ပြန်လမ်းမရှိမယ့်နေရာ
Vol. 161 Ch. 2326
လင်းကျင်ကျန့်၏ စကားကို ကြားတော့ လင်းရီ မျက်နှာထက်တွင် အပြုံးတစ်ခု မဖြစ်ပေါ်လာဘဲ မနေနိုင်ချေ။
“ ဘာပဲဆိုဆို ကျွန်တော်က အခု ကလေးတွေ ရှိနေပြီဆိုတော့ ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်း၊ အန္တရာယ်များတဲ့ အရာတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကျုံးဝေ့တပ်ဖွဲ့ထဲက ထွက်ဖို့ အကြံပေးမယ်တောင် ထင်နေတာ အခုလိုမျိုး ကျွန်းပေါ်တက်ပြီး အသက်နှင့်ရင်းပြီး ကစားဖို့ ပြောလာမယ်လို့တော့ တကယ်ကို ထင်မထားမိတာ ….”
“ ဟားဟားဟား …..”
လင်းကျင်ကျန့် ကျယ်လောင်စွာ ဟားတိုက်ရယ်မောမိသွားခဲ့သည်။
“ အခု မင်းမှာ ကလေးရှိနေတာကြောင့်ပဲ ….၊ အဲ့ဒီထက်ပိုတာက မင်းမှာ နှစ်ယောက်တောင် ရှိတယ် … လင်းမိသားစုမှာ မျိုးဆက်သွေးအမွေကို ဆက်ခံမယ့်သူ ရှိသွားပြီ … မင်းသေချင်ရင်တောင် သေလို့ရပြီ … မျိုးဆက်ပြတ်မှာကို ပူစရာ မလိုတော့ဘူး ….”
လင်းရီ “ …. “
ကိုယ့်အဖေကို စိတ်ထဲကနေ ဆဲမိရင် ငရဲမကြီးဘူးမလား ….
“ ကျင်ကျန့် … ဒီကို ခဏလောက် ….”
သူတို့နှစ်ဦး စကားပြောဆိုနေစဉ်မှာပဲ ဧည့်ခန်းထဲရှိ ချင်ရင်ယွဲ့က လှမ်းခေါ်လာသည်။
“ ဘာတုန်း ….”
လင်းကျင်ကျန့် လျှောက်လှမ်းသွားရင်း မေးလိုက်၏။
“ တစ်လောတုန်းက ကျိုးဟိုင်မှာ ပြဿနာတစ်ခု တက်သွားတယ် … ပုဖာဘဏ်ရဲ့ ကတ်စတန်မာ အချက်အလက်တွေ ပေါက်ကြားသွားပြီး မီလိအပေါ် သက်ရောက်မှု တစ်ချို့ ရှိလာတယ် … စီးပွားရေး ကဏ္ဍကို တာဝန်ယူထားတဲ့ မီလိကို အထက်က ကွန်ပလိန်းတက်နေကြပြီ … မီလိလေးရဲ့ အလုပ်အကိုင်လမ်းကြောင်းတောင် အဆုံးသတ်သွားနိုင်တယ် …. နင် ဒီကိစ္စကို ဖြေရှင်းနိုင်တယ်မလား ….”
( ဘဏ်ကိစ္စက တရားမ၀င် ချေးငွေတွေ၊ အဆက်အသွယ်တွေ သုံးပြီး အစိုးရ သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ချေးပေးတာတွေ၊ အဲ့ကိစ္စတွေပါ။ )
“ အဲ့ကိစ္စကို ဘယ်သူလဲ လုပ်တာ … တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်တာပဲ ဖြစ်ရမယ် မှန်တယ်မလား ….”
“ အဲ့တာ ဖရီးမေဆင်ရဲ့ လက်ချက်ပဲ … ပြီးတော့ PWC ၊ ဒီလွိုက်တို့လို ဂျိုင်းရက်ကြီးတွေကလည်း ပူးပေါင်းပါဝင်ပေးလာပြီး သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်လာစေတယ် ….”
လင်းကျင်ကျန့် ခေတ္တ တွေးတောလိုက်ပြီး “ လက်ရှိ အခြေအနေအောက်မှာတော့ ဖရီးမေဆင်ကို ဆန့်ကျင်တာက လက်တွေ့မကျဘူး …. PWC နဲ့ ဒီလွိုက်ကို ပစ်မှတ်ထားလို့ ရမယ် … ငါ ကိုင်တွယ်လိုက်မယ် … မင်း မပူပါနဲ့ ….”
