← Chapters

အခန်း (၆၄၁-၆၄၂)

Vol. 60 Ch. 641-642

အခန်း (၆၄၁-၆၄၂)

Vol. 60 Ch. 641-642

အခန်း (၆၄၁) - အလင်းမျက်လုံးခုနစ်လုံးနှလုံးသား၊ ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’၊ ချိပ်ပိတ်ခြင်းစာအုပ်၊ နယ်ပယ်တံခါး ပြည့်စုံသွားခြင်း(၄)။

ထိုအချိန်တွင် ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာရှိ သားရဲတစ်သောင်းနန်းတော်၌ နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်၊ ကျားမျိုးနွယ်၊ မြေခွေးမျိုးနွယ်၊ ဝေလငါးမျိုးနွယ်၊ ငါးမျိုးနွယ်နှင့် လင်းယုန်မျိုးနွယ် စသည့် မျိုးနွယ်စုအသီးသီးမှ နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသူများ စုဝေးနေကြပြီး တစ်ယောက်ချင်းစီ၏ မျက်နှာအမူအရာများမှာ အလွန်ပင် လေးနက်နေကြသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေမှာ အလွန်ပင် ဆိုးရွားနေသောကြောင့် ဖြစ်ပေသည်။ ၎င်းတို့အနေနှင့် နတ်ဆိုးမျိုးနွယ်များ၏ စွမ်းအားနှင့် ကြောက်မက်ဖွယ်ကောင်းမှုကို အထင်သေးခဲ့မိကြသည်။

နှစ်တစ်ရာအတွင်းမှာပင် မိစ္ဆာသားရဲမျိုးနွယ်တို့၏ နယ်မြေထက်ဝက်ခန့်မှာ ဆုံးရှုံးခဲ့ရပြီး အမြောက်အမြား သေကြေပျက်စီးခဲ့ရသည်။ ထို့ထက်ပိုဆိုးသည်မှာ သားရဲအများအပြားမှာ နတ်ဆိုးအရှိန်အဝါများ၏ ကျူးကျော်မှုကို ခံရပြီး နတ်ဆိုးသားရဲများအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။

ဤသည်မှာ မိစ္ဆာသားရဲမျိုးနွယ်စုများအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး တစ်ဖက်တွင် နတ်ဆိုးများ၏ စွမ်းအားမှာ ပိုမိုကြီးထွားလာခဲ့လေသည်။

“သက်ပြင်းချရုံကလွဲလို့ ဘာတတ်နိုင်ဦးမှာလဲ… နတ်ဆိုးမျိုးနွယ်တွေက အရမ်းအင်အားကြီးနေပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတွေကလည်း အဆက်မပြတ် ထွက်ပေါ်နေတယ်… ငါတို့ရဲ့ အင်အားနဲ့ဆိုရင်တော့ သူတို့ကို ယှဉ်နိုင်ဖို့ ခဲယဉ်းလိမ့်မယ်...”

နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသော ဖီးနစ်တစ်ကောင်က သက်ပြင်းချရင်း ပြောလိုက်သည်။ သူသည် လုံးဝကို မျှော်လင့်ချက်ကင်းမဲ့နေပုံရပြီး နတ်ဆိုးများကို အနိုင်ယူနိုင်မည့် အခွင့်အရေး မရှိတော့ဟု ယူဆနေပုံရသည်။

ဤအတိုင်းသာ ဆက်သွားပါက ၎င်းတို့ကဲ့သို့သော နတ်ဘုရားအသွင်ပြောင်းအဆင့်များပင် နတ်ဆိုးများ၏ လက်ချက်ဖြင့် သေဆုံးကြရပေလိမ့်မည်။

“အဲဒီသောက်အဖိုးကြီးတွေကိုပဲ အပြစ်တင်ရမှာ… အခြေအနေမဟန်တာနဲ့ တက်လှမ်းခြင်းစင်မြင့်ကို ဖွင့်ပြီး ဝိညာဉ်လောကကို တိုက်ရိုက် ထွက်ပြေးသွားကြတယ်… ငါတို့ မိစ္ဆာသားရဲမျိုးနွယ်တွေရဲ့ အသက်တွေကို လုံးဝ ထည့်မတွက်ကြဘူး...”

နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသော နဂါးတစ်ကောင်က အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်လေသည်။ မူလက သားရဲတစ်သောင်းနန်းတော်၏ အခြေအနေမှာ ယခုလောက်အထိ မဆိုးရွားခဲ့။ အားလုံးသာ စည်းစည်းလုံးလုံး ရှိကြမည်ဆိုပါက နတ်ဆိုးများကို အတန်ကြာအောင် ခုခံထားနိုင်မည် ဖြစ်သည်။

သို့သော် အချို့သော သက်တမ်းရင့်အဖိုးကြီးများမှာ အခြေအနေကိုကြည့်ကာ ဝိညာဉ်လောကသို့ ချက်ချင်းပင် ထွက်ပြေးသွားခဲ့ကြသည်။ ဤသည်မှာ မိစ္ဆာသားရဲမျိုးနွယ်၏ အင်အားကို များစွာ ယုတ်လျော့သွားစေခဲ့သည်။

