← Chapters

လောကအသစ်တစ်ခုကိုဖွင့်လှစ်သည့်လမ်းစဉ်

Vol. 10 Ch. 981

လောကအသစ်တစ်ခုကိုဖွင့်လှစ်သည့်လမ်းစဉ်

Vol. 10 Ch. 981

ထိုသို့ ဆုံဖြတ်ပြီးသည်နှင့် ဆန်းချင်းချင်းက မေနန့်စန်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်ပြီး လူ့လောကသို့ ဆင်းသက်လာလေရာ လက်ဖက်ရည်တစ်အိုးစာ ကျက်သည့်အချိန်တွင် အသက်ရှည်စေခြင်းကျောင်းတော်သို့ ရောက်ရှိလာလေတော့သည်။

အသက်ရှည်စေခြင်းကျောင်းတော်သည် ယခင် ချင်းရွှမ်နတ်တံခါးတည်ရှိရာနေရာတွင် တည်ဆောက်ထားခြင်း ဖြစ်လေသည်။

ချင်းရွှမ်တောင်တစ်ခွင်သည် မြူခိုးတိမ်တိုက်များဖြင့် စိမ်းလန်းနေပြီး ကျယ်ပြန့်သည့်ပင်လယ်ပြင်ကြီးနှင့်လည်း ထိစပ်လျှက် ရှိလေသည်။ လောကပထမ နတ်ဘုရားတို့စံပျော်ရာ နယ်မြေတစ်ခုဟု သတ်မှတ်နိုင်လေ၏။

ဆန်းချင်းချင်းက တိမ်တိုက်တစ်ခုထက်တွင်ရပ်နေပြီး အောက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

ထိုအခါ ထောင်ပေါင်းများစွာသော နတ်မိစ္ဆာစစ်သည်တော်များသည် အသက်ရှည်စေခြင်းကျောင်းတော်ကို ဝိုင်းထားသည်ကို တွေ့လိုက်ရလေသည်။

သူတို့၏ အလံများ ၊ အလံရှည်များက နေရောင်အောက်တွင် တဖိတ်ဖိတ်တောက်ပလျှက်ရှိပြီး အင်အားအလုံးအရင်းဖြင့် အသက်ရှည်စေခြင်းကျောင်းတော်ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။

အလံရှည်တစ်ခုထက်တွင် "ပင်လယ်သခင် အရှင်ကြီး" ဆိုသည့် စာတမ်းကို ရေးထိုးထားလေသည်။

ရေးထိုးထားသည့်စာလုံးဟန်မှာ မိုးကုတ်စက်ဝိုင်းဆီတွင် ပျံသန်းနေသည့် နဂါးတစ်ကောင်အလား ခမ်းနားလွန်းလှသည်။ ထို အလံရှည်၏ဘေးနားတွင် ငွေရောင်သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည့် နတ်မိစ္ဆာတစ်ပါး မတ်တတ်ရပ်လျှက် ရှိလေသည်။

ဆန်းချင်းချင်းက ထို ငွေရောင်သံချပ်ကာဝတ်စုံဝတ်ဆင်ထားသည့် နတ်မိစ္ဆာကို တစ်ချက်ကြည့်လိုက်ပြီး…

"အဲဒီလူက ပင်လယ်သခင် အရှင်ကြီး ဆိုတဲ့သူလား…"

မေနန့်စန်းက…

"မဟုတ်ဘူး ၊ ပင်လယ်သခင်အရှင်ကြီးရဲ့ တတိယသားတော်ပါ…"

ဆန်းချင်းချင်းက ပျင်းရိပျင်းတွဲလေသံဖြင့်…

"တတိယသားတော်ကိုတောင်မနိုင်ဘူးဆိုတော့ ၊ ရှင်လည်း အတော်အသုံးမကျတာပဲ…"

ဆန်းချင်းချင်း၏ စကားကြောင့် မေနန့်စန်းစိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။

ထိုနတ်မိစ္ဆာမှာ ပင်လယ်သခင်အရှင်ကြီး မဟုတ်သော်လည်း ထိုသူသည် မိုးကောင်းကင်နတ်ဘုရားတစ်ပါးအလား တန်ခိုးစွမ်းအားကြီးမားသူဖြစ်လေသည်။

