အခန်း (၂၃၇၁-၂၃၇၂)
Vol. 170 Ch. 2371-2372
အပိုင်း(၂၃၇၁)
"နင်က နင့်ရဲ့ ရည်မှန်းချက်ကို ကြီးမားတဲ့ အောင်မြင်မှုတွေနဲ့အတူ ရရှိခဲ့ပြီးပြီပဲ..."
အသိစိတ် ပင်လယ် အတွင်း၌ ကောင်းကင်စစ်ဝိညာဉ်က ညင်သာစွာ ရေရွတ်လိုက်၏။ သူမ၏ လေသံမှာ နူးညံ့ပြီး စူးစမ်းချင်စိတ်များ ပါဝင်နေကာ ဆက်မေးလိုက်သည်။
"ဒီ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်တွေကို အဂ္ဂိရတ် တိုက်ပွဲ မှာ နင် အနိုင်ယူနိုင်မယ်လို့ ထင်လား..."
သူမ၏ မေးခွန်းမှာ ခိုင်လုံသော အကြောင်းပြချက် မရှိသည် မဟုတ်ပါချေ။ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်များ နှင့် လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်များ ကြားရှိ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ကွာဟချက်ကဲ့သို့ ကြီးမားလှသည်။ သို့မဟုတ် ပဲ့တင်ထပ် ဝိညာဉ် အဆင့် နှင့် လျှို့ဝှက် အာဏာရှင် အဆင့် ကြားရှိ ကွာဟချက်ကဲ့သို့ ကြီးမားသည်ဟု ဆိုလျှင် ပိုမှန်ပေမည်။ လုံးဝ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ဖြစ်၏။
ဝေ့ဝူယင် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။ သူ၏ အသက်ရှူသံထဲတွင် နောက်ကျိမှု အနည်းငယ်မျှပင် မပါဝင်ပေ။ မှန်ထဲရှိ သူ၏ ပုံရိပ်ကို စိုက်ကြည့်လိုက်ရာ ထိုငွေရောင် မျက်လုံးများက ခိုင်မာပြီး တုန်လှုပ်ဖွယ်မရှိသော စိတ်ဆန္ဒများဖြင့် ပြန်လည် ကြည့်ရှုနေ၏။ အနန္တ ကုန်းမြေတိုက်ကြီး ၏ လွင်ပြင်များပေါ်တွင် ထိုမိစ္ဆာ ကျင့်ကြံသူ သည် ကောင်းကင်ကို ရဲဝံ့စွာ စိန်ခေါ်ခဲ့သည့် နေ့မှစ၍ ကျင့်ကြံမွေးမြူလာခဲ့သော တူညီသည့် စိတ်ဆန္ဒပင် ဖြစ်သည်။ ထိုစိတ်ဆန္ဒသည် ငရဲနှင့် အနာဂတ်အလားအလာများကို ဆန့်ကျင်ကာ အကြိမ်ကြိမ် စမ်းသပ်ခံခဲ့ရပြီး ဖြစ်၏။ သံသယများနှင့် သူ မခံစားလိုသော နာကျင်မှု ဝေဒနာများ၏ ဝိုင်းရံမှုကိုလည်း ခံခဲ့ရသည်။
၎င်းသည် မိုးတစ်ပေါက်ကိုသာ သောက်ရန် ငြင်းဆန်ပြီး တိမ်တိုက်တစ်ခုလုံးကို မျိုချလိုသော ဆန္ဒပင် ဖြစ်သည်။ ၎င်းသည် ရူးသွပ်မိုက်မဲပြီး၊ အလျှော့မပေးဘဲ၊ အရှုံးမပေးသော ဆန္ဒလည်း ဖြစ်၏။ သူ၏ ကိုယ်ပိုင် ဂုဏ်ယူဝင့်ကြွားမှုနှင့် လိုအင်ဆန္ဒ၊ မူလ ဆာလောင်မွတ်သိပ်မှုတို့ဖြင့် အစွန်းရောက်သည်အထိ တည်ဆောက်ထားပေသည်။
"ငါ့အတွက် ဒီလမ်းကို ရွေးချယ်ခဲ့တာပဲလေ... အစတုန်းက ငါ့မှာ အနိုင်ရဖို့ ရည်မှန်းချက် မရှိတာ နင်လည်း သိတာပဲ... ဒါပေမဲ့ အခုတော့ အောင်ပွဲခံဖို့ စဉ်းစားမိသွားပြီဆိုတော့ ငါ့ရဲ့ နှလုံးသားနဲ့ ဝိညာဉ်က အဲဒီထက် လျော့နည်းတဲ့အရာကို ခွင့်ပြုမှာ မဟုတ်တော့ဘူး... တတယ်လို့ ရှုံးနိမ့်ခဲ့ရင်တောင် အေးဆေးပါပဲ... ထွေထွေထူးထူး ဘာမှမဖြစ်ဘူး... ဒါပေမဲ့ ငါ အောင်မြင်ရမယ်၊... အဲဒီလို ဆုံးဖြတ်ထားတယ်”
ဝေ့ဝူယင်၏ စကားလုံးများက သူ၏ အသံထဲတွင် ခုန်ပေါက်နေသော သေမျိုး၊ လျှို့ဝှက်နှင့် ထာဝရ အော်ရာ များနှင့်အတူ ပဲ့တင်ထပ်သွား၏။ ၎င်းတို့မှာ သူ၏ အစစ်အမှန် ဝိညာဉ် မှ မြစ်ဖျားခံသော အံ့မခန်း ဂီတတစ်ခုကို ဖန်တီးနေသကဲ့သို့ ဖြစ်နေလေသည်။
"..."
