အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အပိုင်း ၁၇၅
"ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေချင်ဘူး လုံထန်က မင်းတို့လိုချင်တာအားလုံးကို ပေးနိုင်သလို၊ အရာအားလုံးကိုလည်း ပြန်ရုပ်သိမ်းနိုင်တယ်ဆိုတာ မှတ်ထားကြ။"
ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း လင်းဖန် က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ ဤစကားများသည် သာမန်ဟု ထင်ရသော်လည်း နားထောင်နေသူတိုင်း၏ ရင်ထဲတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်သွားခဲ့သည်။
"ကဲ... အားလုံးပဲ စိတ်အေးအေးထားပြီး အလုပ်ပြန်လုပ်ကြတော့ ကျန်းဖန်... လာ သွားကြစို့"
ပြောပြောဆိုဆိုဖြင့် လင်းဖန် သည် တွေဝေမနေဘဲ ဓာတ်လှေကားထဲသို့ ဝင်ကာ အပေါ်ဆုံးထပ်ရှိ ဥက္ကဋ္ဌရုံးခန်းသို့ ပြန်တက်သွားခဲ့သည်။ ဘေးတွင် လိုက်ပါလာသော စီအီးအို ကျန်းဖန် ၏ မျက်နှာမှာမူ မိုးတိမ်များ ဖုံးလွှမ်းနေသကဲ့သို့ ညိုမှောင်နေတော့သည်။
"ဘာလုပ်နေကြတာလဲ အားလုံး အလုပ်ပြန်လုပ်ကြတော့လေ"
လင်းဖန် ထွက်သွားသည်ကို ကြည့်ပြီးနောက် မင်ကျန့်ရှင်းက ဘေးပတ်ဝန်းကျင်ရှိ ဘဏ္ဍာရေးဝန်ထမ်းများကို အော်ဟစ်လိုက်သည်။
ခဏချင်းမှာပင် လူအုပ်ကြီးမှာ ငှက်ကလေးများ ပျံတက်သွားသကဲ့သို့ လူစုကွဲသွားပြီး မိမိတို့ အလုပ်ခွင်သို့ အသီးသီး ပြန်သွားကြတော့သည်။
"သူဌေး... ဒီနေ့ကိစ္စအတွက် ကျွန်တော့်မှာ အဓိက တာဝန်ရှိပါတယ် ကျွန်တော် သေချာ မကြပ်မတ်နိုင်ခဲ့လို့သာ မဟုတ်ရင်..."
ကျန်းဖန် စကားမဆုံးမီမှာပင် လင်းဖန် က ကြားဖြတ်ပြောလိုက်သည်။
- "မင်းမှာ တာဝန်ရှိတာ မှန်ပေမဲ့ အပြစ်အားလုံးက မင်းအပေါ်မှာပဲ ရှိတာ မဟုတ်ဘူး။"
"ငါ လုံခြုံရေးဌာနကို အမိန့်ပေးထားပြီးပြီ။ ကုမ္ပဏီတစ်ခုလုံးကို အထူးသဖြင့် သုတေသနစင်တာကို သေချာ သန့်စင်စစ်ဆေးရမယ်။ ဒီနေ့လို အခြေအနေမျိုး နောက်တစ်ခါ လုံးဝ မဖြစ်စေရဘူး။"
"မင်းအနေနဲ့လည်း မင်းရဲ့ နေရာကို အမြန်ပြန်သွားပြီး လိုအပ်တဲ့ စီမံချက်တွေ ဆွဲပါ။ ဒါ့အပြင် အမိန့်တစ်ခု ထုတ်လိုက်... ဒီလမှာ ဝန်ထမ်းအားလုံးကို လစာ နှစ်ဆ ပေးမယ်။"
လက်ရှိ အခြေအနေကို ထိန်းချုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ ငွေကြေးဖြင့် လူတို့၏ စိတ်ကို ငြိမ်သက်စေခြင်းပင် ဖြစ်သည်။
အကျိုးအမြတ် ရှိနေသရွေ့ မည်သူမျှ လုံထန်ကို စွန့်ခွာပြီး အခြားကုမ္ပဏီသို့ သွားကြမည် မဟုတ်ပေ။