ထို့ပြင်… နတ်မိစ္ဆာစစ်သည်တော်များကလည်း များပြားလွန်းလှပြီး ပင်လယ်သခင်အရှင်ကြီး၏ လက်အောက်မှ နတ်မိစ္ဆာစစ်ဗိုလ်ချုပ်များမှာ အလွန်မှ စွမ်းအားထက်မြက်သူများ ဖြစ်ကြလေသည်။

အသက်ရှည်စေခြင်းကျောင်တော်တွင်သာ တန်ခိုးစွမ်းအားနက်ရှိုင်းသည့် ကျင့်ကြံသူများ မရှိဘူးဆိုလျှင် ထို နတ်မိစ္ဆာစစ်တပ်ကြီးကို မည်သည့်နည်းနှင့်မှ ဤမျှအချိန်ကြာကြာ တောင့်ခံထားနိုင်မည်မဟုတ်ပေ။

အသက်ရှည်စေခြင်းကျောင်းတော် ထိုနတ်မိစ္ဆာများနှင့် တိုက်ခိုက်နေရသည်မှာ တစ်နေ့နှင့်တစ်ညတိတိ ရှိပြီ ဖြစ်သည်။

မေနန့်စန်းက…

"မင်းသမီးလေး… ကျုပ်တို့ကို အရင်ကူညီပါဦးဗျာ…"

ဆန်းချင်းချင်းက …

"ကောင်းပြီ…"

ဆန်းချင်းချင်းမှာ ထိုက်ယီမရဏဓား (၇)လက် ကို ကျင့်ကြံအောင်မြင်ပြီးသော်လည်း ထိုဓားသိုင်းပညာကိုအသုံးပြုပြီး တစ်ခါမှ တိုက်ခိုက်ဖူးခြင်း မရှိသေးပေ။

သူမက ထာဝရဓားကို ဆွဲထုတ်လိုက်လေသည်။

ထာဝရဓားမှ တောက်ပလင်းလက်သည့် ဓားရောင်ကို တွေ့မြင်လိုက်ရသည်နှင့် နတ်မိစ္ဆာများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ထို့နောက် အချင်းချင်း တီးတိုးသတိပေးလိုက်ကြပြီး စုရုံးလိုက်ကြလေသည်။

ထိုအချိန်မှာပင်… ငွေရောင်သံချပ်ကာဝတ်ဆင်ထားပြီး ထူးခြားသည့်ဟန်ပန်ရှိသော နတ်မိစ္ဆာက အရှေ့သို့ ထွက်လာလေ၏။ သူ၏မျက်လုံးများက အနီရောင်တောက်ပလျှက်ရှိလေ၏။

ထိုသူမှာ ပင်လယ်သခင် အရှင်ကြီး၏ တတိယသားတော် ၊ နဂါးမင်းသားပင် ဖြစ်လေသည်။

ငွေရောင်သံချပ်ကာဝတ် နဂါးမင်းသားက ဆန်းချင်းချင်းကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး…

"မင်းက ဘယ်သူလဲ…"

ဆန်းချင်းချင်းက ချင်းဆွေအနွယ်တော်များ၏ နတ်မျက်စိပညာကိုအသုံးပြုပြီး ငွေရောင်သံချပ်ကာဝတ် နဂါးမင်းသားကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ရန်သူ၏ ကျင့်ကြံခြင်းအဆင့်က သူမလောက်မမြင့်မားသည်ကို သိလိုက်ရသည့်အခါ တစ်ချက်ရယ်မောလိုက်ရင်း…

"ငါက နင့်အသက်ကို နှုတ်မယ့်သူပဲ…"

ငွေရောင်သံချပ်ကာဝတ်နဂါးမင်းသား ဒေါသချောင်းချောင်းထွက်သွားပြီး ဆန်းချင်းချင်းကို စတင်တိုက်ခိုက်လိုက်သည်။

သို့သော်… သူ ဆန်းချင်းချင်း၏ ထာဝရဓားမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ။

ထို့ပြင်… ဆန်းချင်းချင်းသည်လည်း တာအိုဆရာသခင်ထိုင်ယီ၏ ထိုက်ယီမရဏဓားပညာကို သင်ယူထားလေရာ ဓားရောင်တစ်ချက်လင်းလက်သွားသည်နှင့် စက္ကန့်ပိုင်းအတွင်းမှာပင် ငွေရောင်သံချပ်ကာဝတ် နဂါးမင်းသား၏ ဦးခေါင်းမှာ မြေပြင်ထက်သို့ ပြတ်ကျသွားလေတော့သည်။

