အခန်း (၇-၈)
Vol. 1 Ch. 7-8
အပိုင်း ၇
ကျန်းမန်မန် ထိုသက်လတ်ပိုင်းအရွယ် ဝါရင့်ရဲအရာရှိကို ကြည့်ကာ ပြောလိုက်သည်။ “ကျွန်မ ဒီလူငယ်ရဲအရာရှိကို သူခိုးကို အကာအကွယ်ပေးမှု၊ နောက်ပြီး အားပေးအားမြှောက်ပြုမှုတွေနဲ့ တိုင်ကြားချင်ပါတယ်။”
လူငယ်ရဲအရာရှိသည် မျက်မှောင်ကြုတ်လျက် ကျန်းမန်မန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “မင်းကို ငါသတိပေးလိုက်မယ်၊ စကားကို လျှောက်မပြောနဲ့။ ဒါက မဟုတ်မမှန် စွပ်စွဲနေတာပဲ!”
“ဟုတ်တယ်၊ ကျွန်မ သူမဆီက ဘာမှမခိုးထားဘူး။ သူမက ကျွန်မကို မဟုတ်မမှန် စွပ်စွဲနေတာ!”
ရဲအရာရှိကြီးသည် မျက်မှောင်ကြုတ်လျက် ကျန်းမန်မန်ကို ကြည့်ကာ မေးလိုက်သည်။
“အမျိုးသမီးရဲဘော်.. မင်းပြောတာတွေအတွက် ခိုင်လုံတဲ့ သက်သေရှိလို့လား။”
ကျန်းမန်မန်သည် သူတို့နှင့် အကျိုးအကြောင်းပြောရန် စိတ်မကူးနေတော့ဘဲ တိုက်ရိုက် လုပ်ဆောင်လိုက်တော့သည်။
သူမသည် ရှေ့သို့တစ်လှမ်းတိုးကာ ထိုအဘွားကြီး၏ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး သူမ၏ အာကာသထဲမှ အခုလေးတင် ထုတ်ယူလိုက်သော သူမအမည်ရေးထားသည့် ငွေစက္ကူတစ်ရွက်ကို ဆွဲထုတ်လိုက်သည်။
သူမသည် ထိုငွေကို အရာရှိကြီးထံ ကမ်းပေးရင်း ပြောလိုက်သည်။ “ဒါက ကျွန်မပိုက်ဆံပါ။ ဒီမှာ ကျွန်မနာမည် ရေးထားပါတယ်။”
သူမ၏ အိတ်ကပ်ထဲတွင် နောက်ထပ် တစ်ရွက်ရှိနေသေးကြောင်းလည်း သတိပေးလိုက်သေး၏။
အဘွားကြီးလည်း ထိတ်လန့်သွားတော့သည်။ သူမသည် ငွေညှစ်ရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် ခိုးယူခဲ့ခြင်းတော့ မရှိပေ။
လူငယ်ရဲအရာရှိပင်လျှင် မှင်တက်သွားခဲ့တော့သည်။ သူ၏ တတိယအဒေါ်သည် ဘာကြောင့် ငွေခိုးရသည်လဲ။
ထိုခေတ်က ငွေမပျောက်စေရန် ငွေစက္ကူပေါ်တွင် အမည်ရေးမှတ်ထားခြင်းသည် အလေ့အထတစ်ခု ဖြစ်သည့်အတွက် မည်သူကမှ ထူးဆန်းသည်ဟု မထင်ကြပေ။
အရာရှိကြီးသည် ကျန်းမန်မန် ကမ်းပေးသော ငွေစက္ကူကို ယူကြည့်လိုက်သည်။ ထို့နောက် သူမ၏ နယ်ဘက်သို့သွားမည့် ထောက်ခံစာကို တစ်ချက်ကြည့်ကာ အဘွားကြီးနှင့် လူငယ်ရဲအရာရှိကို လှည့်ကြည့်လိုက်၏။
အဘွားကြီးသည် အလျင်အမြန် လက်ကာပြရင်း ငြင်းဆိုတော့သည်။
“ကျွန်မ မလုပ်ပါဘူး! ကျွန်မ မတရားစွပ်စွဲခံနေရတာပါ! ကျွန်မ -”
သူမ စကားပြောနေရင်း သူမ၏ အိတ်ကပ်ထဲမှ နောက်ထပ် ငွေစက္ကူတစ်ရွက်ကို နှိုက်မိသွားပြန်သည်။ သူမ အံ့အားသင့်စွာဖြင့် ၎င်းကို ဖြန့်ကြည့်လိုက်သောအခါ ကျန်းမန်မန်၏ အမည်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရတော့သည်။
“ဒါ.. ဒါတွေက ဘယ်လိုဖြစ်ကုန်တာလဲ။ ကျွန်မ ဘာမှ မခိုးပါဘူး!”
ကျန်းမန်မန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ဆိုလိုက်၏။ “အဒေါ့်မှာ အကျင့်စာရိတ္တကောင်း လုံးဝမရှိဘူးပဲ။ ကျွန်မက ထိုင်ခုံမပေးရုံလောက်နဲ့ ကျွန်မက ထောင်ကျသင့်တယ်၊ အပစ်ခံရသင့်တယ် ဟုတ်လား။ အခု အဒေါ်လုပ်နေတဲ့ အပြုအမူတွေကကော ဘာလဲ။ အရာရှိကြီး.. ဒီလို လူမှုရေးပြဿနာရှိနေတဲ့သူမျိုးကို ရှင်းလင်းပစ်သင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က ထောင်ကျသင့်တယ်၊ အပစ်ဒဏ်ခံရသင့်တယ်ဆိုရင် အဲ့ဒါ သူမပဲ ဖြစ်ရမယ်။ အဒေါ်ရော အဲ့လို မထင်ဘူးလား။”
သူမသည် အရာရှိကြီးကို ပြောပြီးနောက် လူငယ်ရဲအရာရှိဘက်သို့ လှည့်လိုက်သည်။ “ဒီရဲဘော်က သူမကို အကာအကွယ်ပေးနေတာကို ကြည့်ရရင် သူတို့က တစ်ဖွဲ့တည်း ဖြစ်နိုင်တယ်။ ရဲအရာရှိကြီး.. ရှင့်ရဲ့ ဝန်ထမ်းခေါ်ယူမှု စံနှုန်းတွေက တော်တော်လေး နိမ့်နေပုံရတယ်နော်! ခုနကတောင် ကျွန်မဆီက ယွမ် ၁၀ ပေးလိုက်ရင် ဒီကိစ္စကို သီးသန့် အပြတ်ဖြတ်ပေးမယ်လို့ ပြောခဲ့သေးတယ်။ အခုကျတော့ -”
“အခု ဘာဖြစ်လဲ။ ငါ မယူဘူးဆိုတာက တကယ် မယူတာပဲ! နင် ငါ့ကို မဟုတ်မမှန် စွပ်စွဲနေတာ! ငါ အသေသာခံလိုက်မယ်၊ ဝန်မခံနိုင်ဘူး!”
