အခန်း (၆၄၃-၆၄၄)
Vol. 60 Ch. 643-644
အခန်း (၆၄၃) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများအား ကယ်တင်ကျွတ်လွတ်စေခြင်း၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို နှိုးခြင်းနှင့် လောကသုံးပါးပေါင်းစည်းခြင်း(၁)။
ရက်အနည်းငယ် ကြာပြီးနောက်…။
ချန်လန်ပင်လယ်ဒေသရှိ ရှေးဟောင်းမိစ္ဆာသားရဲတံခါးပေါက်တစ်ခု၌…။
ရွှစ်... ရွှစ်... ရွှစ်...။
ရုတ်တရက်ဆိုသလို နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများသည် တံခါးပေါက်ထဲမှ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကာ ချန်လန်ပင်လယ်ဒေသသို့ ရောက်ရှိလာကြလေ၏။
ဦးဆောင်လာသူများမှာ သဘာဝကျကျ ကျောင်းနဂါးမျိုးနွယ်စုနှင့် မိစ္ဆာဖီးနစ်မျိုးနွယ်စုတို့မှ နတ်ဘုရားအသွင်ပြောင်းအဆင့်များပင် ဖြစ်ကြသည်။
၎င်းတို့၏ ခန္ဓာကိုယ်များထံမှ ထိတ်လန့်ဖွယ်ကောင်းသော မိစ္ဆာချီများ ပျံ့နှံ့ထွက်ပေါ်နေ၏။
ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် မိုင်တစ်သောင်းပတ်လည်ရှိ ကောင်းကင်ယံတစ်ခုလုံးကို တိမ်တိုက်မည်းများ ဖုံးလွှမ်းသွားပြီး မိစ္ဆာချီများက ကောင်းကင်သို့တိုင် ထိုးတက်သွားလေသည်။
"ဒီနေရာက လူသားမျိုးနွယ်တွေရဲ့ ကျင့်ကြံခြင်းလောကလား...”
"ကျေးငှက်ပေါင်းစုံ သီကြူးပြီး ပန်းပေါင်းစုံ ဖူးပွင့်နေတဲ့အပြင် ဘာဖျက်ဆီးခံရမှုမှ မရှိဘဲ ဒီလောက်တောင် ငြိမ်းချမ်းနေတာပဲ...”
"ကောင်းကင်ဘုံက တကယ်ကို မတရားတာပဲ...”
"ဘာလို့ နတ်ဆိုးမျိုးနွယ်တွေက ငါတို့ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာကိုပဲ သီးသန့်ကျူးကျော်ပြီး ကျင့်ကြံခြင်းလောကကို မကျူးကျော်ရတာလဲ...”
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်ဦးက အံကြိတ်လျက် အလွန်တရာ မကျေမနပ်ဖြစ်စွာ ပြောလိုက်၏။
၎င်းအနေဖြင့် ပတ်ဝန်းကျင်ရှိ ပင်လယ်ဒေသ၏ အနေအထားကို ပထမဆုံးအကြိမ် အာရုံခံလိုက်မိခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်တွင် နတ်ဆိုးချီများ၏ ညစ်ထေးစေမှုမရှိဘဲ လူသားကျင့်ကြံသူများနှင့် သင့်လျော်သော နေရာတစ်ခုအဖြစ် ရှိနေဆဲပင်။
တစ်ခါတစ်ရံ သတ်ဖြတ်မှုများ ရှိလျှင်ပင် နေရာအနှံ့အပြား၌ နတ်ဆိုးချီများ၏ လွှမ်းမိုးခံထားရပြီး ပျက်စီးယိုယွင်းနေသော ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာ၏ အခြေအနေနှင့် နှိုင်းယှဉ်ပါက အဆပေါင်း မည်မျှပို၍ ကောင်းမွန်နေမှန်းပင် မသိနိုင်ပေ။ လူ့လောကရှိ နိဗ္ဗာန်ဘုံတစ်ခုနှင့်ပင် တူညီနေပေ၏။
ဤနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်သောအခါ ၎င်း၏ စိတ်ထဲတွင် မမျှတမှုများကို ခံစားလိုက်ရတော့သည်။
ကောင်းကင်ဘုံက ကျင့်ကြံခြင်းလောကအပေါ် အလွန်ကောင်းမွန်လွန်းလှပြီး ကပ်ဘေးများစွာနှင့် ရင်ဆိုင်ခဲ့ရစေခြင်းမရှိဟု တွေးတောမိလေ၏။
ဤသည်ကပင် ၎င်း၏ နှလုံးသားထဲ၌ ရက်စက်ကြမ်းကြုတ်သော ခံစားချက်များကို ဖြစ်ပေါ်စေခဲ့ပြီး ဤလှပသော အရာအားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်ချင်စိတ်များ ပေါ်ပေါက်လာစေသည်။
ဇာတိမြေပြိုကွဲပြီး မိသားစုဝင်များ သေဆုံးရသည့် အရသာက မည်သို့ရှိသည်ကို ဤကမ္ဘာလောကရှိ လူသားများကိုလည်း မြည်းစမ်းကြည့်စေချင်သည်။
"ဟမ့်... လူသားမျိုးနွယ်တွေလည်း ဒီလိုလှပတဲ့ အချိန်လေးကို ခဏတာပဲ ခံစားနိုင်မှာပါ...”
