← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 8 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 8 Ch. 111-112

အခန်း (၁၁၁) - အဆင့်ကျော်ဖြတ်ခြင်း

ချင်မင် တိုက်ပွဲအပြီး ပင်ပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွားပြီး အားဆေးတစ်ခွက် သောက်လိုက်ရသကဲ့သို့ အားနည်းနေသော စိတ်ဝိညာဉ်ခွန်အားများ ချက်ချင်း မြင့်တက်လာကာ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရှိနေပြီး သွေးများ စွန်းထင်းနေသော်လည်း သူ ပြန်လည် လန်းဆန်းလာကြောင်း သိသာနေသည်။

"ကောင်းတဲ့ နေရာပဲ"

သူ ချီးမွမ်းလိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း သိပ်မနာတော့သလို ခံစားရသည်။

သူတို့နှစ်ဦး အနောက်ရှိ ကျောက်တံခါးကြီး တဖြည်းဖြည်း ပိတ်သွားသော်လည်း တောင်နှင့် မြစ် ဝိညာဉ် အသိုက် အတွင်းတွင် မှောင်မိုက်မနေဘဲ မြေကြီးကြောများမှ ဝိညာဉ်အလင်းရောင်များ ထွက်ပေါ်နေသည်။

ဝိညာဉ်အသိုက် အတွင်းတွင် ကျောက်စားပွဲ၊ ကြေးမီးအိမ် တို့ ရှိသော်လည်း တစ်ခုလုံးက သဘာဝအတိုင်း ဖြစ်တည်နေခြင်း ဖြစ်သည်။

ရေကန်တစ်ခုက ရှေ့တွင် ရှိနေပြီး အတွင်းတွင် ဝိညာဉ်အလင်းရောင် နှစ်မျိုး ရစ်ပတ်နေကာ ငါးနှစ်ကောင် အချင်းချင်း လိုက်တမ်းပြေးတမ်း ဆော့ကစားနေသကဲ့သို့ ဖြစ်နေသည်။

တောင်နှင့် မြစ် ဝိညာဉ် အသိုက် အတွင်းရှိ အက်ကွဲကြောင်း တစ်ခုမှ ထွက်ပေါ်လာသော ရောင်စုံမြူခိုးများက သစ်ပင်ကြီး တစ်ပင်အလား ဖြစ်နေပြီး တောက်ပသော အလင်းရောင်များ ကျဆင်းလာကာ သစ်ရွက်များ ကြွေကျလာသကဲ့သို့ နေရာအနှံ့သို့ ကျဆင်းနေသည်။

ဝိညာဉ်အသိုက်မှာ စတုရန်းပေ တစ်ရာပင် မပြည့်ဘဲ ကျောက်နံရံပေါ်တွင် ထူးဆန်းသော ပုံစံအချို့ ရှိကာ သေချာကြည့်ပါက သဘာဝ တိမ်တိုက်ပုံစံများ ဖြစ်နေပြီး အချို့မှာ စာလုံးများနှင့်ပင် အတော်လေး တူနေသည်။

လီချင်းယွဲ့က ပြောလိုက်၏။

"သဘာဝပုံစံ တွေကနေ ဖြစ်လာတဲ့ စာလုံးတွေကို နတ်လမ်းစဉ်ကျင့်ကြံသူတွေ အကူးယူရတာ အကြိုက်ဆုံးပဲ အဲဒီထဲကနေ အံ့သြဖွယ် ခွန်အားတချို့ကို နားလည် သဘောပေါက်နိုင်တယ်"

သူမ အရင်ကလောက် အားနည်းမနေတော့ဘဲ အခြေအနေ တိုးတက်လာကာ မျက်လုံးများတွင် အလင်းရောင်များ ပြန်လည် ထွက်ပေါ်လာပြီး ပျက်စီးနေသော ငွေရောင် ချပ်ဝတ်တန်ဆာက နှင်းအလား ဖြူဝင်းနေသော အသားအရေကို ပိုမို ပေါ်လွင်စေကာ ထူးခြားသော အလှတရား တစ်မျိုး ဖြစ်ပေါ်နေသည်။

"မင်း ပြန်ကောင်းလာနိုင်တယ်မလား"

ချင်မင် စိုးရိမ်တကြီး မေးလိုက်သည်။

"ပြဿနာ မရှိပါဘူး နောက်ထပ် တစ်ဆင့်တောင် တက်သွားနိုင်သေးတယ်"

လီချင်းယွဲ့ ခေါင်းညိတ်လိုက်ပြီး သူမ၏ စိတ်ဝိညာဉ် အလင်းတန်းများ ပြန်လည် တောက်ပလာကာ ဝိညာဉ်ဗိမာန် ထဲတွင်လည်း အသက်ဝင်လာသည်။

"ဒါဆိုလည်း ကောင်းတာပေါ့"

ချင်မင် စိတ်အေးသွားသည်။

ထို့နောက် သူက မေးလိုက်၏။

"ငါ့ရဲ့ စိတ်ဝိညာဉ်ခွန်အားတွေ ပိုပိုပြီး ပြည့်ဝလာတယ် အားဆေးတွေ ဆက်တိုက် သောက်နေရသလိုပဲ အဲဒါ ဘာအခြေအနေလဲ"

လီချင်းယွဲ့ ပြုံးလျက် ပြောလိုက်၏။

"ဒီနေရာမှာ ထူးခြားတဲ့ အရာ တစ်ခု ဒါမှမဟုတ် ထူးဆန်းတဲ့ စွမ်းအား တစ်ခု ရှိတယ် အဲဒါက လူရဲ့ စိတ်ဝိညာဉ်စက်ကွင်းကို လှုံ့ဆော်ပေးတယ် စိတ်ချပါ ဝိညာဉ်အသိုက်ရဲ့ အစွန်းပိုင်း နေရာက ငါတို့ကို မထိခိုက်စေပါဘူး အန္တရာယ် မရှိဘူး ငါတို့အတွက်တော့ ကောင်းတဲ့ဘက်ကိုပဲ ပြောင်းလဲသွားစေမှာ"

နတ်လမ်းစဉ်ကျင့်ကြံသူများ၏ ပထမဆုံး အဆင့်မှာ နှလုံးသားသန့်စင်ခြင်း ဖြစ်ပြီး စိတ်ဝိညာဉ် အလင်းတန်းကို ဖွင့်လှစ်ရမည် ဖြစ်ကာ စိတ်ဝိညာဉ်စက်ကွင်းနှင့် သက်ဆိုင်ပြီး ထိုအရာက သူတို့၏ အခြေခံပင် ဖြစ်သည်။

နတ်လမ်းစဉ်ကျင့်ကြံသူ ဂိုဏ်းများက ဝိညာဉ်အသိုက်ကို အလေးထားရခြင်းမှာ အဓိကအားဖြင့် အဆိုပါ နယ်ပယ်များနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

ချင်မင် အံ့အားသင့်သွားပြီး ပြောလိုက်၏။

"ဒီနေရာက အစွန်းပိုင်း နေရာပဲ ရှိသေးတာလား"

လီချင်းယွဲ့ ခေါင်းညိတ်ကာ ပြောလိုက်၏။

"အင်း မင်း အရင် ကျင့်သားရအောင် လုပ်ကြည့်လိုက် ပြဿနာ မရှိရင် ငါနဲ့အတူ ဗဟိုနေရာကို ဝင်ကြည့်လို့ ရတယ်"

သူမ ယခုအခါ ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် တောင်နှင့် မြစ် ဝိညာဉ် အသိုက်၏ အတွင်းပိုင်းသို့ ချက်ချင်း မဝင်ရဲဘဲ ထိုနေရာတွင် အခြေအနေကို အရင် ပြန်လည် ကောင်းမွန်အောင် လုပ်ရန် လိုအပ်သည်။

ချင်မင် ခေါင်းညိတ်လိုက်သည်။ လက်ရှိနေရာတွင်ပင် အားဆေး သောက်ထားရသကဲ့သို့ ဖြစ်နေရာ ဝိညာဉ်အသိုက်၏ ဗဟိုနေရာသို့ ဝင်ရောက်သွားပါက မည်သို့ ဖြစ်လာမည်နည်း။ သူ အတော်လေး မျှော်လင့်နေမိသည်။

သူ ကျောက်ဂူ အတွင်း သေချာ ကြည့်ရှုလိုက်ရာ အံ့အားသင့်သွားရသည်။ အချို့ ကျောက်နံရံများပေါ်တွင် သဘာဝ နတ်ပြည်တက်သည့် ပုံများ ရှိနေပြီး အလွန်တရာ ကြီးကျယ်ခမ်းနားလှသည်။

သူ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်၏။

"သာမန်လူတွေ ကြားက ဒဏ္ဍာရီတွေက အဲဒီလို သဘာဝပုံစံတွေကို မြင်ပြီးမှ ဖြစ်လာတာများလား မသိဘူး"

လီချင်းယွဲ့က ပြောလိုက်၏။

"နတ်လမ်းစဉ်ကျင့်ကြံသူတွေက နတ်ဘုရားနဲ့ နီးစပ်ဖို့ပဲ ပြောကြတာ နတ်ပြည်တက်ဖို့ လုံးဝ မကြိုးစားကြဘူး နောက်ဆုံး ပန်းတိုင်က အမှန်တရားကို ရှာဖွေဖို့ပဲ"

"အဓိပ္ပာယ် အများကြီး ရှိတာပဲ"

ချင်မင် ခဏမျှ တွေးတောလိုက်သည်။

နယ်မြေသစ် ရှာဖွေရေး ကာလတွင် အဖွဲ့အသီးသီးက ညနှင်းမြူ ကမ္ဘာ၏ အတွင်းပိုင်း၌ တွေ့ရှိခဲ့သော စိတ်ကူး၍ပင် မရနိုင်သည့် အစွမ်းထက် သတ္တဝါများကိုလည်း ဒဏ္ဍာရီလာ သတ္တဝါ၊ နတ်ဘုရားနှင့် တူသော သတ္တဝါ စသည်ဖြင့်သာ ခေါ်ဆိုကြသည်။

လီချင်းယွဲ့လည်း ကိစ္စအချို့ကို သတိရသွားပုံရပြီး ပြောလိုက်၏။

"ငါတို့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားရမယ် အခု လူဦးရေက ပိုပိုများလာပြီ အဆင့်မြင့် မီးစမ်းရေတွေက မလုံလောက်တော့ဘူး ဧရာမ မြို့တော်ကြီးတွေ တိုးချဲ့ဖို့ လိုလာတဲ့အခါ ညနှင်းမြူ ကမ္ဘာရဲ့ အတွင်းပိုင်းကို သွားပြီး နယ်မြေသစ် ရှာဖွေရတော့မှာပဲ ကြီးမားတဲ့ နယ်မြေသစ် ဖွင့်လှစ်တဲ့ ခေတ်ကာလမှာ အဆုံးအစမရှိတဲ့ အခွင့်အရေးတွေ ရှိသလို အန္တရာယ် မျိုးစုံလည်း ရှိနေတယ်"

