← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အပိုင်း ၁၇၃

ဟက်ကာများ၏ နောက်ကွယ်တွင် လုံထန်ဆီသို့ ဦးတည်ကာ ကြာမြင့်စွာကတည်းက ကြံစည်ထားသည့် မုန်တိုင်းကြီးတစ်ရပ် လာနေပြီဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

​အထူးသတင်း - Longteng ဆိုက်ဘာတိုက်ခိုက်ခံရ

ရန်သူက အရမ်းတော်နေတာလား ဒါမှမဟုတ် လုံခြုံရေးပဲ မစိတ်ချရတာလား

ပြည်တွင်းဖုန်းဘီလူးကြီးရဲ့ လိမ်လည်လှည့်ဖျားမှုတွေ ပေါ်ပေါက်လာပြီလား

​တစ်နာရီမပြည့်မီသော အချိန်အတွင်းမှာပင် အင်တာနက်တစ်ခွင်လုံး၌ လုံထန်ကို နာမည်ဖျက်သည့် သတင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။ Penguin သတင်းဌာနမှလွဲ၍ ကျန်ရှိသော သတင်းမီဒီယာအားလုံးနီးပါးသည် ဤသတင်းအပေါ်၌သာ အာရုံစိုက်နေကြတော့သည်။ တစ်ခဏချင်းမှာပင် တစ်နိုင်ငံလုံးရှိ ပြည်သူများကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။

​လူတိုင်းက လုံထန်အပေါ် ဟက်ကာတိုက်ခိုက်မှုကို ဆွေးနွေးနေကြပြီး လူအတော်များများက လင်းဖန် ကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်လာကြသည်။

​"အမှိုက် လုံထန်၊ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဖျက်ဆီးပစ်တာပဲ"

"ပြည်တွင်းဖြစ်တွေက မကောင်းဘူးဆိုတာ ငါသိသားပဲ၊ ပစ္စည်းကောင်းရင် ဈေးမပေါဘူးကွ"

"လုံထန်ဘက်က ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပြီ၊ ဘာလို့ ဟက်ကာတွေ ဖောက်ထွင်းတာ ခံလိုက်ရတာလဲ ရသမျှ ပိုက်ဆံတွေ သူတို့ဌာနချုပ်က သူဌေးကြီးရဲ့ မယားငယ်တွေအတွက် သုံးနေလို့လား"

"..."

​လုံထန်ဌာနချုပ်တွင်မူ စီအီးအို ကျန်းဖန် သည် ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ သတင်းများကို ကြည့်ရင်း မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။ Warwick စီအီးအို ယွီချန်ရှီ ပြောခဲ့သကဲ့သို့ပင်.

.. "ဆူဖြိုးလွန်းတဲ့ သိုးငယ်လေးဟာ အမြဲတမ်း အသတ်ခံဖို့အတွက်ပဲ ကံပါလာတတ်တာမျိုး" ဖြစ်နေသည်။

​"စီနီယာကျန်း... စက်မှုလက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနက သတင်းရောက်လာတယ်၊ တစ်ယောက်ယောက်က ကျွန်တော်တို့ ကုမ္ပဏီကို အခွန်ရှောင်တယ်ဆိုပြီး တိုင်ကြားလိုက်တယ်တဲ့"

ထိုအချိန်တွင် လုံထန်၏ ဘဏ္ဍာရေးအရာရှိချုပ် မင်ကျန့်ရှင်းဝင်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

​"ဟားဟား... တကယ်ကို နည်းလမ်းပေါင်းစုံ သုံးပြီး ယုတ်မာနေကြတာပဲ"

ကျန်းဖန် ထိုစကားကို ကြားသောအခါ လှောင်ရယ် ရယ်မိတော့သည်။ အင်တာနက်ပေါ်တွင် နာမည်ဖျက်သူများ (Anti-fans) ရှိနေရုံတင်မကဘဲ အခုဆိုလျှင် လျှို့ဝှက်နည်းလမ်းတွေကိုပါ သုံးလာကြပြီ။ ဤအဖြစ်အပျက်များ၏ နောက်ကွယ်တွင် Longteng Group တစ်ခုခုဖြစ်သွားရန် အပူတပြင်း လိုလားနေသူများ ရှိနေသည်မှာ ထင်ရှားလှသည်။