"ဟုတ်ကဲ့ပါ"
ကျန်းဖန် ခေါင်းငြိတ်ကာ လိုအပ်သည်များ စီစဉ်ရန် အမြန်ဆင်းသွားတော့သည်။
လုံထန်ဂရုအတွင်း သန့်စင်မှုများ ပြုလုပ်နေစဉ်မှာပင် ရဲတပ်ဖွဲ့ဝင်များ စက်မှုဇုန်သို့ ရောက်ရှိလာပြီး လုံခြုံရေးဌာနမှ ဝမ်ရှီးကို လာရောက်ခေါ်ဆောင်သွားခဲ့သည်။ ပြည်မကြီးတွင် စီးပွားရေးဆိုင်ရာ ပြစ်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးပြီး တရားစီရင်ရေးဌာနသို့ လွှဲပြောင်းပေးရသည်။
ဤမြင်ကွင်းကို အပြင်ဘက်တွင် စောင့်ဆိုင်းနေသော သတင်းထောက်များ၊ ဆိုရှယ်မီဒီယာ သမားများနှင့် Internet Celebrity များက ဓာတ်ပုံရိုက်ယူနိုင်ခဲ့ကြရာ အင်တာနက်ပေါ်တွင် သတင်းအသစ်များ ချက်ချင်း ပြန့်နှံ့သွားတော့သည်။
ပြည်တွင်း ဘီလူးကြီးကုမ္ပဏီ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိ
လုံထန်ဥက္ကဋ္ဌ အမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရ
သူသည် နည်းပညာလောက၏ ကြယ်ပွင့်လား ဒါမှမဟုတ် အရှက်မရှိတဲ့ သူခိုးလား
တစ်မွန်းလွဲခင်းလုံး အင်တာနက်စာမျက်နှာများပေါ်တွင် ဓာတ်ပုံများနှင့် ဆောင်းပါးပေါင်းစုံ ပြည့်နှက်နေပြီး အားလုံးမှာလုံထန်ကို ပုတ်ခတ် စွန့်ဦးကာ ခန့်မှန်းရေးသားထားကြခြင်း ဖြစ်သည်။ လုံထန်ကို ပစ်မှတ်ထားသော မီဒီယာများမှာလည်း ဤသတင်းကို မြင်သောအခါ မီးလောင်ရာ လေပင့်သည့်အလား ပို၍ စိတ်လှုပ်ရှားလာကြသည်။ 'မုန်တိုင်းမလာမီ လေငြိမ်နေခြင်း' သာ ဖြစ်ပေတော့မည်။
အမှန်စင်စစ် ကျင်းလင်မြို့ ပြည်သူ့လုံခြုံရေးဗျူရိုက ဤမှားယွင်းသော ခန့်မှန်းချက်များကို ရှင်းလင်းပေးလိုသော်လည်း လင်းဖန် ကိုယ်တိုင် မြူနီစီပယ် ပါတီကော်မတီသို့ ဖုန်းဆက်ကာ လောလောဆယ် လျစ်လျူရှုထားရန် တောင်းဆိုခဲ့သည်။
၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့သည် ကလေးများနေ့အဖြစ် ပျော်ရွှင်စရာနေ့ ဖြစ်သင့်သော်လည်း တစ်နိုင်ငံလုံးမှာ လုံထန်၏ အဖြစ်အပျက်ကြောင့်သာ အာရုံစိုက်နေကြသည်။
"သူဌေး... ကျွန်တော်တို့ တကယ်ပဲ ထွက်ပြီး မရှင်းလင်းရဘူးလား နေရာအနှံ့က အရောင်းစင်တာတွေမှာ အရောင်းသွက်မှု သိသိသာသာ ကျဆင်းနေတယ် ဒီအတိုင်း ဆက်သွားရင် ကိုင်တွယ်ရ ခက်သွားနိုင်တယ်"
ဟု စီအီးအို ကျန်းဖန် က မျက်နှာပျက်ပျက်ဖြင့် ပြောသည်။
"ကုန်ကြမ်းတွေအတွက်တောင် ကုမ္ပဏီတော်တော်များများက ငွေအပြည့် ကြိုပေးဖို့ တောင်းဆိုနေကြတယ်၊ မဟုတ်ရင် ပစ္စည်းမပို့ဘူးတဲ့"
