အခန်း (၁၉၀)
Vol. 19 Ch. 190
မကြာမီအချိန်တွင်တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးသွားသော စမ်းသပ်ခံပုဂ္ဂိုလ် နှစ်ဦးကို လက်ပြန်ကြိုးတုပ်လျက် ပြန်လည်၍ ခေါ်ဆောင်လာကြ၏။
တစ်ဦးက ရင်ဘတ်တွင် “
နံပါတ် (၁) ဟု ရေးထိုးထားသော အဘိုးအိုဖြစ်ပြီး လမ်းတစ်လျှောက် ကျယ်လောင်စွာ ဆဲဆိုကြိမ်းမောင်းလာလေသည်။
တခြားတစ်ဦးက နံပါတ် (၇) ဟု ရေးထိုးထားသော ဆယ်ကျော်သက်အရွယ် မျက်မမြင်မိန်းကလေးငယ် ဖြစ်ပြီး၊ ခြေလှမ်းအနည်းငယ်မျှ ပြေးပြီးနောက်မှာပင် ပြန်လည်၍ ဖမ်းဆီးခြင်း ခံလိုက်ရခြင်း ဖြစ်၏။
တံခါးကို မည်သူက ဖွင့်ပေးသနည်းဟု လီကျွင်းက မေးသောအချိန်တွင် အဘိုးအိုက ရယ်မောလျက် လီကျွင်း၏ မျက်နှာပေါ်သို့တံတွေးနှင့် ထွေးခဲ့လေသည်။
သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် လှောင်ပြောင်သည့်အမူအရာတို့ပေါ်လလော၏။
သူတို့က တိတ်တ်ဆိတ်နေကြပြီး မည်သည့်စကားကိုမျှ ထုတ်မပြောဘဲ ငြင်းဆန်နေကြလေသည်။
လီကျွင်းက ဒေါသပေါက်ကွဲလုနီးပါးပင် ဖြစ်နေသည်။
သူက ရွံရှာမှုကို အောင့်အီးလျက် လက်အောက်ငယ်သားတစ်ဦး တုန်ယင်စွာနှင့် လှမ်းပေးလာသော တဘက်ကိုယူကာ ဟိန်းဟောက်အော်ဟစ်လိုက်၏။
“လူတိုင်းကို လိုက်ရှာစမ်း! သူတို့အားလုံးကို ပြန်ဖမ်းလာခဲ့ရမယ်!”
သူက အဘိုးအို၏ မျက်နှာကို စိုက်ကြည့်ရင်း ရုတ်တရက် ရက်စက်သော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
ထို့နောက် သူ၏ လက်ထောက်ကို ပြောလိုက်လေ၏။
“နံပါတ် (၆) ကိုတော့ အခုထိ မထိနဲ့ဦး၊ နံပါတ် (၁)ကို ပိုးသတ်ဖို့ ခေါ်သွားလိုက်၊
ဒီအဘိုးကြီးကို အရင်ဆုံး အရိုးအကြောတွေ လျော့သွားအောင် လုပ်ပေးလိုက်ကြတာပေါ့”
နံပါတ် (၇) မိန်းကလေးက တုန်ယင်သွားပြီး သူမ၏ နားများကို တိတ်တဆိတ် အုပ်ထားလိုက်မိ၏။
မည်သူကမျှ စကားမပြောရဲကြဘဲ ခြေသံများက ဆူညံစွာ ထွက်ပေါ်နေသည်။
ထိုအချိန်တွင် ကျင်းယန်နှင့် တခြားသူများက ပိုးသတ်စင်္ကြံလမ်း၏ ထွက်ပေါက်တွင် ပိတ်မိနေကြသည်။
ကျင်းယန်က တံခါး၏ အထူကို တိုင်းတာလိုက်ပြီး အေးစက်စွာ ပြောလာလေ၏။
“ယုန်လေး၊ ပြုပြင်ထားတဲ့ သေနတ်ကို ထုတ်ပေးပါဦး”
ယင်ရိလျိုက သူမ၏ နေရာလွတ်ထဲမှ ကြီးမားသောသေနတ်အမျိုးအစားကို ချက်ချင်းပင် ထုတ်ပေးလိုက်ပေသည်။
ကျင်းယန်က ဤသည်ကို လက်တစ်ဖက်ဖြင့် မ၍ ယင်ရိလျိုကို အဝေးတွင် ရပ်ခိုင်းပြီးနောက် တံခါးကို ပစ်ခွဲလိုက်လေတော့သည်။
ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးက သူတို့ ဤနေရာတွင် ရှိနေကြောင်းကို လူတိုင်းကို အသိပေးလိုက်သကဲ့သို့ပင်။
ယင်ရိလျို၏ နားလေးများက အနည်းငယ် လှုပ်ခတ်သွား၏။
လျင်မြန်စွာ နီးကပ်လာနေသော ခြေသံများနှင့် အော်ဟစ်သံများကို သူမ ကြားနေရသည်။
“ပိုးသတ်စင်္ကြံလမ်းဆီကို အမြန်သွားကြ!”