“အဒေါ် မယူဘူးဆိုရင် ဒီပိုက်ဆံတွေက အဒေါ့်အိတ်ထဲကို အလိုလို လမ်းလျှောက်ဝင်သွားတာလား။”
အဘွားကြီးလည်း ခေတ္တမျှ ဆွံ့အသွားပြီးမှ ပြန်လည်အော်ဟစ်လေတော့သည်။ “နင် ငါ့ကို ထောင်ချောက်ဆင်တာ! ဟုတ်တယ်၊ နင်ပဲ! ဒါ ငါ့အမှားမဟုတ်ဘူး၊ ငါ နင့်ပိုက်ဆံကို မယူခဲ့ဘူး!”
ကျန်းမန်မန်သည် ထိုအဘွားကြီးကို လျစ်လျူရှုထားပြီး ရဲအရာရှိကြီးကိုသာ တိုက်ရိုက်မေးမြန်းလိုက်သည်။ “အရာရှိကြီး.. အခု ဘယ်လိုလုပ်မှာလဲ။ ကျွန်မ ဆင်းရမဲ့ဘူတာ ရောက်တော့မှာမို့လို့ စိတ်ကျေနပ်လောက်တဲ့ ဖြေရှင်းချက်ကို အမြန်ဆုံး ပေးစေချင်ပါတယ်!”
ရဲအရာရှိကြီးသည် အဘွားကြီး၏အိတ်ထဲမှ ဆွဲထုတ်လိုက်သော ကျန်းမန်မန်အမည်ပါ ငွေစက္ကူကို ကြည့်ကာ ပြောလိုက်သည်။
“သက်သေက အထင်အရှားရှိနေတာပဲ။ မင်းအတွက် စိတ်ကျေနပ်လောက်တဲ့ ဖြေရှင်းချက်မျိုး ငါတို့ ပေးမှာပါ။”
စကားပြောရင်း သူ၏အိတ်ကပ်ထဲမှ ငွေစက္ကူနှစ်ရွက်ကို ထုတ်ယူကာ ကျန်းမန်မန်ထံ ကမ်းပေးလိုက်သည်။
“ဒီအမှတ်အသားပါတဲ့ ငွေစက္ကူနှစ်ရွက်ကိုတော့ ငါတို့က အမှုအတွက် သက်သေခံအဖြစ် သိမ်းထားရမှာမို့လို့၊ ဒီငွေနှစ်ရွက်ကို မင်းအတွက် အစားထိုးလဲပေးလိုက်မယ်။ ဒါပေမဲ့ မင်းအနေနဲ့ ရဲရုံးခန်းကိုလိုက်ပြီး ထွက်ဆိုချက်ပေးဖို့တော့ လိုအပ်တယ်။”
“ရပါတယ်!” ကျန်းမန်မန် တွန့်ဆုတ်မနေဘဲ သဘောတူလိုက်၏။
သူမသည် သူမ၏ပစ္စည်းများကို ယူဆောင်ကာ သူတို့အနောက်မှ ရဲရုံးခန်းသို့ လိုက်သွားတော့သည်။ ဘေးနားရှိ မိန်းကလေးကတော့ သူမကို စိုးရိမ်တကြီး ကြည့်နေခဲ့၏။
“ရဲဘော်.. ရှင့်အတွက် သက်သေလိုက်ပေးဖို့ လိုမလား။”
ထိုမိန်းကလေးသည် ဤမျှအထိ တက်ကြွစွာ ကူညီချင်လိမ့်မည်ဟု ကျန်းမန်မန် မထင်ထားခဲ့ပေ။ သူမသည် ခေါင်းခါပြလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ရဲဘော်၊ ဒါပေမဲ့ မလိုပါဘူး။ လောကမှာရှိတဲ့ ကျီးကန်းတွေအားလုံးကတော့ အရောင်တူမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်!”
ရဲအရာရှိကြီးကတော့ နှုတ်ခမ်းတစ်ချက် တွန့်သွားပြီး အလုပ်ဝင်သည်မှာ နှစ်ရက်သာ ရှိသေးသော လူငယ်ရဲဘော်ကို စူးစိုက်ကြည့်လိုက်လေတော့သည်။
ရဲရုံးခန်းသို့ ရောက်သောအခါ ကျန်းမန်မန်က ရိုးရိုးရှင်းရှင်း ထွက်ဆိုချက်ပေးလိုက်သည်။
“ကျွန်မ နားမလည်တာတစ်ခုက သူမ ဘာလို့ ကျွန်မရဲ့ ပေါင်ပေါ်ကို အတင်းထိုင်ချင်နေရတာလဲဆိုတာပဲ။ အခုပြန်စဉ်းစားကြည့်တော့မှ သိတယ်။ ပိုက်ဆံခိုးရတာ ပိုလွယ်အောင်လို့ ဖြစ်မှာပေါ့!”
“ငါ မခိုးပါဘူး! ငါက နင့်ဆီက ပိုက်ဆံနည်းနည်းလောက် ညှစ်ချင်ရုံတင်ပါ။ ငါ တကယ်မခိုးဘူး!”
