တစ်ခုခု ဖြစ်သွားတယ်
Vol. 161 Ch. 2332
သီးသန့်ခန်းထဲရှိ လေထုက ရုတ်ချည်း တင်းမာလာပြီး ၎င်းတို့၏ နှလုံးများ ဖျစ်ညှစ်ခံထားရသည့်နှယ် ခံစားနေရသည်။
၎င်းနောက် ချက်ချင်းပဲ လင်းရီက ဦးတည်ရာကို ပြောင်းလဲ၍ သေနတ်ပြောင်းဝကို ဖန်းဟုန်ရှန်းထံသို့ ချိန်ရွယ်ထားလိုက်၏။
စားပွဲဝိုင်းရှိ အခြေအနေမှာ ချက်ချင်း ပြောင်းလဲလှန်သွားခဲ့သည်။
ဖန်းဟုန်ရှန်း အံ့အားသင့်သွားခဲ့၏။
အခြားသူများလည်း အလားတူ အံ့အားသင့်နေကြလေသည်။
အချိန်ရပ်တန့်သွားသည့်နှယ် ၎င်းတို့အားလုံး အေးခဲနေကြပြီး တစ်ချက် မလှုပ်ဝံ့ ဖြစ်နေကြ၏။
ဝမ်ထောင်ကို တုံ့ပြန်ဖို့ အခွင့်အရေး တစ်ချက် မပေးဘဲ တိုက်ရိုက် အမှောက်သိပ်ပစ်လိုက်တယ် … တကယ်လို့ သာမန်လူတစ်ယောက်ဆိုရင် အဲ့လို လုပ်ဝံ့တဲ့ သတ္တိမျိုး ရှိနိုင်မှာလား ….
“ ဒူးထောက် ….”
ဖန်းဟုန်ရှန်းကို သေနတ်ဖြင့် ချိန်ရွယ်ထားပြီး လင်းရီ လေသံနိမ့်၍ အမိန့်ပေးလိုက်၏။
တစ်ဖက်သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း အကျည်းတန်သွားခဲ့တော့သည်။ ပဲစေ့ခန့်ရှိသည့် ချွေးစေးတို့က မျက်နှာထက်မှနေ၍ စီးကျလာခဲ့၏။
“ ငါတို့ စကားကောင်းကောင်းပြောကြမယ်လေ … ဒီလိုတွေ လုပ်နေတာက အဓိပ္ပာယ်မရှိ …..”
ဘန်း …
လင်းရီ ခလုတ် ဆွဲလိုက်ပြီး ကျည်ဆံက ဖန်းဟုန်ရှန်း၏ ခြေထောက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
တစ်ဖက်သူက နာကျင်စွာ ညည်းညူလိုက်မိပြီး ကြမ်းပြင်သို့ လဲကျသွားရမည့်အစား တိုက်ရိုက်ပဲ ဒူးတစ်ဖက်ထောက်သွားခဲ့သည်။
“ ပြီးတော့ ခင်များတို့တွေ … သက်တောင့်သက်တာနဲ့ ထိုင်နေကြတာ ခင်များတို့ကိုယ်ခင်များတို့ ကျုပ်နဲ့ အဆင့်အတန်းချင်း တူတယ်လို့ ထင်နေတာလား …” လင်းရီ ကျန်သူများကို ကြည့်ပြီး မေးလိုက်၏။
“ မဟုတ် မဟုတ် … ငါတို့ မထင်ပါဘူး ….”
မာချုံနှင့် ကျန်သူများက ၎င်းတို့၏ ထိုင်ခုံများထက်မှ အလျင်အမြန် ထရပ်လိုက်ကြပြီး ကြမ်းပြင်သို့ အလျင်အမြန် ဒူးထောက်လိုက်ကြသည်။
ကြောက်လန့်တုန်လှုပ်သွားကြလားဆိုရင်တော့ …
သူတို့အားလုံး ကြောက်လန့်နေမိကြသည်။
သူတို့ရှေ့ရှိ လူက သတ္တိ သိပ်ကောင်းလွန်းနေသည်။
ဖန်းဟုန်ရှန်းကဲ့သို့ တူညီသည့် ကံကြမ္မာမျိုးနှင့် အဆုံးသတ်သွားရမှာကို ၎င်းတို့အားလုံး ကြောက်ရွံ့နေမိကြသည်။
“ မင်း … မင်းကများ ….”
