အခန်း (၁၈၄)
Vol. 19 Ch. 184
ဆိုင်ရှင်က ကိစ္စများကို ပြောပြရာတွင် မည်သည်ကိုမှ ဖုံးကွယ်မထားခဲ့ပေ။
သူ၏ မျက်လုံးထဲတွင် ချမ်းသာပြီး အာဏာရှိသူတိုင်းက တူညီကြသည်။
အပြင်ပန်းတွင် ကြည့်ကောင်းနေသော်လည်း နောက်ကွယ်တွင် လူတိုင်းက မသန့်ရှင်းသော အရောင်းအဝယ်များတွင် ပါဝင်ပတ်သက်နေကြသူများ ဖြစ်ကြသည်ဟု သူ ယူဆထား၏။
ကျင်းယန်ကဲ့သို့ ရှားပါးပစ္စည်းများကို ဝယ်ယူလိုသော လူပေါင်းများစွာနှင့် သူ ဆုံတွေ့ခဲ့ဖူးသည်။
ဆိုင်ရှင်နှင့် သူ၏ အထက်လူကြီးများက တစ်ဦးကိုတစ်ဦး အပြန်အလှန် မှီခိုလျက် ပူးပေါင်းဆောင်ရွက်ကာ ကြားဈေးနှုန်းဖြင့် အမြတ်ထုတ်နေကြပြီး သက်သောင့်သက်သာ ရှင်သန်နေကြခြင်းဖြစ်လေ၏။
ကျင်းယန်က စိတ်ဝင်စားဟန်ဖြင့် နားထောင်နေပြီး ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပေ၏။
သို့သော် ဤသည်အတွက် အခြေအနေတစ်ရပ်က လိုအပ်လေသည်။
သူတို့နှစ်ဦးက သဘောတူညီမှုကို ရယူခဲ့ပြီး သန်ဘက်ခါတွင် အရောင်းအဝယ်ကို ပြုလုပ်ကြရန် ဆုံးဖြတ်လိုက်ပေသည်။
ထိုအချိန်တွင် ကျင်းယန်က ဆိုင်သို့ လာကာ ရမှတ်များဖြင့် ဆေးကို လဲလှယ်ယူလိမ့်မည်။
“ခင်ဗျားက ဒီနေ့ ရောက်တာ နောက်ကျတော့ ဆေးကို ယူဖို့ အချိန်မမီတော့ဘူး၊
ကျွန်တော်တို့ရဲ့ ကုန်သည်က သန်ဘက်ခါမှာ ခင်ဗျားအတွက် ဆေးရအောင်လို့ သူတို့နဲ့ ကြိုပြောထားဖို့ လိုတယ်”
ကျင်းယန်က ခေါင်းညိတ်ပြပြီး ယင်ရိလျိုကို ဆိုင်ထဲမှ ခေါ်ထုတ်လာခဲ့သည်။
သူက စိုးရိမ်နေသည်မှာ ထိုသူကပြောသော ဒုတိယမျိုးဆက် ဆေးအသစ်အကြောင်းပင် ဖြစ်၏။
ယခုအချိန်တွင် ပြင်ပလောကတွင် အဆက်မပြတ် တိုက်ခိုက်ရင်း သူတို့၏ ခန္ဓာကိုယ် အရည်အသွေးကို မြှင့်တင်နေကြသော ဆင့်ကဲပြောင်းလဲသူများအတွက် လက်ရှိ အထူးဆေးများ၏ အာနိသင်က အနည်းငယ် အသုံးမဝင်သကဲ့သို့ ဖြစ်နေသည်။
အကယ်၍ ဤဆေးများကို သုတေသနဌာနတွင် ပိတ်လှောင်ထားသော လူများထံမှ ထုတ်ယူရရှိသည်ဟူသော သူ၏သံသယသာ မှန်ပါက၊ ထိုစမ်းသပ်ခံလူများမှာ ဌာနထဲ၌ နှစ်ရှည်လများ ရှိနေကြသောကြောင့် သူတို့၏ စွမ်းရည်ကို မြှင့်တင်နိုင်ကြမည် မဟုတ်ပေ။