အဘွားကြီးသည် ရုံးခန်းထဲသို့ ရောက်သွားသည့်အခါ ပို၍ ထိတ်လန့်တုန်လှုပ်လာတော့သည်။
ကျန်းမန်မန်ကတော့ ဤတစ်ကြိမ်တွင် အမှန်တကယ် ရယ်မောလိုက်ပြီး ဆိုလိုက်သည်။
“အဒေါ် ပိုက်ဆံခိုးတယ်ဆိုတာက ကျွန်မ မသိအောင်၊ ကျွန်မ သဘောမတူဘဲနဲ့ ကျွန်မဆီက ယူတာကို ပြောတာပါ။ အကယ်၍ ကျွန်မသာ မသိလိုက်ဘူးဆိုရင် ကျွန်မ စိတ်အေးအေးထားနိုင်ပေမဲ့ သိသွားတဲ့အချိန်မှာတော့ အရမ်းဒေါသထွက်မှာပေါ့။ ဒါပေမဲ့ ငွေညှစ်တယ်ဆိုတာကတော့ အခု အဒေါ်လုပ်သွားသလိုမျိုးပဲ - ပြဿနာတွေဖန်တီးပြီး ကျွန်မကို အကြောင်းမဲ့ ဒုက္ခရောက်အောင် လုပ်တာလေ။ ဒါက ကျွန်မကို ဒေါသထွက်စေပြီး စိတ်အခြေအနေကို ဆိုးရွားသွားစေတယ်။ အဲ့ဒီတော့ ကျွန်မက အဒေါ့်ကို လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား။ အခုတစ်ကြိမ်သာ အဒေါ် လွတ်သွားမယ်ဆိုရင် နောက်တစ်ကြိမ်မှာလည်း တစ်ခြားသူတွေကို ငွေညှစ်ဦးမှာပဲ၊ ခိုးလည်းခိုးဦးမှာပဲ။ ဒီလို လူမှုရေးပြဿနာရှိနေတဲ့ အမှိုက်မျိုးကိုတော့ ထောင်ထဲထည့်ထားတာ ဒါမှမဟုတ် သေနတ်နနဲ့အပစ်ခံရတာမျိုးပဲ လုပ်သင့်တယ်။ ပြီးတော့ သူတို့ကို ကာကွယ်ပေးတဲ့သူတွေကိုလည်း အပြစ်ပေးသင့်ပါတယ်။”
ရဲအရာရှိကြီးက ခေါင်းညိတ်လက်ခံလိုက်ပြီး အခြေအနေကို ရထားဝန်ထမ်းများထံ အကြောင်းကြားလိုက်သည်။
ကျန်းမန်မန် ထွက်ဆိုချက်ပေးပြီးသောအခါ သူက ပြောလိုက်၏။ “ရဲဘော်.. စိတ်မလှုပ်ရှားပါနဲ့တော့။ စိတ်ချပါ၊ ငါတို့က ဒါကို တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းမှာဖြစ်ပြီး ဘယ်သူ့ကိုမှ ဘက်လိုက်ကာကွယ်ပေးမှာ မဟုတ်ပါဘူး!”
ကျန်းမန်မန် သူမ၏နေရာသို့ ပြန်ရောက်လာခဲ့၏။ သူမသည် ယုတ်မာသူကို ယုတ်မာသည့်နည်းဖြင့်သာ တုံ့ပြန်ရမည်ဟု ယုံကြည်ထားသူ ဖြစ်သည်။ ကိုယ်ကျင့်တရား ပျက်ပြားပြီး အရှက်မရှိသော လူမျိုးများကို သာမန်နည်းလမ်းများဖြင့် ဆက်ဆံ၍ မရနိုင်ပေ။
ကျန်းမန်မန် ပြန်လာသည်ကို မြင်သောအခါ ဘေးခုံမှ မိန်းကလေးလည်း သိသိသာသာပင် ဝမ်းသာသွားတော့သည်။
“အဆင်ပြေရဲ့လား။”
“အဆင်ပြေပါတယ်။ အချို့လူတွေက တကယ်ကို အရှက်မရှိတာ။ သူတို့လိုလူမျိုးကတော့ မျက်နှာဖုံး အခွာခံရဖို့ပဲ ထိုက်တန်တယ်။”
မိမိနှင့် ထိုက်တန်သော အခွင့်အရေးအတွက် မိမိဘာသာ တိုက်ယူရမည်ဖြစ်သည်။
“ဒီမှာ ဘာလို့ ဒီလောက်တောင် နေရာကျပ်နေရတာလဲ။ အဒေါ်တို့ နှစ်ယောက်စလုံးက ထိုင်ခုံလက်မှတ် ဝယ်ထားတာလား။ ကျွန်မကို လက်မှတ်တွေ ပြကြပါဦး၊ မပြရင်တော့ ရဲအရာရှိကို ထပ်ခေါ်လိုက်ရလိမ့်မယ်။”
ထိုအမျိုးသမီးကြီးနှစ်ဦးသည် အခုနလေးတင်က ကျန်းမန်မန်၏ တိုက်ခိုက်နိုင်စွမ်းကို မြင်တွေ့ထားကြပြီး ဖြစ်သည်။
တစ်ဦးတွင် ထိုင်ခုံလက်မှတ် ပါသော်လည်း အခြားတစ်ဦးကတော့ မတ်တတ်ရပ်လက်မှတ်သာ ဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ် နှစ်ယောက်စလုံး ရအောင်ထိုင်မည်ဟု သူတို့ ကြံစည်ထားကြသော်လည်း ယခုကဲ့သို့ အမေးခံလိုက်ရသည့်အခါတွင်တော့ မတ်တတ်ရပ်လက်မှတ် ကိုင်ထားသူက အနေခက်စွာဖြင့် ထရပ်လိုက်ရတော့၏။
“ငါ ဆင်းရမဲ့ဘူတာ ရောက်တော့မှာပါ။ ခဏလောက် မတ်တတ်ရပ်လိုက်ဦးမယ်၊ အကြာကြီး ထိုင်နေရတာလည်း ညောင်းလှပြီ။ ဟဲဟဲ။”