ဖန်းဟုန်ရှန်း နာကျင်မှုကို တောင့်ခံလျက် အံကို တင်းတင်းကြိတ်ပြီး စကားစပြောလာခဲ့သည်။ သူ့မျက်လုံးများက ပြုတ်ထွက်တော့မည့်နှယ် ပြူးကျယ်လို့နေသည်။
“ ခင်များက ကျုပ်ကို ဓားနဲ့ ထိုးတော့မလို့ လုပ်နေတာလေ … ဒါကိုယ့်ကိုယ်ကို ခုခံကာကွယ်တယ်လို့ သတ်မှတ်လို့ရတယ်မလား …..”
ဖန်းဟုန်ရှန်း သူ့ခြေထောက်ကို တစ်ဖက်ဖြင့် အုပ်ထားရင်း ခါးသီးစွာ အော်ရယ်လိုက်သည်။
“ မင်းမှာ ဇရှိတာ ငါဝန်ခံတယ် … ဒီနေ့ ငါတို့ ရှုံးသွားတယ် … ဒါပေမယ့် ငါ ပြောပြလိုက်မယ် .. ဖန်းဟုန်ရှန်းက ဒီနှစ်တွေမှာ ခြေငြိမ်နေတယ်ဆိုပေမယ့် မင်းအခု ငါတို့နဲ့ ရန်သူ ဖြစ်သွားပြီ … လူ တစ်ချို့ မသေဘဲနဲ့တော့ ဒီနေ့ ကိစ္စ ပြီးမှာ မဟုတ်ဘူး …”
“ လူ တစ်ချို့ မသေရင် ဟုတ်လား ….”
လင်းရီ ပြုံးလိုက်ပြီး “ ခင်များကိုယ်ခင်များ အဟုတ်ကြီး ထင်နေတာပဲ ….”
“ လျန်မိသားစုအကြောင်းတော့ ကျုပ် မပြောတော့ဘူး … ဒါပေမယ့် သူနဲ့ ဘေးချင်းကပ်ထိုင်နေတဲ့ကောင်က ချင်းဟန် … သူ့အဖေ ချင်းကျန်းချင်ပဲ … ချင်းဟန်ရဲ့ ဘေးမှာ ထိုင်နေတဲ့လူက ကောင်းကျုံးယွမ် … သူ့အဖေက ကောင်း ….. ၊ ခင်များမှာ ဆင်ခြင်တုံတရား မရှိဘူးဆိုရင်တောင် ဒီနှစ်ယောက်ကိုတော့ သေချာပေါက် သိမှာပါ … ခင်များတို့မိသားစုစုရဲ့ စတီးဒင်္ဂါးတွေ အကုန် စုပေါင်းလိုက်ရင်တောင် သူတို့နှစ်ယောက်လောက် ပိုက်ဆံ များနိုင်မှာလား …”
“ သူတို့က တကယ်ပဲ …..”
ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့၏ အထောက်အထားများကို သိလိုက်ရတော့ စားပွဲဝိုင်းရှိ လူတိုင်း ကြီးစွာ ရှော့ခ်ရသွားခဲ့ကြသည်။
တစ်ဦးက ဟွာရှစီးပွားရေး လောကတွင် ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဟွာရှ၏ ပင်လယ်ပြင်တွင် ဘုရင်တစ်ဆူ ဖြစ်သည်။
၎င်းတို့ တစ်ယောက်ချင်းစီတို့က ၎င်းတို့၏ ပိုင်နက်များတွင် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြ၏။
အဟုန်အရဆိုလျှင် ဖန်းမိသားစုသည်ပင် အနှီ မိသားစု နှစ်ခုကို မဖိနှိပ်နိုင်ပေ။
အဆိုပါ မိသားစုနှစ်ခုကပါ ယနေ့ ကိစ္စထဲ ပါဝင်ပတ်သက်လာလိမ့်မည်ဟူ၍ သူတို့တွေ ဘယ်တုန်းကမျှ မျှော်လင့်မထားမိခဲ့ကြချေ။
“ ဒီနေ့ ခင်များကို တိုက်ခိုက်မိခဲ့တာ ကျုပ်အမှား … ခင်များကို အချိန် နောက်တစ်ရက် ထပ်ပေးမယ် … မနက်ဖြန် နေ့လည်၁၂ နာရီ မတိုင်ခင် လျန်မိသားစု အကောင့်ထဲ ငွေမရောက်သေးဘူးဆိုလို့ကတော့ … ကျုပ်တို့တွေ စကားထပ်ပြီး ပြောကြတာပေါ့ …”
လင်းရီ သေနတ်ကို ကြမ်းပြင်သို့ ပစ်ချလိုက်ပြီး ချင်းဟန်နှင့် အခြားသူများကို ခေါ်ကာ ထွက်လာခဲ့သည်။
“ လင်းကြီး … မင်း ကစားသွားတာ နည်းနည်း မကြမ်းလွန်းဘူးလား ….” ချင်းဟန် ပြောလိုက်၏။
“ ဒီလို လုပ်လိုက်တာက သဘောသဘာဝကို ပြောင်းလဲသွားစေတယ် … တကယ်တမ်းကျ သူတို့ကို သုံးလေးချက်လောက် ထိုးနှက်လိုက်ရင်ကိုပဲ လုံလောက်နေပြီကိုပဲဟာ ….”
