အခန်း (၁၈၂)
Vol. 19 Ch. 182
စစ်ဝတ်စုံနှင့် အမျိုးသားက ထပ်မံ၍ပြောခဲ့၏။
“ဒါကို မူလကျောက်တုံးလို့ ခေါ်ရတဲ့ အကြောင်းရင်းက အမေရိကန်တွေက အဲဒီလို နာမည်ပေးထားလို့ပဲ၊
သူတို့က ငါတို့ထက် အရင် စောစောစီးစီး ရှာတွေ့ခဲ့တာလေ၊ ကမ္ဘာပျက်ကပ် စတင်ချိန်မှာ အမေရိကန်က သူတို့မျိုးနွယ်စုတွေထက် အများကြီး ပိုကြီးတဲ့သန္ဓေပြောင်းသတ္တဝါတစ်ကောင် ပေါ်လာတယ်လို့ ပြောတယ်၊
သူတို့က အဲဒီအကောင်ကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်၊ အဲဒီအကောင်ရဲ့ နှလုံးသားထဲမှာ အခု ငါတို့လက်ထဲက ကျောက်တုံးလိုမျိုး အသည်းပုံ ကျောက်တုံးနီကို ရှာတွေ့ခဲ့ကြတယ်၊ သူတို့က ဒါကို မူလကျောက်တုံးလို့ ခေါ်ကြတာ”
မူလကျောက်တုံးကို ရရှိပြီးနောက် အမေရိကန်များက စမ်းသပ်မှု အမြောက်အမြားကို စတင်ခဲ့ကြသည်။
အစောပိုင်းတွင် သူတို့က သန္ဓေပြောင်းသတ္တဝါအမျိုးမျိုးကို ဖမ်းဆီး၍ ထိုအရည်များကို ထိုးသွင်းခဲ့ကြသည်။
သို့မဟုတ် စိုက်ပျိုးထားသော သန္ဓေပြောင်း အပင်များထဲသို့ ထိုးသွင်းခဲ့ကြပြီးနောက် သူတို့၏ မျိုးနွယ်တူများထက် အရွယ်အစားနှင့် ခွန်အားက သာလွန်သော သန္ဓေပြောင်းသတ္တဝါ အမြောက်အမြားကို ဖန်တီးခဲ့ကြသည်။
သို့သော်လည်း ကျောက်တုံးမှ ထုတ်ယူရရှိသော အရည်ဖြင့် ပြုပြင်ထားသည့် ထိုသန္ဓေပြောင်း အပင်နှင့် သတ္တဝါများက အလွန်ပင် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေကြသောကြောင့် ထိုစမ်းသပ်ခံသတ္တဝါများကို ဖျက်ဆီးပစ်ခဲ့ရလေသည်။
ထိုထုတ်ယူရရှိသော အရည်၏ အရောင်က တဖြည်းဖြည်း ဖျော့တော့လာသည်ကို သတိပြုမိချိန်မှသာ မည်သို့ဖြစ်နေသသည်ကို သူတို့ နားလည်သွားကြတော့သည်။
ကျောက်တုံးများက စွမ်းအင်ကို အဆုံးအစမရှိ ပေးစွမ်းနိုင်ခြင်း မဟုတ်ပေ။
သူတို့က ကျန်ရှိနေသော အရည်အနည်းငယ်ကို လူသား၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခဲ့ကြပြီး ထွက်ပေါ်လာသော အချက်အလက်နှင့် ရလဒ်များကိုတော့ အထူးလျှို့ဝှက်ထားခဲ့ကြ၏။
အကယ်၍ ဖမ်းဆီးခံရသူများထဲမှ တစ်ဦးဖြစ်သော အမျိုးသမီး ဆင့်ကဲပြောင်းလဲသူက လီကျွင်း၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်ဘဲ ထုတ်ပြောလိုက်ခြင်းသာ မရှိပါက တရုတ်နိုင်ငံမှ လူများက မူလကျောက်တုံး အကြောင်းကို မည်သည့်အချိန်မျှ သိရှိရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထိုလူများက မူလကျောက်တုံးနှင့် တိကျသော စမ်းသပ်မှု ရလဒ်များကို မသိကြပေ။
