နဂါးငွေ့တန်း၏ရေတပ်စစ်ဗိုလ်ချုပ်
Vol. 10 Ch. 979
ဝူကျီးချီ ဝမ်းနည်းစွာဖြင့် အသနားခံနေသည်ကိုကြည့်ပြီး ကူးဝေေ၀ သနားသွားမိလေသည်။
သူမက ပင်ကိုယ်စိတ်ထား နူးညံ့သည့် မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ ထို့ပြင်… ဝူကျီးချီ ပြုလုပ်ခဲ့သည့် မကောင်းမှုများကိုလည်း သူမ၏မျက်လုံးဖြင့် ကိုယ်တိုင်တွေ့မြင်ခဲ့ရခြင်းမရှိလေရာ ဝူကျီးချီအပေါ် သနားစိတ်ဖြစ်နေမိလေသည်။
"မောင်လေး… ၊ သူ့ကို တောင်အနောက်ဘက်မှာ တံခါးပိတ်ကျင့်ကြံခိုင်းပြီး သူ့လုပ်ရပ်အတွက် ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ အခွင့်အရေးပေးလိုက်ပါလား…"
ဆန်းလျန်က…
"တကယ်တော့ ကျွန်တော်က သူ့ကို တောင်တံခါးမှာ အစောင့်ချထားတာ အကြောင်း (၂)ချက်ရှိတယ် ၊ ပထမအချက်က သူ့ရဲ့ ခန္ဓာကိုယ်ကို ပိုပြီးသန်မာအောင် ကျင့်ကြံစေချင်လို့ပဲ ၊ ဒုတိယအချက်က သူရဲ့ မူလဇာစ်မြစ်ကောင်းမွန်တယ် ၊ ဒါကြောင့် တောင်တံခါးမှာ အစောင့်လုပ်ဖို့ သင့်တော်တယ်လို့ ယူဆခဲ့တာ ၊ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး ၊ သူက ဟယ်အိမ်တော်တစ်ခုလုံးကို သတ်ဖြတ်ပစ်လိုက်တယ် ၊ ဟယ်မျိုးနွယ်တွေဆိုတာ စွင့်တိဧကရာဇ်ရဲ့အနွယ်တော်တွေပဲ ၊ ဒီလောက်ကြီးလေးတဲ့အပြစ်ကို ကျူးလွန်တာ သူ့ကို ကျုပ်ကိုယ်တိုင်တောင် သတ်ပစ်သင့်တယ်…"
ဆန်းလျန် ရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် ကူးဝေေ၀က ဝူကျီးချီဘက်မှ တောင်းပန်ပေးခြင်း မပြုတော့ပေ။
ဆန်းလျန်က ဝူကျီးချီကို ကြည့်လိုက်ပြီး…
"ဝူကျီးချီ ၊ မင်းက ကျုပ်အမိန့်ကို မနာခံရုံသာမက အပြစ်ကြီးကိုပါ ကျူးလွန်ခဲ့တယ် ၊ မင်းကို လမ်းမှန်ရောက်အောင် ကျုပ် မိစ္ဆာစွမ်းအားတွေကို ဖြတ်တောက်ပစ်လိုက်မယ် ၊ လက်ခံသလား…"
ဆန်းလျန် သူ့ကို မသတ်ဖြတ်တော့ကြောင်း သိရှိလိုက်သည့်အတွက် ဝူကျီးချီ ချက်ချင်းပင် ခေါင်းညိတ်သဘောတူလိုက်သည်။
"လက်ခံပါတယ် ၊ လက်ခံပါတယ်…"
ဝူကျီးချီက ဆန်းလျန်ပြောသည်ကို လက်ခံလိုက်သည်နှင့် ဆန်းလျန်က လက်ဝါးဇောင်းကို ဓားသွားပုံသဏ္ဍန်ပြုလုပ်ပြီး ဝူကျီးချီ၏ ခန္ဓာကိုယ်ကို ဖြတ်တောက်လိုက်လေသည်။