ကောင်းကင်စစ်ဝိညာဉ်တွင် ပြောစရာ စကားမရှိတော့ပေ။ ဝေ့ဝူယင်၏ အနာဂတ်နှင့် သူ၏ ဆုံးဖြတ်ချက်များက သူ့အား မလွဲမသွေ ခေါ်ဆောင်သွားမည့် နေရာကိုသာ သူမ သက်သေအဖြစ် စောင့်ကြည့်နိုင်တော့သည်။ အသက်တစ်ရာကျော်သာ ရှိသေးသော ဤလူငယ်လေးသည် မျှော်လင့်ချက်များနှင့် သာမန် ဆင်ခြင်တုံတရားများကို နောက်တစ်ကြိမ် ထပ်မံ ဖီဆန်နိုင်ဦးမည်လား။
မည်သို့ပင်ဆိုစေကာမူ... အဂ္ဂိရတ် တိုက်ပွဲ တစ်ခုတွင် အလျှော့ပေးမှုများကို ခွင့်မပြုပေ။ ဝေ့ဝူယင် သည် ရွေးချယ်မှုများအပေါ် အခြေခံ၍ ဆေးဖော်စပ်ခြင်း ကို ပြုလုပ်ရမည် ဖြစ်သည်။ လျှို့ဝှက်လောက သို့မဟုတ် လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန်များ ဖြစ်စေကာမူ၊ သူ ပြုလုပ်ရမည်သာ ဖြစ်၏။ ၎င်းသည်သာ အောင်ပွဲဆီသို့ သွားရာ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။
မှန်ပေသည်။ တစ်ခုတည်းသော လမ်းကြောင်း...။
အနိုင်ရရန်အတွက် သူ အခွင့်ကောင်းယူနိုင်သော အထူး စည်းမျဉ်းများ သို့မဟုတ် ချွင်းချက်များ မရှိပေ။ အဂ္ဂိရတ် တိုက်ပွဲ များသည် တိုက်ရိုက်ဆန်ပြီး ပါဝင်သူအားလုံး၏ အဂ္ဂိရတ် တာအိုကို တစ်ဦးနှင့်တစ်ဦး အတားအဆီးမရှိ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ကျွမ်းကျင်မှုကိုသာမက ကံကြမ္မာနှင့် စုဆောင်းထားသော စည်းစိမ်ဥစ္စာများကိုပါ စမ်းသပ်ခြင်း ဖြစ်လေသည်။
စိတ်လှုပ်ရှားမှုများနှင့် အတူ ကောင်းကင် စစ်ဝိညာဉ် ဤအကြောင်းကို စဉ်းစားနေစဉ်မှာပင် ဝေ့ဝူယင်သည် ဝိညာဉ်ဆက်သွယ်မှု တစ်ခုကို လက်ခံရရှိလိုက်လေသည်။ ၎င်းမှာ စူးဟောင်ရန် ထံမှ သတင်းစကားတစ်ခု ဖြစ်သည်။
အဂ္ဂိရတ် တိုက်ပွဲ အတွက် နေရာကို မဲဆန္ဒရှင် အများစုက ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း၊ ထိုနေရာမှာ ဗလာနယ်မြေ ဖြစ်ကြောင်း အသိပေးလာခြင်း ဖြစ်သည်။ ထိုနေရာသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ တားမြစ်နယ်မြေ တစ်ခု ဖြစ်ပြီး အကြွင်းမဲ့ ဟင်းလင်းပြင် ဇုံ နှင့် ဆင်တူသော ဝိသေသလက္ခဏာများ ရှိသည့် နယ်မြေတစ်ခု ဖြစ်၏။ ၎င်းသည် အစစ်အမှန် ကြားနေနယ်မြေ တစ်ခုပင် ဖြစ်လေသည်။
မည်သည့် မိုးကုပ်စက်ဝိုင်း ကမျှ အခြား မိုးကုပ်စက်ဝိုင်း များအား မည်သည့် အားသာချက်ကိုမျှ မပေးလိုသလို၊ သူတို့၏ ပတ်ဝန်းကျင်ကိုလည်း အခွင့်ကောင်း မယူစေလိုကြပေ။ ထို့ကြောင့် သူတို့သည် အနည်းငယ်မျှသော အားသာချက်ကိုပင် ရယူရန် မဖြစ်နိုင်လောက်သော ကြားနေနယ်မြေကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
အကြွင်းမဲ့ ဟင်းလင်းပြင်ဇုံများသည် ကြယ်မျိုးနွယ်များ နှင့် ကြယ်သားရဲ များအတွက် သက်တောင့်သက်သာရှိသော ခိုလှုံရာများ ဖြစ်ကြသည်။ ထူးဆန်းစွာပင် ဝေ့ဝူယင်သည် ဝိညာဉ်မျိုးနွယ် နှင့် အစစ်အမှန် ဟင်းလင်းပြင် နဂါး နှစ်မျိုးလုံး၏ အရည်အသွေးများကို ပိုင်ဆိုင်ထားလေသည်။
မရည်ရွယ်ဘဲ ဖန်တီးခဲ့သော အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ အတွင်း၌ အသိုက်ဖွဲ့ကာ ၎င်းကို သူ၏ မူလအာရုဏ်ဦး နန်းတော် အတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့သော အတွေ့အကြုံကို ပြန်လည်ကြည့်ရှုလျှင်၊ ၎င်းကို အလိုအလျောက် သိစိတ်အဆင့်ဖြင့် ဖန်တီးခဲ့သကဲ့သို့ပင် ဖြစ်နေ၏။