"အင်း"

ချင်မင် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သူ မန်ရှင်းဟိုင် ပြောပြဖူးသည်ကို ကြားဖူးထားရာ အနာဂတ်သည် ဂုဏ်ကျက်သရေ၊ သွေး၊ တောက်ပမှု၊ ဝမ်းနည်းဖွယ် သီချင်းများနှင့် ပြည့်နှက်နေသော ခေတ်ကြီး တစ်ခု ဖြစ်လာနိုင်ပြီး မသေချာ မရေရာမှုများ အပြည့် ရှိနေသည်။

ချင်မင်သည် ပိုးသားစာအုပ် ကျင့်စဉ်ကို လည်ပတ်ကာ ဒဏ်ရာများကို ကုသလိုက်ရာ ဝိညာဉ်အသိုက် အတွင်းရှိ ထူးဆန်းသော အရာများ၏ အားဖြည့်ပေးမှုကြောင့် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာပြီး စိတ်ဝိညာဉ်ခွန်အား သုံးပါးလုံး အလွန် ပြည့်ဝလာသည်။

လီချင်းယွဲ့က ပြောလိုက်၏။

"ကြည့်ရတာ မင်း ဒီနေရာနဲ့ အတော်လေး ကျင့်သားရနေပြီ ဝိညာဉ်အသိုက်ရဲ့ ဗဟိုနေရာကို ငါနဲ့ လိုက်ဝင်ကြည့်ရအောင် နာကျင်တယ် လို့ ခံစားရရင် ချက်ချင်း ပြောနော် ငါ မင်းကို ချက်ချင်း ပြန်ပို့ပေးမယ်"

ယခုအခါ သူမ လန်းဆန်းနေပြီး ဖြူရော်နေသော မျက်နှာမှာ ကြည်လင် တောက်ပလာကာ တစ်ကိုယ်လုံး လောကီအညစ်အကြေးများနှင့် ကင်းစင်နေပြီး ပျက်စီးနေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် နတ်မိမယ် တစ်ပါးအလား ဖြစ်နေသည်။

"ပြဿနာ သိပ်မရှိလောက်ဘူး ထင်တယ်"

ချင်မင်က ပြောလိုက်သည်။

လီချင်းယွဲ့ ပြုံးလိုက်သော်လည်း မည်သည့်စကားမျှ မဆိုတော့ဘဲ ဝိညာဉ်ဗိမာန်ထဲမှ ထွက်ပေါ်လာသော နတ်အလင်းရောင်များဖြင့် မြေပြင်ပေါ်ရှိ အက္ခရာများ အပြည့် ရေးထွင်းထားသော ကျောက်ပြား တစ်ချပ်ကို ရိုက်ခတ်လိုက်သည်။

နတ်မြူခိုးများ ပြန့်နှံ့လာပြီး ဝိညာဉ်အလင်းရောင်များ ယှက်နွယ်သွားကာ ထိုနေရာ ချက်ချင်း ပွင့်သွားပြီး ဒုတိယ အလွှာ နေရာ ထွက်ပေါ်လာလေရာ အဆိုပါနေရာမှာ တောင်နှင့် မြစ် ဝိညာဉ် အသိုက်၏ ဗဟိုနေရာ ဖြစ်ပြီး အစောပိုင်းက ဖုံးကွယ်ထားခြင်း ခံရသည်။

လီချင်းယွဲ့ ပေါ့ပါးစွာဖြင့် အောက်သို့ ဆင်းသက်သွားပြီး မြေပြင်ပေါ် ရပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ပျက်စီးနေသော ငွေရောင် ချပ်ဝတ်တန်ဆာမှ သတ္တုသံများ ထွက်ပေါ်လာပြီး သူမနှင့်အတူ တုန်ခါနေသည်။

သူမသည် လျှို့ဝှက်နည်းလမ်းဖြင့် ဒဏ်ရာများကို ကုသလိုက်ပြီး ခန္ဓာကိုယ်နှင့် စိတ်ကို အပြည့်အဝ အနားပေးလိုက်သည်။

အောက်ဘက်ရှိ ကျောက်ဂူထဲတွင် လေဟာနယ် အတွင်း အလင်းစက်များ အများအပြား ပြန့်ကျဲနေသည်ကို ချင်မင် တွေ့လိုက်ရသည်။

သူ တောင်နှင့် မြစ် ဝိညာဉ် အသိုက်၏ ဒုတိယ အလွှာ ဗဟိုနေရာသို့ ဆင်းသက်လိုက်သည်နှင့် တစ်ခဏအတွင်း ခေါင်းမူးသွားပြီး ခြေလှမ်းများ ယိမ်းယိုင်သွားကာ ထိုနေရာတွင်ပင် လဲကျသွားလုနီးပါး ဖြစ်သွားသည်။

ယခုတစ်ကြိမ်တွင် လီချင်းယွဲ့က သူ့ကို တွဲဖက်ပေးရမည့် အလှည့် ဖြစ်သွားပြီး စိုးရိမ်တကြီး မေးလိုက်၏။

"အရမ်း နေရခက်နေလား ငါ မင်းကို အပြင်ပို့ပေးမယ်နော်"

ဝိညာဉ်အသိုက်၏ ပထမ အလွှာတွင်လည်း အကျိုးကျေးဇူး အများအပြား ရရှိနိုင်ကြောင်း သူမက ချင်မင်ကို နှစ်သိမ့်ပေးလိုက်သည်။

ချင်မင် ခေါင်းခါကာ ပြောလိုက်၏။

"အစတုန်းက အရက်မူးသွားသလို ခံစားရတယ် အခုတော့ နည်းနည်းလေးပဲ မူးတော့တယ် ခန္ဓာကိုယ်နဲ့ စိတ်က လုံးဝ အနားရသွားပြီး ငါ့ရဲ့ အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းနေတယ်"

ထိုစကားမှာ အမှန်ပင် ဖြစ်ပြီး သူ အဆိုပါ နေရာနှင့် အတော်လေး ကျင့်သားရနေသည်။

လီချင်းယွဲ့က သူ့ကို တွဲပေးထားရင်း ပြောလိုက်၏။

"အတင်း မခံနဲ့နော် ခေါင်းကိုက်လာရင် ငါ့ကို ချက်ချင်း ပြောရမယ် သို့မဟုတ်ရင် တကယ် ပြဿနာ တက်လိမ့်မယ်"

တောင်နှင့် မြစ် ဝိညာဉ် အသိုက်က စိတ်ဝိညာဉ်စက်ကွင်းကို လှုံ့ဆော်ပေးနိုင်ပြီး စိတ်ဝိညာဉ် အလင်းတန်းကို မြှင့်တင်ပေးနိုင်သော်လည်း နတ်လမ်းစဉ်ကျင့်ကြံသူ မဟုတ်ဘဲ ထိုလမ်းစဉ်ကို မလျှောက်လှမ်းပါက အဆိုပါနေရာရှိ အံ့သြဖွယ် စွမ်းအင်များကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

"တကယ် ဘာမှမဖြစ်ပါဘူး"

ချင်မင် ပြောပြီးနောက် ထိုနေရာတွင် သိုင်းကွက်များ လေ့ကျင့်လိုက်ပြီး ရွှေပိုးကောင် ကျင့်စဉ်၊ လီဟူ စွမ်းအား တို့ကို အသုံးပြုလိုက်သည်။

သူ၏ တစ်ကိုယ်လုံး ပေါ့ပါးနေပြီး ရေပူစမ်းထဲတွင် စိမ်ထားရသကဲ့သို့ အလွန်တရာ သက်တောင့်သက်သာ ရှိနေကာ အထူးသဖြင့် ဦးခေါင်းတွင် ပူနွေးသော ရေစီးကြောင်း တစ်ခု လှုပ်ရှားနေသဖြင့် ဇိမ်ကျလွန်း၍ ညည်းတွားသံလေးပင် ထွက်လာလုနီးပါး ဖြစ်နေသည်။

"မင်း... အချိန်တွေ နှောင့်နှေးသွားခဲ့တာ ဖြစ်မယ် မင်းလည်း နတ်လမ်းစဉ်ကျင့်ကြံသူတွေရဲ့ လမ်းစဉ်ကို လျှောက်လို့ ရနိုင်တယ်"

လီချင်းယွဲ့က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။

အဆိုပါ မိတ်ဆွေဟောင်းသည် ဘဝသစ်ရရှိခြင်း လမ်းစဉ်တွင် အလွန် လျင်မြန်စွာ တိုးတက်နေပြီး ဘဝသစ်ရရှိခြင်း ငါးကြိမ်နှင့်ပင် ရောင်ဝါထုတ်လွှတ်ခြင်း အဆင့်ရှိသူကို သတ်ဖြတ်နိုင်ကာ ယခုအခါ သူမ၏ လမ်းစဉ်ကိုလည်း လျှောက်လှမ်းနိုင်ချေ ရှိရာ အလွန်တရာ ရှားပါးလှပေသည်။

လီချင်းယွဲ့က ပြောလိုက်၏။

"ချွေ မိသားစုက ချွေချုံဟယ်ကို ကာကွယ်ဖို့ မင်းရဲ့ ပါရမီက သာမန်ထက် ထူးကဲတယ်လို့ ပြောခဲ့တာ အခု ကြည့်ရတာ မမှားပါဘူး"

ချင်မင်သည် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခံရပြီး သူ သင်ယူသင့်သော အရာများကို လုံးဝ မထိတွေ့ခဲ့ရသဖြင့် သူမ အလွန် နှမြောမိသည်။

"ဘာမှ မဖြစ်ပါဘူး ဒီဘက်မှာ ပါရမီ ပါလာတယ် ဆိုရင် အခုမှ လမ်းစဉ် စလျှောက်လည်း နောက်မကျသေးဘူး"

ချင်မင်က ပြောလိုက်သည်။ ယခုအချိန်တွင် နောင်တရနေ၍လည်း အသုံးမဝင်တော့ဘဲ အချိန်များကို နောက်ကြောင်း ပြန်လှည့်၍ မရနိုင်တော့ချေ။