​"စီနီယာကျန်း... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

မင်ကျန့်ရှင်းက မေးသည်။

​ယခုအချိန်တွင် Longteng Group ကိုယ်စား မည်သူမျှ ဆုံးဖြတ်ချက် မချရဲပေ။ ကျန်းဖန် သည် ခေတ္တမျှ စဉ်းစားပြီးနောက် သက်ပြင်းတစ်ချက်ချကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"နှင်းတွေ ဘယ်လောက်ပဲ ကျကျ၊ ထင်းရှူးပင်ကတော့ မားမားမတ်မတ် ရပ်နေမှာပဲ ထင်းရှူးပင်ရဲ့ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာကို သိချင်ရင် နှင်းတွေ အရည်ပျော်တဲ့အထိ စောင့်ကြည့်လိုက်ပါ"

​"ကျွန်တော် အရင်က ဥက္ကဋ္ဌကို မေးဖူးတယ်၊ သူပြောတာကတော့ တုံ့ပြန်သူတွေ အားလုံးဟာ စက္ကူကျားတွေပဲတဲ့"

​"ကျွန်တော် နားလည်ပါပြီ"

မင်ကျန့်ရှင်း မျက်လုံးများ ဝင်းလက်သွားကာ ခေါင်းငြိတ်ပြလိုက်သည်။

​ယခုအခါတွင် သတင်းမီဒီယာ လောကတစ်ခုလုံးက လုံထန်ကို ပစ်မှတ်ထားနေကြသည်။ Nirvana X ၏ အရည်အသွေးမှာ မည်မျှပင် ကောင်းမွန်နေပါစေ၊ ဤမုန်တိုင်းမှာ ယခင်ကထက် ပိုမိုပြင်းထန်လှသည်။ ဤပြဿနာကို အမြစ်ပြတ်ဖြေရှင်းရန်အတွက် သူတစ်ပါးထံ အကူအညီတောင်းနေမည့်အစား တည့်တည့်တိုး၍ ရင်ဆိုင်ကာ နောက်ကွယ်က မိစ္ဆာကောင်များကို ချေမှုန်းရန်သာ ရှိတော့သည်။

​ထိုနေ့ မွန်းလွဲ ၁ နာရီတွင် လုံထန်၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် (COO) ယွီလေ့ (Yu Lei) ကိုယ်တိုင် ရှေ့ထွက်လာပြီး လူသိရှင်ကြား ကြေညာခဲ့သည်။

"လုံထန်ကို မကြည်ဖြူတဲ့သူတွေ အများကြီး ရှိနေတယ်၊ ခင်ဗျားတို့က ဘယ်သူတွေလဲ"

​ချက်ချင်းပင် ဤစကားသည် အင်တာနက်တစ်ခွင်လုံးကို တုန်လှုပ်သွားစေပြီး ရေတွက်မရသော ပြည်သူများက ထောက်ခံအားပေးလာကြသည်။

​"မိုက်တယ်... အဲဒီလိုလူတွေကို ဒီလိုပဲ ပြန်နှိပ်ကွပ်ရမယ်"

"ဒီလို အမှိုက်ကောင်တွေက ငါတို့ရဲ့လုံထန်နဲ့ ယှဉ်ဖို့ မတန်ပါဘူး၊ ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ"

"ဟုတ်တယ်... သူတို့ရဲ့ ဘဝကို သူတို့ ပြန်သံသယဝင်သွားအောင်အထိ ပြင်းပြင်းထန်ထန် ဆဲပစ်လိုက်စမ်းပါ"

"Nirvana X ရဲ့ အရည်အသွေးက အစစ်အမှန်ပါ၊ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုဘူး"

"တချို့လူတွေက မနာလိုလို့ လုံထန်ကို တိုက်ခိုက်နေကြတာပဲ၊ ဘာလို့ သက်ဆိုင်ရာ ဌာနတွေက ထွက်ပြီး မကိုင်တွယ်ပေးကြတာလဲ"

​တရုတ်ပြည်သူ အများစုမှာလုံထန်ကို ထောက်ခံကြသည်။ ဤကဲ့သို့သော ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးတစ်ခု တရုတ်နိုင်ငံတွင် ပေါ်ထွန်းလာရန်မှာ မလွယ်ကူပေ။ အကယ်၍ တစ်စုံတစ်ယောက်၏ ယုတ်မာသော နည်းလမ်းငယ်များကြောင့် ပျက်စီးသွားမည်ဆိုပါက မည်သူမျှ လက်ခံနိုင်မည် မဟုတ်ပေ။