“သူ့ကို လွတ်မသွားစေနဲ့!”
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ထူထဲသည့် မီးခိုးမြူများက ပတ်ဝန်းကျင်၌ ဖုံးလွှမ်းသွား၏။
ကျင်းယန်နှင့် ယင်ရိလျိုတို့က အချိန်ဆွဲမနေရဲဘဲ ထိုပေါက်ကွဲသွားသော အပေါက်မှတစ်ဆင့် ပိုးသတ်စင်္ကြံလမ်းထဲသို့ ပြေးဝင်ခဲ့ကြသည်။
စင်္ကြံလမ်း၏ အပြင်ဘက်တွင် စင်များဖြင့် ပြည့်နှက်နေသော အေးစက်လွန်းသည့် သိုလှောင်ခန်းကြီးတစ်ခု ရှိနေ၏။
ဤနေရာတွင် အပူချိန်က အလွန်ပင် နိမ့်လွန်းသောကြောင့် ကျင်းယန် ကျောပိုးထားသော သတိမေ့နေသည့် ကျင်းရူမုန်မှာ ခေတ္တအကြာတွင် တုန်ယင်လာခဲ့သည်။
သူမက ဝတ်ရုံရှည်ကို ဝတ်ဆင်ထားဆဲဖြစ်သောကြောင့် အအေးဒဏ်ကို တိုက်ရိုက် မထိတွေ့ခဲ့သေးပေ။
သို့သော် ယင်ရိလျို၏ ရင်ခွင်ထဲမှ ကောင်လေးက ငယ်ရွယ်လွန်းသည့်အပြင် သုတေသနဝတ်စုံ ပါးပါးလေးကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်၏။
သူ၏ ခန္ဓာကိုယ်လေးက အအေးဒဏ်ကြောင့် တဆတ်ဆတ် တုန်နေသည်ကို မြင်ရသောအချိန်တွင် ယင်ရိလျိုက အလွန်ပင် သနားသွားရသည်။
ယုန်နားရွက်နှင့် မိန်းကလေးက သူမကိုယ်တိုင်ပင် အသက်သိပ်မကြီးသေးသော်လည်း၊ ကောင်လေးကို သူမ၏ ရင်ခွင်ထဲ၌ တင်းတင်းဖက်၍ ချိုသာသော စကားများဖြင့် နှစ်သိမ့်ပေးနေလေ၏။
သူမ၏ နွေးထွေးသော ခန္ဓာကိုယ် အပူရှိန်ဖြင့် ထိုကလေးကို အားပေးရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
ကောင်လေး၏ နှုတ်ခမ်းများက တုန်ယင်နေသည်ကို မြင်ရသောအချိန်တွင် သူမက သူ၏ အေးစက်နေသော လက်လေးကို ကိုင်ကြည့်လိုက်မိ၏။
အဆုံးတွင် ယင်ရိလျိုက သူမ၏ ယုန်နားရွက်လေးများကို အနည်းငယ် ဆွဲချပေးလိုက်ပြီး ကောင်လေးကိုပြောလိုက်ပေသည်။
“ကျဲရဲ့ နားရွက်လေးတွေကိုကိုင်ထားနော်၊ ဒါက နွေးတယ်”
အရှေ့မှသွားနေသော ကျင်းယန်တစ်ယောက် မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိ၏။
သူက မြင်လိုက်ရသည်မှာ ယုန်လေးက အပြုံးတစ်ခုနှင့် သူမ၏ ပန်းနုရောင် နားရွက်လေးများကို ထိုကလေးအား ကိုင်ခိုင်းနေခြင်းကိုပင် ။
သူမ၏ မျက်နှာတွင် ချိုသာသော အပြုံးလေးက ရှိနေပြီး သွယ်လျသော လက်မောင်းလေးများဖြင့် ထိုကောင်လေးကို ကာကွယ်ပေးထားသည်။
