အခန်း (၁၈၅)
Vol. 19 Ch. 185
ထိုအမျိုးသား၏ မျက်နှာအများစုကို အဆီပြန်နေသော ဆံပင်ရှည်များဖြင့် ဖုံးအုပ်ထားပြီး၊ ပေါ်ထွက်နေသော မျက်နှာအစိတ်အပိုင်း အနည်းငယ်တွင် သန္ဓေပြောင်းသတ္တဝါကြောင့်လား၊ မီးလောင်ဒဏ်ရာကြောင့် လားမသိရသော အနီရောင် အမာရွတ်ကြီး တစ်ခုက ရှိနေသည်။
သူက အရှေ့မှလူကို မျက်နှာချိုသွေးရန်အတွက် အလွန်အောက်ကျနောက်ကျ ပြုံးပြနေခဲ့၏။
“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ဦးလေးနဲ့ စကားအရှည်မပြောချင်တော့ဘူး”
ထိုလူငယ်က ရေရွတ်၍ အထင်သေးစွာဖြင့် ဖယ်ထွက်သွားသည်။
ရုတ်တရက် သူက အရှေ့မှ လျှောက်လာသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို မြင်လိုက်ရသောအချိန်တွင်တော့ မျက်နှာတွင် ချက်ချင်းပင် အပြုံးများက ပေါ်လာခဲ့၏။
“အိုး .. ဒုခေါင်းဆောင်ချန်၊ ဘာကိစ္စရှိလို့ အခုလို နောက်ကျမှ ရောက်လာတာလဲ”
ချန်ကျိုးဖင်းက အရှေ့မှလူကိုမြင်လျှင် ပြုံးပြကာ နှုတ်ဆက်လိုက်၏။
“ဓာတ်ခွဲခန်းက ပစ္စည်းတချို့ မေ့ကျန်ခဲ့လို့ ပြန်လာယူတာပါ”
သူက ပြောရင်းနှင့် ဘေးနားရှိ ခန္ဓာကိုယ်ကို ကိုင်းသည့် အမျိုးသားကို တစ်ချက်ကြည့်ကာ အထဲဘက်သို့ ဆက်လက်၍ လျှောက်သွားသည်။
မတိုင်ခင်ကလူငယ်မှာ ချန်ကျိုးဖင်းက သယ်ဆောင်လာသော လက်ဆွဲအိတ်ကို ကြည့်ရင်း သုတေသနဌာနသို့ လာခဲတတ်သော ဤဒုတိယဥက္ကဋ္ဌက အဘယ်ကြောင့် ရောက်လာရသည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားပြီး အားကျစိတ်များပင် ဖြစ်ပေါ်လာရသည်။
ဤကဲ့သို့သော အာဏာရှိသူများတွင် ရမှတ်များကို စုဆောင်းရန် နည်းလမ်းပေါင်းစုံ ရှိနေကြသည် မဟုတ်ပါလား။
သူတို့၏ ဘဝက အမှန်တကယ်ကို ဇိမ်ကျလွန်းသည်။
ထိုသူက နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် သူ့နောက်မှ အောက်ကျနောက်ကျနှင့် တိတ်တဆိတ် လိုက်လာရန် ကြိုးစားနေသော အမျိုးသားက ပျောက်ကွယ်သွားပြီဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ဗလာဖြစ်နေသည်ကို တွေ့လိုက်ရ၏။
တစ်ချိန်တည်းမှာပင် ချန်ကျိုးဖင်းက လက်ဆွဲအိတ်ကို ကိုင်ဆောင်လျက် သုတေသနဌာန၏ စင်္ကြံလမ်းအတိုင်း အတွင်းဘက်ဆီသို့ သွားနေခဲ့သည်။
