အခန်း (၄၅၀)
Vol. 45 Ch. 450
မျက်တောင်တစ်ခတ်အတွင်းမှာပင် လဝက်ခန့် အချိန်ကုန်လွန်သွားခဲ့ကာ ဂြိုဟ်သားမျိုးနွယ်စုများ၏ ကျူးကျော်မှုမှာ ပိုမိုပြင်းထန်လာခဲ့ပြီး နဂါးနိုင်ငံရှိ ပြည်နယ်တိုင်းနှင့် အခြေစိုက်စခန်းတိုင်းနီးပါးတွင် ဂြိုဟ်သားများ၏ ကျူးကျော်ဝင်ရောက်မှုကို ခံနေရသည်။
လူသားမျိုးနွယ်စုများသည် မြို့ပြများကို အခြေခံ၍ ခုခံနေကြသော်လည်း အရပ်ရပ်မှ ကျူးကျော်ဝင်ရောက်လာသော ဂြိုဟ်သားများကို ရင်ဆိုင်ရာတွင် အတော်လေး အားအင်ကုန်ခမ်းနေပုံရသည်။ လက်နက်ခဲယမ်း အသာစီးရမှု ရှိနေသော်လည်း ဂြိုဟ်သားမျိုးနွယ်စုများ၏ ထူးဆန်းလှသော ဗီဇစွမ်းရည်များနှင့် အံ့မခန်းသော အမွေအနှစ် စွမ်းအားများကြောင့် လူသားတို့မှာ များစွာ ခြိမ်းခြောက်ခံနေရသည်။
ဂြိုဟ်သားကျူးကျော်မှု စတင်ကတည်းက မရေမတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူအဖွဲ့ များမှာ ဂြိုဟ်သားများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရပြီး အမြစ်ပြတ် သုတ်သင်ခံခဲ့ရသည်။ ဂြိုဟ်သားများ ဝိုင်းရံထားသော အခြေစိုက်စခန်းများစွာမှာ သိမ်းပိုက်ခံလိုက်ရပြီး အင်အားနည်းပါးသည့် မြို့အချို့မှာမူ အစွမ်းထက်သော ဂြိုဟ်သားများနှင့် ရင်ဆိုင်ရချိန်တွင် မြို့ရိုးကျိုးပေါက်ကာ မြို့ထဲရှိ ရှင်သန်ကျန်ရစ်သူများမှာ ဂြိုဟ်သားများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ရှင်သန်နိုင်ရန်အတွက် အခြေစိုက်စခန်းများစွာမှာ ဂြိုဟ်သားများနှင့် ပြင်းထန်သော တိုက်ပွဲများ ဆင်နွှဲနေရပြီး နှစ်ဖက်စလုံး၏ ပဋိပက္ခများမှာလည်း ဆက်လက်မြင့်တက်နေဆဲပင်။ အင်ပါယာမြို့တော် အခြေစိုက်စခန်းသည်ပင်လျှင် ဤကဲ့သို့သော အခြေအနေများအတွက် ထိရောက်သော ဖြေရှင်းချက် မရှိဘဲ အသည်းအသန် ဖြစ်နေသည့် အနီးနားရှိ အခြေစိုက်စခန်းများသို့သာ စစ်ကူများ အဆက်မပြတ် စေလွှတ်နေတော့သည်။
လူသားများနှင့် နှိုင်းယှဉ်လျှင် လီမြစ်မြို့၏ သီးခြားကျွန်းပေါ်တွင် ရှိနေသော လုချွမ်းမှာမူ ကျူးကျော်လာသော ဂြိုဟ်သားများကို ကိုင်တွယ်ရာတွင် အထူးပင် သက်သောင့်သက်သာ ရှိနေပုံရသည်။ ၎င်းမှာ ဟင်းလင်းပြင်အက်ကြောင်းများကို လျင်မြန်စွာ ရှာဖွေတွေ့ရှိပြီး ဂြိုဟ်သားများကို ချက်ချင်း နှိမ်နင်းနိုင်ခြင်း၏ အကျိုးကျေးဇူးပင်။