ဝူကျီးချီ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ပေါ့ပါးသွားသလိုခံစားလိုက်ရပြီး တန်ခိုးစွမ်းအားများလည်း ပျောက်ဆုံးသွားသလို ခံစားလိုက်ကြရသည်။
ဆန်းလျန်က ဟွင့်ယွမ်ရွှေဇလားနည်းလမ်းကို အသုံးပြုပြီး ဝူကျီးချီ၏ မိစ္ဆာစွမ်းအားများကို ဖြတ်တောက်ပစ်လိုက်သည်ကို ဝူကျီးချီက သိရှိခြင်း မရှိပေ။
ဟွင့်ယွမ်ဝူကျီမှာ ဓမ္မ၏ နောက်ဆုံးသောအဓိပ္ပါယ်ဖြစ်ပြီး ဝူကျီးချီမှာ တာ့လော်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် ယခုကဲ့သို့ ဖြတ်တောက်ခံလိုက်ရပြီးသည့်နောက် တန်ခိုးစွမ်းအားများ တစ်ဝက်ခန့် ပျက်စီးသွားရလေသည်။
တာအိုဝါဒဆိုသည်မှာ မိုးနှင့်မြေ၏ သဘာဝတရားကို နားလည်ခြင်း ဖြစ်သည်။
တာအိုစကားဖြင့် ပြောမည်ဆိုလျှင် "အဝိဇ္ဇာကိုဖြတ်တောက်ပြီး တာအိုနှင့်ပေါင်းစပ်ခြင်း" ဟု ပြောဆိုနိုင်လေသည်။
ဝူကျီးချီအနေဖြင့် မိစ္ဆာစွမ်းအားကို ဖြတ်တောက်ခံလိုက်ရသည့်အတွက် တာအိုတရားကို သိရှိရန် ရှေ့လျှောက် အခွင့်အလမ်းများပြားမည် ဖြစ်လေသည်။
သို့သော်… သူ၏ တန်ခိုးစွမ်းအားတစ်ဝက်ခန့်မှာ ဖြတ်တောက်ခံလိုက်ရသည့်အတွက် နှစ်ပေါင်းတစ်သောင်းကျော် ပြန်လည်ကျင့်ကြံမည်ဆိုလျှင်တောင် မူလအတိုင်း တန်ခိုးစွမ်းအားများ ပြန်လည်ရရှိနိုင်ရန် ခဲယဉ်းသွားပြီ ဖြစ်လေသည်။
လက်ရှိအချိန်တွင်တော့ ဝူကျီးချီ မည်သို့ဖြစ်သည်ကို သိရှိဦးမည် မဟုတ်သေးပေ။ သို့သော်… နောင်ပိုင်းတွင်တော့ ဆန်းလျန် သူ၏ မိစ္ဆာစွမ်းအားများကို ဖြတ်တောက်ပေးခြင်း၏ အကျိုးကျေးဇူးကို သူ သိရှိနားလည်သွားပေလိမ့်မည်။
သူနားလည်သွားလျှင် နောက်ပိုင်းတွင် ဆန်းလျန်ကို ကျေးဇူးတင်ပေလိမ့်မည်။ ထိုအခါ သူ့ဘဝသည်လည်း ပြန်လည်ရှင်သန်လာပေလိမ့်မည်။
ဆန်းလျန်က ဝူကျီးချီ၏ မိစ္ဆာစွမ်းအားများကို ဖြတ်တောက်လိုက်ပြီးသည့်နောက်…
"တောင်ပေါ်ကနေ ဆင်းသွားတော့ ၊ နောက်ဘယ်တော့မှ ကျုပ်နာမည်ကို အခြားသူတွေရှေ့မှာ ထုတ်မပြောနဲ့ ၊ ပြောမိလို့ ကျုပ်သိသွားရင် မင်းကို ဘယ်တော့မှ နလံမထူနိုင်အောင် လုပ်ပစ်မယ်…"
ဝူကျီးချီက တောင်ပေါ်မှ တော်တော်နှင့် မဆင်းနိုင်သေးဘဲ ဆန်းလျန်ကို အကြိမ်ကြိမ် ဦးချရှိခိုးလျှက် ရှိလေသည်။
