သူမရဲ့ ကမ္ဘာကြီးက မင်းတစ်ယောက်ပဲ
Vol. 161 Ch. 2329
“ ငါ့မိဘတွေ မင်းကို လာတွေ့သွားတယ်ဟုတ်လား ….”
“ ဒီနေ့ ငါ လူနာ ကြည့်နေတုန်း မနက်ကိုးနာရီလောက် သူတို့ ရုတ်တရက်ကြီး ရောက်ချလာကြတယ် …. ငါ့ရဲ့ နံပါတ်ကို ကိုင်ထားရင်း … ငါ …. ငါ ဘာမှကို မပြင်ဆင်ထားခဲ့ရတာ ….”
ဖုန်းစခင်မှတစ်ဆင့် လင်းရီသည် လီချူးဟန်၏ စိုးရိမ်ပူပန်မှုကများကို ခံစားနေရသည်။ သူမ၏ လက်က ရင်ဘက်ပေါ်သို့ ဆက်တိုက် ဖိထားလျက်ရှိ၏။
“ သူတို့ ဘာတွေ ပြောသွားသေးလဲ …”
“ ဟိုလို အများကြီးတော့ မပြောပါဘူး … သူတို့ လာတွေ့ပြီး ငါ့ကို ကျန်းမာရေး စစ်ဆေးပေးချင်တယ်ပဲ ပြောတာ ….”
လင်းရီ ရယ်မောလိုက်၏။ “ ဆက်ပါဦး ….”
“ ငါလည်း အဲ့တုန်းက လူနာကြည့်နေရင်း တန်းလန်းကြီးလေ … အားလုံး ပြီးစီးသွားတော့ အပြင်ထွက်ပြီး အန်တီတို့ကို လိုက်ရှာမယ်လုပ်နေတာ ဒါပေမယ့် အန်တီက တစ်ချိန်လုံး အပြင်မှာ စောင့်နေတယ်တဲ့လေ … နေ့လည်ခင်း ငါ အလုပ်နားတော့ အန်ကယ်နဲ့ အန်တီက ငါ့ကို ထမင်းအတူစားဖို့ တစ်နေရာခေါ်သွားပေးတယ် …”
လီချူးဟန်၏ ကူကယ်ရာမဲ့နေသည့် အမူအရာကို မြင်တော့ လင်းရီ ရယ်ချင်စိတ်ကို မည်သို့မျှ မထိန်းနိုင်ခဲ့ချေ။
“ မဆိုးဘူးမလား … နေ့လည်စာဖိုး သက်သာသွားတာပေါ့ ….”
“ အဲ့တာက အကြောင်းမဟုတ်ဘူးလေ … နင်လည်း မပါဘဲနဲ့ သူတို့ကို တစ်ယောက်တည်း တွေ့ရတာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ နင် သိလား … “
“ ဘာကြောက်စရာရှိလို့ … သူတို့က မင်းကို ကိုက်စားမှာမှ မဟုတ်တာ ….” လင်းရီ ရယ်မောရင်း ပြောလိုက်သည်။
“ သူတို့ တစ်ခြား ဘာပြောသွားသေးလဲ ….”
“ ထွေထူး များများစားစားတော့ မပြောပါဘူး … ငါ့အလုပ် ဘယ်လိုနေလဲ မေးတယ် …. သည့်ထက်ပိုမြင့်တဲ့ ရာထူးနေရာကို တက်လှမ်းဖို့ အစီအစဉ် ရှိမရှိလည်း မေးတယ် ….”
“ ဆိုတော့ … သူတို့က ဒီတိုင်း ပုံမှန် အာလာပ သလာပတွေပဲ ပြောသွားတယ်ပေါ့ ….”
“ အင်း …” လီချန်းဟန် ချည့်နဲ့စွာ ခေါင်းညိတ်လိုက်ပြီး “ သူတို့ တစ်ခြား ကိစ္စတစ်ခုလည်း ပြောသွားသေးတယ် ….”
“ ဘာပြောသွားတာ ….”
