အခန်း (၂၃၃၁)
Vol. 161 Ch. 2331
အခန်း (၂၃၃၁)
စားပွဲဝိုင်းရှိ ကျန်သူများအားလုံး အပြုံးကိုယ်စီနှင့် ဖြစ်သွားခဲ့ကြသည်။
ဝမ်ထောင်က သွားကြားထိုးတံကို ပါးစပ်ထဲ ကိုက်ထားရင်း “ လျန်မိသားစုက အခု ကစားပွဲ ပြင်ပကို ရောက်သွားခဲ့ပြီ … မကျေနပ်လည်း အသံမထွက်အောင် အံကြိတ်ပြီး တင်းခံလို့ပဲရမယ် … ငွေ ၃ ဘီလီယမ် ကိစ္စ ပြောဖို့ သတ္တိရှိတော့မှာ မဟုတ်ဘူး ….”
ဖန်းဟုန်ရှန်း ပေါ့ပါးစွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် နာရီကို ကြည့်ပြီး ထူးမခြားနားသည့် အမူအရာဖြင့် “ ဒါကြောင့်မို့ အလျင်လိုစရာ မလိုဘူး … ဒီ လူငယ်လေးတွေက သူတို့ရဲ့ ထူးခြားချက်ကို ဒီလိုနည်းလမ်းနဲ့ ပြချင်နေရုံသပ်သပ်ပဲ ….”
“ အဲ့လိုဆိုတိုင်း ငါတို့ ဒီမှာ တစ်သက်လုံး ထိုင်စောင့်နေလို့တော့ ဘယ်ဖြစ်လိမ့်မှာ ….” မာချုံ ပြောလိုက်၏။
“ ငါ သူတို့ကို နောက်ထပ် နာရီဝက်ပေးမယ် … တကယ်လို့ ပေါ်မလာဘူးဆိုရင်တော့ အဲ့ကောင်တွေဆီ သွားပြီး လေးလေးနက်နက် စကားပြောရတော့မယ့်ပုံပဲ ….”
“ တကယ်လို့ ပေါ်လာခဲ့မယ်ဆိုရင်ကော …..”
“ ဟမ့် ….”
ဖန်းဟုန်ရှန်း နှာမှုတ်လိုက်ပြီး “ တကယ်လို့ ပေါ်လာခဲ့ရင် စာရင်း အသစ်ရော ၊ စာရင်းဟောင်းတွေပါ ပေါင်းပြီး ရှင်းကြတာပေါ့ကွာ ….”
ဆုံးဖြတ်ချက် တစ်ခုက စိတ်သက်သာရာရမှု တစ်ချို့ကို ဆောင်ကြဉ်းလာပေးသည့်နှယ် စားပွဲဝိုင်းရှိ လူတိုင်း အနည်းငယ် စိတ်သက်သာရသွားခဲ့ကြ၏။
ထို့ပြင် ထိုအချိန်အခိုက်အတန့်မှာပဲ သီးသန့်ခန်းတံခါးက တွန်းပွင့်လာခဲ့ပြီး လင်းရီတို့အုပ်စု အထဲသို့ ဝင်လာခဲ့ကြသည်။
သူတို့ လေးယောက်ကို မြင်တော့ အခန်းထဲရှိ လေထုမှာ ရုတ်ချည်း အေးခဲသွား၏။
ဖန်းဟုန်ရှန်းနှင့် အခြားသူများ၏ အကြည့်တို့က လင်းရီတို့ အုပ်စုအပေါ်တွင် စူးစိုက်ကျရောက်နေသည်။
“ ငါ့သားကို ဓားနဲ့ သုံးချက်ထိုးသွားတဲ့ကောင်က မင်းလား ….”
“ ဟုတ်တယ် … အဲ့တာ ကျုပ်ပဲ ….”
လင်းရီ ပြုံးလျက် ပြောလိုက်ပြီး ရှိနေသည့် လူများဘက်သို့ ညွှန်ပြလိုက်၏။
“ ကျုပ်တို့ ဒီလာခဲ့တာက ပိုက်ဆံကိစ္စ သီးသန့်ဆွေးနွေးဖို့ … ဒါ ကျုပ်တို့ကြားက သီးသန့် ကိုယ်ရေးကိုယ်တာ ကိစ္စ မဟုတ်လား … ဘာလို့ လူတွေ ဒီလောက်အများကြီး ခေါ်ထားရတာ … ခင်များသားက သူရဲဘောကြောင်တဲ့ကောင် … ခင်များလည်း အတူတူပဲလား …. ရဲဆေးတင်ဖို့အတွက် လူတွေ ဒီလောက်အများကြီး လိုတယ်ပေါ့ ….”
