အခန်း (၄၄၉)
Vol. 45 Ch. 449
ထိုဆင့်ကဲပြောင်းလဲသူ၏ ခြေရင်း၌ မိစ္ဆာသတ္တဝါတစ်ကောင်၏ အလောင်းမှာ လဲလျောင်းနေသည်။
ဤမိစ္ဆာသည် လူသားပုံသဏ္ဌာန်ရှိပြီး အရွယ်ရောက်ပြီးသူတစ်ဦး၏ အရပ်အမောင်းခန့် ရှိသည်။ ရှည်လျားသော ခြေလက်အင်္ဂါများနှင့် ထက်မြက်လှသော လက်သည်းများ ရှိကာ တစ်ကိုယ်လုံးကို အစိမ်းရောင် အကြေးခွံအရေပြားများဖြင့် ဖုံးလွှမ်းထားသည်။ ၎င်း၏ နောက်ကျောဘက်တွင်မူ ရှည်လျားသော အမြီးတစ်ချောင်းမှာ မြေပြင်ပေါ်၌ တရွတ်တိုက် ပါလာသည်။
တစ်ချိန်တည်းမှာပင် အကြောက်စရာအကောင်းဆုံး အစိတ်အပိုင်းမှာ ၎င်း၏ ဦးခေါင်းပင်။ ပုတ်သင်ညိုတစ်ကောင်နှင့် တူလှသော ထိုဦးခေါင်းမှာ အလွန်တရာ ရှည်မျောနေပြီး နှာခေါင်းမှာ ပြားချပ်နေကာ သွားများမှာလည်း စိပ်၍ ထက်မြက်လှသည်။ သေဆုံးသွားပြီဖြစ်သော အနီရောင်ရင့်ရင့် လျှာကြီးမှာ မြေပြင်ပေါ်သို့ တွဲလောင်းကျနေတော့သည်။
"ဒါတွေက တကယ်တမ်း ဘာတွေဖြစ်နေတာလဲ"
နောက်ဆုံးတွင်တော့ အသိစိတ်ပြန်ဝင်လာသော ကျောက်လင်းသည် သူမ၏ စိတ်ထဲမှ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"စစ်နတ်ဘုရားမကြီး... အခြေအနေက ဒီလိုပါ... ဒီမိစ္ဆာတွေက ရုတ်တရက်ကြီး ပေါ်လာတာပါ။ သူတို့က အရမ်းလျှင်မြန်ရုံတင်မကဘူး။ တောအုပ်တွေကို အသုံးချပြီးတော့ ကိုယ်ရောင်ဖျောက် တိုက်ခိုက်နိုင်ကြတယ်..."
ကျောက်လင်း၏ မေးခွန်းကို ကြားရသောအခါ ထိုဆင့်ကဲပြောင်းလဲသူက ချက်ချင်းပင် ပြန်လည်ဖြေကြားသည်။
ထို့နောက်တွင်တော့ ကျောက်လင်းသည် ထိုသူ၏ ပြောပြချက်အရ အကျိုးအကြောင်း အဖြစ်အပျက်များကို သိရှိခဲ့ရသည်။
ဖြစ်စဉ်မှာ ဆင့်ကဲပြောင်းလဲသူအဖွဲ့သည် တာဝန်တစ်ခု ထမ်းဆောင်နေစဉ်အတွင်း ဤကဲ့သို့သော မိစ္ဆာသတ္တဝါများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရခြင်းပင်။ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် ထိုအဖွဲ့မှာ အထိနာခဲ့ပြီး တိုက်ခိုက်ရင်းနှင့်ပင် ဆုတ်ခွာခဲ့ရသည်။ နောက်ဆုံးတွင်တော့ အသက်ဘေးမှ လွတ်မြောက်လာသူများမှာ ဤမိစ္ဆာအလောင်းတစ်လောင်းကို သယ်ဆောင်လာနိုင်ခဲ့ခြင်းပင်။
"ဒါတွေက ဘာမိစ္ဆာတွေလဲ။ ဘယ်ကနေ ရောက်လာတာလဲဆိုတာ ငါ သိမှဖြစ်တော့မယ်"
ဆင့်ကဲပြောင်းလဲသူ ပြောပြသည်ကို ကြားရသောအခါ ကျောက်လင်းသည် ယခင်က မြင်တွေ့ခဲ့ရသော သွေးရောင်ပိုးမွှားအုပ်ကြီးကို မသိစိတ်ဖြင့် သတိရမိသွားပြီး အလွန်ပင် စပ်စုလိုစိတ် ပြင်းထန်လာခဲ့သည်။
"မင်းမှာ ဒဏ်ရာရသွားသေးလား"
ကျောက်လင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးနောက် သူမ၏ ရှေ့မှ ဆင့်ကဲပြောင်းလဲသူကို မေးလိုက်သည်။