​တစ်ချိန်တည်းမှာပင် ကျန်းလင်မြို့၊ ကျန့်ခန်ဥယျာဉ်ရှိ ဗီလာအမှတ် (၁) ၌ ကျန်းဖန် ထံမှ ဖုန်းခေါ်ဆိုမှုကို ဖြေကြားပြီးသော လင်းဖန် သည် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် ရှိနေသည်။

​မူလက ဤဟက်ကာမှာ အမေရိကန်မှသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း တရုတ်နိုင်ငံအတွင်းမှ တစ်စုံတစ်ယောက်က ဆက်သွယ်ပေးခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ 'နေ့ရောညပါ ခုခံကာကွယ်နေရပေမဲ့ သစ္စာဖောက်ကိုတော့ ကာကွယ်ဖို့ ခက်ခဲလှသည်' ပေတည်း။

​ဟက်ကာများ ထိုးဖောက်ဝင်ရောက်ခြင်း၊ သတင်းမှားများဖြင့် တိုက်ခိုက်ခြင်း၊ အခွန်စစ်ဆေးရန် တိုင်ကြားခြင်း စသည့် အဆင့်ဆင့်သော လုပ်ရပ်များမှာ အလွန်စနစ်တကျ ချိတ်ဆက်နေသည်။ အကယ်၍ လုံထန်ဂရုသာ အရန်အစီအစဉ် ကြိုတင်ပြင်ဆင်မထားပါက ထိုလူမိုက်များ၏ အကြံမှာ ယခုတစ်ကြိမ် အောင်မြင်သွားနိုင်ပေသည်။

​"ရှုံ့တာ လုံထန်ကို နာမည်ဖျက်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်အားလုံးကို ရှာထုတ်စမ်း"

လင်းဖန် ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် အမိန့်ပေးလိုက်သည်။

​"ဟုတ်ကဲ့ပါ သူဌေး"

ချက်ချင်းဆိုသလိုပင် ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ချစ်စရာ ပန်ဒါလေး ပေါ်လာပြီး အချက်အလက်နှင့် ဖိုင်ပေါင်းများစွာ ပေါ်ထွက်လာကာ လူစာရင်းတစ်ခု ဖြစ်သွားသည်။

​Qingfeng Entertainment, Miyan Network, Tiansheng Technology စသည့် ကုမ္ပဏီပေါင်း ရာနှင့်ချီ ရှိနေသည်။

​ခဏအကြာတွင် ရှုံ့တာက ပြန်ပြောသည်။

- "သူဌေး... ဒီလူတွေကို နောက်ကွယ်ကနေ ဆက်သွယ်ပေးတာက Yangtze River Capital (ယန်ဇီမြစ် အရင်းအနှီးအဖွဲ့) ပါ"

​"Yangtze River Capital ကို ၁၉၈၉ ခုနှစ်မှာ အမေရိကန်မှာ တည်ထောင်ခဲ့ပြီး ဘဏ္ဍာရေး၊ အင်တာနက်နဲ့ အဆင့်မြင့်နည်းပညာ လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ လက်ရှိမှာ ကျန်းယန် (Jiang Yan) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်..."

​"ကျန်းယန်"

ထိုနာမည်ကို ရွတ်ဆိုရင်း လင်းဖန် ၏ မျက်နှာမှာ ပို၍ လေးနက်လာသည်။ သူမှတ်မိသလောက်ဆိုလျှင် ဤလူမှာ အလွန်ဩဇာအာဏာကြီးမားသော 'ဒုတိယမျိုးဆက်' တစ်ဦး ဖြစ်ပြီး သူ့အရှိန်အဝါမှာ သေးငယ်သည်မဟုတ်ပေ။

​ထိုအချက်အလက်များကို ဖတ်ပြီးနောက် လင်းဖန် သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ သက်ပြင်းတစ်ချက်ချပြီး အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"Yangtze Capital ရဲ့ အခြေအနေနဲ့ ကျန်းယန် နာမည်နဲ့ ရှိသမျှ ပိုင်ဆိုင်မှုအားလုံးကို စုံစမ်းစမ်း"

​"လက်ဆောင်ပေးလာရင် ပြန်ပေးရတာက ယဉ်ကျေးမှုပဲ တစ်စုံတစ်ယောက်က ငါ့ကို ဒီလောက်ကြီးမားတဲ့ လက်ဆောင်ကြီး ပေးလာမှတော့ ငါကလည်း သူ့ကို ထိုက်ထိုက်တန်တန် လက်ဆောင်ပြန်ပေးရမှာပေါ့"

