← Chapters

အခန်း (၁၈၃)

Vol. 19 Ch. 183

အခန်း (၁၈၃)

Vol. 19 Ch. 183

သူတို့ငှားထားသော အိမ်ဝင်းက အတော်လေး ကျယ်ဝန်းလွန်းပြီး အထဲဘက်ရှိ အသုံးအဆောင်များကလည်း အလွန်ပင် ကောင်းမွန်လွန်းသည်။

မူလပိုင်ရှင်က အတော်လေး အနုပညာရသကို မြတ်နိုးသူတစ်ဦးပင် ဖြစ်လိမ့်မည်ပင်။

အိမ်ဝင်းထဲသို့ ဝင်လိုက်ချိန်တွင် ပေါင်းပင်များဖြင့် ပြည့်နှက်နေသော ခြံဝင်းကြီးတစ်ခုကို တွေ့ရသည်။

ဟေးလန်က ခြံဝင်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွား၍ နှစ်ပတ်မျှ ပတ်ကြည့်လိုက်ပြီး ဤနေရာကို အလွန်ပင် သဘောကျကြောင်းကို ပြသနေလေသည်။

အခန်းက အတော်လေးသန့်ရှင်းနေပြီး တစ်ယောက်ယောက်က ပုံမှန် လာရောက်၍သန့်ရှင်းရေးကို လုပ်ပေးပုံရ၏။

သို့သော်လည်း လူတိုင်းက အတွင်းအပြင်ကို ထပ်မံ၍ သန့်ရှင်းရေး လုပ်ခဲ့ကြသည်။

အခန်းတွင် ပြဿနာမရှိကြောင်းကို အတည်ပြုပြီးနောက်တွင်မှသာ ယင်ရိလျိုက သူမ၏ နေရာလွတ်ထဲမှ လူသုံးကုန်ပစ္စည်းများကို စိတ်လှုပ်ရှားစွာဖြင့် ထုတ်ယူလိုက်တော့သည်။

သူတို့က တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေကြပြီး မည်သည့် အခြေစိုက်စခန်းတွင်မျှ ကြာရှည်စွာ မနေထိုင်ကြသော်လည်း၊ ဤနေရာက သူတို့အတွက် အကောင်းဆုံး နေစရာနေရာ ဖြစ်နေခဲ့သည်ပင်။

သူမ ဤနေရာကို မည်မျှ သဘောကျနေသည်ကို မြင်ချိန်တွင် ကျင်းယန်က ရုတ်တရက် ပြောလိုက်ပေ၏။

“ငါတို့က နောက်ပိုင်းကျရင် ဒီနေရာကို ဝယ်လိုက်လို့ရတယ်၊ ပြီးရင် ..”

သူက စကားကို ရုတ်တရက် ရပ်လိုက်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွား၏။

ဤနေရာကို ဝယ်ယူပြီးနောက် ဘဝက မည်သို့ရှိလာမည်နည်းဆိုသည်ကို သူက တွေးတောနေပုံရလေသည်။

ယင်ရိလျိုက ခေါင်းမော့ကြည့်ကာ သူ၏ အကြည့်နှင့် ဆုံလိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလေ၏။

“တကယ်လို့ ကျွန်မတို့သာ ဒီနေရာကို ဝယ်လိုက်ရင် ကျွန်မတို့က ဘေဂျင်းမှာ အိမ်ဝင်းတစ်ခု ပိုင်တဲ့သူတွေ ဖြစ်သွားမှာပေါ့!”

ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤသည်က ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်း၏ ပြယုဂ်ဖြစ်ပြီး သူမ၏အနေဖြင့် အိပ်မက်ပင် မမက်ရဲခဲ့သောအရာပင်ဖြစ်ပေသည်။

အိမ်ထဲသို့ ပစ္စည်းများကို သယ်နေသော ကျောင်းချီယန်က ထိုစကားကိုကြားလျှင် ရုတ်တရက် အနားသို့တိုးလာပြီး အရပ်ပုသည့်မိန်းကလေးကို ကြည့်ကာ အပြုံးတစ်ခုနှင့် စနောက်လိုက်လေ၏။

“ကျင်းကောကို ဝယ်ခိုင်းလိုက်လေ၊ ဒီနေရာက မင်းရဲ့အတွက် တင်တောင်းစရာ ဖြစ်လာမှာ”

အိမ်ထဲမှ ကျောင်းစီဟွေ့က သူ၏မျက်နှာကို အဝတ်စုတ်ဖြင့် လှမ်းပစ်လိုက်သည်။

“စနောက်မနေနဲ့၊ လာပြီး ကျားကျဲကို ပစ္စည်းသယ်ကူဦး”