လီမြစ်မြို့ရှိ ဟင်းလင်းပြင်အက်ကြောင်း တည်ရှိရာ အဆောက်အအုံပတ်ပတ်လည်တွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ဇွန်ဘီရုပ်သေး တပ်ဖွဲ့များသည် မည်သည့်သတ္တဝါမျှ ချဉ်းကပ်၍မရအောင် အပြန်အလှန် ကင်းလှည့်နေကြသည်။
အဆောက်အအုံ၏ မြေအောက်ခန်းအနီးတွင် မသေနိုင်သူ ၁ နှင့် အဆင့် ၆ ဇွန်ဘီရုပ်သေး အချို့သည် အဆင့် ၅ ဇွန်ဘီရုပ်သေး အုပ်စုနှင့်အတူ မလှုပ်မယှက်ဘဲ စောင့်ကြပ်နေကြသည်။ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ကိုဘိုးလ်တစ်ကောင် ထွက်ပေါ်လာသည်နှင့် သွေးချောင်းစီးစေမည့် သတ်ဖြတ်မှုကြီးမှာ ချက်ချင်းပင် စတင်လာတော့သည်။
ပထမဆုံး ကိုဘိုးလ်အုပ်စုကို သုတ်သင်ပြီးကတည်းက လုချွမ်းသည် ထိုနေရာ၌ ဇွန်ဘီရုပ်သေးများကို အမြဲတမ်းတပ်စွဲထားစေခဲ့သည်။ ရည်ရွယ်ချက်မှာ တစ်ဖက်ခြမ်းရှိ ကိုဘိုးလ်မျိုးနွယ်စုများ ကျူးကျော်ဝင်ရောက်လာခြင်းကို တားဆီးရန်ပင်။
လုချွမ်းနှင့် ကျိရုရွှယ်တို့ ခန့်မှန်းထားသည့်အတိုင်းပင် တတိယမြောက်နေ့တွင် ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ကိုဘိုးလ်အုပ်စုသစ်တစ်စု ထွက်ပေါ်လာခဲ့ပြန်သည်။
ဤတစ်ခေါက်ရောက်လာသော ကိုဘိုးလ်များမှာ ယခင်အုပ်စုထက် အနည်းငယ် ပိုမိုသန်မာကြပြီး အဆင့် ၅ ရှိသော ခွေးအဦးခေါင်းနှင့် လူသားတပ်မှူးနှစ်ကောင်နှင့်အတူ အဆင့် ၃ နှင့် အဆင့် ၄ ရှိသော ကိုဘိုးလ် အကောင်ရေ တစ်ရာကျော် ပါဝင်လာခဲ့သည်။
အကယ်၍သာ ဤမျှအင်အားရှိသော စစ်တပ်တစ်ခုသည် လူသားအခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့လျှင် ထိုစခန်းမှာ သေချာပေါက် ကျဆုံးသွားပေလိမ့်မည်။
သို့သော် ၎င်းတို့အတွက် ကံဆိုးသည်မှာ လုချွမ်းနှင့် ထိပ်တိုက်တိုးမိခြင်းပင်။ ၎င်းတို့သည် မသေနိုင်သူ ၁ နှင့် အခြားသော အဆင့် ၅၊ အဆင့် ၆ ဇွန်ဘီရုပ်သေးများ၏ လက်ချက်ဖြင့် ခဏချင်းမှာပင် အတုံးအရုံး သေဆုံးခဲ့ကြရသည်။ ၎င်းတို့၏ ရုပ်အလောင်းများကိုမူ လုချွမ်းက ဇွန်ဘီမွေးမြူရေးစခန်းအတွက် အစာအဖြစ် အသုံးချရန် သိမ်းဆည်းသွားခဲ့သည်။
ဤသတ္တဝါများတွင် အမြုတေမရှိသဖြင့် သတ်ဖြတ်ရခြင်းမှာ အကျိုးအမြတ် သိပ်မရှိလှသော်လည်း ၎င်းတို့၏ အလောင်းများကို ဇွန်ဘီများအတွက် အစာအဖြစ် အသုံးပြုခြင်းမှာ နယ်မြေပိုင်ရှင် လုချွမ်းအတွက်တော့ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည်။