​"သူဌေး... ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် Yangtze River Group ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အမြတ် ၁ ရာခိုင်နှုန်းတောင် မထွက်ခဲ့ပါဘူး"

​ထိုစကားကို ကြားသောအခါ လင်းဖန် ခေတ္တမျှ ငြိမ်ကျသွားသည်။ လောကတွင် အတ္တကြီးသူများမှာ ရေတွက်၍ မကုန်နိုင်ပေ။

​စားပွဲကို ခပ်ဖွဖွလေး ခေါက်လိုက်ပြီးနောက် လင်းဖန် က ဆက်လက် အမိန့်ပေးသည်။

- "ရှုံတာ... သူတို့ရဲ့ အခွန်ရှောင်မှုတွေနဲ့ ပြည်တွင်းပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်ထားတာတွေကို ကျန်းလင်မြို့ စက်မှုလက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနကို အမည်မဖော်ဘဲ သတင်းပို့လိုက်"

​ထိုဌာန၏ မျက်စိထဲတွင် မည်မျှပင် ကြီးမားသော ကုမ္ပဏီဖြစ်ပါစေ ပုရွက်ဆိတ်မျှသာ ဖြစ်သည်။ သူတို့ အလေးအနက်ထားဆုံးအရာမှာ အခွန်ဆောင်ခြင်းပင် ဖြစ်သည်။ သူတို့၏ ပိုက်ဆံကို တစ်စုံတစ်ယောက်က ထိပါက မည်သူ့ကိုမဆို ပြန်လည်တိုက်ခိုက်ရဲကြသည်။ အခုတော့ တစ်ဖက်လူ သုံးခဲ့သည့် နည်းလမ်းအတိုင်းပင် ထိုသူ့ကို ပြန်လည် တုံ့ပြန်လိုက်ခြင်းပင် ဖြစ်သည်။

​"ဒါနဲ့... ကုမ္ပဏီရဲ့ အဓိက အချက်အလက်တွေကို သေချာ ဂရုစိုက်ထားပါ လုံးဝ လျော့ရဲလို့ မဖြစ်ဘူး"

လင်းဖန် က အလွန်ပြတ်သားသော လေသံဖြင့် မှာကြားလိုက်သည်။ ဤရင်ဆိုင်မှုတွင် သူ အလွန်အမင်း မျှော်လင့်ချက် ထားထားပုံရသည်။

​ရှုံ့တာ ခေါင်းငြိတ်ပြကာ ကွန်ပျူတာမျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွားသည်။

​ရှုပ်ထွေးနေသော ကိစ္စရပ်များကို ယခုမှ ကိုင်တွယ်ပြီးသွားသဖြင့် လင်းဖန် သည် စားပွဲပေါ်မှ စာရွက်စာတမ်းတစ်ခုကို ဖြည်းညှင်းစွာ ထုတ်ယူကာ ဆက်လက်ဖတ်ရှုနေတော့သည်။

'အလျင်လိုလျှင် အမှားပါတတ်သည်'၊ ဆီလီကွန်ပုံဆောင်ခဲ ဘက်ထရီ (Silicon Crystal Battery) ဖော်ထုတ်မှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းကို ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သူသည် ထိုအထဲတွင်သာ နစ်မနေတော့ဘဲ စက်ဝိုင်းအပြင်ဘက်သို့ ခဏတာ ထွက်ကာ အေးဆေးစွာ စောင့်ဆိုင်းနေတော့သည်။

............................................................

အပိုင်း ၁၇၄

ကျင်းလင်မြို့ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနသည် Yangtze River Group နှင့် ပတ်သက်သော ခိုင်လုံသည့် အချက်အလက်များကို ရရှိပြီးနောက်တွင် နောက်ကွယ်မှ ကြိုးကိုင်သူကို ချက်ချင်းပင် ဖမ်းဆီးလိုက်ပြီး Yangtze River Group တစ်ခုလုံးကိုလည်း ပိတ်ပစ်လိုက်သည်။