သူက စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေပုံရ၏။
အပြင်ဘက်ရှိ ဆင့်ကဲပြောင်းလဲသူများ၏ တောင်းဆိုချက်များက ပို၍ မြင့်မားလာနေပြီး သုတေသနဌာနမှ ထုတ်လုပ်သော အထူးဆေးများက သူတို့၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ပေ။
ဤအချိန်တွင် သူ့ထံသို့ ရမှတ်များ လာရောက်ပေးအပ်မည့် အရူးတစ်ယောက်ပေါ်လာသည်ကို သူက
အဘယ်ကြောင့် ဝမ်းမသာဘဲနေပါမည်နည်း။
သူက သွားနေချိန်တွင် သူ၏ နောက်ကျောဘက်၌ တစ်စုံတစ်ဦးက စိုက်ကြည့်နေသကဲ့သို့ ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
သူက ဆတ်ခနဲ နောက်သို့လှည့်ကြည့်လိုက်လေ၏။
မှောင်မည်းနေသော စင်္ကြံလမ်းရှည်ကြီးက အဆုံးမရှိသကဲ့သို့ ဆန့်တန်းနေသည်။
တစ်စုံတစ်ယောက်မျှ ရှိမနေပါချေ။ ဝင်လုဆဲဆဲ နေရောင်ခြည်၏ အလင်းရောင်ကြောင့် သူ၏ နောက်ကွယ်တွင် မည်သည့်အရာရှိနေသည်ကို ချန်ကျိုးဖင်း ရှင်းလင်းစွာ မြင်နေရသည်။
သူက သူကိုယ်သူ စိုးရိမ်လွန်နေခြင်းဖြစ်ကြောင်းကို သဘောပေါက်လိုက်ပြီး စိတ်သက်သာရာရစွာဖြင့် အရှေ့သို့ ဆက်လျှောက်သွားလေတော့သည်။
စက္ကန့်အနည်းငယ်အကြာတွင် စင်္ကြံလမ်းနံရံမှ ညိုဝါရောင် လက်တစ်ဖက်က ထွက်ပေါ်လာပြီး လူရိပ်တစ်ခုက လျင်မြန်စွာပင် တိုးဝင်လာခဲ့၏။
သူက မြေပြင်ပေါ်သို့ ပြန်ဆင်းကာ အသံမထွက်အောင် အလွန်ပင် ပေါ့ပါးစွာ လျှောက်လှမ်းနေခဲ့သည်။
သူက ခန္ဓာကိုယ်ကို ကိုင်း၍ နံရံနှင့် ကပ်ထားကာ အရှေ့မှ လူရိပ်နှင့် အကွာအဝေးတစ်ခုကို အမြဲတစေ ထိန်းထားသည်။
ချန်ကျိုးဖင်းက အတွင်းဘက်ဝင်း၏ အပေါက်ဝသို့ ရောက်လာချိန်တွင် အပြင်သို့ ထွက်လာမည့် လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် ဆုံမိလေ၏။
သူတို့နှစ်ဦးက ရပ်တန့်၍ စကားအနည်းငယ် ပြောဆိုခဲ့ကြလေသည်။
ချန်ကျိုးဖင်း : “လောင်လီ၊ ဒီနေ့ ဘာလို့ ဒီလောက်အထိ နောက်ကျမှ ပြန်တာလဲ၊ ဒါက ခင်ဗျားရဲ့ ပုံစံမဟုတ်ပါဘူး”
“ကျွန်တော့်ကို လာနောက်မနေစမ်းပါနဲ့၊ ဆေးရုံအုပ်က လူနာနံပါတ် (၃) နဲ့ (၆) ကို အကုန်လုံး စစ်ဆေးပေးဖို့ ခိုင်းထားတာလေ..
