အခန်း (၁၈၇)
Vol. 19 Ch. 187
ကျင်းမိသားစု၏ တစ်ချိန်က မောက်မာလွန်းသော သမီးဖြစ်သူ ကျင်းရူမုန်က ယခုအချိန်တွင် လူသားနှင့်မတူတော့ဘဲ တစ္ဆေတစ်ကောင်ကဲ့သို့ဖြစ်နေသည်အထိ နှိပ်စက်ခြင်း ခံထားရသည်။
သူမက ဤနေရာတွင် မည်မျှကြာအောင် ရှိနေခဲ့သည်ကို ကျင်းယန် မသိသော်လည်း၊ ကိုယ်ပေါ်မှ ဒဏ်ရာများနှင့် ကျင်းရူမုန်၏ လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် အချိန်အတော်ကြာခဲ့ပြီမှာ သေချာလွန်းပေ၏။
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ကျင်းရူမုန်၏ ထက်မြက်မှုနှင့်ဆိုပါက ကမ္ဘာပျက်ကပ်ပြီးနောက်မှာပင် သူမတွင် ရှင်သန်နိုင်စွမ်းရှိနေလိမ့်မည်ပင်။
ထို့အပြင် သူမတွင် သူမ ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့ကြသော စစ်ဘက်နှင့် နိုင်ငံရေးလောကမှ အသိမိတ်ဆွေများစွာလည်း ရှိနေသည် မဟုတ်ပါလား။
သူမက အဘယ်ကြောင့် သုတေသနဌာနတွင် လဲလျောင်း၍ သွေးစုပ်ထုတ်ခြင်းကို ခံနေရပါသနည်း။
ကျင်းယန်၏ လှုပ်ရှားမှုများက သွက်လက်ပေါ့ပါးလွန်း၏။
သူက သူ၏ လက်ဖဝါးတွင် ဆင့်ကဲပြောင်းလဲမှု စွမ်းရည်ကို အသုံးပြုလိုက်ကာ ရွှေရောင် အကြေးခွံများက ဖုံးလွှမ်းသွားသော သူ၏ လက်ဖဝါးကဖွင်သ ခုတင်ထိပ်တွင် ရှိနေသော ငွေရောင်သံကြိုးများကို အားနှင့် ညှစ်ခြေပစ်လိုက်လေသည်။
ထိုသို့လုပ်လိုက်သည့်တိုင် ကျင်းရူမုန်၏ ခန္ဓာကိုယ်၏ အခြေအနေက အလွန်ပင် အားနည်းနေပြီဖြစ်သောကြောင့် သူမက နာကျင်မှုကြောင့် မျက်မှောင်ကြုတ်နေမိရှာ၏။
ပိုက်များအားလုံးကို ဖြုတ်ပြီးသည့်အချိန်မှာပင် နယ်မြေတစ်ခုလုံးတွင် စူးရှသော အချက်ပေးသံများက ဆက်တိုက် ထွက်ပေါ်လာလေ၏။
တစ်ပြိုင်နက်တည်းမှာပင် ပတ်ဝန်းကျင်၌ တောက်ပသော အနီရောင်အလင်းများက တဖြတ်ဖြတ် ပေါ်လာကာ မျက်စိပင် ကျိန်းသွားရသည်။
ယင်ရိလျို၏ နှလုံးခုန်သံက တစ်ချက် ရပ်တန့်သွားရလေ၏။ သူတို့ ဖော်ထုတ်ခံလိုက်ရချေပြီ။
စစ်ဆင်ရေးတစ်ခုလုံးက ငါးမိနစ်ထက် မပိုခဲ့ပေ။
ကျင်းယန်က သူတို့ဘက်သို့ မျက်နှာမူထားသော ကင်မရာကို ဖျက်ဆီးပြီးနောက်၊ သူမက ပတ်ဝန်းကျင်ရှိ အကွယ်အကာများကို အသုံးပြု၍ နံရံပေါ်သို့ တက်ကာ တခြားကင်မရာတစ်ခုကိုလည်း ဖြတ်တောက်ခဲ့သည်။