“ မင်း **** “
“ နေဦး ….”
မာချုံ စိတ်မထိန်းနိုင်ဘဲ လင်းရီအား ကျိန်ဆဲလိုက်သည်။ သို့သော် ဖန်းဟုန်ရှန်း၏ ဟန့်တားခြင်းကို ခံလိုက်ရပြီး တစ်ဖက်က ပြုံးလျက် “ မင်းက တကယ့်ကို အသိအမှတ်ပြုထိုက်တဲ့ လူငယ်လေးပဲ…. ငါတောင် မင်း အသက်အရွယ်တုန်းက ဒီလောက်ထိ သွေးမကြီးခဲ့ဖူးဘူး ….”
“ ပြောခါမှ အဲ့ဒီ အချိန်တုန်းက လူငယ်လေး တစ်ယောက်အကြောင်းတောင် အမှတ်ရသွားပြီ …. ငါတို့ ကျင်းရန်မှာ မင်းလိုပဲ လူငယ်လေး တစ်ယောက်ရှိခဲ့ဖူးတယ် …. မင်းနဲ့ တူရုံတင် မကဘူး … အသက်ကလည်း မင်းနဲ့ အတူတူလောက်ပဲ ….” ဝမ်ထောင် ပြောလိုက်ပြီး “ အဲ့ကောင်လေးက သူ့အတွက် ဘာက ကောင်းတယ်ဆိုတာကို မသိဘဲ ကျင်းရန်ရဲ့ အစ်ကိုကြီးကို အပြစ်ပြုမိခဲ့တယ် … သူ့လက်နှစ်ဖက်လုံး ခုတ်ဖြတ်ခံလိုက်ရပြီး ခြေဖနှောင့်သွေးကြောတွေလည်း ဖြတ်ခံလိုက်ရတယ် … စိတ်မကောင်းစရာပဲ …. သူက အတော်လေး မောက်မာလွန်းလို့ ကောင်းကင်ကိုတောင် ပြောင်းပြန်လှန်ချင်တဲ့အထိပဲ … နှစ်ဝက်လောက်ကြာပြီးတော့ ဈေးထဲမှာ တောင်းစားနေရပြီ …. ဘဝက အဲ့လောက်ထိတောင် ဈေးပေါသွားနိုင်တာပဲ ….”
“ ကြည့်ရသလောက်တော့ ကျုပ် မှားယွင်းတာ တစ်ခုခု လုပ်ခဲ့မိပြီနဲ့ တူတယ် ….” လင်းရီ နှုတ်ခမ်းတွန့်ကွေးလျက် ပြောလိုက်ပြီး “ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ လက်ဗလာနဲ့ လာတာက တကယ့်ကို ရိုင်းပြရာကျတယ် … ဒီလိုမှန်းသိရင် ခွက်တစ်လုံးလောက် ယူလာခဲ့ပေးပါတယ် … အဲ့တာဆို ခင်များလည်း အထီးကျန်စရာ မလိုတော့ဘူးလေ ….”
“ ဟက် ….”
ဖန်းဟုန်ရှန်း နှာမှုတ်လိုက်ပြီး “ ကောင်လေး … လျှာစောင်းကတော့ တယ်ထက်တယ် … ဒါပေမယ့် ရှင်းစရာရှိတာကတော့ ရှင်းရမှာပဲ … အခု လူလည်း စုံနေပြီဆိုတော့ ကျေးဇူးပြုပြီး ထိုင်ပါဦး ….”
“ ကောင်းပြီလေ … ကျုပ် လေးစားသမှုနဲ့ ဝင်ထိုင်လိုက်မယ် ….”