“ သူတို့ပြောတာက … ငါ့မှာ နင်နဲ့ ကလေးယူဖို့ အစီအစဉ်ရှိလားတဲ့ ….”
“အာ ….”
ဤတစ်ချက်ကတော့ လင်းရီကို အတော်လေး အံ့အားသင့်သွားစေခဲ့၏။
“ သူတို့က မင်းကို အဲ့ဒီကိစ္စတောင် ပြောသွားတယ်ပေါ့ ….”
“ ငါလည်း အန်တီက အဲ့လို မေးလာမယ်လို့ ထင်မထားပါဘူးဆို …. “
လီချူးဟန်သည် အင်မတန် ရိုးရှင်းသည့် ဆန္ဒများနှင့် ဘဝကို နေထိုင် အသက်ရှင်နေသူ ဖြစ်သည်။ ပြီးတော့ ကိုယ့်အဆင့်ကိုယ် သိသူလည်း ဖြစ်၏။
ကလေးယူမည့် ကိစ္စနှင့် ပတ်သက်လို့ကတော့ သူမ လင်းရီနှင့် အရင်က ပြောခဲ့ဖူးသည်။
အကယ်၍ လင်းရီသာ အလိုရှိပါက သူမ တစ်ယောက်ယူပေးနိုင်သည်။ အကယ်၍ မလိုချင်ဘူးဆိုပါက သူမလည်း ယူမှာ မဟုတ်ချေ။
လင်းရီက သူမ၏ ကမ္ဘာကြီး ဖြစ်၏။
“ အဲ့တော့ မင်း ဘာပြန်ပြောလိုက်လဲ ….”
“ ငါကတော့ ဒီတိုင်း နင့်သဘောပဲလို့ ပြောလိုက်တယ်လေ …”
“ သဘောပေါက်ပြီ ….”
ဤအဖြေက လင်းရီ မျှော်မှန်းထားသည့် အတိုင်းအတာအတွင်းမှာပဲ ရှိ၏။ အကြောင်းမူကား လီချူးဟန်သည် ထိုကဲ့သို့သော လူစားမျိုး ဖြစ်နေသောကြောင့်ပင်။
အကယ်၍ သူမသာ မတူညီသည့် အခြားအဖြေတစ်ခုကို ပြောလာမည်ဆိုပါက အတော်လေး အံ့အားသင့်ဖွယ်ရာ ကောင်းသွားလိမ့်မည်။
“ အဲ့တော့ ငါ့အမေက ဘာတွေပြောလဲ …”
လီချူးဟန် ရုတ်ချည်း ရယ်မောလာခဲ့၏။
“ သူနင့်ကို ကြိမ်းမောင်းတယ်လေ …”
“ အာ … ငါ့ကို ကြိမ်းမောင်းတာလား ….”
“ အွန်း … နင်ပြောတာကို နားမထောင်နဲ့ ကိုယ်ဆန္ဒရှိတဲ့အတိုင်းပဲ ကိုယ်လုပ်တဲ့ … တကယ်လို့ ငါက ကလေးယူဖို့ ဆန္ဒရှိတယ်ဆိုရင် အန်တီက သူလာပြီး ဂရုစိုက်ပေးမယ်တဲ့လေ …”
လင်းရီ ရင်ထဲ နွေးထွေးသွားခဲ့၏။
ယခင် ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ အကြောင်းပြောတုန်းက ဂရုစိုက်ပေးဖို့ လိုလားသည့် ရည်ရွယ်ချက်ကို များများစားစား မဖော်ပြခဲ့သော်လည်း လီချူးဟန်ကိုတော့ ထိုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ ပြောဆိုလာသည်။
ယင်းက လင်းရီကို စိတ်ထဲ ဖော်မပြနိုင်သည့် ခံစားချက် တစ်ရပ်ကို ပေါက်ဖွားလာစေခဲ့၏။
“ ငါ့ အမေပြောတာမှန်တယ် … ဒီကိစ္စ ငါနဲ့ တိုင်ပင်စရာ မလိုဘူး … မင်း လိုချင်တယ်ဆို ငါ့ကို ပြောလိုက် …”
“ ဒါကြီးက ရုတ်တရက်နိုင်လွန်းတော့ ငါလည်း ဘာလုပ်ရမှန်း မသိတော့ဘူး ….”