သူမအနေဖြင့် မသိနိုင်လောက်တော့ဟု ထင်ခဲ့သော်လည်း အချက်ပေးသံက ဤမျှလျင်မြန်စွာ ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤသည်က သဘာဝကျပသည်။
မည်သို့ပင်ဖြစ်စေ ဤသည်က မြို့တော် B အခြေစိုက်စခန်း၏ သုတေသနဌာနပင်မဟုတ်ပါလား။
အတွင်းထဲမှာ ဝှက်ထားသည့် ယန္တရာ အမြောက်အမြားရှိနေလောက်သည်။
သူတို့တွေ ဘယ်အနားကိုများ ထိမိသွားလို့ပါလိမ့်။
ထို့ကြောင့်သာ အချက်ပေးသံက မြည်သွားခြင်း ဖြစ်ရမည်။
အကယ်၍ လူများက မည်သည့်အသံမှမထွက်ဘဲ အဝင်အထွက်လုပ်နိုင်နေမည်ဆိုပါက ဤနေရာက အလှပြရုံ သက်သက်သာ ဖြစ်သွားပေလိမ့်မည်။
ကျင်းယန်က သူ၏ အင်္ကျီကော်လံကို ဖွင့်လိုက်လျှင် ယင်ရိလျိုကလည်း ကျွမ်းကျင်စွာဖြင့် သူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်လေ၏။
ခဏမျှ စဉ်းစားပြီးနောက် သူမက နေရာလွတ်ထဲမှ ဝတ်ရုံရှည်တစ်ထည်ကို အမြန်ထုတ်ယူက် မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။
ကျင်းယန်က သူမက ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွား၏။
သူက ထိုဝတ်ရုံဖြင့် ကျင်းရူမုန်၏ ခန္ဓာကိုယ်ကို ပတ်လိုက်ပြီးနောက် သူ၏ ညီမကို ပွေ့ချီကာ အပြင်သို့ ထွက်ပြေးရန် ပြင်ဆင်လေတော့သည်။
ကျင်းရူမုန်က သုတေသနဌာန၏ စမ်းသပ်ခံဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ကြီးမားသော နံပါတ် (၂) ဟူသော စာလုံး ပါရှိလေသည်။
သူမကို မြင်သော မည်သူမဆို ဤသည်က ထွက်ပြေးလာသည့် စမ်းသပ်ခံပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းကို သိသွားကြပေလိမ့်မည်။
သူတို့က အချိန်ဆွဲမနေဘဲ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အနီရောင်အလင်းများအောက်တွင် ထွက်ခွာရန် ပြင်လိုက်ကြသည်။
ကျင်းယန်က အလွန်ပင် သတိကြီးသူ ဖြစ်၏။
သူက ဝင်လာခဲ့သည့် လမ်းအတိုင်း ပြန်ထွက်မည်ဆိုလျှင် သူတို့ကို ဖမ်းဆီးရန် လာနေသူများနှင့် သေချာပေါက် ရင်ဆိုင်ရမည်ပင်။
ထိုအချိန်တွင် သူက သတိမေ့နေသော ကျင်းရူမုန်ကို ကျောပိုးထားရမည်ဖြစ်သောကြောင့် အနိုင်ရနိုင်ခြေက မများလွန်းပေ။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ယင်ရိလျိုက ကျင်းယန်၏ ရင်ခွင်ထဲမှ ခေါင်းလေးကို ပြူထွက်၍ အပြင်ဘက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေ၏။
