← Chapters

အခန်း (၆၄၅-၆၄၆)

Vol. 60 Ch. 645-646

အခန်း (၆၄၅-၆၄၆)

Vol. 60 Ch. 645-646

အခန်း (၆၄၅) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများအား ကယ်တင်ကျွတ်လွတ်စေခြင်း၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို နှိုးခြင်းနှင့် လောကသုံးပါးပေါင်းစည်းခြင်း(၃)။

အမှန်တကယ်တမ်းတွင် ဤလက်ဝါး၏ စွမ်းအားမှာ ကြီးမားလှသည်မဟုတ်ဘဲ သိုင်းပညာရပ်နတ်ဘုရားစွမ်းရည်များကို မယှဉ်နိုင်ချေ။ သို့သော် ဤနတ်ဘုရားစွမ်းရည်၏ အကြီးမားဆုံးသော ထူးခြားချက်မှာ လက်ဝါးစွမ်းအား မဟုတ်ဘဲ ၎င်းတွင်ပါဝင်သော အဆိပ်ပြင်းအားပင် ဖြစ်လေ၏။

အဆိပ်ပေါင်းစုံ စုစည်းထားသော ဤအဆိပ်လက်ဝါးတွင် ပဉ္စမအဆင့် အဆိပ်များစွာ ပါဝင်နေ၏။ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများအနေဖြင့် ဤလက်ဝါးချက်ကို ခံရပါက မသေလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားမည်သာ။

"ခွေးကောင်... ဒီမှာလာပြီး ဟိတ်ဟန်ထုတ်နေတယ်...”

"ခုနက ငါတောင်လန့်သွားရသေး… တကယ်ကြီး ဒီလက်ဝါးက ကြောက်စရာကောင်းမယ် ထင်နေတာ... လက်စသတ်တော့ ခြင်ကိုက်သလောက်ပဲရှိတယ်...”

"ချီးတဲ့မှ… ငါ့ကိုတောင် အရူးလုပ်နိုင်တော့မလို့...”

နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူ တစ်ဦးက ဟားတိုက်ရယ်မောလိုက်လေ၏။

အစောပိုင်းတွင် ၎င်းမှာ သေးထွက်ကျမတတ် လန့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဤလက်ဝါးချက်သာ ထိသွားလျှင် တစ်ခါတည်း ပြာကျသွားမည်ဟု ထင်မှတ်ထားခဲ့သောကြောင့်ပင်။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ ထိုလက်ဝါးချက်က မိမိ၏ခန္ဓာကိုယ်ကို အနည်းငယ် လွင့်စင်သွားစေရုံမျှသာ ဖြစ်ပြီး ခြင်ကိုက်သလောက်ပင် နာကျင်မှုမရှိခဲ့။

အစောပိုင်းက မိမိကိုယ်ကို သေချာပေါက်သေပြီဟု ထင်မှတ်ထားခဲ့သော်လည်း ဤအရှက်မရှိသော လူသားက ဟာသလာလုပ်နေသည် မဟုတ်ပါလော။

အမှန်တကယ်တမ်း ထိုတိုက်ကွက်မှာ ထင်ထားသလောက်ပင် အားမပြင်းလှချေ။

"မဟုတ်သေးဘူး...”

"ဒီလက်ဝါးထဲမှာ ပဉ္စမအဆင့်အဆိပ်တွေ ပါနေတာပဲ...”

"အရှက်မရှိတဲ့လူသား... ငါတို့ကို အဆိပ်ခတ်ရဲတယ်ပေါ့… မင်းက တကယ့်ကို အရှက်မရှိတာပဲ...”

ချက်ချင်းပင် မိစ္ဆာကျင့်ကြံသူ အများအပြားမှာ အံ့သြဒေါသထွက်သွားကြတော့သည်။ မူလက အထင်အမြင်သေးနေသော မျက်နှာအမူအရာများမှာ ယခုအခါ ရုတ်တရက် ကြောက်ရွံ့ထိတ်လန့်လာကြရသည်။ အကြောင်းသည်ကား သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ပဉ္စမအဆင့် အဆိပ်များစွာက မည်သည့်အချိန်၌ မည်သို့မည်ပုံဝင်ရောက်သွားမှန်း သိပင်မသိလိုက်ကြခြင်းကြောင့်ပင်။

ထိုပဉ္စမအဆင့်အဆိပ်များက သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက်တွင်မူ သူတို့၏ မိစ္ဆာစွမ်းအင်များကို တဖြည်းဖြည်း တိုက်စားနေပြီး ကိုယ်တွင်းအင်္ဂါများ၏ သက်စောင့်စွမ်းအင်များကို ဖျက်ဆီးကာ ဝိညာဉ်စွမ်းအားများကိုပါ ဝါးမြိုနေချေသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ဆိုလျှင်ပင် ဤနေရာ၌ အဆိပ်မိ၍ သေဆုံးသွားရပေလိမ့်မည်။