လေးယောက်သား ထိုင်ခုံများသို့ ဝင်ထိုင်ချလိုက်ပြီး လင်းရီက စကားစပြောသည်။
“ ကျုပ်တို့ ဒီနေ့ရောက်လာခဲ့တာက စားသောက်ဖို့ မဟုတ်ဘူး … ငွေ ၃ ဘီလီယမ် ကိစ္စ ပြောဖို့ပဲ … အဲ့ငွေတွေကို ခင်များ ဘယ်တော့ လွှဲပေးမယ်လို့ စီစဉ်ထားလဲ ….”
“ ရောက်ရောက်ချင်း လိုရင်းတန်းသွားတယ်ဆိုတာ ရိုင်းပြရာ ကျတာပေါ့ … အရက်လေး နည်းနည်းပါးပါးသောက် ၊ အမြည်းလေးစား ၊ လိုရင်းကိစ္စကို ဖြည်းဖြည်းချင်း ပြောတာကမှ ထုံးစံ မဟုတ်ဘူးလား ….”
“ ဟားဟား အဘိုးကြီး … အနည်းဆုံးတော့ ခင်များက ခင်များရဲ့သားထက်တော့ ပိုပြီး လူကြီးလူကောင်း ဆန်တယ်ပြောရမယ် …. သောက်စားရင်း စကားပြောရကောင်းမှန်း သိတယ်ဆိုတော့ ဒီနှစ်တွေ တစ်လျှောက် ခင်များ အသက်ရှင်လာခဲ့တာ အချည်းနှီးတော့ မဟုတ်ဘူးပဲ ….”
ဖန်းဟုန်ရှန်း၏ အမူအရာမှာ ခေတ္တ ရပ်တန့်သွားခဲံပြီး “ ကောင်လေး … မောက်မာလွန်းတာက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးကွ … ဒါ ကျင်းရန် …. လူတစ်ယောက်ကိုတောင် အသက်ချင်း ဖလှယ်စရာမလိုဘဲ သတ်နိုင်တဲ့နေရာပဲ ….”
“ ကျုပ်ကို ခြိမ်းခြောက်တာလား ….”
“ ခြိမ်းခြောက်တာ ဟုတ်မဟုတ် မင်း မကြာခင် သိသွားမှာပါ ….”
ဖန်းဟုန်ရှန်းက ဝမ်ထောင်ကို အကြည့်တစ်ချက် ပေးလိုက်သည်။ တစ်ဖက်က ချက်ချင်း သဘောပေါက်သွားပြီး ပြုံးလျက် လင်းရီ၏ နောက်ကျောဘက်သို့ လျှောက်လှမ်းလာခဲ့၏။ ထို့နောက် ခါးနောက်ကျောဘက်မှ သေနတ် တစ်လက် ဆွဲထုတ်လာခဲ့ပြီး လင်းရီ၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်သည်။
“ ကောင်လေး … ငါ့သေနတ်ထဲ ကျည်ဖြည့်ထားတယ်လို့ ထင်လား ….”
ဝမ်ထောင်က သေနတ်ဆွဲထုတ်လာသည်ကို မြင်တော့ ချင်းဟန်နှင့်ကျန်သူများအားလုံး ကြက်သေသေသွားခဲ့ကြသည်။
သူတို့တွေးထင်ထားခဲ့သည်မှာ ဖန်းဟုန်ရှန်းက ဤ လူတစ်အုပ်စုကို လင်းရီအား လွယ်လင့်တကူ ကိုင်တွယ်နိုင်ဖို့ ခေါ်ယူထားခြင်း ဖြစ်မည်ဟူ၍ပင်။
သို့သော် ထင်မှတ်မထားစွာဖြင့် တစ်ဖက်က တကယ်ကြီး သေနတ် တစ်လက် ဆွဲထုတ်လာသည်။
အခန်းထဲရှိ ကျန်သူများလည်း အပြုံးကိုယ်စီကို လှစ်ဟာပြလာကြသည်။
အနှီ လူငယ်လေးများက သင်ခန်းစာ ပေးခံရခြင်း မရှိဘူးဆိုလှင် ကောင်းကင်က ဘယ်လောက် မြင့်ပြီး ၊ မြေပြင်က ဘယ်လောက်ထိ နက်ရှိုင်းလဲဆိုတာ နားလည်မှာ မဟုတ်ချေ။
“ ဖြည့်ထားမယ် ထင်တာပဲ ….” လင်းရီ ထိုင်ခုံတွင် ထိုင်ရင်း အမှုမထားသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ ဟားဟား ….”