ထို့ကြောင့် ပြင်ပမှ ဆင့်ကဲပြောင်းလဲသူများအတွက် သုံးစွဲရန်အာနိသင်က လျော့နည်းလာခြင်းဖွစ်လိမ့်မည်။
အထူးဆေးကို ပို၍ အာနိသင် ထက်မြက်စေရန်အတွက်ဆိုလျှင် ဖြည့်စွက်ဒြပ်ပေါင်းများကို ထည့်သွင်းရမည်၊ သို့မဟုတ် ဆေးထုတ်ယူခံရသူ၏ စွမ်းရည်ကို မြှင့်တင်ပေးရပေလိမ့်မည် ။
ပထမနည်းလမ်းကတော့ သေချာပေါက် မဖြစ်နိုင်ပေ။
အကယ်၍သာ အာနိသင်တူသော တခြားအရာများ ရှိနေပါက သုတေသနဌာနက လူ့ခန္ဓာကိုယ်မှ ထုတ်ယူရန် ကြိုးစားနေမည် မဟုတ်ပေ။
ဒုတိယနည်းလမ်းအရ ဆေးကိုထုတ်ယူခံရသူ၏ စွမ်းရည်ကို မြီင့်တင်မည်ဆိုလျှင် မည်သို့ မြှင့်တင်ပေးမည်နည်း။
ကျင်းယန်၏ မျက်နှာက ပို၍ပင် မည်းမှောင်သွားခဲ့သည်။
သုတေသနဌာနတွင် ပိတ်လှောင်ခံထားရသူက ကျင်းရူမုန့် ဟုတ်မဟုတ် ဆိုသည်ကို ဆုံးဖြတ်နိုင်ရန်အတွက် လာမည့် ရက်အနည်းငယ်အတွင်း သူ သေချာပေါက် လုပ်ဆောင်ရလိမ့်မည်။
အကယ်၍ မှန်ကန်ပါက သူမကို ထိုနေရာမှ အမြန်ဆုံး ခေါ်ထုတ်လာရမည်ပင်။
ယင်ရိလျိုက သူမ၏ ရွှေပေါင်လုံးက ပြောသမျှကို ဆက်တိုက်နားထောင်နေခဲ့သည်။
ဆိုင်ရှင်နှင့် စကားပြောပြီးနောက်တွင် ကျင်းယန်က သူ၏ ညီမနှင့် ပတ်သက်သော ကိစ္စများကြောင့် စိတ်ရှုပ်ထွေးနေမည်ကို သူမ သိလိုက်ပေ၏။
မိန်းကလေးက သူ့ကို မည်သို့ နှစ်သိမ့်ရမည်ကို မသိသောကြောင့် သူမ၏ နူးညံ့သော လက်လေးဖြင့် ကျင်းယန်၏ လက်ဖဝါးကြီးကို ခပာဖိဖိဆုပ်ကိုင်လိုက်လေ၏။
ကျင်းယန် သတိပြန်ဝင်လာချိန်တွင် သူ၏ ခါးအထက်ပိုင်းလောက်အထိသာ ရှိသော မိန်းကလေးက စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်နေသည်ကို မြင်လိုက်ရလေသည်။
သူမ၏ ယုန်နားရွက်လေးများကလည်း အနည်းငယ် ရှက်နေသကဲ့သို့ တုန်ယင်နေ၏။
သို့သော်လည်း သူမက နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားဆဲဖြစ်ပြီး သူမ၏ ဖောင်းအိနေသော လက်ဝါးလေးများကို သူ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်လေသည်။
သူမက အသံလေးကလည်း ချိုသာနူးညံ့နေခဲ့၏။
“စိတ်မကောင်းမဖြစ်ပါနဲ့တော့၊ ကော ဘာတွေစီစဉ်ထားလဲဆိုတာကို ကျွန်မကို ပြောပြလေ၊ ကျွန်မတို့တွေ အတူတူရင်ဆိုင်ကြတာပေါ့”