သူတို့ခမျာ ဤလူသားကို ရိုးသားဖြောင့်မတ်သော လမ်းမှန်ကျင့်ကြံသူဟုပင် ထင်မှတ်ထားခဲ့ကြသေး၏။ သို့သော်ငြား ထိုခွေးကောင်က အဆိပ်အသုံးပြုလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ တကယ့်ကို အရှက်မဲ့လွန်းလှသည် မဟုတ်ပါလော။

ဤအဆိပ်များက သူတို့၏စွမ်းအား ထက်ဝက်ခန့်ကို ချက်ချင်းဆိုသလို ဖျက်ဆီးပစ်လိုက်ချေသည်။ အချိန်ကြာလာသည်နှင့်အမျှ အဆိပ်များ ပျံ့နှံ့လာပြီး သူတို့ခမျာ ပို၍ သနားစရာကောင်းလာပေတော့မည်။ နောက်ဆုံးတွင် လုံးဝပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ တစ်ဘက်လူ၏ စိတ်ကြိုက်သတ်ဖြတ်ခြင်းကိုသာ ခံရတော့ပေမည်။

"သောက်ရူးကောင်တွေ...”

"ဟဟ… မင်းတို့မိစ္ဆာသားရဲတွေကျတော့ လူအများနဲ့ လာအနိုင်ကျင့်နေတာ မဟုတ်လို့လား… ငါ အဆိပ်နည်းနည်းသုံးလိုက်တော့ ဘာဖြစ်လဲ...”

"ယုတ်မာတဲ့နေရာမှာ မင်းတို့မိစ္ဆာသားရဲမျိုးနွယ်ကို ဘယ်သူက ယှဉ်နိုင်မှာလဲ...”

ကျိုးစွေ့သည် လက်နောက်ပစ်လျက် ရပ်နေကာ ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်လေ၏။ သွေးမျိုးဆက်နတ်ဘုရားစွမ်းရည် အဆိပ်တစ်သောင်းလက်ဝါးမှာ မိမိ၏ အုပ်စုလိုက်တိုက်ခိုက်ရေး နတ်ဘုရားစွမ်းရည်ဖြစ်ပြီး အင်အားနည်းပါးသော်လည်း အင်အားကြီးသူများကို အနိုင်ယူနိုင်စွမ်းရှိသည်။ ကျင့်ကြံမှုအဆင့်က မိမိထက် ပိုမိုမြင့်မားနေလျှင်ပင် တစ်ချက်အထိခံလိုက်ရသည်နှင့် အဆိပ်တက်၍ သေဆုံးသွားရမည်သာ။

"ချီးတဲ့မှ... သွားကြမယ်...”

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျောင်းနဂါးတစ်ကောင်၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်သွားတော့သည်။ ၎င်း၏ ယခုအကြိမ်လှုပ်ရှားမှုမှာ လုံးဝကျရှုံးသွားပြီဖြစ်ကြောင်း နားလည်လိုက်ရသည်။

တစ်ဖက်လူက အဆိပ်ပြင်းအသုံးပြု၍ သူတို့ကို လုပ်ကြံခဲ့သည်ဆိုသော်ငြား သူတို့သည် ဤလူသားကျင့်ကြံသူ၏ နည်းလမ်းများကို အထင်သေးမိခဲ့ကြောင်း ဝန်ခံရပေမည်။

မိမိ၏ ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့် ဤမျှများပြားလှသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲများကို ချေမှုန်းနိုင်ခဲ့သည်မှာ စိတ်ကူး၍ပင် ရနိုင်သောအရာမဟုတ်ချေ။ အကယ်၍ ဤနေရာတွင် ဆက်နေမည်ဆိုပါက သေချာပေါက်သေရမည်သာ မဟုတ်ပါလော။

ရွှစ်... ရွှစ်... ရွှစ်...။

စကားသံဆုံးသည်နှင့် ရာနှင့်ချီသော မိစ္ဆာသားရဲကျင့်ကြံသူများသည် ပုံရိပ်များ လှုပ်ရှားသွားပြီး တုံ့ဆိုင်းမနေကြတော့ဘဲ အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဤနေရာမှ ချက်ချင်းလွတ်မြောက်ရန် ကြိုးစားတော့သည်။ ထိုမျှပင်မက၊ သူတို့သည် လူစုခွဲ၍ မတူညီသော ဦးတည်ရာများဆီသို့ ထွက်ပြေးကြလေသည်။

မည်သို့ပင်ဖြစ်စေ ရန်သူမှာ တစ်ယောက်တည်းသာ ရှိသည် မဟုတ်လော။ ထို့ကြောင့် သူတို့အများစုမှာ လွတ်မြောက်နိုင်မည်သာ ဖြစ်၏။ ထိုလူသားကျင့်ကြံသူ၏ ပစ်မှတ်ထားခြင်းကို ခံရသော မိစ္ဆာသားရဲများအတွက်မူ မိမိကိုယ်မိမိ ကံဆိုးသည်ဟုသာ မှတ်ယူရတော့မည်ဖြစ်၏။ နောင်တစ်ချိန်တွင် သေဆုံးသွားသော ထိုကံဆိုးရှင် ညီအစ်ကိုများအတွက် သူတို့ ကလဲ့စားချေပေးကြရပေမည်။

"မင်းတို့က ဆီပူအိုးထဲကဖားတွေလို ဖြစ်နေပြီလို့ အစောကတည်းက ပြောခဲ့ပြီးသားပဲ...”