ဗလာနယ်မြေ နှင့် ပတ်သက်၍မူ ထိုနေရာသည် အာကာသ နှင့် အချိန် စီးဆင်းမှုကို လွတ်လပ်စွာ ခြယ်လှယ်ရန်အတွက် အကောင်းဆုံး ဖြစ်သည်။ အချိန်မြစ် ၏ ခွင့်ပြုထားသော ကန့်သတ်ချက်များကို ကျော်လွန်၍ အလွန်အမင်း အချိန် အရှိန်မြှင့်ထားသော အာကာသ နယ်မြေများကို ခွင့်ပြုထား၏။ ၎င်းသည် ချွင်းချက်များရှိသော နယ်မြေတစ်ခု ဖြစ်သော်လည်း ထိုကန့်သတ်ချက်များကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ချမှတ်ထားခြင်း မဟုတ်ပေ။
သင့်လျော်သော ကြိုတင်ပြင်ဆင်မှု မရှိဘဲ အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ခြင်းသည် မည်သည့် အဂ္ဂိရတ် ပညာရှင်အတွက်မဆို ငရဲကဲ့သို့သော အတွေ့အကြုံတစ်ခု ဖြစ်လိမ့်မည်။ အထူးသဖြင့်... အလွန်အမင်း အရှိန်မြှင့်ထားသော အချိန်ဇုံတစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ကို ထည့်မတွက်လျှင်ပင်...။ ဤအားသာချက်ကို ကောင်းကင် တာအို များက တမင်တကာ ဖန်တီးပေးထားခြင်းလည်း ဖြစ်နိုင်၏။ ကြီးမားလှသော ခွန်အားနှင့် အထွတ်အထိပ် တည်ရှိမှု များကို ပိုင်ဆိုင်ထားသော ဤတည်ရှိမှုများသည် မည်သို့ လွှမ်းမိုးခံရသနည်းဟု သူ တွေးမိလေသည်။
"အရာအားလုံးနီးပါး အဆင်သင့်ဖြစ်နေပြီ..."
အရာအားလုံးသည် တိကျသေချာမှုအပြည့်ဖြင့် နေရာတကျ ဖြစ်လာသောအခါ ဝေ့ဝူယင် က မျက်လုံးများကို မှိတ်လိုက်သည်။
ဒေါက်... ဒေါက်...
မလွဲမသွေ ကြုံတွေ့ရမည့် ကောင်းကင်ဘီလူးကြီးများ၏ တိုက်ပွဲအတွက် အကောင်အထည်ဖော်ရန် နောက်ထပ် မဟာဗျူဟာများကို တည်ဆောက်ရင်း အဂ္ဂိရတ် တိုက်ပွဲ ၏ ဖြစ်နိုင်ခြေရှိသော ရလဒ်များကို သူ ပြန်လည်သုံးသပ်နေစဉ်၊ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
ဧည့်သည်တစ်ဦး ရောက်ရှိနေကြောင်း ဝေ့ဝူယင် ကို သတိပေးလိုက်ခြင်း ဖြစ်၏။ ဤနေရာသည် မူလအာရုဏ်ဦး နန်းတော် ဖြစ်ပြီး ချိုမြိန်သော အမှတ်တရပေါင်းများစွာ ဖြစ်တည်ခဲ့သော သူ၏ အိပ်ခန်းလည်း ဖြစ်လေသည်။
"ဝင်ခဲ့ပါ..."
ဝေ့ဝူယင် က လက်ကို ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။ တံခါးသည် ညင်သာသော လေပြေတစ်ခုက တိုက်ခတ်လိုက်သကဲ့သို့ ပွင့်သွားပြီးနောက်....
ပုံရိပ်တစ်ခု
လန်းဆန်းသည်။ တက်ကြွသည်။ တောက်ပဝင်းလက်ကာ ဆွဲဆောင်မှုအပြည့် ရှိနေသည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အာရုံခံစားမှု အားလုံးကို ညှို့ယူဖမ်းစားနိုင်စွမ်းရှိ၏။ တပ်မက်ဖွယ်ရာ အပြစ်တရား၏ မူလအစဟုပင် ဆိုလောက်သည့် ဆူဖြိုးလှပသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားလေသည်။
ယွီစွန်းလီ ပင်တည်း။
သူမသည် ခြေဗလာဖြင့် အခန်းထဲသို့ ဝင်ရောက်လာ၏။ သူမက ခြေချောင်းလေးများကို လှပစွာ ဆေးခြယ်ထားသည်။ ယောက်ျားသားတိုင်း၏ နှလုံးသားကို ဖမ်းစားနိုင်ပြီး ရင်တွင်းမှ ဆန္ဒမီးတောက်များကို ဆွပေးနိုင်စွမ်းရှိသည့် ညှို့ယူနိုင်သော နီလာရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထား၏။ သူမသည် မည်သို့မျှ အားထုတ်စရာမလိုဘဲ သဘာဝအလျောက် အာရုံစိုက်မှုများကို ဆွဲဆောင်ထားနိုင်လေသည်။ အရောင်အသွေးနှင့် အံ့သြဖွယ်ရာများ အားလုံးက သူမထံသို့ စုပုံရောက်ရှိနေသည့်အလား ထင်မှတ်ရပေသည်။