ယုန်နားရွက်နှင့် မိန်းကလေးက တစ်စုံတစ်ခုကို ပြင်ဆင်နေသကဲ့သို့ ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သူမ၏ မျက်နှာလေးကလည်း အနည်းငယ် နီရဲလာခဲ့သည်။
သူမက သတ္တိကို မွေးမြူ၍ ခပ်တိုးတိုး ရေရွတ်လိုက်ပြန်၏။
“ကော စိတ်မကြည်ဖြစ်နေရင် ကျွန်မရဲ့လက်တွေကို ညှစ်လို့ရတယ်၊
ဒါမှမဟုတ် ကျွန်မ ယုန်လေးအဖြစ် ပြောင်းပေးမယ်လေ၊ ကော ကျွန်မကို ပွတ်သပ်ပေးလို့ ရတာပေါ့”
ယင်ရိလျိုတစ်ယောက် ထိုစကားကို ပြောရင်း အသံက တဖြည်းဖြည်း တိုးလျသွားပြီး ရင်ထဲတွင် ရှဉ့်လေးတစ်ကောင်ကဲ့သို့ အော်ဟစ်နေမိလေသည်။
ဘယ်သူကများ တခြားတစ်ယောက်ကို ဒီလောက်အထိ အခွင့်အရေးပေးပါ့မလဲ?!
ဒီရွှေပေါင်လုံးကြီးကတော့ ငါ့ကို အနေအထိုင်မတတ်ဘူးလို့ သေချာပေါက် ထင်တော့မှာပဲ!
သူမက စကားပြောပြီးသည်နှင့် ချက်ချင်းပင် နောင်တရသွားခဲ့ကာ ချက်ချင်းပင် ယုန်လေးအဖြစ်သို့ ပြန်ပြောင်းပြီး ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ ကျင်းတူးပြီး ပုန်းနေချင်စိတ်များဖြစ်သွားရတော့သည်။
သူမ၏ စိတ်ထဲတွင် ရုန်းကန်နေချိန်မှာပင် သူမ၏ တောင့်တင်းနေသော လက်ဖဝါးလေးများကို နွေးထွေးသော လက်ချောင်းလေးများဖြင့် နှစ်ကြိမ်မျှ ညင်သာစွာ ဖိနှိပ်လိုက်သည်ကို ခံစားလိုက်ရ၏။
ထိုအထိအတွေ့က အလွန်ပင် ပေါ့ပါးလွန်းသောကြောင့် ယားကျိကျိသာ ဖြစ်သွားစေသည်။
ထို့နောက် သူမ၏ အပေါ်မှ အမျိုးသားက ညင်သာစွာရယ်မောလိုက်လေ၏။ သူ၏ အသံက နက်ရှိုင်းပြီး နားဝင်ချိုလွန်းကာ အတော်လေး သဘောကျနေပုံရသည်။
“ကျေးဇူးတင်ပါတယ် ယုန်လေး.. မင်းရဲ့ လက်လေးတွေက ဒီလိုမျိုး နူးညံ့နေတော့ ငါတကယ် စိတ်ပြည်သွားပြီ”
ညနေခင်းသို့ ရောက်ရှိလာချိန်တွင် မြို့တော် B အခြေစိုက်စခန်းကလည်း မှောင်မည်းလာသည်။
အဆောက်အအုံတန်းတချို့၏ ဘေးတွင် သီးသန့်တိုက်ခန်းတစ်ခု ရှိနေလေ၏။
လမ်းမ၏ရှေ့မှ မိလ္လာပိုက်ခေါင်းများထဲမှ အမည်းရောင် ပိုးဟပ်တချို့ ထွက်ပေါ်လာပြီး လမ်းဘေးဝဲယာတစ်လျှောက် တရှဲရှဲမြည်၍ လှုပ်ရှားနေကြသည်။