နောက်ဆုံး ဆန်းလျန်က စိတ်မရှည်တော့ဘဲ လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေရာ မျောက်ဝံမိစ္ဆာကြီးမှာ လေနှင့်အတူလွင့်မျောသွားပြီး မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိရတော့ပေ။
ထို့နောက် ဆန်းလျန်က…
"ဟယ်ရှန်း…"
ဟု ခေါ်လိုက်လေသည်။
ဟယ်ရှန်းက …
"တပည့်ရှိပါတယ်…"
ဆန်းလျန်က…
"ကျုပ် မင်းကို ပြန်လည်မွေးဖွားခြင်းဂါထာသင်ပေးလိုက်မယ် ၊ အဲဒါကို သေချာမှတ်ထားပါ ၊ ပြီးရင် ကျိုးယီတောင်ကို သွားပြီး ဟယ်အိမ်တော်က သေဆုံးသွားတဲ့လူတွေရဲ့ ဝိညာဉ်တွေကို လူပြန်ဝင်စားစေလိုက်ပါ…"
ဆန်းလျန်၏ စကားကို ဟယ်ရှန်းက သဘောတူလက်ခံလိုက်သည်။
ဆန်းလျန် မပြောလျှင်လည်း ဟယ်အိမ်တော်၏ ဇာပနကို မည်သို့ ပြုလုပ်ရသည်ကို ဟယ်ရှန်းက ဆန်းလျန်ကို မေးမြန်းရန် ကြံစည်ထားမိလေသည်။
ယခုတော့ ဆန်းလျန်က သူမကို ပြန်လည်မွေးဖွားခြင်းဂါထာသင်ပေးလိုက်ပြီး ဟယ်အိမ်တော်မှ လူအများ၏ ဝိညာဉ်ကို လူပြန်ဝင်စားစေမည် ဖြစ်လေရာ ထို့ထက်ကောင်းသည့် နည်းလမ်း မရှိနိုင်တော့ပေ။
ပြန်လည်မွေးဖွားခြင်းဂါထာက ခက်ခဲသည့် ဂါထာတစ်ပုဒ် မဟုတ်ပေ။ ဟယ်ရှန်း ချက်ချင်းပင် သင်ယူတတ်မြောက်သွားပြီး ကျိုးယီတောက်ထိပ်သို့ ပြန်လည်ထွက်ခွာသွားလေတော့သည်။
ကူးဝေေ၀က …
"သူက တကယ်တော်တဲ့ တပည့်ကောင်းလေးပဲ ၊ ဒါပေမဲ့ အောင်မြင်တဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့တာ နှမျောစရာပဲ…"
ကူးဝေေ၀ဆိုလိုသည့်အဓိပ္ပါယ်ကို ဆန်းလျန် နားလည်လိုက်သည်။
ဟယ်ရှန်းက နတ်ဘုရားတစ်ပါးဖြစ်နေပြီ ဖြစ်လေရာ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ဆက်ခံသူဖြစ်မလာနိုင်တော့သည့်အတွက် ကူးဝေေ၀က နှမျောနေမိခြင်း ဖြစ်သည်။
ဆန်းလျန်က…
"အစ်မ… ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို တာအိုဝါဒရဲ့ အခြေခံအဖြစ် အသုံးပြုချင်တယ် ၊ ချင်းရွှမ်နတ်တံခါးက လက်ဆင့်ကမ်းခဲ့တဲ့ ကျင့်စဉ်တစ်ခုအဖြစ်ကနေ ခွဲထွက်ချင်တယ် လို့ အရင်က ပြောခဲ့ဖူးတယ်နော် ၊ အခု ကျင်းချင် အတိတ်ကို ပြန်သတိရနေပြီ ၊ အစ်မ မေးချင်ရင် သူ့ကို မေးကြည့်လို့ရနေပြီ…"
ကူးဝေေ၀က ပြုံးလိုက်ပြီး…