"မကြာခင် နတ်ဆိုးမျိုးနွယ်တွေ ဝင်ရောက်လာတဲ့အခါ ဒီနေရာလည်း ပျက်စီးယိုယွင်းပြီး ပြာကျသွားတော့မှာပဲ...”
"မနာလိုဖြစ်စရာ ဘာမှမရှိဘူး...”
အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်ဦးက အေးစက်စွာ ရယ်မောလိုက်သည်။
လူသားမျိုးနွယ်များ ကံကောင်းသွားခြင်းမှာ နယ်မြေတံခါးပေါက်များက ယာယီအားဖြင့် လုံးဝ ကြီးထွားမလာသေးသောကြောင့်သာ ဖြစ်သည်ဟု ၎င်း တွေးတောမိသည်။
အကယ်၍ ယခင်ကတည်းက နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကိုသာ ဝင်ရောက်သတ်ဖြတ်စေနိုင်ခဲ့မည်ဆိုလျှင် ယခုအချိန်၌ လူသားမျိုးနွယ်များ စောစီးစွာပင် ပျက်စီးသွားလောက်ချေပြီ။
သို့သော် ယခုလည်း နောက်မကျသေး၊ မိစ္ဆာသားရဲမျိုးနွယ်များထက် အနည်းငယ် နောက်ကျရုံသာ ဖြစ်ပေသည်။
"ဒါအတွက်တော့ တောင်းပန်ပါတယ်...”
"မင်းတို့တွေက ဒီမြင်ကွင်းကို မြင်တွေ့နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်...”
ထိုအချိန်မှာပင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး များစွာသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ၏ သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ ပျံ့နှံ့သွားလေ၏။
ထို့နောက် ပုံရိပ်တစ်ခုက ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ၏ အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာတော့၏။
ဘာ…။
ချက်ချင်းဆိုသလိုပင် များစွာသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ၏ သူငယ်အိမ်များက ကျုံ့ဝင်သွားတော့သည်။ ၎င်းတို့အနေဖြင့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူသားကျင့်ကြံသူတစ်ဦးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ သူ၏ရုပ်ရည်မှာ ပြိုင်ဘက်ကင်းလောက်အောင် ချောမောပြီး လူ့လောကသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးနှင့်ပင် တူညီနေ၏။
မတူညီသော မျိုးနွယ်စုများ ဖြစ်နေလျှင်ပင် တစ်ဖက်လူ၏ အလှတရားကို ၎င်းတို့က ခံစားသိရှိနိုင်ပေသည်။
ဤကဲ့သို့သော အလှတရားသည် မျိုးနွယ်စုများ၏ ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီဟု ဆိုရပေမည်။
"ရွှမ်ဟွမ်ဘိုးဘေး...”