"ထွက်ပြေးစရာ နေရာမရှိတော့ဘူး...”

ကျိုးစွေ့သည် ထိုမိစ္ဆာသားရဲကျင့်ကြံသူများ၏ လုပ်ရပ်များကို ခံစားချက်ကင်းမဲ့စွာ တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။

သွေးမျိုးဆက်နတ်ဘုရားစွမ်းရည် - လေဟာနယ်အတားအဆီး။

ဤသည်မှာ ပဉ္စမအဆင့် ‘တည်နေရာပြောင်းကူ’ထံမှ မွေးဖွားလာသော အာကာပြင်နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်၏။ ၎င်းသည် မျက်စိဖြင့်မမြင်နိုင်သော လေဟာနယ်အတားအဆီးများနှင့် လေဟာနယ်အကျဉ်းထောင်များကို ဖန်တီးနိုင်ပြီး ရန်သူများ ထွက်ပြေးခြင်းကို ဟန့်တားနိုင်သလို ရန်သူများ၏ လှုပ်ရှားမှုများကိုပင် ချုပ်နှောင်ထားနိုင်သည်။ ရန်သူက တည်နေရာပြောင်းခြင်းအတတ်ကို တတ်မြောက်ထားလျှင်ပင် အလွယ်တကူ တားဆီးနိုင်လေ၏။

ဝုန်း...။

ချက်ချင်းပင် မမြင်တွေ့နိုင်သော လေဟာနယ်အကျဉ်းထောင်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး မိုင်တစ်သိန်းပတ်လည် ဧရိယာကို လွှမ်းခြုံသွားကာ ဒီဂရီသုံးရာ့ခြောက်ဆယ် ဟာကွက်မရှိသော သဏ္ဌာန်မဲ့ အတားအဆီးတစ်ခုအဖြစ် ပိတ်ဆို့သွားတော့၏။

ဘုန်း... ဘုန်း... ဘုန်း...။

အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြသော မိစ္ဆာသားရဲကျင့်ကြံသူများသည် ချက်ချင်းပင် လေဟာနယ်အတားအဆီးနှင့် ခေါင်းတိုးကာ တိုက်မိကုန်ကြတော့သည်။ ယင်းမှာ ဦးခေါင်းမဲ့ယင်ကောင်များ မှန်နံရံပေါ်သို့ ဝင်တိုက်မိသကဲ့သို့ပင်။

ချက်ချင်းပင် ထိပ်ပေါက်ခေါင်းကွဲဖြစ်သွားကြကာ စူးစူးဝါးဝါးအော်ဟစ်လိုက်ကြရ၏။ တစ်ကောင်ပြီးတစ်ကောင်မှာ မူလသရုပ်မှန်များ ပြန်လည်ပေါ်ထွက်လာရပြီး နာကျင်စွာ အော်ဟစ်နေကြတော့၏။

"ချီးကွာ... ဒီလူသားက လေဟာနယ်နတ်ဘုရားစွမ်းရည်ကိုတောင် တတ်မြောက်ထားသေးတာလား...”

"ဒီလိုကိစ္စမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

"သက်တမ်းနှစ်သုံးရာပဲ ရှိသေးတဲ့ သာမန်လူသား နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူလေးက ဘယ်လိုလုပ် ဒီလောက်များတဲ့ နတ်ဘုရားစွမ်းရည်မန္တန်တွေကို တတ်မြောက်နေရတာလဲ...”

"မင်းက တကယ်ပဲ အင်မော်တယ်ဝင်စားတာများလား...”

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျောင်းနဂါး၏ မျက်လုံးများက ကျဉ်းမြောင်းသွားရပြီး ကျိုးစွေ့ကို မယုံနိုင်စွာ ကြည့်လိုက်လေ၏။

ဤအချိန်တွင် ချန်လန်ပင်လယ်ဒေသရှိ လူသားမျိုးနွယ်အကြား ပျံ့နှံ့နေသော ဒဏ္ဍာရီအများအပြားကို သူ သတိရသွားသည်။ ထိုအထဲတွင် ရွှမ်ဟွမ်ဘိုးဘေးသည် လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ်ဝင်စားသူ ဖြစ်နိုင်သည်ဟူသော ဒဏ္ဍာရီတစ်ခု ပါဝင်နေပေသည်။