ယင်ရိလျိုက သူ့ကို မျက်နှာပြောင်ပြလိုက်ပြီး အိမ်ထဲသို့ ခုန်ပေါက်၍ ဝင်သွားလေ၏။

ကျောင်းချီယန်က စနောက်နေခြင်းသာ ဖြစ်သော်လည်း ကျင်းယန်၏ စိတ်ထဲတွင် တစ်ချက် တုန်လှုပ်သွားရပြန်သည်။

သူက ခုန်ပေါက်၍ပြေးလွှားနေသော မိန်းကလေး၏ ကျောပြင်ကို ကြည့်နေမိ၏။

အဘယ်ကြောင့်မှန်းမသိသော်လည်း ယုန်လေး၏ ခန္ဓာကိုယ် ကြီးထွားလာပြီးကတည်းက သူ စိုးရိမ်ရမည့် ပြဿနာမှာ ကလေးကို မည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်နည်း ဆိုသည်မှ ချစ်မှုရေးရာနှင့် အိမ်ထောင်ရေးကိစ္စများဆီသို့ ပြောင်းလဲသွားခဲ့ရသည်။

ဤသည်က သူ့ကို အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။

သူနှင့် နေ့တိုင်း အတူရှိနေသော အသင်းသားများပင် ယုန်လေးနှင့် အလွန်နီးကပ်နေလျှင် တိတ်တဆိတ် မနာလိုဖြစ်မိတတ်လာသည်။

မည်သူမှန်းမသိသော အမျိုးသားတစ်ဦးက ဤယုန်လေးကို ခိုးယူသွားမည်ဆိုလျှင်..

သူ တွေးပင်မတွေးနိုင်တော့ပေ။

သူတို့က ပစ္စည်းများကို သိမ်းဆည်းပြီးနောက် တံခါးကိုပိတ်၍ ပစ္စည်းတချို့ကို ဝယ်ယူရန် အပြင်သို့ ထွက်ရန် ပြင်ဆင်ကြသည်။

ဟေးလန်က ယခုအချိန်တွင် မတ်တပ်ရပ်လျှင် နှစ်မီတာကျော် မြင့်နေပြီဖြစ်၍ အခြေစိုက်စခန်း၏ ဈေးလမ်းမပေါ်သို့ လိုက်ပါရန် မသင့်တော်တော့ပေ။

သာမန်ပြည်သူများအကြားတွင် ထိတ်လန့်မှု သို့မဟုတ် ရုတ်ရုတ်သဲသဲ ဖြစ်မှုများကို ဖြစ်ပေါ်လာစေနိုင်သည်။

သူက သူ၏ မကျေနပ်မှုကို ပြသရန်အတွက် အမြီးကို အဆက်မပြတ်လှုပ်ရမ်းနေခဲ့သည်။

ယင်ရိလျိုက အရသာရှိသော အစားအစာများကို ပြန်ယူလာပေးမည်ဟု အကြိမ်ကြိမ် ကတိပေးပြီးမှသာ သူက အိမ်စောင့်ရန်အတွက် ခြံထဲတွင် စိတ်ကောက်စွာနှင့် ထိုင်ကျန်ရစ်ခဲ့တော့သည်။

ကျောင်းစီဟွေ့နှင့် လင်းကျားတို့က အတူ သွားလာနေခဲ့ကြပြီး ကျောင်းချီယန်ကတော့ လူစုထဲမှ ခွဲသွားခဲ့သည်။

ယင်ရိလျိုက ပုံမှန်ကဲ့သို့ပင် ကျင်းယန်နှင့်အတူ လိုက်ပါလာခဲ့၏။

သူမက ကျင်းယန်၏ လက်ချောင်း သုံးချောင်းကို ဆုပ်ကိုင်ထားလေသည်။

အရပ်ရှည်လာခြင်း၏ အားသာချက်က သူမ၏ ခြေတံများကလည်း ရှည်လာခြင်းပင်။

ကျင်းယန်၏ ခြေတံရှည်ကြီးများကို မမီနိုင်သေးသော်လည်း သူမက အလွန်ပင် ကျေနပ်နေခဲ့သည်။

မြို့တော် B အခြေစိုက်စခန်းတွင် ပစ္စည်းများ အလွန်စုံလင်လွန်းပြီး သူတို့တွင်လည်း ရမှတ်များစွာ ရှိနေသည်။