“ အကြမ်းဖက်တဲ့ နည်းလမ်းနဲ့တော့ မတုံ့ပြန်နဲ့နော် ….”
“ အဲ့လို အရာတွေအပေါ် သုံးဖို့ အချိန် ငါ့မှာ မရှိဘူး … မနာခံရင်တော့ တိုက်ရိုက်ရှင်းရမှာပဲ ….”
“ ဒါဆိုလည်းညနင် ဘယ်လို နည်းလမ်းသုံးမလဲ ငါ ဂရုမစိုက်ဘူး … မီလိလေးရဲ့ ပြဿနာကိုပဲ မြန်မြန်ဖြေရှင်းပေးစမ်းပါ …” ချင်ရင်ယွဲ့က ပြောလိုက်သည်။
“ ငါ သဘောပေါက်တယ် ….”
ပြီးသည့်နောက် လင်းကျင်ကျန့်က ဖုန်းတစ်ကော၊ နှစ်ကော ခေါ်ဆိုလိုက်ပြီး ဤအရေးကိစ္စအား စီမံလိုက်သည်။
အကျိုးသက်ရောက်မှု စွမ်းပကားက ကြီးမားလွန်းလှသည်။ မွန်းလွဲ တစ်နာရီမှာပဲ PWC နှင့် ဒီလွိုက်တို့ နှစ်ဦးလုံးက ကြေညာချက်များ ထုတ်ပြန်လာသည်။
၎င်းတို့ ပြောထားသည်က ယခင် ထုတ်ပြန်ကြေညာချက်များသည် တစ်စုံတစ်ဦး၏ ပရောဂကြောင့် လွဲမှားသည့် သုံးသပ်ချက်များသာ ဖြစ်ပြီး မိမိတို့၏ အမှားဖြစ်ကြောင်း ရာနှုန်းပြည့် ဝန်ခံထားသည်။ ယင်းက ပုဖာဘဏ်၏ ရှယ်ယာဈေးနှုန်းကို ချက်ချင်း ပြန်လည် မြင့်တက်သွားစေခဲ့ပြီး ပြဿနာကို အေးအေးချမ်းချမ်းပဲ ဖြေရှင်းလိုက်နိုင်သည်။
နေ့လည်စာ စားပြီးသည့်နောက် လင်းရီက သူ့မိသားစုကို ကျင်းရန်မြို့သို့ ကိစ္စရှိသဖြင့် ရက်အနည်းငယ် ခရီးထွက်ရမည် ဖြစ်ကြောင်း နှုတ်ဆက်လိုက်သည်။ ပြီးနောက် စောစီးစွာ ထွက်ခွာသွားခဲ့၏။
ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ အိမ်သို့ ပြန်ရောက်လာပြီး ကျင်းရန်မြို့ ခရီးစဉ်အကြောင်းကို ကျီချင်းရန်ထံ ပြောပြလိုက်သည်။ ပြီးသည့်နောက် လေဆိပ်သို့ ထွက်လာခဲ့ကာ အခြားလူသုံးဦးနှင့် ဆုံသည်။
“ လင်းကြီး … ငါ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူ အယောက်သုံးဆယ်ကို အတူလိုက်ခဲ့ဖို့ ဆက်သွယ်ထားတယ် … အဲ့လောက်ဆို လုံလောက်ပြီမလား …” ချင်းဟန် ပြောလိုက်၏။
“ အဲ့လောက် အများကြီး ခေါ်ပြီး ဘာလဲလုပ်မှာ … ငါတို့ အခုသွားမှာက ရှိုးပွဲ သွားကြည့်မှာ မဟုတ်ဘူးနော် ဟေ့ကောင် …..”
“ ဒီမနက်ခင်းမှာပဲ ဖန်းချောင်ချောင်က လျန်ကြီးဆီ ဖုန်းခေါ်လာတယ် … တကယ်လို့ ပိုက်ဆံလိုချင်တယ်ဆိုရင် ကျင်းရန်က လေးပင်လယ်ဘားကို လာခဲ့ပါတဲ့ … ငါ့အထင်တော့ အလစ်ငိုက် တိုက်ခိုက်ဖို့ ကြိုတင် ပြင်ဆင်ထားတာပဲ ဖြစ်ရမယ် …. ငါတို့ လေးယောက်တည်း သပ်သပ်ဆိုရင် အသာလေး အနိုင်ကျင့်ခံလိုက်ရမှာပေါ့ဟ ….”