ဝမ်ထောင် အားပါးတရ အော်ဟစ် ရယ်မောလိုက်၏။ “ မင်းက မပိန်းဘူးပဲ … ဒီတိုင်း အေးဆေးထိုင်နေ … မဟုတ်လို့ကတော့ ဒီနေရာကနေ ရှင်လျက် ထွက်သွားနိုင်မယ် မထင်နဲ့ ….”
ထောက် ….
ဖန်းဟုန်ရှန်းက စီးကရက် တစ်လိပ်ကို မီးညှိပြီး သူ့နေရာကနေ ထလိုက်၏။
လင်းရီဘေးနားတွင် မတ်တပ်ရပ်ရင်း သူ့ဦးခေါင်းကို လက်ညှိုးဖြင့် တို့လျက် “ ဘာလဲ … မမောက်မာရဲတော့ဘူးလား … စောနတုန်းက ငါ့ဆီကနေ ပိုက်ဆံလိုချင်နေတာ မဟုတ်ဘူး … အခု ဘာလို့ အသံတိတ်သွားရတာ ….”
ဤမြင်ကွင်းက ချင်းဟန်နှင့် အခြားသူများကို ရင်ထဲ ထိတ်လန့်သွားစေခဲ့လေသည်။
လင်းရီရဲ့ ခေါင်းကို လက်ညှိုးနဲ့ တို့နေတယ် … ဒီလူတွေ တကယ် အကြောက်အလန့် ကင်းကြတာပဲ ….
သို့သော် လင်းရီက ပြုံးရုံမျှ ပြုံးလိုက်ပြီး မည်သည့်စကားမျှ မဆိုချေ။ သူ တကယ်ပဲ ဘာတွေ စဉ်းစားနေလဲဆိုတာကို မည်သူကမျှ မခန့်မှန်းနိုင်ခဲ့ချေ။
သို့ပေမယ့် … မုန်တိုင်းမလာခင် ငြိမ်သက်နေကြောင်းကိုတော့ ခန့်မှန်းနိုင်ကြ၏။
ဖန်းဟုန်ရှန်း လက်ညှိုးဖြင့် တို့နေသည်ကို ရပ်တန့်လိုက်ပြီး တံခါးဝ အံဆွဲထဲက ဓားမြောင်တစ်ချောင်းထုတ်ပြီး လင်းရီ၏ မျက်နှာကို အကြိမ်ရေ ခပ်များများ အသာရိုက်နှက်လိုက်သည်။
“ မနေ့တုန်းက မင်းငါ့သားကို ဓားနဲ့ သုံးကြိမ်ထိုးသွားတယ် … ဒီနေ့ပဲ စာရင်းရှင်းလိုက်ကြတာပေါ … အဲ့တာပြီးလို့မှ မင်း မတ်တပ်ရပ်နိုင်သေးတယ်ဆိုရင် ၃ ဘီလီယမ် အပေးအယူအကြောင်း စကားဆက်ပြောလို့ရပြီ ….”
“ ခင်များတို့နှစ်ယောက်က တကယ် သတ္တိကောင်းကြတဲ့လူတွေပဲ … တစ်ယောက်ကကျတော့ ကျုပ်ခေါင်းကို သေနတ်နဲ့ ရွယ်ထားပြီး နောက်တစ်ယောက်ကျတော့လည်း ကျုပ်မျက်နှာကို ဓားနဲ့ လာရိုက်နေတယ် … ကြည့်ရတာ ကျင်းရန်မှာ အာဏာရှင် ဖြစ်တာ ကြာသွားတော့ လောကကြီးတစ်ခုလုံးကို ပိုင်စိုးနိုင်ပြီလို့ အထင်ရောက်နေသလိုပဲ …”
“ ဒါပေါ့ … ကျင်းရန်မှာ ငါ .. ဖန်းဟုန်ရှန်းက ကောင်းကင်ပဲ … မင်းတို့လို ခွေးကောင်ပေါက်လေးတွေက ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်ပြီး ငါတို့နေရာမှာ အစားထိုးဝင်လို့ ရမယ် ထင်ကြတယ် … ဒါပေမယ့် ငါ တစ်ခု ပြောပြလိုက်မယ် … အခု အချိန်မကျသေးဘူး …. တစ်ခြားနေရာမှတော့ ငါ ဒီစကားမျိုး မဆိုဝံ့ပေမယ့် ကျင်းရန်မှာတော့ ငါချောင်းတစ်ချက်ဟန့်လိုက်ရင် ဘယ်ကောင်မှ ဖုန်မထရဲဘူး ….”
