← Chapters

အခန်း (၁၈၉)

Vol. 19 Ch. 189

အခန်း (၁၈၉)

Vol. 19 Ch. 189

သုတေသနဌာနမှ လူများမှာ သူ့ခန္ဓာကိုယ်ထဲရှိ အပင်မှလွဲ၍ ဒုတိယတစ်ခုကို ရှာမတွေ့နိုင်ကြပေ။

သူကိုယ်တိုင်က အချိန်တိုအတွင်း အပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲနိုင်သကဲ့သို့ အဖူးအပွင့်နှင့် အသီးများလည်း သီးနိုင်သည်။

အသီးများ ပေါက်ထွက်သွားသည်နှင့် အထဲ၌ ကပ်နေသော ပိုးမွှားများက ဒန်ဒီလီယွန် ပန်းပွင့်များကဲ့သို့ ပျံ့လွင့်သွားကြ၏။

အကယ်၍ တစ်စုံတစ်ယောက်က ထိုပိုးမွှားများကို ရှူရှိုက်မိပြီး ကောင်လေး၏ အချက်ပြမှုအောက်တွင် ပိုးမွှားက ပေါက်ကွဲသွားပါက ထိုသူက စိတ်လှည့်စားမှုများကို ခံစားရလိမ့်မည်ပင်။

ယင်ရိလျိုသည်လည်း ဤကဲ့သို့သော စိတ်လှည့်စားမှုကို တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

ဤသည်က ဝေဝါးသောအိပ်မက်များနှင့် မနှိုင်းယှဉ်နိုင်ပေ။

အလွန်ပင် စစ်မှန်လွန်းပြီး လူတို့၏ ရင်ထဲ၌ ဝှက်ကွယ်ထားသော မြင်ကွင်းများကို အတိုင်းအဆမရှိ ပိုမိုကြီးထွားစေနိုင်၏။

အပူချိန်၊ အနံ့အသက်နှင့် အရသာများကိုပင် စစ်မှန်သည့်အတိုင်း ခံစားရစေသောကြောင့် အစစ်နှင့်အတုကို ခွဲခြားရန် မဖြစ်နိုင်လောက်အောင်ပင်။

ယင်ရိလျိုနှင့် ကျင်းယန်တို့က မှန်အမိုးခုံးရှိ လေဝင်လေထွက်ပေါက်မှတစ်ဆင့် ကောင်လေး လွှတ်လိုက်သော ပိုးမွှားအနည်းငယ်ကိုသာ ရှူရှိုက်မိခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်၌ ပိုးမွှားအနည်းငယ်သာ ပျံ့လွင့်နေခဲ့ခြင်းပင်။

ထို့အပြင် ကျင်းယန်၏ စိတ်ဓာတ်က အလွန်ပင် ခိုင်မာလွန်းသောကြောင့် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။

လွတ်မြောက်သွားပြီးနောက် စမ်းသပ်ခံပုဂ္ဂိုလ်တချို့က အော်ဟစ်လျက် စင်္ကြံလမ်းအတိုင်း ပြေးထွက်သွားကြသော်လည်း တချို့က ထိုနေရာတွင်ပင် တိတ်တဆိတ် ရပ်နေကြ၏။

မည်သည့်စွမ်းရည်ရှိကြောင်း မသိရသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက သူ့ကို ချည်နှောင်ထားသော သံကြိုးများက ပြတ်တောက်သွားပြီး အကာအကွယ်တံခါးက ပွင့်သွားသည့်တိုင် အခန်းထဲ၌သာ ကျုံ့ကျုံ့လေး ထိုင်နေပြီး အပြင်သို့ မထွက်ရဲပေ။

ဤကဲ့သို့သော လူမျိုးက အကြိမ်ကြိမ် နှိပ်စက်ခံရပြီးနောက် လွတ်လပ်ခွင့်ကိုပင် စွန့်လွှတ်လိုက်ကြသည်။

ထွက်ပြေးပြီး မလွတ်ခဲ့ပါက ထပ်ပြီး နှိပ်စက်ခံရမှာကို ကြောက်နေခြင်း ဖြစ်၏။

ထို့ကြောင့်လည်း သူက မပြေးတော့ခြင်းပင်။ မည်သို့ပင်ဖြစ်စေ ဤနေရာက စားစရာသောက်စရာရှိပြီး တစ်သက်လုံး စားဝတ်နေရေးအတွက် ပူစရာမလိုတော့ပေ။