ဤသတင်းဆိုးများက လုံထန်၏ ဂုဏ်သိက္ခာကို ချောက်ထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်နေသည်။ ကုမ္ပဏီအများစုက Longteng ဒုက္ခရောက်နေပြီး ပြန်ထလာနိုင်တော့မည် မဟုတ်ဟု ထင်နေကြသည်။
"ဟဟ ဒီလူတွေက တကယ်ကို အခွင့်အရေးသမားတွေပဲ"
ထိုစကားကို ကြားသောအခါ လင်းဖန် သည် လက်ထဲရှိ ကျောက်စိမ်းလက်စွပ်ကို ပွတ်သပ်ရင်း မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ညွှန်ကြားချက်ကို ဆက်လက် အကောင်အထည်ဖော်ပါ ကျွန်တော်တို့ အဖွဲ့ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်တဲ့ မည်သည့်ကုမ္ပဏီနဲ့မဆို အဆက်အသွယ် ဖြတ်တောက်လိုက်၊ နောင်လည်း ဘယ်တော့မှ ပတ်သက်မှာ မဟုတ်ဘူး။ ကုန်ကြမ်းပေးသွင်းတဲ့ သူတွေနဲ့ရော စာချုပ် မချုပ်ထားဘူးလား"
"ကုန်ကြမ်းမပို့နိုင်ဘူးဆိုရင် သူတို့ကို တရားရုံးမှာပဲ တွေ့မယ်လို့ ပြောလိုက်။"
"ဒါကတော့..."
ကျန်းဖန် အနည်းငယ် အားမလိုအားမရ ဖြစ်သော်လည်း ခေါင်းငြိတ်ကာ "ဟုတ်ကဲ့ပါ!" ဟု ပြန်ဖြေလိုက်သည်။
"ကုမ္ပဏီရဲ့ အရှုပ်အထွေးတွေကိုတော့ အခု အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ။"
AI နည်းပညာသည် အနာဂတ်နှင့် သက်ဆိုင်သည်။ ဤနယ်ပယ်မှ ရရှိမည့် အကျိုးအမြတ်မှာ ဖုန်း သို့မဟုတ် စမတ်စနစ်များထက် များစွာ ကြီးမားလှသဖြင့် လူများစွာက ဝင်ရောက်လုယက်ချင်နေကြသည်။ အကျိုးစီးပွားရှေ့မှောက်တွင် အရင်းရှင်ဝါဒီများမှာ လောဘကြီးသော ခွေးရူးများကဲ့သို့ပင်။
အသားစားရမည်ဆိုလျှင် မည်သည့် ယုတ်မာသော နည်းလမ်းကိုမဆို သုံးရန် မတွန့်ဆုတ်ကြပေ။ ထိုသူအားလုံးကို ငြိမ်ဝပ်သွားစေရန်အတွက် လုံထန်အနေဖြင့် ပြင်းထန်သော အရှိန်အဝါကို သုံးရန်သာ ရှိတော့သည်။
ထိုနေ့ နံနက် ၁၀ နာရီတွင် လုံထန်ဂရုသည် ဌာနချုပ် အဆောက်အအုံ၌ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ သတင်းထောက်များနှင့် လူအုပ်ကြီးမှာ ပြည့်နှက်နေတော့သည်။ ပြည်တွင်း မီဒီယာများသာမက ပြည်ပမီဒီယာများပါ ဤအခွင့်အရေးကို လက်မလွတ်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဟက်ကာတိုက်ခိုက်ခံရပြီးနောက်ပိုင်း လုံထန်ဂရုက လူသိရှင်ကြား ပထမဆုံးအကြိမ် ရင်ဆိုင်ဖြေရှင်းခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
"မီဒီယာလောကက မိတ်ဆွေများအားလုံး မင်္ဂလာပါ!"