ထို့နောက် သူသည် ထိုနေရာတွင် ပိုးသားစာအုပ်ပေါ်ရှိ ကျင့်စဉ်ကို လေ့ကျင့်လိုက်ရာ ထိုအရာက သူ၏ အဓိက ကျမ်းစာ ဖြစ်ပြီး လီဟူ၊ ရွှေပိုးကောင် အစရှိသည့် ကျင့်စဉ်များကို ထိန်းချုပ်နိုင်လေသည်။

နေရာတစ်ဝိုက် တိတ်ဆိတ်သွားပြီး နှစ်ဦးစလုံး ဒဏ်ရာများကို စတင် ကုသကာ ကိုယ်စီ အဓိက ကျင့်စဉ်များကို လည်ပတ်လိုက်ကြသည်။

ချင်မင်သည် ထိုအထဲတွင် နစ်မြောသွားပြီး ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်ရွှံ့များ၊ ရွှေရောင်ကြိုးမျှင်များ ထွက်ပေါ်လာကာ ရွှေကြိုးကျောက်စိမ်း အင်္ကျီ ဖြစ်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ နတ်မြူခိုးများ လှည့်ပတ်နေသည်။

ထိုအရာက အလွန် ရှားပါးပြီး ပုံမှန်အားဖြင့် သူ၏ ခန္ဓာကိုယ် ဘဝသစ်ရရှိခြင်း လုပ်ငန်းစဉ် အတွင်း အိပ်ပျော်သွားချိန်မှသာ အဆိုပါ မြင်ကွင်းမျိုး ထွက်ပေါ်လာလေ့ ရှိသည်။

ချင်မင် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ကျက်သွားပြီးနောက် သွေးခဲများ အလိုအလျောက် ကွာကျလာကာ အသံတိုးတိုးလေးသာ ဖြစ်သော်လည်း လီချင်းယွဲ့ကို သတိထားမိသွားစေသည်။

သူမသည် ချင်မင် ခန္ဓာကိုယ်ပေါ်ရှိ ရွှေကြိုးကျောက်စိမ်း အင်္ကျီ ကို မြင်တွေ့လိုက်ရပြီး သူ၏ နဖူးပေါ်တွင် မှေးမှိန်သော ဝိညာဉ်အလင်းရောင်များ ထွက်ပေါ်နေသည်ကိုပါ တွေ့ရှိလိုက်ရသည်။

သူမ တိုးတိုးလေး ပြောလိုက်၏။

"နတ်လမ်းစဉ်ကျင့်ကြံသူတွေရဲ့ လမ်းစဉ်ကို မလျှောက်ရသေးဘဲနဲ့တောင် စိတ်ဝိညာဉ် အလင်းတန်းက အစပိုင်း ထွက်လာပြီ ဆိုတော့ ပါရမီက တကယ်ကို ထူးကဲတယ် ဆိုတာ သေချာတယ်"

ချင်မင် မျက်လုံး ဖွင့်လိုက်သောအခါ လီချင်းယွဲ့ သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရပြီး မေးလိုက်၏။

"ဘာဖြစ်လို့လဲ"

"ငါ မင်းကို ကျမ်းစာတချို့ သင်ပေးမယ် ဒီနေရာမှာ စမ်းကြည့်လိုက်"

"နတ်လမ်းစဉ်ကျင့်ကြံသူ တွေရဲ့ လမ်းစဉ်လား"

ချင်မင်က မေးလိုက်သည်။

"ဒီကျမ်းစာကို တခြားလူတွေကို လုံးဝ ပြန်မသင်ပေးရဘူးနော်"

လီချင်းယွဲ့ သတိပေးလိုက်သည်။

"ကောင်းပြီလေ"

ချင်မင် ခေါင်းညိတ်လိုက်သည်။

သူ အသက်ရှူသွင်း ရှူထုတ် လုပ်ကာ ထူးခြားသော အသက်ရှူနည်းကို လည်ပတ်လိုက်ပြီး လိုအပ်သော လှုပ်ရှားမှုများနှင့် တွဲဖက် လုပ်ဆောင်လိုက်သည်။

"တိုးတက်မှုက အရမ်း မြန်တာပဲ ဒီအရှိန်အတိုင်း ဆိုရင် မင်း မကြာခင် စိတ်ဝိညာဉ် အလင်းတန်း ကို နိုးထလာအောင် လုပ်နိုင်တော့မယ်"

လီချင်းယွဲ့ ခေါင်းညိတ်လိုက်သော်လည်း အလွန်အမင်း အံ့အားသင့်ခြင်း မရှိချေ။

နှစ်နာရီခန့် ကြာပြီးနောက် ချင်မင် မျက်လုံး ဖွင့်လိုက်ရာ နဖူးရှေ့တွင် အစစ်အမှန် စိတ်ဝိညာဉ် အလင်းတန်းများ ယှက်နွယ်နေပြီး အမှန်တကယ်ပင် အခြေခံကို တတ်မြောက်သွားလေပြီ။

မကြာမီမှာပင် သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ပိုးသားစာအုပ်ပေါ်ရှိ ကျင့်စဉ်ဖြင့် စိတ်ဝိညာဉ် အလင်းတန်း တစ်လိုင်းကို လေ့ကျင့်နိုင်ခဲ့ပြီး ယခုအခါ နောက်မှ လေ့ကျင့်၍ ရလာသော အလင်းတန်းကိုပါ ပေါင်းစပ်ပစ်လိုက်လေသည်။

ထို့နောက် ပေါင်းစပ်သွားသော စိတ်ဝိညာဉ် အလင်းတန်းက သူ၏ တစ်ကိုယ်လုံးတွင် လှည့်ပတ်နေပြီး နောက်ဆုံးတွင် အနည်းငယ်သာ ကျန်ရှိတော့သည်။

ချင်မင် သေချာ ခံစားကြည့်လိုက်ရာ ခန္ဓာကိုယ် အခြေအနေ တိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။

"ဒါက ဘယ်လို အခြေအနေလဲ"

သူ အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားသည်။

လီချင်းယွဲ့သည် သူ သေချာ ရှင်းပြသည်ကို နားထောင်ပြီးနောက် နူးညံ့စွာ ပြောလိုက်၏။

"မင်းက မွေးကတည်းက ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်ဖို့ သင့်တော်နေတာများလား"

ချင်မင် တွေဝေသွားပြီး ပြောလိုက်၏။

"ငါ လျှောက်နေတဲ့ လမ်းစဉ်က ဘဝသစ်ရရှိခြင်း အဆင့်မှာ ခန္ဓာကိုယ် အခြေအနေကို မြှင့်တင်ဖို့ အဓိကပဲ ရောင်ဝါထုတ်လွှတ်ခြင်း အဆင့် ရောက်မှ စိတ်ဝိညာဉ် စွမ်းအားကို စပြီး ထိတွေ့ရတာ အခု စိတ်ဝိညာဉ် အလင်းတန်း စောစော ထွက်လာတော့ မူလ လမ်းကြောင်းအတိုင်း ပြန်တည့်ပေးလိုက်တာလား မသိဘူး ဒါပေမဲ့ ရလာတဲ့ စိတ်ဝိညာဉ် စွမ်းအားတွေက ပျောက်မသွားဘဲ သွေးသားတွေကို ပြန်ပြီး အားဖြည့်ပေးလိုက်တာပဲ"

သူ၏ စိတ်ဝိညာဉ် အလင်းတန်းက အားလုံး အားဖြည့်ပေးလိုက်ခြင်း မဟုတ်ဘဲ အစိတ်အပိုင်း အချို့ ကျန်ရှိနေသေးသည်။

လီချင်းယွဲ့က သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကာ ပြောလိုက်၏။

"မင်းရဲ့ ခန္ဓာကိုယ်က ပိုသန်မာလာလေ စိတ်ဝိညာဉ် အလင်းတန်းကို ပိုပြီး ခံနိုင်ရည် ရှိလာလေပဲ ဟန်ချက်ညီတဲ့ အခြေအနေ တစ်ခုကို ထိန်းသိမ်းထားသလိုမျိုးပေါ့"

သူမ ပြုံးလိုက်ပြီး ပြောလိုက်၏။

"ဒါလည်း ကောင်းတာပါပဲ တစ်ခုတည်းကို အာရုံစိုက်မှ ပိုပြီး ခရီးပေါက်မှာလေ ပြီးတော့ အနာဂတ်မှာ မင်းရဲ့ သွေးသားတွေ လုံလောက်အောင် သန်မာလာတဲ့အခါ အရာအားလုံးက ဖြစ်နိုင်ချေ ရှိလာမှာပါ"

ချင်မင် တွေးတောနေမိသည်။ ထိုအရာက သူ၏ ခန္ဓာကိုယ်ကြောင့်လား သို့မဟုတ် ပိုးသားစာအုပ် ကျင့်စဉ်၏ ပြဿနာလား။

"ငေးမနေနဲ့တော့ မင်းရဲ့ လက်ရှိ အခြေအနေကလည်း မဆိုးပါဘူး"

လီချင်းယွဲ့က ပြောလိုက်သည်။

သူမသည် စိတ်ဝိညာဉ် အလင်းတန်းကို လှုံ့ဆော်ကာ ကျောက်နံရံပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသား အမျိုးမျိုးထဲသို့ ထည့်သွင်းလိုက်ရာ ထိုအရာများမှာ သူမ၏ ဆရာသခင် စီစဉ်ထားခဲ့ခြင်း ဖြစ်ပြီး တောင်နှင့် မြစ် ဝိညာဉ် အသိုက်ကို အပြည့်အဝ ပြန်လည် နိုးထလာစေနိုင်သည်။

"မင်း အခု ဒီနေရာက အံ့သြဖွယ် စွမ်းအင်တွေနဲ့ ကျင့်သားရလောက်ပြီ"

ခဏအကြာတွင် အစောပိုင်းက လေဟာနယ်ထဲ၌ ပြန့်ကျဲနေသော အလင်းစက်များ အချင်းချင်း ဆက်သွယ်သွားပြီး အစီအစဉ်တကျ စီတန်းလာကြသည်။

တောင်နှင့် မြစ် ဝိညာဉ် အသိုက် အတွင်းတွင် ရေလှိုင်းလေးများ ရိုက်ခတ်နေသကဲ့သို့ လှိုင်းဂယက်များ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကာ သူတို့ နှစ်ဦးကို ဖုံးလွှမ်းသွားပြီး သူတို့၏ စိတ်ဝိညာဉ် အလင်းတန်းများကို ကြီးမားစွာ လှုံ့ဆော်ပေးလိုက်သည်။