ပေါင် ၂၀၀ ကျော် အလေးချိန်ရှိသော ကျန်းမန်မန်သည် မူလကပင် နေရာကို အတော်လေး ယူထားနိုင်သူ ဖြစ်သည်။ ပြဿနာမဖြစ်ချင်သဖြင့် အစပိုင်းတွင် သည်းခံနေခဲ့သော်လည်း သူမ ပြန်လာသည့်အခါတွင်မူ ဘေးခုံရှိမိန်းကလေးသည် အပြင်ဘက်ဆုံးခုံသို့ တွန်းထုတ်ခံထားရပြီး သူမ၏ ထိုင်ခုံနေရာတွင် ထိုင်စရာနေရာလွတ် မရှိတော့သည်ကို မြင်လိုက်ရသည်။
ထိုအခြေအနေတွင် သူမ တိတ်တိတ်ဆိတ်ဆိတ် နေနိုင်တော့မည်မဟုတ်ပေ။ အကယ်၍ သူမသာ နှုတ်ဆိတ်နေလျှင် မတ်တတ်ရပ်ရခြင်း သို့မဟုတ် မိမိထိုင်ခုံကို အတင်းတိုးဝှေ့ ထိုင်ရခြင်းမျိုးနှင့်သာ ကြုံရပေလိမ့်မည်။
ရထားစီးရခြင်းက တကယ်ကို ပင်ပန်းနွမ်းနယ်စရာပင်။
နောက်ဆုံးတွင်တော့ သူတို့ ဆင်းရမည့် ဘူတာသို့ ရောက်ရှိလာခဲ့၏။ ထန်ရှောင်မင် အမည်ရှိသော ဘေးခုံမှမိန်းကလေးသည်လည်း သူမနှင့်အတူ ရထားပေါ်မှ ဆင်းလာခဲ့သည်။
“ရဲဘော်ကျန်း.. ရဲဘော်က ဘယ်တပ်ရင်းက တပ်ဖွဲ့ခွဲကို သွားမှာလဲဟင်။ ကျွန်မကတော့ အလံနီတပ်ရင်း၊ ၃၈ တပ်ဖွဲ့၊ ရွှီကျားကျွမ်း သစ်တောခြံကို သွားမှာပါ။ ရဲဘော်ကရော။”
ကျန်းမန်မန် ခေတ္တမျှ မှင်တက်သွားပြီးမှ ပြုံးလိုက်မိသည်။ “ရဲဘော်နဲ့ အတူတူပါပဲ - ၃၈ တပ်ဖွဲ့၊ ရွှီကျားကျွမ်း သစ်တောခြံ ပါပဲ။”
“ဝမ်းသာစရာပဲ! ဒါဆို အတူတူသွားကြတာပေါ့!”
သူမတို့နှစ်ဦးသည် ဘူတာမှ ထွက်လာခဲ့ပြီး အလံနီတပ်ရင်းရှိရာသို့ ကားစီးလာခဲ့ကြသည်။
သူတို့ ရောက်ရှိချိန်တွင် ထိုနေရာ၌ ပညာတတ်လူငယ် အများအပြား ရောက်ရှိနေကြပြီ ဖြစ်၏။
တစ်စုံတစ်ဦးက သူတို့ကို မြင်သောအခါ လှမ်းမေးလိုက်သည်။ “ဘယ်တပ်ဖွဲ့ကို သွားကြမှာလဲ။”
သူမတို့က “၃၈ တပ်ဖွဲ့” ဟု ပြန်ဖြေသည့်အခါ ထိုသူက တစ်နေရာသို့ ညွှန်ပြလိုက်၏။
ထောင့်တစ်နေရာတွင် လူငယ်နှစ်ဦးနှင့် ဆံပင်ဖြူနေသော လူကြီးတစ်ဦး၊ စုစုပေါင်း လူသုံးဦး ရပ်နေကြသည်။
ထိုလူကြီးက သူတို့ကို လက်လှမ်းပြလိုက်သည်။ “ငါက ၃၈ တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ခေါင်းဆောင်ပါ။ မျိုးရိုးက ကျန်းပါ။ မင်းတို့နှစ်ယောက် အချိန်မီ ရောက်လာတာပဲ၊ အခု ငါတို့ပြန်လို့ ရပြီ။”
သူသည် ဤခရီးစဉ်တွင် ပညာတတ်လူငယ်လေးဦးကို လာကြိုခြင်းဖြစ်ပြီး ၎င်းတို့အနက်မှတစ်ဦးသည် ဤမျှလောက်အထိ ဝဖြိုးနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူတို့သည် အခြားလူငယ်နှစ်ဦးနှင့် ခေတ္တမျှ နှုတ်ဆက်ခဲ့ကြသည်။
လေးဦးစလုံးသည် တပ်ရင်း၏ရုံးတွင် ထောက်ခံစာများကို တံဆိပ်တုံးထုပြီးနောက် တပ်ဖွဲ့ခေါင်းဆောင်ကျန်း၏ နောက်မှလိုက်၍ ရွှီကျားကျွမ်း သစ်တောခြံသို့ ပြန်လာခဲ့ကြတော့သည်။
သူတို့သည် နွားလှည်းပေါ်တွင် ထိုင်ကာ ကျေးရွာရှိရာသို့ ထွက်ခွာလာခဲ့ကြ၏။ ရွာအဝင်သို့ နီးကပ်လာသည့်အခါ မြစ်တစ်စင်းကို မြင်တွေ့လိုက်ရသည်။
မိန်းကလေးတစ်ဦးသည် မြစ်ကမ်းဘေးတွင်ရပ်၍ ငိုယိုကာ ရေထဲသို့ လှမ်းကြည့်၍ အော်ဟစ်ပြောဆိုနေခဲ့သည်။
“အစ်ကိုကျိုး.. ဘာကိုမှ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့! ရေပေါ်ကို ပြန်တက်လာပါ၊ ကျွန်မ ရှင်းပြပါရစေ။ အစ်ကိုကျိုး! အစ်ကိုကျိုး.. ပြန်တက်လာပါဦး။ ကယ်ကြပါဦး! အစ်ကိုကျိုး ရေပေါ်ပြန်တက်မလာတော့ဘူး။ သူ နစ်သွားပြီ! ကျွန်မ ဘယ်လိုလုပ်ရမလဲ။တစ်ယောက်ယောက် ကယ်ကြပါဦးရှင်!”