“ မပူနဲ့ … ထွေထူးကိစ္စကြီး မဟုတ်ဘူး … သူတို့လို လူစားမျိုးတွေက ခပ်ကြမ်းကြမ်း မလုပ်ပြဘူးဆိုရင် ဘယ်တော့မှ သင်ခန်းစာ ရမှာ မဟုတ်ဘူး ….” လင်းရီ ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး “ သွားစို့ကွာ … တစ်နေရာ သွားစားကြစို့ … ငါ ဗိုက်ဆာနေပြီ ….”
လင်းရီက ဘာမျှ မဖြစ်သကဲ့သို့ ပြုမူနေသဖြင့် ချင်းဟန်နှင့် အခြားသူများကလည်း ရှည်ရှည်ဝေးဝေးတွေ ပြောမနေကြတော့ပေ။
လင်းရီ၏ အကျင့်စရိုက်အရ မပိုင်လျှင် ခြင်တောင် မရိုက်တတ်ပေ။
…..
ယမန်နေ့ည ၊ ခွဲစိတ်မှု ပြီးဆုံးတော့ ဖန်းလုံထိန်သည် အဆင့်မြင့် လူနာခန်းတစ်ခုသို့ ရွေ့ပြောင်းခြင်း ခံလိုက်ရသည်။
ထိုအချိန်မှာပဲ လူအနည်းငယ်က လူနာခန်းထဲ စုဝေးနေည်။
ကုတင်ဘေးတွင် လူအိုကြီးတစ်ယောက်က တုတ်ကောက်တစ်ချောင်းနှင့်အတူ ထိုင်နေပြီး သူ့ ဆံပင်များအားလုံးက ဆွတ်ဆွတ်ဖြူနေလျက်ရှိသည်။ ထို့ထက်ပိုသည်ကား မျက်နှာတစ်ပြင်လုံး၌ ဒေါသထွက်နေသည့် အမူအရာတို့ ပြည့်နှက်နေသည်။
သူ့နာမည်က ဖန်းချွင်ဝေ ဖြစ်ပြီး ဖန်းဟုန်ရှန်း၏ ဖခင်၊ ဖန်းလုံထိန်၏ အဘိုးပင်။
သူ့ဘေးတွင် ဖန်းလုံထိန်၏ မိခင် ၊ ကျောက်ယွင်လန်နှင့် သူ့ညီမ ဖန်းချောင်ချောင်၊ ဝမ်ချန်တို့လည်း အတူရှိနေသည်။
“ ဒီနေ့ အတွက် နောက်ဆုံး ဆေးတစ်လုံးပဲ … ဒီတစ်ခါ ဆေးထိုးပြီးရင် နားလို့ရပြီ …” IV drip ကို လဲပြီးနောက် နာ့စ်က ပြောလိုက်၏။
“ အင်း ….”
နာ့စ် ထွက်ခွာသွားပြီးသည့်နောက် ဖန်းချွင်ဝေက မေးမြန်းလိုက်သည်။
“ ဘယ်လိုနေသေးလဲ … နာနေသေးလား ….”
“ အခု အများကြီး သက်သာသွားပါပြီ ….” ဖန်းလုံထိန် ပြောလိုက်၏။
“ အဖေပြောတာ သူ အဲ့ကောင်ကို မကြာခင် ကျွန်တော့်ရှေ့မှောက် ခေါ်လာခဲ့ပေးမယ်တဲ့ …. ဒင်းကို ကျိန်းသေပေါက် လက်စားပြန်ချေရမယ် ….”
ဖန်းချွင်ဝေ ခေါင်းညိတ်လိုက်သည်။ “ မင်း လုပ်ချင်တာ အကုန်လုပ် … အဘိုး မင်းနောက်မှာ အမြဲ ရှိနေမယ် ….”