တစ်နေ့တာလုံး ပင်ပန်းစွာ အလုပ်လုပ်ပြီးမှ ရမှတ် (၃) မှတ်သာ ရရှိခဲ့သော အမျိုးသားတစ်ဦးမှာ နွမ်းလျနေသော သူ၏ ခန္ဓာကိုယ်ကို အတင်းဆွဲ၍ နေအိမ်သို့ ပြန်လာချိန်တွင် သူ၏ ခြေထောက်နားမှ ဖြတ်ပြေးသွားသော ပိုးကောင်ကြောင့် ထိတ်လန့်သွားရ၏။
သူက ခြေထောက်ကို မြှောက်၍ ထိုပိုးကောင်ကို နင်းခြေလိုက်လျှင် စိမ်းဖန့်ဖန့် အရည်များက သူ၏ ခြေထောက်ပေါ်သို့ ပန်းထွက်လာခဲ့သည်။
ထိုအမျိုးသားက ဒေါသဖြေဖျောက်ချင်ရုံသာ ဖြစ်သော်လည်း မမျှော်လင့်ဘဲ နံစော်သော အရည်များပါ စိုသွားသောကြောင့် ကျိန်ဆဲလျက် ထိုနေရာမှ အမြန်ပြေးထွက်သွားတော့သည်။
ကီလိုမီတာ အနည်းငယ်အကွာရှိ အိမ်ဝင်းတစ်ခုတွင် အမျိုးသမီးတစ်ဦးက ဝင်ပေါက်၌ ထိုင်နေလေ၏။
သူမ၏ မျက်လုံးများကို ပိတ်ထားသော်လည်း မျက်ခွံအောက်တွင် မျက်လုံးများက ဖြည်းဖြည်းချင်း လှုပ်ရှားနေသည်ကို မြင်နိုင်သည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ မတည်ငြိမ်မှုကို ခံစားမိသည့်ကဲ့သို့ သူမက လက်ကို ဆန့်ထုတ်၍ အနည်းငယ် ပူထွက်နေသော သူမ၏ ဝမ်းဗိုက်ကို အသာအယာ ပွတ်သပ်ကာ ချော့မြှူနေမိသည်။
ရုတ်တရက် တစ်စုံတစ်ခုကို အာရုံရလိုက်သကဲ့သို့ မျက်လုံးဖွင့်လိုက်ပြီး ဘေးနားရှိ ဆက်သွယ်ရေးစက်ကို ယူကာ နံပါတ်တစ်ခုသို့ ဆက်လိုက်ပေ၏။
“ကျင်းကော၊ အထဲကလူတွေက မကြာခင် ထွက်လာတော့မယ်”
သူမက စကားပြောနေချိန်မှာပင် မိလ္လာပိုက်ဝရှိ ပိုးကောင်တချို့က သူတို့၏ အာရုံခံမှင်တိုင်များကို မြှောက်ကာ တံခါးဝတွင် တုန်ယင်နေခဲ့ကြသည်။
ခဏအကြာတွင် တံခါးပွင့်လာပြီး ငွေဖြူရောင် ဝတ်စုံကိုဝတ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက သူ၏လက်ထဲတွင် သေတ္တာတစ်လုံးကို ကိုင်ဆောင်လျက် အခန်းထဲမှ ထွက်လာခဲ့သည်။
ဆက်သွယ်ရေးစက်၏တစ်ဖက်မှ လူက ပြန်လည်၍တုံ့ပြန်လိုက်ပြီး ဆက်သွယ်မှုကို ချလိုက်လေသည်။
ငွေဖြူရောင် ဝတ်စုံနှင့် ထိုအမျိုးသားက အိမ်ထဲမှ အမျိုးသမီးနှင့် စကားအနည်းငယ်ကို ပြောဆိုပြီးနောက် လှည့်ထွက်ကာ သုတေသနဌာနဆီသို့ လျှောက်လှမ်းသွား၏။
စက္ကန့်အနည်းငယ်အကြာတွင် အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လက်များကို အိတ်ကပ်ထဲသို့ ထည့်ထားသော အမျိုးသားတစ်ဦးက တခြားတစ်ဖက်မှ ထိုသူ့ထံသို့ လျှောက်လာသည်။