လီချင်းယွဲ့၏ ဒဏ်ရာများ ကောင်းမွန်လာပြီး သူမ၏ ခန္ဓာကိုယ် အပြင်ဘက်ရှိ ပျက်စီးနေသော စစ်ဝတ်စုံ မှ အဆက်မပြတ် မြည်ဟည်းနေကာ သူမ၏ ခန္ဓာကိုယ်နှင့်အတူ ကြည်လင် တောက်ပလာပြီး ရောင်စုံ အလင်းရောင်များ ထွက်ပေါ်နေသည်။

သူမ ထုတ်ယူ သုံးစွဲနိုင်သော စိတ်ဝိညာဉ် စွမ်းအားမှာ သဘာဝကျကျ လက်ရှိ ချင်မင်ထက် အများကြီး သာလွန်နေပြီး သူမ၏ ဒဏ်ရာများမှာ မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကောင်းမွန်လာကာ သေးငယ်သော အရိုးအက်ကွဲမှုများ အလိုအလျောက် ပြန်ဆက်သွားပြီး မူလအတိုင်း ခိုင်မာသွားသည်။

သူမ၏ စိတ်ဝိညာဉ် ပင်လယ် ထဲတွင် ရွှေရောင် နေမင်းကြီး တစ်စင်းက မြူများ ထူထပ်နေသော ပင်လယ်ပြင်မှ ခုန်ထွက်လာတော့မည့်အလား ဝိညာဉ်အလင်းရောင်များ တောက်ပလာပြီး အနက်ရောင် မြူများကို မကြာမီ ဖယ်ရှားပစ်တော့မည် ဖြစ်သည်။

ချင်မင် သတိပြုမိသည်မှာ သူ မည်သည့် ကျင့်စဉ်ကိုမျှ လည်ပတ်စရာ မလိုဘဲ သူ၏ စိတ်ဝိညာဉ် အလင်းတန်းများ တိုးတက်လာပြီး ဓာတ်ရောင်ခြည် တစ်မျိုး၏ လွှမ်းမိုးမှုကို ခံရသကဲ့သို့ စိတ်ဝိညာဉ်စက်ကွင်းကို လှုံ့ဆော်ပေးကာ အရည်အသွေး ပြောင်းလဲသွားစေသည်။

"တောင်နဲ့ မြစ် ဝိညာဉ် အသိုက် လို့ ခေါ်တာနဲ့ တကယ်ကို ထိုက်တန်တာပဲ"

သူ အံ့အားသင့်စွာ ချီးမွမ်းလိုက်သည်။

မည်သည့် ကျင့်စဉ်ကိုမျှ လည်ပတ်၍ သိပ်မထူးခြားသည်ကို သိရှိသဖြင့် သူသည် လွတ်လွတ်လပ်လပ် နေလိုက်ပြီး ဝိညာဉ်အသိုက်၏ ဓာတ်ရောင်ခြည် လွှမ်းမိုးမှု၊ လှုံ့ဆော်မှုများကိုသာ ခံယူကာ စိတ်ဝိညာဉ်စက်ကွင်း၏ ပြောင်းလဲမှုများကို ခံစားနေလိုက်သည်။

သူ၏ စိတ်ဝိညာဉ် အလင်းတန်း တိုးတက်မှုမှာ မြန်ဆန်သလို ကုန်ခမ်းမှုမှာလည်း မနှေးကွေးဘဲ တစ်ပြိုင်နက်တည်း သွေးသားများကို ပြန်လည် အားဖြည့်ပေးနေသည်။

"ငါ့ဟာက ဆဋ္ဌမမြောက် ဘဝသစ်ရရှိခြင်း လို့ မသတ်မှတ်နိုင်ပေမဲ့ အကျိုးသက်ရောက်မှုက နည်းနည်းလေးမှ မညံ့ဘူး"

ချင်မင် တွေ့ရှိလိုက်သည်မှာ စိတ်ဝိညာဉ် နယ်ပယ်မှ ပြန်လည် အားဖြည့်ပေးသော အံ့သြဖွယ် စွမ်းအင်များက သူ၏ ခန္ဓာကိုယ် အခြေအနေကို အဆက်မပြတ် မြှင့်တင်ပေးနေပြီး ကောင်းကင်အလင်း စွမ်းအားများလည်း လိုက်ပါ အစွမ်းထက်လာသည်။

သူ၏ ရင်ထဲတွင် အလွန်တရာ ကျေနပ်သွားပြီး ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို အစစ်အမှန် ခံစားနေရကာ ဘဝသစ်ရရှိခြင်း တစ်ကြိမ်နှင့် လုံးဝ မညံ့ကြောင်း သိရှိလိုက်ရသည်။

"ဘယ်ကျင့်စဉ်မှ လည်ပတ်စရာ မလိုဘူး ဆိုမှတော့ ငါ ဒီနေရာမှာ ဝူကျီ ကျမ်းစာ ကို လေ့ကျင့်မယ်"

ချင်မင် အချိန်မဖြုန်းတော့ဘဲ အသစ်ရရှိထားသော ထူးခြားသည့် ကျင့်စဉ်ကို စတင် လေ့လာလိုက်ပြီး သူသည် စိတ်ပိုင်းဆိုင်ရာ ပေါင်းစပ်မှု မှတစ်ဆင့် ထိုကျမ်းစာ၏ အစစ်အမှန် အဓိပ္ပာယ်ကို စောစောကတည်းက နားလည်ထားပြီး ဖြစ်သည်။

ဝူ က ယန် မြေကြီး နှင့် သက်ဆိုင်ပြီး ကျီ က ယင် မြေကြီး နှင့် သက်ဆိုင်ကာ ဝူကျီ ဆိုသော စကားလုံး နှစ်လုံးက ၎င်း ပါဝင်ပတ်သက်နေသော နယ်ပယ်ကို ရှင်းပြရန် လုံလောက်နေပြီ ဖြစ်ပြီး ထိုကျင့်စဉ်က မြေကြီးနှင့် သက်ဆိုင်သော ထူးခြားသည့် ကျင့်စဉ် တစ်ခု ဖြစ်သည်။

ရူလိုင် တပည့် က ၎င်းကို ချီးကျူးပြီး လီဟူ ကျမ်းစာထက် ပိုမို တန်ဖိုးကြီးကြောင်း ပြောဆိုခဲ့ခြင်းမှာ အလကား မဟုတ်ချေ။

ချင်မင် လျင်မြန်စွာပင် နစ်မြောသွားပြီး နောက်ဆုံးတွင် ကိုယ်တိုင် လေ့ကျင့်လာတော့သည်။

တောင်နှင့် မြစ် ဝိညာဉ် အသိုက်မှာ မြေကြီး၏ အဓိက အကြောများနှင့် ဆက်သွယ်နေပြီး စိတ်ဝိညာဉ်စက်ကွင်းကို လှုံ့ဆော်ပေးသော အံ့သြဖွယ် စွမ်းအင်များ အပြင် အပေါများဆုံးမှာ မြေကြီးအကြောများ၏ အသက်စွမ်းအင်များ ပင် ဖြစ်သည်။

သူ စတင် လေ့ကျင့်သည်နှင့် ခြေအောက်တွင် မြေဝါရောင် တိမ်တိုက် မြူခိုးများ ထွက်ပေါ်လာပြီး သူ့ကို တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။

...

လော့ဖူ နတ်တောင် အပျက်အစီး နေရာ၏ အပြင်ဘက်တွင် လူအများအပြားက နောက်ဆုံး အခြေအနေ တိုးတက်မှုများကို အသေအချာ စောင့်ကြည့်နေကြသည်။

"ကြည့်ရတာ ဒဏ္ဍာရီလာ ပစ္စည်းက ပိုင်ရှင် တွေ့တော့မယ် ထင်တယ် အဓိက တပည့် တွေရဲ့ ပြိုင်ဆိုင်မှု အခြေအနေ က ပိုပိုပြီး ရှင်းလင်းလာပြီ"

"အစ်ကိုလျို ငါ့အထင်တော့ မင်းရဲ့ ညီလေး က နိုင်သွားမယ် ထင်တယ်"

"မသေချာသေးပါဘူး မင်းရဲ့ ညီမလေး ကပဲ အသာစီးရပြီး ဒဏ္ဍာရီလာ ပစ္စည်း ကို ရသွားတာလည်း ဖြစ်နိုင်တာပဲ"

လူအချို့က ပြုံးရွှင်စွာ ဆွေးနွေးနေကြပြီး သဘာဝကျကျ လူအချို့ကတော့ မျက်နှာ မည်းမှောင်နေကြသည်။

"ဟင် လီချင်းယွဲ့ က အခုထိ ထွက်မလာသေးဘူး အရှုံးမပေးသေးတာလား ဒါပေမဲ့ အဖွဲ့တိုင်းက အတည်ပြုပြီးပြီလေ သူမ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အခြေခံကိုတောင် ထိခိုက်သွားလို့ ယှဉ်ပြိုင်ခွင့် လုံးဝ ဆုံးရှုံးသွားပြီ ဆိုတာကို"

"ငါတို့ ထင်ထားတာထက် ပြဿနာက ပိုဆိုးနေတာလည်း ဖြစ်နိုင်တယ် သူမ ကိုယ်တိုင် လမ်းလျှောက် ထွက်လာဖို့တောင် အားမရှိတော့တာ ဖြစ်မယ်"

...