ချက်ချင်းပင် များစွာသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများသည် ရုတ်တရက်ပေါ်လာသော ဖိတ်ခေါ်မထားသည့် ဧည့်သည်ကို စိုက်ကြည့်လိုက်ကြ၏။ ဤလူသားကျင့်ကြံသူမှာ ဒဏ္ဍာရီလာ ရွှမ်ဟွမ်ဘိုးဘေးဖြစ်ကြောင်းကို ချက်ချင်း မှတ်မိသွားကြလေသည်။
ရွှမ်ဟွမ်ဘိုးဘေးကို မမြင်ဖူးကြသော်လည်း ၎င်းတို့လက်အောက်ရှိ သူလျှိုအမျိုးမျိုးက ရွှမ်ဟွမ်ဘိုးဘေး၏ ပုံတူပန်းချီကားများကို စောစီးစွာကတည်းက ပေးပို့ထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ရွှမ်ဟွမ်ဘိုးဘေး၏ ရုပ်ရည်က မည်သို့ရှိကြောင်းကို ၎င်းတို့က ကောင်းစွာ သိရှိထားကြပေသည်။
သို့သော် ရွှမ်ဟွမ်ဂိုဏ်းဆီသို့ သွားရောက် မသတ်ဖြတ်ရသေးမီမှာပင် နာမည်ကျော်ကြားလှသော ရွှမ်ဟွမ်ဘိုးဘေးက တံခါးဝအထိ ကိုယ်တိုင်ကိုယ်ကျ ရောက်လာလိမ့်မည်ဟု ၎င်းတို့ ထင်မှတ်မထားခဲ့ကြပေ။ ဤသည်က အလွန်တရာ မောက်မာလွန်းလှသည်မဟုတ်ပါလော။
"ငါတို့ ဒီတံခါးပေါက်ကနေ ထွက်လာမယ်ဆိုတာကို မင်းက ဘယ်လိုလုပ် သိနေရတာလဲ...”
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျောင်းနဂါးက မျက်လုံးများကို မှေးကျဉ်းလိုက်၏။ အခြေအနေ မဟန်တော့ကြောင်းကို ၎င်း၏ပင်ကိုယ်အသိစိတ်က သတိပေးနေချေသည်။
အဘယ်ကြောင့်ဆိုသော် မည်သည့်နေ့ရက်တွင် မည်သည့်တံခါးပေါက်မှ ထွက်ကြမည်ကို ၎င်းကိုယ်တိုင်ပင် မသိရှိသောကြောင့်ပင်။
သို့သော် အရှေ့ရှိ ဤလူသားနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကမူ ၎င်းတို့၏ခြေရာကို အတိအကျ သိရှိနေခြင်းက အလွန်တရာ အံ့သြဖွယ်ကောင်းလှ၏။
မိစ္ဆာသားရဲမျိုးနွယ်များထဲ၌ သစ္စာဖောက် ရှိမနေဘူးဆိုပါက ဤပုဂ္ဂိုလ်မှာ ပြိုင်ဘက်ကင်း လျှို့ဝှက်ပညာရပ်တစ်ခုကို ကျွမ်းကျင်ထားခြင်းသာ ဖြစ်ရပေမည်။
တကယ့်လက်တွေ့တွင်လည်း ထိုသို့ပင် ဖြစ်၏။
ကျိုးစွေ့အနေဖြင့် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ၏ ခြေရာကို ကြိုတင်သိရှိနိုင်ခြင်းမှာ သဘာဝကျကျ 'ကံကြမ္မာကူ'၏ စွမ်းအားကြောင့်ပင် ဖြစ်၏။
ကြီးမားသော ကပ်ဘေးချီ၏ ကြိုတင်ဟောကိန်းထုတ်မှုမှတစ်ဆင့် ဤကပ်ဘေးများ၏ ဇာစ်မြစ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်စု ဖြစ်ကြောင်းကို သူ ကြိုတင်သိရှိခဲ့လေသည်။
ထို့ကြောင့် ကျိုးစွေ့သည် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရင်း တံခါးပေါက်အနီး၌ ကြိုတင်စောင့်ကြပ်နေခဲ့ခြင်းပင်။
မည်သို့ပင်ဖြစ်စေ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များ၏ တိုက်ပွဲမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည် မဟုတ်ပါလော။
အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် မိုင်တစ်သန်းပတ်လည် ဧရိယာအထိ သက်ရောက်မှု ရှိသွားနိုင်လေသည်။
အကယ်၍ ရွှမ်ဟွမ်ကျွန်းတွင်သာ တိုက်ခိုက်မည်ဆိုပါက မည်မျှ သေကြေဒဏ်ရာရမည်ကိုပင် သိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများကို သဘာဝကျစွာ အနီးကပ်ခံမည်မဟုတ်ဘဲ တံခါးပေါက်အနီး၌ပင် တိုက်ရိုက်သတ်ဖြတ်ကာ အန္တရာယ်များကို အမြစ်ပြတ် ရှင်းလင်းပစ်ချင်ခဲ့ခြင်းပင်။
"ငါက မင်းတို့ကို ပြောပြမယ်လို့ ထင်နေတာလား...”