သူမက ကင်မရာများကို ဖျက်ဆီးရန်ကိုသာ အာရုံစိုက်နေခဲ့သောကြောင့် တခြားအခန်းများတွင် ပိတ်လှောင်ထားသော စမ်းသပ်ခံပုဂ္ဂိုလ်များကို သေသေချာချာ မမြင်ခဲ့ရသေးပေ။
သို့သော် ယခု အနီရောင်အလင်းအောက်တွင် သူမ၏ ပတ်ဝန်းကျင်ရှိ မှန်ခန်း (၁၀) ခန်းလုံးမှ စမ်းသပ်ခံပုဂ္ဂိုလ်များကို မြင်တွေ့လိုက်ရသည်။
အထင်ရှားဆုံးအရာက မှန်အမိုးခုံးတွင် ကပ်လျက် အပြင်ဘက်သို့ လှမ်းကြည့်နေသော အလွန်ငယ်ရွယ်သည့် ကောင်လေးတစ်ဦး ဖြစ်သည်။
သူ၏ ခြေကျင်းဝတ်တွင် ငွေရောင်သံကြိုးအသေးစားလေး တစ်ခုကို ချည်နှောင်ထား၏။
အကယ်၍ ယင်ရိလျိုသာ ဤအမိုးခုံးမှာ အတွင်းဘက်မှ ကြည့်လျှင် မမြင်နိုင်ကြောင်းကို မသိခဲ့ပါက ထိုကလေးက သူတို့ကို လှမ်းကြည့်နေသည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။
တခြားသော အခန်းများတွင် ပိတ်လှောင်ထားသော လူသားများကလည်း ပုံစံအမျိုးမျိုး ရှိကြပြီး အကြီးဆုံးနှင့် အဆန်းကြယ်ဆုံးက နံပါတ် (၆) ဟု အမည်တပ်ထားသော စမ်းသပ်ခံပုဂ္ဂိုလ် ဖြစ်၏။
ဤအခန်းက အနည်းငယ် ထူးခြားလေသည်၊ ကွန်ကရစ်ကြမ်းပြင်အစား မြေကြီးကြမ်းပြင်သာ ရှိနေသည်ပင်။
ထိုနေရာတွင် ပိတ်လှောင်ခံထားရသူက အင်္ကျီမပါသော အမျိုးသားတစ်ဦးပင်ဖြစ်ပြီး သန်မာသော ရင်အုပ်နှင့် ဝမ်းဗိုက်တွင် အနီရောင် ကြိုးမျှင်များစွာက ယှက်သန်းနေခဲ့သည်။
သူ၏ ခန္ဓာကိုယ်အထဲ၌ ပိုးကောင်ပေါင်းများစွာက တွားသွားနေသကဲ့သို့ ရှိနေသောကြောင့် အတော်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
သူ၏ ခန္ဓာကိုယ် အောက်ပိုင်းက အလွန်ပင် ထူးဆန်းလွန်းကာ အပင်တစ်ပင်နှင့် ဆင်တူနေလေ၏။
ဆူးများပါသော အစိမ်းရောင် အမြစ်ပေါင်းများစွာက တစ်ခုနှင့်တစ်ခု ရောယှက်လျက် မြေကြီးထဲတွင် အမြစ်တွယ်နေကြသည်။
ထိုအရာကြောင့် သူက ရုတ်တရက် မြင့်တက်လာပြီး အနည်းဆုံး သုံးမီတာ သို့မဟုတ် လေးမီတာခန့် မြင့်မားနေပုံရသည်။
ထိုသို့ ပြန့်ကားနေသော အမြစ်များပေါ်တွင် နို့ဖြူရောင် အသီးတချို့က သီးနေပြီး၊ သူ၏ လည်ပင်းတွင်လည်း ထူထဲသော ကြိုးကွင်းကြီး တစ်ခုကို စွပ်ထားလေ၏။ ကြိုးကို အနောက်ဘက်ရှိ နံရံနှင့် ချိတ်ဆက်ထားသည်။
တခြားအခန်းများရှိ စမ်းသပ်ခံပုဂ္ဂိုလ်များကလည်း ပုံသဏ္ဌာန် အမျိုးမျိုး ရှိကြသည်။