ထိုအခိုက်အတန့်တွင် ကင်မရာအားလုံးမှာ စင်ပေါ်ရှိ ခန့်ညားထည်ဝါသော လူလတ်ပိုင်း အမျိုးသားတစ်ဦးထံသို့ အာရုံစိုက်သွားကြသည်။ သူကား လုံထန်ဂရု၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် (COO) ယွီလဲ့ ပင် ဖြစ်သည်။
အောက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူအုပ်ကြီးမှာ ချက်ချင်း ငြိမ်ကျသွားပြီး လူအတော်များများက ဖုန်းများနှင့် မှတ်စုစာအုပ်များကို ထုတ်ကာ နောက်ထပ် ထွက်ပေါ်လာမည့် သတင်းကြီးကို မှတ်တမ်းတင်ရန် ပြင်ဆင်လိုက်ကြသည်။
"မေလ ၂၅ ရက်နေ့ကစပြီး ကျွန်တော်တို့ အဖွဲ့အပေါ် နာမည်ဖျက်တဲ့ သတင်းဆိုးတွေ အင်တာနက်ပေါ်မှာ အမြောက်အမြား ထွက်ပေါ်ခဲ့ပါတယ် လူအချို့က ကျွန်တော်တို့ ထုတ်ကုန်တွေရဲ့ အရည်အသွေးကိုတောင် ဗြောင်ကျကျ စော်ကားခဲ့ကြတယ်"
"ဒီနေရာမှာ ကျွန်တော်က လုံထန်ရဲ့စီမံခန့်ခွဲမှု ကော်မတီကိုယ်စား မီဒီယာအားလုံးကို ပြောချင်တာကတော့... မဟုတ်မမှန် သတင်းတွေ ဖြန့်ဝေပြီး လုပ်ကြံဖန်တီးသူ မည်သူ့ကိုမဆို ကျွန်တော်တို့အဖွဲ့က အလွတ်ပေးမှာ မဟုတ်ပါဘူး။"
စကားဆုံးသည်နှင့် တစ်ခွင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ လုံထန်၏ သဘောထားမှာ အစကတည်းက ဤမျှ ပြင်းထန်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ၎င်းမှာ ရှင်းလင်းချက် ပေးရန်ထက် စစ်ကြေညာရန် လာခြင်းနှင့် ပိုတူနေသည်။
ထိုအချိန်တွင် လူအုပ်ကြားမှ ဖိနပ်သံများ စည်းချက်ကျကျ ထွက်ပေါ်လာပြီး လူ ၃၀ ကျော်ခန့်ရှိသော အဖွဲ့တစ်ဖွဲ့ စင်ပေါ်သို့ တက်လာခဲ့သည်။
"အခု ကျွန်တော် သူတို့နဲ့ မိတ်ဆက်ပေးပါရစေ"
ယွီလဲ့က လူတိုင်းကို စိုက်ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
- "ကျွန်တော့်ဘေးမှာ ရပ်နေကြတဲ့သူတွေကတော့ ကမ္ဘာကျော် Cravath, Swaine & Moore၊ Wachtell, Lipton, Rosen & Katz၊ Sullivan & Cromwell စတဲ့ ဥပဒေလုပ်ငန်းအဖွဲ့တွေက ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်"
"ဒါ့အပြင် Latham & Watkins, Davis Polk & Wardwell, Simpson Thacher, Kirkland & Ellis စတဲ့ အဖွဲ့တွေနဲ့..."
"ပြည်တွင်းက King & Wood Mallesons, Dacheng, Zhong Lun, Yingke စတဲ့ ထိပ်တန်း ဥပဒေအကျိုးဆောင် လုပ်ငန်းပေါင်းများစွာက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။"
လုံထန်ဂရုသည် တစ်ကမ္ဘာလုံးနှင့် တစ်နိုင်ငံလုံးရှိ ထိပ်တန်း ရှေ့နေအဖွဲ့အစည်းများကို စုစည်းကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။ ဤမြင်ကွင်းက ရှေ့တွင်ရှိနေသော မီဒီယာများနှင့် လူအပေါင်းကို အသက်ရှူမှားလောက်အောင် တုန်လှုပ်သွားစေခဲ့တော့သည်။
............................................................