အကယ်၍ အပြင်ကို လွတ်သွားလျှင်ပင် နောက်ဆက်တွဲ ပြဿနာပေါင်းစုံနဲ့ ရက်စက်လွန်းသည့် ကမ္ဘာပျက်ကပ်ကြီးထဲတွင် ရှင်သန်ရမည့် ဒုက္ခများကို ရင်ဆိုင်ရဦးမည် မဟုတ်ပါလား။

ကျင်းယန်က တခြားသူများကို ဂရုမစိုက်ဘဲ ကောင်လေး၏ လမ်းညွှန်မှုဖြင့် ကျင်းရူမုန်ကို ပွေ့ချီ၍ အတွင်းဝန်း၏ တခြားထွက်ပေါက်တစ်ခုဆီသို့ ဦးတည်လိုက်လေသည်။

ယင်ရိလျိုက ကျင်းယန်၏ ရင်ခွင်ထဲမှ ခေါင်းလေးပြူကြည့်လိုက်လျှင် သူမနောက်မှ ခြေတိုတိုနှင့် ကောင်လေးက အသက်ရှူသံများ ပြင်းထန်နေသည်ကို သတိပြုမိလိုက်ပေ၏။

ကျင်းယန်က ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း ထိုကလေးက သုံးလှမ်းလောက် ပြေးနေရသောကြောင့် မကြာမီမှာပင် နောက်၌ ပြတ်ကျန်ခဲ့တော့သည်။

သို့သော် ထိုကလေးက အော်ဟစ်ငိုယိုခြင်းမရှိဘဲ သူ၏ ခြေတိုတိုလေးများဖြင့် သတ္တိရှိစွာ ပြေးနေရှာသည်။

သူမ သက်ပြင်းတစ်ချက်ချလိုက်ကာ ကျင်းယန်၏ ရင်ခွင်ထဲမှ မြေပြင်သို့ ခုန်ဆင်းလိုက်ပြီး ချက်ချင်းပင် ယုန်နားရွက်နှင့် မိန်းကလေးအဖြစ်သို့ ပြောင်းလဲလိုက်ပေ၏။

ထို့နောက် သူမ၏ နောက်မှ ကလေးကို ပွေ့ချီလိုက်ပြီး စတင်ပြေးလွှားခဲ့လေ၏။ သူမ၏အရှိန်က ကျင်းယန်ထက် မလျော့ပေ။

ကလေးက ယုန်လေး၏ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် လန့်သွားသကဲ့သို့ ကြောင်အမ်းအမ်း ဖြစ်သွား၏။

လူကြီးလေးကဲ့သို့ တည်ငြိမ်နေသော အမူအရာက ပျက်သွားပြီးနောက်မှသည သူက ပို၍ တက်ကြွလာသောကြောင့် ယင်ရိလျိုက မနေနိုင်ဘဲ သူ၏ ဖောင်းကစ်နေသော ပါးလေးကို ဆွဲညှစ်လိုက်မိလေသည်။

သူမ၏ရင်ခွင်ထဲမှ ကောင်လေးက မာန အတော်ကြီးပုံရပြီး ချက်ချင်းပင် မျက်နှာလေးက နီရဲသွားကာ ရုန်းကန်လာသည်။

ယင်ရိလျိုက သူ၏ တင်ပါးလေးကို အသာပုတ်၍ ချိုသာသောအသံဖြင့် ပြောလိုက်လေ၏။

“ငြိမ်ငြိမ်နေစမ်းပါ!”

ကောင်လေးက ညွှန်ပြသောလမ်းက အတွင်းဝန်းရှိ တစ်ခုတည်းသော ပိုးသတ်စင်္ကြံလမ်း ဖြစ်၏။

ဤနေရာ၌ သေဆုံးသွားသော စမ်းသပ်ခံပုဂ္ဂိုလ်များနှင့် သန္ဓေပြောင်း အပင်၊ သတ္တဝါအမျိုးမျိုးကို ဤလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်လေ့ ရှိကြသည်။

ဤသည်က အသုံးနည်းပြီး အတော်ပင် လူသူကင်းမဲ့သော နေရာဖြစ်၏။

ကောင်လေးက ဤလမ်းကို သိနေခြင်းမှ် သူ၏ အသိစိတ်က ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသော ပိုးမွှားများတွင် ကပ်ငြိနိုင်ခြင်းကြောင့်ပင် ဖြစ်ပြီး၊ ဤသည်ကတစ်ဆင့် ပတ်ဝန်းကျင်ရှိ အခြေအနေကို အကြမ်းဖျင်း သိရှိနိုင်ခြင်း ဖြစ်သည်။