ယင်ရိလျိုက ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းတွင် မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော အဘွားအိုတစ်ဦးကို တွေ့လိုက်ရ၏။
သူမက အပြင်ဘက်မှ ဆူညံသံကို ကြားချိန်တွင် မှန်အမိုးခုံးကို ဖြတ်၍ အပြင်သို့ လှမ်းကြည့်လိုက်ပုံမှာ အတော်လေးချောက်ချားဖွယ် ကောင်းလွန်းပေသည်။
ယင်ရိလျိုက ဆက်လက်၍ မကြည့်ရဲတော့ဘဲ အကြည့်ကို လွှဲလိုက်လေ၏။ ကျင်းယန်ကလည်း ထွက်ခွာရန် ပြင်နေခဲ့သည်။
ထိုအချိန်မှာပင် ကောင်လေးကို ပိတ်လှောင်ထားသော မှန်ခန်းက အထဲဘက်မှနေ၍ ရုတ်တရက် ထုရိုက်ခြင်းကို ခံလိုက်ရ၏။
ယင်ရိလျိုက ထိုဘက်သို့ လှည့်ကြည့်လိုက်လျှင် ကောင်လေးက သူတို့ရှိရာဘက်သို့ တိတ်တဆိတ် လှမ်းကြည့်နေပြီး သူ၏ လက်လေးများဖြင့် မှန်ခန်းကို ထုရိုက်နေသည်ကို တွေ့လိုက်ရသည်။
ကလေးက အော်ဟစ်စကားပြောနေသည်ကို သူမ ကြားနိုင်သော်လည်း၊ အဖုံးကြောင့် အသံက အလွန်ပင် သဲ့သဲ့လေးသာ ထွက်ပေါ်လာ၏။
သူမသာ ထက်မြက်သော နားစွမ်းရည် မရှိပါက ဤသည်ကို လုံးဝ ကြားနိုင်မည် မဟုတ်ပေ။
“အပြင်က ဦးဦးနှင့် ဒေါ်လေးတို့၊ ကျွန်တော့်ကိုလည်း အပြင်ကိုထုတ်ပေးပါလား၊
တောင်းပန်ပါတယ်၊ ကျွန်တော်က အများကြီး အသုံးဝင်ပါတယ်၊ ဦးဦးတို့ ထွက်ပြေးနိုင်အောင် ကျွန်တော် ကူညီပေးနိုင်ပတယ်”
ကောင်လေးက ပြောလိုက်သည့်စကားကို ကြားသောအချိန်တွင် ယင်ရိလျိုက ထိုကလေးက မှန်ခန်းအပြင်ဘက်မှ လူများကို မြင်နိုင်သည်ဟု အလိုအလျောက် ထင်မှတ်လိုက်မိသော်လည်း၊ သေသေချာချာထပ်ကြည့်လိုက်ချိန်တွင် ထိုသို့ မဟုတ်ကြောင်းကို သိလိုက်ရသည်။
ကောင်လေးက အရပ်ပုပြီး သူမ ပေါက်စီလုံးအရွယ်တွင်ရှိစဥ်ကထက်တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်သာ ပိုကြီးပုံရ၏။
သူ၏ ဝိုင်းစက်သော မျက်လုံးများက အပြင်ဘက်သို့ လှမ်းကြည့်နေသော်လည်း သူ့အကြည့်က သူတို့အပေါ်သို့ တည့်တည့်စိုက်ကြည့်နေခြင်း မဟုတ်ဘဲ သူတို့ ရှိရာဘက်သို့ ယေဘုယျဆန်စွာ ကြည့်နေခြင်းသာ ဖြစ်သည်။
အချက်ပေးသံက ပို၍ ကျယ်လောင်လာပြီး၊ သူတို့ကို ဖမ်းဆီးရန် ထွက်လာမည့်သူများကလည်း မည်သည့်အချိန်တွင် ရောက်လာမည်ကို မသိသောကြောင့် ကျင်းယန်က ရပ်တန့်မနေခဲ့ပေ။
ယင်ရိလျို၏ ရင်ထဲတွင် မွန်းကြပ်မှုကို ခံစားလိုက်ရ၏။