အပိုင်း ၁၇၆
ရင်းနှီးပြီးသား နာမည်များရော၊ စိမ်းသက်နေသော နာမည်များကိုပါ ကြားလိုက်ရချိန်တွင် အခမ်းအနားသို့ ရောက်ရှိနေသည့် ထောင်နှင့်ချီသော သတင်းထောက်များ၊ အလွတ်တန်း မီဒီယာသမားများနှင့် အင်တာနက် နာမည်ကျော်များသည် သူတို့၏ ဖုန်းများကို အသီးသီး ထုတ်လိုက်ကြတော့သည်။
လုံထမ်၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် (COO) ယွီလဲ့၏ နှုတ်မှ ထွက်ပေါ်လာသော အမည်နာမတိုင်းကို လူတိုင်းက စူးစမ်းရှာဖွေကြည့်ကြသည်။ သို့သော် နောက်ဆုံးရလဒ်က လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။
ပထမဆုံးအမည် ၁၀ ခုမှာ ကမ္ဘာ့အကောင်းဆုံး ရှေ့နေလုပ်ငန်း (Law Firm) ၁၀ ခု ဖြစ်ပြီး၊ နောက်ထပ် အမည် ၁၀ ခုမှာ တရုတ်နိုင်ငံ၏ အကောင်းဆုံး ရှေ့နေလုပ်ငန်း ၁၀ ခု ဖြစ်နေသောကြောင့်ပင်။
"မစ္စတာယွီ... ခင်ဗျားတို့ ကုမ္ပဏီက ဒီလောက်များပြားတဲ့ ရှေ့နေအဖွဲ့တွေကို ဘာလို့ ခေါ်ယူထားတာလဲ အကြီးအကျယ် တရားရင်ဆိုင်ဖို့ ရှိနေလို့လား"
သတင်းထောက်တစ်ဦးက မနေနိုင်ဘဲ လှမ်းမေးလိုက်သည်။
တစ်ခဏချင်းမှာပင် လူတိုင်း၏ အကြည့်မှာ ယွီလေ့ထံသို့ စုပြုံသွားပြီး ကင်မရာများ၊ ဖုန်းများနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ကိရိယာအားလုံးမှာ သူ့ထံသို့ ဦးတည်သွားတော့သည်။
"ဟုတ်ပါတယ်၊ ကျွန်တော် ရှင်းရှင်းလင်းလင်းပဲ ပြောပါ့မယ် ကျွန်တော်တို့အဖွဲ့ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ မတရားမှုတွေကို ဖြေရှင်းဖို့အတွက် ဒီဥပဒေရေးရာ အဖွဲ့တွေကို ငှားရမ်းဖို့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အသုံးပြုခဲ့ပါတယ်"
"ဘာတွေဖြစ်ခဲ့သလဲဆိုတာတော့ ဒီမှာရှိနေတဲ့သူတိုင်း ကောင်းကောင်းသိကြမှာပါ တစ်ပတ်ကြာ တိုက်ခိုက်ခဲ့တဲ့ သတင်းမှားတွေဟာ ကျွန်တော်တို့ အဖွဲ့အပေါ် တန်ဖိုးဖြတ်လို့မရတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့တယ်"
လူတိုင်း၏ အကြည့်ကို ရင်ဆိုင်ရင်း ယွီလဲ့၏ မျက်နှာမှာ တည်ငြိမ်လွန်းလှသဖြင့် မည်သည့်အရိပ်အယောင်ကိုမျှ ရှာမတွေ့နိုင်ပေ။ သို့သော် သတင်းထောက်များမှာမူ ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။ ဒေါ်လာ သန်း ၅၀၀ ဆိုသည်မှာ တရုတ်ယွမ်ငွေဖြင့်ဆိုလျှင် ဘီလူးကြီး ၃ ဘီလီယံ (သန်း ၃၀၀၀) ခန့် ရှိသည်။
