← Chapters

အခန်း (၁၈၈)

Vol. 19 Ch. 188

အခန်း (၁၈၈)

Vol. 19 Ch. 188

ယင်ရိလျိုက ဝမ်းနည်းစွာ ငိုကြွေးရင်းဖြင့် မိခင်ဖြစ်သူထံမှ သစ်သီးပန်းကန်ကို လှမ်းယူလိုက်ပြီးနောက် အိမ်မက်ထဲတွင်သာ ပေါ်လာလေ့ရှိသော ထိုအမျိုးသမီးကို ပွေ့ဖက်ထားလိုက်လေသည်။

သူမ၏ ဝိညာဉ်က တခြားကမ္ဘာတစ်ခုသို့ လွင့်စင်သွားခဲ့ရပြီး၊ ယခုအချိန်တွင် အမှန်တကယ်ပင် ကိုင်တွယ်၍ရကာ နွေးထွေးနေဆဲဖြစ်သော မိခင်ကို ဖက်ထားရသောကြောင့် သူမက လုံးဝကို ဝေခွဲမရ ဖြစ်နေမိတော့သည်။

သူမ၏ ပါးစပ်ထဲမှ ပန်းသီးမှာလည်း ချဉ်လွန်းသောကြောင့် သွားများပင် ကျိန်းသွားရကာ သူမက မနေနိုင်ဘဲ ညည်းသွားရ၏။

ထို့နောက် သူမ မေးလိုက်သည်။

“မား.. သမီး.. သမီးက ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ”

သူမ၏ မိခင်က ထူးဆန်းသော အမူအရာဖြင့် ကြည့်၍ ပြောလေ၏။

“နင်က ဘယ်ကို သွားမှာလဲ၊ တစ်နေ့လုံး ခုတင်ပေါ်မှာပဲ အောင်းနေတာလေ၊ နင်က ဗိုက်ဆာလွန်းလို့ ရူးသွားပြီလား”

မိခင်ဖြစ်သူ၏ ပြတ်သားသော အမူအရာနှင့် ပတ်ဝန်းကျင်ရှိ အလွန်ပင် စစ်မှန်လွန်းသော မြင်ကွင်းများကြောင့် ယင်ရိလျိုတစ်ယောက် အလွန်ကြောင်အမ်းသွားရသည်။

စက္ကန့်အနည်းငယ်အလိုကမှ သူမက သိပ္ပံသုတေသနဌာန၏ ဝန်းထဲ၌ ထိတ်လန့်ခြောက်ခြားစွာဖြင့် စစ်ဆင်ရေးကို ဆင်နွှဲနေခြင်း ဖြစ်သော်လည်း၊ နောက်တစ်စက္ကန့်တွင် အိမ်သို့ ပြန်ရောက်နေခဲ့သည်။

မည်သည့်အရာက အစစ်၊ မည်သည့်အရာက အတုဆိုသည်ကို သူမက မခွဲခြားနိုင်တော့ပေ။

သူမက အပြင်သို့ ထွက်ကြည့်ရန် ပြင်လိုက်ချိန်မှာပင် သူမရှေ့မှ မြင်ကွင်းက အပိုင်းအစများအဖြစ်သို့ ရုတ်တရက်ပင် ပြိုလဲသွားလေတော့သည်။

ပတ်ဝန်းကျင်ရှိ ပရိဘောဂများနှင့် မိခင်ဖြစ်သူ၏ ပြုံးနေသော မျက်နှာက အစအနများအဖြစ်သို့ ကြေမွသွားပြီးနောက်၊ သူမ၏ရှေ့မှ မြင်ကွင်းက ရှင်းလင်း၍ စစ်မှန်သောအခြေအနေသို့ ပြန်လည်၍ ရောက်ရှိသွား၏။

ယင်ရိလျိုက ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။

သူမက သူမ၏ရှေ့မှ ကြေမွသွားသော မြင်ကွင်းကို ဖမ်းဆွဲရန် အပြေးအလွှား ကြိုးစားသော်လည်း၊ လက်တစ်စုံက သူမကို ဆွဲဖက်လိုက်လေသည်။

ကျင်းယန်က သူမ၏ ကျောပေါ်မှ ထောင်ထနေသော အမွေးများကို ပွတ်သပ်ပေးရင်း နက်ရှိုင်းသောအသံဖြင့် နှစ်သိမ့်လိုက်ပေ၏။

