော်များမှာ သူမအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
လူအုပ်အတွင်းထဲသို့ ရောက်သွားချိန်တွင် ကျောက်လင်း၏ အကြည့်မှာ အလယ်ဗဟိုရှိ လူတစ်ဦးထံသို့ ချက်ချင်း ရောက်ရှိသွားသည်။ ထိုသူမှာ သွေးများစွန်းထင်ကာ နွမ်းနယ်နေသော ဆင့်ကဲပြောင်းလဲသူ တစ်ဦးပင်။
"စစ်နတ်ဘုရားမကြီး"
ထိုဆင့်ကဲပြောင်းလဲသူသည် ကျောက်လင်းကို မြင်သည်နှင့် ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး အလျင်အမြန် အလေးပြုလိုက်သည်။
ကျောက်လင်းက တည်ငြိမ်သောမျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း ရုတ်တရက်ဆိုသလို ရွှံ့နွံအိုင်ဟောင်းတစ်ခုမှ ထွက်ပေါ်လာသော ပုပ်စော်နံသည့် အနံ့ဆိုးတစ်ခုကို ရလိုက်သည်။
နောက်တစ်ခဏတွင် ကျောက်လင်းသည် ထိုသူ၏ခြေရင်း၌ လဲလျောင်းနေသော အရာကို ပင်ကိုယ်သိစိတ်အရ ငုံ့ကြည့်လိုက်မိရာ သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရသည်။
"ဒါက ဘာသတ္တဝါမျိုးလဲ။ ဘာလို့ ပုတ်သင်ညိုနဲ့ တူနေရတာလဲ"