ဤမျှ ကောင်းကင်အထိ မြင့်မားလှသော ကုန်ကျစရိတ်ကို အမှုငယ်လေးတွေအတွက်ပဲ သုံးတာ ဟုတ်ရဲ့လား။
အင်တာနက်ပေါ်တွင် နာမည်ဖျက်သူများ (Black Fans) ဤမျှအင်အားကောင်းနေခြင်းမှာ နောက်ကွယ်မှ ကြိုးကိုင်သူများစွာ ရှိနေသောကြောင့် ဖြစ်သည်ကို လူတိုင်းသိသည်။ အခု Longteng ဘက်က ပြန်လည် တုံ့ပြန်နိုင်ပြီဆိုတော့ သူတို့ကို အလွယ်တကူ လွှတ်ပေးပါ့ဦးမလား..။
"မစ္စတာယွီ... ခင်ဗျားတို့ ကုမ္ပဏီက အဲဒီ နာမည်ဖျက်သူတွေကို တရားစွဲမှာလား"
သတင်းထောက်တစ်ဦးက ရုတ်တရက် မေးလိုက်သည်။
"မှန်ပါတယ်"
ယွီလဲ့က ခေါင်းငြိတ်ပြပြီး အေးဆေးစွာ ပြောသည်။
- "အင်တာနက်ဟာ ဥပဒေပြင်ပက နေရာတစ်ခု မဟုတ်ပါဘူး တစ်ခုခုလုပ်ခဲ့တဲ့သူတိုင်း ခြေရာလက်ရာမပျက်ဘဲ ပျောက်ကွယ်သွားလို့ မရဘူး ကျွန်တော်တို့အဖွဲ့ဟာ မဟုတ်မမှန် သတင်းဖြန့်သူတွေကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ပါဘူး။"
"ဒါ့အပြင် နောက်ကွယ်က ကြိုးကိုင်သူတွေလည်း ဘေးကင်းမှာ မဟုတ်ဘူး ကုမ္ပဏီက ငှားရမ်းထားတဲ့ ရှေ့နေလုပ်ငန်း ၂၀ ဟာ အင်တာနက်ပေါ်မှာ တရားမဝင် စကားလုံးတွေ ဖြန့်ဝေပြီး ကျွန်တော်တို့ အဖွဲ့ရဲ့ အကျိုးစီးပွားကို ထိပါးနှောင့်ယှက်နေတဲ့ မီဒီယာတွေအတွက် အထူးဥပဒေကြောင်းအရ သတိပေးစာ (Legal Letters) တွေကို ရေးသားပြီးပါပြီ။"
တစ်ခဏချင်းမှာပင် လူအတော်များများမှာ အံ့အားသင့်ကာ အသက်ရှူမှားသွားကြသည်။
Tianyu Media, Xuanye Live, Pingjing Culture အစရှိသော ကုမ္ပဏီပေါင်း ရာနှင့်ချီ၍ ဤစာရင်းထဲတွင် ပါဝင်နေသည်။
"ဒါ့အပြင် ကျွန်တော်တို့ အဖွဲ့ဟာ အခြားကုမ္ပဏီတွေရဲ့ သုတေသနရလဒ်တွေကို ခိုးယူထားတယ်ဆိုတဲ့ သတင်းမှားတွေ ပြန့်နေတာနဲ့ ပတ်သက်လို့ လုံထန်ကိုယ်စား တရားဝင် ငြင်းဆိုပါတယ်။"
ယွီလဲ့၏ မျက်နှာမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်မြဲ တည်ငြိမ်နေသည်။
- "ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင်... ကမ္ဘာပေါ်မှာ ကျွန်တော်တို့ ခိုးယူဖို့ ဒါမှမဟုတ် အတုယူဖို့ ထိုက်တန်တဲ့ ကုမ္ပဏီဆိုတာ တစ်ခုမှ မရှိပါဘူး။"
"ဒါပေမဲ့ တချို့သော အခွင့်အရေးသမားတွေကတော့ ဇွဲကောင်းကောင်းနဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ ကာကွယ်ရေးစနစ်ကို ထိုးဖောက်ပြီး အချက်အလက်တွေ ခိုးယူဖို့ ကြိုးစားနေကြတုန်းပဲ။ အဖွဲ့ စတင်တည်ထောင်ချိန်ကစပြီး အခုထိ ဆာဗာဟာ ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၃,၂၄၁ ကြိမ်အထိ ခံခဲ့ရပါတယ်။"