“ဒါတွေအားလုံးက အတုတွေပါ ထုထု.. ဒါက စိတ်လှည့်စားမှုတစ်ခုပဲ”

အသိစိတ် ပြန်ဝင်လာသော ယုန်လေးက ရုန်းကန်နေခြင်းကို ရပ်လိုက်ပြီး ကျင်းယန်၏ ရင်ခွင်ထဲတွင် ငိုင်တိုင်တိုင် ရပ်နေမိ၏။

ဤသည်က အမှန်တကယ် စိတ်လှည့်စားမှုတစ်ခုလား။

ထိုမျှလောက်အထိ အသက်ဝင်လွန်းသည့် စိတ်လှည့်စားမှုမျိုးက မည်သို့ရှိနိုင်မည်နည်း။

မိခင်ဖြစ်သူ၏ ထိတွေ့မှုမှ နွေးထွေးက သူမ၏ လက်ချောင်းထိပ်များတွင် ရှိနေဆဲပင်။

သွားကျိန်းစေခဲ့သော ထိုပန်းသီးအချဉ် အရသာကိုပင် သူမက မှတ်မိနေသေးသည်။

ယခုတော့ ကျင်းယန်က ဤအရာအားလုံးက စိတ်လှည့်စားမှုတစ်ခုဟု သူမကို ပြောနေခဲ့သည်။

မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အနီအောက်ရောင်ခြည်များနှင့် ပတ်ဝန်းကျင်ရှိ စူးရှသောအချက်ပေးသံများကို မြင်တွေ့လိုက်ရချိန်တွင် ယင်ရိလျိုက စိတ်ကို ပြန်လည်စုစည်းလိုက်ပြီးနောက် သူမက နားလည်ကြောင်းကို အချက်ပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။

သူမ၏ မျက်စိရှေ့မှ မြင်ကွင်းက ခဏတာ အိပ်မက်တစ်ခုမျှသာ ဖြစ်ပြီး၊ သူမ၏ ရင်ထဲမှ အနက်ရှိုင်းဆုံး တောင့်တမှု၏ အရိပ်အယောင်တစ်ခုသာ ဖြစ်ပေသည်။

ကျင်းယန်က သူ၏ရင်ခွင်ထဲမှ ရုတ်တရက် အားငယ်သွားသော ယုန်လေးကို ကြည့်၍ သူမက မည်သည့်အရာကိုများ မြင်ခဲ့လောက်ကြောင်း တွေးတောနေမိသည်။

ယခုအချိန်တွင် သူမ၏ ယုန်မျက်လုံးလေးများက နီရဲနေပြီး ပန်းရောင်နှာခေါင်းလေးကလည်း အနည်းငယ် လှုပ်ခတ်နေသောကြောင့် အလွန်ပင် သနားစဖွယ် ကောင်းလွန်း၏။

သူကိုယ်တိုင်ကလည်း ခဏတာလောက် တစ်စုံတစ်ခုကို မြင်ခဲ့ရပြီး၊ ထိုမြင်ကွင်းက အလွန်ပင် စစ်မှန်လွန်းသောကြောင့် အတိတ်သို့ ပြန်ရောက်သွားသည်ဟုပင် သူက ထင်မှတ်မိလုနီးပါး ဖြစ်ခဲ့ရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက ထိုမြင်ကွင်းကို ရိုက်ချိုးလိုက်ပြီး သူ၏ အမြင်အာရုံက ပြန်လည်၍ ရှင်းလင်းသွားခဲ့ခြင်း ဖြစ်၏။

သူ၏ရင်ခွင်ထဲမှ သတ္တဝါလေးက တဆတ်ဆတ် တုန်ယင်လာသောကြောင့် စိတ်လှည့်စားမှုကို ခံစားရသူက သူတစ်ယောက်တည်း မဟုတ်ဘဲ ယုန်လေးသည်လည်း ထပ်တူ ခံစားလိုက်ရကြောင်းကို သူ ချက်ချင်းပင် ရိပ်မိလိုက်ပေသည်။

သူက ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်လိုက်ကာ ဤသည်မှာ သုတေသနဌာနမှ တီထွင်ထားသော စိတ်ကို လှည့်စားတတ်သည့် ဆေးဝါးတစ်မျိုးကြောင့် ဖြစ်လိမ့်မည်ဟု ယူဆလိုက်မိသည်။