ဤသည်ကို ကြားလိုက်ရသောအခါ လှည်းပေါ်ရှိ လူများသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
လူငယ်နှစ်ဦးက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါက ရေမကူးတတ်ဘူး။ ငါလည်း မကူးတတ်ဘူးလေ။”
ကျန်းမန်မန် စကားပင် မဆိုနိုင်တော့ပေ။ သူမသည် ရေကူးတတ်သူ ဖြစ်သည်။ ထို့ကြောင့် တွန့်ဆုတ်မနေတော့ဘဲ နွားလှည်းပေါ်မှ ခုန်ဆင်းကာ မြစ်ထဲသို့ တန်းတန်းမတ်မတ် ဆင်းချလိုက်တော့၏။
ရေအောက်သို့ ရောက်နေသော ကျိုးယဲ့သည် အသက်ရှူရန် ရေပေါ်သို့ ခေါင်းပြူလိုက်စဉ်မှာပင် မည်းမှောင်နေသော အရိပ်ကြီးတစ်ခုက သူ၏အပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရတော့သည်။
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၈
ယခင်ဘဝတုန်းက ကျန်းမန်မန်သည် ပေါင် ၂၀၀ မလေးခဲ့ပေ။ သူမသည် အရပ် ၁၇၀ စင်တီမီတာရှိပြီး အလေးချိန် ပေါင် ၁၀၀ သာရှိကာ၊ သွယ်လျသောခါး၊ ရှည်လျားသောခြေတံများနှင့်အတူ အလွန်ပင် လှပချောမောသူတစ်ဦး ဖြစ်ခဲ့ဖူးသည်။
ထိုအခိုက်အတန့်တွင် သူမသည် မြစ်ကမ်းပါးပေါ်မှနေ၍ မြစ်ထဲသို့ ပေါ့ပါးစွာ ခုန်ဆင်းလိုက်၏။
မမျှော်လင့်ထားဘဲ ရေထဲမှလူသည် ထိုအချိန်တွင်မှ ရေပေါ်သို့ ပြူထွက်လာသဖြင့် သူမအနေဖြင့် သူမကိုယ်သူမ ထိန်းနိုင်ရန် အချိန်မရလိုက်တော့ပေ။ မျက်လုံးကိုသာ တင်းတင်းမှိတ်ထားလိုက်ရပြီး ထိုသူနှင့် တည့်တည့်မတ်မတ် တိုက်မိသွားသဖြင့် ရင်ဘတ်လည်း အောင့်တက်သွားခဲ့ရလေသည်။
ကျိုးယဲ့သည် လေးလံသော အရာတစ်ခုနှင့် တည့်တည့်ဆောင့်မိသွားသဖြင့် မြင်ကွင်းတစ်ခုလုံး မှောင်အတိကျသွားကာ ရေအောက်သို့ ချက်ချင်းပင် ပြန်လည်နစ်မြုပ်သွားတော့သည်။
ကျန်းမန်မန်သည်လည်း ဆောင့်မိသည့်အရှိန်ကြောင့် လွင့်ထွက်သွားခဲ့၏။ ထိုအမျိုးသား မျက်လုံးများ မှိတ်လျက်ဖြင့် မြစ်ထဲသို့ ပြန်ကျသွားသည်ကို သူမ မြင်လိုက်ရသည်။
ဤမြစ်သည် အတော်ပင် နက်လှသည်။ သူမသည် ရေအောက်သို့ အလျင်အမြန် ငုပ်ဆင်းလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ရေက ကြည်လင်နေသဖြင့် ထိုအမျိုးသားကို အလွယ်တကူ မြင်တွေ့နိုင်ခဲ့သည်။ ထင်ရှားပေါ်လွင်နေသည့် ချောမောသော မျက်နှာပိုင်ရှင်ပင်။
သူ၏ မျက်လုံးများမှာ တင်းကျပ်စွာ ပိတ်နေပြီး သတိလစ်နေပုံရ၏။
အကယ်၍ သူမသာ ခဏလေး နောက်ကျသွားခဲ့လျှင် သူ ရေနစ်သေဆုံးသွားနိုင်သည်။
သူမသည် ထိုသူရှိရာသို့ ကူးသွားပြီး သူမဘက်သို့ ဆွဲယူလိုက်သည်။ သူ့ကို ဖမ်းကိုင်လိုက်သည့် ခဏမှာပင် တောင့်တင်းခိုင်မာသော ကြွက်သားအပြည့်နှင့် လက်မောင်းများကို ခံစားလိုက်ရ၏။
သူမ လက်လှမ်း၍ သူ၏ ရင်ဘတ်ကို စမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် သူ၏ ကြွက်သားများမှာ တောင့်တင်းခိုင်မာနေခဲ့သည်။
ဒီလောက် ကြည့်ကောင်းသည့် လူငယ်လေးက... ဘာလို့ မြစ်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားရသည်လဲ။
ကျန်းမန်မန် သူ့ကို အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် မြစ်ကမ်းဘေးသို့ ဆွဲတင်ခဲ့လေသည်။
ဤအချိန်တွင် ထိုလူ သတိလစ်နေခြင်းမှာ ကံကောင်းသည်ဟု သူမ တွေးမိလိုက်၏။ အကယ်၍ သူသာ နိုးနေခဲ့လျှင် ရုန်းကန်နေမည်မှာ သေချာသဖြင့် ကယ်ဆယ်ရသည်မှာ ခက်ခဲလိမ့်မည်။