ဤစွမ်းရည်က လင်းကျားနှင့် ဆင်တူသော်လည်း၊ ကွာခြားချက်မှာ သူက သူအလိုရှိသကဲ့သို့ အာရုံမခံနိုင်ဘဲ ပိုးမွှားများက ပျံ့လွင့်သွားသလောက်ကိုသာ အသိစိတ်ကို ဖြန့်ကျက်နိုင်ခြင်း ဖြစ်လေ၏။

လင်းကျားကဲ့သို့လည်း ရှင်းလင်းစွာ မမြင်နိုင်ဘဲ ယေဘုယျအားဖြင့်သာ အာရုံရနိုင်လေသည်။

သူ၏ အဓိက စွမ်းရည်က စစ်မှန်လွန်းသော စိတ်လှည့်စားမှုများကို ဖန်တီးပေးခြင်းသာ ဖြစ်၏။

ကျင်းယန်က ရှေ့မှ ဦးဆောင်ခဲ့သည်။ သူက ယင်ရိလျို၏ နေရာလွတ်ထဲမှ ယူထားသော ဆံပင်တုကို ဝတ်ဆင်၍ မျက်နှာပေါ်တွင် အမာရွတ်ကြီးများကို လုပ်ကြံဖန်တီး၍ ရုပ်ဖျက်ထားသည်။

သူက လူသူနှင့် ဝေးရာတွင်လည်း ရည်ရွယ်ချက်ရှိရှိ ခေါင်းကိုငုံ့ထားသောကြောင့် ကင်မရာများက ရှိနေလျှင်ပင် သူ၏ မျက်နှာကို ရှင်းလင်းစွာ ရိုက်ကူးနိုင်မည် မဟုတ်ပေ။

သူက လက်ကို မြှောက်လိုက်လျှင် ဝှက်ထားသော ကင်မရာတချို့ ပြုတ်ကျသွားခဲ့လေ၏။ ထို့နောက်မှသာ ယင်ရိလျိုက အကွေ့မှ ထွက်ပေါ်လာခဲ့သည်။

ကောင်လေးက သူ၏ ပိုးမွှားများကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ လူများကို အာရုံခံနေပြီး၊ ပိုးမွှားများကို အဆက်မပြတ် ပေါက်ကွဲစေကာ စိတ်လှည့်စားမှုများကို ဖန်တီးပေးနေ၏။

ထို့နောက် လူများက မည်သည့်နေရာတွင် ရှိနေသည်ကို ကျင်းယန်နှင့် ယင်ရိလျိုကို ညွှန်ပြပေးလေသည်။

သူ၏ စိတ်လှည့်စားမှု စွမ်းရည်က အလွန်ပင် စစ်မှန်လွန်းလွန်းသောကြောင့် လမ်းတစ်လျှောက်တွင် ရပ်တန့်နေသော လူတချို့ကို ယင်ရိလျိုက မြင်တွေ့ခဲ့ရသည်။

သူတို့၏ မျက်နှာများက အမျိုးမျိုး ဖြစ်နေကြ၏။ တချို့က ပျော်ရွှင်စိတ်လှုပ်ရှားနေကြပြီး၊ တချို့က ဝမ်းနည်းခြင်း သို့မဟုတ် ထိတ်လန့်ခြင်းများကို ခံစားနေရလေ၏။ သူတို့၏ စိတ်ထဲမှ မမေ့နိုင်သော ပုံရိပ်များကြားတွင် ပိတ်မိနေကြပုံရသည်ပင်။

ထိုလူများက ပတ်ဝန်းကျင်ကို အာရုံမခံနိုင်တော့ဘဲ သွားလာ၍ မရတော့သောကြောင့် ကျင်းယန်က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် လွယ်ကူစွာပင် နှိမ်နင်းနိုင်ခဲ့သည်။

သူက အလွန်ပင် လျင်မြန်လွန်း၏။ လူတစ်ယောက်ကို ကျောပိုးထားသည့်တိုင် ဝိညာဉ်တစ်ခုကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့သည်။

နောက်မှ ကလေးကို ပွေ့ချီထားသော ယင်ရိလျိုကလည်း နောက်၌ ကျန်ရစ်ခြင်း မရှိပေ။

မိနစ်ပိုင်းအတွင်းမှာပင် သူတို့က ပူးပေါင်းဆောင်ရွက်၍ ပိုးသတ်စင်္ကြံလမ်း၏ အဝင်ဝသို့ ရောက်ရှိသွားကြလေ၏။