သို့သော်လည်း သေသေချာချာစဉ်းစားပြီးနောက် သူက မျက်လုံးများကို မှေးကျဥ်းလိုက်ကာ မှန်ခန်းထဲမှ နံရံကိုပုတ်နေသော ကောင်လေးထံသို့ ကြည့်လိုက်လေ၏။

ထိုကလေးမှာ မတိုင်ခင်ကဖြစ်ရပ်ကို သူကိုယ်တိုင် လုပ်ဆောင်ခဲ့သကဲ့သို့ အလွန်ပင် တည်ငြိမ်နေခဲ့သည်။

သူက တံခါးကို ပုတ်လျက် အော်ဟစ်လိုက်လေ၏။

“ကျွန်တော်က သူတို့ရဲ့စိတ်ကို ဝေဝါးသွားအောင် လုပ်နိုင်တယ်၊ ပြီးတော့ ထွက်ပေါက်နောက်တစ်ခု ရှိတာကိုလည်း သိတယ်၊ ဦးလေးတို့မှာ ငါးမိနစ်ပဲ အချိန်ရှိတယ်”

ထိုကလေး၏ အနည်းငယ် ခြိမ်းခြောက်သံပါသော စကားကို ကြားချိန်တွင် ကျင်းယန်၏ ပထမဆုံး တုံ့ပြန်မှုက မကျေနပ်ခြင်းသာ ဖြစ်သည်။

ကောင်လေးက သူတို့ကို လုပ်ဆောင်ခဲ့သော အရာကြောင့် သူ ထိုကလေးကို လွှတ်ပေးချင်စိတ် မရှိပေ။

စိတ်လှည့်စားတတ်သော စွမ်းရည်နှင့် သူပြောသော တခြားလမ်းကြောင်းအကြောင်းကိုလည်း သူက ဂရုမစိုက်ပါချေ။

ထိုကလေး၏ အကူအညီမပါဘဲ သူ လွတ်မြောက်နိုင်သည်ဟု ယုံကြည်မှု ရှိနေ၏။

သို့သော် သူ၏ရင်ခွင်ထဲမှ ယုန်လေးက သူ၏ အင်္ကျီကော်လာကို အသာအယာ ဆွဲလိုက်လေသည်။

သတ္တဝါလေး၏ စိုစွတ်နေသော မျက်ဝန်းလေးများကို ကြည့်၍ သူက သက်ပြင်းအသာချလိုက်ပြီးပြောလိုက်လေတော့သည်။

“ကောင်းပြီ၊ ဒါဆိုရင် စမ်းသပ်ခံပုဂ္ဂိုလ်တွေ အားလုံးကိုပါ လွှတ်ပေးလိုက်မယ်”

မည်သို့ပင်ဖြစ်စေ ဤကလေးကို အပြင်သိုးခေါ်သွားမည်ဆိုလျှင် စမ်းသပ်ခံပုဂ္ဂိုလ်များ အားလုံးကိုပါ လွှတ်ပေးလိုက်ခြင်းက ပိုကောင်းပေမည်။

လူတစ်ယောက်တည်း ထွက်ပြေးခြင်းက ရန်သူ၏ ပစ်မှတ်ကို ဆယ်ဆလောက် ဆွဲဆောင်နိုင်သော်လည်း၊ လူဆယ်ယောက်လောက် ထွက်ပြေးမည်ဆိုပါက သူတို့ကို ဖမ်းဆီးမည့်သူများ၏ အာရုံကို ခွဲထုတ်နိုင်ပေလိမ့်မည်။

ယင်ရိလျိုကလည်း စိတ်လှုပ်ရှားသွား၏။

ဒါကတော့ တကယ့်ကို ကိစ္စကြီး တစ်ခု ဖြစ်လာတော့မှာပဲ။

သူမက ကျင်းယန်၏ ရင်ခွင်ထဲမှ ခုန်ဆင်း၍ မလှမ်းမကမ်းရှိ မှန်အဖုံးဆီသို့ ပြေးသွားပြီး အပြင်ဘက်မှနေ၍ ခုန်တက်၍ တွန်းဖွင့်လိုက်လေသည်။