"မင်းက ငါ့ကိစ္စတွေဆိုရင် နည်းနည်းလေးတောင် ဂရုမစိုက်ဘူးနော် ၊ ငါ ကျင်းချင်ကို အစောကြီးကတည်က မေးပြီးသွားပြီ ၊ သူက သဘောတူတယ်လို့ ပြောတယ်…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မြန်လိုက်တာ…"
ဟုသာ ပြောလိုက်မိသည်။
ကူးဝေေ၀ ချန်ကျင်းချင်နှင့် စကားပြောပြီးသွားပြီကို ဆန်းလျန် တကယ်ပင် မသိခဲ့ပေ။
ဆန်းလျန်က စကားပြောရန် ဟန်ပြင်လိုက်သော်လည်း မည်သည့်စကားပြောရမှန်းမသိဖြစ်နေမိသည်။
ဆန်းလျန်က တန်ခိုးစွမ်းအားမြင့်မားပြီး လောက၏ အကြောင်းအရာအတော်များများကို သိရှိသော်လည်း အချို့ အသေးအဖွဲအရာလေးများကိုတော့ သူ အဘယ်မှာ သိရှိနိုင်ပါမည်နည်း။
အရာအားလုံးကို နှိုက်နှိုင်ချွတ်ချွတ်သိအောင် လိုက်လံကြိုးစားနေလျှင်လည်း လောကကြီးက အလွန်ပျင်းစရာ ကောင်းနေပေလိမ့်မည်။
ထိုအချိန်တွင် … ဆန်းချင်းချင်းက…
"ဆန်းလျန် ၊ ရှင် ဘယ်တော့လောက် ကျွန်မနဲ့ ချင်းဆွေထျန်းကောင်းကင်ဘုံကို လိုက်ခဲ့မှာလဲ…"
ဆန်းလျန်က…
"မင်း အလျင်လိုစရာကိစ္စများ ရှိလို့လား…"
ဆန်းချင်းချင်းက…
"မရှိပါဘူး ၊ မမချင်းဆွေက လူ့လောကမှာနေဖို့ လဝက်တောင် ခွင့်ပြုထားတာ ၊ ရောက်တုန်းရောက်ခိုက် လျှောက်လည်ဖို့ စဉ်းစားထားသေးတယ်…"
ဆန်းလျန်က လက်ခုပ်တစ်ချက်တီးလိုက်ပြီး…
"ဟုတ်ပြီ… ကျုပ်လည်း မင်းနဲ့အတူ လျှောက်လည်မယ်…"
ဆန်းချင်းချင်းက မယုံမကြည်ဖြင့် ဆန်းလျန်ကို ကြည့်လိုက်ပြီး…
"ကျွန်မနဲ့ နှစ်ယောက်တည်း ရှင်က လျှောက်လည်မလို့လား…"
ဆန်းလျန်က ရယ်မောလိုက်ပြီး ကူးဝေေ၀ကို လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းတူအစ်မလည်း လိုက်မှာပေါ့…"
ကူးဝေေ၀က တစ်ချက်ပြုံးလိုက်ရင်း…
"ကောင်းပြီလေ…"
ဟု ပြောလိုက်လေသည်။
ထို့နောက် ဆန်းလျန်က မသိသလို လေသံဖြင့်…
"လောကအလယ်လှည့်လည်ပြီး အရည်အချင်းရှိတဲ့ အလှလေးတွေကို ရှာဖွေရမယ် ၊ ဂိုဏ်းတူအစ်မ တပည့်မွေးရအောင်လို့ပေါ့…"
ကူးဝေေ၀က…
"ငါ့အတွက် တပည့်ဟုတ်လား.. ၊ အေးပါ… မင်းတပည့် ကျင်းချင်ထက်သာအောင် ငါက သင်ပေးလိုက်ဦးမယ်…"
ဆန်းလျန်က…
"ဒါကတော့ လုံး၀ မဖြစ်နိုင်ဘူးနော်…"
ဆန်းလျန်စကားကြောင့် ကူးဝေေ၀ ရယ်မောလိုက်လေသည်။
………….