အမှန်တော့ ငွေရောင်သံချပ်ကာဝတ် နဂါးမင်းသားမှာလည်း ခေသူတစ်ယောက်မဟုတ်ပေ။ သူက ခေါင်းတစ်လုံးပြတ်သွားလျှင် နောက်ထပ်ဦးခေါင်းအသစ်တစ်လုံး ပြန်ပေါက်လာအောင် လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်လေသည်။

သို့သော်… ဆန်းချင်းချင်းက တာအိုဆရာသခင်ထိုက်ယီ၏ ထိုက်ယီမရဏဓား (၇)လက်ကို ထုတ်ဖော်အသုံးပြုလိုက်သည့်အတွက် ငွေရောင်သံချပ်ကာဝတ် နဂါးမင်းသားမှာ ခေါင်းပြတ်သွားသည်သာမက ဝိညာဉ်ပါ အပိုင်းပိုင်းကွဲကြေသွားလေတော့သည်။

ထိုက်ယီမရဏဓား၏ တန်ခိုးစွမ်းအား မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို တွေ့လိုက်ရသည့်အခါ ဆန်းချင်းချင်းကိုယ်တိုင်ပင် အံ့အားသင့်သွားမိလေသည်။

သူမ ဓားလေးတစ်ချက်ဝှေ့ရမ်းလိုက်ရုံမျှသာရှိသေးသည် ပွဲက ပြီးသွားခဲ့ပြီ ဖြစ်လေ၏။

ထိုက်ယီမရဏဓားနှင့် ထာဝရဓားကို ပေါင်းစပ်အသုံးပြုပြီး ငွေရောင်သံချပ်ကာဝတ် နဂါးမင်းသားကို ဆန်းချင်းချင်း လွယ်လွယ်ဖြင့် အနိုင်ယူလိုက်နိုင်ပြီ ဖြစ်လေသည်။

ထို့နောက် ဆန်းချင်းချင်းက ဓားကို တစ်ချက်ထပ်မံဝှေ့ရမ်းလိုက်လေရာ ကောင်းကင်ထက်တွင် မရေမတွက်နိုင်သည့် ရွှေရောင်အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာပြီး သောင်းနှင့်ချီသည့် နတ်မိစ္ဆာစစ်သည်တော်များစွာ အသက်ပျောက်သွားကြလေတော့သည်။

ကျန်ရှိနေသည့် နတ်မိစ္ဆာများမှာ ကြောက်ရွံ့ထိတ်လန့်သွားကြပြီး ပင်လယ်ထဲသို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြလေတော့သည်။

ဆန်းချင်းချင်းတစ်ယောက်တည်းတိုက်ခိုက်လိုက်သည်နှင့် အသက်ရှည်စေခြင်းကျောင်းတော်ရင်ဆိုင်နေရသည့် အခက်အခဲများအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားကြလေတော့သည်။

မေနန့်စန်းမှာလည်း များစွာ အံ့အားသင့်နေပြီး ရွှင်ရောင်းနှင့် အသက်ရှည်စေခြင်းကျောင်းတော်မှ အခြားသော ကျင့်ကြံသူများမှာလည်း အံ့သြမှင်တက်လျှက် ရှိကြသည်။

နတ်မိစ္ဆာစစ်သည်တော်များ ဆုတ်ခွာသွားကြသည်နှင့် အသက်ရှည်စေခြင်းကျောင်းတောင်မှ လူအများက ဆန်းချင်းချင်းရှိရာသို့ ဝန်းရံလာကြပြီး ဂါရဝပြုနှုတ်ဆက်ကြလေသည်။

ဆန်းချင်းချင်းမှာ မည်သည့်ခေတ်အခါက ဘိုးဘေးတစ်ပါးဖြစ်သည်ကို သူတို့ မသိရှိကြသော်လည်း အနည်းငယ်ပင် မလေးမစားမလုပ်ရဲကြပေ။

ထို့နောက် မေနန့်စန်းက ဆန်းချင်းချင်းအကြောင်းကို မိတ်ဆက်ပေးလိုက်လေသည်။

ဆန်းချင်းချင်း မည်သူမည်ဝါဖြစ်သည်ကို သိရှိသွားကြသည့်အခါ အားလုံးမှာ အံ့သြလွန်းမက အံ့သြကုန်ကြလေတော့သည်။

………..

