ကြယ်ငါးပွင့် အဆင့် လျှို့ဝှက်ချက်
Vol. 161 Ch. 2334
လျိုရှောင်တုန်း၏ မျက်နှာ အေးခဲသွားပြီး နေရာတွင် မလှုပ်မယှက် ဖြစ်သွားခဲ့၏။
ဤနှစ်များတစ်လျှောက် …. သူ လူတော်တော်များများဆီက ခြိမ်းခြောက် စကား နည်းမျိုးစုံကို ကြားခဲ့ဖူးသည်။ ရာဇဝတ်သားများ ရုန့်ရင်းကြမ်းတမ်းစွာ ကျိန်ဆဲသည်ကိုလည်း ခံခဲ့ဖူး၏။
သို့တိုင် သူ့စိတ်ထဲ မည်သို့သော ကြောက်ရွံ့မှုမျှ မဖြစ်ပေါ်မိပေ။ ရယ်ချင်စရာကောင်းသည်ဟုတောင် ခံစားမိသေး၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ … အမျိုးအမည် မသိနိုင်သည့် အကြောင်းအရင်း တစ်ချို့ကြောင့် လင်းရီပြောသည့် စကားကို ကြားပြီးနောက်တွင် သူ၏ နာ့ဗ်ကြောတို့ တင်းမာလာခဲ့ရသည်။
ကြေက်မက်ဖွယ်ရာကောင်းသည့် ဖိအားက သူ့ ရဲအရာရှိသက်တမ်း နှစ် ၂၀ ကျော်တစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသည့် အရာဖြစ်သည်။
“ မင်းတို့သုံးယောက် ပြန်လို့ရပြီ … ဒီကိစ္စထဲ ဆက်ဝင်မပါနဲ့တော့ ….”
လိုက်ပို့ပေးသည့် ရဲအရာရှိက ပြောလိုက်၏။
“ ကျုပ်တို့ သုံးယောက်ကို သွားလို့ရပြီ ဟုတ်လား … ရှင်းလင်းသွားပြီပေါ့ ….”
“ မင်းတို့ကောင်တွေ တစ်ယောက်ကမှ ဘယ်သူ့အပေါ်ကို လက်ပါခဲ့တာမျိုး မရှိဘူး … မင်းတို့ကို ခေါ်ထားစရာ အကြောင်းလည်း မရှိဘူး … အခု သွားလို့ရပြီ ….”
“ မရဘူး ….” ကောင်းကျုံးယွမ်က ပြောလိုက်ပြီး “ ကျုပ်တို့ လာတုန်းက လေးယောက်လာခဲ့တာ … ခင်များ ကျုပ်တို့ လေးယောက်လုံးကို ခေါ်ထားမလား … မဟုတ်ဘူးဆို ကျုပ်တို့ လေးယောက်လုံးကို ပြန်လွှတ်ပေးမလား ….”
“ ကျက်သရေတုံးတဲ့ စကားတွေ လာမပြောစမ်းနဲ့ … ငါတို့ တကယ်ပဲ မခေါ်ထားရဲဘူးများ ထင်နေလား ….”
“ ဒါဆိုလည်း ခေါ်ထားလိုက်လေ … ကျုပ် ဒီလိုနေရာမျိုး အရင်ကလည်း ရောက်ဖူးတယ် … ခင်များတို့ လေသံကို ကြောက်မယ်များ ထင်နေလား …..”
“ တော်လိုက်တော့ ကောင်းကြီး ….” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ကောင်တွေ အရင်သွားနှင့်ကြ … ငါနဲ့ဒီမှာ နေပေးစရာ မလိုဘူး ….”
“ အစ်ကိုကြီးလင်း မင်းဘာတွေ စဉ်းစားနေတာလဲ …. မင်း တကယ်ပဲ ဒီနေရာမှာ တကယ်ပဲ ဖမ်းခံတော့မလို့လား ….”
“ သူတို့က ငါ့ကို ခေါ်ထားမှတော့ နေပေးရမှာပေါ့ဟ ….”
“ ဒါပေမယ့် မင်းရဲ့ အစွမ်းအစတွေနဲ့ဆိုရင် အသာလေး ထွက်လို့ရတယ် မဟုတ်ဘူးလား….”