သူက ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်သွားရ၏။
ယုန်လေး၏ နားရွက်များက အမြဲတစေ သူတစ်ယောက်တည်းသာ ထိတွေ့ပိုင်ဆိုင်ခွင့်ရှိသော အရာများ ဖြစ်ခဲ့သည် မဟုတ်ပါလား။
သူမက သူ့ကိုပင် ထိုသို့လုပ်ရန် တစ်ခါမျှ မပြောခဲ့ဖူးပေ။
ကျင်းယန်၏အနေဖြင့် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် ကလေးတစ်ယောက်နှင့် နားရွက်ထိတွေ့မှုကိစ္စကို စိတ်ဆိုးနေခြင်းက ထူးဆန်းနေကြောင်းကို သိပေသည်။
သို့သော်လည်း သူ၏ ရင်ထဲမှ မကျေနပ်မှုကို မထိန်းချုပ်နိုင်ဘဲ ထိုကောင်လေးကို ကော်လံမှ ဆွဲ၍ ဘေးသို့ ဖယ်ထုတ်လိုက်ချင်နေခဲ့သည်။
သူက ခပ်တိုးတိုးပြောလိုက်လေ၏။
“မြန်မြန်သွားကြရအောင်”
ယင်ရိလျိုက မည်သည်ကိုမှ မစဉ်းစားမိဘဲ ကျင်းယန်က အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်ဟုသာ ယူဆ၍ ခေါင်းညိတ်လိုက်သည်။
သူမက ကောင်လေးနှင့် စနောက်နေခြင်းကို ချက်ချင်းရပ်လိုက်ပြီး တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေသည်။
ဤနေရာတွင် မစီမံရသေးသော အလောင်းများစွာ ရှိနေ၏။
အေးစက်လွန်းသော သိုလှောင်ခန်းနှင့် ပြင်းထန်သော ပိုးသတ်ဆေးနံ့များကြောင့် အနံ့က မပြင်းလွန်းသော်လည်း၊ စင်များကို ဖြတ်သွားသည့်အချိန်တွင် အလောင်းများမှ ထွက်ပေါ်လာသော သွေးနံ့နှင့် ဓာတုပစ္စည်းနံ့များက ရောနှောနေသည်ကို ရရှိနေသောကြောင့် ပျို့အန်ချင်စိတ်များပင် ဖြစ်ပေါ်လာစေသည်။
သူတို့က ထွက်ပေါက်သို့ နီးကပ်လာသောအချိန်တွင် အလင်းရောင် အနည်းငယ်ကို မြင်လိုက်ရ၏။
ယင်ရိလျို၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ အောင်ပွဲ၏ အလင်းရောင်က လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်လေတော့သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့ဖောက်ခွဲခဲ့သည့် လမ်းကြောင်းထဲသို့ လူအမြောက်အမြား တိုးဝှေ့ဝင်ရောက်လာကြလေပြီ။
ဆူညံသော အော်ဟစ်သံများနှင့် ရှုပ်ထွေးသော ခြေသံများကြောင့် ယင်ရိလျို၏ မတိုင်မီကမှ အနားရစပြုသော နှလုံးသားက ပြန်လည်ခုန်ပေါက်လာရပြန်သည်။
“အမြန်သွားစမ်း! လူခွဲပြီး သူတို့ကို တားကြ။ တစ်စုတစ်ဝေးတည်း သွားမနေကြနဲ့!”