ဝူကျီးချီ ချင်းရှတောင်ပေါ်မှ ဆင်းလာလေသည်။
သူ့ရင်ထဲတွင် ဝမ်းသာခြင်းထက် ဝမ်းနည်းခြင်းက ကြီးစိုးလျှက် ရှိသည်။ သူ့ပုံစံက လက်ရှိအခြေအနေများနှင့် အသားမကျသလို ခံစားနေရသည်။
အတိတ်အချိန်က သူ့ရန်သူများ သူ့ကို လာရောက်တိုက်ခိုက်ကြလျှင် သူတော့ ဒုက္ခလှလှတွေ့မည် ဖြစ်လေသည်။ သူ၏ရန်သူများအားလုံးက အဆင့်မြင့်နတ်မိစ္ဆာများ ဖြစ်ကြလေရာ သူ့အနေဖြင့် တန်ခိုးစွမ်းအားများ လျော့နည်းနေသည့်အတွက် ခုခံကာကွယ်နိုင်မည် မဟုတ်ပေ။
ဆန်းလျန်၏ အမည်ကိုအသုံးပြုပြီး သူ့ကိုယ်သူ ကာကွယ်ခြင်းလည်း ပြုလုပ်နိုင်ခြင်း မရှိတော့လေရာ သူ့အနေဖြင့် အန္တရယ် ရင်ဆိုင်ရနိုင်ဖွယ် ရှိသည်။
ဝူကျီးချီ တစ်ခဏမျှ စဉ်းစားနေခဲ့လေသည်။
သူ့အနေဖြင့် လုံခြုံသည့် နေရာတစ်နေရာ ရှာဖွေပြီးနေထိုင်လျှင်တောင်မှ သူ၏ရန်သူများက သူမည်သည့်နေရာတွင်ရှိမည်ကို ခန့်မှန်းသိရှိသွားကြမည် ဖြစ်သည်။
ဝူကျီးချီ ကောင်းကင်ကို အချိန်ကြာမြင့်စွာ မော့ကြည့်နေခဲ့သည်။ ထို့နောက် နဂါးငွေ့တန်းကို ဖြတ်ကျော်ပြီး မိုးကောင်းကင် တောင်ဘက်တံခါးသို့ ထွက်ခွာလာခဲ့လေတော့သည်။
သူက ခေါင်းကိုငုံ့လိုက်ပြီး မိုးကောင်းကင်တောင်ဘက်တံခါးအတွင်းသို့ ဝင်ရောက်လိုက်လေသည်။
ထိုအချိန်မှာပင်… အလွန်သန့်စင်သည့် အသက်ဓာတ်စွမ်းအားလှိုင်းလုံးကြီးများက ဒီရေအလား မြင့်တက်လာပြီး ဝူကျီးချီ ရှိရာသို့ အလုံးအရင်းနှင့် ဝင်ရောက်လာလေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက်… နတ်စစ်သည်များခြံရံပြီး တာအိုဆရာ(၄)ယောက် ထွက်ပေါ်လာကြသည်။ နတ်စစ်သည်များက ဝူကျီးချီကို ချက်ချင်းပင် ဝန်းရံထားလိုက်ကြလေသည်။
တာအိုဆရာ (၄)ယောက်၏ တန်ခိုးစွမ်းအားက အလွန်တရာ နက်ရှိုင်းသည်ကို သိလိုက်ရသည့်အခါ ဝူကျီးချီ ကြောက်ရွံ့ တုန်လှုပ်သွားလေသည်။ နတ်စစ်သည်များမှာလည်း မရေမတွက်နိုင်အောင်များပြားလေရာ သူ့အနေဖြင့် မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
ထို့ကြောင့် ဝူကျီးချီက အလျှင်အမြန် ပြောလိုက်သည်။
"နားလည်မှုလွဲတာပါ ၊ ကျုပ်က ရှေးဟောင်းရေစွမ်းအားနတ်မိစ္ဆာ မျောက်ဝံကြီး ဝူကျီးချီပါ ၊ ကျုပ်က အခု ရွှမ်ဟွမ်မိုးနတ်မင်းဆီမှာ ခိုလှုံခွင့်တောင်းချင်လို့ပါ…"
တာအိုဆရာ (၄)ပါးမှာ ကောင်းကင်ဘုံကို စောင့်ရှောက်သည့် နတ်မင်းကြီး (၄)ပါး ဖြစ်လေသည်။
နတ်မင်းကြီးကျန်းက…
"ဝူကျီးချီ ဟုတ်လား ၊ လွန်ခဲ့တဲ့ရက်တွေက မင်း ဆန်းလျန်ထျန်းကျွင်းဆီမှာ အလုပ်လုပ်နေတယ်လို့ သတင်းကြားထားတာ ၊ အခု ဘယ်လိုလုပ် ကောင်းကင်ဘုံကို ရောက်လာရတာလဲ…"