တောင်နှင့် မြစ် ဝိညာဉ် အသိုက် အတွင်းတွင် လီချင်းယွဲ့ လုံးဝ ကျန်းမာသွားပြီ ဖြစ်ပြီး စိတ်ဝိညာဉ် အလင်းတန်းများ ပိုမို တောက်ပလာကာ သူမ၏ စွမ်းရည်မှာ ဖြည်းဖြည်းချင်း တိုးတက်လာပြီး နောက်ထပ် အဆင့်တစ်ဆင့်သို့ မကြာမီ ရောက်ရှိတော့မည် ဖြစ်သည်။

ချင်မင်၏ တစ်ကိုယ်လုံးကို မြေဝါရောင် အလင်းရောင် မြူခိုးများက ဖုံးလွှမ်းထားပြီး သူ လေ့ကျင့်သော ဝူကျီ ကျမ်းစာ မှာလည်း အခြေခံကို တတ်မြောက်သွားလေပြီ။ ထို့အပြင် သူ၏ သွေးသားများကို စိတ်ဝိညာဉ် အလင်းတန်းက အဆက်မပြတ် ပြန်လည် အားဖြည့်ပေးနေသဖြင့် ဆဋ္ဌမမြောက် ဘဝသစ်ရရှိခြင်း နှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

အခန်း (၁၁၂) - အင်အားအပြည့်ဖြင့် ပြန်လည်ရောက်ရှိလာခြင်း

"ဝူကျီ ကျမ်းစာက တကယ်ကို ထူးခြားတဲ့ ကျင့်စဉ် တစ်ခုပဲ"

ချင်မင်က ချီးမွမ်းလိုက်လေသည်။ ထိုကျမ်းစာမှာ အလွန်တရာ နက်နဲကျယ်ပြန့်ပြီး ကောင်းကင်အလင်း စွမ်းအားများ၊ အကာအကွယ်များ၊ စိတ်ဝိညာဉ် နိုးကြားမှုများ အစရှိသည့် ပြည့်စုံသော စနစ် တစ်ခု ပါဝင်ကာ အလွန် ပြည့်စုံလေသည်။

ဤသည်မှာ ပါရမီရှင် အများအပြား တစ်သက်လုံး အချိန်ယူပြီး လေ့လာသင့်သော လျှို့ဝှက်ကျမ်းစာ တစ်အုပ် ဖြစ်ပေသည်။

ဝူကျီ ကျမ်းစာတွင် ထူးခြားသော အမြင်များ ရှိကြောင်း ချင်မင် တွေ့ရှိလိုက်ရပြီး မူလက မြေကြီးကို အခြေခံသော ကျမ်းစာ ဖြစ်သော်လည်း ယင် နှင့် ယန် ကိုပါ နက်ရှိုင်းစွာ လေ့လာထားလေသည်။

အထူးသဖြင့် ဝူကျိကျမ်းစာသည် တတိယမြောက် အဆင့်ကြီး ဖြစ်သော ဝိညာဉ်စက်ကွင်း အကြောင်းကို အလွန် အံ့သြဖွယ် ကောင်းအောင် ရှင်းပြထားပြီး ဧကရာဇ်၏ သေတမ်းစာနှင့် နှိုင်းယှဉ် လေ့လာနိုင်လေသည်။

လွန်ခဲ့သော နှစ်များစွာက ဧကရာဇ်သည် ဝိညာဉ်စက်ကွင်း အဆင့်မှ စတင်ကာ ထင်ပေါ်ကျော်ကြားလာခဲ့ခြင်း ဖြစ်ပေသည်။

ဤအရာများမှာ ချင်မင်အတွက် အလွန် ဝေးကွာနေသေးသဖြင့် သူသည် အပေါ်ယံမျှသာ ဖတ်ရှုလိုက်ပြီး ယာယီ "အမြော်အမြင် ကြီးမားစွာဖြင့်" နောက်ဆက်တွဲ အကြောင်းအရာများကို နားလည်အောင် လုပ်ထားလိုက်လေသည်။

သူသည် လက်ရှိ အခြေအနေကိုသာ အဓိက အာရုံစိုက်ပြီး သူ ကျွမ်းကျင်နိုင်သော အံ့သြဖွယ် ကျင့်စဉ်များကိုသာ အစွမ်းကုန် လေ့ကျင့်နေလေသည်။ ဝူသည် ယန် မြေကြီး ဖြစ်ပြီး ကျီသည် ယင် မြေကြီး ဖြစ်ကာ ယန် လက်သီး နှင့် ယင် လက်သီး တို့ကို အသီးသီး ကိုယ်စားပြုပြီး အကယ်၍ အောင်မြင်စွာ လေ့ကျင့်နိုင်ပါက ပေါင်းစပ်ကာ ဝူကျိ လက်သီး အဖြစ်သို့ ပြောင်းလဲသွားနိုင်လေသည်။

ဝူကျီ လက်သီးကို မဆိုထားနှင့် ယန် လက်သီး သို့မဟုတ် ယင် လက်သီး မှ ဆင်းသက်လာသော လက်သီး သိုင်းကွက်များနှင့် လက်ဝါး သိုင်းကွက်များပင်လျှင် အလွန် နာမည်ကြီးလေသည်။ ဥပမာ - မရဏ လက်သီး၊ ယင် မြေကြီး လက်သီး၊ ဝူယန် လက်ဝါး အစရှိသည်တို့ ဖြစ်ပေသည်။

ချင်မင်သည် ယင် လက်သီး ကို ပုံစံကျကျ လေ့ကျင့်နိုင်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မြေဝါ လက်ဝါး ကို လေ့ကျင့်ဖူးသဖြင့် ယင် လက်သီး နှင့် တူညီသော အချက်များ ရှိပြီး နှစ်ခုစလုံးက မြေကြီးနယ်ပယ်တွင် ပါဝင်သောကြောင့် ဖြစ်ပေသည်။

သူသည် မြေကြီး၏ အသက်စွမ်းအင်များကို အများအပြား စုပ်ယူလိုက်ရာ တစ်ကိုယ်လုံးတွင် အဝါရောင် မြူများ ဖုံးလွှမ်းသွားပြီး ယင် မြေကြီး စွမ်းအားများ လှုပ်ရှားလာကာ ယင် လက်သီး သက်ရောက်သော နေရာများမှာ မရဏ လောက နီးကပ်လာသကဲ့သို့ ဖြစ်နေလေသည်။

ချင်မင်သည် ယင် လက်သီးကို လေ့ကျင့်ခြင်းကြောင့် မြေဝါ လက်ဝါး မှာလည်း ပိုမို အဆင့်မြင့်လာခဲ့လေသည်။

ထိုနေရာရှိ မြေမျက်နှာသွင်ပြင်မှာ အလွန် ထူးခြားပြီး မြေကြီး၏ အသက်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနိုင်ကာ သူ့အတွက် အဆုံးအစမရှိ အသုံးပြုနိုင်လေသည်။

"ယန် လက်သီးကိုလည်း အချိန်ဆွဲနေလို့ မရဘူး အဆင့်မြှင့်တင်ရမယ် မဟုတ်ရင် ရှေ့က အံ့သြဖွယ် နေရာက နှမြောစရာ ကောင်းသွားလိမ့်မယ်"

ချင်မင်သည် အဆက်မပြတ် လေ့ကျင့်နေပြီး သူ၏ စွမ်းအားများ တိုးတက်လာကြောင်း ခံစားနေရလေသည်။

ယင် မြေကြီး စွမ်းအား နှင့် ယန် မြေကြီး စွမ်းအား နှစ်ခုစလုံးကို သူ လေ့ကျင့်နိုင်ခဲ့ပြီး ပေါင်းစပ်လိုက်လျှင် ဝူကျီ စွမ်းအား ဖြစ်သွားကာ လီဟူ စွမ်းအား၊ ရွှေပိုးကောင် စွမ်းအား တို့နှင့် ယှဉ်နိုင်လေသည်။

အကယ်၍ ဝူကျီ စွမ်းအားကိုပါ ပေါင်းစပ်လိုက်ပါက သူ၏ စွမ်းအားများ အများကြီး တိုးတက်သွားမည်ကို ချင်မင် သိရှိထားလေသည်။

ယခင်က ထူးခြားသော ကျင့်စဉ် နှစ်ခုကို ပေါင်းစပ်ခဲ့ခြင်းကြောင့် သူ၏ ကောင်းကင်အလင်း စွမ်းအား များ အရည်အသွေး ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ရာ သူသည် တတိယမြောက် ထူးခြားသော ကျင့်စဉ်ကို အလွန် မျှော်လင့်နေလေသည်။

ထိုကာလအတွင်း ချင်မင်၏ စိတ်ဝိညာဉ် အင်အားများမှာ တောင်နှင့် မြစ် ဝိညာဉ် အသိုက် အတွင်းရှိ အံ့သြဖွယ် စွမ်းအင်များ၏ လှုံ့ဆော်မှုကြောင့် အဆက်မပြတ် တိုးတက်လာပြီး စိတ်ဝိညာဉ် အလင်းတန်း များကို မြှင့်တင်ပေးကာ ထို့နောက် ခန္ဓာကိုယ်ကို ပြန်လည် အားဖြည့်ပေးလေသည်။

သူ ခန့်မှန်းကြည့်ရာ သူ၏ ခွန်အားမှာ ပေါင် ခုနစ်ထောင် ကျော်သွားပြီ ဖြစ်ပြီး ထို့ထက်ပင် ပိုများနိုင်ကာ ဘဝသစ်ရရှိခြင်း ခြောက်ကြိမ် ဖြတ်သန်းထားသူများနှင့် နှိုင်းယှဉ်ပါက လုံးဝ မညံ့ချေ။

ဒါက ဘဝသစ်ရရှိခြင်း တစ်ကြိမ် လို့ သတ်မှတ်လို့ ရမလား ဟု ချင်မင် တွေးတောနေမိလေသည်။ စိတ်ဝိညာဉ် အလင်းတန်း ၏ ပြုစုပျိုးထောင်မှုနှင့် ခန္ဓာကိုယ် အသွင်ပြောင်းလဲမှု များကြောင့် ရလဒ်မှာ အလွန်တရာ အံ့သြဖွယ် ကောင်းလှပေသည်။

ဤသည်မှာ ဘဝသစ်ရရှိခြင်း မဟုတ်ဘဲ အလားအလာများကို မြှင့်တင်ပေးခြင်း တစ်မျိုး ဖြစ်ပြီး သူ၏ အခြေခံကို ပိုမို ခိုင်မာအောင် တည်ဆောက်နေခြင်း ဖြစ်သည်ဟု သူ ခံစားရလေသည်။

ချင်မင်သည် သူ၏ ညီဖြစ်သူ ချွေချုံရွှမ် ကို သတိရသွားလေသည်။ သာလွန်လူသား တစ်ဦး မဟုတ်သော်လည်း စွမ်းအားခြောက်ပါး နှလုံးသားကျမ်းကို လေ့ကျင့်ခြင်းကြောင့် ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်နိုင်ပြီး အခြေခံကို မြှင့်တင်ကာ သာလွန်လူသား အဖြစ်သို့ ကူးပြောင်းနေခြင်း ဖြစ်ပေသည်။

ပိုးသားစာအုပ်မှာ စွမ်းအားခြောက်ပါး နှလုံးသားကျမ်း ထက် မညံ့ဘဲ တောင်နှင့် မြစ် ဝိညာဉ် အသိုက် ကဲ့သို့သော အံ့သြဖွယ် နေရာ များကို အသုံးပြုကာ ခန္ဓာကိုယ် အသွင်ပြောင်းလဲပြီး လိုအပ်သော အခြေခံများကို မြှင့်တင်နေခြင်း ဖြစ်နိုင်ကြောင်း သူ ခံစားရလေသည်။

မကြာမီမှာပင် လီချင်းယွဲ့က သူ၏ သံသယများကို ဖြေရှင်းပေးလိုက်လေသည်။ သူမသည် နတ်လမ်းစဉ်ကျင့်ကြံသူများ၏ နေရာတွင် ကောလာဟလ အချို့ကို ကြားဖူးပြီး မှတ်တမ်း အချို့ကိုလည်း ဖတ်ရှုဖူးလေသည်။