ကျိုးစွေ့သည် လက်နောက်ပစ်လျက် မတ်တတ်ရပ်ကာ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများကို အမှုမထားဘဲ ကြည့်လိုက်လေ၏။
ဤသည်က မိမိ၏ လျှို့ဝှက်နည်းလမ်းများထဲမှ တစ်ခုဖြစ်သောကြောင့် သဘာဝကျစွာပင် အလွယ်တကူ ထုတ်ဖော်ပြောပြမည် မဟုတ်ပေ။
"ဟမ့်... မင်းက တော်တော် သတ္တိကောင်းတာပဲ...”
"ငါတို့ရှေ့ကို တစ်ယောက်တည်း လာဝံ့တယ်ပေါ့..."
"မင်းတစ်ယောက်တည်းနဲ့ ငါတို့လို နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ရာချီကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား...”
မိစ္ဆာဖီးနစ်မျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့်က ကျိုးစွေ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ဤလူသားကျင့်ကြံသူမှာ ပုံမှန်မဟုတ်ဘဲ အလွန်တရာ မောက်မာလွန်းနေသည်ဟု တွေးတောမိလေသည်။
သာမန် လူသားနတ်ဘုရားအသွင်ပြောင်းအဆင့်များဆိုလျှင် ၎င်းတို့၏အင်အားကို သိသည်နှင့် ထိတ်လန့်တကြား အသက်လု၍ ထွက်ပြေးကြမည်သာ ဖြစ်သည်။
သို့သော် ဤကောင်လေးကမူ ထူးခြားနေချေသည်။ ထွက်ပြေးရန် အစီအစဉ်မရှိသည့်အပြင် တစ်ယောက်တည်းပင် လာရဲသေးသည်။
မည်သည့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမဆို ငတုံးများမဟုတ်ကြ။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ဤပုဂ္ဂိုလ်သည် သူ၏ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုး၍ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ရာချီကို ယှဉ်ပြိုင်နိုင်မည်ဟု ထင်မှတ်ထားခြင်းပင် ဖြစ်ရပေမည်။
မောက်မာသည်ဖြစ်စေ၊ မိုက်မဲသည်ဖြစ်စေ ဤလူသားနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို အမြင့်ဆုံးအဆင့်အထိ အလေးထားရမည်ဟု တွေးတောမိလေသည်။
သို့မဟုတ်ပါက အမှန်တကယ်ပင် မမျှော်လင့်ဘဲ ရှုံးနိမ့်သွားနိုင်သည်။
"ရင်ဆိုင်ရမယ်လား...”
"မင်းတို့ တစ်ခုခုကို နားလည်မှုလွဲနေပုံပဲ...”
"ဒီတိုက်ပွဲက သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ရမှာမျိုးမဟုတ်ဘူး...”
"တစ်ဖက်သတ် သတ်ဖြတ်မှုသက်သက်ပဲ..."
"နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် နှစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေက အစောပိုင်းအဆင့်တွေချည်းပဲ… တကယ်ကို အားနည်းလွန်းတယ်...”
"ငါ့ရွှမ်ဟွမ်ဂိုဏ်းကို ပြဿနာလာရှာဖို့ ဘယ်သူကများ မင်းတို့ကို သတ္တိတွေ ပေးလိုက်တာလဲ..."