ထိုနေရာတွင် အနီအောက်ရောင်ခြည် စစ်ဆေးရေးဂိတ်တစ်ခု ရှိနေသည်။

ကျင်းယန်၏ အိတ်ကပ်ထဲတွင် သတိမေ့နေသော လောငရလီထံမှ ယူထားသည့် ဝန်ထမ်းကတ်က ရှိနေဆဲပင်။

သူက ကတ်ကို ထုတ်ယူ၍ စကင်န်ဖတ်ကြည့်သော်လည်း အလုပ်မလုပ်ခဲ့ပေ။

ဤနေရာက အဘိုးလီ သွားလာနိုင်သော နယ်မြေ မဟုတ်ပုံရသည်။

ထိုအချိန်တွင် ယင်ရိလျို၏ ရင်ခွင်ထဲမှ ကောင်လေးက ခပ်တိုးတိုး ပြောလာသည်။

“တစ်ယောက်ယောက် လာနေတာကို ကျွန်တော် ခံစားရတယ်၊ ဒါပေမဲ့ ဘယ်နှယောက်လဲဆိုတာကိုတော့ မသိဘူး”

ထွက်ပြေးသူများကို ဖမ်းဆီးမည့်သူများထဲတွင် သုတေသန ပညာရှင်များသာမက ဆင့်ကဲပြောင်းလဲသူ အဖွဲ့များနှင့် စစ်သားများစွာလည်း ပါဝင်လေသည်။

သူတို့၏ စိတ်ဓာတ်က သာမန်လူများထက် များစွာ ပို၍ ခိုင်မာလွန်းသောကြောင့် စိတ်လှည့်စားမှုများထဲမှ လျင်မြန်စွာ ရုန်းထွက်နိုင်ကြပေလိမ့်မည်။

ထိုသူတို့က ထိုမြင်ကွင်း၏ စစ်မှန်လွန်းမှုကြောင့် ခေတ္တအံ့သြသွားကြသော်လည်း၊ မကြာမီမှာပင် သတိပြန်ဝင်လာကာ ဖမ်းဆီးရေးအလုပ်ကို အလျင်အမြန် စတင်ကြသည်။

လီကျွင်းတစ်ယောက် အိမ်တွင် ညစာပြင်ဆင်နေချိန်တွင် သုတေသနဌာန၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ကြားသိလိုက်ရလေ၏။

သူက ဖိနပ်ပင် မလဲနိုင်တော့ဘဲ အတွင်းဝန်းဆီသို့ အပြေးအလွှား ရောက်လာခဲ့လေ၏။ သူရောက်လာချိန်တွင် သုတေသန ပညာရှင်များ ဝိုင်းအုံနေသည်ကိုသာ တွေ့ရတော့သည်။

လူတိုင်းက သူရောက်လာသည်ကို မြင်လျှင် ဆူညံနေသမျှ အသံများက တိတ်ကျသွားပြီး မည်သူကမျှ ခေါင်းမမော့ရဲကြပေ။

လီကျွင်းတစ်ယောက် ထိတ်လန့်သွားပြီး လူအုပ်ကို အတင်းတိုးဝှေ့၍ အတွင်းသို့ ဝင်ကြည့်လိုက်ပေ၏။

သူက မြင်လိုက်ရသည်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချန်ကျိုးဖင်း၏ အလွန်ပင် ပျက်စီးနေသည့် ရုပ်အလောင်းနှင့် ဗလာဖြစ်နေသော အခန်းများပင် ဖြစ်လေသည်။

ကျန်ရှိနေသူများထဲမှ တစ်ခန်းက နံပါတ် (၆) စမ်းသပ်ခံပုဂ္ဂိုလ်၏ အမိုးခုံးဖြစ်ပြီး အစမှအဆုံး ပွင့်မသွားခဲ့ပေ။

ကျန်တစ်ခန်းက တံခါးပွင့်သွားသည့်တိုင် ထွက်မပြေးဘဲ ကျန်ရစ်ခဲ့သော နံပါတ် (၈) လူလတ်ပိုင်း အမျိုးသားပင် ဖြစ်လေသည်။

လီကျွင်း၏ တည်ငြိမ်နေသော မျက်နှာအမူအရာကို ကြည့်ပြီး မည်သူကမျှ စကားမပြောရဲကြပါချေ။

အဘယ်ကြောင့်ဆိုသော် သူက ပို၍ တည်ငြိမ်လေလေ၊ ပို၍ ဒေါသထွက်နေလေလေဖြစ်ပြီး မကြာမီပင် ပေါက်ကွဲတော့မည်ဖြစ်ကြောင်းကို လူတိုင်းက သိထားကြသောကြောင့်ပင် ဖြစ်၏။