“ မင်းက ငါ့ကို အထင်တော်တော်သေးနေတာပဲ … ဒီနှစ်တွေထဲ ငါ အားယားလွန်းလို့ လျှောက်အလေလိုက်နေတယ်များ ထင်နေလား ….”
“ ငါလည်း လောင်ချင်ကို ပြောပါတယ်ကွာ … အဲ့လောက် လူအများကြီး မလိုဘူးဆိုတာကို … ဒါပေမယ့် သူကတော့ စိတ်မချနိုင်ဘူးလေ ….” လျန်ကျင်းမင်က ပြောလိုက်၏။
လျန်ကျင်းမင် ဤစကားမျိုး ပြောရခြင်းက သူနှင် လင်းရီသည် ဂျပန်တွင် ထူးခြားသည့် အတွေ့အကြုံတစ်ချို့ ရရှိခဲ့ခြင်းကြောင့်ပင်။
ပြီးတော့ လင်းရီ လူအများအပြား သတ်သည်ကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရ၏။
ထိုအချိန်အခါကစပြီး အနှီ လူမိုက်များ၊ ဂန်းစတားများက လင်းရီရှေ့တွင် ဘာမဟုတ်သည့် ပါမွှားလေးများ ဖြစ်လာသည်ကို လျန်ကျင်းမင် သတိပြုမိလာခဲ့၏။
“ ဒါဆိုလည်း တစ်ယောက်မှ ခေါ်မနေနဲ့တော့ကွာ … ငါတို့လေးယောက် သပ်သပ်တည်း သွားကြမယ် ….” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ အစ်ကိုကြီးလင်းလည်း ပါတယ်ဆိုတော့ ဘာပြဿနာမှတော့ မရှိလောက်ပါဘူး ….”
“ အဲ့ဒါဆိုလည်း ကောင်းပြီလေ … အခု လေယာဉ်ပေါ် တက်ကြတာပေါ့ ….”
လေးယောက်သား ပြင်ဆင်မှုများ ပြုလုပ်ပြီး လင်းရီ၏ သီးသန့် လေယာဉ်ပေါ်သို့ တက်လိုက်ကြသည်။ မွန်းလွဲ လေးနာရီဝန်းကျင်တွင် လေဆိပ်သို့ ဆင်းသက်ပြီး တက္ကစီငှား၍ လေးပင်လယ်ဘားသို့ ထွက်လာခဲ့ကြ၏။
ကျင်းရန်မြို့၏ အကြီးမားဆုံး ဘားတစ်ခု ဖြစ်သည်နှင့် အညီ နေ့စဉ်နေ့တိုင်း လူပြတ်ဟူသည်၍ မရှိပေ။
များပြားလှသည့် ဒုတိယမျိုးဆက် သူဌေးသားများ၊ လူစုလူဝေးကို နှစ်သက်သူများနှင့် ဖရီးလိုက်ဂုန်းဆင်းသူများသည် ဤနေရာသို့ လာပြီး ဓာတ်ပုံရိုက်လေ့ရှိကြ၏။
သို့သော် ယနေ့တွင်တော့ ဘားဝင်ပေါက်ဝတွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး ပုံမှန်ကဲ့သို့ လူစည်ကားခြင်း ရှိမနေပေ။
သို့သော် အတွင်းတွင်တော့ လူများ ပြည့်နှက်နေပြီး အနည်းဆုံး အယောက် သုံးလေးရာခန့်ရှိ၏။ အများစုက အမျိုးသားများပင်။
အထင်ရှားဆုံး ဝိုင်းတွင် လူတစ်ဒါဇင်ခန့် စုဝေးနေသည်။
အလယ်တွင် ထိုင်နေသူက ကိုယ်ဟန် အနေအထားကောင်းကောင်းနှင့် ဆံပင်အတိုညှပ်ထားသည့် လူငယ် တစ်ဦး ဖြစ်သည်။ လက်မောင်းနှင့် လည်ပင်းတွင် မြင်သာလွယ်သည့် တက်တူးများ ထိုးထားပြီး ဆိုဖာကိုမှီလျက် ဆေးလိပ်သောက်နေသည်။ ဗလာကင်းသည့် မျက်နှာအမူအရာနှင့် အတွေးနွံထဲ နစ်မြုပ်နေဟန်ရသည်။