တိုက်ပွဲပင် မစရသေးမီ ခေါင်းဆောင်များက ထွက်ပြေးသွားကြသဖြင့် ကျန်ရှိသူများ၏ စိတ်ဓာတ်မှာလည်း ပျက်ပြားသွားရတော့သည်။

“သက်ပြင်းချရုံကလွဲလို့ ဘာတတ်နိုင်မှာလဲကွာ… ရှေးဟောင်းခေတ်တုန်းက လူသားမျိုးနွယ်တွေ နတ်ဆိုးတွေကို ခုခံနိုင်ခဲ့တာက နတ်ဘုရားအသွင်ပြောင်းအဆင့် အားလုံးဟာ အသေခံဖို့ အဆင်သင့်ရှိနေကြလို့ပဲ… အဲဒီတုန်းက ကုယုံဂိုဏ်းချုပ်က ကြိုတင်ပြင်ဆင်ပြီး ကျင့်ကြံခြင်းလောကရဲ့ တက်လှမ်းခြင်းစင်မြင့်တွေကို ဖျက်ဆီးပစ်ခဲ့တယ်… ကျင့်ကြံသူတွေရဲ့ နောက်ဆုတ်မယ့်လမ်းကို ပိတ်လိုက်တာပေါ့…

ဒါကြောင့်လည်း ကျင့်ကြံသူတွေဟာ ဘုရင့်နောင်ဖောင်ဖျက်ဆိုသလို မသေချင်ရင် အသေခံတိုက်ဖို့ပဲ ရှိတော့တယ်… ဒါပေမဲ့ ငါတို့ကတော့ နောက်ဆုတ်မယ့်လမ်း ရှိနေတဲ့အတွက် စိတ်ဝမ်းကွဲခဲ့ကြရတယ်… ဒါကြောင့်လည်း အရေးနိမ့်ခဲ့ရတာပဲ...”

ကျားမျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့်တစ်ဦးက သက်ပြင်းချရင်း ဆိုလိုက်သည်။ မိစ္ဆာသားရဲမျိုးနွယ်သည် မျိုးနွယ်စုကြီးတစ်ခုဟု ထင်ရသော်လည်း အမှန်စင်စစ်တွင် မျိုးနွယ်စုငယ်အများအပြား စုစည်းထားခြင်းဖြစ်ရာ အတွင်းပိုင်း၌ စည်းလုံးမှုမရှိဘဲ ပဋိပက္ခများစွာ ရှိနေပေသည်။

အောင်ပွဲများ ရရှိနေချိန်တွင် ထိုပဋိပက္ခများမှာ ပေါ်ပေါက်မလာသော်လည်း ရှုံးနိမ့်လာသည့်အခါတွင်မူ အချင်းချင်းအပြစ်တင်ကာ စိတ်ဝမ်းကွဲမှုများ ချက်ချင်း ပေါ်ပေါက်လာတော့သည်။ လူသားမျိုးနွယ်နှင့် ယှဉ်လျှင် ၎င်းတို့သည် ပိုမို၍ စိတ်ဝမ်းကွဲလွယ်ကြပေသည်။

“ငါတို့ ကျင့်ကြံခြင်းလောကကို ပြောင်းရွှေ့ကြရအောင်...”

လင်းယုန်မျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့်တစ်ဦးက အကြံပြုလိုက်သည်။

“ဘာကို ဆိုလိုတာလဲ… ကျင့်ကြံခြင်းလောကကို ပြောင်းရွှေ့မယ် ဟုတ်လား… မင်းက လူသားတွေရဲ့ အင်အားကို သုံးပြီး မိစ္ဆာတွေကို ခုခံချင်တာလား… ရန်သူချင်း တိုက်ခိုင်းမလို့လား… အမှန်အတိုင်း ပြောရရင် ဒီအစီအစဉ်က ဘယ်လိုမှ မအောင်မြင်နိုင်ဘူး… ငါတို့ မိစ္ဆာသားရဲမျိုးနွယ်တွေတောင် နတ်ဆိုးတွေကို မယှဉ်နိုင်တာ၊ သာမန် လူသားမျိုးနွယ်တွေဆိုရင် ပိုပြီးတော့တောင် အရေးနိမ့်သွားဦးမယ်… အခုခေတ် လူသားတွေက ရှေးဟောင်းခေတ်ကလို မဟုတ်တော့ဘူး… အင်အားက အရမ်းကွာခြားသွားပြီ၊ နတ်ဘုရားအသွင်ပြောင်းအဆင့်တောင် နည်းနည်းလေးပဲ ရှိတော့တာ...”

နဂါးမျိုးနွယ်မှ တစ်ဦးက ခေါင်းယမ်းကာ ကန့်ကွက်လိုက်သည်။

“ဘယ်သူက ရန်သူချင်း တိုက်ခိုင်းချင်လို့လဲ… ငါက ဘယ်လောက်ပဲ အသုံးမကျပါစေ၊ လူသားတွေရဲ့ အင်အားကို အားကိုးဖို့တော့ မစဉ်းစားပါဘူး… ဒါပေမဲ့ ဒီတိုက်ပွဲမှာ မိစ္ဆာသားရဲမျိုးနွယ်ရော လူသားမျိုးနွယ်ရော အောင်နိုင်ဖို့ အခွင့်အရေး မရှိဘူးလို့ ငါခံစားနေရတယ်… မျိုးနွယ်စုအတွက် စိတ်မကောင်းပေမဲ့လည်း ငါတို့ရဲ့ အနာဂတ်အတွက်တော့ စဉ်းစားရမယ်လေ… မျိုးနွယ်စုနဲ့အတူ ဒီနေရာမှာပဲ အသေခံသွားဖို့တော့ မဖြစ်နိုင်ဘူး...”