ဝေ့ဝူယင်သည် နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေး ချိတ်ဆွဲလျက် သူမကို စောင့်ကြည့်နေခဲ့သည်။ တစ်ချိန်က လှောင်ချိုင့်တွင်း ပိတ်လှောင်ခံခဲ့ရသော ဤမိန်းမပျိုလေးသည် ယခုအခါ စစ်မှန်သော လွတ်လပ်မှုနှင့် အံ့မခန်း ကျင့်ကြံခြင်း အားထုတ်မှုများအောက်တွင် ဖူးပွင့်ဝေဆာနေပြီ ဖြစ်၏။ ၎င်းသည် သူမနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။
ယွီစွန်းလီသည် သူ၏ အနားတွင် တစ်ဦးတည်းသော ချွင်ဆွေဟွကျိ ခန္ဓာကိုယ် မဟုတ်တော့သော်လည်း၊ သူ၏ နှလုံးသားထဲတွင် သူမ၏ အရေးပါမှုသည် ထိုဝိသေသလက္ခဏာအပေါ်၌ တစ်ခါမျှ အခြေမခံခဲ့ဖူးချေ။ နောင်တွင်လည်း အခြေခံမည် မဟုတ်ပေ။
ရှီနင် နှင့် ရှန့်ဝမ်ချင်း တို့မှာ မမျှော်လင့်ဘဲ ရရှိခဲ့သော ကောင်းကင် ကံကြမ္မာများ ဖြစ်ကြ၏။ သို့သော် ထိုသူသုံးဦးထဲတွင် ယွီစွန်းလီ တစ်ဦးတည်းသာလျှင် သူ တရားဝင် ပိုးပန်းခဲ့သော မိန်းကလေး ဖြစ်လေသည်။
ထို့ပြင်... သူမ၏ မျက်ဝန်းများသည် လောကရှိ နတ်ဘုရားများက ရေးဆွဲထားသည့်အလား အနုပညာဆန်သော အလှတရားများကို ဖြာထွက်နေ၏။ ယုတ်ညံ့သော ကိုယ်ကျင့်သိက္ခာကျဆင်းမှု အရိပ်အယောင်လေးမျှပင် မတွေ့ရပေ။ သူမ၏ ကိုယ်ပိုင်တန်ဖိုးမှာ ခိုင်မာလှပြီး ဝေ့ဝူယင် ၏ နှလုံးသားထဲတွင် သူမ၏ နေရာမှာ တုန်လှုပ်ဖွယ်မရှိအောင် ခိုင်မြဲနေသည်မှာ ကြာပြီဖြစ်သည်။ ဤပြောင်းလဲ၍မရသော အမှန်တရားကို သူမ ကိုယ်တိုင်လည်း အပြည့်အဝ သိရှိနားလည်ထားလေသည်။
မိန်းကလေးသည် တိတ်ဆိတ်စွာ ချဉ်းကပ်လာပြီး ဝေ့ဝူယင် ၏ လက်များကို ဆုပ်ကိုင်လိုက်သည်။ အသက်ရှူလိုက်သကဲ့သို့ သဘာဝကျစွာပင် သူတို့နှစ်ဦးသည် ကုတင်စွန်းတွင် ယှဉ်တွဲထိုင်လိုက်ကြ၏။ ပခုံးချင်းယှဉ်ကာ တစ်ဦးလက်ကို တစ်ဦး ဆုပ်ကိုင်ထားကြသည်။ သူမက ရှေ့သို့ ငေးကြည့်နေပြီး ဝေ့ဝူယင် ကမူ သူမ၏ လှပသော ဘေးတိုက်မျက်နှာသွင်ပြင်ကို စိုက်ကြည့်နေခဲ့သည်။ ထူးဆန်းစွာပင် ဝေ့ဝူယင်သည် အချိန်များ တဖြည်းဖြည်း နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရ၏။ အရာခပ်သိမ်း၏ အရှိန်အဟုန်နှင့် ပြင်းထန်မှုတို့မှာ ခုခံမှုကင်းမဲ့စွာ ကျဆင်းသွားလေသည်။ သူ၏ နှလုံးသားထဲတွင် တည်ငြိမ်အေးချမ်းမှု တစ်ခုက အမြစ်တွယ်လာခဲ့သည်။
စက္ကန့်ခြောက်ဆယ် အပြည့် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်သည် နောက်ဆုံးတွင် အကြည့်လွှဲကာ ရှေ့သို့ ကြည့်လိုက်သည်။ နံရံများ၊ ရှုပ်ထွေးလှပစွာ အလှဆင်ထားမှုများနှင့် လေထုထဲတွင် ကျန်ရစ်နေသော ထိတွေ့ခံစားနိုင်သည့် မန်နာ အရိပ်အယောင်များကို သူ အကဲခတ်နေခဲ့၏။ မကြာမီမှာပင် အခန်းထဲ၌ ညင်သာသော အသက်ရှူသံများသာ ထွက်ပေါ်နေလေတော့သည်။
ခြောက်မိနစ်အပြည့် ကြာပြီးနောက် ယွီစွန်းလီ က ညင်သာစွာ စကားစလိုက်သည်။
"ကျွန်မ ပျော်တယ်..."
"..."