သူ့နာမည်က ဖန်းလုံထန်ဖြစ်ပြီး ဖန်းချောင်ချောင်၏ သွေးရင်းအစ်ကိုပင်။
ယနေ့တွင် ဘားတစ်ခုလုံးကို ဘိုကင် ယူထားပြီး ညတွင်းချင်း လူ ရာဂဏန်းကျော်ကို ဆက်သွယ်ကာ လင်းရီတို့ ရောက်ရှိလာမှာကို အသင့်စောင့်ဆိုင်းနေခဲ့သည်။
ဖန်းချောင်ချောင်နှင့် ဝမ်ချန်တို့သည်လည်း သူ့နောက်တွင် ရှိနေပြီး မိမိုက်သည့် ကောင်မလေးများ သွင်ပြင်နှင့် ဆေးလိပ်သောက်နေကြ၏။ ကြော့ရှင်းသည့် သူဌေးသမီးများဟုပင် ထင်ရက်စရာ မရှိကြပေ။
“ သူတို့ ဒီညနေ ရောက်လာကြမှာပါ ဟုတ်တယ်မလား …” ဖန်းလုံထန်က မေးလိုက်သည်။
“ ညီမ လျန်ကျင်းမင်ကို ဖုန်းဆက်ထားပြီးပြီ … သူပြောတာ သူ သေချာပေါက် လာခဲ့မယ်တဲ့ ….” ဖန်းချောင်ချောင်က အေးစက်သည့် လေသံဖြင့် ဆိုလိုက်၏။
“ လျန်မိသားစုက အကျဘက်ကို ရောက်နေတယ်ဆိုပေမယ့် ပိန်ချုံးနေတဲ့ ကုလားအုတ်တစ်ကောင်က မြင်းထက်တော့ ပိုကြီးနေတုန်းပဲ … ပြီးတော့ သူတို့ရဲ့ ဂုဏ်သိက္ခာကိုလည်း တန်ဖိုးထားတယ် … အထူးသဖြင့် လျန်ကျင်းမင်လို ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေး တစ်ယောက်ဆို ပိုလို့တောင် ဂရုစိုက်သေးတယ် … သူ့ဘက်က ကတိပေးထားပြီးပြီဆိုမှတော့ သေချာပေါက် လာမှာပါ ….”
“ ရောက်လာရင်တော့ အကောင်းဆုံးပေါ့ …. မလာဘူးဆိုလည်း ကျိုးဟိုင်သွားပြီး သူတို့နဲ့ စာရင်းရှင်းရုံ ရှိတာပဲ …..”
“ ညီမ စဉ်းစားထားပြီးပြီ … တကယ်လို့ သူတို့ တကယ်ပဲ ရောက်မလာခဲ့ဘူးဆိုရင် အစ်ကို ပြောတဲ့အတိုင်း ကျိုးဟိုင်သွားပြီး သူတို့ကို သွားရှာမယ် …. ဒီရဲ့ ရင်ဘက်ထဲ မျိုသိပ်ထားရတဲ့ ဒေါသတွေကို ကျိန်းသေပေါက် ဖောက်ထုတ်ပစ်မှ ဖြစ်မှာ ….”
“ မပူနဲ့ … မင်းအစ်ကို တစ်ယောက်လုံး ဒီမှာရှိနေတာ ဒီကောင်တွေ ခြေထောက် အကောင်းအတိုင်း ကျင်းရန်ကနေ ထွက်သွားမယ်ဆိုရင် ရာဇဝင် ရိုင်းသွားမှာပေါ့ …..”
“ အစ်ကိုကြီးထန် … မင်း ခေါ်ထားတဲ့ လူအရေအတွက်က သုံးလေးရာကျော်တယ် … ဒီ အင်အားကို အဲ့ကောင်တွေ မြင်တာနဲ့ ဘာမှတောင် လုပ်လိုက်ရမှာ မဟုတ်ဘူး ချက်ချင်းပဲ သေးထွက်ကျသွားလောက်တယ် … အဲ့ဒီ ပင်လယ်နားကကောင်တွေက သူတို့ ပိုင်နက်ထဲမှာသာ စွာကျယ်စွာကျယ် လုပ်ရဲကြတာ တကယ့် သေရေးရှင်ရေးဆို တစ်ကောင်မှ သုံးစားရတဲ့ ကောင်တွေ မဟုတ်ဘူး ….”