အသက်ရှည်စေခြင်းကျောင်းတော် ရင်ဆိုင်နေရသည့် ဘေးအန္တရယ်ကို ဆန်းချင်းချင်းက ကာကွယ်ပေးနေချိန်တွင် ဆန်းလျန်နှင့် လီချင်းဆွေတို့၏ ကိစ္စသည်လည်း အဆုံးသတ်ခါနီးပြီ ဖြစ်လေသည်။

ချင်းဆွေထျန်းကောင်ကင်ဘုံရှိ တာအိုနန်းတော်ကြီးတွင် အရှိန်အဟုန်ဖြင့် မြင့်တက်နေသည့် ကြည်လင်သည့် ရေများက ငြိမ်သက်သွားပြီး  တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

ဆန်းလျန်၏ ဦးခေါင်းထက်တွင် ကြည်လင်သည့်တိမ်တိုက်တစ်ခု လင်းလက်နေပြီး သူ၏ မျက်ခုံး (၂)ခုကြားတွင် မူလဝိညာဉ်ခန္ဓာ (၃)ခု၏ သင်္ကေတ ဖြစ်ပေါ်လာသည်။

ဆန်းလျန်၏ နှုတ်ခမ်းများ အသာပွင့်ဟလာပြီး လေတစ်ချက်မှုတ်ထုတ်လိုက်လေသည်။

ထိုအခါ…  ပန်းချီကားတစ်ချပ် ၊ ခေါင်းလောင်းတစ်လုံးနှင့် ရှည်လျားသည့် အလံတစ်ခု လေထဲတွင် ထွက်ပေါ်လာလေသည်။

ထိုမှော်ဝင်ရတနာပစ္စည်းများသည် အစီအစဉ်တကျ ဖြစ်တည်နေပြီးနောက် လေထဲတွင် ပုဆိန်တစ်ခု ထွက်ပေါ်လာလေသည်။

ထို့နောက် ပရမ်းပတာဖြစ်နေသည့် အငွေ့အသက်များနှင့် လောကတစ်ခုထွက်ပေါ်လာပြီး ထိုအရာများအားလုံးက ဆန်းလျန်နှင့် လီချင်းဆွေ အကြားရှိ ဗလာနယ်ထဲတွင် အချိန်အတန်ကြာ တည်ရှိနေလေသည်။

ထို့နောက် သဲလွန်စမရှိမကျန်အောင် ပေါက်ကွဲပျက်စီးသွားလေတော့သည်။

ဆန်းလျန်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး လီချင်းဆွေကို ကြည့်လိုက်သည်။

"ဒါက လောကအသစ်တစ်ခုကိုဖွင့်လှစ်တဲ့ လမ်းစဉ်ပဲ …"

လီချင်းဆွေက…

"အင်း… မင်းပြောပြလို့ ဒီလမ်းစဉ်ကို ငါ နားလည်သဘောပေါက်သွားပါပြီ ၊ ဒါပေမဲ့ လက်တွေ့ပြုလုပ်နိုင်ခြင်းတော့ မရှိသေးဘူး…"

ဆန်းလျန်က…

"ဒါဖြင့်လည်း စကြာဝဠာကြီးပျက်သုဉ်းတဲ့ အဆုံးသတ်အချိန်ကို စောင့်ကြတာပေါ့…"

လီချင်းဆွေက တည်ကြည်သည့်မျက်နှာထားဖြင့်…

"ဒီအခွင့်အရေးကို  မင်း ငါ့ကို ပေးမလား ၊ မပေးဘူးလားဆိုတာအပေါ်မှာ မူတည်တယ်လေ…"

ဆန်းလျန်က…

"တာအိုဆရာချင်းဆွေ သံသယတွေ မရှိပါနဲ့ ၊ အခု မင်းက ဟွင့်ယွမ်တာအိုသစ်သီးကို ကျုပ်ကို ဖွင့်ပြပြောဆိုခဲ့လို့ ကျုပ်ရဲ့ ရှန်းထျန်းဝူထိုက်ကျင့်စဉ် ကျင့်ကြံအောင်မြင်ခဲ့ရတယ် ၊ ဒါကြောင့် ဆန်းလျန် မင်းအပေါ် အကြွေးတင်နေခဲ့တယ် ၊ ဒါပေမဲ့ အခု ဆန်းလျန် မင်းအပေါ်မှာ အကြွေးတင်စရာ မရှိတော့ပါဘူး…"

