မယုံဘူးပေါ့ … စမ်းကြည့်ကြည့်လေ …
Vol. 161 Ch. 2327
“ သူတို့ ရောက်လာကြပြီ ….”
ဖန်းလုံထန်နှင့် အခြားသူများက ခေါင်းများလှည့်၍ ၎င်းတို့၏ အကြည့်မျက်ဝန်းတို့မှာ လင်းရီနှင့် သူ့အုပ်စုအပေါ်တွင် စွဲတွယ်ကပ်ငြှိနေလျက် ရှိသည်။
တစ်ချိန်တည်းမှာပဲ လင်းရီနှင့် သူ့အုပ်စုကလည်း ဖန်းလုံထန်တို့ အုပ်စုကို မြင်တွေ့သွားခဲ့သည်။
သို့သော် ဘားအတွင်း၌ လူ အယောက် နှစ်ဆယ် တစ်ချို့ခန့်မျှသာ ရှိနေသည်ကို မြင်တော့ လင်းရီ စိတ်ထဲ တစ်ခုခု လွဲမှားနေသယောင် ခံစားနေရလေသည်။
သူ တွေးထင်ထားခဲ့သည်မှာ တစ်ဖက်၌ အနည်းဆုံး လူ ရှစ်ဆယ် ၊ တစ်ရာခန့်မျှ ရှိလိမ့်မည်ဟူ၍ပင်။ သို့သော် လက်တွေ့တင်မူကား ဤ အနည်းငယ်မျှလောက်သာ ရှိနေသည်။
“ ဒီကို ပေါ်လာရဲတယ်ဆိုတော့ မင်းတို့ကောင်တွေက သတ္တိတော့ အတော်ကောင်းသားပဲ ….”
တိတ်ဆိတ်နေသည့် လေထုကို ပထမဦးစွာ ချိုးဖျက်လာသူကတော့ စိတ်မရှည်နိုင် ဖြစ်နေသည့် တောက်တိုမယ်ရ ကောင်လေး တစ်ဦးပင်။ လင်းရီကို မြင်တော့ ချက်ချင်းပဲ ရှေ့သို့ ပြေးတက်လာပြီး လက်ညှိုးငေါက်ငေါက် ထိုးလျက် “ ဒီနေ့ မင်းတို့ကောင်တွေ တစ်ကောင်မှ ဒီက ထွက်သွားဖို့ မစဉ်းစားထားနဲ့ ….”
တောက်တိုမယ်ရ ကောင်လေး၏ စကားဆုံးသည်နှင့် လင်းရီတို့ လေးယောက် အုပ်စုနောက်တွင် ဆေးလိပ်သမားအချို့ ရောက်ရှိလာကြပြီး ထွက်ပေါ် တံခါးကို ပိတ်ဆို့ထားပြီး ဖြစ်သွားခဲ့သည်။
စိတ်မကောင်းစရာပင်။ သူတို့၏ ယခုလို လုပ်ရပ်က လင်းရီ၏ မျက်လုံးထဲတွင် လူပြက်သာသာ ဖြစ်နေမည်ကို သိခဲ့မည်ဆိုလျှင်တော့မည့် ….
“ မပူနဲ့ … ငါတို့လည်း ပိုက်ဆံမရမချင်း ဒီက မပြန်ဘူး ….”
“ ဟားဟား ….”
တောက်တိုမယ်ရကောင်လေးက လက်ပိုက်ပြီး အေးစက်စက် အသံဖြင့် ရယ်မောလိုက်၏။
“ ပိုက်ဆံအကြောင်းကို စဉ်းစားနေတုန်းပေါ့ … ဒီကနေ အကောင်းအတိုင်း ပြန်သွားနိုင်မလားဆိုတာပဲ တွေးပူစမ်းပါ ….”