အထက်လူကြီးများက မူလကျောက်တုံးကို အလွန်ပင် တန်ဖိုးထားပြီး စုဆောင်းရေး စစ်ဆင်ရေးကို စတင်နေပြီ ဖြစ်ကြောင်းကိုသာ သိထားကြသည်။
ဤအဖွဲ့ကို တရုတ်နယ်စပ်တစ်လျှောက်ကို ကင်းထောက်ရန် စေလွှတ်ခဲ့ခြင်းပင် ဖြစ်၏။
သူတို့အပြင် နောက်ထပ် အသင်းနှစ်သင်း ရှိသေးသည်။
တစ်သင်းက တရုတ်ပိုင်နက်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားပြီဖြစ်ပြီး၊ ကျန်တစ်သင်းက တရုတ်ပိုင်နက်ထဲရှိ ပင်လယ်ဝါ ဒေသ၌ ထူးခြားသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤအချက်အလက်ကို ရရှိပြီးနောက် စစ်တပ်က အမေရိကန်နှင့် ညှိနှိုင်းရန် အခွင့်အလမ်း ရရှိသွားခဲ့၏။
သူတို့က ပင်လယ်ဝါတွင် လှည့်လည်နေဆဲဖြစ်သော အမေရိကန် ဆင့်ကဲပြောင်းလဲသူ အဖွဲ့ကို ဖမ်းဆီးရန် စစ်တပ်ကို ချက်ချင်း စေလွှတ်ခဲ့ပြီး ထိုပတ်ဝန်းကျင်ကို သံမဏိစည်ပိုင်းသဖွယ် တင်းကျပ်စွာ ကာကွယ်ထားခဲ့သည်။
ကြာရှည်စွာ အားပြိုင်ပြီးနောက် နိုင်ငံနှစ်ခုက နောက်ဆုံးတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ပင်လယ်ဝါဒေသကို လျှို့ဝှက်စွာ စူးစမ်းလေ့လာခဲ့ကြ၏။
နောက်ဆုံးတွင် လောင်ကျန်း ဦးဆောင်သော အထူးတပ်ဖွဲ့က မပြည့်စုံသော မူလကျောက်တုံး အပိုင်းအစ အနည်းငယ်ကို ပြန်လည်၍ ယူဆောင်လာနိုင်ခဲ့ပြီး၊ ကျန်အပိုင်းအစ အနည်းငယ်ကတော့ အမေရိကန်အဖွဲ့၏ လက်ထဲတွင် ရှိနေခဲ့သည်။
ကျန်ရှိနေသော အပိုင်းများက ကျယ်ပြောလွန်းသော ပင်လယ်ဝါထဲ၌ လွင့်စင်နေခဲ့လေသည်။
“ဒါဆို လောင်ကျန်းနဲ့ သူ့ရဲ့လူတွေက ဘာနဲ့ တွေ့ခဲ့ကြတာလဲ”
ရှန်ကျစ်ဟူက အလွန်ပင် စိတ်ရှုပ်ထွေးနေမိ၏။ ပုံမှန်တပ်ဖွဲ့ဝင်များနှင့် လက်နက်အမြောက်အမြားကို ရှိနေပါလျက်နှင့် အဘယ်ကြောင့် ဤမျှအထိ အကျအဆုံး များခဲ့ရသနည်း။
ဘယ်လိုအရာကများ အဲဒီလောက်အထိ အစွမ်းထက်နေရတာလဲ။
ခေါင်းဆောင်များက ဤအချက်အပေါ်တွင် ဝေဝါးစွာသာ ပြောဆိုကြသောကြောင့် ဤသည်က သူက မသိသင့်သော လျှို့ဝှက်ချက်ဖြစ်ကြောင်းကို ရှန်ကျစ်ဟူ နားလည်လိုက်ပေသည်။
သူ မကျေနပ်သော်လည်း အမိန့်ကို နာခံရသော စစ်သားတစ်ဦး၏ သဘာဝအတိုင်းသာ ငြိမ်သက်နေရုံသာတတ်နိုင်တော့သည်။
မူလကျောက်တုံးကို သေတ္တာထဲသို့ ပြန်ထည့်ပြီးနောက် လီကျွင်းက တခြားသူများကို ပြောလိုက်လေ၏။
“တိကျတဲ့ ရလဒ်တွေကို နောက်ဆုံး သုံးရက်အတွင်းစီစဉ်ပြီး ခင်ဗျားတို့ကို အသိပေးပါ့မယ်”
သူ၏ မျက်လုံးများက အလွန်အမင်းစိတ်အားထက်သန်နေဆဲပင်။
“ဒီမူလကျောက်တုံးနဲ့ ပင်လယ်ဝါက ယူလာတဲ့ အပိုင်းအစတွေနဲ့ဆိုရင် ငါတို့ရဲ့ သုတေသနဌာနက နောက်ဆုံးတော့ အလုပ်ပိုများလာနိုင်ပြီ”