လီချင်းဆွေက…

"ငါ မင်းရဲ့စိတ်ထားဘယ်လိုရှိတယ်ဆိုတာ အစောကြီးကတည်းက သိပြီးသားပါ ၊ မင်းက ဘယ်တော့မှ မင်းဘက်က အရှုံးခံပြီး ဘာကိုမှ လုပ်လေ့မရှိသလို တခြားသူတွေဆီကလည်း အချောင်မလိုချင်တတ်ဘူး ၊ ဒါပေမဲ့ မင်းက စန့်ချင်တာအိုဆရာသခင်နဲ့ ပတ်သက်တဲ့ လောအသစ်တစ်ခုဖွင့်လှစ်တဲ့လမ်းစဉ်ကို ငါ့ကို မခြွင်းမချန် ပြောပြလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး ၊ အခု မင်း ရှန်းထျန်းဝူထိုက်ကျင့်စဉ် အောင်မြင်သွားပေမယ့် ငါက မင်းထက်အရင် သံသရာကို ကျော်လွန်နိုင်ဖို့ (၃၀)ရာခိုင်နှုန်း သာသွားပြီပေါ့… သိတယ်မလား…"

ဆန်းလျန်က ပြုံးလိုက်ရင်း အေးဆေးသည့်လေသံဖြင့်…

"(၃၀) ရာခိုင်နှုန်းထဲလား…"

ထို့နောက် ဆန်းလျန် နေရာမှ ထလိုက်ပြီး နောက်ပြန်တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ချင်းဆွေထျန်းကောင်းကင်ဘုံမှ ထွက်ခွာသွားလေတော့သည်။

နဂါးငွေ့တန်းတွင် လှိုင်းများပြင်းထန်စွာ ထနေပြီး ဆန်းလျန်သည် လှိုင်းလေများကြားထဲမှ ဆန်းလျန် ထွက်ပေါ်လာလေသည်။

သူ၏ပုံစံက လှိုင်းလေများကြားထဲတွင် ကူးခတ်နေသည့် ငါးလေးတစ်ကောင်အလား ဖြစ်လေသည်။

ဆန်းလျန်၏ မျက်လုံးများတွင် စိတ်ရှုတ်ထွေးနေသည့် ခံစားချက်များကို တွေ့မြင်ရမည်ဖြစ်သော်လည်း သူက စကြာဝဠာကို ဖြတ်ကျော်ထွက်ခွာနေသည့် အရှိန်ကို တစ်ချက်ပင် လျှော့လိုက်ခြင်း မရှိပေ။

လက်ရှိအချိန်တွင် ဆန်းလျန်၏ ခံစားချက်ကို မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။

ဆန်းလျန် ချင်းဆွေထျန်းကောင်းကင်ဘုံမှ ထွက်ခွာသွားပြီးနောက် တာအိုဆရာလီချင်းဆွေက ဆန်းလျန်ကို တားဆီးရန်အတွက် အတားအဆီး (၃၃)မျိုးကို ပြုလုပ်လိုက်သည်။

သို့သော်… ထိုအတားအဆီးများက ဆန်းလျန်ကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပေ။ လီချင်းဆွေက အံ့သြသွားခြင်းမရှိသော်လည်း ထိုသို့ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားဟန် မရှိပေ။

ဆန်းလျန်သည် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန်အတွက် အဆုံးစွန် နီးစပ်နေပြီ ဖြစ်လေသည်။ တာအိုဆရာသခင်တစ်ပါးအဖြစ် အဆင့်တက်ရောက်ပြီး သံသရာကိုကျော်လွန်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

ဆန်းလျန် လောကကို ကြည့်မြင်လိုက်သည့်အခါ မည်သည့်တန်ခိုးစွမ်းအားကိုမှ အသုံးမပြုဘဲ တစ်လောကလုံး၏ အနှစ်သာရများကို တွေ့မြင်နေရလေသည်။ အရာအားလုံးကို ဖန်သားပြင်ပမာ ထိုးဖောက်တွေ့မြင်နေရလေ၏။