ထိုအချိန်မှာပဲ ဖန်းလုံထန်က လျှောက်လှမ်းလာခဲ့ပြီး သူ့အကြည့်က လင်းရီနှင့် အခြားသူများထံ ယှက်သန်းသွားခဲ့သည်။
“ မင်းတို့လူတွေ ဘယ်မှာလဲ …. အကုန် အထဲခေါ်ခဲ့လိုက် ….”
“ ငါတို့လေးယောက် ဒါအကုန်ပဲ … ဘယ်သူမှ မပါဘူး ….”
လင်းရီ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်သည်။
လင်းရီ၏ ခွန်းတုံ့ပြန်စကားက ဖန်းလုံထန်ကို အံ့အားသင့်သွားစေခဲ့၏။
“ ကျင်းရန်ကို ဘယ်သူ့မှ မခေါ်ဘဲ လာတယ်ဆိုတော့ မင်းတို့ကောင်တွေ အမြင်မှာ ငါတို့က ကရုဏာတရားကြီးမားတဲ့ ဘုန်းတော်ကြီးတွေလို့များ ထင်နေတာလား ….”
“ မဟုတ်တော့ရော …. ငါတို့ အကုန်လုံးက ဂုဏ်သိက္ခာရှိတဲ့ လူတွေပဲလေ … ပြဿနာ တစ်ခုခု ရှိတယ်ဆို ထိုင်ပြီး အေးဆေး စကားပြောသင့်တာပေါ့ … တိုက်တာ ၊ခိုက်တာ ၊ သတ်တာ ၊ ဖြတ်တာ ၊ …. ဒီလို လူမိုက်အလုပ်တွေ ဘာလို့ လုပ်နေမှာလဲ ဟုတ်တယ်မလား ….”
“ ဂုဏ်သိက္ခာရှိတဲ့လူတွေပေါ့ ….”
ဖန်းလုံထန်က အထင်မြင်သေးစွာဖြင့် နှာမှုတ်လိုက်ပြီး “ ယီးတီးယားတားတွေ လာလုပ်မနေစမ်းနဲ့ …. မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်စမ်း … ဂုဏ်သိက္ခာရှိတဲ့လူတွေပါဆိုပြီး ပြောနိုင်တဲ့ အဆင့်မှာရှိလား ….”
ထိုသို့ ပြောပြီးနောက် ဖန်းလုံထန်၏ အကြည့်က လျန်ကျင်းမင်ထံ ကျရောက်သွားခဲ့သည်။
“ မင်းလို လူမသားလေးကလည်း စိတ်ဝင်စားဖို့တော့ ကောင်းသား … ငါတို့ဘက်က ကြင်ကြင်နာနာနဲ့ ကူညီပေးတာကို ငါတို့အပေါ် လှည့်ကွက်တွေနဲ့ လာကစားနေတယ် …. ကြည့်ရတာ လျန်မိသားစုက အဆုံးသတ် မလှချင်ဘူး ထင်ပါရဲ့ ….”
“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကို အပြစ်လာတင်နေလို့ ထူးမှာ မဟုတ်ဘူး … အဲ့တာတွေ အကုန်လုံးက ငါ့အဖေ စီစဉ်တာတွေချည်းပဲ ….”
ပြောရင်းဖြင့် လျန်ကျင်းမင်က ဖန်းချောင်ချောင်ကို လက်ညှိုးထိုးပြလိုက်ပြီး “ မင်း ညီမရဲ့ ပုံစံကို မင်းသေချာကြည့်စမ်း … ရုပ်က အာလူးရုပ်နဲ့ … ဟန်တစ်ခွဲသားနဲ့ ကြွားလုံးထုတ်တတ်တာကလွဲရင် တစ်ခြားဘာလုပ်တတ်သေးလဲ မေးကြည့်စမ်းပါ … အဲ့လို ကောင်မမျိုးကို ငါ လျန်ကျင်းမင်က ရူးလို့ စိတ်ဝင်စားမယ်ထင်နေလား ….”