ယင်ရိလျိုက အပြင်ဘက်တွင် သုံးစွဲခဲ့သော ပစ္စည်းများကို ပြန်လည်၍ ဖြည့်တင်းနေပြီး လူသူကင်းရှင်းသော ထောင့်တစ်နေရာတွင် နေရာလွတ်ထဲသို့ ထည့်သွင်း၍ တခြားပစ္စည်းများကိုလည်း ဆက်လက်၍ ဝယ်ယူခဲ့လေသည်။

သူတို့က ကြီးမားသောစူပါမားကတ် တစ်ခု၏ရှေ့မှ ဖြတ်သွားချိန်တွင် ကျင်းယန်က သူမကို အထဲသို့ ခေါ်သွားခဲ့၏။

ဤစူပါမားကတ်က ယင်ရိလျို မှတ်မိထားသည်နှင့် ကွဲပြားနေခဲ့သည်။

အပြင်ဘက် ဆိုင်ခန်းက အတော်ပင် ကြီးမားပုံရသော်လည်း၊ အထဲသို့ ရောက်သောအချိန်တွင် ရှေ့တန်းကောင်တာကဲ့သို့ နေရာကျဉ်းကျဉ်းလေးသာ ရှိပြီး

တခြားနေရာများကို လိုက်ကာများဖြင့် ဖုံးအုပ်ထားသည်။

ဧည့်သည်များက ရောက်ရှိလာသည်ကို မြင်ချိန်တွင် ဧည့်ကြိုဝန်ထမ်းက မေးလာလေ၏။

“ဘာများ ကူညီပေးရမလဲ”

“အဝတ်အစား”

ကျင်းယန်က သူ၏ဘေးနားရှိ မိန်းကလေးကို တစ်ချက်ကြည့်၍ ပြောလိုက်ပေသည်။

“သူမ ဝတ်လို့ရမယ့် အဝတ်အစားတွေ လိုချင်တယ်”

သူတို့နှစ်ဦး ဆိုင်ထဲမှ ပြန်ထွက်လာချိန်တွင်တော့ ယင်ရိလျိုက ဂါဝန်လေးတစ်ထည်ကို လဲလှယ်ဝတ်ဆင်ထားပေပြီ။

ကျင်းယန်၏ သန်မာသော လက်ထဲတွင် ထုပ်ပိုးထားသော အိတ်များစွာကို ဆွဲကိုင်ထားပြီး သူတို့၏နောက်ကွယ်မှ ဆိုင်ရှင်ကလည်း နောက်လည်း လာခဲ့ပါရန်ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ကျန်ရစ်ခဲ့လေသည်။

ယင်ရိလျိုက သူမက ဝတ်ဆင်ထားသော မင်းသမီးစတိုင် ဂါဝန်လေးကို ငုံ့ကြည့်လိုက်၏။

ဤသည်က ကျင်းယန်၏ အနှစ်သက်ဆုံးပုံစံဖြစ်ကြောင်းကို သိသာလွန်းသည်။

သူ သယ်ဆောင်လာသော အိတ်ကြီးအိတ်ငယ်များကို ကြည့်ပြီး သူမက ခပ်တိုးတိုး ပြောလိုက်မိ၏။

“ကျွန်မအတွက် အဝတ်အစားတွေက ဒီလောက်အများကြီး မလိုပါဘူး၊

ဒေါက်တာခုန်းက ကျွန်မကို ကြီးထွားနှုန်း မြန်တယ်လို့ ပြောထားတာလေ၊ ဒါတွေက ခဏပဲ ဝတ်ရမှာလေ”

“ကြာကြာမဝတ်ရဘဲနဲ့ ဒါတွေက အလကားဖြစ်ကုန်တော့မှာ”

ကျင်းယန်က ယုန်လေး၏ ခေါင်းကို ပွတ်သပ်ပေးရန်အတွက် လက်မအားခဲ့သော်လည်း သူ့ဘေးနားမှ မိန်းကလေး၏ ဆူပုတ်ပုတ် နှုတ်ခမ်းလေးကို ကြည့်၍ ညင်သာစွာ ပြောဆိုလိုက်ပေ၏။

“အလကားမဖြစ်ပါဘူး”

သူက တခြားမည်သည့်စကားကိုမှ ချိုသာစွာ မပြောခဲ့သော်လည်း ယင်ရိလျို၏ နှလုံးသားက အလိုအလျောက် အခုန်မြန်လာရပြန်သည်။