"ကောင်းကင်မဏ္ဍိုင် စွမ်းအား ရဲ့ ဆရာကြီး၊ စွမ်းအားခြောက်ပါး နှလုံးသားကျမ်း ရဲ့ ဆရာကြီး တွေ အားလုံးက ငယ်ရွယ်စဉ် အခါက နတ်လမ်းစဉ်ကျင့်ကြံသူတွေရဲ့ စွမ်းအားတွေကို အသုံးပြုပြီး သူတို့ရဲ့ ကနဦး အခြေခံတွေကို မြှင့်တင်ခဲ့ကြဖူးတယ်"

ချင်မင်သည် ထိုစကားကို ကြားသောအခါ ချက်ချင်း စိတ်ဝင်စားသွားပြီး မေးလိုက်၏။

"အဲဒီလို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေရဲ့ ပထမဆုံးအကြိမ် ဘဝသစ်ရရှိခြင်း မှာ အခြေခံ ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတဲ့ မှတ်တမ်း မျိုး ရှိလား"

လီချင်းယွဲ့က အလွန် လေးနက်စွာဖြင့် ပြန်ဖြေလိုက်၏။

"ဘဝသစ်ရရှိသူတွေ အားလုံး မော့ကြည့်ရလောက်အောင် အစွမ်းထက်တယ် သူတို့ရဲ့ ပထမဆုံးအကြိမ် ဘဝသစ်ရရှိခြင်း မှာ လက်နှစ်ဖက် ရဲ့ ခွန်အားက ပေါင် တစ်ထောင် ကျော်တယ် သာလွန်လူသားတွေထက်တောင် ပိုအစွမ်းထက်ပြီး ပေါင် တစ်ထောင့်တစ်ရာ နီးပါးလောက် ရှိနိုင်တယ် အရမ်းကို ပါရမီ ကောင်းကြတာ"

ဤသည်မှာ နတ်လမ်းစဉ်ကျင့်ကြံသူ များ၏ နေရာမှ မှတ်တမ်းများ ဖြစ်ပြီး ထိုကဲ့သို့သော ပုဂ္ဂိုလ်များ ကြီးထွားလာပြီးနောက် သူတို့အတွက် အလွန်တရာ အန္တရာယ်များသော တည်ရှိမှုများ ဖြစ်လာခဲ့လေသည်။

"ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေက တကယ်ကို အစွမ်းထက်တာပဲ"

ချင်မင်က ချီးမွမ်းလိုက်လေသည်။

ယခုအချိန်အထိ သူသည် သာလွန်လူသား တစ်ဦးကိုမျှ မတွေ့ဖူးသေးဘဲ စွမ်းရည် သာလွန်သူ များကိုဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

ရုတ်တရက် ချင်မင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး ရှန်ယိဝူကို သတိရသွားလေသည်။ ထို ခန္ဓာကိုယ် တောင့်တင်းမှုမျိုးဖြင့် သူက သာလွန်လူသား မဟုတ်လျှင် မည်သူ ဖြစ်မည်နည်း။ ပိုပြီးတောင် အစွမ်းထက်နိုင်သေးသည်ဟု တွေးမိလေသည်။

လီချင်းယွဲ့၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာ ထွက်ပေါ်လာပြီး သူ ဤမျှလောက် တည်ငြိမ်နေသည်ကို တွေ့ရှိလိုက်ရသဖြင့် သူ၏ အခြေခံကို အလွန် သိချင်နေလေသည်။

"သူတို့က နတ်လမ်းစဉ်ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေကို အသုံးပြုပြီး အခြေခံကို မြှင့်တင်လိုက်တဲ့ အခါ ဘယ်လောက်တောင် အစွမ်းထက်လာလဲ"

ချင်မင်က အဖြေကို သိချင်နေလေသည်။

လီချင်းယွဲ့သည် အမြန် ဖတ်ရှုခဲ့ဖူးသော မှတ်တမ်းများကို ပြန်လည် စဉ်းစားကာ ပြောလိုက်၏။

"သူတို့ ခန္ဓာကိုယ် အသွင်ပြောင်းလဲပြီးတဲ့ အခါ ပထမဆုံးအကြိမ် ဘဝသစ်ရရှိခြင်း တုန်းက ခွန်အား နဲ့ နှိုင်းယှဉ် ကြည့်မယ် ဆိုရင် ပေါင် တစ်ထောင့်နှစ်ရာ ကျော်လောက် ရှိတယ်"

ထို့နောက် သူမသည် သိချင်စိတ်ဖြင့် ချင်မင် မည်သည့် အဆင့်သို့ ရောက်ရှိနေပြီလဲ ဟု မေးလိုက်လေသည်။

ချင်မင် လျှို့ဝှက်မထားဘဲ အမှန်အတိုင်း ပြောပြလိုက်လေသည်။

အမြဲတမ်း သန့်စင်ပြီး လောကီအညစ်အကြေးများနှင့် ကင်းစင်သော လီချင်းယွဲ့မှာ ယခုအခါ ဆက်လက် တည်ငြိမ်မနေနိုင်တော့ဘဲ ဖြူဝင်းသော မျက်နှာလေးပေါ်တွင် အံ့အားသင့်မှုများ အပြည့် ရှိနေကာ ဤသည်မှာ ယုံကြည်ရန် အလွန် ခက်ခဲလှပေသည်။

"မင်းရဲ့ အရင် အခြေခံ က ပေါင် တစ်ထောင့်နှစ်ရာ ကျော် ရှိတယ်လား တကယ်လို့ ဒီနေရာမှာ မင်းရဲ့ အခြေခံကို အမှန်တကယ် မြှင့်တင်ပေးနိုင်ခဲ့ရင် ဘယ်လောက်အထိ တိုးလာမလဲ"

လီချင်းယွဲ့သည် သူ ဘဝသစ်ရရှိခြင်း လမ်းစဉ်ကို သီးသန့် လျှောက်လှမ်းခြင်းက ကောင်းကောင်း အလုပ်ဖြစ်နိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။

ချင်မင်မှာမူ ထိုမျှလောက် စိတ်လှုပ်ရှားမနေဘဲ ဤလမ်းစဉ်မှာ လျှောက်လှမ်းရန် မလွယ်ကူကြောင်း သေချာ သိရှိထားသောကြောင့် ဖြစ်ပေသည်။

သူက ပြောလိုက်၏။

"မင်းတို့ လျှောက်တဲ့ လမ်းစဉ်က အစပိုင်းမှာ နတ်ဘုရား နဲ့ နီးစပ်ဖို့ ကြိုးစားပြီး နောက်ဆုံးမှာ အမှန်တရားကို ရှာဖွေကြတယ် လျှို့ဝှက် ဂိုဏ်းကြီး ခြောက်ခုက လူတွေကတော့ ပိုပြီး အရူးအမူး ဖြစ်ကြပြီး နတ်ဘုရားနဲ့ တူတဲ့ သတ္တဝါတွေကိုတောင် လေးစားမှု မရှိကြဘူး မင်းတို့ရဲ့ အနာဂတ် အလားအလာတွေကို တွေးကြည့်ရင် ငါ့ရဲ့ အောင်မြင်မှုလေးက ဘာမှ မဟုတ်သေးပါဘူး"

ချင်မင် မာန မတက်ဘဲ အလွန် တည်ငြိမ်နေလေသည်။

အထူးသဖြင့် ညနှင်းမြူ ကမ္ဘာ မှာ အဆုံးအစမရှိ ကျယ်ဝန်းပြီး အခြား လမ်းစဉ် များလည်း ရှိသေးရာ ယခင်က နယ်မြေသစ် ရှာဖွေရေး တွင် ဒေသလေး တစ်ခုကိုသာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

"မင်းက အရမ်း နှိမ့်ချလွန်းပါတယ်"

လီချင်းယွဲ့က ပြုံးလျက် ပြောလိုက်လေသည်။

"ဒါက အမှန်တရားပါ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ဧကရာဇ်ကို တွေးကြည့်ရင် သူ ဘယ်လောက်ပဲ ထူးချွန်နေပါစေ ဘာလုပ်လို့ ရလဲ နတ်လမ်းစဉ်ကျင့်ကြံသူ ဆရာ့ဆရာကြီးတွေ တောင်ပေါ်က ဆင်းလာပြီး လက်တစ်ချက် လှန်လိုက်တာနဲ့ သူ့ကို ပေါက်ကွဲထွက်သွားအောင် လုပ်ပစ်လိုက်တာပဲ ဒီလို ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်မျိုးတောင် ဒီလို ဖြစ်ရတာ ငါ့ရင်ထဲမှာ အရမ်းကို အေးစက်သွားတာပဲ"

"ဧကရာဇ်က စောစောကတည်းက ပစ်မှတ်ထား ခံရပြီး စောစော သေသွားလို့ပါ မဟုတ်ရင် ကောင်းကင်မဏ္ဍိုင် စွမ်းအား၊ စွမ်းအားခြောက်ပါး စွမ်းအား တွေရဲ့ တွေထက် ညံ့မှာ မဟုတ်ဘူး"

...