သူမသည် ကမ်းစပ်သို့ ရောက်သည့်အခါ သူ့ကို ပွေ့ချီလျက် ရေထဲမှ ဆွဲထုတ်လာခဲ့၏။
ယခုနက အော်ဟစ်အကူအညီတောင်းနေခဲ့သော မိန်းကလေးသည် သူ့ကိုကြည့်ရန် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“အစ်ကိုကျိုး.. အစ်ကိုကျိုး.. ထပါဦး! အစ်ကိုကျိုး.. အစ်ကို မသေသေးဘူး မလား။”
ကျန်းမန်မန်သည် ထိုမိန်းကလေးကို ကြည့်ကာ မျက်လုံးလှန်လိုက်မိသည်။ ထိုမိန်းကလေးသည် ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက် ကျစ်ထားပြီး အဖြူရောင်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူမ၏ အဝတ်အစားများတွင် ဖာထေးရာ တစ်ခုမှ မရှိနေပေ။
ကြည့်ရသည်မှာ အခြေအနေကောင်းသော မိသားစုတစ်ခုမှ လာပုံရသည်။
ယခုအခါ သူမသည် ကျန်းမန်မန်၏ ရင်ခွင်ထဲမှ အမျိုးသားကို စိုးရိမ်တကြီး ကြည့်နေရှာသည်။
ကျန်းမန်မန်၏ နှုတ်ခမ်းများ တွန့်သွားခဲ့သည်။ သူမသည် ထိုသူကို ရေနစ်သူအား ကယ်ဆယ်သည့်နည်းဖြင့် သတိပြန်ရအောင် လုပ်ပေးရန် အောက်သို့ ချထားပေးရန် ပြင်လိုက်သည်။ သူသည် ရေမွမ်းသွားသဖြင့် ခေတ္တမျှ သတိလစ်သွားခြင်းသာ ဖြစ်လိမ့်မည်။
သို့သော် သူမ သူ့ကို မြေပြင်ပေါ်သို့ မချရသေးမီမှာပင် ထိုအမျိုးသားက ရုတ်တရက် ရေများကိုအန်ထုတ်လိုက်ပြီး ချောင်းအနည်းငယ် ဆိုးကာ နိုးလာခဲ့တော့သည်။
“အစ်ကိုကျိုး.. အစ်ကို အသက်ရှင်နေတာ တကယ်ပဲ... ကျွန်မက အစ်ကို သေပြီလို့ ထင်နေတာ!”
ကျိုးယဲ့သည် ရေအချို့ကို အန်ထုတ်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ သူသည် တစ်စုံတစ်ဦး၏ ရင်ခွင်ထဲ၌ အပွေ့ခံထားရသည်ကို သတိပြုမိသွားသည်။ သူသည် သူ့ကို ပွေ့ချီထားသော မိန်းကလေး၏ မျက်နှာကို ကြည့်ကာ စကားပင် မဆိုနိုင်တော့ပေ။
“စိတ်အေးအေးထားပါ.. ငါ မသေသေးပါဘူး။”
ကျိုးယဲ့က ကျန်းမန်မန်ကို ကြည့်ပြီး ပြောလိုက်သည်။
“နေပါဦး.. ကောင်မလေး၊ ငါ့ကို အခု အောက်ချပေးသင့်ပြီ မဟုတ်လား။”
ကျန်းမန်မန်က သူမ၏ လက်မောင်းများကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်တော့သည်။
ဘုတ်!
“အား.. သေစမ်း! အား.. ငါ့ခါး! ဟေး.. ဝတုတ်မလေး၊ ငါ့ကို ဒီထက်ပိုပြီး ညင်ညင်သာသာလေး ချပေးလိုက်လို့ မရဘူးလား!”
“အခုလို ခေါ်လိုက်တဲ့အတွက် ရှင့်ကို ဒီလိုပဲ ပစ်ချတာနဲ့ ထိုက်တန်တယ်။ နောက်ပြီး ကျွန်မက ရှင့်အသက်သခင် ကျေးဇူးရှင်နော်။ နောက်ဆို ကျွန်မကိုမြင်ရင် 'ကျေးဇူးရှင်' လို့ ခေါ်ရမယ်!”
ကျိုးယဲ့ - “???”
“ဟေး.. ရှင်းရှင်းလင်းလင်း ပြောရအောင်။ ငါက ဟိုးအောက်မှာ ရေဆင်းချိုးနေတာလေ! မင်းက ဘယ်ကနေ ဘယ်လို ရုတ်တရက် ခုန်ချလိုက်တာလဲမသိဘူး၊ ငါ့ကို ဆောင့်မိပြီး သတိလစ်သွားအောင် လုပ်ခဲ့တာ။ အခုကျ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး အသက်သခင်လို့ ပြောနိုင်ရတာလဲ။ ကျေးဇူး အများကြီးတင်ပါတယ်ဗျာ!”
ကျန်းမန်မန် ခေတ္တမျှ ဆွံ့အသွားခဲ့သည်။ ပြန်စဉ်းစားကြည့်တော့... တကယ်ပဲ အဲ့ဒီလို ဖြစ်သွားခဲ့သည်လား။
သူမသည် ထိုအချက်ကို မသိချင်ယောင်ဆောင်ကာ လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်၏။
“ထားပါ.. ကျေးဇူးတင်တယ်ဆိုရင်လည်း စိတ်ရင်းမှန်ကြောင်း ပြတဲ့အနေနဲ့ ဆန်ပိဿာ ၂၀ ပေးရမယ်။”
“ဆန်ပိဿာ ၂၀ ဟုတ်လား?! ငါ့ကို ဓားပြပဲ တိုက်လိုက်ပါတော့!”