“ဒါဆိုလည်း အလျင်လိုဖို့ မလိုပါဘူး … အချိန်ယူပြီး ဖြည်းဖြည်းချင်း စဉ်းစားပေါ့ …” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ တစ်ခြား ဘာရှိသေးလဲ ….”
“ ကျန်တာကတော့ ဒီတိုင်း ဟိုဟိုဒီဒီ အကြောင်းအရာတွေပါပဲ …. ပြီးတော့ အန်ကယ်နဲ့ အန်တီက ငါဖို့ လက်ဆောင်တွေလည်း ဝယ်လာသေးတယ် … အတင်းအကြပ် လက်ခံခိုင်းတာ ငါ့မှာ ငြင်းလို့လည်း မရဘူး ….”
“ အရူးမလေး … မင်းက သူတို့ရဲ့ ချွေးမပဲလေ … ပစ္စည်းတွေ ဝယ်ပေးသင့်တာ သဘာဝပဲကို … ဘာလို့ ငြင်းနေတာ …”
‘ ချွေးမ’ ဆိုသည့် စကားလုံးကို ကြားတော့ လီချူးဟန် ရုတ်ချည်း မျက်ရည်ဝဲတက်လာခဲ့သည်။
“ ဒါပေမယ့် ငါက မတန်ပါဘူး ….”
“ မတန်ဘူးဆိုတာ ဘာစကားတုန်း ….” လင်းရီ ဒေါသထွက်လာပြီး “ မင်းက လူတိုင်းထက်ကို ပိုပြီး ထိုက်တန်တယ် … မင်း အဲ့လို စကားမျိုး ထပ်ပြောရင် ငါ မင်းနဲ့ စကားမပြောတော့ဘူး ….”
“ ငါ သိပါပြီ …” လီချူးဟန် ပြောလိုက်၏။
“ အန်တီက သူ့ဖုန်းနံပါတ်လည်း ပေးသွားသေးတယ် … ဝီချက်လည်း အပ်သွားတယ် … သူပြောတာ နောင်ကျ ပြဿနာ တစ်ခုခု ကြုံလာတာပဲ ဖြစ်ဖြစ်၊ တစ်ခုခု အဆင်မပြေတာပဲ ဖြစ်ဖြစ် သူ့ဆီကို စာပို့လို့ရတယ်တဲ့ …..”
“ ဒါဆိုလည်း သူပြောတဲ့အတိုင်းပဲ လုပ်လေ … မလိုအပ်တာတွေကို လိုက်ပြီး တွေးပူမနေစမ်းပါနဲ့ …..” လင်းရီ ပြောလိုက်ပြီး “ မဟုတ်လို့ကတော့ မင်းတို့ရဲ့ ချွေးမနဲ့ ယောက္ခမ ဆက်ဆံရေးက ရှေ့ဆက်တိုးနိုင်မှာ မဟုတ်ဘူး ….”
“ ငါ နားလည်တယ် …” လီချူးဟန် ညင်သာစွာ ဆိုလိုက်၏။
“ ကောင်းပြီ … မင်း လုပ်စရာရှိတာ ဆက်လုပ်လိုက်ဦး … ငါ အခု မြို့ပြင်သွားတော့မလို့ …. ကိစ္စတွေပြီးရင် မင်းဆီကို လာတွေ့မယ် ….”
“ အင်း … အပြင်မှာ ဂရုစိုက်ဦးနော်…..”
“ အင်းပါ … စိတ်မပူနဲ့ ….”
လီချူးဟန်နှင့် စကားအနည်းငယ် ဆက်ပြောပြီးနောက် လင်းရီ ဖုန်းချပြီး ချင်ရင်ယွဲ့ထံသို့ ဖုန်းခေါ်လိုက်သည်။
“ အမေတို့ အခု ဘယ်မှာလဲ ….”