ကျိုးစွေ့၏ အကြည့်များက ခပ်အေးအေးပင်ရှိနေပြီး ထိတ်လန့်ဖွယ်ကောင်းသော နဂါးအစစ်အမှန်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ မိုင်တစ်သန်းပတ်လည်အထိ ချက်ချင်း လွှမ်းခြုံသွားတော့သည်။
နဂါးဆင်နယ်ပယ်…။
ကြီးမားလှသော နဂါးဆင်နယ်ပယ်တစ်ခုက ဖိနှိပ်ကျဆင်းလာပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ရာချီကို လွှမ်းခြုံသွားချေသည်။
အခန်း (၆၄၄) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများအား ကယ်တင်ကျွတ်လွတ်စေခြင်း၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို နှိုးခြင်းနှင့် လောကသုံးပါးပေါင်းစည်းခြင်း(၂)။
ဘာ…။
များစွာသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ၏ မျက်နှာအမူအရာများသည်ကား အကြီးအကျယ် ပြောင်းလဲသွားရ၏။ ဤလူသားနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူက ဤမျှအထိ ရူးသွပ်နေလိမ့်မည်ဟု ၎င်းတို့ ထင်မှတ်မထားခဲ့ကြ။ ထိုပုဂ္ဂိုလ်သည် တစ်ကိုယ်တော်စွမ်းအားဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူ ရာချီကို အမှန်တကယ်ပင် ယှဉ်ပြိုင်ရဲနေသည်လော။
ဤသည်ကား မောက်မာသည်ဟုပင် ဖော်ပြ၍မရနိုင်တော့ဘဲ လုံးဝကို ရူးသွပ်နေခြင်းသာ ဖြစ်၏။
သို့သော် နဂါးဆင်နယ်ပယ်၏စွမ်းပကား ကျဆင်းလာသည့် အခိုက်အတန့်တွင်မူ ၎င်းတို့၏ အတွေးများ ချက်ချင်းပင် ပြောင်းလဲသွားရတော့သည်။
၎င်းတို့၏ ခန္ဓာကိုယ်များမှာ ကြီးမားလှသောဖိအားများကို ခံစားလိုက်ရပြီး ကြီးမားသော တောင်တန်းကြီးများကို ကျောပိုးထားရသကဲ့သို့ ဖြစ်သွားလေ၏။
၎င်းတို့ခန္ဓာကိုယ်ထက်ရှိ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်များပင် ချက်ချင်း ပြိုကွဲသွားတော့၏။
နတ်ဘုရားအသွင်ပြောင်းအဆင့် ဥပဒေသနယ်ပယ်များနှင့် ရှေ့မှောက်ရှိလူသားက ထုတ်ဖော်လိုက်သော နယ်ပယ်ကို နှိုင်းယှဉ်လိုက်မည်ဆိုပါက တို့ဖူးနှင့် သံမဏိကို နှိုင်းယှဉ်လိုက်ရသကဲ့သို့ ဖြစ်နေသည်ဟုပင် ဆိုရပေမည်။
လုံးဝကို တစ်ဆင့်တည်းတွင် ရှိမနေချေ။ ထိတွေ့မိသည်နှင့် ပြိုကွဲသွားရတော့သည်။
"ချီးတဲ့မှဘဲ..."
များစွာသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများမှာ ၎င်းတို့၏ ခန္ဓာကိုယ်သာမက ဝိညာဉ်များပါ ကြီးမားသော ဖိအားများကို ခံစားနေရကြောင်း နားလည်လိုက်ရသည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက တစ်ဖက်လူအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန်ပင် လိုအပ်မည်မဟုတ်ချေ။
နတ်ဘုရားအသွင်ပြောင်းနယ်ပယ်၏ ဖိနှိပ်မှုတစ်ခုတည်းကပင် ၎င်းတို့၏ဝိညာဉ်များကို မြေပြင်ပေါ်၌ ပြားကပ်နေအောင် ဖိနှိပ်ထားရန် လုံလောက်နေချေပြီ။
"သတ်ကြ..."
ဤအခိုက်အတန့်တွင် နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် ကျောင်းနဂါးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ၎င်းက သွေးမျိုးဆက်နတ်ဘုရားစွမ်းရည်တစ်ခုကို ချက်ချင်း အသုံးပြုလိုက်ရာ ဧရာမကျောင်းနဂါးခန္ဓာကိုယ်ပေါ်တွင် အဝါရောင်အလင်းတန်းများနှင့် မြေကမ္ဘာရုန်းသင်္ကတေများက သိပ်သည်းစွာ ထွက်ပေါ်လာလေ၏။
မြေဓာတ်နတ်ဘုရားစွမ်းရည် – မြေကမ္ဘာတုန်ကြယ်ကြွေတိုက်ကွက်။
ဝုန်း... ဝုန်း... ဝုန်း…။
မရေမတွက်နိုင်သော သဘာဝ စိတ်ဝိညာဉ်ချီများက စုစည်းသွားပြီး မြေဝါရောင် ကြယ်တာရာများအဖြစ် အံ့ဩဖွယ်ရာ ပုံဖော်သွားလေ၏။ ၎င်းတို့အပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရုန်းသင်္ကေတများစွာ တောက်ပနေပြီး ထူထပ်လှသော မြေဝါရောင် မြေဓာတ်စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့နေ၏။
နောက်တစ်စက္ကန့်တွင် များစွာသော ကြယ်တာရာများသည် ကောင်းကင်မှ ကျဆင်းလာပြီး ကမ္ဘာမြေကိုဖျက်ဆီးပစ်မည့် အရှိန်အဝါများ ပါဝင်နေကာ တစ်လုံးပြီးတစ်လုံး ကြွေကျလာတော့သည်။
အကယ်၍ အပြည့်အဝ ကြွေကျလာမည်ဆိုပါက မိုင်သောင်းချီ ကျယ်ဝန်းသောဧရိယာကို ဖျက်ဆီးပစ်နိုင်လောက်သည်။
ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျောင်းနဂါး၏ အစွမ်းကုန်ဖြစ်သော အဆုံးစွန်တိုက်ကွက်ပင် ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေရန် လုံလောက်ပေ၏။
သာမန် နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့် ကျင့်ကြံသူများသာ ဤတိုက်ကွက်ကို ခံလိုက်ရမည်ဆိုပါက သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားမည်သာ ဖြစ်သည်။
"ငရဲမီးပင်လယ်...”