ယခင်ကမူ ၎င်းသည် အဓိပ္ပါယ်မရှိသော ပေါက်ကရစကားများသာဖြစ်ပြီး လူသားကျင့်ကြံသူများက ချဲ့ကားပြောဆိုနေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့၏။ လူသားသဘာဝအရ မွေးရာပါပါရမီ အနည်းငယ်ကောင်းမွန်သော လူသားကျင့်ကြံသူမှန်သမျှကို အသားကုန် ချီးမွမ်းပြောဆိုလေ့ရှိသဖြင့် သက်သက် နာမည်ကြီးအောင်လုပ်ခြင်းဟုသာ ယုံကြည်ထားခဲ့သည်။

သို့သော် ယခုမြင်ကွင်းကို ကြုံတွေ့လိုက်ရပြီးနောက် ဤဒဏ္ဍာရီများမှာ အာပလာမဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် အတိတ်ကာလက ကျင့်ကြံခြင်းလောကသို့ အင်မော်တယ်တစ်ပါး အမှန်တကယ် ဆင်းသက်လာခဲ့ပြီး ဤလောကတွင် ထွက်ပေါ်လာခဲ့ခြင်းကြောင့်သာ ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာ၏ ကျူးကျော်မှုကို ခံခဲ့ရခြင်း မဟုတ်ပါလော။

မိစ္ဆာသားရဲများစွာမှာလည်း အင်မော်တယ်ရုပ်အလောင်းကို ရှာဖွေရန် ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်လာချင်ခဲ့ကြ၏။ သို့သော် အင်မော်တယ်တစ်ပါးမှာ ထိုမျှ လွယ်လွယ်ကူကူ သေဆုံးသွားနိုင်မည်လော။

ထိုမျှ လွယ်လွယ်ကူကူ သေဆုံးသွားမည်ဆိုလျှင် အင်မော်တယ် မမည်နိုင်ချေ။ တစ်ဖက်လူသည် မည်သည့်အချိန်တွင် ပြန်လည်ဝင်စားမည်ကိုပင် ကြိုတင်ကြံစည်ထားကောင်း ထားနိုင်ပေသည်။

ထို့ကြောင့် ဤရွှမ်ဟွမ်ဘိုးဘေးသည် ယခင်က အင်မော်တယ်ဖြစ်ခဲ့ပြီး အင်မော်တယ်ဝင်စားသည့် ခန္ဓာကိုယ်သာ ဖြစ်နိုင်ပေ၏။ ဤသည်ကို တွေးမိသောအခါ ၎င်းမှာ အလွန်တရာ ထိတ်လန့်သွားတော့၏။

မိမိသည် ပြန်ဝင်စားလာသော အင်မော်တယ်တစ်ပါးကို ဆန့်ကျင်တိုက်ခိုက်နေမိသည် မဟုတ်ပါလော။

ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းမဟုတ်ပါက အဘယ်နည်း။ မိမိမှာ ကျောင်းနဂါးတစ်ကောင်မျှသာ ဖြစ်ပြီး အစစ်အမှန် နဂါးတစ်ကောင် ဖြစ်နေလျှင်ပင် အင်မော်တယ်ဆိုသည်ကား တုပြိုင်နိုင်သောတည်ရှိမှုမျိုး မဟုတ်ချေ။

"ဟုတ်တာ၊ မဟုတ်တာက ဘာများအရေးပါတော့လိုလဲ...”

"ဒီနေ့ မင်းတို့လွတ်နိုင်ဦးမယ် ထင်လို့လား...”

ကျိုးစွေ့သည် ထိုမိစ္ဆာများကို အေးစက်စွာ ကြည့်လိုက်လေ၏။

"မင်း..."

ဤစကားကို ကြားသောအခါ မိစ္ဆာသားရဲကျင့်ကြံသူ အများအပြားမှာ အလွန်တရာ မျှော်လင့်ချက် ကင်းမဲ့သွားကြရသည်။

မှန်ပေသည်၊ ယခုကဲ့သို့ လွတ်လမ်းမရှိသော အခြေအနေမျိုးတွင် တစ်ဖက်လူ မည်သူဖြစ်သည်ဆိုခြင်းမှာ လုံးဝအရေးမကြီးတော့။ တစ်ဖက်လူမှာ အင်မော်တယ်လူဝင်စား မဟုတ်လျှင်ပင် သူတို့သည်ကား ယနေ့တွင် သေချာပေါက် သေရမည်သာမဟုတ်ပါလော။

ပဉ္စမအဆင့် အဆိပ်များ ဝင်ရောက်လာမှုကြောင့် ၎င်းတို့၏စွမ်းအားများက အဆက်မပြတ် လျော့ကျလာနေသည်ကို တွေ့ရှိလိုက်ရသည်။

ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ အားနည်းသွားသည့်နှုန်းမှာ ပို၍မြန်ဆန်လာချေသည်။