လင်းယုန်မျိုးနွယ်မှ ကျင့်ကြံသူက ဆိုလိုက်လေသည်။ သူ၏ဆိုလိုရင်းမှာလည်း ဝိညာဉ်လောကသို့ ထွက်ပြေးရန်ပင် ဖြစ်သည်။

“မင်းက ဝိညာဉ်လောကကို တက်လှမ်းချင်တာလား… ပြဿနာက တက်လှမ်းခြင်းစင်မြင့်တွေအကုန်လုံး နတ်ဆိုးတွေရဲ့ ဖျက်ဆီးတာကို ခံလိုက်ရပြီလေ… ဝိညာဉ်လောကကို တက်လှမ်းဖို့အတွက် လိုအပ်တဲ့ ဟင်းလင်းပြင်ဆုံမှတ်တွေလည်း နတ်ဆိုးအရှိန်အဝါတွေကြောင့် အသုံးမပြုနိုင်တော့ဘူး… ငါတို့မှာ ထွက်ပြေးစရာ လမ်းမရှိတော့ဘူး...”

သားရဲကျင့်ကြံသူများက စိတ်ပျက်လက်ပျက် ပြောဆိုလိုက်ကြသည်။ အမှန်စင်စစ် ၎င်းတို့လည်း ထွက်ပြေးလိုကြသော်လည်း အချိန်နှောင်းသွားခဲ့ချေပြီ။

ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာတစ်ခုလုံးကို နတ်ဆိုးအရှိန်အဝါများ ဖုံးလွှမ်းသွားပြီဖြစ်၍ လမ်းကြောင်းအားလုံး ပိတ်ဆို့ခံထားရပြီ ဖြစ်သည်။ ထို့ကြောင့်လည်း ထွက်ပြေးသွားကြသော အဖိုးကြီးများကို ဒေါသထွက်နေကြခြင်းပင်။

“ဒါကြောင့်လည်း ငါက ကျင့်ကြံခြင်းလောကကို သွားချင်တာပေါ့… အခုအချိန်မှာ ကျင့်ကြံခြင်းလောကဟာ နတ်ဆိုးလောကရဲ့ အရှိန်အဝါတွေ မကျရောက်သေးဘူး… တက်လှမ်းခြင်းစင်မြင့်တွေ ပျောက်ကွယ်သွားပေမဲ့ ဟင်းလင်းပြင်လမ်းကြောင်းတွေတော့ ရှိနေဦးမှာပဲ… အဲဒီလမ်းကြောင်းကို ရှာတွေ့နိုင်ခဲ့ရင် ငါတို့လည်း ဝိညာဉ်လောကကို တက်လှမ်းနိုင်လိမ့်မယ်… အန္တရာယ်များနိုင်ပေမဲ့ ဒီမှာ အသေခံရတာထက်တော့ ပိုကောင်းပါသေးတယ်...”

လင်းယုန်မျိုးနွယ်ကျင့်ကြံသူက သူ၏အစီအစဉ်ကို ရှင်းပြလိုက်သည်။ သူ၏အကြံအစည်မှာ ကျင့်ကြံခြင်းလောကသို့ သွားရောက်ကာ ထိုနေရာမှတစ်ဆင့် ဝိညာဉ်လောကသို့ တက်လှမ်းရန်ပင် ဖြစ်သည်။ အခြားသော သားရဲများ၏ အသက်အန္တရာယ်ကိုမူ သူတို့ ဂရုမစိုက်တော့ပေ။

“မင်းပြောပုံအရဆိုရင် ကျင့်ကြံခြင်းလောကမှာ ဝိညာဉ်လောကကို တက်လှမ်းနိုင်မယ့် လမ်းကြောင်းကို ရှာတွေ့ထားပြီးပြီပေါ့...”

အခြားသော သားရဲကျင့်ကြံသူများက သတိထားမိသွားကြသည်။

“မှန်တယ်… လွန်ခဲ့တဲ့ နှစ်တစ်ရာ၊ နှစ်ရာလောက်ကတည်းက ငါဟာ လူသားကျင့်ကြံသူတချို့နဲ့ ဆက်သွယ်မှု ရှိခဲ့တယ်… အခုတော့ ငါတို့တွေ ပူးပေါင်းဖို့ သဘောတူညီမှု ရထားပြီးပြီ… ငါ့ဘက်ကလည်း ပဥ္စမအဆင့် ပစ္စည်းအမြောက်အမြား ပေးထားပြီး လမ်းကြောင်းဖွင့်နိုင်မယ့် ပဥ္စမအဆင့် အစီအရင်တွေကို ကူညီပြင်ဆင်ပေးခဲ့တယ်… ဒါကြောင့် ငါဟာ လူသားကျင့်ကြံသူတွေနဲ့အတူ ဝိညာဉ်လောကကို တက်လှမ်းဖို့ စီစဉ်ထားပြီးသား...”