​ကျင်းလင်မြို့ အစိုးရအတွက်မူ လုံထန်သည် သူတို့မြို့ တိုးတက်ထွန်းကားလာစေမည့် အရေးကြီးသော အခွင့်အလမ်းသစ်ပင် ဖြစ်သည်။ လုံထန်ကို ရန်ပြုသူသည် ကျင်းလင်မြို့ရှိ လူဦးရေ ၈.၂၇ သန်းကို ရန်ပြုသည်နှင့် အတူတူပင်ဖြစ်ရာ လုံးဝ သည်းခံလိမ့်မည်မဟုတ်ပေ။

​သို့သော် ကောလာဟလများမှာ ထိုမျှနှင့် ရပ်တန့်မသွားခဲ့ပေ။ အင်တာနက်ပေါ်တွင် ဆွေးနွေးမှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး တစ်ရက်အတွင်းမှာပင် တရုတ်နိုင်ငံရှိ အဓိက လူမှုကွန်ရက် ပလက်ဖောင်းအားလုံးမှာ လုံထန်ကို နာမည်ဖျက်သည့် ပို့စ်များဖြင့် ပြည့်နှက်သွားခဲ့သည်။ လူတို့၏ အပြောအဆိုမှာ ကြောက်စရာကောင်းလှပေသည်။ မူလက လုံထန်ကို ထောက်ခံခဲ့သူများပင် ဤမျှများပြားသော ပို့စ်များကို တွေ့ရသောအခါ ယုံကြည်ချက်များ တုန်လှုပ်လာခဲ့ကြသည်။

​"တောက်... ဒါက တကယ့်ကို ပျားအုံကို တုတ်နဲ့ ထိုးလိုက်သလိုပဲ ဒီအတိုင်းသာ ဆက်သွားရင် လုံထန်ဂရုတော့ ဟက်ကာတွေ လက်ချက်နဲ့ ပြာကျသွားတော့မှာပဲ"

"ဟုတ်တယ်၊ ဒီကောင်တွေက အသုံးပြုသူတွေနဲ့ မတူဘူး ဒါက လုံထန့ကို အပိုင်းပိုင်း အစစဖြစ်အောင် ဖဲ့စားဖို့ ဓားသွေးနေတဲ့ သားသတ်သမားတွေနဲ့ ပိုတူနေတယ်"

"ကြားတာတော့ တစ်ယောက်ယောက်က လုံထန်ဆီက အကျိုးအမြတ်ကို လုချင်လို့တဲ့၊ လုံထန်က ငြင်းလိုက်တော့ ဒေါသထွက်ပြီး အာဏာပိုင်တွေနဲ့ ပေါင်းပြီး ခြိမ်းခြောက်နေတာလို့ ပြောကြတယ်"

"အပေါ်က ပြောတာ ဟုတ်နိုင်တယ် ရှေးကတည်းက စည်းစိမ်ဥစ္စာဆိုတာ လူကို ဒုက္ခပေးတတ်တာပဲ ရော့ကဖဲလား (Rockefeller) ရဲ့ လက်အောက်ခံ Mobil ကုမ္ပဏီတောင် ခွဲထုတ်ခံရတဲ့ ဘဝက မလွတ်ခဲ့ဘူး အခု လုံထန်က စမတ်ဖုန်းအကူစနစ်နဲ့ ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်ထားတာဆိုတော့ ဘယ်သူက မနာလိုမဖြစ်ဘဲ နေမလဲ"

"ရန်သူ့အလောင်းကို နင်းပြီး တက်လှမ်းမလား၊ ဒါမှမဟုတ် ရန်သူ့ခြေဖဝါးအောက်မှာ အလောင်းဖြစ်ပြီး ပျက်စီးသွားမလားဆိုတာ... လုံထန်အတွက်တော့ တကယ့်ကို ခက်ခဲတဲ့ အခြေအနေပဲ"

"..."

​အင်တာနက်ခေတ်တွင် အရာအားလုံးမှာ ပွင့်လင်းမြင်သာမှု ရှိလှသည်။ လူတိုင်းက ကောလာဟလနောက်သို့ လိုက်မနေကြဘဲ အချို့မှာ နောက်ကွယ်မှ ပူးပေါင်းကြံစည်မှုများကို ရိပ်မိကြသည်။ ထို့ကြောင့်ပင် သတင်းများမှာ ပိုမိုပြင်းထန်လာပြီး နာမည်ဖျက်သူများ၊ အားပေးသူများနှင့် ကြားနေသူများကြားတွင် တုန်လှုပ်ချောက်ချားဖွယ် စစ်ပွဲတစ်ခု စတင်ခဲ့တော့သည်။