တစ်ဖက်လူမှာ သူတို့နှင့် စကားစမြည်ပြောနေရန် စိတ်မဝင်စားသည်မှာ ထင်ရှားလှသည်။ သူတို့ အဆိပ်တက်ကာ သေဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းရန် ရည်ရွယ်ချက်သက်သက်ကြောင့်သာ တမင်တကာ စကားဖောင်ဖွဲ့နေခြင်း ဖြစ်လေသည်။

ဤသည်မှာ မည်မျှပင် ရက်စက်ယုတ်မာသော သကောင့်သားဖြစ်မည်နည်း။ အရာအားလုံးကို အကွက်ကျကျ တွက်ချက်ထားခဲ့သည်ပင် မဟုတ်ပါလော။

အခန်း (၆၄၆) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများအား ကယ်တင်ကျွတ်လွတ်စေခြင်း၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို နှိုးခြင်းနှင့် လောကသုံးပါးပေါင်းစည်းခြင်း(၄)။

"အရှက်မရှိတဲ့လူသား...”

"ဒီနေ့ ငါသေသွားရရင်တောင်မှ မင်းကို လုံးဝ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး...”

နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများစွာမှာ ဒေါသတကြီး ဟစ်အော်လိုက်ကြပြီး ကျိုးစွေ့နှင့်အတူ အသေခံမည့်ပုံပေါ်နေတော့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော လူသားကျင့်ကြံသူကို သူတို့ မသတ်ဖြတ်နိုင်လျှင်ပင် တစ်ဖက်လူအား ကြီးမားသောတန်ဖိုး ပေးဆပ်ရအောင် လုပ်ဆောင်သွားရပေမည်။

"ကြည့်ရတာ မင်းတို့အားလုံးကို ဒီအတိုင်း သေခိုင်းလိုက်တာက နည်းနည်း သက်သာလွန်းနေသလိုပဲ...”

"ငါ့ရဲ့ရွှမ်ဟွမ်ဂိုဏ်းကို နှစ်ထောင်သောင်းချီပြီး ကာကွယ်ပေးဖို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တောင်စောင့်သားရဲတွေ ဖြစ်လာစေတာက ပိုကောင်းလိမ့်မယ်...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ပြီး ချက်ချင်းပင် သူ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်တော့သည်။

မူလက ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများအားလုံးကို သတ်ဖြတ်ပစ်ရန် သူ တွေးထားခဲ့ခြင်းဖြစ်၏။

သို့သော်ငြား ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ ၎င်းတို့ကို သတ်ဖြတ်ခြင်းမှာ သက်သာလွန်းနေသည်ဟု ခံစားလိုက်ရပြန်သည်။

ထို့အပြင် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ သေဆုံးသွားခဲ့လျှင် အမှန်တကယ်ပင် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေလိမ့်မည်။

နတ်ဆိုးမျိုးနွယ်ကို ရင်ဆိုင်ရာတွင်လည်း ကြီးမားသော အထောက်အကူတစ်ခု လျော့နည်းသွားမည်ဖြစ်သောကြောင့်ပင်။

ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများအားလုံးကို ဝိညာဉ်သားရဲများအဖြစ်သို့ ကူးပြောင်းစေလိုက်ခြင်းက ပို၍ကောင်းမွန်ပေမည်။

ဤသို့ဖြင့် ၎င်းတို့သည် တစ်ဘဝလုံး သူ၏အမိန့်ကိုသာ နာခံရတော့မည်ဖြစ်ပြီး အကျိုးအမြတ်ကို အများဆုံးရရှိစေမည်ဖြစ်သည်။

"ဘာကွ… မင်းက ငါတို့ကို အသွင်ပြောင်းစေချင်နေတာလား… တကယ်ကို သောက်ရူးအတွေးနဲ့ လာအိပ်မက်မက်နေတာပဲ...”

ထိုစကားကို ကြားလိုက်ရချိန်တွင်မူ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများစွာ၏ မျက်နှာအမူအရာများမှာ အကြီးအကျယ် မည်းမှောင်သွားရတော့သည်။

သူတို့သည် ဤရွှမ်ဟွမ်ဘိုးဘေး၏ ဒဏ္ဍာရီကို ချက်ချင်းပင် သတိရသွားကြလေသည်။ ထိုသည်ကား မိစ္ဆာသားရဲများကို ကူးပြောင်းစေနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်ပေ၏။

စတုတ္ထအဆင့် မိစ္ဆာသားရဲမြောက်မြားစွာမှာ ဤခွေးသူတောင်းစား၏ ကူးပြောင်းခြင်းကိုခံခဲ့ရပြီး ရွှမ်ဟွမ်ဂိုဏ်းသို့ အပြစ်ကြွေးဆပ်ရန် အသာတကြည်လိုက်သွားကာ ရွှမ်ဟွမ်ဂိုဏ်း၏ တောင်စောင့်သားရဲများ ဖြစ်လာခဲ့ကြသည်။

မူလက ဤစွမ်းရည်မှာ စတုတ္ထအဆင့် မိစ္ဆာသားရဲများအပေါ်တွင်သာ အသုံးချနိုင်သည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြ၏။