“ ဒင်းရဲ့ ခြေထောက်နှစ်ချောင်းလုံးကို ပြန်သုံးစားလို့ မရအောင် ရိုက်ချိုးပစ်ရမယ် … အဲ့လိုမှ မဟုတ်လို့ကတော့ ဒီတစ်သက် ရန်ကြွေး မအေးပေးနိုင်ဘူး ….”
“ အဲ့ဒါဆိုလည်း သူ့ခြေထောက်တွေကို ချိုးပစ်ကြလိုက်ကြတာပေါ ….” ဖန်းချွင်းဝေက အေးစက်စွာ ဆိုလိုက်သည်။
“ မင်း သူ့ကို မသတ်သရွေ့ မင်း သူ့ကို ဘာပဲလုပ်လုပ် အဘိုး အဆင်ပြေအောင် လုပ်ပေးမယ် …”
ဖန်းချွင်းဝေ၏ စကားလုံးများက လေသပ်သပ် မဟုတ်ပေ။ သူက ဒေသခံ စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၌ ဒုတာဝန်ခံ တစ်ဦးဖြစ်ပြီး သန်မာအားကောင်းသည့် ဒေသတွင်း အဆက်အသွယ်များကို ပိုင်ဆိုင်ထားသည်။
ယခု အချိန်၌ ဇရာအိုလာပြီး ဖြစ်သော်ငြား သူ့ကျောင်းသားဟောင်း အမြောက်အများကတော့ ဌာနအမျိုးမျိုး၌ အရေးပါသည့် နေရာများကို ရယူထားဆဲပင်။
ထို့ပြင် ဤနှစ်များတစ်လျှောက် ဖန်းဟုန်ရှန်းက မိသားစု၏ စီးပွားရေး လုပ်ငန်းများကို အောင်အောင်မြင်မြင်နှင့် တိုးတက်အောင် စီမံနေခဲ့သဖြင့် ၎င်းတို့နှင့် မကြာခဏ ထိတွေ့ဆက်ဆံနေရပြီး ၎င်းတို့ကြားရှိ ဆက်ဆံရေးကို ပိုပြီး ခိုင်မာလာစေသည်။
ထို့ကြောင့် ဖန်းချွင်းဝေသည် လူကြားကောင်းရုံ သပ်သပ် ပြောဆိုနေခြင်း မဟုတ်ပေ။ သူ့တွင် တကယ်လည်း ထိုသို့ လုပ်ဆောင်နိုင်စွမ်းရှိ၏။
“ အစ်ကို … နင် တကယ်ပဲ သူ့ခြေထောက်တွေကို ရိုက်ချိုးချင်တယ်ဆိုရင် နင့်လက်တွေ ညစ်ပတ်ခံစရာ မလိုပါဘူး … အဖေနဲ့ သူ့လူတွေ လုပ်ပါလိမ့်မယ် ….” ဖန်းချောင်ချောင်က ပြောဆိုလိုက်၏။
“ မင်းမှန်တယ် ….” ဖန်းလုံထိန် ပြောလိုက်ပြီး “ ငါ့အဖေနဲ့ အန်ကယ်ဝမ်ရဲ့ အစွမ်းအစနဲ့ဆိုရင် ဒီနေ့ ညစာစားပွဲရဲ့ ရလဒ်က သူတို့ကို ငါတို့ ဖန်းမိသားစုက ကျင်းရန်မှာ ဘယ်လောက်တောင် ဩဇာအာဏာကြီးပြီး လွှမ်းမိုးမှုရှိလဲဆိုတာ သိသွားစေဖို့ လုံလေက်တယ် … သူတို့ ခြေထောက်တွေ မထားခဲ့ဘဲနဲ့တော့ အေးဆေး ထွက်သွားလို့ရမှာ မဟုတ်ဘူး ….”