“ ဒါပေါ့ … ဒါပေမယ့် ငါ့ဘာငါ ထွက်သွားလိုက်ရင် ဘယ်ကောင်းလိမ့်မှာ … အနည်းဆုံးတော့ သူတို့ ငါ့ကို ခခယယနဲ့ ပြန်ပို့ပေးဖို့ လိုမယ် ….”
“ ဒါဆိုလည်း ငါတို့တွေ စိတ်ပူမနေနဲ့တော့ဘူး ….”
“ သွားကြ သွားကြ … ငါ့ကို ဘယ်သူမှ လာထိလို့မရဘူး …”
ထိုသို့ပြောပြီးနောက် လင်းရီသည် အချုပ်ခန်းစင်တာသို့ သက်တောင့်သက်သာ အမူအရာဖြင့် တည်ငြိမ်စွာ လျှောက်လှမ်းသွားခဲ့သည်။ မည်သို့သော တုန်လှုပ်စိုးရွံ့ခြင်းမျှ မရှိပေ။
အကြောင်းမူကား … လုပ်ထုံးလုပ်နည်းများအရ သူတို့တွေ သူ၏ နိုင်ငံသားအချက်အလက်ကို စစ်ဆေးကြမှာ ဖြစ်ပြီး သူ့အတွက် ပြစ်ဒဏ်ကို သတ်မှတ်ကျမှာ ဖြစ်၏.
သူ့ အကြောင်း စုံစမ်းစစ်ဆေးသည့်အချိန်တွင် သူတို့ဘာသူတို့ ပြန်ရောက်လာကြလိမ့်မည်။
“ သွားကြစို့ … လင်းကြီး ဒီလိုလုပ်နေတာ သူ့အကြောင်းပြချက်နဲ့သူ ရှိလိမ်မယ် …. ငါတို့ ဝင်မပါတာ ကောင်းမယ် ….” ချင်းဟန် ပြောလိုက်သည်။
“ အင်း … ယုတ္တိရှိတယ် …”
သုံးယောက်သား ထွက်ခွာလာသည့် အချိန်၌ မနက်ခင်း ခြောက်နာရီကျော်နေလေပြီ။ သူတို့တွေ တစ်နေရာတွင် မနက်စာ စားသောက်လိုက်ကြပြီး ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။
လင်းရီနှင့် ပတ်သက်လို့ကတော့ …
သူတို့တွေ ထွေထူး မစိုးရိမ်မိကြပေ။
ကျင်းရန်ကဲ့သို့သော နေရာအသေးလေးက သူ့ကို ထိန်းချုပ်ထားဖို့ မည်သို့မျှ ဖြစ်နိုင်မှာ မဟုတ်ချေ။
ကလင် ကလင် ကလင် …
မနက်ခင်း ခုနစ်နာရီကျော် ၊ ချင်းဟန် ရေချိုးပြီးလို့ အိပ်စက်အနားယူတော့မည့် အချိန်၌ စားပွဲပေါ်ရှိ သူ့ဖုန်းက အသံမြည်လာသည်။ နံပါတ်ကို ကြည့်လိုက်တော့ လျန်ရူရွှယ် ဖြစ်နေခဲ့၏။
“ အတွင်းရေးမှူးလျန် ….”
“ ငါကြားတာ နင်တို့တွေ ကျင်းရန် အတူ ထွက်သွားကြတယ်ဆို … လင်းရီ ဖုန်းကို ဘာလို့ တစ်ယောက်မှ မကိုင်ကြတာ ….”
“ သူ ဖမ်းခံထားရတယ် ….”
“ ဟမ် … ဖမ်းခံထားရတယ်ဟုတ်လား …” လျန်ရူရွှယ် အံ့အားသင့်သွားခဲ့၏။
ချင်းဟန် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မပြုဘဲ ဖြစ်စဉ်တစ်ရပ်လုံးကို လျန်ရူရွှယ်ထံ ပြောပြလိုက်သည်။
လျန်ရူရွှယ် ဒေါသထွက်သွားခဲ့၏။
“ သူတို့ကများ လင်းရီကို ဖမ်းထားဝံ့တယ်ပေါ့လေ … ဒီလူတွေ သတ္တိတော်တော်ကောင်းနေတာပဲ ….”