ဆန်းလျန်ထျန်းကျွင်းမှာ ရွှမ်တုတောက်ကျွင်းထက်ပင်သာလွန်သည့် လောကပထမ နတ်ဘုရားတစ်ပါး ဖြစ်လေရာ ဆန်းလျန်ထျန်းကျွင်းကို စွန့်ခွာပြီး ကောင်းကင်ဘုံနန်းတော်သို့ လာရောက်ခိုလှုံခြင်းမှာ ယုံကြည်နိုင်စရာ အကြောင်းမရှိပေ။
ဝူကျီးချီက…
"ကျုပ် တကယ် ရိုးရိုးသားသားစိတ်နဲ့ လာခဲ့တာပါ ၊ ကျုပ် ဒုက္ခလည်းရောက်နေတာပါ ၊ ကျေးဇူးပြုပြီး ရွှမ်ဟွမ်မိုးနတ်မင်းကို အကြောင်းကြားပေးကြပါလား…"
နတ်မင်းကြီးကျန်းက အနည်းငယ် တွန့်ဆုတ်နေပြီး နတ်မင်းကြီးရွှီးကို လေသံတိုးတိုးဖြင့် လှည့်ပြောလိုက်သည်။
"မိုးနတ်မင်းကို မင်း သွားပြောလိုက်ပါလား…"
နတ်မင်းကြီးရွှီးလည်း ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဘုရင်ရှစ်ပါးနန်းတော်သို့ ထွက်ခွာလာခဲ့လေသည်။
ဘုရင်ရှစ်ပါးနန်းတော်ထဲတွင်တော့ တိမ်တိုက်သလွန်ထက်တွင် စံမြန်းနေသည့် ရွှမ်တုတောက်ကျွင်းကို တွေ့မြင်ရလေသည်။
ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားများက လောကတွင် တည်ရှိနေသော်လည်း မတည်ရှိသည့်အလား အလွန်သိမ်မွေ့နူးညံ့လျှက် ရှိလေသည်။
နတ်မင်းကြီးရွှီး မည်သည့်ကိစ္စကိုမှ လျှောက်တင်ရသေးခင်မှာပင် ရွှမ်တုတောက်ကျွင်းက မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး စတင်စကားပြောလိုက်သည်။
"မင်း ရောက်လာရတဲ့ အကြောင်းရင်းကို ကျုပ်သိပြီးပါပြီ ၊ ကျုပ်ဆီက ခွင့်ပြုချက်လာတောင်းတာမလား ၊ အဲဒီ ဝူကျီးချီကို နဂါးငွေ့တန်းရဲ့ ရေတပ်မှာစစ်ဗိုလ်ချုပ်ရာထူး ပေးလိုက်ပါ …"
နတ်မင်းကြီးရွှီးက တစ်ချက်တွေးလိုက်သည်။
"အင်း… ဝူကျီးချီက ကြမ်းတမ်းတဲ့ ရေစွမ်းအားမိစ္ဆာတစ်ပါးပဲ ၊ နဂါးငွေ့တန်းမှာ စစ်ဗိုလ်ချုပ်ရာထူးပေးတယ်ဆိုတာ သင့်တော်ပါတယ်လေ…"
ရွှမ်တုတောက်ကျွင်းဆီမှ ခွင့်ပြုချက်ရသည်နှင့် ရွှီးနတ်မင်းကြီး မိုးကောင်းကင်တောင်ဘက်တံခါးသို့ ပြန်ရောက်လာသည်။
ရွှမ်တုတောက်ကျွင်းက ဝူကျီးချီကို ကောင်းကင်ဘုံနန်းတော်တွင် နေရာပေးလိုက်သည့်အတွက် နတ်မင်းကြီးကျန်းနှင့် အခြားသူများ ပဟေဠိဖြစ်သွားကြသည်။
သို့သော်… နတ်မင်းကြီးရွှီးကလည်း ရွှမ်တုတောက်ကျွင်း၏ အမိန့်ကို အတုလုပ်ပြီး လိမ်ညာပြောဆိုခြင်း မဖြစ်နိုင်လေရာ နောက်ဆုံးတော့ သူတို့က ဝူကျီးချီကို ကောင်းကင်ဘုံနန်းတော်သို့ ဝင်ခွင့်ပေးလိုက်ကြလေတော့သည်။
ဝူကျီးချီကတော့ အံ့အားသင့် ဝမ်းသာသွားပြီး ဘဝသစ်စတင်နိုင်ပြီဟု ခံစားလိုက်ရလေသည်။
သူ့စိတ်ထဲတွင် ရွှမ်တုတောက်ကျွင်းက သူ့ကို အဘယ့်ကြောင့် လက်ခံရသည်ကို သံသယများရှိနေသေးသည့်တိုင် သူ့အနေဖြင့် ကောင်းကင်ဘုံနန်းတော်တွင် ခိုလှုံခွင့်ရသည်မှာ အလွန်ပင်ကံကောင်းလှသည်ဟု တွေးတောနေမိလေတော့သည်။
***