နောက်ကြောင်းလိုက်ခြင်း
Vol. 161 Ch. 2330
ပျင်းရိစွာ အကြောင်းဆန့်ရင်း …. လင်းရီ ကိုယ်လန့်သန့်စင်ဖို့အတွက် ရေချိုးခန်းထဲသို့ ဝင်လာခဲ့၏။
သွားတိုက်နေစဉ် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည့်အသံအား ကြားလိုက်ရ၏။
သွားတိုက်တံကို ပါးစပ်ထဲ ငုံထားရင်း တံခါးသွားဖွင့်လိုက်တော့ လျန်ကျင်းမင်က အပြင်ဘက်တွင် ရောက်ရှိနေသည်။
“ ဘာကိစ္စလဲ ….”
နှုတ်ခမ်းတွင် စီးကရက် ကိုက်လျက် လျန်ကျင်းမင် လင်းရီ၏ အခန်းထဲသို့ ဝင်လာသည်။
“ ဖန်းဟုန်ရှန်း ငါ့ဆီ ဖုန်းဆက်လာတယ် … ပိုက်ဆံ ကိစ္စကို ဒီည ညစာစားရင်းနဲ့ စကားပြောချင်တယ်ဆိုပဲ …. ထောင်ချောက်မှန်း သိသာလွန်းတယ် ….”
လင်းရီ သွားတိုက်ရင်း တဆတ်ဆတ် ခေါင်းညိတ်လိုက်၏။
“ မင်း ဘာပြန်ပြောလိုက်လဲ ….”
“ ငါတို့ ရှုံးရင်တောင် မျက်နှာတော့ အပျက်ခံလို့ ဘယ်ရမှာ … ချက်ချင်း သဘောတူလိုက်တာပေါ့ .. ဒါပေမယ့် သွားသင့် ၊ မသွားသင့်ကတော့ မဆုံးဖြတ်ရသေးဘူး ….”
“ ဘာဆွေးနွေးစရာ အကြောင်းမှ မရှိဘူး … ဒီည တိုက်ရိုက်ပဲ သွားမယ် …” လင်းရီပြောလိုက်သည်။
“ အိုကေလေ … ငါ လောင်ချင်နဲ့ ကောင်းကြီးကို အသိပေးလိုက်ဦးမယ် …”
“ အင်း ….”
လျန်ကျင်းမင် ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီ မျက်နှာ အမြန်သစ်လိုက်၏။
ထို့နောက်တွင် နင်ယွဲ့ထံက ဖုန်းဝင်လာသည်။
“ အစ်ကို အပြင်ရောက်နေတုန်းလား … အခုထိ ပြန်မလာသေးဘူးပေါ့ ….”
“ အင်း … ဘာလဲ ဖြစ်လို့ …”
“ ညီမနဲ့ အမေက ဒီနေ့ပဲ ပြန်တော့မှာ …. အစ်ကို့ဆီ ဖုန်းဆက်လိုက်တာက အသိပေးဖို့ ….”
“ ဒီလောက် အမြန်ကြီး ပြန်တော့မယ်ပေါ့ ….” လင်းရီ ပြောလိုက်၏။
“ ငါ မကြာခင် ပြန်လာတော့မှာ … မပြန်ခင် ငါ့ကို စောင့်ဦး ….”
“ နှစ်သစ်ကူးက နီးနေပြီ … ဆေးရုံမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ် … ပြီးတော့ အမေကလည်း အကြာကြီး နေလို့ မရဘူး ….”
“ နောက်ပြီး ဒါက ယောင်းမလေးရဲ့ အိမ်လေ … ညီမနဲ့ အမေနဲ့ အကြာကြီး နေလို့ ဘယ်ကောင်းလိမ့်မှာ …. ဒီနေ့ မွန်းလွဲပဲ ပြန်ဖို့ စီစဉ်ထားတယ် …”
“ ဒါဆိုလည်း ကောင်းပြီလေ …” လင်းရီ အတင်းအကြပ် ဆွဲထားမနေတော့ပေ။
“ ပြီးတော့ မေမေဝမ်က ပြောသေးတယ် … ဒီနှစ်တော့ ပြန်မလာနဲ့တော့တဲ့ … ကျိုးဟိုင်မှာပဲ နှစ်သစ်ကူးလိုက်တော့တဲ့ …..”