မိစ္ဆာဖီးနစ်မျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် မိစ္ဆာကျင့်ကြံသူသည်လည်း နောက်ကျကျန်ခြင်းမရှိ။ ကောင်းကင်ကို ဖောက်ထွင်းသွားမတတ်သော ဖီးနစ်ငှက်အော်မြည်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်း၏ခန္ဓာကိုယ်ထက်ရှိ မဟူရာငှက်မွေးများက တစ်ချောင်းပြီးတစ်ချောင်း လွင့်ပျံထွက်လာသည်။
ထို့နောက် အတောင်ပံများကို ညင်သာစွာ ခတ်လိုက်သည်အား မြင်လိုက်ရပြီး မရေမတွက်နိုင်သော မဟူရာငှက်မွေးများက ဇီဝိန်ခြွေမြားများအလား ပစ်ခွင်းထွက်လာချေသည်။
ငှက်မွေးတစ်ချောင်းစီသည် လေထုထဲသို့ ရောက်ရှိလာချိန်၌ မဟူရာမီးတောက်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားလေ၏။
ထောင်သောင်းချီသော မဟူရာမီးတောက်များ စုစည်းသွားပြီးနောက် အဆုံးမဲ့သော မဟူရာမီးပင်လယ်ကြီးအဖြစ် ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ပတ်ဝန်းကျင်၏ အပူချိန်ကလည်း လျင်မြန်စွာ မြင့်တက်လာပြီး မိုင်သောင်းချီသော ဧရိယာကို လောင်ကျွမ်းစေသည်။
ကျင့်ကြံမှု မလုံလောက်သော သက်ရှိများစွာမှာ မဟူရာမီးတောက်တစ်စွန်းတစ်စ ထိတွေ့မိရုံမျှဖြင့် ပြာအဖြစ် ချက်ချင်း လောင်ကျွမ်းသွားကြရမည်သာ။
ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာဖီးနစ် ကျင့်ကြံကျွမ်းကျင်ထားသော ငရဲဝိညာဉ်မီးတောက်ပင်။ ၎င်း၏ စွမ်းအားမှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလွန်းလှ၏။
ချင်းလွမ်အစစ်အမှန်မီးတောက်ထက် တစ်ဆင့်သာနိမ့်ပေသည်။
ဝုန်း...။
အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများကလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး သွေးမျိုးဆက်နတ်ဘုရားစွမ်းရည်များကို အသုံးပြုလိုက်ကြ၏။ ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာစွမ်းအားများက လုံးလုံးလျားလျား ပေါက်ကွဲထွက်လာပြီး ကြယ်တာရာများ ပေါက်ကွဲသွားသည့်အလား ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်စွမ်းများဖြင့် မိုင်သောင်းချီ ဧရိယာအထိ ရိုက်ခတ်သွားတော့သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူရာချီ၏ စုပေါင်းစွမ်းအားများကို ခန့်မှန်းကြည့်နိုင်သည်။ ဤဧရိယာကို အကြိမ်ဆယ်ချီ၍ ဖျက်ဆီးပစ်ရန်ပင် လုံလောက်နေသည် မဟုတ်ပါလော။
"ဟမ့်… အားနည်းလွန်းတယ်...”
"သင်္ကြန်အမြောက်သာသာပဲ..."