“ သေချင်စိတ် တော်တော်ပြင်းပြနေတယ်ပေါ့ ဟုတ်လား လျန်ကျင်းမင် …” ဝမ်ချန်မှာ မည်သို့မျှ သည်းမခံနိုင်တော့ဘဲ လျန်ကျင်းမင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကျိန်ဆဲတော့သည်။
“ နင်တို့လို စောက်ကျက်သရေတုံးတဲ့ အမျိုးယုတ်တွေ … ဒီနေ့ နင်တို့တစ်ယာက်မှ ထွက်သွားနိုင်မယ် မထင်နဲ့ …..”
“ အစ်ကို …. ၊ သူတို့ကို လှုပ်ရှားဖို့ ပြောလိုက်တော့ … ဒီကောင်တွေ ညီမရှေ့မှာ ဒူးထောက်ပြီး တောင်းပန်တာကို လိုချင်တယ် …”
“ မပူနဲ့ … လာတဲ့လမ်းပဲ ရှိစေရမယ် … ပြန်တဲ့လမ်းတော့ မရှိစေရဘူး …”
ဖန်းလုံထန်က သူ့ဘေးရှိ လူများက မျက်ရိပ်မျက်ကဲ ပြလိုက်သည်။ တစ်ဖက်ကလည်း ချက်ချင်း နားလည်သဘောပေါက်သွားခဲ့ကာ တံခါးဝဘက်သို့ အော်ဟစ်လိုက်၏။
“ ဟေ့ကောင်တွေ … ဝင်လာကြတော့ ….”
သူ့စကားဆုံးသည်နှင့် စောနလေးတင် ပြန်ဆုတ်သွားခဲ့ကြသည့် ရာချီသည့် လူများက ဆည်ကာတာ ရေကျိုးပေါက်သည့်နှယ် တစ်ဟုန်ထိုး ပြေးဝင်လာကြပြီး ဗလာကျင်းနေသည့် ဘားကြီးတစ်ခုလုံးကို ပြည့်ညှပ်ကြပ်သွားစေသည်။
အချိန်ခဏလေး အတွင်းမှာပဲ လင်းရီနှင့်သူ့အုပ်စုမှာ လူပင်လယ်ကြီးထဲ ဝိုင်းရံပိတ်ဆို့ခံလိုက်ရတော့၏။
ဤမြင်ကွင်းကို မြင်တော့ ချင်းဟန် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။ လူက အနည်းဆုံး သုံးလေးရာခန့်မျှ ရှိ၏။ အနေအထားက သူ စိတ်ကူးထားသည်ထက်ပင် ပို၍ ပြင်းထန်နေသည်။
ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့၏ လက်များမှာ မသိစိတ်အလျောက် သူတို့၏ အိတ်ကပ်များသို့ ရောက်သွားခဲ့ပြီး အချိန်မရွေး လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေကြသည်။
“ ဘယ်လိုနေလဲ ကျိုးဟိုင်က မြို့ကြီးသားတို့ … ကျင်းရန်ကို အလည်လာတဲ့ ကိုယ့်ဧည့်သည်တွေကို ကြိုဆိုဖို့ ပြင်ဆင်ပေးထားတာ ကျေနပ်ကြလား … မျက်နှာ မပျက်စေရဘူးမလား …”
“ ငါ သိနေတယ်လေ … မင်းလို စောက်ကြောက်က ဒီလောက် လူနည်းနည်းလေးပဲ ခေါ်ထားမှာတော့ မဖြစ်နိုင်ဘူးလို့ တွေးနေတာ လက်စသတ်တော့ အကုန်လုံးက အပြင်မှာ ပုန်းနေကြတာကိုး ….” လင်းရီ ပြောလိုက်သည်။
“ ကျွတ် … ဒီလိုလှည့်ကွက်လေးက ငါ မူကြိုတုန်းက သုံးခဲ့တဲ့ အကွက်လေးတွေပါကွာ ….”