​လုံထန်သည် အခြားကုမ္ပဏီများနှင့် မတူပေ။ ၎င်းသည် ပြည်တွင်းစက်မှုလောက၏ ဘီလူးကြီးသစ် ဖြစ်ရုံသာမက ကမ္ဘာ့သိပ္ပံနှင့် နည်းပညာလောက၏ ကြယ်ပွင့်သစ်လည်း ဖြစ်သည်။ 'ပန်ကူး-စမတ်ဖုန်းအကူစနစ် တစ်ခုတည်းကို ကြည့်ရုံဖြင့် လုံထန်၏ AI သုတေသနမှာ ကမ္ဘာပေါ်ရှိ ကုမ္ပဏီအားလုံးကို ကျော်လွန်နေပြီဖြစ်ကြောင်း သိနိုင်သည်။ အနာဂတ်နည်းပညာကို စိုးမိုးမည့် လမ်းခရီးတွင် မည်သူက အကျိုးအမြတ် မခွဲဝေလိုဘဲ နေမည်နည်း။

​မျက်စိတစ်မှိတ်အတွင်း ၃ ရက်တာ အချိန်မှာ ကုန်ဆုံးသွားခဲ့သည်။

လုံထန်ဂရုသည် မုန်တိုင်းအတွင်းမှ လွတ်မြောက်မလာသည့်အပြင်၊ ယခုအခါတွင် ကောလာဟလပေါင်းစုံ ဝိုင်းရံထားသော မုန်တိုင်းဗဟိုချက်မ ဖြစ်နေတော့သည်။

ကျင်းလင်မြို့အစွန်ရှိ လုံထန်ဌာနချုပ် အပြင်ဘက်တွင် သတင်းထောက် ရာနှင့်ချီ၍ နေ့စဉ် ချောင်းမြောင်းနေကြသလို၊ ဆိုရှယ်မီဒီယာ သမားများနှင့် နာမည်ကျော် Internet Celebrity များကလည်း စောင့်ကြည့်နေကြသည်။

​သို့သော် လုံထန်ကမူ တုန်လှုပ်ခြင်းမရှိဘဲ အရာအားလုံးကို ပုံမှန်အတိုင်း လည်ပတ်နေခဲ့သည်။ အဓိက ဇာတ်လိုက်ဖြစ်သော လင်းဖန် သည်လည်း အလောတကြီး ဖြစ်မနေဘဲ သုတေသနစင်တာနှင့် ဌာနချုပ် အဆောက်အအုံကြားတွင် အေးအေးလူလူ လမ်းလျှောက်နေတတ်သည်။ တစ်ခါတစ်ရံ ရှုခင်းကြည့်လိုက်၊ တစ်ခါတစ်ရံ လက်ဖက်ရည် သောက်လိုက်ဖြင့် ရှိနေသည်။

​ကုမ္ပဏီ၏ နေ့စဉ်ကိစ္စအရပ်ရပ်ကို စီအီးအို ကျန်းဖန်၊ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် ယွီလေ့၊ ဘဏ္ဍာရေးအရာရှိချုပ် မင်ကျန့်ရှင်း တို့က ကိုင်တွယ်ဖြေရှင်းနေသဖြင့် သူ ဘာမှ လုပ်စရာမလိုဘဲ အေးအေးဆေးဆေး နေနိုင်ခြင်းပင်။ ဆာဗာပိုင်းတွင်လည်း ရှုံ့တာ၏ ထိန်းချုပ်မှုအောက်တွင် ကိုယ်ပိုင်ခုခံရေးစနစ်က ၂၄ နာရီပတ်လုံး အွန်လိုင်းပေါ်တွင် ရှိနေသည်။ ဟက်ကာတစ်ယောက် တိုက်ခိုက်လာတိုင်း သက်ဆိုင်ရာ အစိုးရဌာနတစ်ခုခုက သတင်းချက်ချင်း ရရှိပေလိမ့်မည်။

မိနစ်ပိုင်းအတွင်းမှာပင် ဟက်ကာ၏ ပြစ်မှုဆိုင်ရာ အချက်အလက်အားလုံး ထိုနိုင်ငံ၏ အစိုးရဌာနများထံ ရောက်ရှိသွားတော့သည်။

​၃ ရက်အတွင်းမှာပင် ကမ္ဘာ့အဆင့်မီ ဟက်ကာ ဒါဇင်ပေါင်းများစွာသည် လုံထန်၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းခဲ့ရသည်။ နိုင်ငံအဆင့် ဟက်ကာများပင် မလွတ်ခဲ့ပေ။