သို့သော်ငြား ယခုကြည့်ရသလောက်ဆိုလျှင်မူ ပဉ္စမအဆင့် မိစ္ဆာသားရဲများအပေါ်တွင်ပင် အကျိုးသက်ရောက်မှုရှိနေပုံရသည်။

ဤသည်မှာလည်း ယုတ္တိတန်လှသော ကိစ္စရပ်ပင်ဖြစ်ပေ၏။

'အိပ်မက်ဝိညာဉ်ကူ'မှာ ပဉ္စမအဆင့်သို့ တက်လှမ်းသွားချိန်တွင် ၎င်း၏နတ်ဘုရားစွမ်းရည်မှာလည်း ကြီးမားစွာ တိုးတက်လာခဲ့သည်။

အခြေခံအားဖြင့် အိပ်မက်နတ်ဆိုးမျိုးစေ့သည် နတ်ဘုရားအသွင်ပြောင်းအဆင့် နှောင်းပိုင်းကျင့်ကြံသူများကိုပင် လွှမ်းမိုးနိုင်စွမ်းရှိနေပြီဖြစ်၏။

သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းနှင့် အလယ်အလတ်ပိုင်း မိစ္ဆာသားရဲကျင့်ကြံသူများကို ရင်ဆိုင်ရာတွင်မူ သဘာဝကျကျ အလွယ်တကူ ဖြေရှင်းနိုင်စွမ်းရှိသည်။

"ဒါက မင်းတို့သဘောအတိုင်း ဖြစ်လာမှာမဟုတ်ဘူး...”

ကျိုးစွေ့က ဤမိစ္ဆာသားရဲကျင့်ကြံသူများ မည်သို့ပြောဆိုနေသည်ဖြစ်စေ အရေးစိုက်မနေတော့ဘဲ လက်ကိုဝှေ့ယမ်းလိုက်ကာ ပဉ္စမအဆင့် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်လေသည်။

ဘန်း… ဘန်း… ဘန်း…။

ထိုခဏတွင်ပင် အနက်ရောင် အိပ်မက်ဆိုးမျိုးစေ့များ တစ်လုံးပြီးတစ်လုံး စုစည်းလာကာ အနက်ရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

၎င်းတို့သည် ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်သွားပြီး မူလဝိညာဉ်အတွင်းသို့ပင် ပေါင်းစပ်သွားခဲ့လေ၏။

အကယ်၍ ၎င်းတို့သာ အင်အားအပြည့်အဝရှိနေသေးသည့်အချိန် ဖြစ်မည်ဆိုပါက တစ်ချက်နှစ်ချက်ခန့် ခုခံနိုင်ကောင်း ခုခံနိုင်ပေမည်။

သို့သော်ငြား ယခုအချိန်တွင်ကား ကျိုးစွေ့၏ဖိနှိပ်တိုက်ခိုက်မှုကြောင့် သေလုမျောပါးဖြစ်နေပြီး ဝိညာဉ်သည်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိနေပြီဖြစ်ရာ မည်သို့သော ခုခံနိုင်စွမ်းမျိုး ရှိနိုင်ပါတော့မည်နည်း။

ဝိညာဉ်မှာ စောစောစီးစီးကတည်းက အနိမ့်ဆုံးအဆင့်ထိ အားနည်းနေခဲ့ပြီဖြစ်၏။

ထို့ကြောင့် အိပ်မက်ဆိုးမျိုးစေ့၏ ဝင်ရောက်မှုမှာ မည်သည့် ဟန့်တားမှုမျိုးကိုမျှ မကြုံတွေ့ခဲ့ရချေ။

ခဏချင်းအတွင်းမှာပင် ၎င်းတို့၏ မူလဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားကာ အမြစ်တွယ်ရှင်သန်လာတော့သည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူ တစ်ကောင်ပြီးတစ်ကောင်မှာ ချက်ချင်းပင် စူးရှစွာ အော်ဟစ်လိုက်ကြရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မူလဝိညာဉ်အနက်ပိုင်းရှိ မှတ်ဉာဏ်များမှာ ဖျက်သိမ်းပြင်ဆင်ရေးသားခံနေရပြီး ဝိညာဉ်အပေါ်တွင် ခွဲစိတ်ကုသမှု ခံယူနေရသည်နှင့် တူညီနေသောကြောင့်ပင်။

ထိုကဲ့သို့သော နာကျင်မှုမျိုးမှာ သဘာဝကျကျ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှသည်။

နာရီဝက်ခန့်အကြာတွင်…။

ရာချီသော နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများမှာ မျက်လုံးများပွင့်လာကြသည်။ သူတို့၏မျက်လုံးများတွင် ဖြူစင်မှုများ ပေါ်လွင်နေပြီး လောကကြီး၏ မည်သည့်အရာကိုမျှ မကြုံတွေ့ဖူးသေးသော ဝိညာဉ်သားရဲများအလားဖြစ်နေကာ မူလက ကြမ်းတမ်းရက်စက်သော စိတ်ခံစားချက်များ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

တစ်ကောင်စီတိုင်းမှာ အရာရာကိုစွန့်လွှတ်ကာ သာသနာဘောင်သို့ ဝင်ရောက်သွားသော ဘုန်းတော်ကြီးများကဲ့သို့ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်ရှိ အပြစ်အနာအဆာ အငွေ့အသက်များအားလုံး လုံးဝကင်းစင်သွားတော့သည်။

"သခင်၊ ကျွန်တော်တို့ မှားသွားပါပြီ...”

"ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ အရင်ကအမှားမျိုးစုံကို နားလည်သဘောပေါက်သွားပါပြီ...”

"ရှေးဟောင်းမိစ္ဆာချီကြောင့် စိတ်နတ်ဆိုးဝင်သွားပြီး အဆုံးမရှိတဲ့ သတ်ဖြတ်မှုတွေနဲ့ အပြစ်တွေ ကျူးလွန်ခဲ့မိမယ်လို့ ထင်မထားခဲ့မိပါဘူး...”

"ကျွန်တော်တို့ ရွှမ်ဟွမ်ဂိုဏ်းကို ပြန်ပြီး အပြစ်ကြွေးဆပ်ဖို့ ဆန္ဒရှိပါတယ်… ကျန်ရှိနေတဲ့ ဘဝတစ်ခုလုံးကို ပြုခဲ့ဖူးတဲ့ ပထမဘဝတစ်ဝက်က အပြစ်တွေအတွက် ပြန်လည်ပေးဆပ်သွားပါ့မယ်...”

နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများစွာမှာ မျက်ရည်များကျဆင်းကာ ငိုကြွေးနေကြတော့သည်။

"မဆိုးဘူး၊ မဆိုးဘူး...”

"အမှားကိုသိပြီး အမှန်ပြင်နိုင်တာက အကောင်းဆုံးပါပဲ...”

"မင်းတို့ ကိုယ့်အမှားကို နားလည်နိုင်ပြီး လမ်းမှန်ကို ပြန်လှည့်လာနိုင်တာ၊ သတ်ဖြတ်ချင်စိတ်ကို စွန့်လွှတ်နိုင်တာက ကောင်းတဲ့ကိစ္စပဲ...”

ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး အလွန်ပင် ကျေနပ်သွားလေသည်။

သို့သော်ငြား သူသည် အနည်းငယ် အသံတိတ်သွားရပြီး မိမိကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ အကြောင်းမူကား မျိုးစုံသော နတ်ဆိုးမိစ္ဆာများကို အဆက်မပြတ် ကျွတ်တန်းဝင်စေပြီး ရွှမ်ဟွမ်ဂိုဏ်း၏ တောင်စောင့်သားရဲများအဖြစ် ပြောင်းလဲပေးနေသောကြောင့်ပင်။

'ဟိုးယခင်က ဗုဒ္ဓဘာသာမှာလည်း ဒီလိုနည်းလမ်းမျိုးကို အသုံးပြုပြီး လင်းရှန်တောင်တစ်ခွင်လုံးကို ရှားပါးသားရဲတွေနဲ့ ပြည့်နှက်သွားစေခဲ့တာများလား...'

သူနှင့် ဗုဒ္ဓဘာသာ၏ နည်းလမ်းများမှာ ရည်ရွယ်ချက်တူညီသော်လည်း လုပ်ဆောင်ပုံ ကွဲပြားသည့် အံ့ဖွယ်သဘောတရား ရှိနေသည်ဟုသာ ဆိုရပေမည်။

"သခင့်ရဲ့ ဆုံးမစကားအတွက် ကျေးဇူးတင်ပါတယ်...”

နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများစွာမှာ ဆုံးမမှုကို ခံရသည့်ပုံစံမျိုး ပေါ်လွင်နေကြလေသည်။ သူတို့၏သခင် ပြောသမျှစကားတိုင်းမှာ တန်ဖိုးရှိသော စကားများ၊ တာအိုလမ်းစဉ်၏ အသံများဖြစ်ပြီး သေသေချာချာ ခံစားနားဆင်သင့်သည်ဟု သူတို့ ခံစားနေကြရ၏။

အကယ်၍ ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာရှိ မိစ္ဆာသားရဲများစွာသာ ကြီးကျယ်လှသော ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက မေးရိုးပြုတ်ကျမတတ် အံ့သြသွားကြမည်မှာ အသေအချာပင်။

သတ်ဖြတ်ခြင်းကို မွေ့လျော်ပြီး မိမိကိုယ်ကိုယ်သာ အထွတ်အထိပ်ဟုသတ်မှတ်ကာ အခန့်မသင့်မှုအနည်းငယ်မျှနှင့်ပင် မျိုးနွယ်စုတစ်ခုလုံးကို ဝါးမျိုပစ်လေ့ရှိသော ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများသည် ယခုအခါ ဤမျှအမိန့်နာခံကာ ဤမျှကြင်နာတတ်လာခြင်းမှာ တကယ်ကိုပင် စိတ်ကူးဖြင့်မတွေးနိုင်လောက်အောင်ပင် အံ့ဖွယ်ကောင်းလှသည်။