ဝေ့ဝူယင်၏ သူငယ်အိမ်များ အနည်းငယ် ကျယ်လာ၏။ ပုံမှန်ထက် ကြီးမားသော သူ၏ နဂါးနှလုံးသားမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ တစ်ချက် ပြင်းထန်စွာ ခုန်ပေါက်သွားသည်။ စကားလုံး နှစ်လုံးတည်းသာ ဖြစ်၏။ နှစ်လုံးတည်းသာ။ သို့သော် သူ၏ နား၊ နှလုံးသားနှင့် ဝိညာဉ်တို့အတွက်မူ တိတ်ဆိတ်နေသော အမှောင်ထုထဲမှ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက် ပဲ့တင်ထပ်သွားခဲ့လေသည်။
***
အပိုင်း(၂၃၇၂)
ခုတင်ပေါ်တွင် ပုံရိပ် နှစ်ခုမှာ ဘေးချင်းယှဉ်ကာ ထိုင်နေကြသည်။ ရုတ်တရက် ဝေ့ဝူယင် ပခုံးပေါ်တွင် အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။ ဘေးသို့ လှည့်လိုက်သောအခါ သူ၏ ပခုံးပေါ်တွင် မှီတွယ်နေသော ဆံပင်အပြည့်နှင့် ဦးခေါင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။ ကောင်းကင်ကိုပင် မှောက်လှန်နိုင်ပြီး နတ်ဘုရားများပင် မနာလိုဖြစ်ရလောက်သည့် ဆူဖြိုးလှပသော ကိုယ်လုံးလေးက သူ့အပေါ် မှီခိုနေသည်။ ပန်းရနံ့များနှင့် ပျားရည်နို့ရနံ့များက သူ၏ နှာခေါင်းထဲသို့ လှည့်ပတ်ဝင်ရောက်လာ၏။ အတိတ်မှ အမှတ်တရများက သူ၏ စိတ်အာရုံထဲတွင် တဖျတ်ဖျတ် ဖြတ်ပြေးသွားလေသည်။
ထိုနေ့က... သူသည် မှိုင်းညို့ပြီး အရိပ်ကျနေသော ဟင်းလင်းပြင် သင်္ဘော အတွင်းရှိ အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ထိုနေရာတွင် သူ၏ နှလုံးသားထဲ၌ ထာဝရ ကမ္ဗည်းထိုးကျန်ရစ်မည့် လှပသော အမျိုးသမီးတစ်ဦးကို သူ မြင်တွေ့ခဲ့ရ၏။ သူမသည် အကြောက်တရား၊ အထီးကျန်မှုနှင့် စိတ်ပျက်အားငယ်မှုများကို ဂရုမစိုက်ဟန်နှင့် ဆွဲဆောင်မှုရှိသော မျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားခဲ့သည်။ နံရံပေါ်၌ ရေးဆွဲထားသော အနုပညာ ပုံဖော်မှု ပန်းချီများက သူမ၏ နှလုံးသားကို ဖွင့်ဟပြသနေခဲ့သည်။
ထိုနေ့က... သူသည် ဝိုင်းရံပိတ်ဆို့ခံထားရသော ကြယ်နယ်မြေတစ်ခုအတွင်းသို့ ကြီးမားသော တပ်မတော်ကြီးကို ခေါ်ဆောင်သွားခဲ့သည်။ အမျိုးသမီးတစ်ဦးတည်းအတွက် သူသည် အကြွင်းမဲ့ လွှမ်းမိုးမှုကို ရဲဝံ့စွာ တောင်းဆိုခဲ့၏။ မည်သူက သူမကို ဒုက္ခပေးချင်သည်ဖြစ်စေ၊ မည်သည့် ရည်ရွယ်ချက်အတွက်ပင် ဖြစ်စေ၊ သူမကို မေ့ပစ်ရန် သို့မဟုတ် နောက်ဆုတ်ရန် သူ ငြင်းဆန်ခဲ့သည်။
ထိုနေ့က ယွီစွန်းလီသည် သူ၏ အမျိုးသမီးဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာနှင့် တရားဝင် ကြေညာခဲ့သည်။ သူမသည် မေ့လျော့မခံရကြောင်းနှင့် မည်သည့်အခါမျှ စွန့်ပစ်ခံရမည် မဟုတ်ကြောင်း သူမကို သတိပေးခဲ့၏။
သူတော်စင် များပင် တပ်မက်ကြပြီး စစ်ပွဲများကိုပင် ဖြစ်ပေါ်စေနိုင်စွမ်းရှိသည့် ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသော ဤကြယ်ကွင်းပြင် အဆင့် လှပလွန်းသည့် မိန်းမပျိုလေးကို ကြည့်ရင်း ဝေ့ဝူယင် သည် ခံစားချက်များ တဟုန်ထိုး ဖြစ်ပေါ်လာပြီး သူ၏ အကြည့်များ နူးညံ့သွားခဲ့သည်။
ယွီစွန်းလီ၏ နူးညံ့သော အသံလေးက တဖြည်းဖြည်း ထွက်ပေါ်လာ၏။
"ရှင့်အတွက် ကျွန်မ အရမ်း ဂုဏ်ယူတယ်..."
သူမ၏ လက်က သူ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
ယခုတိုင်အောင် သူ၏ လုပ်ရပ်အများစုမှာ သူမအတွက်ဖြစ်ကြောင်း မည်သူကမျှ သိရှိမည်မဟုတ်သလို ယုံကြည်ကြမည်လည်း မဟုတ်ကြောင်း ယွီစွန်းလီ သိနေခဲ့သည်။ သူ၏ စကားများကို ပြန်လည်အမှတ်ရလိုက်သောအခါ သူမ၏ နှလုံးသားထဲမှ အချစ်၏ ချိုမြိန်မှုများမှာ ပိုမို ကြီးထွားလာပြီး ရင်ခုန်သံများ မြန်ဆန်လာခဲ့လေသည်။
ဝေ့ဝူယင်က သူမ၏ လက်ကို အနည်းငယ် ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ဟိုမှာကြည့်..."