ကမ္ဘာတစ်ဝန်းရှိ ဟက်ကာအားလုံးနီးပါးသည် လုံထန်၏ သတင်းကို ကြားသည်နှင့် လက်တွန့်သွားကြတော့သည်။

​"သူဌေး... တစ်ယောက်ယောက်က အဖွဲ့ရဲ့ ဘဏ္ဍာရေးဌာန ဗဟိုဆာဗာထဲကို ဝင်ဖို့ ကြိုးစားနေတယ်။ တားဆီးလိုက်ရမလား"

​လုံထန်ဥက္ကဋ္ဌရုံးခန်းအတွင်း လင်းဖန် သည် 'ထျယ်ကွမ်းရင်' လက်ဖက်ရည်ကို တစ်ငုံသောက်ကာစ ရှိသေးချိန်တွင် ရှုံ့တာ၏ ကလေးသံလေး ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများ ချက်ချင်း ကျုံ့သွားကာ မျက်နှာမှာလည်း ရုတ်ချည်း ပြောင်းလဲသွားသည်။

​သူမှတ်မိသလောက်ဆိုလျှင် ယနေ့သည် အခွန်စစ်ဆေးသည့်နေ့ ဖြစ်သည်။ အခု ဘဏ္ဍာရေးဌာန ဗဟိုဆာဗာထဲကို တစ်ယောက်ယောက်က ဝင်ဖို့ ကြိုးစားနေတယ်ဆိုတော့ သူ ဘာလုပ်ချင်တာလဲ? စာရင်းဇယားတွေကို တရားမဝင် ပြင်ဆင်တာလား၊ ဒါမှမဟုတ် အခွန်ဆောင်ထားတဲ့ မှတ်တမ်းတွေကို တမင်ဖျက်ဆီးချင်တာလား? ဘာပဲလုပ်လုပ် ဒါဟာ လက်ရှိ လုံထန်အတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေမှာ အမှန်ပင်။

​"ကျန်းဖန် ဘဏ္ဍာရေးဌာနကို အမြန်ဆုံး သွားပြီး ပိတ်ဆို့ထားလိုက်"

ဝေခွဲမနေတော့ဘဲ လင်းဖန် သည် ကျန်းဖန် ဆီသို့ တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။

​"ဟုတ်ကဲ့ပါ"

ပုံမှန်ကိစ္စများကို ကိုင်တွယ်နေသော ကျန်းဖန် သည် ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားပြီး လုံခြုံရေးဌာနကို ချက်ချင်း အမိန့်ပေးကာ ဘဏ္ဍာရေးဌာန တစ်ခုလုံးကို ထိန်းချုပ်လိုက်တော့သည်။

​နာရီဝက်ခန့်အကြာတွင် လင်းဖန် သည် လုံထန်အဆောက်အအုံ ၂၃ ထပ်ရှိ ဘဏ္ဍာရေးဌာနသို့ ရောက်ရှိလာချိန်တွင် လူအုပ်ကြီးမှာ အပြင်ဘက်တွင် ဝိုင်းအုံနေကြသည်။

​"သူဌေး"

ဝန်ထမ်းများမှာ သူ့ကိုမြင်သည်နှင့် အမြန်နှုတ်ဆက်ကြပြီး ဥက္ကဋ္ဌ ဒေါသထွက်နေမည်ကို စိုးရိမ်ကာ မျက်နှာများမှာ လေးနက်နေကြသည်။

​လင်းဖန် သည် လုံခြုံရေးများ ခြံရံလျက် အတွင်းသို့ ဝင်သွားရာ သန်မာသော လူအချို့က အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်ကို တွေ့ရသည်။ ဘေးတွင် ကျန်းဖန် က မျက်နှာပျက်ပျက်ဖြင့် ရပ်နေသည်။

​"ကျုပ်ကိုပြော... ဘာဖြစ်တာလဲ"

​"သူဌေးဆီက... ဖုန်းရပြီးတာနဲ့ ကျွန်တော် ချက်ချင်းပဲ ဘဏ္ဍာရေးဗဟိုဌာနကို ပိတ်ဆို့လိုက်ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတယ်"

ဟု စီအီးအို ကျန်းဖန် က မျက်နှာညိုးငယ်စွာဖြင့် အစီရင်ခံသည်။

​"ဒီလူက ဘယ်သူလဲ"