ထို့နောက်တွင်တော့ အချိန်ကြာလာသည်နှင့်အမျှ လုချွမ်းသည် ပုံစံတစ်ခုကို သတိပြုမိလာခဲ့သည်။ တစ်ဖက်ခြမ်းရှိ ကိုဘိုးလ်မျိုးနွယ်စုသည် တစ်ရက်ခြားတစ်ခါ ကိုဘိုးလ်စစ်တပ်တစ်ခုစီကို စေလွှတ်နေပုံရသည်။
သေတွင်းထဲသို့ ဆက်တိုက်တိုးဝင်နေသော ဤကိုဘိုးလ်များကို လုချွမ်းကလည်း အညှာတာမဲ့စွာဖြင့် ရောက်လာသမျှ အုပ်စုတိုင်းကို အပြတ်အသတ် သုတ်သင်ရှင်းလင်းခဲ့သည်။
နေမင်းမှာ ထွန်းလင်းတောက်ပနေပြီး မွန်းတည့်ချိန်သို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ဗီလာအိမ်အတွင်း၌ ရှိနေသော လုချွမ်းသည် လီမြစ်မြို့ရှိ ဇွန်ဘီရုပ်သေးများနှင့် သူ၏ အသိစိတ်ကို အခါအားလျော်စွာ ချိတ်ဆက်ကြည့်ရှုနေပြီး ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ထူးခြားမှုများကို စောင့်ကြည့်နေခဲ့သည်။
"အချိန်ရောက်ပြီပဲ... ဒီတစ်သုတ်လည်း ရောက်လာတော့မယ် ထင်တယ်"
မြေအောက်ခန်းအလယ်ရှိ ဘေးပတ်ပတ်လည် နံရံများကို တူးထုတ်ထားသော မှောင်အတိကျနေသည့် ဟင်းလင်းပြင်အက်ကြောင်းကြီးကို ကြည့်ရင်း လုချွမ်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။
ကိုဘိုးလ်စစ်တပ်များ ရောက်လာတတ်သည့် အချိန်မှာ ပုံမှန်အားဖြင့် ဤအချိန်မျိုးပင် ဖြစ်ရာ ယခုတစ်ခေါက်မှာလည်း ခြွင်းချက်ရှိလိမ့်မည် မဟုတ်ပေ။
မကြာမီမှာပင် တိတ်ဆိတ်နေသော ဟင်းလင်းပြင်အက်ကြောင်းပတ်ပတ်လည်၌ ရေလှိုင်းများသဏ္ဌာန် မြင်သာသော ဂယက်ထမှုများ ပေါ်ပေါက်လာခဲ့သည်။
နောက်တစ်ခဏတွင်တော့ အက်ကြောင်းအတွင်းမှ ပုံရိပ်များသည် တစ်ဟုန်ထိုး ပြေးထွက်လာကြပြီး အက်ကြောင်းရှေ့ရှိ မြေပြင်ပေါ်၌ ဝိုင်းအုံကာ ရပ်တန့်လိုက်ကြသည်။ ၎င်းတို့အနက် အရှေ့ဆုံးတွင် ရပ်နေသော ပုံရိပ်လေးခုထံမှ အဆင့် ၅ အရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်နေသည်။
၎င်းကို မြင်လိုက်ရသည်နှင့် လုချွမ်း၏ စိတ်အာရုံမှာ လှုပ်ရှားသွားခဲ့သည်။
ဝုန်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် သားကောင်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသော မသေနိုင်သူ ၁ နှင့် အခြားသော ဇွန်ဘီရုပ်သေးများသည် သတ်ဖြတ်လိုစိတ်များ လေထဲ၌ ဖုံးလွှမ်းလျက် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်ကာ တိုက်ခိုက်ကြတော့သည်။
ဝူး... ဝူး...