ဖန်လုံထန် အမူအရာပျက်သွားခဲ့ပြီး သူ့မျက်နှာထက်တွင် ဒေါသရိပ်တို့ စတင်ကြီးစိုးလာသည်။
သူ့နဂို အတွေးထဲတွင် ဤသို့ လူအင်အားပြပြီး တစ်ဖက်လူကို ကြေက်ဒူးတုန်၊ တစ်ကိုယ်လုံး ချည့်နည့်ပြီး စိတ်ပိုင်းဆိုင်ရာ ဖျက်စီးပစ်ဖို့ ကြံရွယ်ထားခဲ့တာ ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူကား ဤ ငနဲသားများက အေးဆေးသက်တောင့်သက်သာနှင့် သူ့ကိုပင် ပြန်လည် ထေ့ငေါ့ပြောဆိုနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ တစ်ခုခုတော့ တစ်ခုခုပဲ … ရိုက်သတ်ခံရမှာကိုတောင် ဒီလို ဟာသမျိုးတွေ ပြောနေနိုင်သေးတယ် ဆိုတော့ …” ဖန်းလုံထန်က ချုပ်တည်းထားသည့် ဒေါသသံဖြင့် စကားကို ဖိ၍ ပြောဆိုလိုက်ပြီး “ မင်းတို့ကောင်တွေ ကျိုးဟိုင်မှာပဲ ထင်ရာစိုင်းခွင့် ရရင် ရမယ် … ဒီ ကျင်းရန်မှာတော့ အဲ့လိုမျိုး ရနိုင်မယ် ထင်လား ….”
“ ဒီတိုင်း … မိမိုက်သလို လုပ်တာတွေက အကျင့်ဖြစ်သွားတာလည်း ပါရင်ပါမှာပေါ့ … ဒီမှာ မျက်နှာအပျက်ခံလို့တော့ မရဘူးလေ .. ဟုတ်တယ်ဟုတ် …” လျန်ကျင်းမင် ပြောလိုက်သည်။
“ ကောင်းပြီလေ … ငါလည်း ဒီလိုပုံစံမျိုး ပထမဦးဆုံး မြင်ဖူးတာပဲ … ဆိုတော့ လိုရင်းကို တန်းသွားကြတာပေါ့ … ဘယ်ကောင်က အရင်လှဲအိပ်နေရမလဲ ဆိုတာ ကြည်ကြတာပေါ့ … အားလုံး… စကြတော့ ….”
“ နေဦး နေဦး နေဦး ….”
လင်းရီ ပြုံးလျက် “ စကားအရင်ပြောကြမယ်လေ … စကားနဲ့ ဖြေရှင်းလို့ ပြေလည်သွားမလား ဘယ်သူက ပြောနိုင်မှာလဲ ဟုတ်တယ်မလား …..”
“ ဟမ် …..”
တိုက်ခိုက်ဖို့ ဟန်ပြင်နေသည့် ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့မှာ လင်းရီ၏ စကားကို ကြားတော့ မယုံကြည်နိုင်စွာ ကြည့်လာခဲ့ကြသည်။
ဒီ အခြေအနေထိ ရောက်လာနေပြီကို စကားပြောနေလို့ ဘာထူးလိမ့်မှာ …
ဒါပေမယ့် သေချာတာ တစ်ခုကတော့ ….