သူမက ခေါင်းကို ငုံ့ထားလိုက်မိ၏။

သူမ၏ ခုခံနိုင်စွမ်းက တဖြည်းဖြည်း လျော့နည်းလာနေခဲ့ပေပြီ။

ကျင်းယန်က သူမ၏ အတွေးများကို မသိဘဲ သူ သယ်ဆောင်လာသော ကလေးများအတွက် ကယ်လ်ဆီယမ်အားဆေး နှင့် နွားနို့ဦးရည် အာဟာရမှုန့် များကို ကြည့်၍ကာ စဉ်းစားခန်းဝင်နေခဲ့၏။

ဤပစ္စည်းများကို ဝယ်ယူချိန်မှာပင် အခြေစိုက်စခန်းရှိ စူပါမားကတ်များက မည်သို့ လည်ပတ်နေသည်ကို သူ အကြမ်းဖျင်း နားလည်သွားရသည်။

ဤစူပါမားကတ်များက ပုဂ္ဂလိကပိုင် မဟုတ်ဘဲ အရင်းအမြစ် ထိန်းချုပ်မှုက အထက်လူကြီးများ၏ လက်ထဲတွင်သာ ရှိနေခဲ့သည်။

ထို့ကြောင့်ပင် ဤနေရာက ပစ္စည်းမျိုးစုံကို ရရှိနိုင်သော ရတနာသိုက်တစ်ခုနှင့်ပင် တူနေခြင်း ဖြစ်ပေသည်။

ကလေးများအတွက် ကယ်လ်ဆီယမ်အားဆေးကို ဝယ်ယူချိန်က သူက သာမန်ကာလျှံကာပုံစံမျိုးဖြင့် မေးလိုက်၏။

“ဒီမှာ အကုန်လုံးကို ရောင်းတာလား”

ဆိုင်ရှင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်

ပြောခဲ့လေ၏။

“ကျွန်တော်က ခင်ဗျားကို ဘာလို့ လိမ်ရမှာလဲ၊ ခင်ဗျား ဝယ်ချင်တာက လနဲ့ ကြယ်တွေသာ မဟုတ်ရင် ကျွန်တော့်ရဲ့ ကုန်သည်က အကုန်ရအောင် ရှာပေးနိုင်တယ်”

ကျင်းယန်က ဤစကားကို စောင့်နေခြင်းပင် ဖြစ်ပေ၏။ သူ၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားပြီး မေးလိုက်လေသည်။

“ဒါဆို ဆင့်ကဲပြောင်းလဲသူတွေအတွက် အထူးဆေးတွေကိုရော ဒီမှာ ဝယ်လို့ရမလား”

ဆိုင်ရှင်က သူ ဝယ်ချင်သောပစ္စည်းကြောင့် အံ့အားသင့်သွားပြီး ကျင်းယန်ကို သံသယဖြင့် ကြည့်၍ သတိထားစွာ ပြောလာသည်။

“ခင်ဗျားက ဒီဆေးရဲ့အကြောင်းကို သိနေမှတော့ ဒါက ထုတ်လုပ်မှု အရမ်းနည်းပြီး အထူးအဆင့်အတန်းနဲ့ အထူးလမ်းကြောင်းတွေကပဲ ဝယ်လို့ရတာဆိုတာကို သိမှာပေါ့”

“တခြားလမ်းကြောင်းကနေ ဝယ်လို့ရရင် ကျွန်တော်က ခင်ဗျားကို မေးနေပါ့မလား”

ထိုစကားကို ကြားမှ ဆိုင်ရှင်က အနည်းငယ် စိတ်လျှော့သွား၏။

အထူးဆေးများက လိုအပ်ချက် များပြားလွန်းပြီး ချမ်းသာသူ အတော်များများပင် မည်သည့်နေရာတွင် ဝယ်ရမည်ကို မသိကြပေ။

“ကျွန်တော် သံသယဖြစ်မိတာကို စိတ်မရှိပါနဲ့၊ တကယ်တော့ ဒါကို ရဖို့က သိပ်မခက်ပါဘူး၊

ကျွန်တော့်ကိုရမှတ် အလုံအလောက်ကို ပေးနိုင်ရင် ကျွန်တော် ရအောင် ရှာပေးနိုင်တယ်၊

ဒါပေမဲ့.. သီးသန့် အရောင်းအဝယ် လုပ်တာက အခြေစိုက်စခန်းရဲ့ စည်းကမ်းကို ဖောက်ဖျက်တာပဲ၊

အပြင်ကို သတင်းပေါက်သွားရင် ကျွန်တော်တင်မကဘူး ခင်ဗျားကလည်း ဒုက္ခရောက်လိမ့်မယ်”