ကိုဘိုးလ်များ၏ စူးရှလှသော အော်ဟစ်သံများမှာလည်း ထပ်ကြပ်မကွာ ထွက်ပေါ်လာခဲ့သည်။ အဆောက်အအုံအတွင်းမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် တိုက်ပွဲသံများနှင့်အတူ အဆောက်အအုံ၏ မြေပြင်မှာလည်း တုန်ခါနေခဲ့သည်။
မကြာမီမှာပင် ထိုအသံများမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သော အက်ကြောင်းပတ်ဝန်းကျင်မှာ သွေးချင်းချင်းနီသွားခဲ့ကာ ကိုဘိုးလ်အလောင်းများမှာလည်း သွေးအိုင်များထဲ၌ လဲလျောင်းနေကြတော့သည်။
၎င်းတို့အနက် ခွေးအဦးခေါင်းနှင့် လူသားတပ်မှူးလေးကောင်၏ ရုပ်အလောင်းများမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေခဲ့ပြီး ၎င်းတို့၏ နတ်ဆိုးအမြုတေလုံးများကိုလည်း ထုတ်ယူပြီးဖြစ်ရာ ထိုအလုံးများကို ချီချီအသုံးပြုရန်အတွက် သဘာဝအတိုင်း ပြန်လည်ပေးအပ်မည် ဖြစ်သည်။
မိနစ်အနည်းငယ်အကြာတွင် လုချွမ်း၏ ထိန်းချုပ်မှုအောက်၌ အဆောက်အအုံအပြင်ဘက်ရှိ သာမန်ဇွန်ဘီရုပ်သေး အမြောက်အမြားမှာ အစီအစဉ်အတိုင်း အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားကြသည်။
ခဏအကြာတွင်တော့ ထိုဇွန်ဘီရုပ်သေးများသည် သွေးစိုနေသော ကိုဘိုးလ်အလောင်းများကို ပခုံးပေါ်တွင် တစ်ကောင်စီ ထမ်းပိုးလျက် အဆောက်အအုံပြင်ပသို့ တန်းစီ၍ ပြန်လည်ထွက်ခွါလာကြသည်။
ထို့နောက်တွင်တော့ ဇွန်ဘီရုပ်သေးများသည် ကိုဘိုးလ်အလောင်းများကို မီတာရာဂဏန်းခန့် အကွာအဝေးရှိ အားကစားကွင်းငယ်တစ်ခုဆီသို့ သယ်ဆောင်သွားကြသည်။
ဤနေရာမှာ လုချွမ်း အချိန်ယူတည်ဆောက်ထားသော ကိုဘိုးလ် ဇွန်ဘီ မွေးမြူရေးစခန်းပင်။ ကိုဘိုးလ်များ အဆက်မပြတ် ကျူးကျော်ဝင်ရောက်လာနေသဖြင့် လုချွမ်းသည် အဆင်ပြေချောမွေ့စေရန်အတွက် ဟင်းလင်းပြင်အက်ကြောင်းနှင့် နီးကပ်သောနေရာ၌ပင် ဤဇွန်ဘီမွေးမြူရေးစခန်းကို တည်ထောင်ထားခဲ့ခြင်းပင်။ ကိုဘိုးလ်များကို အမဲလိုက်ရရှိသည်နှင့် ၎င်းတို့၏ အလောင်းများကို ဤစခန်းအတွင်းသို့ တိုက်ရိုက်ပစ်ထည့်ပေးရုံပင်။
ဝူး... ဝူး...