“ ဟမ် … ကျိုးဟိုင်မှာ နှစ်သစ်ကူးရမယ် ဟုတ်လား ….”
“ မေမေဝမ်ပြောတာ ယောင်းမလေးက ကိုယ်ဝန်ရှိနေတယ်ဆိုတော့ သူနဲ့အတူနေပြီး အဖော်လုပ်ပေးစေချင်တယ်တဲ့လေ … နှစ်သစ်ကူးပြီးမှပဲ လာခဲ့လို့လည်း ရတာပဲ ….”
လင်းရီ အနည်းငယ် ရယ်ချင်သွားခဲ့၏။ “ ကောင်းပြီလေ … ငါ သဘောပေါက်ပြီ …”
“ ဒါဆိုရင် ဖုန်းချလိုက်တော့မယ် … ဘိုင့် …”
နင်ယွဲ့ ဖုန်းချသွားခဲ့၏။ လင်းရီ ဖုန်းကိုင်ထားလျက် အိပ်ရာပေါ်သို့ ထိုင်ချလိုက်သည်။
ဖန်းဟုန်ရှန်း သူတို့ကို ညစာစားဖို့ ဖိတ်ခေါ်လာခဲ့သည်က ထောင်ချောက် တစ်ခု ဖြစ်နေမည်မှာ ရာနှုန်းပြည့် သေချာသည်။
သို့သော် ဤညစာစားပွဲကို မည်သို့ ကိုင်တွယ်ရမလဲဆိုတာကတော့ အနည်းငယ် တွေးတောဖို့ လိုအပ်လာပြီ ဖြစ်၏။
ဤအကြောင်း စဉ်းစားမိတော့ လင်းရီ ရှောင်ပင်း၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။
“ ဟယ်လို အစ်ကိုရီ …”
“ ငါ့ကို ဒီတစ်ယောက် အကြောင်း ကူစစ်ဆေးပေးစမ်းပါ ….”
လေးနက်သည့် ကိစ္စ ဖြစ်တော့မည်ကို ရိပ်စားမိတော့ ရှောင်ပင်း၏ လေသံသည်လည်း လေးနက်လာသည်။
“ ဘယ်သူ့အကြောင်းလဲ ….”
“ ကျင်းရန်က ဖန်းဟုန်ရှန်း ….”
“ ဖန်းဟုန်ရှန်း ဟုတ်လား ….”
“ ဘာလို့ … မင်း အဲ့လူကို သိနေလို့လား ….”
“ တကယ်က နည်းနည်းကြားဖူးတာပါ … သူက ကျင်းရန်မြို့ရဲ့ ကျောက်မီးသွေး တိုင်ကွန်းကြီးလေ … အနောက်ဘက်ဒေသမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုလည်း ဟုတ်တယ် …. အတော်လေး ဖြုံဖို့ကောင်းတဲ့လူပဲ….” ရှောင်ပင်းက သိချင်စိတ် ပြင်းပြစွာဖြင့် “ ဘာလို့လဲ အစ်ကိုရီ … သူတို့အုပ်စုက တစ်ခုခု လုပ်နေလို့ စုံစမ်းချင်နေတာလား …. သူက အတော်လေး မောက်မာသလောက် မောက်မာနိုင်တဲ့အထိလည်း လွှမ်းမိုးမှု ရှိတယ်တဲ့နော်….”
“ ထွေထူးကြီးကြီးမားမားတော့ မဟုတ်ပါဘူး … ဒီတိုင်း ငါ့ကို ကူပြီးပဲ စစ်ဆေးပေးစမ်းပါ ….” လင်းရီ ပြောလိုက်ပြီး “ အိုး … ပြီးတော့ ဝမ်ထောင်ဆိုတဲ့ တစ်ယောက်ရော ကျန်သေးတယ် … သူ့ပါ တစ်ခါတည်း စစ်လိုက် ….”