သို့သော် ဤသည်မှာပင် အိပ်မက်ဆိုးမျိုးစေ့၏ အစွမ်းထက်မြက်မှုဖြစ်ပေသည်။ မှတ်ဉာဏ်များကို ဆေးကြောနိုင်ပြီး ပြင်ဆင်ပြောင်းလဲပေးနိုင်စွမ်းရှိသည်။

တစ်နည်းအားဖြင့်ဆိုရလျှင် ၎င်းတို့သည် ယခင်က၎င်းတို့ မဟုတ်ကြတော့ပေ။ မူလသားရဲစရိုက်နှင့် အမြင်သုံးရပ်ကို စောစီးစွာကတည်းက ပြောင်းလဲပစ်လိုက်ပြီဖြစ်၏။

ဝုန်း...။

ဤအခိုက်အတန့်တွင် ကျိုးစွေ့၏စိတ်ထဲ၌ လှုပ်ခတ်သွားလေသည်။ သူသည် 'ကံကြမ္မာကူ'၏ စွမ်းအားမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ကံကြမ္မာမှာ ထပ်မံ၍ အဆမတန် တိုးတက်လာကြောင်းကို ချက်ချင်း ခံစားလိုက်ရ၏။

ယခင်အချိန်နှင့် နှိုင်းယှဉ်ပါက အဆများစွာပင် မြင့်တက်လာခဲ့လေသည်။

မူလက ဆုံးရှုံးသွားသော ရွှေရောင်ကံကြမ္မာများ ပြန်လည်ပြည့်ဖြိုးလာသည်သာမက ယခုအခါတွင် ပို၍ပင် များပြားလာခဲ့ချေပြီ။

ဤနတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများကို အသွင်ပြောင်းစေလိုက်ခြင်းက သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာကို ကြီးမားစွာ တိုးတက်လာစေပြီး နတ်ဘုရားများ၏ ကောင်းချီးရရှိသွားသကဲ့သို့ ဖြစ်နေကြောင်း ထင်ရှားလှသည်။

ယခုအချိန်တွင် သူသည် ကျင့်ကြံခြင်းလောက၌ ပြိုင်ဘက်ကင်းသော ကောင်းကင်ဘုံ၏သားတော်တစ်ပါး၊ ကံကြမ္မာ၏ မျက်နှာသာပေးခံရသူ၊ ကောင်းကင်နှင့်မြေကြီး၏ ချစ်မြတ်နိုးခံရသူဖြစ်နေပြီဟုပင် ဆိုရပေမည်။

မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကောင်းကင်တာအို၏ စောင့်ရှောက်မှုကို ရရှိမည်ဖြစ်ချေသည်။

"တကယ်ကို အောင်ပွဲရဲ့သော့ချက်က မိတ်ဆွေတွေကို များများဖန်တီးပြီး ရန်သူတွေကို နည်းနိုင်သမျှနည်းအောင် လုပ်ဖို့ပဲ...”

"အခု နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲ ဒီလောက်အများကြီးကို ကူးပြောင်းစေလိုက်နိုင်ပြီဆိုတော့ မိတ်ဆွေတွေ အများကြီးတိုးလာတာ မဟုတ်ဘူးလား...”

"သူတို့ကို သတ်ပစ်လိုက်မယ်ဆိုရင် အလွန်ဆုံး မိစ္ဆာသားရဲပစ္စည်းတချို့နဲ့ သားရဲအမြုတေတွေပဲ ရမှာ...”

"အကျိုးအမြတ်ကို အများဆုံးရနိုင်မှာ မဟုတ်ဘူး...”

"နေဦး… ဒီရာချီတဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတွေအပြင် နောက်ထပ် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတွေ အများကြီး ရှိနေသေးပုံပဲ...”

"သူတို့အားလုံးကို အသွင်ပြောင်းစေနိုင်မယ့် နည်းလမ်းများ ရှိမလား...”

"အကယ်လို့ အောင်မြင်ခဲ့ရင် မိစ္ဆာသားရဲမျိုးနွယ်တစ်ခုလုံးကို တစ်ချီတည်းနဲ့ အပြတ်ရှင်းနိုင်သွားမှာပဲ...”

"ဒါက မိစ္ဆာသားရဲမျိုးနွယ်ကို တစ်ပြေးညီဖြစ်အောင် လုပ်လိုက်တာနဲ့ အတူတူပဲပေါ့...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ပြီး ဤအစီအစဉ်မှာ ဖြစ်နိုင်ခြေရှိမရှိ စဉ်းစားလိုက်လေသည်။

သို့သော် သူ အလျင်လိုမနေခဲ့ပေ။

All Chapters