အကွေ့တစ်ခုသို့အရောက်တွင် ယင်ရိလျိုတစ်ယောက် သူမ၏နောက်ဘက်၌ ခြေသံများက ရုတ်တရက် ပေါ်ထွက်လာသည်ကို ကြားလိုက်ရ၏။
သူမ၏ နှလုံးခုန်သံက ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ပြင်းထန်လွန်းသောကြောင့် အော်ဟစ်မိတော့မည့်အသံကို မနည်းထိန်းထားရလေသည်။
သွားပြီ။
ထွက်ပေါက်နဲ့ မီတာအနည်းငယ်အကွာမှာတင် အမိခံလိုက်ရပြီလား။
ကျင်းယန်ကလည်း သူ၏နောက်ကျောဘက် နီးကပ်လာသော ခြေသံများကို ကြားလိုက်ရ၏။
သူက ခေတ္တရပ်တန့်သွားခဲ့ပြီး သူ၏မျက်ဝန်းများတွင်လည်း နီရဲသော အလင်းတန်းများ ဖြစ်လာခဲ့သည်။
ထိုအချိန်မှာပင် သူတို့၏ အနောက်ဘက်မှ စိတ်ရှုပ်ထွေးနေသော အသံတစ်ခုက ထွက်ပေါ်လာ၏။
ထိုအသံတွင် စိတ်ရှုပ်ထွေးဖြစ်မှုနှင့် မယုံကြည်နိုင်မှုများတို့ ပါဝင်နေခဲ့သည်။
“ကျင်းယန်”
ထိုအသံက အလွန်ရင်းနှီးလွန်း၏။
ယင်ရိလျိုတစ်ယောက် ထိုသူက ရွှေပေါင်လုံး၏ အမည်ကို ခေါ်လိုက်သည်ကို ကြားရချိန်တွင် သူမ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး နောက်မှ လူကို လှည့်ကြည့်ရန် မရဲတော့ပေ။
ကျင်းယန်က ထိုအသံကို ချက်ချင်းပင် မှတ်မိသွား၏။
ထိုသူမှာ ချွန်ရုံအခြေစိုက်စခန်းတွင် သန္ဓေပြောင်းသတ္တဝါ ဒီရေလှိုင်းကို အတူတူရင်ဆိုင်ပြီး အဆင့် (၅) သန္ဓေပြောင်းနွားကြီးကို အမဲလိုက်ခဲ့ဖူးသော အဖွဲ့ခေါင်းဆောင် ရုန်ကျင်းဖင်းသာ ဖြစ်သည်။
သူသည်လည်း မြို့တော် B မှ ဖြစ်ပေသည်။
ကျင်းယန်က ရုပ်ဖျက်ထားသော်လည်း ယင်ရိလျို၏ ယုန်နားရွက်များက အလွန်ထင်ရှားလွန်းသောကြောင့် ဤသည်က သူတို့အသင်း၏ အမှတ်အသားသဖွယ် ဖြစ်နေသည်။
ကျင်းယန်၏ အရပ်က ပြောင်းလဲသွားသော်လည်း ရုံကျင်းဖင်းက တစ်ခဏအတွင်းမှာပင် မှတ်မိသွားခဲ့လေ၏။
ကျင်းယန်က ခေတ္တရပ်တန့်သွားသည်ကို မြင်ချိန်တွင် တစ်ဖက်လူမှာ သူနှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသူဖြစ်ကြောင်း သူ ပို၍ သေချာသွားတော့သည်။
ရုန်ကျင်းဖင်း၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး မေးခွန်းပေါင်းများစွာက ရှိနေသော်လည်း မမေးနိုင်ခဲ့ပေ။
သို့သော် သူ့ကိုကျောခိုင်းထားသော ကျင်းယန်ကတော့ တစ်ဖက်လူကို သတ်ရန် ဆုံးဖြတ်ခဲ့ပေပြီ။
သူက လက်ကောက်ဝတ်ကို လှည့်၍ ခါးမှ သေနတ်ကို ထုတ်ကာ လက်တစ်ဖက်ဖြင့် မောင်းတင်လိုက်သည်။