စစ်ဝတ်စုံနှင့် အမျိုးသားက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး လီကျွင်းကို ရုတ်တရက် ပြောလိုက်ပေ၏။
“ဒါနဲ့.. ရှူးယန်အသင်းက ဒီစစ်ဆင်ရေးရဲ့ သူရဲကောင်းပဲ၊ ဒီမူလကျောက်တုံးကိုလည်း ရှူးယန်အသင်းရဲ့ ခေါင်းဆောင်က ကိုယ်တိုင် အပ်နှံခဲ့တာ၊
သူ့က မူလကျောက်တုံးကြောင့် ခန္ဓာကိုယ် အရွယ်အစား ရုတ်တရက် ကြီးထွားလာတဲ့ သမီးတစ်ယောက် ရှိတယ်လို့ ကြားတယ်၊
ငါက မင်းကို သတိပေးမယ် လီကျွင်း.. သူမအပေါ် မသင့်တော်တဲ့ စိတ်ကူးတွေကို လုံးဝ မရှိစေနဲ့”
လူတိိုင်းက တစ်ဦးနှင့်တစ်ဦး ကြာမြက့်စွာဆက်ဆံလာသော ဝါရင့်ပုဂ္ဂိုလ်များပင် ဖြစ်ကြသည်။
လီကျွင်းက မည်သည့်အတွေးကိုတွေးနေသည်ကို သူတို့ ခန့်မှန်းရန်ပင် မလိုပေ။
သုတေသနဌာန၏ လျှို့ဝှက်လုပ်ဆောင်မှုများကို သူတို့အားလုံးက သဘောမကျသော်လည်း ဌာနသုံးခုက အချင်းချင်း ထိန်းကျောင်းနေကြခြင်း ဖြစ်၏။
သူတို့က တားဆီးချင်လျှင်ပင် သုတေသနဌာန၏ အတွင်းရေးများအထိ ဝင်ရောက်စွက်ဖက်ရန် မတတ်နိုင်ကြပေ။
လီကျွင်း၏ မျက်နှာက ကြင်နာတတ်သော အဘိုးအိုတစ်ဦးကဲ့သို့ ပြုံးနေဆဲပင်။
သူက လက်ကို ဝေ့ယမ်းလိုက်ပြီး
သူက မတရားစွပ်စွဲခံရသကဲ့သို့ သူက ထိုသို့မလုပ်ပါကြောင်း အကြိမ်ကြိမ် ပြောနေလေသည်။
ထို့နောက် ရှန်ကျစ်ဟူက ရှူးယန်အသင်းကို အထူးစစ်ဆင်ရေး တပ်ဖွဲ့တွင် ထည့်သွင်းရန် စီစဉ်နေကြောင်းကို ပြောခဲ့၏။
အထက်လူကြီးများက သဘောတူခွင့်ပြုပြီးနောက်တွင် သူက အစည်းအဝေးခန်းမထဲမှ ထွက်ခွာလာခဲ့ပြီး ရှူးယန်အသင်းနှင့် တခြားသူများအတွက် မြို့တော် B ၏ အထောက်အထားကတ်ပြားများနှင့် ရမှတ်ကတ်များကို ရရှိရန်အတွက် သတင်းအချက်အလက်ဗျူရိုသို့ သွားရန် ပြင်ဆင်လေတော့သည်။
ထိုသို့ မသွားမီ သူက လောင်ကျန်း၏ အဖွဲ့က မည်သည့်လူနာဆောင်တွင် ရှိနေသည်ကို သိရှိရန် အခြေစိုက်စခန်း ဆေးရုံသို့ သွားရောက်ခဲ့သေး၏။
ရင်းနှီးပြီးသား အသင်းဖော်တချို့က ပင်ပန်းနွမ်းနယ်နေသော ပုံစံဖြင့် လူနာဆောင်တံခါးဝတွင် စောင့်နေကြလေသည်။
သူ့ကို မြင်ချိန်တွင် သူတို့ အားလုံးက ထရပ်လိုက်ကြ၏။
သူတို့တွင် ဒဏ်ရာ အမျိုးမျိုး ရှိနေကြလေ၏။ သို့သော်လည်း အသင်းဖော်ထဲမှ အများစုက ဒဏ်ရာ ပြင်းထန်လွန်းသောကြောင့် လူနာဆောင်ထဲတွင် လဲလျောင်းနေရဆဲပင်။
“ခေါင်းဆောင်ကျန်းက ကျွန်တော်တို့ကို အကာအကွယ်ပေးဖို့ ရှေ့ဆုံးကနေ ရပ်တည်ခဲ့တာ၊
သူရဲ့ဒဏ်ရာကအပြင်းထန်ဆုံးပဲ၊ ဆရာဝန်ဆီက ကြားရတာကတော့ သူ့ရဲ့ ဘယ်ဘက်လက်နဲ့ ဘယ်ဘက်ခြေထောက် တစ်ခုလုံးကို ဖြတ်ပစ်ရမယ်တဲ့၊ခေါင်းဆောင် ကျန်း...”