လင်းယုန်မျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

မှန်ပေသည်၊ လူသားမျိုးနွယ်နှင့် မိစ္ဆာသားရဲမျိုးနွယ်ကြားရှိ ပဋိပက္ခမှာ ပြေလည်နိုင်ခြင်းမရှိသော အမုန်းတရားမျိုး မဟုတ်ပေ။ မျိုးနွယ်စုနှစ်ခု၏ အားပြိုင်မှုမှာ အကျိုးစီးပွားအတွက် ယှဉ်ပြိုင်ကြခြင်းသာ ဖြစ်၏။ အကယ်၍ ဘုံရန်သူနှင့် ရင်ဆိုင်ရပါက ၎င်းတို့သည်လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြပေသည်။

လူသားမျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်များသည် ဟင်းလင်းပြင်လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့သော်လည်း အစီအရင် တည်ဆောက်ရန်အတွက် လိုအပ်သော ပစ္စည်းများ ချို့တဲ့နေခဲ့သည်။

မိစ္ဆာသားရဲမျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည်လည်း ဤအခွင့်အရေးကို အသုံးချကာ အထက်ဘုံသို့ တက်လှမ်းလိုကြ၏။

ထို့ကြောင့်ပင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် အခြေခံအကြောင်းရင်း ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။

"တကယ်လို့ ဒီလိုဆိုရင်တော့ ပူးပေါင်းဆောင်ရွက်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး...”

"ဒါပေမဲ့ ကျင့်ကြံခြင်းလောကထဲမှာ လူသားမျိုးနွယ်ရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ဘယ်နှယောက်လောက် ရှိလို့လဲ… ဒါက ထောင်ချောက်တစ်ခုများ ဖြစ်နေမလား...”

နတ်ဘုရားအသွင်ပြောင်းအဆင့် သားရဲကျင့်ကြံသူတစ်ဦးက မေးမြန်းလိုက်၏။

"စိတ်ချစမ်းပါ… ကျင့်ကြံခြင်းလောက တစ်ခုလုံးမှာရှိတဲ့ လူသားမျိုးနွယ်ရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်က အခုအချိန်အထိ ဆယ်ဂဏန်းလောက်ပဲ ရှိတာ...”

"ဒါပေမဲ့ ငါတို့ဆီမှာတော့ အခု နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူစုစုပေါင်း သုံးရာကျော် ရှိတယ်...”

"အရေအတွက်အရ ကြည့်မယ်ဆိုရင် ငါတို့မိစ္ဆာသားရဲမျိုးနွယ်က အပြတ်အသတ်ကို အသာစီးရထားတာ...”

"အရင်တုန်းက နယ်မြေတံခါးပေါက်က ငါတို့အားလုံး ဖြတ်သန်းသွားဖို့ မလုံလောက်ခဲ့လို့သာပေါ့… မဟုတ်ရင် အဲဒီကမ္ဘာကို သိမ်းပိုက်လိုက်တာ ကြာလှပြီ...”

"ဒါပေမဲ့ အခုတော့ ဒါတွေက အဓိပ္ပာယ်မရှိတော့ဘူး...”

"ငါတို့ လူသားမျိုးနွယ်ကို အနိုင်ယူနိုင်ရင်တောင်မှ နတ်ဆိုးမျိုးနွယ်ကိုတော့ အနိုင်မတိုက်နိုင်ဘူးလေ...”

လင်းယုန်မျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူက အလွန်အမင်း မချိတင်ကဲဖြစ်စွာ ပြောလိုက်၏။

ထင်ရှားသည်မှာ ဤသို့သော အခြေအနေကြောင့်ပင် မိစ္ဆာသားရဲမျိုးနွယ်သည် လူသားမျိုးနွယ်ကို တိုက်ခိုက်သိမ်းပိုက်ရန် စိတ်မဝင်စားတော့ခြင်း ဖြစ်လေသည်။

လူသားတို့၏ နယ်မြေကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ၎င်းမှာ ယာယီမျှသာ ဖြစ်ပေလိမ့်မည်။

နတ်ဆိုးမျိုးနွယ်က အချိန်မရွေး ပြန်လည်လုယူသွားနိုင်သည် ဖြစ်ရာ မည်သို့မျှ အဓိပ္ပာယ်မရှိချေ။

ယခုအခါ ၎င်းတို့သည် ဤနေရာမှ ထွက်ပြေးလွတ်မြောက်ကာ ဝိညာဉ်လောကသို့ တက်လှမ်းရန်သာ ဆန္ဒရှိကြတော့၏။

၎င်းတို့ ဤသို့ တွေးတောမိခြင်းမှာလည်း မတတ်သာ၍ပင် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် နတ်ဆိုးများက အလွန်အမင်း အင်အားတောင့်တင်းလွန်းလှပြီး အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး သုံးထောင်ခန့် ရှိနေသောကြောင့်ပင်။

၎င်းတို့၏ အင်အားမှာ သားရဲမျိုးနွယ်ထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေပြီး အဆင့်အတန်းချင်း လုံးဝ မတူညီတော့ပေ။

ထို့အပြင် တူညီသောအဆင့်ရှိသော မနတ်ဆိုးများကို သတ်ဖြတ်ရန်မှာလည်း အလွန်ခက်ခဲလှ၏။

ဤသို့သော အခြေအနေမျိုးတွင် အနိုင်ရရန် မည်သို့မှ မဖြစ်နိုင်တော့ချေ။

အခန်း (၆၄၂) - အလင်းမျက်လုံးခုနစ်လုံးနှလုံးသား၊ ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’၊ ချိပ်ပိတ်ခြင်းစာအုပ်၊ နယ်ပယ်တံခါး ပြည့်စုံသွားခြင်း(၅)။

"ဒီလိုဆိုရင်တော့ လူသားမျိုးနွယ်နဲ့ ပူးပေါင်းဖို့က တကယ်ကို ဖြစ်နိုင်တာပဲ...”