ကျန်းဖန် ကို တစ်ချက်ကြည့်ပြီးနောက် လင်းဖန် က အေးဆေးစွာ မေးလိုက်သည်။ ဤကဲ့သို့ တည်ငြိမ်နေသော အမူအရာက လူတိုင်းကို ပို၍ စိုးရိမ်စေသည်။ အဘယ်ကြောင့်ဆိုသော် ဥက္ကဋ္ဌသည် တည်ငြိမ်နေလေလေ၊ သူ ပို၍ ဒေါသထွက်နေလေလေ ဖြစ်ကြောင်း သူတို့ သိထားကြသောကြောင့် ဖြစ်သည်။

​"သူဌေး... တောင်းပန်ပါတယ်၊ ကျွန်တော် လူကို သေချာ မစိစစ်မိခဲ့ဘူး။ ဒီလူက ဘဏ္ဍာရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဝမ်ရှီး ပါ"

လူအုပ်နောက်ကွယ်မှ လုံထန်၏ ဘဏ္ဍာရေးအရာရှိချုပ် မင်ကျန့်ရှင်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။

​ကုမ္ပဏီမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် သူတာဝန်ယူထားသော ဘဏ္ဍာရေးဌာန၌ ဤမျှကြီးမားသော အမှားမျိုး ဖြစ်ပေါ်ခဲ့သဖြင့် သူ မည်သို့မှ ရှောင်လွှဲ၍ မရနိုင်ပေ။

​မင်ကျန့်ရှင်းကို တစ်ချက်ကြည့်ကာ လင်းဖန် က လက်ကာပြရင်း တည်ငြိမ်စွာ ပြောလိုက်သည် ။

"ခင်ဗျားရဲ့ လစာ ၃ လစာ ဖြတ်မယ် အဲဒီလူကိုတော့ ရဲစခန်းကို တိုက်ရိုက် လွှဲပြောင်းပေးလိုက်"

​"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ"

မင်ကျန့်ရှင်း မျက်လုံးများထဲတွင် ဝမ်းသာရိပ် တစ်ချက်သန်းသွားပြီး ရိုသေစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

​သို့သော် အဖမ်းခံထားရသော ဘဏ္ဍာရေး ဒုတိယညွှန်ကြားရေးမှူး ဝမ်ရှီးမှာမူ မတူပေ။ ထိုစကားကို ကြားသောအခါ သူသည် အကျယ်အလောင် ငိုကြွေးတော့သည်။

- "ဥက္ကဋ္ဌ... ကျွန်တော့်ကို လွှတ်ပေးပါ၊ ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး၊ မလုပ်ရဲတော့ပါဘူး..."

​"ဆွဲထုတ်သွားလိုက်"

သို့သော် လင်းဖန် က သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ပေ။ သူ လက်ကာပြလိုက်သည်နှင့် လုံခြုံရေး ဝန်ထမ်းအချို့က ထိုလူကို အမြန်ပင် ဆွဲခေါ်သွားတော့သည်။

​စီးပွားရေးဆိုင်ရာ ပြစ်မှုသတ်မှတ်ချက်များအရ ဤလူသည် ကုမ္ပဏီ၏ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများကို အန္တရာယ်ပြုခြင်းနှင့် အခွန်ကောက်ခံမှု ယန္တရားကို နှောင့်ယှက်ခြင်း စသည့် ပြစ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ အနှစ်သာရအားဖြင့် စီးပွားရေးသူလျှို (Commercial Espionage) တစ်ဦးနှင့် တူညီလှသည်။ သူသည် ဆယ်စုနှစ်နှင့်ချီ၍ ပြန်လည်လွတ်မြောက်လာရန် မလွယ်ကူပေ။

​ကျန်းဖန် နှင့် မင်ကျန့်ရှင်း အပါအဝင် လူတိုင်းသည် ဝမ်ရှီး အဆွဲခံသွားရသည်ကို ကြည့်နေကြသော်လည်း မည်သူမျှ သနားညှာတာရန် မတောင်းဆိုခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ဝမ်ရှီး၏ အကြံသာ ယနေ့ အောင်မြင်သွားခဲ့ပါက ဤနေရာရှိ လူအားလုံး အလုပ်ပြုတ်မည့်အရေးနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ထိုအကျိုးဆက်ကို မည်သူမျှ မခံစားလိုကြသောကြောင့် ဖြစ်ပေသည်။

...........................................................

All Chapters