နောက်ဆုံးတွင် ချင်မင်၏ စိတ်ဝိညာဉ် အင်အားများ ပြင်းထန်စွာ တုန်လှုပ်လာပြီး စိတ်ဝိညာဉ် အလင်းတန်း များ ဆက်လက် မတိုးတက်တော့ဘဲ ခန္ဓာကိုယ်ကို ပြန်လည် အားဖြည့်ခြင်းလည်း အဆုံးသတ်သွားကာ သူ၏ ဦးခေါင်းမှာ ကွဲထွက်တော့မည့်အလား နာကျင်လာလေသည်။

သူသည် အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ပြီး ထွက်သွားရတော့မည် ဖြစ်ပေသည်။

သူ အလွန် ကျေနပ်နေပြီ ဖြစ်ပြီး ဒီတစ်ကြိမ်တွင် စွမ်းအားများ အများကြီး တိုးတက်လာကာ သူ၏ အခြေခံကို အမှန်တကယ် မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်ပေသည်။

နာရီဝက် အကြာတွင် လီချင်းယွဲ့လည်း အကန့်အသတ်သို့ ရောက်ရှိသွားပြီး အောင်မြင်စွာ တိုးတက်သွားကာ ကျင့်စဉ် အဆင့် တစ်ဆင့် ထပ်မံ တက်လှမ်းသွားခဲ့လေသည်။

"နှမြောစရာ ကောင်းတာက ဒီနေရာပဲ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လောကီပြင်ပရှိ ကောင်းကင်အလင်း တွေ ကျဆင်းလာပြီး ဒီနေရာကို အကြီးအကျယ် ဖျက်ဆီးပစ်ခဲ့လို့ ကျန်ခဲ့တဲ့ အံ့သြဖွယ် စွမ်းအင် တွေက ငါ ထင်ထားသလောက် မများဘူး"

လီချင်းယွဲ့က နောက်သို့ လှည့်ကြည့်လိုက်လေသည်။

ယခုအခါ သူမနှင့် ချင်မင်တို့သည် တောင်နှင့် မြစ် ဝိညာဉ် အသိုက်ထဲမှ ထွက်ခွာလာကြပြီး အဝါရောင် အရွက်များ ဖုံးလွှမ်းနေသော ရွှေရောင် မေပယ်ပင် တောအုပ်ကို ဖြတ်သန်းလာခဲ့ကြလေသည်။

ရှန်ယိဝူ ထွက်ပေါ်လာပြီး ပြောလိုက်၏။

"မင်းတို့တွေ ထွက်လာကြပြီပဲ အဲဒီ သူတောင်းစားက အကြိမ်ကြိမ် ရောက်လာသေးတယ်"

"လီချင်းရွှီ သူက ဘယ်လိုလုပ် သူတောင်းစား ဖြစ်သွားတာလဲ"

ချင်မင်က မေးလိုက်လေသည်။

"ခွေးရိုက်တုတ်ကို ကိုင်ပြီး တစ်တောင်လုံး ပတ်နေတာလေ မဟုတ်ဘူး နဂါးရိုက်တုတ်"

ရှန်ယိဝူက ချက်ချင်း ပြင်ပြောလိုက်လေသည်။

သူ အလွန် မကျေမနပ် ဖြစ်နေပြီး ပြောလိုက်၏။

"သူ ငါ့ကို တုတ်နဲ့ တစ်ချက် ရိုက်သွားတယ်"

ချင်မင်သည် သူကိုယ်တိုင်လည်း လီချင်းရွှီ၏ ခရမ်းရောင် ဝါးတုတ် ဖြင့် အရိုက်ခံခဲ့ရဖူးကြောင်း သတိရသွားပြီး ရှန်ယိဝူ၏ စကားများက သူ့ကို မရည်ရွယ်ဘဲ စော်ကားလိုက်သကဲ့သို့ ဖြစ်နေသော်လည်း ဘာမှ မပြောနိုင်ချေ။

"မင်း အရှုံးပေါ်သွားတာလား"

ချင်မင်က စိုးရိမ်စွာဖြင့် မေးလိုက်လေသည်။ မည်သို့ပင် ဆိုစေကာမူ တစ်ဖက်လူသည် သူ့ကို ကူညီရန် ဤနေရာတွင် စောင့်နေပေးခဲ့ခြင်း ဖြစ်ပေသည်။

ရှန်ယိဝူ က ခေါင်းခါပြကာ ပြောလိုက်၏။

"အဲလိုတော့ မဟုတ်ပါဘူး တခြားသူက ငါ့ကို တစ်ပေလောက် ကောင်းရင် ငါက တစ်လံလောက် ပြန်ကောင်းတတ်တယ် သူက ငါ့ကို တုတ်နဲ့ တစ်ချက် ရိုက်တော့ ငါက သူ့ကို လက်ဝါး နှစ်ချက် ပြန်ရိုက်လိုက်တယ်"

"သူ ထွက်သွားပြီ"

လီချင်းယွဲ့က အဝေးရှိ တောင်တန်းများကို ကြည့်လိုက်လေသည်။

လီချင်းရွှီသည် တောင်ထွတ် တစ်ခုပေါ်မှ ဤဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လှည့်ကာ ပျောက်ကွယ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် လီချင်းယွဲ့သည် ထို ပြဿနာ ရှိနေသော ဝိညာဉ် အသိုက် ကို အသုံးပြုသွားပြီ ဖြစ်ကြောင်း သူ သိရှိသွားသောကြောင့် ဖြစ်ပေသည်။

"ကိစ္စ မရှိတော့ဘူး ဆိုရင်တော့ ငါ အရင်သွားတော့မယ် ငါ လီဟူ မီးတောက် နဲ့ ရွှေပိုးကောင် ကို မြန်မြန် သန့်စင်ပြီး အခွံခွာကာ ကောင်းကင်ယံကို တစ်ဟုန်ထိုး ပျံတက်သွားချင်နေပြီ"

ရှန်ယိဝူ က စောစောကတည်းက ထွက်သွားချင်နေခဲ့လေသည်။

ချင်မင်က သူ၏ လုံခြုံရေးကို စိုးရိမ်သဖြင့် ပြောလိုက်၏။

"မင်း ငါတို့နဲ့ အတူတူ သွားမလား မင်းက အစွမ်းထက် တပည့် တစ်ယောက်ကို အပြင်ဘက်ကို ရိုက်ထုတ်လိုက်တာ ဆိုတော့ သူ့ရဲ့ ဂိုဏ်း က လူကြီးတွေ က မင်းကို ပြဿနာ လာရှာမှာ မဟုတ်ဘူးလား"

"ကိစ္စ မရှိပါဘူး ငါက သူ့ရဲ့ နောက်လိုက် မှ မဟုတ်တာ သူတို့ အနွယ် က ငါ့ကို လာကူညီခိုင်းတာ ပြီးတော့ သူ့ရဲ့ လူကြီး တွေက ငါ့ရဲ့ နောက်ခံ ကို သိတယ် ပြီးတော့ ငါ့ရဲ့ အရင် ဆရာ ကိုလည်း သိတယ် ငါက အခု စွန့်ပစ်ခံ တပည့် ဖြစ်တော့မယ့် အပြင် တောရိုင်း လို ဖြစ်နေပေမဲ့ လောလောဆယ်တော့ သူတို့ ငါ့ကို ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး"

ရှန်ယိဝူ သည် ယပ်တောင်ကြီးအလား ကြီးမားသော လက်ဖဝါးကို ဆန့်ထုတ်ကာ ချင်မင်နှင့် လက်ဝါးချင်း ရိုက်လိုက်ပြီး ပြောလိုက်၏။

"ညီအစ်ကို မင်းက တကယ် သဘောကောင်းတဲ့ သူပဲ နောက်ဆိုရင် ငါတို့ ဒီလမ်းစဉ် မှာ အချင်းချင်း ကူညီကြတာပေါ့ နေပါဦး မင်းရဲ့ ခွန်အား က နည်းနည်း ထူးဆန်းနေတယ် ဖြူဖွေးနေတဲ့ ဝါးတောထဲမှာ တိုက်ခိုက်တုန်းက ထက် တစ်ဆလောက် ပိုသန်မာလာသလိုပဲ"

ထွက်မသွားခင် ခန္ဓာကိုယ် တောင့်တင်းသော လူငယ်မှာ ဇီးကွက်မျက်လုံးကြီးများ ပြူးကာ မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေလေသည်။ သူသည် ရူလိုင် တပည့် တစ်ဦး အနေဖြင့် အခြေခံ အချို့ကို ထိုးဖောက် မြင်နိုင်ပြီး ချင်မင်၏ တကယ့် ဘဝသစ်ရရှိခြင်း အကြိမ်ရေကို ခန့်မှန်းမိသွားလေသည်။

"ဟူး... ကြည့်ရတာ လီဟူ မီးတောက် နဲ့ ရွှေပိုးကောင်ကို သန့်စင်တာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး ငါ ရွှေပိုးကောင်ကို သစ်သား အသက်စွမ်းအင် ဆေးရည်တွေ မြန်မြန် တိုက်ကျွေးရဦးမယ်"

ရှန်ယိဝူက လှည့်ကာ ထွက်သွားလေသည်။

"အစ်ကိုရှန် မင်း ပြောတာက နောက်ထပ် ထူးခြားတဲ့ ကျင့်စဉ် တစ်ခုလား နောက်ကျရင် ငါတို့ ဆက်ပြီး လဲလှယ်ကြတာပေါ့"

ချင်မင်က လှမ်းအော်လိုက်လေသည်။

လီချင်းယွဲ့က ပြောလိုက်၏။

"အစ်ကိုရှန် လက်ရှိခေတ် ရဲ့ ရူလိုင် ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်"

...

မကြာမီမှာပင် လီချင်းယွဲ့သည် အစွမ်းထက် တပည့် အချို့ကို တားဆီးလိုက်ပြီး ရေခဲတောင်အလား အေးစက်သော မျက်နှာထားဖြင့် သူတို့၏ အကာအကွယ် ရွှေရောင် အင်္ကျီ များကို ချွတ်ခိုင်းလိုက်လေသည်။

ထိုလူများ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေသည်။ ဖြူဖွေးနေသော ဝါးတောထဲတွင် ရှိနေစဉ်က သူတို့သည် ကိုယ်တိုင် ဝင်ရောက် မတိုက်ခိုက်ခဲ့သော်လည်း ဝိုင်းဝန်း ပိတ်ဆို့ရာတွင် ပါဝင်ခဲ့ကြရာ ဤနေရာတွင် လီချင်းယွဲ့နှင့် ပြန်တွေ့မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

သူတို့သည် အဓိက တပည့် ငါးဦးကို စောစောကတည်းက မှီခိုခဲ့ကြကြောင်း သိသာလှပေသည်။

အစွမ်းထက် တပည့် တစ်ဦးမှာ စိတ်ဝိညာဉ် အလင်းတန်း တစ်ချက် အပစ်ခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးများ အန်ချလိုက်ကာ သူ၏ အကာအကွယ် ရွှေရောင် အင်္ကျီ မှ စူးရှသော အက္ခရာ အလင်းရောင်များ ထွက်ပေါ်လာလေသည်။ထိုကဲ့သို့သော အကာအကွယ်သာ မရှိပါက သူ တစ်ကြိမ် သေဆုံးသွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ရပေသည်။

နောက်တစ်စက္ကန့်တွင် သူ ထပ်မံ လွင့်ထွက်သွားပြီး အရောင်ငါးမျိုး အလင်းရောင် ဖြင့် အပစ်ခံလိုက်ရကာ အသက် တစ်ဝက်လောက် ပျောက်သွားပြီး မြေပြင်ပေါ်တွင် မှောက်ခုံကျသွားကာ ပြန်မထနိုင်တော့ချေ။

ထိုလူများ အလွန်တရာ ထိတ်လန့်သွားကြလေသည်။ အဓိက တပည့် ငါးဦး၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော လီချင်းယွဲ့သည် မည်သည့်အတွက်ကြောင့် ဘာမှ မဖြစ်သည့်အပြင် ယခင်ကထက်ပင် ပိုမို အစွမ်းထက်လာရသနည်း။ သေချာပေါက် ထပ်မံ တိုးတက်သွားခြင်း ဖြစ်ရမည်။ သို့မဟုတ်ပါက အစွမ်းထက် တပည့် တစ်ဦးကို ဤမျှလောက် အလွယ်တကူ မည်သို့ ဖိနှိပ်နိုင်မည်နည်း။