“ စိတ်ကို အေးအေးထား… စိတ်ကို အေးအေးထား …..” ချင်းဟန် ပြောလိုက်ပြီး “ သူ ဒီလို လုပ်ဝံ့နေမှတော့ သူ့ကိုယ်သူ ယုံကြည်ချက် ရှိလို့ နေမှာပေါ့ … ဗျာများနေစရာ မလိုပါဘူး … အတွင်းရေးမှူးလျန်က အခု ကိုယ်ဝန်နဲ့မလား … ဒေါသထွက်လို့ ကလေးထိခိုက်နေဦးမယ် ….”
“ ဒီကိစ္စ ကိုင်တွယ်ဖို့ ငါ ဖုန်းနည်းနည်း ခေါ်လိုက်ဦးမယ် … စကားမစပ် နင်တို့ လင်းရီနဲ့ ပြန်တွေ့တဲ့အချိန်ကျရင် ငါ့ကိုယ်စား သတင်းပါးပေးစမ်းပါ … ငါ ရန်ကျင်းကို ပြန်သွားပြီလို့ …..”
“ အိုကေ ….”
မူလတုန်းကတော့ ချင်းဟန်သည် ဤကိစ္စနှင့် စပ်လျဉ်းပြီး အနည်းငယ် စိုးရိမ်သောက ရောက်နေခဲ့သည်။ သို့သော် လျန်ရူရွှယ်က ကိုင်တွယ်ပေးမည် ဆိုသဖြင့် သူ၏ စိုးရိမ်ပူပန်မှုများလည်း လျော့နည်းသွားခဲ့တော့၏။
လျန်ရူရွှယ်၏ အထောက်အထား အမှန်အကြောင်း သူ့အဖေ ပြောပြသည်အား တစ်ခါကြားဖူး၏။ သူမ၏ မိသားစုက ချင်းမိသားစု သွားရှုပ်လို့ရသည့် အနေအထားမျိုး မဟုတ်ပေ။
….
လင်းရီကို အချုပ်ထဲ ပို့ပြီးနောက် ဖန်းချွင်းဝေသည် ပြန်ဖို့ အလျင်မလိုသေးဘဲ လင်းရီ၏ အမှုအကြောင်း လျန်ရှောင်တုန်းနှင့် ဆွေးနွေးဖို့အတွက် ကျန်နေရစ်သည်။
ပုံမှန် လုပ်ထုံးလုပ်နည်းများအရဆိုပါက သူတို့တွေ လင်းရီကို သေဒဏ် ပေးနိုင်မှာ မဟုတ်ချေ။ သို့သော် ဖန်းချွင်းဝေ မကျေနပ်နိုင်ပေ။
တစ်နာရီနီးပါးခန့် ဆွေးနွေးပြီး ဖုန်းများစွာ ဆက်သွယ်ပြီးနောက် နောက်ဆုံးတွင် လင်းရီကို သေမိန့်ပေးဖို့ရာအတွက် ယုတ္တိကျသည့် နည်းလမ်းတစ်ခု ထွက်ပေါ်လာသည်။
သူတို့၏ အစီအစဉ်ကို နောက်ဆုံး အချောသတ်ပြီးသည့်နောက် လျိုရှောင်တုန်းသည် ဖန်းချွင်းဝေကို အပြင်သို့ လိုက်ပို့ပေးပြီး သူ့ရုံးခန်းသို့ ပြန်ရောက်လာခဲ့သည်။
ပုံမှန်ဆိုပါက ညဆိုင်းပြီးနောက်တွင် သူ အနားယူရမှာ ဖြစ်၏။
သို့သော် ဖန်းချွင်းဝေနှင့် ဆွေးနွေးသည့် ကိစ္စရပ်ထဲတွင် ဂယ်ပေါက် တစ်ချို့ ရှိနေသည်ဟု စိတ်ထဲ ခံစားနေရပြီး ပိုပြီး ခိုင်မာအောင် လုပ်ဖို့ လိုအပ်နေသေးသည်ဟု ခံစားနေရ၏။
အကျင့်အလျောက် … လျိုရှောင်တုန်းသည် သူ့အိတ်ထောင်ထဲကနေ စီးကရက် တစ်လိပ်ကို ထုတ်ယူလိုက်သည်။
ဆေးလိပ်မီးခိုးငွေ့များက သူ့အရှေ့တွင် ဝေ့ဝဲနေပြီး အတွေးများက အဝေးတစ်နေရာသို့ ဆောင်ကြဉ်းသွားခဲ့ကာ နေရာတွင် ငိုင်တွေတွေကြီး ထိုင်နေရင်း လင်းရီ ပြောခဲ့သည့် စကားကို ပြန်လည် စဉ်းစားနေမိ၏။