လင်းရီ လုံးဝ နောက်ဆုတ် အရှုံးပေးမှာ မဟုတ်ဘူးဆိုတာပဲ …
သို့ပေမယ့်လည်း ဖန်းချောင်ချောင်နှင့် ဝမ်ချန်တို့၏ မျက်လုံးထဲတွင်တော့ ထိုကဲ့သို့သော အပြုအမူမျိုးက ကြောက်ရွံ့တုန်လှုပ်သည့်အတွက် တောင်းပန်တိုးလျှိုးနေသည်နှင့် ဆင်တူသည်။
“ အဟက် …”
ဝမ်ချန် နှာမှုတ်လိုက်ပြီး “ စောနတုန်းကများ ဟုတ်နေလိုက်တာ အခုများတော့ ကြည့်စမ်းပါဦး … ကြောက်နေလိုက်တာများ ကြက်ပေါက်လေး ကျနေတာပဲ … ကျိုးဟိုင်မှာတုန်းက နင့်လေသံ၊ နင့်စောက်ချိုးတွေက ဒါမျိုး မဟုတ်ပါဘူး … လုပ်စမ်းပါ … နင်တို့ ကျိုးဟိုင်သားတွေ ဘယ်လောက် အထင်ကြီးဖို့ကောင်းလဲ ပြစမ်းပါ …”
“ မင်းကို ပြောနေတာ မဟုတ်ဘူး … မဆိုင်ဘဲ ဝင်မပါနဲ့ … ငါ သူနဲ့ တိုက်ရိုက် စကားပြောနေတာ ….” လင်းရီက ဖန်းလုံထန်ကို လက်ညှိုးညွှန်ပြလိုက်သည်။
“ လာစမ်းပါ … ငါနဲ့ စကားပြောချင်နေတာ မဟုတ်လား … မင်း ငါ့ကို ဘာပြောမလဲ ကြည့်ကြတာပေါ့ ….”
လင်းရီ ဖန်းလုံထန်သို့ လျှောက်လှမ်းသွားခဲ့ပြီး သူတို့ကြား အကွာအဝေးက မီတာဝက်ခန့်မျှသာ ဝေးကွာတော့သည်။
“ ဒါပေါ့ … မင်း ပိုက်ဆံ ဘယ်အချိန် ပြန်ပေးမလဲဆိုတဲ့ ကိစ္စလေ ….”
ပြုံးလျက် … စကားကို ဖြည်းညင်းစွာ ပြောဆိုရင်း လင်းရီ၏ လက်က ခါးနောက်ကျောသို့ ရောက်ရှိသွားခဲ့သည်။
ကာကွယ်ရေး ဓားမြောင်က လက်ထဲပါလာပြီး ဖန်းလုံထန်၏ ဝမ်းဗိုက်သို့ သတိပေးချင်း အလျဉ်းမရှိ တိုးဝင်သွား၏။
အား ……
ကျယ်လောင်သည့် အော်ဟစ်သံ တစ်သံက ထွက်ပေါ်လာသည်။
ဖန်းလုံထန် ပြူးကျယ်သည့် မျက်ဝန်းများနှင့် စိုက်ကြည့်နေပြီး နှုတ်ခမ်းသည်လည်း ပွင့်အာနေလျက် ရှိသည်။ လင်းရီ ရုတ်တရက်ချည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ပါချေ။
သို့သော် လင်းရီက ထိုမျှနှင့် လွှတ်ပေးလိုသည့် ရည်ရွယ်ချက်မျိုး ရှိဟန်မတူ။ ကော်လံကို ဆွဲပြီး နောက်နှစ်ချက်ဆက်တိုက် ထပ်မံ ထိုးသွင်းလိုက်သည်။
“ မင်းရဲ့ ဒီလှည့်ကွက်လောက်လေးတွေနဲ့ ငါ့ရှေ့မှာ ဆရာကြီး လာလုပ်ချင်နေတယ်ပေါ့ … မင်းက လိုပါသေးတယ် ….” ထိုသို့ မှတ်ချက် ပေးလိုက်သည်။
သူ့ စကားဆုံးသည့်နောက် လင်းရီက လက်ကို ဝှေ့ပြီး ဖန်းလုံထန်ကို လွင့်ထုတ်ပစ်လိုက်၏။ ဓားမြောင်ထက်တွင် နီစွေးသည့် သွေးစက်နှင့် အသားစ အနည်းငယ်တို့က အထင်းသား ကျန်ရစ်နေသည်။ ဓားသွားထက်ကနေ သွေးစက်တို့က တစ်စက်ချင်း စီးကျနေလျက် ရှိ၏။
ဖန်းလုံထန်က သူ့ဝမ်းဗိုက်ကို ဖိထားရင်း သွေးအိုင်ထဲတွင် လဲလျောင်းကာ အသက်ငင်လို့နေသည်။
“ အစ်ကို ….”