ထိုစကားကို ကြားသောအခါ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲအများအပြားက ခေါင်းညိတ်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏အရေအတွက်မှာ အပြတ်အသတ် သာလွန်နေသည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ ၎င်းတို့အတွက် နစ်နာစရာမရှိပေ။

ထို့အပြင် ဧည့်သည်နေရာမှ အိမ်ရှင်နေရာသို့ပင် ပြန်လည်လွှမ်းမိုးနိုင်သေး၏။

"ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေကလည်း သောက်ရူးတွေတော့ မဟုတ်ဘူး...”

"ငါတို့ရဲ့ အင်အားက သူတို့ထက် ပိုတောင့်မှန်း သူတို့ ကောင်းကောင်းသိကြတယ်...”

"ဒါကြောင့် အစပိုင်းမှာ သူတို့က သားရဲမျိုးနွယ်ရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူ ငါးဦး၊ ခြောက်ဦးနဲ့ပဲ ပူးပေါင်းချင်ကြတာ...”

"သူတို့ ဝိညာဉ်လောကကို တက်လှမ်းသွားပြီးတဲ့နောက်မှပဲ ဒီဟင်းလင်းပြင်လမ်းကြောင်းက ငါတို့အပိုင် ဖြစ်လာလိမ့်မယ်...”

လင်းယုန်မျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူက လေးနက်သောလေသံဖြင့် ပြောလိုက်၏။

ထင်ရှားသည်မှာ လူသားမျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည်လည်း မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေထဲသို့ တွန်းပို့မည်မဟုတ်ပေ။

နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲသုံးရာသာ ပူးပေါင်းလိုက်ပါက ၎င်းတို့လည်း ခုခံနိုင်မည်မဟုတ်ချေ။

အကယ်၍ တစ်ဖက်လူတွင် မကောင်းသော ရည်ရွယ်ချက်ရှိပါက လူသားကျင့်ကြံသူများအားလုံး အမြစ်ပြတ် သုတ်သင်ခံရနိုင်ပေသည်။

ထို့ကြောင့် ၎င်းတို့သည် ပူးပေါင်းဆောင်ရွက်မည့် မိစ္ဆာသားရဲအရေအတွက်ကို လျှော့ချလိုကြခြင်း ဖြစ်၏။

၎င်းတို့ ဝိညာဉ်လောကသို့ တက်လှမ်းသွားပြီးနောက်တွင် ကျန်ရှိသော ကိစ္စရပ်များကိုမူ ၎င်းတို့ ဂရုစိုက်နေရန် မလိုအပ်တော့ချေ။

"ဟမ့်... ကောက်ကျစ်တဲ့ လူသားတွေပဲ...”

"ဒါပေမဲ့ ဒီအစီအစဉ်ကလည်း မဖြစ်နိုင်စရာ မရှိပါဘူး...”

"နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိတာပဲ...”

မိစ္ဆာသားရဲကျင့်ကြံသူ အများအပြား၏ စိတ်ထဲမှ အကြံအစည်များမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ မူလက ၎င်းတို့သည် လူသားကျင့်ကြံသူများကို အမြစ်ပြတ် သုတ်သင်ပစ်ရန် ကြံစည်ခဲ့သော်လည်း တစ်ဖက်လူက ထိုသို့သော အခွင့်အရေးကို ပေးမည်မဟုတ်ဘဲ ဆုတ်လမ်းကိုပါ ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သို့သော်ငြား ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို လက်လွှတ်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် တက်လှမ်းနိုင်မည့် ဟင်းလင်းပြင်လမ်းကြောင်းကို ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲလှသောကြောင့် ဖြစ်၏။

အကယ်၍ ကိုယ်တိုင်ရှာဖွေမည်ဆိုလျှင်ပင် အချိန်နှင့်လုပ်အား အမြောက်အမြားအား ကုန်ဆုံးပေလိမ့်မည်။

၎င်းတို့တွင် ထိုမျှလောက်သော အချိန်မရှိနိုင်ပေ။

အကယ်၍ နတ်ဆိုးများကသာ ရှေးဟောင်းမိစ္ဆာသားရဲလောကကို အလုံးစုံသိမ်းပိုက်ပြီး ကျင့်ကြံခြင်းလောကသို့ ချီတက်လာပါက ထိုအချိန်တွင် ကျင့်ကြံခြင်းလောက၏ ဟင်းလင်းပြင်လမ်းကြောင်းမှာလည်း အသုံးမဝင်တော့ပေ။

နောက်ဆုံးတွင် ၎င်းတို့အားလုံး ဤနေရာ၌ပင် အသေခံကြရပေလိမ့်မည်။

၎င်းတို့သည်လည်း ကိစ္စရပ်များ၏ အရေးကြီးပုံကို သိရှိကြသည်ဖြစ်ရာ နှစ်ဦးနှစ်ဖက်လုံး ထိခိုက်မည့်လမ်းကို ရွေးချယ်မည်မဟုတ်ပေ။

"ဒါဆိုရင် ငါတို့ ဘယ်နေရာမှာ သွားပြီး ဆုံကြရမလဲ...”