ကျင်းယန်က ခေါင်းကိုညိတ်ပြလိုက်လေ၏။

“ကျွန်တော်ကနားလည်ပါတယ်၊ ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်ပြီး တစ်ယောက်လိုတာကို တစ်ယောက်ပေးကြတာပေါ့”

ဆိုင်ရှင်က ကျေနပ်စွာ ပြုံးလိုက်လေသည်။ ဤဝယ်လက်က အတော်လေး နားလည်ပုံရပြီး ဤအရောင်းအဝယ်ကလည်း အတော်လေး ကြီးမားလိမ့်မည်ဟု သူ သိလိုက်၏။

ထိုဆိုင်ရှင်၏ ပြောစကားအရ သူ၏ ကုန်သည်နှင့် သုတေသနဌာန၏ ဒုဥက္ကဋ္ဌက ဆွေမျိုးတော်စပ်သူများပင် ဖြစ်ကြသည်။

ကျင်းယန်အပြင် ရမှတ်မရှားပါးသော တခြား ဆင့်ကဲပြောင်းလဲသူ အဖွဲ့တချို့ကလည်း ထိုသူ့ထံမှ အထူးဆေးများကို ဝယ်ယူကြသည်ဟု ပြောခဲ့လေ၏။

ဈေးနှုန်းက အနည်းငယ် ကြီးမြင့်သော်လည်း ဒုဥက္ကဋ္ဌကိုယ်တိုင် တိုက်ရိုက် ထုတ်ယူပေးနိုင်သောကြောင့် ဆယ်ရက် သို့မဟုတ် လဝက်ခန့် စောင့်ဆိုင်းနေရန် မလိုပေ။

ထို့အပြင် မြို့တော် B အခြေစိုက်စခန်းတွင် အထူးဆေးအမျိုးအစားက တစ်မျိုးတည်း ရှိသည်မဟုတ်ပေ။

ကျင်းယန်က မြင်ဖူးသော ရွှေရောင်အရည်အပြင် တခြား အမျိုးအစား နှစ်မျိုးရှိသေးပြီး ထိုဆေးတို့၏ အာနိသင်က တူညီကြသည်။

သူ၏ ပြောပြချက်အရ လက်ရှိ ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းအင်က စွမ်းအားများက တဖြည်းဖြည်း မြင့်တက်လာနေပြီး အပြင်ဘက်ရှိ သန္ဓေပြောင်းသတ္တဝါများကလည်း ပို၍ အစွမ်းထက်လာကြသည်။

အစောပိုင်းက အခြေစိုက်စခန်းတွင် ပျံ့နှံ့နေသော အထူးဆေးများက အာနိသင်က သိသာစွာ ထူးခြားခဲ့သော်လည်း ယခု အပြောင်းအလဲများ ဖြစ်ပေါ်လာချိန်တွင် ထိုအစွမ်းထက်ဆေးများ၏ အာနိသင်က လျော့နည်းလာကြောင်းကို တွေ့ရှိလာကြ၏။

ရလဒ်အနေဖြင့် ဆေး၏ ဈေးနှုန်းက ကျဆင်းသွားခဲ့သည်။

ထိပ်တန်း ဆင့်ကဲပြောင်းလဲသူ အများအပြားအတွက် ဤအဆင့်ရှိသော အထူးဆေးများက အသုံးမဝင်တော့သောကြောင့် ဈေးနှုန်းက ကျဆင်းသွားခြင်း ဖြစ်၏။

“ဆေးရုံမှာရှိတဲ့ ကျွန်တော့်ရဲ့ဆွေမျိုး ပြောတာကတော့ သူတို့ရဲ့ ဌာနကနေ ဒုတိယမျိုးဆက် အထူးဆေးအသစ်ကို တီထွင်တော့မယ်တဲ့၊

အဲဒါက ထွက်လာရင်တော့ ဆေးရဲ့ အာနိသင်က အများကြီး ပိုကောင်းလာမှာဖြစ်ပြီး ဈေးနှုန်းကလည်း ပြန်တက်လာမှာ သေချာတယ်၊

ခင်ဗျားက ခုလို ဈေးပေါတုန်း ဝယ်လိုက်ရတာက ကံကောင်းတာပဲ၊

ဒုတိယမျိုးဆက်ဆေးက ထွက်လာတဲ့အထိ စောင့်မယ်ဆိုရင်တော့ ပိုက်ဆံရှိရင်တောင် ဝယ်လို့ရချင်မှ ရတော့မှာ!”

All Chapters