သူတို့က လူများကို မကယ်ချင်ခြင်းကြောင့် မဟုတ်ဘဲ သူတို့ကိုယ်တိုင်ပင် လွတ်မြောက်နိုင်ရန် မသေချာသည့် အခြေအနေဖြစ်နေခဲ့သည်။
သူတို့၏ အသက်အန္တရာယ်ကပင် စိုးရိမ်နေရချိန်တွင် ကျန်ရှိနေသော စမ်းသပ်ခံပုဂ္ဂိုလ်များကို မည်သို့ ဂရုစိုက်နိုင်ပါမည်နည်း။
ထိုအချိန်မှာပင် သူမ၏ မြင်ကွင်းများ ဝေဝါးလာသည်ကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်က ရှုခင်းများက အရောင်အသွေးများ ပျောက်ကွယ်၍ကာဖြည်းညှင်းစွာ မှေးမှိန်သွားတော့သည်။
ဝေဝါးနေမှုများကြားတွင် သူမက အလွန်ပင် ရင်းနှီးသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
သူမက အရောင်ဖျော့ဖျော့ သစ်သားခုတင်တစ်ခုပေါ်တွင် ထိုင်နေခဲ့လေ၏။
သူမ ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ကို အမြန်လှည့်ပတ့်ကြည့်လိုက်လျှင် ဤသည်က သူမ၏ မူလအိပ်ခန်း ဖြစ်နေသည်ကို သတိပြုမိသွားသည်။
ဘာတွေဖြစ်ကုန်တာလဲ။
သူမက ရွှေပေါင်လုံးနှင့်အတူ လူသွားကယ်နေခြင်း မဟုတ်ဘူးလား။
အခု ဘယ်လိုဖြစ်ပြီး သူမရဲ့အိမ်ကို ရုတ်တရက် ပြန်ရောက်နေရတာလဲ။
သူမ အတွေးများနေချိန်မှာပင် အိပ်ခန်းတံခါးက အပြင်ဘက်မှ ပွင့်လာပြီး သူမ၏ မိခင်ဖြစ်သူက သစ်သီးပန်းကန်ကို ကိုင်ဆောင်လျက် ထွက်လာကာ မကျေမနပ် ပြောဆိုလာ၏။
“ငါ နင့်ကို ထမင်းစားဖို့ ခေါ်နေတာကို မထွက်လာဘူး၊ နင့်အဖေက ဒေါသ ပြောလိုက်တာပါလို့ ငါကပြောသားပဲ၊
မင်းတို့သားအဖနှစ်ယောက်လုံးက တကယ့်ကို ခေါင်းမာလိုက်ကြတာ!
ဒါလေးကို အရင်စားထားဦး၊ ခဏနေရင် ငါ နင့်အတွက် ခေါက်ဆွဲတစ်ပန်းကန်ကို လုပ်ပေးမယ်”
သူမ၏ရှေ့မှ ရင်းနှီးလွန်းသော မျက်နှာကို ကြည့်ရင်း ယင်ရိလျိုက မယုံနိုင် ဖြစ်နေရသည်။
သူမ၏ မျက်ဝန်းများက ချက်ချင်းပင် နီရဲလာခဲ့ပြီး ခုတင်ပေါ်မှ ဒယီးဒယိုင် ဆင်းလိုက်မိ၏။
သူမက မိခင်ကို မထိတွေ့မီ ခဏမျှ တွန့်ဆုတ်နေပြီးမှ ခပ်တိုးတိုး ခေါ်လိုက်မိလေသည်။
“မား?”
မိခင်ဖြစ်သူက အမြဲတစေ တက်ကြွဖျတ်လတ်နေသော သမီးဖြစ်သူကို အားမလိုအားမရ ကြည့်၍ ပြောဆိုလေ၏။
“အိုက်ယား.. ဘာဖြစ်လို့လဲ၊ ဘာလို့ ငိုနေရတာလဲ၊ ငါ အပြင်ထွက်ပြီး နင့်အဖေကို ပြောလိုက်ပါ့မယ်၊
သူက အသက်ဘယ်လောက်ရှိပြီလဲ၊ ဘာလို့ ကလေးတစ်ယောက်ကို အခုထိ ဒေါသထွက်နေရတာလဲ၊ မငိုနဲ့တော့.. သစ်သီးလေးကို စားလိုက်ဦးနော်”