သူ့စကားဆုံးတော့ ဖန်းဟုန်ရှန်းက စားပွဲပေါ်မှ အရက်ပုလင်းကို ကောက်ယူလိုက်ပြီး ဖန်ခွက်ထဲ အပြည့်လောင်းထည့်လိုက်သည်။
“ လုပ် … ၊ ဒါသောက်ပြီး မင်းမှာ ဇဘယ်လောက်ရှိကြောင်း ငါ့ကို ပြလိုက် …” ဖန်းဟုန်ရှန်း ပြောလိုက်ပြီး “ မသောက်ရဲလို့ကတော့ ဒီ ဓားက မင်းရဲ့ ဘယ်နေရာထဲ ဝင်သွားမလဲဆိုတာ အာမ မခံနိုင်ဘူးနော်…..”
ချင်းဟန်တို့ သုံးယောက်၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့ပြီး အချက်ပြမှုကို စောင့်ဆိုင်းနေခဲ့သည်။
ရှောင်လွှဲမရနိုင်သည့် အကြောင်းအရင်းတစ်ချို့ကြောင့် လျန်မိသားစု အာဏာကျဆင်းသွားသော်လည်းပဲ ချင်းမိသားစုနှင့် ကောင်းမိသားစုတို့ကတော့ ဖန်းဟုန်ရှန်းအောက် လုံးဝ အားမနည်းပေ။
သို့သော် လင်းရီက မည်သည့် အပိုလှုပ်ရှားမှုတို့မျှ မလုပ်ဘဲ အရက်ခွက်ကို လက်ထဲကိုင်ရင်း လှည့်ကစားနေသည်။
“ ဘာလဲ … မသောက်နိုင်ဘူးလား ….” ဖန်းဟုန်ရှန်း ပြောလိုက်ပြီး “ ကျိုးဟိုင်သားတွေရဲ့ ဇက ဒီလောက်ပဲလားကွ ….”
“ ဘာပဲပြောပြော ဒါက ပထမတစ်ခွက်ဆိုတော့ ခင်များတို့ကို တို့စ် လုပ်ပေးလိုက်မယ် …”
“ ငါတို့ဆီ တို့စ်လုပ်ပေးမယ် ဟုတ်လား …”
လင်းရီ၏ မျက်ခုံးတို့က ရုတ်ချည်း တင်းကြပ်သွားခဲ့ပြီး ခွက်ကို အနောက်သို့ တိမ်းစောင်းလိုက်ရာ အရက်များအားလုံးက ဝမ်ထောင်၏ မျက်နှာပေါ်သို့ ဖြန်းပက်သွားခဲ့၏။
“ ငိုးပဲ ….”
အရက်ဖြင့် ပက်ခံလိုက်ရတော့ ဝမ်ထောင် ခေတ္တမျှ အငိုက်မိသွားခဲ့ပြီး အသိပြန်ဝင်လာချိန်၌ လင်းရီကို တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာပဲ ရုတ်တရက်ဆိုသလို သူ့ လက်ကောက်ဝတ်က သည်းမခံနိုင်လောက်သည်အထိ နာကျင်လာသည်ကို ခံစားမိလိုက်သည်။
အားးး ……
အော်ဟစ်ညည်းညူသံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး … ဝမ်ထောင် လက်ထဲရှိ သေနတ်က ပြုတ်ကျသွားခဲ့ကာ လင်းရီ လက်ထဲသို့ အသင့်သား ရောက်ရှိသွားခဲ့သည်။
ဘန်း ဘန်း ….
ကျည်နှစ်ချက် ပစ်လိုက်၏။ တစ်ချက်ချင်းစီတိုင်းက ဝမ်ထောင်၏ ခြေထောက်တစ်ဖက်စီသို့ ဝင်ရောက်သွားခဲ့ပြီး ကြမ်းပြင်သို့ ချက်ချင်း လဲကျသွားခဲ့သည်။