သူ့နောက်မှ လူက တစ်စုံတစ်ခုကို ထပ်အော်လိုက်သည်နှင့် သူက ချက်ချင်းပင် လှည့်၍ ပစ်တော့မည် ပင်။
တခြားခြေသံများကလည်း လျှင်မြန်စွာ နီးကပ်လာခဲ့ပြိး ယင်ရိလျို၏ နှလုံးက ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်နေခဲ့သည်။
သူမက သူမ၏ ရင်ခွင်ထဲမှ ကောင်လေး၏ လက်သီးလေးကို အလိုအလျောက် တင်းတင်းဆုပ်ထားမိ၏။
သို့သော် ထိုအချိန်မှာပင် နောက်ဘက်တွင်ရှိနေသော ရုန်ကျင်းဖင်းက အကွေ့သို့ ရုတ်တရက် ပြန်လျှောက်သွားပြီး သူတို့ကို ပိတ်ဆို့တော့မည့် လူအုပ်ကြီးကို ကြားဖြတ်၍ တားဆီးလိုက်လေသည်။
“ဒီမှာ ဘယ်သူကမှ မရှိဘူး၊ သူတို့ အဲဒီဘက်ကို ပြေးသွားတာကို ကျွန်တော်က မြင်လိုက်တယ်”
“ဒါဆို မြန်မြန်သွားစအ်း! သူတို့နောက်ကို လိုက်ကြရအောင်”
အော်ဟစ်သံများနှင့် ခြေသံများ ဝေးကွာသွားချိန်မှသာ ယင်ရိလျို၏ ပြင်းထန်စွာခုန်နေသော နှလုံးခုန်သံက ပြန်လည်ငြိမ်သက်သွားရတော့သည်။
ရုန်ကျင်းဖင်းက သူတို့ကို ဤကဲ့သို့ ကူညီဖုံးကွယ်ပေးလိမ့်မည်ဟု သူမ မထင်မိသည့်အတွက် အံ့ဩမိကာ သံသယလည်း ဖြစ်မိခဲ့၏။
သို့သော် ယခုတွင် ပျော်ရွှင်နေရမည့် အချိန်မဟုတ်သေးပေ။
အခွင့်အရေးကို အမိအရယူ၍ သူတို့အဖွဲ့က ပိုးသတ်စင်္ကြံလမ်း ထွက်ပေါက်မှ အပြေးအလွှားထွက်လာခဲ့ကြလေသည်။
အပြင်ဘက်တွင် လူသူကင်းမဲ့သော တောအုပ်ငယ်လေးတစ်ခုက ရှိနေပြီး သူတို့၏ခေါင်းပေါ်တွင်တော့ ကြယ်အမြောက်အမြားက လင်းလက်တောက်ပနေ၏။
ယင်ရိလျိုက အသက်ကို ပြင်းပြင်းရှူလိုက်ကာ အချိန်ဆွဲမနေဘဲ ကျင်းယန်နောက်မှနေ၍ ချုံပုတ်ရှည်ကြီးများကြားသို့ တိုးဝင်ခဲ့သည်။
သူတို့က လွတ်မြောက်လာခဲ့ချေပြီ။
*
မည်သည့်အချိန်ကစ၍ ဖြစ်ခဲ့သည်ကို မသိသော်လည်း ကျင်းရူမုန်၏ အတိတ်က အမှတ်တရများက တဖြည်းဖြည်း မှေးမှိန်လာပြီး အဆုံးမရှိသော နာကျင်မှုနှင့် အမှောင်ထုတို့ကသာ အစားထိုးဝင်ရောက်လာခဲ့သည်။
သူမ မျက်လုံးကို ဖွင့်လိုက်တိုင်း မြင်တွေ့ရသည်မှ် မပြောင်းလဲသော ငွေဖြူရောင် နံရံများနှင့် သူမ၏ ပတ်ဝန်းကျင်ရှိ စက်ကိရိယာများ၊ ပိုက်များသာ ဖြစ်၏။
သူမထံမှ သွေးများကို အမြဲတမ်း လဲလှယ်စုပ်ထုတ်နေကြသော ဝတ်စုံဖြူဝတ်လူများ၏ မျက်နှာများကိုပင် သူမက မမှတ်မိတော့ပေ။
သူမက အိပ်စက်ခြင်းသို့သာ နက်ရှိုင်းစွာ နစ်မြုပ်သွားချင်ပြီး မည်သည့်အချိန်တွင်မျှ ပြန်မနိုးလာချင်တော့ပါချေ။