မိစ္ဆာကျင့်ကြံသူတစ်ဦးက မေးမြန်းလိုက်၏။

"အရှေ့ပိုင်းကုန်းမြေတိုက်ကြီးပဲ...”

"ကျင့်ကြံခြင်းလောကရဲ့ လူသားကျင့်ကြံသူတွေ ရှာတွေ့ထားတဲ့ ဟင်းလင်းပြင်လမ်းကြောင်းနေရာက အရှေ့ပိုင်းကုန်းမြေတိုက်ကြီးမှာပဲ...”

"အဲဒီအချိန်ကျရင် ငါတို့ နယ်မြေတံခါးပေါက်ကတစ်ဆင့် အရှေ့ပိုင်းကုန်းမြေတိုက်ကြီးကို တိုက်ရိုက်သွားရုံပဲ...”

လင်းယုန်မျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့်က ပြတ်သားစွာ ပြောလိုက်၏။

"ဒါဆို အချိန်ဆွဲမနေဘဲ ခုချက်ချင်း ထွက်ခွာကြတာပေါ့...”

မိစ္ဆာသားရဲကျင့်ကြံသူ အများအပြားသည် မစောင့်နိုင်တော့ဘဲ ထွက်ခွာလိုနေကြပြီ ဖြစ်၏။ ၎င်းတို့သည်လည်း ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာကဲ့သို့ အန္တရာယ်များသော နေရာတွင် ဆက်လက်မနေလိုကြတော့ပေ။

"မင်းတို့ အရင်သွားနှင့်ကြ...”

"ငါကတော့ ချန်လန်ပင်လယ်ပြင်ကို သွားစရာကိစ္စလေး ရှိသေးတယ်...”

ကျောင်းလုံနဂါးမျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။

"ဪ... ဒီလိုကိုး… မင်းက ချန်လန်ပင်လယ်ပြင်က ရွှမ်ဟွမ်ဂိုဏ်းကို ရင်ဆိုင်ပြီး ကျောင်းလုံမျိုးနွယ်ရဲ့ ကောင်းကင်အဆင့် ဝိညာည်ရတနာဖြစ်တဲ့ နဂါးငါးကောင်ဓားစက်ကို ပြန်လုချင်တာလား...”

နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်ဦးက ပြုံးရင်း ပြောလိုက်၏။ ၎င်းသည် ထိုကျောင်းလုံနဂါး၏ စကားထဲမှ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်လိုက်လေသည်။

မည်သို့ပင်ဆိုစေကာမူ ကျောင်းလုံမျိုးနွယ်သည် နဂါးငါးကောင်ဓားစက်ကို ဆုံးရှုံးလိုက်ရသဖြင့် အင်အားများစွာ လျော့နည်းသွားခဲ့ရ၏။

ကျောင်းလုံမျိုးနွယ်၏ အဖိုးတန်ရတနာဖြစ်သောကြောင့် လူသားများလက်ထဲတွင် အဆုံးရှုံးခံမည် မဟုတ်ပေ။

ဤသည်မှာ ၎င်းတို့အတွက် အလွန်ပင် ကြီးမားသော အရှက်ရမှုတစ်ခုလည်း ဖြစ်ပေသည်။

"နဂါးငါးကောင်ဓားစက်ကို ရသွားတဲ့သူက ရွှမ်ဟွမ်ဂိုဏ်းချုပ်လို့ ငါကြားမိတယ်...”

"ဒီလူက လူသားမျိုးနွယ်ရဲ့ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ အစွမ်းထက်ဆုံး ပါရမီရှင်ပဲ...”

"နှစ်ပေါင်း သုံးရာအတွင်းမှာတင် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်သွားခဲ့တာဆိုတော့ ကောင်းကင်က ပေးတဲ့ပါရမီရှင်လို့ ပြောလို့ရတယ်...”

"အဲဒါတင်မကသေးဘူး… သူက သားရဲထိန်းကျောင်းတဲ့ အတတ်ပညာကိုလည်း တတ်မြောက်ထားပြီး ငါတို့မိစ္ဆာသားရဲမျိုးနွယ်က ကျင့်ကြံသူဘယ်လောက်ကိုတောင် ကျွန်ပြုထားလဲ မသိဘူး...”

"သူက ငါတို့မိစ္ဆာသားရဲမျိုးနွယ်အတွက် အဓိကရန်သူပဲ...”