ထို့နောက် ထိုအမျိုးသား၊ အမျိုးသမီး များ အားလုံး အကာအကွယ် ရွှေရောင် အင်္ကျီ များကို ချွတ်ပေးလိုက်ကြပြီး ဖြူရော်နေသော မျက်နှာများဖြင့် လီချင်းယွဲ့ကို တောင်းပန်ကြကာ သူမကို မှီခိုလိုသော ဆန္ဒများ အလွန် သိသာနေလေသည်။

"ငါနဲ့ ရင်းနှီးတဲ့ အစွမ်းထက် တပည့်တွေ အသေအပျောက် ရှိလား"

လီချင်းယွဲ့က မေးလိုက်လေသည်။

အမျိုးသမီး တစ်ဦးက ပြန်ဖြေလိုက်၏။

"မရှိပါဘူး သူတို့ မောင်းထုတ်ခံလိုက်ရတာပါ တကယ်လို့ လူတွေ အများကြီး သေမယ် ဆိုရင် ဂိုဏ်း တွေ ကြားမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာ တွေ ဖြစ်လာမှာ သေချာပါတယ်"

"ဒီနေရာမှာ ဘယ်သူ ဆေးကုနေတာလဲ မင်းတို့က သူ့ကို အကာအကွယ် ပေးနေတာ မလား"

လီချင်းယွဲ့က မေးလိုက်လေသည်။ သူမသည် အဓိက တပည့် နှစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ခဲ့ဖူးလေသည်။

"ရန်ယိဖျင်"

လူတစ်ဦးက တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။

လီချင်းယွဲ့က လက်ကာပြကာ သူတို့ကို ထွက်သွားခွင့် ပြုလိုက်လေသည်။

ထို့နောက် ချင်မင်သည်လည်း နတ်လမ်းစဉ်ကျင့်ကြံသူ တပည့် များ ဝတ်ဆင်သော နူးညံ့သည့် အကာအကွယ် ရွှေရောင် အင်္ကျီ ကို ဝတ်ဆင်လိုက်လေသည်။

ထို့အပြင် သူတို့ နှစ်ဦးစလုံး တစ်ထည်ထက်မက ဝတ်ဆင်ထားကြလေသည်။

လီချင်းယွဲ့က တိုးတိုးလေး ပြောလိုက်၏။

"မူလက မင်းတို့နဲ့ တရားမျှတစွာ ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့သူက ဒဏ္ဍာရီလာ ပစ္စည်းကို ယူဖို့ ရည်ရွယ်ထားတာ မင်းတို့က ငါ့ကို ပူးပေါင်းပြီး တားဆီးကြမှတော့ ငါလည်း ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ရတော့မှာပေါ့"

မကြာမီမှာပင် သူမသည် ရွှေရောင်ချပ်ဝတ် အစောင့်အရှောက် အချို့ကို တားဆီးလိုက်ပြီး ရောင်စုံ အလင်းရောင်များဖြင့် သူတို့ကို ဖုံးလွှမ်းလိုက်ရာ ထိုလူများ ချက်ချင်း မလှုပ်ရှားနိုင်တော့ချေ။

မကြာမီမှာပင် သူမနှင့် ချင်မင်တို့ နှစ်ဦးစလုံး ရွှေရောင် ချပ်ဝတ်တန်ဆာ ကို ဝတ်ဆင်လိုက်ကြပြီး မျက်နှာများကို ဖုံးကွယ်ထားလိုက်ကြလေသည်။

ရန်ယိဖျင် သည် အဓိက တပည့် တစ်ဦး ဖြစ်ရာ သူ၏ စွမ်းရည်များမှာ သဘာဝကျကျ အလွန်တရာ အစွမ်းထက်ပြီး နတ်လမ်းစဉ်ကျင့်ကြံသူ နေရာရှိ ပါရမီရှင် တပည့် များကြားတွင် ထင်ပေါ်ကျော်ကြားလာသူတိုင်းမှာ သာမန်လူများ မဟုတ်ကြချေ。

သူသည် သူ၏ ပိုင်ဆိုင်မှု အများစုကို အသုံးပြုကာ ဆေးစွမ်းကောင်း တစ်ခုကို ဝယ်ယူခဲ့ပြီး ယနေ့ စားသုံးလိုက်သောအခါ ချက်ချင်း အကျိုးသက်ရောက်မှု ရှိကာ စောစောကတည်းက ပြန်လည် ကောင်းမွန်လာခဲ့လေပြီ။ သို့သော် သူသည် ခရီးဆက်ရန် မလောဘဲ ရှေ့ရှိ လူများ တိုက်ခိုက်ကြမည်ဟု ထင်မှတ်ထားသဖြင့် စိတ်ရှည်စွာ စောင့်ဆိုင်းနေလေသည်။

ရုတ်တရက် သူ၏ ကျောပြင်ကို လက်ဝါး တစ်ချက် အမှန်ခံလိုက်ရပြီး သူ၏ အကာအကွယ် ရွှေရောင် အင်္ကျီ ပင် ပေါက်ပြဲသွားကာ တောက်ပသော အက္ခရာများ အဆက်မပြတ် လောင်ကျွမ်းသွားလေသည်။

သူ အဆက်မပြတ် သွေးများ အန်လာပြီး ပြန်လည် ကောင်းမွန်လာသော ခန္ဓာကိုယ်မှာ ထပ်မံ၍ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကာ ထို ဆေးစွမ်းကောင်း မှာ... အလကား ဖြစ်သွားလေပြီ။

ဘယ်သူက သူ့ကို လာခိုးတိုက်တာလဲ။

ရန်ယိဖျင် သည် ချုံပုတ်များထဲမှ ထလာပြီး ပါးစပ် တစ်ခုလုံး သွေးများ အပြည့် ရှိနေကာ ခေါင်းမော့၍ ရှေ့သို့ ကြည့်လိုက်ရာ သူ အနည်းငယ် ကြောင်အမ်းသွားလေသည်။ ရွှေရောင်ချပ်ဝတ် အစောင့်အရှောက် နှစ်ယောက် ဖြစ်နေတယ်လား။

ထိုအထဲမှ တစ်ဦးမှာ အမျိုးသမီး ဖြစ်မည်ဟု ယူဆရပြီး အရပ်ရှည်ကာ သွယ်လျသော ခန္ဓာကိုယ် ရှိပြီး ရွှေရောင် ချပ်ဝတ် ကို ဝတ်ဆင်ထားလျှင်တောင် ခန္ဓာကိုယ် အချိုးအစားများ ပေါ်လွင်နေကာ ရွှေရောင် မျက်နှာဖုံး ကို တပ်ဆင်ထားသဖြင့် မျက်နှာကို မမြင်ရချေ။

နောက်တစ်စက္ကန့်တွင် တစ်ဝက်လောက် ပျက်စီးနေသော ရန်ယိဖျင် မှာ ထပ်မံ လွင့်ထွက်သွားပြီး ထို အမျိုးသမီး၏ ကန်ကျောက်ခြင်းကို ခံလိုက်ရကာ ရင်ဘတ်နှင့် ဝမ်းဗိုက်ရှိ အရိုးများ အားလုံး ကျိုးပဲ့သွားပြီး အချို့မှာ အတွင်းကလီစာများဆီသို့ပင် စူးဝင်သွားလေသည်။

"မင်း..."

သူသည် ထို အမျိုးသမီး၏ မျက်နှာကို မမြင်ရသော်လည်း မည်သူဖြစ်ကြောင်း ခန့်မှန်းမိသွားလေသည်။

"ညီမလေး လီ ငါ နောက်ဆိုရင် မင်းရဲ့ နောက်လိုက် လုပ်ပါ့မယ် နတ်လမ်းစဉ်ကျင့်ကြံသူ တားမြစ် နည်းလမ်းတွေကို သုံးပြီး သွေး သစ္စာဆို ပါ့မယ်"

ရန်ယိဖျင် က အမြန် ပြောလိုက်ပြီး ခေါင်းငုံ့ကာ အရှုံးပေးလိုက်လေသည်။ သို့မဟုတ်ပါက ဤနေရာတွင် သေဆုံးသွားမည်ကို သူ ကြောက်ရွံ့နေလေသည်။

ယခုအခါ သူ၏ ရင်ထဲတွင် အလွန်တရာ ထိတ်လန့်နေလေသည်။ လီချင်းယွဲ့သည် ဒဏ်ရာများ ပျောက်ကင်းသွားရုံသာမက ထပ်မံ တိုးတက်သွားခဲ့ပြီ ဖြစ်ရာ ဘယ်လိုလုပ်ပြီး ပြန်လည် တိုက်ခိုက်နိုင်တော့မည်နည်း။

နောက်ဆုံးတွင် ရန်ယိဖျင်သည် စိတ်ပျက်လက်ပျက်ဖြင့် အဝေးသို့ ထွက်သွားလေတော့ပြီး မကြာခဏ သွေးတစ်လုတ် အန်ချလိုက်ရကာ သူ၏ စွမ်းအားများ အကြီးအကျယ် ကျဆင်းသွားပြီး အခြေခံများ မတည်မငြိမ် ဖြစ်သွားခဲ့လေပြီ။

လော့ဖူ နတ်တောင် အပျက်အစီး နေရာ၏ အပြင်ဘက်တွင် လူတစ်ဦးက ပြောလိုက်၏။

"လီချင်းယွဲ့ အခုထိ မထွက်လာသေးဘူး မတော်တဆမှုတွေ မဖြစ်အောင် လူတစ်ယောက် လွှတ်ပြီး သွားရှာခိုင်းရမလား"

"အဓိက တပည့် တစ်ယောက်က ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘူးလား အရင်တုန်းက မင်းတို့ ပြောတာ သူမက အနာဂတ်မှာ အများကြီး ထင်ပေါ်ကျော်ကြားလာမယ် ဆိုတာ လွန်လွန်းနေတာပဲ"

...

ဤအချိန်တွင် လီချင်းယွဲ့နှင့် ချင်မင်တို့သည် ရွှေရောင်ချပ်ဝတ် အစောင့်အရှောက် နှစ်ဦး အဖြစ် ဟန်ဆောင်ကာ အေးဆေးစွာ လျှောက်လှမ်းနေကြပြီး နောက်ဆုံး ပန်းတိုင် သို့ နီးကပ်လာလေပြီ။

All Chapters