သူက ကောင်းကင်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။ တိမ်များ ဖုံးလွှမ်းနေသော တောက်ပသည့် ကောင်းကင်ကြီးသည် နှစ်ခြမ်းကွဲသွားသည်။ တောက်ပပြီး အရောင်အသွေးစုံလင်သော ကြယ်များနှင့်အတူ ကြယ်တာရာ ကောင်းကင်ယံ တစ်ခု ပေါ်ထွက်လာခဲ့လေသည်။
၎င်းသည် ကြီးကျယ်ခမ်းနားသော ပန်းချီကားတစ်ချပ်နှင့် တူညီနေပေသည်။
"ဒီကမ္ဘာနဲ့ မတူတဲ့ တခြားကမ္ဘာတစ်ခုကို မင်းကို ကိုယ် ခေါ်သွားမယ်... ငါတို့ကမ္ဘာရဲ့အလွန်က ကမ္ဘာတစ်ခုဆီကိုပေါ့... အဲဒီမှာဆိုရင် အံ့သြဖွယ်ကောင်းတဲ့ မှော်ဆန်တဲ့ မြင်ကွင်းတွေကို မင်း ခံစားရမယ်... မှန်းဆလို့မရလောက်အောင် အစွမ်းထက်တဲ့ ကျင့်ကြံသူ တွေနဲ့ တွေ့ရမယ်... လျှို့ဝှက်ဆန်းကြယ်ပြီး အရသာရှိတဲ့၊ ဒါမှမဟုတ် အရသာဆိုးရွားတဲ့ အစားအစာတွေကိုတောင် စားရမယ်... အလွန် လှပခမ်းနားတဲ့ ရှုခင်းတစ်ခုကို ကိုယ် ရှာဖွေပြီးတော့... ပြီးရင် ကိုယ်..."
"အဲဒီအချိန်ကျရင် မင်း ဆွဲမယ့် ပန်းချီကားကို ကိုယ် မစောင့်နိုင်တော့ဘူး... နောက်ထပ် နှစ်နှစ်က ကိုယ်တို့ နှစ်ယောက်ရဲ့ ချိန်းတွေ့မှုပေါ့လေ... မင်း ဘယ်လိုထင်လဲ...”
"ကျင့်ကြံသူ တွေအနေနဲ့ ကိုယ်တို့ ဘာလို့ သာမန်လို လုပ်ကြမှာလဲ... ဒါပေမဲ့လည်း တစ်ချို့ကိစ္စတွေ လုပ်ဖို့အတွက် ကိုယ် ခဏတာ ထွက်သွားရမယ့် အချိန်တွေတော့ ရှိလိမ့်မယ်... ဒါကြောင့် ပြည့်စုံတဲ့ ချိန်းတွေ့မှုတစ်ခုဖြစ်ဖို့အတွက် အဲဒီ နှစ်နှစ်အတွင်းမှာ အနည်းဆုံး မတူညီတဲ့ အရာသုံးခုကို လုပ်ရမယ်လို့ သတ်မှတ်လို့ရတယ်... နံပါတ်တစ်က ငါတို့အတူတူ အံ့သြဖွယ်ကောင်းတဲ့ မြင်ကွင်းနဲ့ ဖြစ်ရပ်တစ်ခုကို သွားကြည့်ကြမယ်..."
"နံပါတ်နှစ်က ငါတို့အဆင့်ထက် အများကြီး သာလွန်တဲ့ အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကျင့်ကြံသူ တွေနဲ့ အောင်ပွဲခံအခမ်းအနား တစ်ခုကို ကျင်းပမယ်... ငါတို့ကမ္ဘာရဲ့အလွန်က လာတဲ့ ဒီ ကျင့်ကြံသူ တွေအတွက် ငါတို့နှစ်ယောက်စလုံးက အိမ်ရှင်အဖြစ် ဆောင်ရွက်ကြမယ်... အဲဒီမှာ လူ့အဖွဲ့အစည်း မျိုးစုံနဲ့ ကျင့်ကြံခြင်း ယဉ်ကျေးမှုတွေကနေလာတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ကြမယ်... ကောင်းမွန်တဲ့ ဝိုင်တွေကို သောက်သုံးပြီး ဆူညံပျော်ရွှင်စရာ ဒါမှမဟုတ် သိမ်မွေ့တဲ့ ဖျော်ဖြေမှုတွေကို ခံစားကြမယ်..."
"နံပါတ်သုံးက ပေါင်းစည်းခြင်း ပဲ...”
ယွီစွန်းလီ၏ ပါးပြင်လေးများသည် ပန်းရောင်သန်းကာ အနည်းငယ် ရဲတက်သွားသည်။ ထိုအရာက သူမကို ပြိုင်ဘက်ကင်းသော ဆွဲဆောင်မှုအလှတရားကို ပေးစွမ်းနေလေသည်။ ဝေ့ဝူယင်သည် သာမန်ကိစ္စများကို ဘယ်သောအခါမှ မလုပ်ဆောင်ခဲ့ဖူးပေ။
နှစ်ငါးရာကြာ ပိတ်လှောင်ခံထားရသော အကျဉ်းထောင်ထဲမှ သူမကို ရဲဝံ့စွာ ခေါ်ထုတ်လာခဲ့သည့် အချိန်မှ စ၍... လူတစ်ယောက်တွင် ရှိနိုင်သော သာမန် ဆင်ခြင်တုံတရား အမျိုးအစားတိုင်းကို ဤလူငယ်လေးမှာ ကျော်လွန်နေခဲ့သည်။ မည်သူက နှစ်နှစ်တိတိကြာမည့် ချိန်းတွေ့မှုကို ပြုလုပ်မည်နည်း။
ဝေ့ဝူယင်သည် သူ၏ နံပတ်တစ် ကတိကို တည်ခဲ့ပြီး ဖြစ်သည်။ ဤခရီးစဉ်အတွင်း သူမသည် စိတ်ကူးယဉ်မှုများအား ကျော်လွန်နေသော မြင်ကွင်းများကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ယခုအခါ အဆင့်နိမ့် ဂလက်ဆီ များသည် သူ၏ ဖိတ်ကြားမှုအောက်တွင် စုရုံးနေကြပြီး သူတို့သည် တောက်ပသော ကတိကဝတ်များဖြင့် ဤနေရာသို့ ခေါ်ဆောင်ခြင်းခံရကြောင်း သူမ ကြားသိခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