မိစ္ဆာသားရဲကျင့်ကြံသူတစ်ဦးက လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

ဤအတောအတွင်း ၎င်းတို့သည် နတ်ဆိုးများ၏ ကျူးကျော်မှုကို ခုခံနေရသော်လည်း ကျင့်ကြံခြင်းလောက၏ သတင်းများကို စုံစမ်းထောက်လှမ်းရန် မပျက်ကွက်ခဲ့။ ရွှမ်ဟွမ်ဂိုဏ်း၏ ရုတ်တရက် ပေါ်ထွက်လာမှုနှင့် ချန်လန်ပင်လယ်ပြင်ကို သိမ်းပိုက်လိုက်မှုမှာ မိစ္ဆာသားရဲမျိုးနွယ်အတွက် ကြီးမားသော အခက်အခဲများကို ဖြစ်စေခဲ့သည်။

၎င်းတို့အား ပို၍ဒေါသထွက်စေသည်မှာ ဤရွှမ်ဟွမ်ဂိုဏ်းသည် မိစ္ဆာသားရဲများကို ကျွန်ပြုသည့် နည်းလမ်းကို တတ်မြောက်ထားခြင်း ဖြစ်၏။

စတုတ္ထအဆင့် မိစ္ဆာသားရဲအများအပြားကို ရွှမ်ဟွမ်ဂိုဏ်းက ဖမ်းဆီးခေါ်ဆောင်သွားကာ ဂိုဏ်းစောင့်သားရဲများအဖြစ် ကျွန်ပြုထားခဲ့လေ၏။

အကယ်၍ နယ်မြေတံခါးပေါက်သည်သာ လုံလောက်အောင် ခိုင်မာခဲ့လျှင် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများမှာ ချက်ချင်းပင် သွားရောက်တိုက်ခိုက်ကာ ဤလူသားဂိုဏ်းကို အမြစ်ပြတ် သုတ်သင်လိုက်ကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဤလူသားဂိုဏ်း၏ တည်ရှိနေမှုသည် မိစ္ဆာသားရဲမျိုးနွယ်အတွက် အလွန်ပင် အရှက်ရဖွယ်ကိစ္စ ဖြစ်သောကြောင့်ပင်။

သံသယဖြစ်စရာမလို အကယ်၍ နတ်ဆိုးများ ကျူးကျော်မလာခဲ့ပါက ဤရွှမ်ဟွမ်ဘိုးဘေးသည် မိစ္ဆာသားရဲမျိုးနွယ်အတွက် မကြုံစဖူးသော ရန်သူကြီး ဖြစ်လာကာ မိစ္ဆာသားရဲမျိုးနွယ်၏ တိုက်ခိုက်မှုကို သေချာပေါက် ခံရပေမည်။

၎င်းတို့သည် ဤသို့သော လူသားကျင့်ကြံသူကို ဆက်လက်အသက်ရှင်ခွင့် ပေးမည်မဟုတ်ပေ။

"ရှေးဟောင်းခေတ်တုန်းကလည်း လူသားမျိုးနွယ်မှာ သားရဲထိန်းဂိုဏ်းဆိုတာ ပေါ်ခဲ့ဖူးတယ်...”

"ငါတို့ မိစ္ဆာသားရဲတွေကို ကျွန်ပြုတဲ့နည်းလမ်းတွေကို သူတို့ တတ်မြောက်ခဲ့ကြတာ..."

"ဒါပေမဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူ အများအပြားရဲ့ တိုက်ခိုက်မှုအောက်မှာ အဲဒီဂိုဏ်းက ပျက်သုဉ်းသွားခဲ့ရတယ်...”

"အခုတော့ ဒီရွှမ်ဟွမ်ဂိုဏ်းက အဲဒီသားရဲထိန်းဂိုဏ်းရဲ့ အမွေကို ဆက်ခံလိုက်လိမ့်မယ်လို့ မထင်ထားမိဘူး… တကယ်ကို ဒေါသထွက်စရာပဲ..."

"အကယ်၍ နတ်ဆိုးတွေသာ ကျူးကျော်မလာခဲ့ရင် ငါတို့ သေချာပေါက် ရွှမ်ဟွမ်ဂိုဏ်းကို သွားပြီး ဒီလိုယုတ်မာတဲ့ အတတ်ပညာကို ဖျက်ဆီးပစ်မှာ...”

အခြားသော မိစ္ဆာကျင့်ကြံသူတစ်ဦးက အံကြိတ်ရင်း ပြောလိုက်လေသည်။

၎င်းအနေဖြင့် လူသားကျင့်ကြံသူတစ်ဦး၏ ကျွန်ပြုခံရမည့် အခြေအနေကို စဉ်းစားကြည့်ရုံဖြင့်ပင် အလွန်အမင်း ဒေါသထွက်မိသည်။

ဤသည်မှာ မိစ္ဆာသားရဲမျိုးနွယ်အတွက် မကြုံစဖူးသော ရန်သူကြီး ဖြစ်ပေသည်။

"ဒါဆိုရင် ငါတို့အားလုံး အတူတူလက်တွဲပြီး ဒီရွှမ်ဟွမ်ဂိုဏ်းကို ဖျက်ဆီးပစ်ကြတာပေါ့..."

"ဘာပဲဖြစ်ဖြစ် ရွှမ်ဟွမ်ဂိုဏ်းမှာက နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့်ရှိတဲ့ လူသားသုံးယောက်ပဲ ရှိတာပဲ… ထည့်တွက်နေစရာ မလိုပါဘူး..."