သူကိုယ်တိုင်က မနက်ဖြန်ကျရင် ခွဲစိတ်ပေးမယ်လို့ ကြားတယ်”
လောင်လီက ထိုသို့ပြောပြီးနောက် ပြန်မေးလိုက်ပေ၏။
“လောင်ချန်၊ ကျွန်တော့်ကို အမှန်အတိုင်း ပြောလို့ရလား၊ ဘာတွေ ဖြစ်နေတာလဲ၊ ဒီရက်ပိုင်းအတွင်း ဆေးရုံအုပ်က တစ်ခုခုထိုးသွင်းချင်တယ်လို့ ပြောနေပြီး အတော်လေးကို ရူးသွပ်နေတာ”
ချန်ကျိုးဖင်းက ရယ်မောလျက် လက်ကိုဝေ့ယမ်း၍ ပြောဆိုလေ၏။
“ဒါကိုတော့ ကျွန်တော် ပြောလို့မရသေးဘူး၊ စမ်းသပ်မှု အောင်မြင်သွားရင် ခင်ဗျားကို သိလာမှာပါ”
သူက လက်ထဲမှ ငွေရောင်သေတ္တာလေးကို မြှောက်ပြ၍ လက်ချောင်းဖြင့် နှစ်ချက်မျှ ခေါက်လိုက်ရင်းပြောလိုက်ပေသည်။
“ကျွန်တော်တို့ရဲ့ အလုပ်ကတော့ နောက်တစ်ခေါက် ပြန်ပြီး ငွေစားကျင်းကြီး ဖြစ်လာတော့မှာ”
ချန်ကျိုးဖင်းက စကားပြောပြီးနောက် လောင်လီနှင့် လမ်းခွဲ၍ အတွင်းဘက်ဝန်းဆီသို့ ဆက်လျှောက်သွားခါ့သည်။
လောင်လီက သူ၏ နောက်ကျောကို ကြည့်၍ တစ်ယောက်တည်း ရေရွတ်နေခဲ့လေ၏။
သူ ပြန်လည်ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် သူ၏ မျက်စိရှေ့တွင် လူရိပ်တစ်ခု ဖြတ်ခနဲ ပေါ်လာပြီးနောက်သူ၏ လည်ပင်းနောက်ဘက်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၍ကာ နောက်သို့ လဲကျသွားလေတော့သည်။
အနက်ရောင် ဝတ်ရုံရှည်နှင့် အမျိုးသားက လောင်လီကို ထောင့်တစ်နေရာရှိ အမှိုက်ပုံးနောက်သို့ ဆွဲခေါ်သွားပြီးနောက် လောင်လီထံမှ ငွေဖြူရောင် ဝတ်စုံကို ချွတ်ယူကာ သူကိုယ်တိုင် ဝတ်ဆင်လိုက်ပေ၏။
ထို့နောက် အဘိုးလီ၏ လည်ပင်းတွင် ချိတ်ဆွဲထားသော ဝန်ထမ်းကတ်ကိုလည်း ဆွဲဖြုတ်ယူလိုက်လေသည်။
သူ ခန္ဓာကိုယ်ကို ကိုင်းလိုက်သောအချိန်တွင် ဝတ်ရုံ၏ ကော်လံထဲမှ တစ်စုံတစ်ခုက ရုတ်တရက် လှုပ်ရှားလာပြီး သူ၏ ရင်ဘတ်ထဲမှ သက်ရှိတစ်ခု ထွက်တော့မည့်အရိပ်အရောင်ပြလာသည်။
ခဏအကြာတွင် ဝတ်ရုံကော်လံထဲမှ ဖြူဖွေးပြီး နူးညံ့သောအမွေးစုလေး ထွက်ပေါ်လာသည်။
ဤသည်က တစ်ခဏမျှသာ ပေါ်လာပြီးနောက် ပြန်လည်၍ ဝှက်ကွယ်သွားလေ၏။
အမျိုးသားက ဝတ်စုံဖြူကိုဝတ်ကာ လောင်လီ၏ ဝန်ထမ်းကတ်ကို ကိုင်၍ အတွင်းဝန်း၏ တံခါးရှေ့တွင် ဝှေ့ယမ်းလိုက်လေ၏။ တံခါးဝရှိ ထောက်လှမ်းရေးစက်က ကတ်ထဲမှ ချစ်ပ်ကို ဖတ်ယူပြီးနောက် တံခါးက ဖြည်းညှင်းစွာ ပွင့်သွားခဲ့သည်။
သူက လျင်မြန်ပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် ချန်ကျိုးဖင်းကို အမီလိုက်သွားခဲ့၏။
အတွင်းဝန်း၏လမ်းက ကွေ့ကောက်နေပြီး ခြေလှမ်းအနည်းငယ် လျှောက်တိုင်း အကွေ့တစ်ခု ရှိနေခဲ်သည်။