“ အဲ့လို ဖြစ်မှာ မဟုတ်ဘူး ….” ဖန်းလုံထန်က ပြုံးလျက် “ သူတို့ အဲ့လောက် မတုံးဘူး … ဒီနေရာမှာ ချိန်းလိုက်တာက ငါတို့ဘက်မှာ ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာကို သူတို့ ရိပ်မိကြမှာ ကျိန်းသေတယ် … သူတို့ဘက်ကလည်း လူတွေ ခေါ်လာလောက်တယ် … ဒီတော့ ဒီကောင်တွေ လူ ဘယ်လောက်များများ ခေါ်လာမလဲ တစ်ချက်ကြည့်ကြတာပေါ့ … များများ ခေါ်လာခဲ့ဖို့တော့ မျှော်လင့်ရတာပဲ … မဟုတ်ရင် ပျင်းဖို့ကောင်းသွားလိမ့်မယ် ….”
“ သူတို့ လူခေါ်လာနိုင်တယ်ဆိုလည်း အလွန်ဆုံးရှိ သုံးလေးငါးဆယ်လောက်ပေါ့ …. အဲ့လောက်က အကန့်အသတ်ပဲ … ဒီမှာ ကျုပ်တို့ဘက်က လူသုံးလေးရာကျော်တယ် … သူတို့ခေါ်လာလည်း အခွင့်အရေးမရှိဘူး ….”
“ ဘယ်သူ့ ဂရုစိုက်နေရမှာ ….”
ဖန်းလုံထန်က ဆေးလိပ်ပြာကို အမှုမထားသည့် မျက်နှာအမူအရာဖြင့် တောက်ချလိုက်ပြီး “ သူတို့ လူဘယ်နှယောက်ပဲ ခေါ်လာ ခေါ်လာ ၊ တစ်ယောက်ခေါ်လာရင် တစ်ယောက် ဗျင်းမယ် … နှစ်ယောက် ခေါ်လာရင် နှစ်ယောက်လုံး ဗျင်းမယ် … ဒီနေ့ သူတို့ ခြေထောက်တွေ အကောင်းအတိုင်း လေးပင်လယ်ဘားက လုံးဝ ထွက်မသွားနိုင်စေရဘူး ….”
“ ကျုပ် အနောက်က ညီကိုတွေကို နည်းနည်း နောက်ဆုတ်ခိုင်းထားလိုက်မယ် … ဝင်ဝင်လာချင်း လူတွေ ဒီလောက်အများကြီး တွေ့ပြီး ကြောက်ချေးပန်းသွားမှာ စိုးလို့ပါ … အဲ့လိုသာဆို အခုလို ပြင်ဆင်ထားတာတွေ အကုန်လုံးက အလဟဿ ဖြစ်သွားတော့မှာလေ ….”
“ အဲ့တာလည်း ဟုတ်တာပဲ ….” ဖန်းလုံထန် ပြောလိုက်ပြီး “ လူတိုင်းကို နည်းနည်းနောက်ဆုတ်ခိုင်းထားလိုက် … သူတို့ ရောက်လာတဲ့အထိ စောင့်ဖို့ ပြောလိုက်….”
“ အိုကေ….”
ဖန်းလုံထန်၏ ညွှန်ကြားမှုအောက်တွင် လူတိုင်းက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားခဲ့ကြပြီး အထင်ကြီးဖွယ်ရာ ရှိုးပွဲတစ်ခုကို ရိုက်ဖို့ ပြင်ဆင်နေကြတော့သည်။
နာရီဝက်နီးပါးခန့် ကြာပြီးနောက် လူအားလုံးနီးပါး ပြန်ဆုတ်သွားခဲ့ကြပြီး အစောပိုင်းတုန်းက ဆူညံနေသည့် မြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဘားမှာ အတော်လေးကို တိတ်ဆိတ်သွားခဲ့သည်။
ထိုအချိန်မှာပဲ ဘားဝင်ပေါက်တံခါးက တွန်းပွင့်လာခဲ့ပြီး ဝမ်ချန် အာမေဋိတ်သံဖြင့် အော်ဟစ်လိုက်၏။
“ အစ်ကိုထန် … ချောင်ချောင် … သူတို့ ဒီရောက်လာပြီ …”