ကျိုးစွေ့သည် ဘေးသို့တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီးနောက် လုံးဝတုန်လှုပ်ခြင်းမရှိပေ။
နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းကာလသို့ ရောက်ရှိနေပြီဖြစ်သော သူ၏အပြင်ရုပ်ခန္ဓာ ကျင့်ကြံမှုစွမ်းအားနှင့် ဆယ်ကောင်ထက်မနည်းသော ကူပိုးကောင်များ၏ အကူအညီများ ပေါင်းစပ်လိုက်သောအခါ သူသည် အဆင့်တူကျင့်ကြံသူများထက် အဆတစ်ရာမက ပိုမိုအားကောင်းနေသည်။
သူ၏အမြင်တွင် ထိုနတ်ဘုရားစွမ်းရည်များမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း အဟန့်သာရှိပြီး အနှစ်သာရမရှိသော အရာတစ်ခုသာ ဖြစ်ပေ၏။ နတ်ဘုရားစွမ်းရည်၏ အနှစ်သာရကို လုံးဝနားလည်သဘောပေါက်ထားခြင်း မရှိချေ။
သွေးမျိုးဆက်နတ်ဘုရားစွမ်းရည် - ကောင်းကင်အမျက် မိုးကြိုးသံစဉ်။
ချက်ချင်းပင် သူသည် နေရာမှအနည်းငယ်မျှပင် ရွေ့လျားခြင်းမရှိဘဲ ခက်ထန်စွာ ကြုံးဝါးလိုက်တော့သည်။
သူ၏ခန္ဓာကိုယ်ကို ဗဟိုပြုလျက် အစစ်အမှန်သဏ္ဌာန်အဖြစ် စုစည်းသွားသော အသံလှိုင်းစွမ်းအားတစ်ရပ်က ထွက်ပေါ်လာပြီး လေဟာနယ်လှိုင်းယက်များကိုပင် ဖြစ်ပေါ်စေကာ ပတ်ဝန်းကျင်၌ ဂီတသင်္ကေတများသဖွယ် အသံလမ်းစဉ် အဆောင်လက်ဖွဲ့စာလုံးများ ပေါ်ထွက်လာတော့၏။ ထိုအသံမှာ ကောင်းကင်တာအိုမှ အမျက်ဒေါသထွက်၍ အော်ဟစ်လိုက်သည့်အလား အဆုံးစွန်သော ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေပေ၏။
အသံလှိုင်းစွမ်းအားများသည် ကြောက်မက်ဖွယ်ကောင်းသော ဒီရေလှိုင်းများကဲ့သို့ လိမ့်တက်သွားပြီး ကောင်းကင်နှင့် မြေကြီးအနှံ့ လွှမ်းခြုံသွားလေသည်။
ဝုန်း...။
ထိုခဏ၌ ကျိုးစွေ့ထံသို့ တိုက်ခိုက်လာသော နတ်ဘုရားစွမ်းရည်မန္တန်များအားလုံးမှာ ချက်ချင်းပင် ချေမှုန်းခံလိုက်ရပြီး ကျောက်တောင်ကို ပေါက်သော ကြက်ဥများကဲ့သို့ အလွန်တရာ အားနည်းလွန်းနေတော့သည်။
ထို့အပြင် ဤအသံလှိုင်းစွမ်းအားများမှာ ပျံ့နှံ့သွားပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူ အများအပြား၏ ခန္ဓာကိုယ်များထံသို့ ရိုက်ခတ်သွားလေ၏။
"အား... အား... အား..."
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများမှာ ရင်ထဲအသည်းထဲမှ လှိုက်တက်လာသော အသံနက်ကြီးများဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်ကြရသည်။ ၎င်းတို့၏ စွမ်းအားကြီးမားလှသော မိစ္ဆာခန္ဓာကိုယ်များမှာ အသံလှိုင်းရိုက်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရသွားကြပြီး လေလှိုင်းမှတဆင့် ထိုးနှက်လာသော လက်သီးချက်ကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားသကဲ့သို့ ဖြစ်သွားရလေ၏။
ခန္ဓာကိုယ်တွင် ရတနာချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားလျှင်ပင် မည်သို့မျှ အရာမရောက်ချေ။ သူတို့အားလုံးမှာ ဆို့တက်လာသောသွေးများကို အန်ထုတ်လိုက်ကြရပြီး ပြင်ပကိုယ်ခန္ဓာတွင်လည်း သိပ်သည်းလှသော ဒဏ်ရာဒဏ်ချက်များကြောင့် သွေးများမှာ ရေလိုသွန်ချနေသည့်အလား ယိုစီးကျလာတော့၏။
တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကောင် ရာနှင့်ချီ၍ ဒဏ်ရာအပြင်းအထန် ရရှိသွားကြပြီး၊ ၎င်းတို့၏ ဝိညာဉ်များပင်လျှင် အနည်းနှင့်အများ ထိခိုက်သွားကာ ပြန်လည်ကောင်းမွန်ရန် ခက်ခဲလုနီးပါး ဖြစ်သွားရချေသည်။
"မဖြစ်နိုင်ဘူး...”