“ ပြဿနာ မရှိဘူး … ဒါပေမယ့် အစ်ကိုယွဲ့ကိုတော့ မေးဖို့ လိုမယ် … သူ့အိမ်က ကျင်းရန်ကလေ … သူက ပိုသိလောက်တယ် ….”
“ အဲ့တာဆိုလည်း သွားမေးချည် … ဒါပေမယ့် မြန်မြန်တော့မေးနော်…. ည ခြောက်နာရီ မတိုင်ခင် အချက်အလက်တွေ အကုန် လိုချင်တယ် ….”
“ ဟုတ် … နားလည်ပါပြီ ….”
တာဝန်ပေးပြီးနောက် လင်းရီသည် အလျင်အမြန်ပဲ အဆင်သင့် ဖြစ်သွားခဲ့ပြီး ချင်းဟန်နှင့် အခြားသူများကို တွေ့ဆုံဖို့ အတွက် အခန်းထဲ ထွက်လာခဲ့သည်။
မွန်းလွဲပိုင်းတွင် လေးယောက်သား ဒေသ ဧရိယာတစ်ဝိုက် လျှောက်လည်နေကြပြီး ဒေသ၏ အငွေ့အသက် တစ်ချို့ကို ခံစားနေကြသည်။ ညနေ ခြောက်နာရီ နည်းနည်းစွန်းသည့် အချိန်လောက်ရောက်တော့ ဖန်းဟုန်ရှန်း ချိန်းသည့် ဟိုတယ်သို့ ပွဲတက်ရန် ထွက်ခွာလာခဲ့လေသည်။
သူတို့ ကားပါကင်ထိုးသည့် အချိန်မှာပဲ လင်းရီ၏ ဖုန်းက အသံမြည်လာခဲ့သည်။ ရှောင်ပင်းထံက ဖြစ်၏။
“ သတင်းအချက်အလက်က နည်းနည်း ကြန့်ကြာသွားတော့ အချိန်နည်းနည်း နောက်ကျသွားတယ် အစ်ကိုရီ ….”
“ ကိစ္စမရှိဘူး … အချိန်မီတယ် ….”
“ ဖန်းဟုန်ရှန်းအကြောင်း မပြောခင် သူ့အဖေအကြောင်း အရင်ပြောရမယ် …” ရှောင်ပင်း ပြောလိုက်ပြီး “ သူ့အဖေ ၊ ဖန်ချွင်းဝေက သူတို့စီရင်စုရဲ့ စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ဒုတာဝန်ခံ တစ်ယောက်…. “
“ ဟမ် … အဲ့လို အဆက်အသွယ်မျိုးတွေ ရှိနေတယ်ပေါ့ ….”
“ ကျွန်မလည်း အံ့အားသင့်သွားပါတယ်ဆို … အတော်လေး မြင့်တဲ့ ရာထူးတော့ မဟုတ်ပေမယ့် သေးတဲ့ ဒေသအဆင့်လည်း မဟုတ်ဘူးလေ …”
“ အင်း … ကျန်တာ ဘာရှိသေးလဲ … ဆက်ပြောပါဦး ….”
“ သူ့အဖေရဲ့ ထုဆစ်ပေးမှုအောက်မှာ ဖန်းဟုန်ရှန်းက မြင့်တက်လာခဲ့တယ် … ပြီးတော့ စီးပွားရေးဖွင့်ပေးတဲ့ အချိန်မှာ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး ဒီနေ့ ဒီလိုနေရာမျိုးကို ရောက်လာခဲ့တာပဲ …”
ရှောင်ပင်း စကားကို ခေတ္တရပ်နားပြီးနောက် ဆက်ပြော၏။
“ ဒါပေမယ့် ဖန်းဟုန်ရှန်း ကိုယ်၌က သန့်ရှင်းမနေဘူး …. တရားမဝင်တဲ့ ပရောဂျက် အကြီးစားကြီးတွေ အများကြီးကို လုပ်ထားဖူးတယ် … ပြီးတော့ အရင်နှစ်တော်တော်များများက သူ့လက်အောက်မှာရှိတဲ့ မိုင်းတွင်းတစ်ခု ပေါက်ကွဲမှု ဖြစ်တယ် … လူ အယောက် ၅၀ ကျော် သေဆုံးသွားခဲ့တယ် … အဲ့တုန်းက အဲ့ဖြစ်ရပ်က သတင်းတော်တော်ကြီးတယ် …. ဗဟိုအစိုးရက လူတွေတောင် ဆင်းလာကွင်းဆင်းလေ့လာတ့အထိပဲ … ဒါပေမယ့် အဆုံးကျတော့ တိုးတိုးတိတ်တိတ် ဖြေရှင်းရင်းနဲ့ပဲ အဆုံးသတ်သွားခဲ့တယ် … ဒီတိုင်း ဒဏ်ကြေးတစ်ချို့လောက်တပ်ပြီး သူ့ကို ဘာအရေးယူမှုမှလည်း မလုပ်ခဲ့ဘူး ….”