"တကယ်လို့ ငါတို့အတူတူ ပူးပေါင်းမယ်ဆိုရင် ရွှမ်ဟွမ်ဂိုဏ်းကို လက်ဖျောက်တစ်ချက်တီးရုံနဲ့ ဖျက်ဆီးပစ်နိုင်တယ်...”

"ရွှမ်ဟွမ်ဂိုဏ်းကို ဖျက်ဆီးပြီးရင် အဲဒီလူသားဂိုဏ်းကရတဲ့ ရတနာတွေကို မင်းတို့ ၃၀% ခွဲဝေယူနိုင်တယ်...”

ပြောလိုက်သူမှာ ဖီးနစ်မျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။

၎င်းသည်လည်း ရွှမ်ဟွမ်ဘိုးဘေးကို အလွန်မုန်းတီးနေသူ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုသူသည် ဖီးနစ်မျိုးနွယ်၏ ကောင်းကင်အဆင့် ဝိညာ်ရတနာဖြစ်သော ချင်းလွမ်အစစ်အမှန်မီးတောက်ကြေးမုံကိုလည်း လုယူသွားခဲ့သောကြောင့်ပင်။

ဖီးနစ်မျိုးနွယ်သည်လည်း ထိုရတနာကို အချိန်မရွေး ပြန်လည်လုယူလိုနေခဲ့၏။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် ကျောင်းလုံမျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်တို့ ပူးပေါင်းလိုက်ကြခြင်း ဖြစ်၏။

“အင်း... ဒါကမဆိုးလှတဲ့ အစီအစဉ်ပဲ..."

"လူသားမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးဖို့မလိုပေမဲ့ လူသားတွေရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းလေးတစ်ခုကို ဖျက်ဆီးပစ်တာကတော့ ပြဿနာမရှိပါဘူး..."

"ငါလည်း လူသား နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေကို မြည်းစမ်းကြည့်ချင်နေတာနဲ့ အတော်ပဲ… ဒီအစီအစဉ်မှာ ငါပါမယ်..."

"ဟဲဟဲ... ငါကတော့ မပါတော့ဘူး... ဝိညာဉ်လောကကို တက်လှမ်းဖို့က နီးနေပြီဆိုတော့ ကိစ္စတွေ မရှုပ်ချင်တော့ဘူး... ငါကတော့ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးကိုပဲ တန်းသွားတော့မယ်… မင်းတို့ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်...”

"ဟုတ်တယ်၊ အခု ပါဝင်တဲ့သူတွေက အများကြီးပဲ... အဲဒီရွှမ်ဟွမ်ဂိုဏ်းကို ဖျက်ဆီးပြီးရင်တောင်မှ ခွဲဝေရမယ့် အကျိုးအမြတ်က သိပ်မရှိနိုင်ဘူး... ငါလည်း စိတ်မဝင်စားဘူး...”

မိစ္ဆာသားရဲကျင့်ကြံသူ အများအပြားက အမျိုးမျိုးအဖုံဖုံ ဆွေးနွေးနေကြတော့သည်။

ထင်ရှားသည်မှာ ၎င်းတို့ထဲမှ အချို့သည် ကျောင်းလုံမျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်တို့နောက်လိုက်၍ ချန်လန်ပင်လယ်ပြင်သို့ သွားရန် ရွေးချယ်ခဲ့ကြပြီး၊ အချို့မှာမူ ဤကိစ္စတွင်မပါဝင်လိုဘဲ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးသို့ တိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်ကြလေသည်။

မည်သို့ပင်ဆိုစေကာမူ ယခုတစ်ကြိမ် ပါဝင်မည့်မိစ္ဆာသားရဲကျင့်ကြံသူ အရှင်သခင်အရေအတွက်မှာ အပါးတစ်ရာခန့် ရှိနေပြီး စုစုပေါင်း၏ သုံးပုံတစ်ပုံခန့် ရှိနေသောကြောင့် ဖြစ်၏။

ရွှမ်ဟွမ်ဂိုဏ်းကို ဖျက်ဆီးပြီးလျှင်ပင် အကျိုးအမြတ် အများကြီးမရနိုင်ပေ။

ထို့ကြောင့် မိစ္ဆာသားရဲကျင့်ကြံသူ အများအပြားက မပါဝင်လိုကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မျိုးနွယ်စု၏ ဝိညာည်ရတနာများလည်း မဟုတ်သောကြောင့်ပင်။

"ကောင်းပြီ… ဒါဆိုရင် အားလုံးကို အားကိုးလိုက်မယ်..."

ဤမျှများပြားသော မိစ္ဆာသားရဲကျင့်ကြံသူများ တက်တက်ကြွကြွ ပါဝင်လာသည်ကို မြင်သောအခါ ကျောင်းလုံနဂါးမှာ အလွန်ပင် ကျေနပ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤအရေအတွက်မှာ လုံလောက်သည်ထက်ပင် ပိုနေသောကြောင့် ဖြစ်၏။

ရွှမ်ဟွမ်ဂိုဏ်းတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူသုံးဦးသာရှိရာ ၎င်းတို့အတူတကွ သွားရောက်တိုက်ခိုက်ပါက ခဏချင်းအတွင်းပင် ထိုလူသားဂိုဏ်းကို မြေလှန်ပစ်နိုင်မည် မဟုတ်ပါလော။

All Chapters