မိစ္ဆာကျင့်ကြံသူ အများအပြားသည် သူတို့ရှေ့မှ လူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို မယုံနိုင်စွာ ကြည့်လိုက်ကြ၏။ နတ်ဘုရားအသွင်ပြောင်းအဆင့် နှောင်းပိုင်းကျင့်ကြံသူဆိုလျှင်ပင် အစွမ်းကုန်ထုတ်ခါမှသာ ဤမျှ စွမ်းဆောင်နိုင်မည်မဟုတ်လော။
သို့သော် ယခုမူ သူတို့ရှေ့မှ လူသားကျင့်ကြံသူသည် နတ်ဘုရားစွမ်းရည်တစ်ခုကိုသာ အသုံးပြုခဲ့သော်လည်း သူတို့၏မန္တန်များကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့၏။ ဆိုရလျှင် သူတို့၏ သဘာဝရန်သူနှင့် ဆုံတွေ့လိုက်ရသည့်အလား အပြတ်အသတ် ဖိနှိပ်ခံလိုက်ရသည်။
"မင်းတို့ကိုရှင်းဖို့ ငါ့အတွက်က မှော်ရတနာတွေတောင် သုံးစရာမလိုဘူး...”
ကျိုးစွေ့က နဂါးတစ်ကောင်အလား ရှေ့သို့ခြေတစ်လှမ်း တက်လိုက်၏။ ကောင်းကင်ပြင်တစ်ခုလုံး တုန်ခါသွားရသလို မိုင်တစ်သန်းပတ်လည်ရှိ ပင်လယ်ပြင်မှာလည်း တုန်ဟည်းကာ တစ်ဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် မြေငလျင်များလှုပ်ခတ်ကာ ကျွန်းစုအများအပြားမှာလည်း ပြိုကျလုနီးပါး ဖြစ်သွားရ၏။
နတ်ဘုရားစွမ်းရည် - အဆိပ်တစ်သောင်းလက်ဝါး။
ဤသည်မှာ ပဉ္စမအဆင့် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ထံမှ ရရှိသော သွေးမျိုးဆက်နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်၏။ အဆိပ်ပေါင်းများစွာကို လက်ဝါးပြင်၌ စုစည်းကာ တစ်ချက်ရိုက်ထုတ်လိုက်ရုံဖြင့် ရန်သူများကို အဝေးမှနေ၍ ချေမှုန်းနိုင်ပြီး သတိမထားမိဘဲ အဆိပ်မိစေနိုင်သည်။
ဘန်း...။
နောက်တစ်စက္ကန့်တွင် ကျိုးစွေ့သည် လေထဲသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေ၏။ လေဟာပြင်၌ သိပ်သည်းလှသော အမည်းရောင်လက်ဝါးရာကြီးများက ရုတ်တရက်ပေါ်ထွက်လာပြီး ယင်းတို့အပေါ်တွင် မရေမတွက်နိုင်သော အဆိပ်ပြင်းအဆောင်လက်ဖွဲ့သင်္ကတများ ပေါ်နေချေသည်။
၎င်းမှာ အဆိပ်ပြင်းမြွေများ၊ အဆိပ်ပုရွက်ဆိတ်များနှင့် အဆိပ်ပိုးကောင်များ တွားသွားနေသကဲ့သို့ လိမ်ယှက်လှုပ်ရှားနေပြီး အမည်းရောင်အဆိပ်ငွေ့များ ထုတ်လွှတ်နေကာ မြင်သူတိုင်းအား ကြောက်သေးပါသွားစေနိုင်သည်။
ထိုခဏ၌ ရာနှင့်ချီသော အမည်းရောင် လက်ဝါးရာကြီးများမှာ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ချက်ချင်းရောက်ရှိလာပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲရာပေါင်းများစွာ၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့၏။ သူတို့၏ ရင်ဘတ်ပေါ်တွင် အမည်းရောင် လက်ဝါးရာကြီးတစ်ခုစီ ရုတ်တရက်ပေါ်လာပြီး ကြံ့ခိုင်လွန်းလှသည်ဆိုသော ဧရာမမိစ္ဆာမိစ္ဆာသားရဲ ခန္ဓာကိုယ်ကြီးများမှာလည်း လွင့်စင်သွားကြရသည်။