ထိုစဉ်မှာပင် တပ်ဖွဲ့ခေါင်းဆောင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ မျက်မှောင်ကြုတ်လျက် လျှောက်လာခဲ့၏။
“ကျိုးယဲ့.. မင်းက ဘာဖြစ်နေတာလဲ။ ဒီမိန်းကလေးက မင်းအသက်ကို ကယ်ခဲ့တာလေ။ ဆန်ပိဿာ ၂၀ ပေးရတာ များတယ်လို့ မင်းထင်လို့လား။ မင်းအသက်က အဲ့ဒီလောက်တောင် တန်ဖိုးမရှိဘူးလား။ ခုနတင်က ဂေါ်ဖီထုပ် ပြောနေတာ မင်းရေထဲကျသွားတယ်ဆို။ လှည်းပေါ်က သုံးယောက်စလုံးလည်း ရေမကူးတတ်ကြဘူး။ ရဲဘော်ကျန်းသာ ရေထဲခုန်ဆင်းပြီး မင်းကို မကယ်ခဲ့ဘူးဆိုရင် မင်းဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ဦး။”
ကျိုးယဲ့ ဘာမှပြန်မပြောဘဲ မျက်လုံးလှန်ပြလိုက်၏။ “တပ်ဖွဲ့ခေါင်းဆောင်.. ကျွန်တော် ရေကူးတတ်တာ ခင်ဗျားသိပါတယ်! ကျွန်တော် တကယ်ပဲ -”
တပ်ဖွဲ့ခေါင်းဆောင်က သူ၏ စကားမဆုံးခင်မှာပင် တားဆီးလိုက်ပြီး တိုက်ရိုက် ဆူပူလိုက်တော့သည်။ “တော်စမ်း။ ရဲဘော်ကျန်းက လူတစ်ယောက်ကိုကယ်ဖို့ သတ္တိရှိရှိ ခုန်ဆင်းခဲ့တာ။ သူမက ကိုယ်ကျိုးမငဲ့တဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ခဲ့တာမို့ ချီးကျူးခံရဖို့ ထိုက်တန်တယ်။ နောက်မှ သူမကို ဆန်ပိဿာ ၂၀ ပေးလိုက်၊ ငြင်းမနေနဲ့။ ဒါနဲ့ မင်းက ဘာလို့ စက်ရုံမှာ အလုပ်မလုပ်နေဘဲ မြစ်ထဲမှာ ရေလာချိုးနေတာလဲ၊ ဟမ်။”
ကျိုးယဲ့ စကားပင် မဆိုနိုင်တော့ပေ။ ဝက်ချေးများ သယ်ပြီးနောက် သူသည် ခန္ဓာကိုယ် သန့်ရှင်းသွားအောင် ရေဆေးချချင်ရုံသာ ဖြစ်သည်။
သို့သော် မြစ်ကို မရောက်ခင်မှာပင် သူ ခြေချော်ပြီး ခွေးချေးပုံပေါ် လဲကျသွားခဲ့သဖြင့် နံစော်သွားခဲ့သောကြောင့် ရေချိုးလိုက်ရခြင်းဖြစ်သည်။
သူသည် ပြဿနာရှာခဲ့သော တရားခံဖြစ်သူ ဂေါ်ဖီထုပ်ဆိုသော ကျောက်မျိုးနွယ် မိန်းကလေးကို လှည့်ကြည့်ကာ စူးစိုက်ကြည့်လိုက်သည်။
“ပြီးတော့ မင်းကရော.. ဘာလို့ အဲ့ဒီလိုတွေ အော်ဟစ်နေရတာလဲ။ မင်းရဲ့ အိမ်ထောင်ရေးက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ဘာလို့ မင်းရဲ့ ရှင်းပြချက်ကို နားထောင်ရမှာလဲ။ ငါ မင်းကို မကြိုက်ဘူး! ဒီနေ့ကတော့ ငါ့ဘဝမှာ အဆိုးဆုံးနေ့ပဲ။”
သူ့စကားကြောင့် တပ်ဖွဲ့ခေါင်းဆောင်က ခပ်တိုးတိုး ရယ်လိုက်သည်။
“မင်းလုပ်လို့ မင်းခံရတာ။ ကဲ.. အခု ဝက်မွေးမြူရေးခြံကို မြန်မြန်ပြန်တော့ - ဒီနေ့အတွက် အလုပ်တွေ ပြီးပြီလား။ ငါကတော့ ဒီပညာတတ်လူငယ်အသစ်လေးတွေကို သူတို့နေရမယ့်နေရာကို ပို့ပေးရဦးမယ်း”
ကျန်းမန်မန်သည် သူမ၏ စိုရွှဲနေသော အဝတ်အစားများကို ရေညှစ်လိုက်ပြီး လဲလှယ်ရန် သူမ၏ အထုပ်ထဲမှ ခြောက်သွေ့သောအဝတ်အစားတစ်စုံကို ထုတ်ယူလိုက်သည်။
သူမ ခုနက ကယ်တင်ခဲ့သော အမျိုးသားကိုတော့ နောက်တစ်ကြိမ် လှည့်ပင်မကြည့်တော့ပေ။
ဤကိစ္စအတွက် သူမကို ဘယ်သူက အပြစ်တင်နိုင်မည်လဲ။
သူမ အပြေးအလွှားသွားကြည့်ချိန်တွင် ရေထဲ၌ တစ်စုံတစ်ဦး ရုန်းကန်နေသည်ကို မြင်လိုက်ရသည် - သိသိသာသာ ရေနစ်နေသည့်ပုံစံမျိုးပင်။
ထို့ကြောင့်လည်း သူမက ကယ်ဆယ်ရန်အတွက် ရေထဲခုန်ဆင်းခဲ့ခြင်း ဖြစ်သည်။ ထိုလူသည် ချောမောသောမျက်နှာနှင့် တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက် ရှိနေပြီး... ရေကူးနေခြင်းသာ ဖြစ်နေခဲ့သည်။
ထို့အပြင် ကမ်းစပ်မှ မိန်းကလေးက ရေနစ်နေပြီဆိုပြီး အော်ဟစ်အကူအညီတောင်းနေသည်က ဘာသဘောလဲ။
ကျန်းမန်မန်သည် စိတ်ပျက်လက်ပျက် အမူအရာဖြင့် အဝတ်အစားများကို လဲလှယ်လိုက်၏။ ဇွန်လဖြစ်သဖြင့် သူမ အဝတ်အစား အများကြီး ဝတ်မထားပေ။ သူမသည် ဝဖြိုးသော်လည်း ကိုယ်လုံးကိုယ်ပေါက်ကတော့ အချိုးအစား ရှိနေဆဲဖြစ်သည်။