“ ဟမ့် … သူတို့ ရောက်လာခဲ့လို့ကတော့ မျက်နှာကို သုံးလေးချက်လောက် ဖြတ်ရိုက်ပစ်လိုက်ဦးမယ် … ငါ့ရှေ့မှာ ဒင်းတို့ မောက်မာဝံ့သေးဦးမလား ကြည့်ကြသေးတာပေါ့ ….” ဖန်းချောင်ချောင်က ဒေါသတကြီးနှင့် ပြောလိုက်၏။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ ကျောက်ယွင်လန်၏ ဖုန်းက အသံမြည်လာခဲ့၏။ မာချုံက ဆက်သွယ်လာခဲ့ခြင်းပင်။
“ နင်တို့ ဦးလေးမာ ဆက်လာတာပဲ … ဘာပြောချင်နေလဲ တစ်ချက် ကြည့်လိုက်ဦးမယ် …”
ကျောက်ယွင်လန်က ထိုသို့ ပြောပြီးဖုန်းကို ကိုင်လိုက်သည်။
သူမ ဘာစကားမျှ မဆိုနိုင်ခင်မှာပဲ မာချုံ၏ အော်ဟစ်သံကို ကြားလိုက်ရလေသည်။
“ မရီး … မင်း အခု ဆေးရုံမှာမလား … အစ်ကိုဖန်နဲ့ အစ်ကိုချောင်တို့ တစ်ခုခု ဖြစ်ထားတယ် … ငါတို့ အခု ဆေးရုံကို လာနေတဲ့လမ်းမှာ …. ငါတို့ကို အရေးပေါ် အခန်းမှာ အမြန်လာတွေ့ဦး ….”
“ နင် ဘာပြောလိုက်တယ် … တစ်ခုခု ဖြစ်သွားခဲ့တယ် ဟုတ်လား ….”
ကျောက်ယွင်လန်၏ လေသံ မြင့်တက်သွားခဲ့ပြီး သူမ၏ အသားအရည်မှာ ဖြူလျော်သွားခဲ့သည်။ မယုံကြည်နိုင်မှုက မျက်လုံးထဲ အထင်းသား ပေါ်လွင်နေလျက်ရှိ၏။
ဖုန်းထဲတွင် မာချုံက ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း ပြန်ပြောပြ၏။
နားထောင်ပြီးနောက်တွင် ကျောက်ယွင်လန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်လာပြီး ဖုန်းပြန်ချရကောင်းမှန်းပင် မေ့လျော့သွားခဲ့လေသည်။
“ အမေ … ဘာဖြစ်တာလဲတဲ့ ….” ဖန်းချောင်ချောင်က အလျင်အမြန် မေးမြန်းလိုက်၏။
“ နင့်အဖေနဲ့ ဦးလေးဝမ်တို့ တိုက်ခိုက်ခံလိုက်ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ် … အခု ဆေးရုံကို လာနေပြီ … အောက်သွားပြီး အတူ သွားကြည့်ကြစို့ ….”
“ ဟင် … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”
“ ငါလည်း ဘာဖြစ်မှန်း မသိဘူး … အရင် သွားကြည့်ကြတာပေါ့ …”
“ ကျွန်တော်လည် လိုက်မယ် … နာ့စ်ကို ဝှီးချဲ ယူလာခဲ့ခိုင်းလိုက် ….”
အရေးကြီးသည့် အခိုက်အတန့်တွင် မည်သူကမျှ ဖန်လုံထိန်အား ဟန့်တားခြင်း မပြုခဲ့ပေ။
ကျောက်ယွင်လန်က သူ့အား ဝှီးချဲပေါ် တင်ပေးလိုက်ပြီဂ ဖန်းချောင်ချောင်ကတော့ ဖန်းချွင်ဝေကို ဘေးကနေ ကူညီပေးကာ အရေးပေါ် အဆောက်အဦးသို့ အတူဦးတည်လိုက်ကြ၏။
ထိုအချိန်တွင် ကြိုတင် အကြောင်းကြားခြင်း ခံထားရသည့် ဆေးဝန်ထမ်းများက ဝင်ပေါက်ဝတွင် အသင့် စောင့်ဆိုင်းနေကြပြီး လူနာကို လက်ခံဖို့ရာ ရယ်ဒီဖြစ်နေသည်။
သိပ်မကြာခင်မှာပဲ ဖန်းဟုန်ရှန်း၏ ကားက ရောက်ရှိလာခဲ့၏။
ဖန်းဟုန်ရှန်းနှင့် ဝမ်ထောင်တို့နှစ်ဦးလုံး ကားထဲက သယ်ထုတ်ခံလာရပြီး သွေးချင်းချင်းနီရဲနေသည့် ခြေထောက်နှစ်ဖက်ကို မြင်တော့ ဖန်းမိသားစုနှင့် ဝမ်ချန်မှာ ကြီးစွာ ရှော့ခ်ရမိသွားခဲ့လေသည်။
ဤသို့ ဖြစ်ပျက်လာလိမ့်မည်ဟု သူမတို့တွေ ဘယ်တုန်းကမျှ ထည့်မစဉ်းစားမိခဲ့ကြချေ။
ခြေထောက်များက ပျက်စီးထိခိုက်သွားခဲ့ပြီ ဖြစ်၏။