“ အဲ့ဒီ ဝမ်ထောင်ဆိုတဲ့ လူကတော့ ပိုပြီးတောင် ရိုးရှင်းသေးတယ် … ဘာနောက်ခံမှ မရှိဘူး … လမ်းဘေး ကလေကချေတစ်ကောင်သာသာပဲ … ဒါပေမယ့် ဖန်းဟုန်ရှန်းနဲ့ အမြဲတွဲသွားတွဲလာလုပ်ပြီး တော်တော်လေးလည်း ရက်စက်ကြမ်းကြုတ်တယ် …. နောက်ပိုင်း တဖြည်းဖြည်းနဲ့ ကျင်းရန်ရဲ့ ‘အစ်ကိုကြီး’ ဖြစ်လာတယ် … လူသတ်မှု တစ်ချို့နဲ့လည်း စွဲချက်တင်ခံရဖူးတယ် …. ဒါပေမယ့် ဖန်းမိသားစုရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ အကုန်လုံး ကျေအေးပေးလိုက်ရတာပါပဲ ….”
“ ငါ သဘောပေါက်ပြီ …” လင်းရီ ပေါ့ပါးသည့် လေသံဖြင့် ဆိုလိုက်ပြီး “ အစ်ကိုရီက သူတို့ကို ကိုင်တွယ်ချင်လို့လား … ကျွန်မ လူလွှတ်ပေးရဦးမလား …”
“ မလိုဘူး … ငါ့ဘာငါ ကိုင်တွယ်လို့ရတယ် … မင်း လုပ်စရာရှိတာပဲ ဆက်လုပ် ….”
ဖန်းမိသားစုနှင့် ဝမ်ထောင်အကြောင်း စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ ချင်းဟန် မေးလာခဲ့၏။
“ ဘာတဲ့လဲ ….”
“ ကိစ္စ အသေးလေးပါ ….” လင်းရီ ဖုန်းကို အိတ်ထောင်ထဲ ပြန်ထည့်လိုက်ပြီး “ သွားစို့ … အချိန်ကတော့မယ် … သွားပြီး အဲ့ဘိုးတော်နဲ့တွေ့ကြစို့ ….”
“ အိုကေ သွားစို့ …..”
….
ကျန်းရန် ရှန်ရီလာ ဟိုတယ်။ အခန်း ၂၀၂။
အခန်းက အင်မတန် ကြီးမားပြီး တစ်ရာ စတုရန်း မီတာခန့်မျှ ကျယ်ဝန်းသည်။
အလယ်တွင် စားပွဲဝိုင်းကြီး တစ်လုံးက နေရာယူထားပြီး လူ အယောက် ၂၀ ၊ ၃၀ ခန့်မျှ စုဝေးထိုင်ဖို့ရာအတွက် လုံးဝ ပြဿနာ မရှိပေ။
သို့သော် ထိုအချိန်၌ စားပွဲဝိုင်းရှိ လေထုမှာ ပုံမှန်မဟုတ်။ လေးလံသိပ်သည်းလို့နေသည်။
အကြောင်းမူကား ၊ ချိန်းထားသည့် အချိန်က ခြောက်နာရီဖြစ်ပြီး ယခု ခုနစ်နာရီပင် ထိုးတော့မည်။ လူက တစ်ယောက်မှ ရောက်မလာသေးချေ။ ရှိနေသည့် ဒါဇင်နှင့်ချီသည့် လူတို့၏ မျက်နှာထက်တွင် အလိုမကျမှုတို့ ဖြစ်ပေါ်နေသည်။
“ အစ်ကိုဖန်း … ဒီ စောက်ကလေးတွေက လွန်ကိုလွန်တယ် ….”