ဆိုရလျှင် ဤနေရာရှိ အခန်းတိုင်းက လုံခြုံရေး အလွန်တင်းကျပ်စွာ တည်ဆောက်ထားပေ၏။
ထိုအမျိုးသားတွင် အလွန်ထက်မြက်သော အကြားအာရုံစွမ်းရည် ရှိသည်။
သူက အပြင်ဘက်ဆုံး အခန်းကို ဖြတ်သွားချိန်တွင် အတွင်းဘက်မှ ထွက်ပေါ်လာသော အသံတချို့ကို ကြားလိုက်ရ၏။
တစ်စုံတစ်ခုက အထဲဘက်မှနေ၍ ဝမ်းနည်းစွာ ငိုကြွေးနေသကဲ့သို့ နံရံကို ထုရိုက်နေသော အသံမျိုးပင်။
မကြာခဏဆိုသကဲ့သို့ အနီအောက်ရောင်ခြည်တန်းများက လမ်းကို ပိတ်ဆို့ထားသောကြောင့် ဤသည်က ဤနေရာက အဓိက အချက်အချာကျသော နယ်မြေဖြစ်ကြောင်းကို ပြသနေသည်။
ချန်ကျိုးဖင်းက ကုဒ်တချို့ကို အဆက်မပြတ် ရိုက်နှက်ပြီးနောက် မျက်လုံးစကင်န်ဖတ်ခြင်းကို အသုံးပြု၍ အနီအောက်ရောင်ခြည်တန်းများကို ဖယ်ရှားပေးနေခဲ့သည်။
အနီအောက်ရောင်ခြည်တန်းများက ငါးစက္ကန့်အကြာတွင် ပြန်လည်၍ ပေါ်လာမည်ဖြစ်သော်လည်း စွမ်းရည်ရှိသူတစ်ဦးအတွက် ထိုအချိန်က လုံလောက်လွန်းပေသည်။
လမ်းတစ်လျှောက်မှ နံရံများတွင် ပုံစံအမျိုးမျိုး ရိုက်နှိပ်ထားသော ဆိုင်းဘုတ်များကို တွေ့ရ၏။
တိရစ္ဆာန်ပုံစံများဖြင့် စတင်၍ ပိုးမွှားပုံစံများ၊ နောက်ဆုံးတွင်အပင်များ၏ ပင်စည်ပုံစံများရှိနေသည်။
ကျယ်ပြောလွန်းသော နေရာတစ်ခုသို့ ရောက်ရှိလာချိန်တွင် နံရံပေါ်ရှိ ဆိုင်းဘုတ်များက ပြောင်းလဲသွားသည်။
ယခုအချိန်တွင် ရိုးရှင်းသော လိုင်းများဖြင့် ဆွဲထားသော လူပုံငယ်လေးများနှင့်အတူ အင်္ဂလိပ်ဘာသာဖြင့် “လူသား” ဟု ရေးသားထားလေသည်။
ယခင်က ဖြတ်သန်းခဲ့သော နေရာများနှင့် မတူသည်မှာ ဤနေရာက အခန်းများက စုပြုံနေခြင်းမျိုး မဟုတ်ဘဲ အလယ်တွင် မည်သည့် အဆောက်အအုံမျှ မရှိသော ကွင်းပြင်ကြီးသာ ဖြစ်နေခြင်းပင်။
လမ်းဘေးဝဲယာရှိ အိမ်များက စက်ဝိုင်းပုံစံကို တည်ဆောက်ထားပြီး အပြင်ဘက်ဆုံးတွင် မှန်ချပ်များဖြင့် ကာရံထားသည်။
ချန်ကျိုးဖင်း ဝင်လာသောအချိန်တွင် မှန်ခန်းထဲရှိ မည်သူကမျှ အသံမထွက်ကြပေ။
အခန်းတစ်ခန်းထဲရှိ ခုတင်ပေါ်တွင် လီဂိုကားလေးနှင့် ကစားနေသော ကောင်လေးတစ်ယောက်မှလွဲ၍ ကျန်ရှိနေသူများက ငြိမ်သက်နေကြသည်။
ထိုကောင်လေးက တစ်စုံတစ်ခုကို အာရုံရသကဲ့သို့ မှန်ကို ဖြတ်ကျော်၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။
ဤမှန်ချပ်များက အထူးပြုလုပ်ထားသော ပစ္စည်းများ ဖြစ်ပုံရသည်။
အပြင်ဘက်မှ ကြည့်လျှင်
အထဲဘက်ကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း အထဲဘက်မှလူက အပြင်ဘက်ကို မြင်နိုင်ခြင်း မရှိပေ။
အနောက်မှ ထပ်ကြပ်မကွာ လိုက်လာသော အမျိုးသားက ချက်ချင်း အထဲသို့ မဝင်သေးပေ။