“ နင့်အဖေနဲ့ စူပါမားကတ် ရောက်နေတာ … မီလိလေးတို့အိမ် ပြန်တော့မလို့ …..”
“ ဒီမနက်တုန်းက အမေတို့ ဆေးရုံသွားခဲ့ကြသေးတာလား ….”
“ အင်းလေ သူ့ကို သွားတွေ့တာ … ဘာဖြစ်လို့ … သနားဖို့ကောင်းလိုက်တဲ့ ကောင်မလေး … အမြဲတမ်း တစ်ယောက်တည်းပဲ … နင့်မှာ အားလပ်ချိန်မရှိဘူးဆိုပေမယ့် လူကိုတော့ ပစ်မထားနဲ့လေ ….”
“ အမေ … ကျေးဇူးပါပဲ …” လင်းရီ စိတ်ရင်းအပြည့်ဖြင့် ပြောလိုက်၏။
“ ဘာတွေ ပြောနေတာ … အခုကစပြီး သူ့အပေါ် ပိုကောင်းပေးဖို့ပဲလုပ် …. “ ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ အဲ့ကလေးမလေးက စိတ်နှလုံး နူးညံ့ပြီး အဖော်အသင်းလည်း များတာ မဟုတ်ဘူး … အရာအားလုံးကို စိတ်ထဲမှာပဲ သိမ်းထားတတ်တာ … အပြင်ကိုလည်း ထုတ်မပြောရဲဘူး … နင် သူ့ကို ပိုပြီး အာရုံစိုက်ပေး … နောက်ပြီး ကလေးယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့ တကယ်လို့ သူက လိုချင်တယ်ဆိုရင် နင်သူ့ကို တားလို့မရဘူးနော်…. “
“ ကျွန်တော်က ဘယ်လိုလုပ်ပြီး တားရမှာလဲ အမေရာ … သူနဲ့လည်း အဲ့ကိစ္စကို အရင်တုန်းက ပြောထားပြီးပြီ … ဒါပေမယ့် အမြဲတမ်း အဆင်သင့် မဖြစ်သေးဘူးချည်းပဲ ပြောနေလို့ ထပ်မပြောတော့တာ ….”
“ နင့်ကို မပြောရဲလို့ နေမှာပေါ့ … အမျိုးသမီး တစ်ယောက်က အရွယ်တစ်ခု ရောက်လာခဲ့ရင် ကလေးလိုချင်စိတ်က အမျိုးသားတွေထက်တောင် ပိုပြီး ပြင်းပြသေးတယ် ….” ချင်ရင်ယွဲ့က လေးနက် တည်ကြည်စွာ ပြောဆိုလိုက်ပြီး “ ချင်းရန်နဲ့ မီလိလေးကိုပဲ ကြည့်လိုက် … သူတို့နှစ်ယောက်လုံး ကလေးယူဖို့ စိတ်ကူးမထားကြဘူး … ဒါပေမယ့် ရလာတော့လည်း အများကြီး ဂရုစိုက်ပြီး ကိုယ်စီ မျှော်လင့်နေကြတယ် … တကယ်လို့ အရင် လေးငါးနှစ်ကသာ ဖြစ်မယ်ဆိုရင် သူတို့မှာ ဒီလို အမူအကျင့်တွေတောင် ရှိမှာ မဟုတ်ဘူး ….”
“ အဲ့တာတော့ သေချာပေါက်ပဲလေ … ကျွန်တော်လည်း အရင် လေးငါးနှစ်တုန်းက အဲ့လို အတွေးမျိုး တစ်ခါမှတောင် မတွေးခဲ့ဖူးဘူး … ကလေးယူတာက ဝန်ထုပ်ဝန်ပိုးတစ်ခုလို့တောင် ထင်ခဲ့သေးတယ် ….”