လင်းရီ ထိုသို့ ပြောဝံ့သည့် ယုံကြည်ချက်တို့ ဘယ်နားက ရလာလဲဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။
၎င်း၏ တည်ငြိမ်နေသည့် အမူအရာကို ကြည့်ခြင်းအားဖြင့် သူ ၊ လျိုရှောင်တုန်းကို လုံးဝ အလေးအနက် မထားကြောင်း သိသာနေသည်။
ဖန်းချွင်းဝေပင် မလေးမစား ဆက်ဆံခံခဲ့ရ၏။
ထိုကဲ့သို့သော လူတစ်ယောက်က သန်မာအားကောင်းသည့် ကျောထောက်နောက်ခံ ရှိမနေဖို့ဆိုသည်မှာ လုံးဝကို ယုံကြည်ပေးဖို့ ခဲယဉ်းလှသည်။
သို့သော် သူ့ နောက်ခံက မည်မျှ အားကောင်းစေကာမူ ၊ ဖန်းချွင်းဝေကို ထိပ်တိုက် ရင်ဆိုင်နိုင်သည်အထိတော့ အားကောင်းနိုင်မှာ မဟုတ်ပေ။
ထို့ပြင် သူ့ဘေးရှိ သူဌေးသားသုံးယောက်၏ လက်တံများကလည်း ကျင်းရန်မြို့အထိ ဆန့်တန်းနိုင်မှာ မဟုတ်ချေ။
‘ ဆိုတော့ …. ဘာကိစ္စ အဲ့လောက်တောင် မောက်မာဝံ့နေတာ …’
ဒေါက် ဒေါက် ဒေါက် ….
လျိုရှောင်တုန်း အတွေးနက်နေစဉ်မှာပဲ တစ်စုံတစ်ယောက်က သူ၏ ရုံးခန်းတံခါးကို လာခေါက်လာသည်။
“ ဝင်ခဲ့ …”
တံခါး ပွင့်ဟလာခဲ့ပြီး အမျိုးသမီး အရာရှိ တစ်ဦး ဝင်ရောက်လာခဲ့၏။
“ ခေါင်းဆောင်လျို … လတ်တလော အမှုတွဲတွေကို စုစည်းပြီး အစီရင်ခံစာ ထုတ်ပြီးသွားပြီ … ဒါတွေက အဲ့လူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေပါ … ရှင်တစ်ချက် ကြည့်ချင်သေးလား … ဒါမှမဟုတ် ရာဇဝတ်မှု စုံစမ်းရေးဌာနဆီပဲ တိုက်ရိုက်လွှဲပေးလိုက်ရမလား ….”
“ ဒီတိုင်းပေးလိုက် …”
အမျိုးသမီး အရာရှိက အသိအမှတ်ပြု လက်ခံပြီးနောက် ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သို့သော် လျိုရှောင်တုန်းက ရုတ်ချည်း ပြန်ခေါ်လာခဲ့၏။
“ နေဦး …. ငါ့ဆီ အရင်ယူလာခဲ့လိုက် …. ပြီးမှ သွားပို့ပေးလိုက် …”
“ အိုး … ဟုတ်ကဲ့ …”
အမျိုးသမီး အရာရှိက စာရွက်စာတမ်းများကို စားပွဲပေါ် တင်ပေးလိုက်ပြီး လှည့်ထွက်ခွာသွားခဲ့သည်။
လျိုရှောင်တုန်း စီးကရက်ကို ဖိချေပြီး သူဌေးသားသုံးယောက်၏ ကိုယ်ရေးအကျဉ်းကို တစ်ချက်ကြည့်လိုက်၏။ သို့သော် ၎င်းတို့သုံးယောက်အပေါ် များများစားစား အာရုံထားမနေဘဲ လင်းရီအပေါ်ပဲ အာရုံစူးစိုက်ထားလေသည်။