လူငယ်လေးက ပြောရင်းနှင့် သူ၏ မျက်ဝန်းများက နီရဲလာ၍ ဆက်မပြောနိုင်တော့ပေ။
စစ်မြေပြင်တွင် မျက်တောင်တစ်ချက် မခတ်ဘဲ တိုက်ပွဲဝင်ခဲ့ရသော စစ်သားတစ်ဦးက ယခုအချိန်တွင် လူနာဆောင်ရှေ့တွင် မျက်ရည်များကို သုတ်နေရရှာသည်။
ရှန်ကျစ်ဟူ၏ မျက်နှာက ပို၍ မည်းမှောင်သွားပြီး ရင်ထဲတွင် လေးလံသော ကျောက်တုံးကြီးတစ်ခုကို တင်ထားသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ သူငယ်ချင်းဟောင်းတွင် ဒဏ်ရာပြင်းထန်လိမ့်မည်ဟု သူ ခန့်မှန်းထားသော်လည်း ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
စစ်သားတစ်ဦးအတွက် အဆိုးရွားဆုံးအရာက စစ်မြေပြင်သို့ သွားခွင့် ဆုံးရှုံးသွားရခြင်းပင် ဖြစ်သည်။
အထူးသဖြင့် လောင်ကျန်းကဲ့သို့ စိတ်ဓာတ်ခိုင်မာသူတစ်ဦးအတွက် ပို၍ ဆိုးရွားလွန်းပေသည်။
သူက အောက်ဆီဂျင်မျက်နှာဖုံးကို တပ်ဆင်ထားပြီး မုန့်ထုပ်ကြီးများကဲ့သို့ ပတ်တီးများကို စည်းထားသော လူနာဆောင်ထဲမှ သူ၏ အသင်းဖော်များကို တစ်ချက်ကြည့်ကာ တိတ်တဆိတ်ပင် ဆေးရုံမှ ထွက်ခွာလာခဲ့လေတော့သည်။
ကျင်းယန်နှင့် ယင်ရိလျိုတို့က သုတေသနဌာနသို့ ပြန်ရောက်လာချိန်တွင် ကျောင်းမောင်နှမက သုတေသနပညာရှင်တချို့နှင့် ရယ်မောနောက်ပြောင်နေကြသည်ကို တွေ့ရ၏။
ထိုပညာရှင်များက ထိုမောင်နှမနှစ်ဦးကို ငယ်ရွယ်ပြီး လှည့်စားရလွယ်သည်ဟု ထင်မှတ်ပုံရ၍ တစ်စုံတစ်ရာကို စုံစမ်းရန် ကြိုးစားနေကြခြင်းဖြစ်ပေသည်။
ကျင်းယန် ရောက်လာသည်ကို မြင်သောအချိန်တွင် လူတိုင်းက အပြုံးဖြင့် နှုတ်ဆက်ကြ၏။
ယမန်နေ့ညက သူတို့ကို တည်းခိုရန် နေရာပြပေးခဲ့သော ရွမ်ဝေ့ရှန်က အဖွဲ့၏ ရှေ့ဆုံးတွင် ရှိနေပေသည်။
သူ၏ စကားအပြောအဆို ကျွမ်းကျင်မှုကို ကြည့်ပြီး ယင်ရိလျို စိတ်ထဲမှ တိတ်တဆိတ် သတိကြီးစွာထားလိုက်မိ၏။
ကြည့်ရသည်မှာ ဤလူက သူ၏ အပြင်ပိုင်း ပုံပန်းသဏ္ဌာန်ကဲ့သို့ အန္တရာယ်ကင်းသူတစ်ဦး မဟုတ်ပေ။
သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် ဤသည်က သဘာဝကျပေသည်။
အကယ်၍ သုတေသနဌာနဟူသည်က ဝံပုလွေနှင့် ကျားများ၏ အောင်းအောင့်ရာ ဂူတစ်ခုဖြစ်လျှင်၊ ဤကဲ့သို့သော နေရာမျိုး၌ အလယ်အလတ် သို့မဟုတ် အထက်တန်း စီမံခန့်ခွဲသူ အဆင့်အထိ တက်လှမ်းနိုင်သူတစ်ဦးက အဘယ်ကြောင့် အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးကဲ့သို့ ရိုးအနေပါမည်နည်း။