ထန်ရှောင်မင်က အနားသို့ ရောက်လာ၏။ “ရဲဘော် ဒီလောက် ရေကူးတော်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“ဒါပေါ့...ကျွန်မတို့ အမျိုးသမီးတွေလည်း ကမ္ဘာကြီးရဲ့ တစ်ဝက်လောက်ကို လွှမ်းမိုးထားနိုင်တာပဲလေ”
နွားလှည်းပေါ်မှ အမျိုးသားရဲဘော် နှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး အနေခက်စွာဖြင့် ကြည့်လိုက်ကြသည်။ သူတို့ ပညာတတ်လူငယ်စခန်းသို့ ရောက်ရှိချိန်တွင် အတွင်းရေးမှူးကျောက်က လက်နှစ်ဖက်ကို နောက်ပစ်လျက် လျှောက်လာ၏။
“ကပ္ပတိန်ကျန်း.. လူသစ်တွေ ရောက်လာပြီလား! သူတို့နေဖို့ နေရာတွေကိုလည်း အဆင်သင့် သန့်ရှင်းရေး လုပ်ခိုင်းထားပြီးပါပြီ။ ဒီမိန်းကလေးက ဘာဖြစ်လာတာလဲ။”
အတွင်းရေးမှူးကျောက်က ကျန်းမန်မန်ကို အထက်အောက် ကြည့်လိုက်ရာ ကပ္ပတိန်ကျန်းလည်း အမြန်ပင် ရှင်းပြလိုက်ရသည်။ အတွင်းရေးမှူးကျောက်က ခေါင်းညိတ်လိုက်၏။
“သြော်.. အဲ့ဒီလိုလား။ ရဲဘော်ကျန်းက တကယ်ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာပဲ။ ဒါက နားလည်မှုလွဲတာ ဖြစ်နိုင်ပေမဲ့ ရဲဘော်ရဲ့ ကိုယ်ကျိုးမငဲ့တဲ့ စိတ်ဓာတ်ကတော့ ချီးကျူးစရာပါပဲ။ အဲ့ဒီကောင်လေးကို ရဲဘော်ကို သေသေချာချာ ကျေးဇူးတင်ခိုင်းလိုက်ပါမယ် - သူက ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက်လေ။ နောက်မှ သူ့ကို ယုန်နှစ်ကောင်လောက် ဖမ်းခိုင်းပြီး ရဲဘော်ကို ပေးခိုင်းလိုက်ပါမယ်။”
ကျန်းမန်မန် အသာအယာ ပြုံးလိုက်မိသည်။ သူမအနေဖြင့် နောက်တစ်ခါတော့ ဤကဲ့သို့ စိတ်စေတနာကောင်းထားပြီး ကူညီပေးရန် စိတ်မကူးထားတော့ပေ။
စခန်းတွင် မူလက အမျိုးသမီး ပညာတတ်လူငယ်သုံးဦး ရှိနေပြီး ယခု လူသစ်နှစ်ဦး ထပ်တိုးလာသဖြင့် ငါးဦး ဖြစ်သွားပြီဖြစ်သည်။
အမျိုးသားများဘက်တွင်မူ ယခင်က လေးဦးရှိရာမှ ယခု လူသစ်နှစ်ဦး ထပ်တိုးလာသဖြင့် ခြောက်ဦး ဖြစ်သွားခဲ့လေသည်။ စုစုပေါင်း လူဆယ်ဦးရှိသဖြင့် အတော်ပင် စည်ကားသော နေရာတစ်ခု ဖြစ်သွားတော့၏။
ထိုစဉ် ကျန်းမန်မန်သည် သူမကို ကြည့်နေသော မနှစ်မြို့သည့် အကြည့်တစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။
မနှစ်မြို့သည့်အကြည့်လား။
သူမသည် အခုလေးတင် ရောက်လာပြီး ကောင်းမှုတစ်ခုက်ိုတောင် လုပ်ခဲ့သေးသည်။ သို့တိုင်အောင် ဘာလို့ တစ်စုံတစ်ဦးက သူမကို ထိုသို့ ကြည့်နေရသည်လဲ။
သူမသည် သူမကို စိုက်ကြည့်နေသော မိန်းကလေးဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုမိန်းကလေးသည် အသက် ၁၇၊ ၁၈ ခန့်ရှိသော အမျိုးသမီး ပညာတတ်လူငယ်တစ်ဦး ဖြစ်သည်။ သူမ သဘောပေါက်မိသွား၏။ ဤနေရာရှိ အခြားသော မိန်းကလေးများအားလုံးသည် သာမန်ကိုယ်လုံးကိုယ်ပေါက်များ ရှိကြသော်လည်း သူမတစ်ဦးတည်းသာ ထူးခြားနေသည် မဟုတ်လား။ သူမသည် ထိုမိန်းကလေးကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
ကပ္ပတိန်ကျန်းက ဆိုလိုက်၏။။“အခုလောလောဆယ် နေရာချလိုက်ကြဦး။ ငါ မင်းတို့အတွက် တစ်လစာ ရိက္ခာသွားယူပေးမယ်။”
အတွင်းရေးမှူးကျောက်က ထပ်ဖြည့်ပြောလိုက်သည်။ “ဒီမှာ အခန်းသုံးခန်း ရှိတယ်။ အမျိုးသားတွေအတွက် နှစ်ခန်း၊ အမျိုးသမီးတွေအတွက် တစ်ခန်း။"
ကျန်းမန်မန်ကို ရန်လိုသောအကြည့်ဖြင့် ကြည့်ခဲ့သော မိန်းကလေးက ချက်ချင်းပင် ဝင်ပြောတော့၏။
“အတွင်းရေးမှူးကျောက်.. ကျွန်မတို့အခန်းက အရင်ကတည်းက မကျယ်ပါဘူး။ အခုတောင် သုံးယောက် ရှိနေတာဆိုတော့ နောက်ထပ် နှစ်ယောက်သာ ထပ်တိုးလာမယ်ဆိုရင် အရမ်းကျပ်သွားလိမ့်မယ်!”
ထိုစကားကို ကြားသောအခါ အတွင်းရေးမှူးကျောက်က မျက်မှောင်ကြုတ်သွားသည်။ သူသည် အခန်းတွေ အဆင်သင့်ပြင်ထားပြီဟု ခုလေးတင် ပြောခဲ့သည်ကို ဒီပညာတတ်လူငယ်လီ ဆိုသူက ဘာဖြစ်နေသည်လဲ။