အခန်းထဲတွင် ပိတ်လှောင်ခံထားရသူက နူးညံ့သိမ်မွေ့သော မျက်နှာရှိသည့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမ၏ ဆံပင်များက ခရမ်းရင့်ရောင် ဖြစ်နေပြီး ဤသည်က ဆိုးဆေးကြောင့် ဖြစ်ပုံမရပါချေ။

မှန်အဖုံးက ပွင့်သွားသည်ကို မြင်ပြီး အပြင်ဘက်မှ ရှုပ်ထွေးမှုများကို တွေ့လိုက်ရသောအချိန်တွင် သူမက ထိတ်လန့်သွားရှာ၏။

ယင်ရိလျို၏ ထက်မြက်သော ခြေသည်းများက ရုတ်တရက် ထွက်ပေါ်လာပြီး အမျိုးသမီး၏ လည်ပင်းမှ သံကြိုးကို ဖြတ်တောက်လိုက်လေသည်။

သူမ၏ ခြေသည်းနှင့် သံကြိုး၏ ရိုက်ခတ်သံက စူးရှသော အသံကို ဖြစ်ပေါ်စေသောကြောင့် လူလတ်ပိုင်း အမျိုးသမီးက လန့်သွားရ၏။

ယုန်လေးက ပြန်ပြေးထွက်လာချိန်တွင် ကျင်းယန်ကလည်း မှန်အဖုံး သုံး၊ လေးခုခန့်ကို ဖွင့်ပေးပြီး အထဲရှိ စမ်းသပ်ခံပုဂ္ဂိုလ်များကို လွှတ်ပေးပြီး ဖြစ်နေသည်။

လူတစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ပေါ်တွင် နံပါတ်များကို ရိုက်နှိပ်ထားလေသည်။

သူတို့ထဲမှ တချို့က အလွန်ကြာမြင့်စွာ ပိတ်လှောင်ခံထားရသောကြောင့် ထွက်ပြေးရန် စိတ်ကူးကိုပင် စွန့်လွှတ်ထားကြသူများ ဖြစ်ကြ၏။

ယခုအချိန်တွင် ရုတ်တရက် လွတ်လပ်ခွင့် ရရှိသွားသောကြောင့် သူတို့က ဝေခွဲမရ ဖြစ်နေပုံရလေသည်။

ခြေထောက်ကျိုးနေသော ကောင်လေးက ကျင်းယန်၏ နောက်မှ ဒယီးဒယိုင် လိုက်ပါပြေးလွှားရင်း ပြောလေ၏။

“ဦးလေးတို့မှာ သုံးမိနစ်ခွဲပဲ ကျန်တော့တယ်၊ သူတို့တွေက မကြာခင် ရောက်လာတော့မှာ”

ကျင်းယန်က သူ၏ ပေါင်အထိသာ ရှိသော ထိုကောင်လေးကို ငုံ့ကြည့်လိုက်လေ၏။ကောင်လေးက ချစ်စရာကောင်းနေသော်လည်း သူ၏ လေသံကို လျှော့မပေးခဲ့ပေ။

“မင်းရဲ့ စွမ်းရည်ကို သုံးစမ်း.. တကယ်လို့ မင်း သူတို့ကို တားမထားနိုင်ရင် ငါ မင်းကို ဒီမှာပဲ ထားခဲ့မှာ”

သူ ခေါင်းမော့ကြည့်လိုက်သောအချိန်တွင် ယင်ရိလျိုက အကြီးဆုံး မှန်ခန်း၏ အပြင်ဘက်သို့ ပြေးသွားပြီး ဖွင့်ရန် ပြင်နေသည်ကို မြင်လိုက်ရ၏။

သူက အမြန်လှမ်းပြောလိုက်ပေသည်။

“ဒါကိုတော့ မဖွင့်နဲ့”

ယင်ရိလျိုက အခန်းထဲရှိ အလွန်မြင့်မားပြီး သန်မာလွန်းသော အမျိုးသားကို တစ်ချက် ကြည့်လိုက်မိသည်။

သူမက အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း ကျင်းယန်၏ ဘေးသို့သာ ပြန်လည်ပြေးလွှားလာခဲ့လေတော့သည်။

အထဲဘက်တွင် နံပါတ် (၆) စမ်းသပ်ခံပုဂ္ဂိုလ်ဖြစ်သည့် လူတစ်ပိုင်း အပင်တစ်ပိုင်း သတ္တဝါကြီး ရှိနေ၏။