ဝေ့ဝူယင်သည် ချိန်းတွေ့မှု၏ အစိတ်အပိုင်းတိုင်းကို စေ့စပ်သေချာစွာ စီစဉ်ထားခဲ့၏။ ၎င်းသည် သူမ၏ မူလ ယူဆချက်များ သို့မဟုတ် အတွေးများကို အဆပေါင်းများစွာ ကျော်လွန်နေခဲ့လေသည်။ သူသည် သူမ၏ အမြင်များကို ကျယ်ပြန့်စေခဲ့ရုံမျှမကပေ။ သူမ ကမ္ဘာ၏ ကောင်းကင်ယံကို ဖြိုခွဲကာ အလွန်တရာ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံကြီး၏ အသက်ဝင်ဆုံး အခြေအနေကို ပြသခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်က သူမကို သူ့ သာမန် ချစ်သူများထဲမှ တစ်ဦးအဖြစ်သာ သဘောထားသည်ဟု ယခင်က သူမ သံသယဝင်ခဲ့ဖူးလျှင်ပင်၊ ယခုအချိန်အထိ သူ၏ လုပ်ရပ်တိုင်းက မည်သည့် သတင်းစကားမျိုးထက်မဆို ပိုမို ကြီးမားကျယ်လောင်စွာ သက်သေပြနေခဲ့ပြီ ဖြစ်သည်။ စကားတစ်ခွန်းမှ မဆိုဘဲ ညကောင်းကင်ယံရှိ ကြယ်များကဲ့သို့ ရှင်းလင်းပြတ်သားမှုမျိုးဖြင့် သူ၏ ခံစားချက်များကို သူမ၏ နှလုံးသားထဲသို့ ထွင်းထုပေးခဲ့သည်။
ဤမျှလောက်သော ခံစားချက်များကို မည်သည့်နေရာမှ စတင်ကာ တုံ့ပြန်ပေးရမည်ကို သူမ စိတ်ကူး၍ပင် မရနိုင်ချေ။ သူမတွင် ရှိသမျှဆို၍ သူမ၏ နှလုံးသား၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့သာ ရှိသည်။ နေ့ရက်တိုင်း၊ မိနစ်တိုင်းနှင့် သူမ အသက်ရှူနေသော စက္ကန့်တိုင်းတွင် ၎င်းတို့အားလုံးကို သူ့ထံသို့ ပေးအပ်သွားမည် ဖြစ်သည်။ ထာဝရတိုင်အောင်ပင်...။
ယွီစွန်းလီသည် အခြားစကား ထပ်မပြောတော့ပေ။ အစမှ အဆုံးတိုင်အောင် ဝေ့ဝူယင်သည်လည်း စကားတစ်ခွန်းမျှ မဟခဲ့ချေ။ သူ စကားပြောရန် မလိုအပ်ပေ။ ကမ္ဘာမြေ အစပြုကတည်းက လုပ်ရပ်များသည် စကားလုံးများထက် ပိုမို ကျယ်လောင်ခဲ့စမြဲ ဖြစ်သည်။ ထို့ပြင် ဝေ့ဝူယင်သည် စကားလုံးများထက် လုပ်ရပ်ကို ဦးစားပေးသူများ၏ ပြယုဂ်တစ်ခုပင် ဖြစ်လေသည်။
"ပွဲပြီးတဲ့အထိတောင် ကျွန်မ မစောင့်နိုင်တော့ဘူး..."
ယွီစွန်းလီ၏ စကားလုံးများသည် အလွန် ညင်သာပြီး နူးညံ့လွန်းလှရာ ခြင်တစ်ကောင်၏ တီးတိုးအသံလေးနှင့်ပင် တူညီနေ၏။ သို့တိုင်အောင် ၎င်းတို့ထဲတွင် သူမ၏ အမှန်ကန်ဆုံးနှင့် အစစ်မှန်ဆုံးသော ခံစားချက်များ ပါဝင်နေခဲ့သည်။
ထိုစကားလုံးများသည် ဒေါသတကြီး ဟိန်းဟောက်နေသော နဂါးတစ်ကောင်၏ ခွန်အားနှင့် အရှိန်အဟုန်မျိုးဖြင့် ဝေ့ဝူယင်၏ နားစည်များဆီသို့ ရိုက်ခတ်သွားလေသည်။ အနုပညာဆန်သော အလှတရားနှင့် ဖီဆန်သော စံပြပုဂ္ဂိုလ်တို့ ကြားရှိ ပေါင်းစည်းမှု တစ်ရပ်ပင် ဖြစ်သည်။
သို့သော် ထိုသို့မဖြစ်လာမီ ဝေ့ဝူယင်သည် သူ၏ ဤကစားပွဲအပေါ်တွင် နောက်ဆုံး အဆုံးသတ်ဖဲကြိုးကို တပ်ဆင်ရဦးမည် ဖြစ်သည်။ ငရဲကို ရဲဝံ့စွာ စိန်ခေါ်ပြီး ကောင်းကင်၏ ကံကြမ္မာကို ဆုပ်ကိုင်ခဲ့သော လူငယ်တစ်ဦး၏ ကြီးကျယ်ခမ်းနားလှသည့် ပြသမှုကြီး အဖြစ်ပင် တင်စားနိုင်သည်။ ယခုအခါတွင် ဂလက်ဆီ အာဏာပိုင်များ၏ ခွန်အားနှင့် ဩဇာအာဏာများ၊ ထို့ပြင် ၎င်းတို့အတွင်းရှိ လွှမ်းမိုးသူများကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ထို့နောက် သူ၏ ကိုယ်ပိုင်ကမ္ဘာအလွန်ရှိ ကမ္ဘာကြီးကို သိမ်းပိုက်ရန် အဆင်သင့် ဖြစ်နေပေလိမ့်မည်။
...