"ဒါပေမဲ့ သူတို့ အောင်မြင်ခဲ့သလား ကျွန်တော့်ရဲ့ လုံထန်ရှေ့မှာတော့ တုံ့ပြန်သူအားလုံးဟာ စက္ကူကျားတွေပါပဲ။"
သတင်းစာရှင်းလင်းပွဲမှာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သည်။ ယွီလဲ့သည် ယခင်ကကဲ့သို့ သတင်းထောက်များ၏ မေးခွန်းများကို အချိန်ယူ ဖြေကြားခြင်း မရှိဘဲ ဇာတ်လိုက်တစ်ဦး၏ အရှိန်အဝါဖြင့် မီဒီယာများနှင့် ပြိုင်ဘက်များကို စစ်ကြေညာကာ ထွက်ခွာသွားခဲ့သည်။ စင်ပေါ်ရှိ ကမ္ဘာကျော်နှင့် ပြည်တွင်း ထိပ်တန်း ရှေ့နေလုပ်ငန်း ၂၀ မှ ကိုယ်စားလှယ်များကို ကြည့်ပြီး လူတိုင်း မျက်နှာပျက်နေကြတော့သည်။
အချို့ဆိုလျှင် နောက်ကွယ်မှ ကြိုးကိုင်သူများထဲတွင် ပါဝင်နေသဖြင့် တစ်ကိုယ်လုံး တုန်ရင်နေကြသည်။ ထိုနေ့ နံနက်အစောပိုင်းမှာပင် လုံထန်ဂရုသည် နိုင်ငံတစ်ဝန်းရှိ မီဒီယာများ၊ ကုမ္ပဏီများနှင့် အလွတ်တန်းသမား ရာပေါင်းများစွာထံသို့ ရှေ့နေစာများ ပေးပို့ခဲ့သလို တရားရုံးတွင်လည်း အမှုဖွင့်လိုက်ပြီ ဖြစ်သည်။
ညှိနှိုင်းရန် နေရာမရှိဘဲ ဥပဒေကြောင်းအရ တိုက်ရိုက် ရင်ဆိုင်ခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ ပြတ်သားသော နည်းလမ်းမှာ တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးကိုပါ တုန်လှုပ်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အမေရိက၊ ဥရောပ၊ ဂျပန်နှင့် ကိုရီးယားရှိ ကုမ္ပဏီအချို့ပါ ရှေ့နေစာများ လက်ခံရရှိခဲ့သောကြောင့် ဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံး ရှေ့နေလုပ်ငန်း ၁၀ ခုဆိုသည်မှာ အပျော်ငှားထားခြင်း မဟုတ်ပေ။ ဒေါ်လာ သန်း ၅၀၀ နှင့် အလဲအလှယ်လုပ်ကာ Longteng သည် ကမ္ဘာတစ်ဝန်းရှိ တရားရုံးများတွင် အမှုပေါင်း ရာနှင့်ချီ၍ တစ်ပြိုင်နက် ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။