"မရှိပါဘူး စစ်နတ်ဘုရားမကြီး... ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေက သူတို့ရဲ့ အသက်နဲ့လဲပြီး ကျွန်တော့်ကို ကယ်ထုတ်ခဲ့လို့သာ အခုလို ရှိနေရတာပါ"
ထိုဆင့်ကဲပြောင်းလဲသူက ခေါင်းယမ်းလျက် ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် မင်းကို နောက်တစ်ခေါက် ထပ်ပြီး ဒုက္ခပေးရဦးမယ်။ လမ်းပြပေးပါဦး။ ချောင်ယန်အခြေစိုက်စခန်းက လူတွေကို သတ်ရဲတဲ့ ဒီမိစ္ဆာတွေက ဘယ်လောက်တောင် စွမ်းသလဲဆိုတာ ငါကိုယ်တိုင် ကြည့်ရမယ်"
ကျောက်လင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ အကြည့်မှာ အေးစက်ကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ဟုတ်ကဲ့ပါ"
ထိုစကားကို ကြားရသောအခါ ဆင့်ကဲပြောင်းလဲသူမှာ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ စစ်နတ်ဘုရားမကြီးကိုယ်တိုင် ပါဝင်လာပြီဖြစ်ရာ သေဆုံးသွားသော သူ၏ ရဲဘော်ရဲဘက်များအတွက် သေချာပေါက် လက်စားချေနိုင်တော့မည်ပင်။
မကြာမီမှာပင် ချောင်ယန်အခြေစိုက်စခန်းမှ ရဟတ်ယာဉ်အချို့ ပျံတက်သွားခဲ့ကြပြီး လူသူမနီးသော တောရိုင်းနယ်မြေများအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားကြသည်။
ဝီ... ဝီ...
နာရီဝက်ခန့်အကြာတွင် ရဟတ်ယာဉ်သုံးစင်းပါဝင်သော လေယာဉ်အုပ်စုမှာ သစ်တောထူထပ်သော နယ်မြေတစ်ခု၏ အထက်သို့ ဆိုက်ရောက်လာခဲ့သည်။
ထို့နောက်တွင်တော့ ကျောက်လင်းသည် သူမ၏ မသေနိုင်သောတပ်ဖွဲ့နှင့်အတူ မြေပြင်သို့ ဆင်းသက်လိုက်သည်။ လမ်းပြပေးသည့် ဆင့်ကဲပြောင်းလဲသူ၏ နောက်သို့လိုက်ရင်း ကျောက်လင်းနှင့် သူမ၏အဖွဲ့သည် သစ်တောအတွင်း ဆယ်မိနစ်ခန့် ထပ်မံဖြတ်သန်းပြီးနောက်တွင်တော့ ရည်မှန်းထားသည့် နေရာသို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့ကြသည်။
"စစ်နတ်ဘုရားမကြီး... ဒီနေရာပါပဲ"
ကျောက်လင်း၏ ဘေးတွင်ရပ်နေသော ဆင့်ကဲပြောင်းလဲသူသည် သစ်ပင်များ ကျိုးပျက်နေပြီး ပျက်စီးယိုယွင်းနေသည့် ရှေ့မှမြင်ကွင်းကို လက်ညှိုးထိုးပြရင်း သတိပေးလိုက်သည်။ ၎င်းမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် စစ်တလင်းဟောင်းတစ်ခုနှင့်ပင် တူလှတော့သည်။
ကျောက်လင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် အခြားသူများကို ဦးဆောင်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျည်ခွံအမြောက်အမြားနှင့် သွေးအိုင်များကို ကြည့်ရင်း ကျောက်လင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာမှာ ဆင့်ကဲပြောင်းလဲသူအဖွဲ့နှင့် ထိုမိစ္ဆာသတ္တဝါများ ယခင်က တိုက်ခိုက်ခဲ့သည့်နေရာဖြစ်ကြောင်း သူမ အထင်အရှား သိမြင်လိုက်ရသည်။
"ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ။ အလောင်းတွေကော... ဘယ်ရောက်ကုန်တာလဲ"
လမ်းပြဆင့်ကဲပြောင်းလဲသူမှာ ဟာလာဟင်းလင်း ဖြစ်နေသော တိုက်ပွဲမြေပြင်ကို ကြည့်ရင်း မျက်ဝန်း၌ မျက်ရည်များ ဝဲတက်လာခဲ့သည်။ သူတို့ ချန်ထားရစ်ခဲ့သည့် ကျဆုံးသွားသော ရဲဘော်ရဲဘက်များ၏ ရုပ်အလောင်းများမှာ ယခုအခါ ပျောက်ဆုံးနေပြီ ဖြစ်သည်။
"မထိတ်လန့်ပါနဲ့... အဲဒီမိစ္ဆာတွေ သယ်သွားတာ ဖြစ်နိုင်တယ်။ ဒီသွေးစက်တွေကို ကြည့်စမ်း ငါ့နောက်က လိုက်ခဲ့ကြ"
ကျောက်လင်းက မျက်မှောင်ကြုတ်လျက် ထိုမိစ္ဆာများ ထွက်ခွာသွားစဉ်က ကျန်ရစ်ခဲ့သည့် ခြေရာလက်ရာများကို ချက်ချင်းပင် သတိပြုမိလိုက်သည်။ ၎င်းတို့သည် အလောင်းအမြောက်အမြားကို သယ်ဆောင်သွားခဲ့ကြသဖြင့် မြေပြင်ပေါ်တွင် သွေးစက်များမှာ တန်းနေသည်။
ဤသွေးစက်များအတိုင်း လိုက်သွားမည်ဆိုပါက မကြာမီမှာပင် ၎င်းတို့ကို တွေ့ရှိနိုင်မည် ဖြစ်သည်။ ထို့နောက် ကျောက်လင်းသည် သူမ၏အဖွဲ့ကို ဦးဆောင်ကာ သွေးစက်များရှိရာ သစ်တောအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်သွားခဲ့တော့သည်။
အတန်ကြာ လျှောက်လှမ်းခဲ့ပြီးနောက် ကျောက်လင်း၏ အချက်ပြမှုကြောင့် အဖွဲ့မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူတို့ မည်မျှအထိ ခရီးပေါက်လာပြီလဲဆိုသည်ကို မည်သူမျှ မရေရာကြပေ။
"တကယ်ပဲ ဒီမှာ ရှိနေတာပဲ"
ရှေ့ဘက် သစ်တောအတွင်းရှိ အစိမ်းရောင်အရေပြားနှင့် မိစ္ဆာအုပ်စုကို ကြည့်ရင်း ကျောက်လင်း၏ မျက်ဝန်းအိမ်မှာ ရေခဲအလား အေးစက်သွားခဲ့သည်။
ထိုခဏ၌ မိစ္ဆာများသည် အစွမ်းထက်လှသော အဆင့် ၃ သန္ဓေပြောင်းနွားသိုးကြီးတစ်ကောင်ကို ဝိုင်းအုံ၍ အမဲလိုက်နေကြသည်။ ထိုနွားသိုးကြီးမှာ ဒေါသတကြီး ရုန်းကန်နေသော်လည်း မိစ္ဆာအကောင်ပေါင်း ဆယ်ဂဏန်းခန့်၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ အားအင်များ ချိနဲ့လာ၏။
တစ်ချိန်တည်းမှာပင် သယ်ဆောင်လာသော ရုပ်အလောင်းများကို တိုက်ပွဲနယ်မြေ၏ အပြင်ဘက်တွင် စုပုံထားရှိသည်။ ထိုနေရာတွင် နှစ်ဖက်စလုံးမှ ကျဆုံးသွားသူများ၏ ရုပ်အလောင်းများအပြင် မိစ္ဆာများ အမဲလိုက်ထားသည့် သန္ဓေပြောင်းသားရဲ အလောင်းအချို့လည်း ရှိနေသည်။
"အားလုံးပဲ... ငါ့နောက်ကလိုက်ပြီး အပြတ်ရှင်းကြစို့"
နောက်တစ်ခဏတွင် ကျောက်လင်းသည် သူမ၏ ခါးမှ တိုက်ပွဲသုံး ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး အားမာန်အပြည့်ဖြင့် ရှေ့ဆုံးမှ စတင်တိုက်ခိုက်တော့သည်။ အခြားသူများသည်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လျက် သူမ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
"ဝူး..."