ဖန်းချောင်ချောင် ကမ္ဘာပျက်သည့်နှယ် အော်ဟစ်လိုက်၏။ သို့သော် သူမ၏ အစ်ကိုမှာတော့ သတိလစ် မေ့မြောသွားခဲ့ပြီ ဖြစ်ပြီး မည်သည့်တုံ့ပြန်မှုတို့မျှ ပေးမလာခဲ့ချေ။
ဤမြင်ကွင်းကို အစအဆုံး သေချာ မြင်တွေ့လိုက်ရသည့် လူတိုင်းမှာ ကြောက်လန့်လွန်း၍ နေရာကနေ တစ်လက်မမျှ မလှုပ်ဝံ့အောင် ဖြစ်နေကြ၏။ တစ်ချို့ဆိုလျှင် ခြေထောက်များပင် တုန်ယင်နေကြပြီး ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမှန်း မသိ ဖြစ်နေကြသည်။
လင်းရီ၏ အကြည့်က ရောက်ရှိနေသည့် လူတိုင်းအပေါ်သို့ ဖြတ်သန်းသွားပြီး …
“ မင်းတို့ အကုန် တက်လာခဲ့ကြ … မင်းတို့ကောင်တွေ အစွမ်းအစ ဘယ်လောက်ရှိတယ်ဆိုတာ သေချာကြည့်ကြတာပေါ့ ….”
“ ဒါက …..”
လူပင်လယ်ကြီးသဖွယ် ပြည့်ကြပ်နေသည့် ဘားမှာ ထင်ရက်စရာ မရှိလောက်အောင်ကို သုဿန်တစပြင်ကြီးနှယ် တိတ်ဆိတ်လို့နေသည်။ မိမိတို့၏ နှလုံးခုန်သံကိုသာ ကျယ်လောင်စွာ ကြားနေကြရသည်။
“ သုံးမစားမရတဲ့ကောင်တွေ .. နင်တို့ ဘာရပ်လုပ်နေကြတာလဲ … မြန်မြန်တိုက်ကြလေ .. ဒီမှာ ငါ့အစ်ကို ဓားထိုးခံလိုက်ရတာ နင်တို့ မမြင်ကြဘူးလား ….”
ဖန်းချောင်ချောင်က လည်ချောင်းကွဲလုမတတ် အော်ဟစ်လိုက်၏။ သို့သော် သူမ အားကိုးအားထား ပြုနေသည့် လူများအားလုံးက ရှေ့ကို ငိုင်တွေတွေ စိုက်ကြည့်နေလျက်သာရှိပြီး မည်သူကမျှ တစ်လက်မ လှုပ်ရှားမလာခဲ့ကြချေ။
လင်းရီ ဖန်းချောင်ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမရှေ့သို့ နီးကပ်စွာ လျှောက်လှမ်းသွား၏။
“ နင် … နင် ဘာလုပ်ချင်နေတာလဲ ….”
လင်းရီ ဓားမြောင်ကို ကိုင်လျက် စွန်းထင်းနေသည့် သွေးစက်များကို သူမမျက်နှာနှင့် သုတ်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
“ မင်း စကား နောက်တစ်သံ ထွက်ဝံ့ရင် ဒီ ဓားက မင်းဗိုက်ထဲ ရောက်သွားမယ် … မယုံဘူးဆိုရင် ကြိုးစားကြည့်လိုက် …”