သူက ညစ်ပတ်နေသော အိတ်ကပ်ထဲမှ ရုန်းကန်နေသော အနက်ရောင် ပိုးကောင်တစ်ကောင်ကို ထုတ်ယူ၍ ထောင့်တစ်နေရာတွင် ချထားလိုက်ပေ၏။
ထိုပိုးကောင်က အာရုံခံမှင်တိုင်များကို လှုပ်ရှားလျက် မြေပြင်ပေါ်တွင် ခဏမျှ လျှောက်သွားပြီးနောက် ထောင့်ထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားကာ ထိုအမျိုးသား၏ရှေ့တွင် နှစ်ပတ်မျှ ပတ်လိုက်လေသည်။
ထို့နောက်တွင် အထဲဘက်၌ ကင်မရာနှစ်လုံး ရှိနေပြီး တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင် တပ်ဆင်ထားကာ နေရာတစ်ခုလုံးကို လွှမ်းခြုံမြင်နိုင်ကြောင်းကို ထိုအမျိုးသားက သိလိုက်ရ၏။
သူက စိတ်မလောဘဲ အထဲဘက်မှ ထွက်ပေါ်လာသော အသံများကို နားစွင့်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
အတွင်းဝန်းထဲတွင်တော့ ချန်ကျိုးဖင်းက အခန်းတစ်ခန်းထဲသို့ ဝင်သွားလေ၏။
ဧရာမ မှန်အဆောက်အအုံ၏ အပြင်ဘက်မှ အထဲသို့ ကြည့်လိုက်သောအချိန်တွင် အခန်းက အတော်လေး ဟာလာဟင်းလင်း ဖြစ်နေပြီး အလယ်တွင် ခုတင်ကဲ့သို့ စင်မြင့်တစ်ခုသာ ရှိသည်။
ထိုအပေါ်တွင် မျက်နှာကို ဖုံးကွယ်ထားသော အလွန်ပိန်လှီသည့် အမျိုးသမီးတစ်ဦး လဲလျောင်းနေ၏။
သူမ၏ ပတ်ဝန်းကျင်တွင် စက်ကိရိယာမျိုးစုံက ရှိနေပြီး ခန္ဓာကိုယ်နှင့် မျက်နှာတွင် ပိုက်အမျိုးမျိုးကို တပ်ဆင်ထားက် ဘေးဘက်ရှိ စက်ကြီးတစ်လုံးနှင့် ဆက်သွယ်ထားသည်။
ထိုစက်၏ စခရင်ပေါ်တွင် အမျိုးသမီး၏ နှလုံးခုန်နှုန်းကို မှတ်တမ်းတင်နေပုံရ၏။
ချန်ကျိုးဖင်းက မှန်ခန်း၏ဘေးရှိ ခလုတ်တစ်ခုကို နှိပ်လိုက်လျှင် တံခါးအပြင်ဘက်မှ အဖုံးက ဖြည်းညှင်းစွာ ပွင့်သွားလေသည်။
စင်မြင့်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးက အပြင်ဘက်မှ လှုပ်ရှားမှုကို ခံစားမိပုံရ၏။
စက်ပေါ်ရှိ ငြိမ်သက်နေသော လိုင်းများက ရုတ်တရက် ရူးသွပ်စွာ ခုန်တက်လာပြီး သူမ၏ ပိတ်ထားသော မျက်လုံးများကလည်း အနည်းငယ် တုန်ယင်လာခဲ့လေသည်။
ချန်ကျိုးဖင်းက အခန်းလွတ်ထဲသို့ လျှောက်လှမ်းဝင်သွားပြီး သူ သယ်ဆောင်လာသော ငွေရောင်သေတ္တာလေးကို မြေပြင်ပေါ်သို့ ချ၍ စားပွဲပေါ်မှ အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပေ၏။
“မင်းက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ၊ ဘာကို ကြောက်နေတာလဲ၊ အရင်အတိုင်းပါပဲ၊ ခဏနေရင် ပြီးသွားမှာပါ”
ချန်ကျိုးဖင်း၏ အသံက အလွန်ပင် ညင်သာလွန်းပြီး စားပွဲဘေးတွင် ထိုင်၍ အမျိုးသမီး၏ မျက်နှာရှေ့မှ ဆံပင်များကိုပင် သေသပ်အောင် သပ်တင်ပေးလိုက်လေသည်။