“ ဒါကြောင့်မို့ နင့်ဘက်က ဟန်လေးဘက်ကို ပိုပြီး အာရုံစိုက်ပေးဖို့ လိုတယ် …” ချင်ရင်ယွဲ့က ကြင်နာသည့် လေသံဖြင့် “ သူက မီလိတို့ … ချင်းရန်တို့နဲ့ မတူဘူး … ငါ ဂရုမစိုက်ပေးရင်တောင် သူတို့မှာ ဂရုစိုက်ပေးမယ့် မိဘတွေ ရှိတယ် … ပံ့ပိုးပေးမယ့်လူတွေ အများကြီးပဲ … အချိန်မရွေး လှမ်းခေါ်လိုက်လို့ရတယ် … ဒါပေမယ့် ဟန်လေးကျတော့ မတူဘူး … သူ့မှာ မိဘတွေလည်း မရှိတော့ဘူး … သူ့ကမ္ဘာကြီးမှာ နင်တစ်ယောက်တည်းရှိတာ …. ဟန်လေးက အခုကစပြီး ငါ့ရဲ့ သမီးပဲ … သူ့ကိုပိုပြီး ဂရုစိုက်ပေးရမယ် .. ပိုပြီး ကောင်းပေးရမယ် ….”
“ ကျွန်တော် သဘောပေါက်တယ် ….”
ချင်ရင်ယွဲ့နှင့် စကားပြောဆိုနေရင်း လင်းရီရင်ထဲ ရှုပ်ထွေးသည့် စိတ်ခံစားချက်တို့ ပေါက်ဖွားလာရသည်။ လီချူးဟန်အပေါ် တင်ထားသည့် သူ့အကြွေးတို့က အများဆုံး ဖြစ်နေသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
“ ငါ စကားအများကြီး မပြောချင်ဘူး … နင် သတိထားမိမယ်လို့ ယုံတယ်…. အခု နင့်အလုပ်နင် လုပ်တော့ …. ကျိုးဟိုင်က ကိစ္စကို လူတိုင်းစိတ်ကျေနပ်အောင် အမေကြိုးစားကြည့်ပေးမယ် ….”
“ အိုကေ အိုကေ ….”
လင်းရီ ဖုန်းချပြီး ဘေးသို့ ပစ်ချထားလိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်ကာ အတွေးနွံထဲ နစ်မြောသွားခဲ့ပြီး အချိန်အတော်ကြာတော့မှ သတိပြန်ဝင်လာသည်။
သူ့အမေ၏ လေသံကို နားထောင်ရသလောက်တော့ လီချူးဟန် တစ်ဦးတည်းထံသို့ သွားလည်ခဲ့ပုံရသည်။
ဝမ်ရင်းနှင့် ရန်စီတို့နှင့် မတွေ့ခဲ့ရသေးသည့်ပုံပင်။
နောက်ပိုင်းတွင် သူမ သွားတွေ့လိမ့်မလား ဆိုတာကိုတော့ … သူလည်း မပြောတတ်ပေ။
သို့သော် သေချာသည့် အရာတစ်ခုကတော့ သူ့အမေသည် သူမတို့ကို လီချူးဟန်ကဲ့သို့ တူညီသည့် သဘောထားနှင့် ဆက်ဆံလိမ့်မှာ မဟုတ်ချေ။
အကြောင်းမူကား သူမ၏ ရင်ဘက်ထဲတွင် လီချူးဟန်က အကြွင်းမဲ့ ထူးခြားသည့် လူတစ်ဦးတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်ပြီး အနည်းငယ်သော စိတ်ထိခိုက်မှုမျိုးကိုမှ ခံစားခွင့် ပြုမှာ မဟုတ်သောကြောင့်ပင်။
လင်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ယခုတော့ အိမ်တွင် လူကြီးတစ်ယောက်ရှိခြင်းက တန်ဖိုးကြီးညရတနာတစ်ခု ရှိသည်နှင့် ညီမျှရလဲဆိုသည့် စကားအပေါ် အပြည့်အဝ ခံစားနားလည်သွားခဲ့လေပြီ။
ကိစ္စရပ်များက သူ့အမေ၏ စီမံမှုဖြင့် ထွက်ပေါ်လာသည့် ရလဒ်တို့က သူ့ကိုယ်ပိုင် အားထုတ်မှုထက် ပိုကောင်းသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။