ယင်ရိလျို လှည့်ထွက်သွားသည့်အခိုက်တွင် အထဲမှ အမျိုးသားက မှိတ်ထားသော သူ၏မျက်လုံးများကို အသာအယာ ဖွင့်လိုက်ကာ အစိမ်းပုတ်ရောင် သူငယ်အိမ်များဖြင့် အပြင်ဘက်သို့ ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ပြန်လည်မှိတ်သွားလေသည်။

ထိုကောင်လေး၏ ဖောင်းအိနေသော လက်လေးက ယင်ရိလျို၏ မျက်စိရှေ့မှာပင် အစိမ်းရောင် အပင်ရင်ပေါက်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

သူမ အတော်ဘေးအံ့ဩသွားရပြီး စိုက်ကြည့်နေမိလေသည်။

သူ့၏လက်ပေါ်မှ မြက်ပင်ပေါက်လေးက ထူးဆန်းသော ပုံသဏ္ဌာန်ရှိပြီး အမြစ်မှနေ၍ အကိုင်းအခက်များက ဖြာထွက်လာ၍ အရေအတွက်ကလည်း တိုးပွားလာနေ၏။

အကိုင်းအခက်ထိပ်ဖျားများမှနေ၍ ပေါက်စီအရွယ်အစားရှိသော အလုံးဝိုင်းဝိုင်းလေးများက ကလေးလက်သီးဆုပ်ခန့်အထိ ဖောင်းကားလာလေသည်။

ခဏအတွင်းမှာပင် အကိုင်းထိပ်ဖျားများက ထိုအလုံးနှစ်လုံး၏ အလေးချိန်ကို မခံနိုင်တော့ဘဲ ယိမ်းထိုး၍ ညွတ်ကျလာပြီး၊ ယင်ရိလျို၏ နှာခေါင်းရှေ့မှာပင် ဘုန်းခနဲ ပေါက်ထွက်၍ လျင်မြန်စွာ ညှိုးနွမ်းသွားတော့၏။

ထိုအလုံးလေးထဲ၌ မရေမတွက်နိုင်သော မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်လွန်းသည့် ဆူးပါသော ပိုးမွှား များက အစုလိုက်အပြုံလိုက် ကပ်ငြိနေကြသည်။

ယင်ရိလျိုက ဤအပင်မျိုးကို တစ်ချိန်မျှ မမြင်ဖူးပေ။

ကောင်လေးက သူ၏ ဖောင်းကားနေသော ပါးပြင်လေးများကို ဖောင်းစေ၍ ထိုပိုးမွှားများကို မှုတ်ထုတ်လိုက်လျှင် လေထဲတွင် ဝဲပျံနေသော ဆူးပါသည့် အလုံးလေးများက အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားတော့၏။

“ကျွန်တော့်ရဲ့ ပိုးမွှားတွေနဲ့ ထိမိတာနဲ့ သူတို့တွေ စိတ်လှည့်စားမှုထဲကို ကျရောက်သွားလိမ့်မယ်၊

ဟိုဝတ်စုံဖြူဝတ်ထားတဲ့ လူတွေက ကျွန်တော့်ရဲ့ စွမ်းရည်တွေကို အားနည်းသွားအောင် နေ့တိုင်း ဆေးတွေကို ထိုးနေကြတာ၊

အခုဆိုရင် စိတ်လှည့်စားမှုက အများဆုံး ဆယ်မိနစ်ပဲ ခံတော့တယ်၊ စိတ်ဓာတ်အရမ်းခိုင်မာတဲ့သူတွေတောင် ဆယ်မိနစ်ထက် ပိုပြီး မတောင့်ခံနိုင်ကြဘူး”

ထိုကောင်လေးက ဤကဲ့သို့ မှောင်မည်းခြောက်ခြားဖွယ်ကောင်းသော သုတေသနဌာနတွင် ပိတ်လှောင်ခံထားရခြင်းမှာ သူ၏ ခန္ဓာကိုယ်ထဲရှိ အပင်က ကမ္ဘာပျက်ကပ်ပြီးနောက်မှ ပေါ်ပေါက်လာသည့် မျိုးစိတ်သစ်တစ်ခု ဖြစ်နေခြင်းကြောင့်ပင်ဖြစ်လေ၏။

All Chapters