နဂါးငွေ့တန်းမြစ်ရေထဲမှ ငါးလေးများက ဆန်းလျန်ကို ဖြတ်သန်းကူးခတ်သွားကြပြီး ဆန်းလျန်သည် ပုံရိပ်ယောင်တစ်ခုအလား ကြည်လင်လျှက် ရှိသည်။

ထို့အတူ ဆန်းလျန်၏ မျက်ဝန်းထဲတွင်လည်း လောကကြီးတစ်ခုလုံးက ပုံရိပ်ယောင်အလား ကြည်လင်လျှက် ရှိလေသည်။

အချိန်ရေစီးကြောင်းက သူ့ရှေ့တွင် စီးမျောနေသည်ဆိုလျှင် သူသည် ရုပ်ရှင်တစ်ပုဒ်ကို နောက်ပြန်ရစ်လိုက်သလို သမိုင်းကို ပြန်လည် ရစ်ယူမိမည်ဖြစ်သည်ဟု ဆန်းလျန် တွေးလိုက်မိသည်။

ထိုခံစားချက်က သူလုပ်ချင်သည့်အလုပ်များကို လုပ်ရန်အတွက် ယုံကြည်ချက်အပြည့်ရှိစေသလို သူလိုချင်သည့်အရာများကို ရယူနိုင်ရန်လည်း ယုံကြည်မှုရှိစေသည်။

အချိန်၏ ကန့်သတ်ချက်သည် ဆန်းလျန်အတွက် အဓိပ္ပါယ်ကင်းမဲ့သွားပြီး "တစ်ခဏနှင့် ထာဝရ" သည် ဆန်းလျန်အတွက် ခြားနားခြင်း မရှိတော့ပေ။

လောကရှိ အရာအားလုံးက အမှန်တရား မဟုတ်ပေ။ သို့သော်… သူ့အဓိပ္ပါယ်နှင့်သူ ပြီးပြည့်စုံလျှက် ရှိလေသည်။

အမှန်တော့ တာအိုဆရာလီချင်းဆွေ ဟွင့်ယွမ်တာအိုသစ်သီးကို ဖွင့်ပြခဲ့ခြင်း မရှိလျှင်တောင်မှ ဆန်းလျန်က ဤအခြေအနေသို့ သိပ်မကြာမီ အဆင့်တက်ရောက်နိုင်မည့်သူ တစ်ယောက် ဖြစ်သည်။

ယခုတော့ ဆန်းလျန် ရှန်းထျန်းဝူထိုက်ကို အောင်မြင်ခဲ့ပြီ ဖြစ်သည့်အတွက် ဤအခြေအနေသို့ မြန်မြန်ဆန်ဆန် အဆင့်တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူ၏ကံကြမ္မာကို သတ်မှတ်နိုင်ခဲ့ပြီး  မည်သည့်တာအိုဆရာသခင်ကြီးမှ သူ၏ကံကြမ္မာကို လာရောက်ပြုပြင်ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။

ဆန်းလျန်က ချင်းဆွေထျန်းကောင်းကင်ဘုံကို တစ်ချက်လှည့်ကြည့်လိုက်လေသည်။

သူ၏မျက်ဝန်းများထဲတွင် လီချင်းဆွေ၏ လှပသည့်မျက်နှာကို တွေ့မြင်လိုက်ရသည်။

ဆန်းလျန်က လီချင်းဆွေထံသို့ အသံပို့လွှတ်ကာစကားပြောလိုက်သည်။

"အခုအချိန်ကစပြီး ကျုပ်ဘဝမှာ နားမလည်နိုင်ဆုံးလူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီလူက မင်းပါပဲ ချင်းဆွေ…"

ချင်းဆွေထျန်းကောင်းကင်ဘုံတွင် ထိုင်နေသည့် လီချင်းဆွေ၏ မျက်လုံးများထဲတွင်လည်း ဆန်းလျန်ကို မြန်နေရဟန် ရှိလေသည်။

သူမ၏ မျက်ဝန်းများက တောက်ပနေသော်လည်း ခံစားချက်ကင်းမဲ့လျှက် ရှိသည်။

ထိုမျက်ဝန်းများကြောင့် ဆန်းလျန်၏ ရင်ထဲတွင် အနည်းငယ် ဂယက်ထသွားခဲ့လေတော့သည်။

***

All Chapters