ရှူးယန်အသင်းက သုတေသနဌာနမှ မကြာမီ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်းကို သိလိုက်ရသောအချိန်တွင် ရွမ်ဝေ့ရှန်၏ မျက်နှာတွင် နှမြောသည့် အရိပ်အယောင်များ ပေါ်လာ၏။
“အပြင်လောက,က ဘယ်လိုရှိလဲဆိုတာကို ခင်ဗျားတို့ကို ပိုပြီး မေးချင်သေးတာ၊ အခုတော့ ခင်ဗျားတို့က ထွက်သွားကြတော့မယ်၊
ဒါပေမဲ့ အထူးတပ်ဖွဲ့မှာဆိုရင်တော့ ကျွန်တော်တို့ တွေ့ဆုံဖို့ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ”
ကျင်းယန်က နှစ်ခွန်းခန့် ပြန်လည်တုံ့ပြန်လိုက်ပြီး ဟုန်ယင်အသင်း၏ ခေါင်းဆောင် လျို့ဝေ့ဟုန်နှင့် ပခုံးချင်း တိုက်လိုက်လေသည်။
သူတို့နှစ်ဦးက အလွန်ရင်းနှီးသူများ မဟုတ်ကြသော်လည်း မြို့တော် Z မှ အတူတူလာခဲ့ကြသူများဖြစ်ပြီး မစ်ရှင်များ၏ အတူပြုလုပ်ခဲ့ကြသူများပင် ဖြစ်သောကြောင့် တစ်ဦးကိုတစ်ဦး လေးစားကြသည်။
“မင်းတို့တွေ ဒီမှာပဲ နေတော့မယ်ဆိုတာကို ငါက သိနေသားပဲ၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြပါ၊
တကယ်လို့ ဒီမှာ နေရတာက အရမ်းပင်ပန်းလာရင်တော့ ပြန်လာခဲ့ကြပေါ့၊ ဗိုလ်ချုပ်လီက မင်းတို့ကို သေချာပေါက် ကြိုဆိုနေပါလိမ့်မယ်”
လျို့ဝေ့ဟုန်က ပြောလေ၏။
ထိုအချိန်တွင် ယဲ့ဟောင်ယွမ်က သူ၏လက်များကို အိတ်ကပ်ထဲ ထည့်လျက် ဘေးနားတွင် ရပ်နေခဲ့သည်။
ရုတ်တရက် သူက ခေါင်းငုံ့လိုက်ပြီး ယင်ရိလျို၏ အနားသို့ တိုး၍ မိန်းကလေးကို အကဲခတ်ကြည့်လိုက်ပေ၏။
ဂရုမစိုက်သော အမူအရာနှင့် မျက်နှာတစ်ခုက ရုတ်တရက် ပေါ်လာသောကြောင့် ယင်ရိလျိုတစ်ယေ်က် လန့်သွားရပြီး သူမ၏ နားရွက်လေးများက ထောင်သွားခဲ့လေသည်။
ဤသည်ကို မြင်သောအချိန်တွင် ယဲ့ဟောင်ယွမ်က တဟားဟားရယ်မောလိုက်ပေ၏။
“သူက အရပ်တော့ ရှည်လာပေမဲ့ ကြောက်တတ်တာကတော့ အရင်အတိုင်းပဲ”
ထိုအခိုက်တွင် သူ၏ ခေါင်းဆောင်နှင့် စကားပြောနေသော ကျင်းယန်ထံမှ စူးရှသောအကြည့်ကို ခံစားလိုက်ရသောကြောင့် သူ၏ ကျောရိုးထဲအထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရ၍ မနေနိုင်ဘဲ နှုတ်ခမ်းစူလိုက်မိသည်။
သမီးကို တုန်နေအောင်ချစ်တဲ့ အဖေပဲ!
ကလေးရူး ရူးနေတဲ့ လူကြီးပဲ!
မကြာခင် တစ်ယောက်ယောက်က သူ့ရဲ့ အဖိုးတန်သမီးလေးကို ခိုးသွားတဲ့အချိန်ကျရင် ထိုင်ငိုနေရဦးမယ်!