လျှို့ဝှက်ဆန်းကြယ်ပြီး အရောင်အသွေးစုံလင်သော ဟင်းလင်းပြင် သင်္ဘော အမြောက်အမြားသည် သန့်စင်ခြင်း ဂလက်ဆီဇုံ ၏ ကြယ်တာရာ ကောင်းကင်ယံများတွင် အစက်အပြောက်များသဖွယ် နေရာယူထားကြသည်။
ဒေသတစ်ခုလုံးသည် မကြာမီ ကျင်းပတော့မည့် အဂ္ဂိရတ် တိုက်ပွဲ၏ ပရိတ်သတ်များအတွက် ကျောက်ချရပ်နားရာ ဇုံတစ်ခု ဖြစ်နေလေသည်။ အများပြည်သူတို့သည် တိကျသော အသေးစိတ် အချက်အလက်များကို အများအားဖြင့် မသိရှိကြသော်လည်း၊ မိုးကုပ်စက်ဝိုင်းများက သက်သေအဖြစ် ပါဝင်မည့် အဂ္ဂိရတ် ရှန့်ထို များ ကြားရှိ အဂ္ဂိရတ် ဆွေးနွေးပွဲဆိုသည့် အကြောင်းပြချက်သည် လူအများ၏ စူးစမ်းချင်စိတ်များကို အနည်းနှင့်အများ ပြေပျောက်သွားစေခဲ့သည်။ ထို့ပြင် လက်ရှိတွင် အငြင်းပွားဖွယ် အဖြစ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ကိုယ်တိုင် ပါဝင်မည်ဟူသော သတင်းများကလည်း ဤအခြေအနေကို ပိုမို ခိုင်မာစေခဲ့၏။
အဆင့်နိမ့် ဂလက်ဆီ အမျိုးမျိုးမှ ခေါင်းဆောင်များသည် တောက်ပသော ကြယ်နန်းတော် ၏ ထောက်ခံချက်ဖြင့် စုရုံးရောက်ရှိလာကြသောအခါ၊ မိုးကုပ်စက်ဝိုင်းများ က သူတို့ကို အတိုင်းအတာတစ်ခုအထိ မျက်နှာသာပေးကာ နေရာချထားပေးမည်ဟု မျှော်လင့်ထားကြသည်။ သာမန်အားဖြင့်ဆိုလျှင် သူတို့သည် ဂရုမစိုက်သော သဘောထားမျိုးကို ပြသကောင်း ပြသပေလိမ့်မည်။ သို့သော် ၎င်းသည် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို နှင့် သက်ဆိုင်နေသောကြောင့် ဤအင်အားစုများအတွက် လျစ်လျူရှုရန် ခက်ခဲနေခဲ့သည်။
အထူးသဖြင့် ဝေ့ဝူယင်နှင့် လုံရှီယာတို့၏ တိုက်ပွဲတွင် လုံရှီယာသည် စွမ်းအင်များ ခမ်းခြောက်ပြီး ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းများ ပျံ့နှံ့သွားပြီးနောက်တွင် ပို၍ပင် မှန်ကန်နေခဲ့သည်။ သူသည် မိမိ၏ လျှို့ဝှက်နယ်မြေ အတွင်း၌ ပုန်းအောင်းနေပြီး မကောင်းသော ရည်ရွယ်ချက်ရှိသူတိုင်းကို အထူးသတိထားကာ စောင့်ကြပ်နေကြောင်း နာမည်ကြီး သတင်း အဖွဲ့အစည်း အသီးသီးက သတင်းလွှင့်ခဲ့ကြ၏။ ၎င်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြစ်စေ၊ မရှိဘဲ ဖြစ်စေ လုံရှီယာ၏ ကံဆိုးမိုးမှောင်ကျမှု သတင်းများ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။
ဤကွဲပြားသော ဂလက်ဆီမှ လာသည့် အင်ပါယာသည် အလွယ်တကူ လျစ်လျူရှု၍မရနိုင်သော ခွန်အားကို ပိုင်ဆိုင်ထားသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း၌ အဆင့်နိမ့် ဂလက်ဆီ ခေါင်းဆောင်များမှာ တန်ဖိုးထား မခံရဟု ဆိုလျှင်ပင် ၎င်းအချက်က ပြောင်းလဲသွားမည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ... အဆင့်နိမ့် ဂလက်ဆီ အများစုသည် အဖွဲ့အစည်းများ၊ အကယ်ဒမီများနှင့်သာ အများဆုံး ဆက်ဆံရလေ့ရှိကြသည်။ မိုးကုပ်စက်ဝိုင်း မျှော်စင် များ၏ ခေါင်းဆောင်များသည် သူတို့နှင့် တိုက်ရိုက် အပြန်အလှန် ဆက်ဆံလေ့ အလွန် ရှားပါးလှ၏။
မည်သို့ပင် ဆိုစေကာမူ... ယခုတွင်တော့ နယ်ခြားသား အင်ပါယာ တစ်ယောက်နှင့် မိုးကုပ်စက်ဝိုင်း ကောင်းကင် အဂ္ဂိရတ် ရှန့်ထိုများ၏ အကြီးကျယ်ဆုံးသော တိုက်ပွဲကြီးမှာ တစ်ခေတ်လျှင် တစ်ခါ ရှားပါးစွာ ပေါ်ထွက်လာတော့မည် ဖြစ်လေသည်။ ထိုအတွက် လူတိုင်းမှာ စိတ်လှုပ်ရှား နေခဲ့လေတော့၏။
***