သူ့ ကွန်ပျူတာကို ဖွင့်ပြီး ရဲ၏ အတွင်းပိုင်း စစ်စတမ်ထဲသို့ ဝင်ရောက်ကာ လင်းရီ၏ အချက်အလင်းနှင့် သူ့နောက်ကြောင်းကို စစ်ဆေးဖို့ ဟန်ပြင်လိုက်သည်။
လင်းရီနှင့် ပတ်သက်သည့် အချက်အလက်များ အကျဉ်းချုပ် ကျလာသည်။ ထွေထူး ဘာမျှ မရှိပေ။ သာမန် နိုင်ငံသား တစ်ဦးမျှသာ ဖြစ်၏။
ဤသည်က အများပြည်သူ လူထု အပေါ်ယံကြည့်နိုင်ဖို့အတွက် ကျုံးဝေ့တပ်ဖွဲ့ စီစဉ်ထားပေးသည့် ကိုယ်ရေးအကျဉ်းပင်။
လင်းရီကို သာမန် အထောက်အထား ပေးထားသည်က လူအုပ်ထဲသို့ ပို၍ ကောင်းမွန်စွာ ရောနှောဝင်ရောက်နိုင်ရန်နှင့် ကျုံးဝေ့တပ်ဖွဲ့ဝင်ဟူသော အထောက်အထားကို ပို၍ တင်းကြပ်စွာ ဖုံးကွယ်ထားနိုင်ဖို့ပင်။
မဟုတ်ဘဲ ရှင်းရှန်းရဲစခန်းရှိ သူ့လုပ်ဖော်ကိုင်ဖက်များသာ ကြယ်ငါးပွင့် အဆင့်လျှို့ဝှက်ချက် ဆိုသည့် လျှို့ဝှက်ဖိုင်ကို တွေ့ရှိသွားခဲ့လျှင် ထိုနေရာ၌ ဆက်ပြီး အလုပ်လုပ်နိုင်မှာ မဟုတ်တော့ချေ။
ကွန်ပျူတာပေါ်ရှိ အချက်အလက်များကို ကြည့်ရင်း လျိုရှောင်တုန်း မေးစေ့ကို ပွတ်သပ်လိုက်၏။
ပြသထားသည့် အတိုင်းဆိုလျှင် …. လင်းရီနှင့် ပတ်သက်၍ ထူးခြားနေသည့် မည်သည့် အချက်လေးမျှ မရှိပေ။ သူ၏ ရုပ်ရည်သွင်ပန်းသဏ္ဌာန်ကလွဲ၍ ကျန်တာ အားလုံးက ပုံမှန်ပင်။
ယင်းက လျိုရှောင်တုန်းကို အတော်လေး ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
ဒါဆို သူက ဘာအားကိုးနဲ့ မောက်မာနိုင်နေရတာလဲ ….
“ လုံလောက်အောင် အသေးစိတ် မကျသေးလို့များလား ….”
လျိုရှောင်တုန်း ရေရွတ်ပြီး နောက် စစ်စတမ် တစ်ခုထဲသို့ သီးခြား အကောင့်၊ လျှို့ဝှက်နံပါတ်နှင့် ဝင်ရောက်ပြီး လင်းရီ၏ အထောက်အထားကို နောက်တစ်ကြိမ် စစ်ဆေးဖို့ရာ ဟန်ပြင်လိုက်သည်။
ဤ စစ်စတမ်က အဆင့်ပိုမြင့်ပြီး အသေးစိတ် ပိုကျသည့် အချက်အလက်များကို တူးဆွပေးနိုင်သည်။ စီရင်စုထဲရှိ အင်မတန် နည်းပါးသည့် လူတစ်ချို့ကသာလျှင် ဤ စစ်စတမ်ထဲသို့ ဝင်ရောက်ခွင့် ရှိကြသည်။
လင်းရီ၏ နာမည်နှင့် နိုင်ငံသား အမှတ်ကို တစ်ဖန် ရိုက်ထည့်ပြီးနောက် ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ပြသလာသည့် အရာက လျိုရှောင်တုန်း၏ မျက်နှာကို ဖြူဖျော့သွားစေခဲ့ပြီး သူ့လက်များ တဆတ်ဆတ် တုန်ယင်လာသည်။
ကြယ်ငါးပွင့်အဆင့် လျှို့ဝှက်ချက် ….