ဇွန်ဘီရုပ်သေးအဖွဲ့ ချဉ်းကပ်လာသည်နှင့်အမျှ ဇွန်ဘီများဖြင့် ပြည့်နှက်နေသော အားကစားကွင်းအတွင်းမှ ဖရိုဖရဲ ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။ လုချွမ်း၏ ထိန်းချုပ်မှုအောက်၌ ဇွန်ဘီရုပ်သေးအဖွဲ့များသည် ကိုဘိုးလ်အလောင်းများကို အားကစားကွင်းအတွင်းသို့ စတင်ပစ်ထည့်လိုက်ကြတော့သည်။
တစ်ချိန်တည်းမှာပင် လီမြစ်အခြေစိုက်စခန်းအတွင်းရှိ ဓာတ်ခွဲခန်းတစ်ခုထဲ၌ ကျိရုရွှယ်သည် စမ်းသပ်ခန်းသုံး ပစ္စည်းကိရိယာများစွာ၏ ရှေ့၌ အလုပ်ရှုပ်နေသည်။ ဤပစ္စည်းကိရိယာများကို လီမြစ်အခြေစိုက်စခန်း ကျိုးပေါက်သွားပြီးနောက် မြို့အတွင်းရှိ ဓာတ်ခွဲခန်းအသီးသီးမှ စုဆောင်းရယူထားခြင်းပင်။
ကျိရုရွှယ်၏ မနားမနေ ကြိုးပမ်းအားထုတ်မှုကြောင့် သူမသည် ယခင်ဘဝက သိရှိခဲ့သော ဆေးရည်များစွာကို ဖော်စပ်နိုင်သည့် ပြည့်စုံသော ထုတ်လုပ်မှုကိရိယာ အစုံအလင်ကို နောက်ဆုံးတွင် စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ခုံတန်းတစ်ခုပေါ်တွင် ရပ်လျက် ကျိရုရွှယ်သည် နတ်ဆိုးအမြုတေလုံးတစ်လုံးကို ထုတ်ယူကာ ဖန်ခွက်တစ်ခုအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် ခရမ်းရောင်အရည်များကို ထိုဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ရာ နတ်ဆိုးအမြုတေလုံးမှာ လျင်မြန်စွာ အရည်ပျော်သွားပြီး ခရမ်းရောင်အရည်များမှာလည်း အနက်ရောင်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ဆက်လက်၍ ကျိရုရွှယ်သည် အခြားသော အရည်အမျိုးမျိုးကိုပါ ပေါင်းစပ်ဖော်စပ်လိုက်ပြီးနောက် ရှုပ်ထွေးလှသော လုပ်ငန်းစဉ်များစွာကို ကျော်ဖြတ်ကာ အစိမ်းရောင်အရည်များ ပါဝင်သော ဖန်ခွက်တစ်ခုကို အောင်မြင်စွာ ရရှိခဲ့သည်။
"အောင်မြင်ပြီ... တကယ်ပဲ အလေ့အကျင့်များလေ ကျွမ်းကျင်လေပဲ။ ဒါပေမဲ့ အရင်ဘဝက အတွေ့အကြုံတွေကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာတော့ အမှန်ပဲ"
ဖန်ခွက်ထဲရှိ အစိမ်းရောင်အရည်များကို ကြည့်ရင်း ကျိရုရွှယ်၏ မျက်ဝန်းများမှာ တောက်ပနေသည်။ ဤသည်မှာ အတိတ်ကာလက ကျော်ကြားလှသော စွမ်းအင်တိုးဆေးရည်ပင် ဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူ တစ်ဦး၏ စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။
ဤအတောအတွင်း၌ သူမသည် ဤဆေးရည်ကို အသုံးပြု၍ သူမ၏ စွမ်းအားများကို သိသိသာသာ တိုးတက်အောင် လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ အဆင့် ၆ လမ်းစဉ်ပေါ်တွင် ကြီးမားသော ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
မကြာမီမှာပင် ကျိရုရွှယ်သည် ဖန်ခွက်ထဲရှိ အရည်များကို လက်မအရွယ်အစားခန့်ရှိသော စမ်းသပ်ပြွန်များအတွင်းသို့ လောင်းထည့်လိုက်ပြီး အဆင်သင့်ပြင်ထားသော ဖော့ဆို့များဖြင့် ပိတ်လိုက်သည်။
ဤသို့ဖြင့် သူမသည် အလတ်စား စွမ်းအင်တိုးဆေးရည်ဆယ်ပုလင်းကို ရရှိခဲ့သည်။
ဤဆေးရည်များသာရှိလျှင် သူမအနေဖြင့် အဆင့် ၇ သို့ အရောက်လှမ်းနိုင်ရန် အချိန်သိပ်မလိုတော့ပေ။