လင်းကျားက ဖုန်းကိုချလိုက်ပြီး သူမ၏ ဝမ်းဗိုက်အောက်ပိုင်းပေါ်သို့ လက်ဖဝါးကို ညင်သာစွာတင်လိုက်ပေ၏။
သူမ၏ ဗိုက်ထဲမှ အကောင်လေးက အလွန်ပင် စိတ်တိုဒေါသထွက်နေသည့် အခြေအနေတွင် ရှိနေကြောင်းကို သူမက ခံစားမိသည်။
သူမ၏ သားအိမ်ထဲရှိ ဘုရင်မပိုးကောင်မှာ အသက်ဇီဝအပြည့်အဝ မဖြစ်ပေါ်မီမှာပင် မျိုးဆက်များနှင့် ရောယှက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
လင်းကျားက ထိုသတ္တဝါလေးတွင် တိရစ္ဆာန်ဆန်သော အမူအကျင့်နှင့် စရိုက်များ ရှိနေဆဲဖြစ်ကြောင်းကို အာရုံရနေ၏။
သူက အသားစိမ်းများ စားရသည်ကို နှစ်သက်ပြီး သားကောင်များကို ဖမ်းယူဆွဲဖြဲရသည်ကိုလည်း ပျော်မွေ့သည်။
လဲ့ရူသို နေထိုင်ခဲ့သော အခြေစိုက်စခန်းမှ ဖန်လုံအိမ် အဖြစ်ဆိုးက သူမ၏ ဗိုက်ထဲရှိ ဘုရင်မပိုးကောင်ကြောင့် ဖြစ်ပွားခဲ့ခြင်းပင်။
ကျောင်းချီယန်ကသာ ပိုးကောင်ကို နင်းခြေ၍ သတ်ဖြတ်ခဲ့မိသော်လည်း ပိုးကောင်သွေးများ ပေကျံနေသော ဖိနပ်ကို ဖန်လုံအိမ်ရှိ သာမန်လူတစ်ဦးက ကောက်ယူခဲ့မိရာမှ မှားယွင်း၍ ထိုအဖြစ်ဆိုးဆီသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က သူမက ကလေးကို လက်မခံနိုင်သေးဘဲ ပိုးကောင်များကို အလွန်ပင် ရွံရှာနေခဲ့၏။
ထို့အပြင် ဤဘုရင်မပိုးကောင်၏ ထူးခြားမှုကိုလည်း သတိမပြုမိခဲ့ပေ။ နောက်ပိုင်းမှသာ အလွန်ပင် နောင်တရခဲ့ရလေသည်။
ထိုအချိန်မှစ၍ လင်းကျားက တစ်စုံတစ်ခုကို ရှာဖွေတိုင်း အထူးပင် ဂရုစိုက်လာခဲ့၏။
အကယ်၍ တစ်စုံတစ်ယောက်က သွေးဆာပြီး စိတ်တိုတတ်သော စရိုက်ရှိနေလျှင် သူတို့ကို အစွမ်းကုန် နှစ်သိမ့်ပေးသင့်သည် မဟုတ်ပါလား။
သူမ၏ အကြည့်က အဝေးမှ လင်းလက်နေသော ငွေရောင် စုချွန်ကြီးထံသို့ ကျရောက်သွားပြီးနောက် မျက်လုံးများကို ပြန်လည်၍ မှိတ်ထားလိုက်လေတော့သည်။
သုတေသနဌာနထဲ၌ ဝန်ထမ်းအများစုက အလုပ်ဆင်းသွားကြပြီဖြစ်သောကြောင့် စင်္ကြံလမ်းများက လူသူကင်းမဲ့နေ၏။