ချဉ်းကပ်လာသော ကျောက်လင်းနှင့် အဖွဲ့ကို မြင်လိုက်ရသောအခါ ပုတ်သင်ညိုလူသား များသည် ဆူညံသံကို ကြားရသည်နှင့် ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။ ၎င်းတို့သည် သေအံ့မူးမူး ဖြစ်နေသော နွားသိုးကြီးကို ပစ်ထားခဲ့ကာ ထက်မြက်လှသော လက်သည်းများကို ဝှေ့ယမ်းလျက် လျှပ်စီးတန်းများအလား ကျောက်လင်းနှင့် သူမ၏အဖွဲ့ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။
ဝုန်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ဖက်စလုံးမှာ ပြင်းထန်သော တိုက်ပွဲအတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ဟိန်းဟောက်သံများမှာ သစ်တောအတွင်း အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
...
တစ်ချိန်တည်းမှာပင် ချောင်ယန်အခြေစိုက်စခန်း အနီး၌ ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့နေရသည်မှာ ဤတစ်နေရာတည်း မဟုတ်ပေ။
ကျန်းဟိုင်မြို့ပြနယ်မြေ…
ကျန်းဟိုင်အခြေစိုက်စခန်းသည် နဂါးပြည်နယ်နှင့် ကပ်လျက်သို့ ပြောင်းရွှေ့အခြေချခဲ့ပြီးနောက် ကျန်းဟိုင်မြို့ပြနယ်မြေနှင့် မဝေးလှသော နေရာတွင် ရှိနေသည်။ အခြေစိုက်စခန်းမှာ ပြန်လည်တည်ငြိမ်သွားပြီးနောက် ကျန်းဟိုင်မြို့ပြနယ်မြေကို ပြန်လည်ဖွံ့ဖြိုးအောင် လုပ်ဆောင်ရန်အတွက် ထိုနေရာရှိ အဆင့်မြင့်ဇွန်ဘီများကို အမဲလိုက်သုတ်သင်ရန် တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။
လမ်းမများပေါ်တွင် ဆင့်ကဲပြောင်းလဲသူအဖွဲ့တစ်ဖွဲ့သည် သောင်းကျန်းနေသော အဆင့် ၃ တင့်ကားအမျိုးအစား ဇွန်ဘီ တစ်ကောင်ကို ဝိုင်းရံ၍ တိုက်ခိုက်နေကြသည်။
"ဝူး..."
အဆင့် ၃ အဆင့်မြင့်ဇွန်ဘီသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ဧရာမ လက်သီးကြီးများဖြင့် ချဉ်းကပ်လာသော ဆင့်ကဲပြောင်းလဲသူကို လွှဲ၍ ထိုးနှက်လိုက်သည်။
"မြန်မြန်... အားလုံး ဝိုင်းတိုက်ကြစမ်း"
အထောက်အကူပြုအမျိုးအစား ဆင့်ကဲပြောင်းလဲသူ နှစ်ဦးက ရေဝဲဂယက်နှင့် နွယ်ရှင်ရစ်ပတ်ခြင်းစွမ်းရည်များကို အသုံးပြု၍ အဆင့်မြင့်ဇွန်ဘီကို အသည်းအသန် ထိန်းချုပ်ထားစဉ် ကျန်ရှိသော ဆင့်ကဲပြောင်းလဲသူများကလည်း တိုက်စစ်ကို စတင်လိုက်ကြသည်။
မီးလုံးအမြောက်အမြားမှာ အဆင့်မြင့်ဇွန်ဘီကို ထိမှန်သွားခဲ့ပြီး ၎င်း၏ လှုပ်ရှားမှုကို ခဏတာ တန့်သွားစေခဲ့သည်။ မာကျောလှသော အကြေးခွံသံချပ်ကာမှာ လောင်ကျွမ်းပေါက်ထွက်သွားပြီး အတွင်းသားများမှာလည်း မည်းတူးကြေမွကုန်တော့သည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်အလင်းတန်းများ တောက်ပနေသည့် သံမဏိလှံတံများသည် ကောင်းကင်ယံကို ခွဲထွက်လျက် အဆင့် ၃ အဆင့်မြင့်ဇွန်ဘီ၏ ဦးခေါင်းဆီသို့ တစ်စင်းပြီးတစ်စင်း ပစ်မှတ်ထား ထိုးစိုက်လာခဲ့သည်။
ဖောက်...
မျက်တောင်တစ်ခတ်အတွင်းမှာပင် လှံတိုတစ်စင်းသည် အဆင့်မြင့်ဇွန်ဘီ၏ မျက်လုံးမှတစ်ဆင့် ဦးခေါင်းအတွင်းသို့ ဖောက်ဝင်သွားခဲ့သည်။
ဘုန်း...