မမျှော်လင့်ထားသောအချက်မှာ ပြည်တွင်းရှိ ကျန်းလင်၊ ရှန်ချန်၊ ရှုတု၊ ချင်ချန် နှင့် ယန်ကျင်း မြို့ကြီး ၅ မြို့က လုံထန်၏ တရားစွဲဆိုမှုကို ချက်ချင်း လက်ခံခဲ့ခြင်းပင်။ ၂ ရက်အတွင်းမှာပင် လုံထန်သည် အမှုပေါင်း ၃၀ ကျော်ကို အနိုင်ရရှိခဲ့သည်။ မီဒီယာကုမ္ပဏီ ၃၀ ကျော်သည် လုံထန်အား နာမည်ဖျက်မှုအတွက် လျော်ကြေး ယွမ်တစ်ဘီလီယံကျော် ပေးလျော်ခဲ့ရသည်။ အချို့မှာမူ မဟုတ်မမှန် သတင်းဖြန့်မှု၊ ဂုဏ်သိက္ခာ ညိုးနွမ်းစေမှုတို့ဖြင့် ထောင်ဒဏ်များပါ ချမှတ်ခံခဲ့ရသည်။
ဤတိုက်ပွဲတွင် လုံထန်ပြသလိုက်သော တိုက်ခိုက်ရေးစွမ်းရည်မှာ မီဒီယာလောကတစ်ခုလုံးကို ခြောက်ခြားသွားစေခဲ့သည်။ 'ငွေရှိလျှင် အရာရာ ဖြစ်နိုင်သည်' ဆိုသည်မှာ အမှန်ပင်။
ရက်ပိုင်းအတွင်းမှာပင် အင်တာနက်ပေါ်ရှိ လေထုမှာ ပြောင်းလဲသွားပြီး နာမည်ဖျက်သတင်းများအားလုံး ပျောက်ကွယ်သွားကာ ပုံမှန်ဆွေးနွေးမှုများသာ ကျန်ရှိတော့သည်။
"သူဌေး... အတွင်းရေးမှူး ချန် ရောက်နေပါတယ် သူနဲ့အတူ လူအချို့လည်း ပါလာပြီးတွေ့ချင်လို့တဲ့။"
မွန်းလွဲ ၂ နာရီတွင် လင်းဖန် သည် ဓာတ်ခွဲခန်း၌ ဆီလီကွန်ပုံဆောင်ခဲ၏ သန့်စင်မှုကို နောက်ဆုံးအဆင့် အဆင့်မြှင့်တင်နေစဉ် စီအီးအိုထံမှ ဖုန်းဝင်လာသည်။
"သိပြီ... သူတို့ကို အစည်းအဝေးခန်းမှာ အရင် လက်ဖက်ရည် တိုက်ထားလိုက်ပါ ငါ ခဏနေရင် လာခဲ့မယ်။"
လင်းဖန် ဖုန်းချလိုက်ပြီး အချက်အလက်များကို ဆက်လက် စောင့်ကြည့်နေသည်။ ပြီးခဲ့သည့်အကြိမ် ဆီလီကွန်ပုံဆောင်ခဲ ပေါင်းစပ်အောင်မြင်ပြီးကတည်းက ၁၀ ရက်ကျော်အတွင်း စမ်းသပ်မှုပေါင်း ရာနှင့်ချီ လုပ်ခဲ့သော်လည်း အားလုံးနီးပါး ကျရှုံးခဲ့သည်။ သို့သော် အတွေ့အကြုံများလာသည်နှင့်အမျှ သန့်စင်မှုမှာ လိုချင်သော အမှတ်သို့ နီးကပ်လာသဖြင့် သူ အထူးအလေးထားနေခြင်း ဖြစ်သည်။
"ရှုံ့တာ... အခု ဒေတာတွေက ဘယ်လိုရှိလဲ"
"သူဌေး... ဖိအားက 1318.25KPa ရောက်နေပြီး အပူချိန်က 1421K ပါ"
"အင်း"
စက်ရပ်သွားသည်နှင့် လင်းဖန် သည် ဆီလီကွန်ပုံဆောင်ခဲများကို တစ်ခုပြီးတစ်ခု ဂရုတစိုက် ထုတ်ယူကာ သန့်စင်မှုကို စစ်ဆေးလိုက်သည်။ ၁၀ မိနစ်ခန့်အကြာတွင် အခု ၃၀ လုံးကို စစ်ဆေးပြီးသော်လည်း တစ်ခုမျှ စံနှုန်းမမီခဲ့ပေ။
"ဟူး..."
လင်းဖန် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူသည် ဓာတ်ခွဲခန်းမှ ထွက်ကာ အဝတ်အစားလဲပြီး ဌာနချုပ် အဆောက်အအုံသို့ မောင်းထွက်ခဲ့တော့သည်။ စမ်းသပ်ချက် အချက်အလက်များကိုမူ ရှုံ.တာက အသေးစိတ် မှတ်တမ်းတင်ထားပြီး ဖြစ်ပေသည်။
........................................................