သူ၏ အပြုံးက အနည်းငယ် တောင့်တင်းနေပြီး ထိုလူလတ်ပိုင်း အမျိုးသား၏ ရှေ့တွင် ဖြည်းညှင်းစွာ ဒူးထောက်ထိုင်လိုက်လေသည်။

ထိုအမျိုးသားက လီကျွင်း၏ မျက်နှာကို မှတ်မိနေသူဖြစ်၍ သူ အနားသို့ ကပ်လာသည်ကို မြင်ချိန်တွင် တဆတ်ဆတ်တုန်ယင်သွားရရှာ၏။

“ပြောပါဦး၊ မင်းတို့အတွက် တံခါးကိုဖွင့်ပေးသွားတဲ့သူက ဘယ်လိုပုံစံမျိုးလဲ”

လီကျွင်းက အပြုံးတစ်ခုနှင့် မေးလိုက်ပေသည်။

လူလတ်ပိုင်း အမျိုးသားက ခဏမျှ စဉ်းစားပြီးနောက် ပြောလာသည်။

“အရမ်းလှတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ သူမက ဓားကွေးတစ်လက်ကို ကိုင်ထားပြီး အရမ်းသွက်လက်တဲ့ လှုပ်ရှားမှုတွေနဲ့ တံခါးကို ဖွင့်ပေးသွားတာ”

ထို့နောက် သူက မျက်နှာချိုသွေးသော အပြုံးဖြင့် ဆက်ပြောခဲ့သည်။

“ဒါပေမဲ့ တံခါးပွင့်သွားပေမဲ့ ကျွန်တော် အပြင်ကိုမထွက်ခဲ့ပါဘူး၊ ကျွန်တော်က ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး နေနေတာပါ”

ဓားကွေးကို ကိုင်ဆောင်ထားတဲ့ အမျိုးသမီးလား။

လီကျွင်း၏ မျက်ဝန်းများက မည်းမှောင်သွားပြီး မျက်လုံးများကို မှေးလျက် ကြင်နာသော အပြုံးမျိုးကို ထပ်မံ၍ ပြသလိုက်လေ၏။

သူက လက်ကို ဆန့်ထုတ်၍ ထိုအမျိုးသား၏ ဦးခေါင်းကို အသာအယာ ပုတ်လျက်ပြောလိုက်ပေသည်။

“လိမ္မာတယ်၊ ငါ မင်းကို နောက်မှ ဆုတစ်ခု ပေးမယ်”

အစောပိုင်းတွင် ကျင်းယန်က ဤစမ်းသပ်ခံပုဂ္ဂိုလ်များကို လွှတ်ပေးချိန်မှာပင် ကောင်လေးက ပိုးမွှားများကို ပေါက်ကွဲစေ၍ သူတို့ကို စိတ်လှည့်စားမှုများကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။

ထို့ကြောင့် လူတစ်ဦးချင်းစီ၏ ရှေ့တွင် ပေါ်လာသော ပုံရိပ်များက မတူညီကြပေ။

သို့သော် မည်သူကမျှ မသိလိုက်သည်မှာ ထိုလူလတ်ပိုင်း အမျိုးသားက စိတ်လှည့်စားခံရမှုကြောင့် ပန်းရောင် အင်္ကျီကိုဝတ်ထားသော လူငယ်နှစ်ဦးကို မြင်ခဲ့ခြင်းပင် ဖြစ်၏။

သူက အပြင်သို့ ထွက်မပြေးချင်သော်လည်း သူတစ်ပါးကို ဒုက္ခပေးမည့် စိတ်ပုပ်စိတ်ယုတ်မျိုး ရှိသူ မဟုတ်ပေ။

သူက သုတေသနဌာနတွင် သုတေသန တန်ဖိုးမရှိတော့သည့် အချိန်အထိ အရှက်တကွဲ ရှင်သန်နေထိုင်ကာ နောက်ဆုံး၌ မြေရိုင်းပြင်သို့ အပစ်ခံရပြီး မီးရှို့ဖျက်ဆီးခံရမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရသူ ဖြစ်၏။

သို့သော် သူက ဤသုတေသနဌာနအပေါ်တွင် အလွန်ပင် ကြောက်ရွံ့ပြီး နာကျည်းနေသောကြောင့်သာ တခြားသူများကို သစ္စာမဖောက်ခဲ့ခြင်းပင်။

All Chapters