နောက်တစ်ခဏ၌ ထိုအဆင့်မြင့်ဖောင်ကောင်မှာ ခုခံနိုင်စွမ်းအားလုံး ဆုံးရှုံးသွားခဲ့ပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။
"ဟားဟား... နောက်ဆုံးတော့ သတ်နိုင်ခဲ့ပြီဟေ့"
အဆင့်မြင့်ဇွန်ဘီ သေဆုံးသွားသည်ကို မြင်သောအခါ လှံတံများကို ဖန်တီးခဲ့သည့် အလတ်တန်းစား ဆင့်ကဲပြောင်းလဲသူမှာ အားရပါးရ ရယ်မောလိုက်ပြီး ဇွန်ဘီ၏ ဦးနှောက်အတွင်းမှ အမြုတေကို ထုတ်ယူရန် စိတ်လှုပ်ရှားစွာဖြင့် အနားသို့ ချဉ်းကပ်သွားခဲ့သည်။
ရှူး...
မမျှော်လင့်ဘဲ ထိုခဏ၌ပင် အရိုးမြားတစ်စင်းသည် လေထုကို ဖြတ်သန်းလျက် ဝှစ်ခနဲ ရောက်ရှိလာပြီး ထိုသူ၏ ဦးခေါင်းကို တည့်တည့်ဖောက်ဝင်သွားရာ ချက်ချင်းပင် ပွင့်ထွက်သွားခဲ့ရသည်။
ဤမြင်ကွင်းကို ကြည့်နေသော ကျန်ရှိသည့် အဖွဲ့ဝင်များမှာ လွန်စွာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့ တုံ့ပြန်ရန် အချိန်မရမီမှာပင် မြားမိုးများမှာ ကောင်းကင်မှ ရွာချလာသကဲ့သို့ ကျရောက်လာခဲ့ပြီး အဖွဲ့ဝင်အားလုံး၏ ခန္ဓာကိုယ်များကို ဖောက်ထွင်းသွားခဲ့ရာ တစ်ကိုယ်လုံး မြားချက်များဖြင့် ဗလပွ ဖြစ်သွားခဲ့ရသည်။
တောက်... တောက်... တောက်...
တိတ်ဆိတ်နေသော လမ်းမပေါ်တွင် ခြေသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ လေးနှင့် မြားများကို ကိုင်ဆောင်ထားသည့် မြင်းလူသားအချို့မှာ အေးစက်သော အကြည့်များဖြင့် ပတ်ဝန်းကျင်မှ ထွက်ပေါ်လာကြသည်။
နဂါးပြည်နယ်နှင့် အိမ်နီးချင်းဖြစ်သော စုပြည်နယ်၊ ကျန်းထုံအခြေစိုက်စခန်း…
ဤအချိန်၌ မြို့ရိုးပေါ်ရှိ လေထုမှာ အလွန်ပင် တင်းမာနေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လေထဲ၌ ဖုံးလွှမ်းနေသည်။ မြို့ရိုးရှေ့ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် ခွေးအ ဦးခေါင်းနှင့် လူသားပုံသဏ္ဌာန်ရှိသော မိစ္ဆာသတ္တဝါအမြောက်အမြားဖြင့် ပြည့်နှက်နေသည်။
ရက်စက်ကြမ်းကြုတ်လှသော ဤမိစ္ဆာများသည် အနည်းဆုံး သုံးထောင်၊ လေးထောင်ခန့်ရှိပြီး တစ်နယ်တစ်ကျေးလုံးကို သိမ်းပိုက်ထားကြသည်။ ၎င်းတို့၏ မျက်ဝန်းများမှာ သွေးဆာနေကြပြီး မြို့ရိုးပေါ်ရှိ လူသားများကို ရက်စက်သော အရှိန်အဝါများဖြင့် စိုက်ကြည့်နေကြသည်။
"တောက်... ဒီမိစ္ဆာတွေက ဘယ်ကနေ ရောက်လာတာလဲ"
မြို့ရိုးပေါ်တွင် တပ်မှူးအဖြစ် တာဝန်ယူထားသည့် အဆင့်မြင့်အရာရှိမှာ ရုတ်တရက် ပေါ်ပေါက်လာသော မိစ္ဆာစစ်တပ်ကို ကြည့်ရင်း မျက်နှာမှာ ပြာနှမ်းနေတော့သည်။
သို့သော်လည်း ထိုတပ်မှူး မသိရှိသည်မှာ ယခုအချိန်၌ တစ်ကမ္ဘာလုံးနီးပါးသည် ဂြိုဟ်သားမျိုးနွယ်စုများ၏ ကျူးကျော်ဝင်ရောက်မှုကို ရင်ဆိုင်နေရပြီ ဖြစ်ကြောင်းပင်။