ထိုအချိန်တွင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် ပါးစပ်တွင် ဆေးလိပ်တစ်လိပ်ကိုကိုက်ထားသော ကိုယ် အနည်းငယ် ကိုင်းသည့် အမျိုးသားတစ်ဦးက သူ၏အိတ်ကပ်ထဲမှ တွန့်လိမ်နေသော ယာယီဖြတ်သန်းခွင့်ကတ်ကို ထုတ်ယူ၍ တံခါးတွင် စကင်န်ဖတ်ကာ အထဲသို့ ဝင်သွားလေသည်။
မျက်နှာချင်းဆိုင်မှ လာနေသော သုတေသနပညာရှင် တစ်ဦးက ထိုဖရိုဖရဲဖြစ်နေသော အမျိုးသားကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်ကာ အရှေ့သို့တိုး၍ ငေါက်ငမ်းလိုက်လေ၏။
“ဦးလေး၊ ဒီမှာ ဆေးလိပ်သောက်ခွင့် မရှိဘူး၊ ဦးလေးက ဘယ်ကလာတာလဲ”
သုတေသနဌာန၏ အပြင်ဝန်းကို ယာယီအိပ်ဆောင်များအဖြစ်သို့ ပြောင်းလဲထားသောကြောင့် ဆင့်ကဲပြောင်းလဲသူ အမျိုးမျိုးက နေ့စဉ် ဝင်ထွက်သွားလာနေကြသည်။
ဒေသခံ သုတေသနပညာရှင် အတော်များများက အသက်မွေးဝမ်းကျောင်းအတွက် လာရောက်ကြသော ထိုအပြင်လူများကို အထင်သေးကြ၏။
ထိုလူလတ်ပိုင်း အမျိုးသားက ထိတာလန့်တုန်လှုပ်သွားဟန်ဖြင့် လေသံခပ်တိုးတိုးဖြင့် ပြောလေသည်။
“ကျွန်တော်က လင်းဖုန်းရဲ့ အသင်းဝင်ပါ၊ ကျွန်တော့်မှာ ယာယီဖြတ်သန်းခွင့်ကတ်ရှိပါတယ်၊ ဒီမှာ ကြည့်ပါဦး”
သူက ပြောရင်းနှင့် ညစ်ပတ်နေသော လက်သည်းများဖြင့် တွန့်လိမ်နေသော ကတ်ပြားကို ထိုလူငယ်၏ ရှေ့သို့ လှမ်းပေး၍ ပြသလိုက်ပေ၏။
လူငယ် သုတေသနပညာရှင်၏ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်တစ်ချက်က ဖြတ်ခနဲ ပေါ်လာပြီး သူက စိတ်မရှည်စွာဖြင့် လက်ကိုဝေ့ယမ်း၍ ပြောဆိုလေသည်။
“ဘယ်သူက ကြည့်ချင်လို့လဲ၊ ကတ်မရှိရင် ဝင်လို့မရဘူး၊
ကောင်းပြီ ကောင်းပြီ .. ဒီမှာက ဆေးလိပ်သောက်ခွင့် မရှိဘူး၊ သုတေသနဌာနရဲ့ ပတ်ဝန်းကျင်ကို လာပြီး မညစ်ညမ်းစေနဲ့!”
လူလတ်ပိုင်း အမျိုးသားက အလျင်အမြန်ပင် ခေါင်းညိတ်ပြ၍ လက်ထဲမှ တန်ဖိုးနည်း ဆေးလိပ်ကို မီးငြှိမ်းသတ်လိုက်လေ၏။
မီးပွားကြောင့် သူ၏ လက်ချောင်းက အနည်းငယ် ပူသွားသောကြောင့် လက်ကို ခါယမ်းလိုက်ပြီး ကျန်ရှိသော ဆေးလိပ်တိုကို ဝတ်ရုံအိတ်ကပ်ထဲသို့ပင် ထိုးထည့်လိုက်လေသည်။
“စိတ်မပူပါနဲ့၊ နောက်ဆိုရင် ကျွန်တော် ပိုပြီး သတိထားပါ့မယ်၊
ကျွန်တော်က လင်းဖုန်းအသင်းက ဝမ်ချန်ပါ၊ ဆရာ့ရဲ့နာမည်က ဘယ်သူများပါလိမ့်”