ပြောလိုက်သူက အသက်လေးဆယ်အရွယ်ရှိ ခပ်ဝဝ လူတစ်ယောက်ပင်။ သို့ပေမယ့် ဤလူအုပ်စုကြားထဲတွင်တော့ အနည်းငယ် ငယ်ရွယ်ပုံ ပေါက်နေသည်။
သူ့နာမည်က မာချုံဖြစ်ပြီး ကျင်းရန်တွင် အိမ်ခြံမြေ လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်သည်။ ဖန်းဟုန်ရှန်းကဲ့သို့ သန်မာသည့် နိုင်ငံရေး နောက်ခံ ရှိထားပြီး သူ့စီးပွားရေးလုပ်ငန်းများ တိုးတက်လာခြင်း နောက်ကွယ်က အဓိက အရေးပါသည့် အကြောင်းအရင်း တစ်ရပ်လည်း ဖြစ်၏။
ဖန်းဟုန်ရှန်း၏ မျက်နှာသည်လည်း မည်းမှောင်နေပြီး စော်ကားခံနေရသည့်နှယ် ခံစားနေရသည်။
အကြီးအကဲ တစ်ယောက်အနေနဲ့ သူ့ဘက်က ဖိတ်ကြားမှု ပြုခဲ့သည်။ သို့တိုင် တစ်နာရီကျော် စောင့်ဆိုင်းနေရ၏။ ကျင်းရန်တစ်မြို့လုံး မည်သူကမျှ သူ့အား ဤကဲ့သို့ မလေးမစား မဆက်ဆံဝံ့ကြပေ။
“ ငါတို့ ဖုန်းဆက်ကြည့်ကြမလား ….”
စားပွဲဝိုင်း အဆုံးတစ်ဖက်ရှိ တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။
“ ဘယ်သင့်လျော်မှာ …” ဝမ်ထောင်က စီးကရက်ကို လက်ကြားညှပ်လျက် ထိုင်ခုံနောက်သို့ ကျောမှီရင်း “ ငါတို့သာ ဖုန်းဆက်လိုက်ရင် ဒီကောင်တွေကို အသာစီးက နေခွင့် ပြုလိုက်သလို ဖြစ်သွားလိမ့်မယ် …. “
“ လျန်မိသားစုကိုပဲ တိုက်ရိုက် ခေါ်လိုက်ရင်ကော ဘယ်လိုလဲ … လျန်ကျန်းတုန်းနဲ့ပဲ တိုက်ရိုက် စကားပြောတာပေါ့ ….”
ခေတ္တမျှ ချီတုံချတုံ ဖြစ်နေပြီး ဖန်းဟုန်ရှန်း ခေါင်းယမ်းလိုက်သည်။ “ အဲ့လိုဆို ရှုပ်သွားလိမ့်မယ် …. ငါတို့ လျန်ကျန်းတုန်းကို ဖုန်းခေါ်လိုက်ရင် အသိုင်းအဝိုင်းတွေ ရောထွေးသွားပြီး သူ့ကို မျက်နှာသာ ပေးနေရလိမ့်မယ် … အဲ့လိုအချိန်မှာ သူ့သားကို ဘာဘာညာညာ သွားပြောလိုက်ရင် ငါတို့ဘက်က အမှားဖြစ်သွားမှာပေါ့ ….”
“ အစ်ကိုဖန်း ပြောချင်တဲ့ သဘောက အပြင်လူတွေ ပေးသိလိုက်ရင်တောင် အသုံးမဝင်ဘူးပေါ့ အဲ့လိုလား …” မာချုံက မေးလိုက်၏။
“ သေချာပေါက်ပဲပေါ့ …”
ဖန်းဟုန်ရှန်းက နှာမှုတ်လိုက်ပြီး “ အချိန်ကျလာရင် သူတို့ ငါနဲ့ လာတွေ့ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး ….”