← Chapters

အချစ်

Vol. 10 Ch. 982

အချစ်

Vol. 10 Ch. 982

ထို့နောက် လီချင်းဆွေ၏ မျက်ဝန်းများကို ဆန်းလျန် ငေးကြည့်ရင်း ရုတ်တရက် ပြုံးလိုက်လေသည်။

တည်ငြိမ်သည့်အသံတစ်သံသည် လီချင်ေးဆွ၏ လှိုင်းလေငြိမ်သက်နေသည့် စိတ်အာရုံပင်လယ်အတွင်းသို့ စီးဆင်းဝင်ရောက်လာလေသည်။

"ချင်းဆွေ… ခွဲခွာရမှုတိုင်းက ပြန်လည်ဆုံတွေ့ကြရဖို့အတွက်ပါ ၊ ကျုပ်တို့ ပြန်ဆုံကြဦးမှာပါ ၊ သိပ်အကြာကြီးစောင့်ရမယ် မထင်ပါဘူး…"

ဆန်းလျန်၏ စကားထဲတွင် ယုံကြည်မှုများကိုတွေ့ရပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များကို မတွေ့ရပေ။

အမှန်တော့ သူတို့ (၂)ယောက် ပြန်လည်ဆုံတွေ့ရန်မှာ မဖြစ်နိုင်တော့ပေ။ သို့သော်… ချင်းဆွေကတော့ ဆန်းလျန်၏ စကားများကို အကြွင်းမဲ့ ယုံကြည်ထားမိလေသည်။

သူမ၏ ဘဝက ထူးဆန်းနက်နဲပြီး သူမဘဝ၏ နက်နဲဆန်းကျယ်မှုများကို  ဖြေရှင်းပေးနိုင်သူဆို၍ လောကတွင် ဆန်းလျန်တစ်ယောက်သာ ရှိပေလိမ့်မည်။

ထို့နောက် လီချင်းဆွေက ဆန်းလျန်တစ်ယောက်သာကြားနိုင်မည့် စိတ်အာရုံဆက်သွယ်မှုဖြင့် အံ့သြစရာအသံကို ထုတ်လွှတ်ကာ စကားတစ်ခွန်း ပြောလိုက်လေသည်။

"ဆန်းလျန်… ကျင့်ကြံသူတွေအားလုံးက ရှေ့ကိုသွားမယ့်လမ်းအတွက် လမ်းပြမီးအိမ်တွေ ထွန်းညှိလေ့ရှိကြတယ် ၊ ဒါပေမဲ့ တစ်ခါတရံမှာ ရှေ့ကိုဆက်လျှောက်ဖို့ထက် နောက်ပြန်လှည့်ဖို့က ပိုပြီး ခက်ခဲနေတတ်တယ်ဆိုတာ မင်းလည်းသိပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ နောက်ပြန်လှည့်တဲ့ခရီးမှာ အလင်းရောင် မရှိလို့ပဲ…"

လီချင်းဆွေ၏ စကားများက ဆန်းလျန်ကို ထိရှသွားစေလေသည်။ ချင်းဆွေသည် နောက်ပြန်လှည့်ရန်များ စဉ်းစားနေခဲ့လေသည်လား။

ရှေ့ဆက်လျှောက်ရန်လွယ်ကူသော်လည်း နောက်ပြန်လှည့်ရန်ကတော့ ခက်ခဲလေသည်။ အကြောင်းမှာ… ကျင့်စဉ်လမ်းတွင် နောက်ပြန်လှည့်လိုက်မည်ဆိုလျှင် ပြာအတိကျသည်အထိ လောင်ကျွမ်းသွားမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

နောက်ဆုံးလျှောက်ရမည့်လမ်းသည် လူတစ်ယောက်တည်းလျှောက်လှမ်းရန်အတွက်ပင် အတော်လေး ကျဉ်းမြောင်းလေရာ နောက်ပြန်ဆုတ်မည်ဆိုလျှင် မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။

ဗုဒ္ဓက သက်ရှိသတ္တဝါများကို ဟောကြားခဲ့သည်မှာ…

"ဗုဒ္ဓကိုယ်တော်တိုင်က လမ်းကိုသာ ပြသနိုင်ပြီး ကျင့်ကြံရမည်ကတော့ လူသားများ၏တာဝန်ဖြစ်သည်"

ဟူ၍ ဖြစ်လေ၏။

ထို့နောက် ဆန်းလျန်သည် အေးအေးဆေးဆေးဖြင့်ပင် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားလေတော့သည်။

တာအိုဆရာလီချင်းဆွေ၏ မျက်ဝန်းထဲတွင် ဆန်းလျန်၏ ကျောပြင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့၏။ သူမ၏ တန်ခိုးစွမ်းအားဖြင့်ပင် ဆန်းလျန်ကို ရှာဖွေတွေ့မြင်နိုင်ခြင်း မရှိတော့ပေ။

……………..

ယွမ်ကျိုးနယ် ၊ အရှေ့ပင်လယ်ဒေသနှင့် (၇)မိုင်အကွအဝေးတွင် လျိုပေါ်တောင်ဆိုသည့် တောင်တစ်တောင် ရှိလေသည်။

ထိုတောင်ပေါ်တွင် ထူးထူးခြားခြား မိုးကြိုးပစ်ခတ်သံများ ထွက်ပေါ်လျှက် ရှိလေသည်။

သို့သော်… လျှပ်စီးလက်ခြင်းလည်းမရှိသလို မိုးကြိုးမုန်တိုင်း တိုက်ခတ်ခြင်းလည်း မရှိပေ။

ထိုမိုးကြိုးပစ်ခတ်သံများနောက်သို့ လိုက်ပါသွားမည်ဆိုလျှင် တောင်အနောက်ဖက် ချောက်ကမ်းပါးကြီးထက်တွင် ထူးဆန်းသည့်သတ္တဝါကြီးတစ်ကောင် ရပ်နေသည်ကို တွေ့ရမည် ဖြစ်လေသည်။

ထိုသတ္တဝါမှာ ခြေထောက်တစ်ချောင်းတည်းရှိပြီး ပုံသဏ္ဍန်က နွားတစ်ကောင်နှင့် ဆင်တူလေသည်။ သို့သော် … ဦးခေါင်းတွင် ဦးချိုများပါရှိခြင်း မရှိပေ။

ထိုနွားနှင့်တူသည့် သားရဲကြီး၏ ကျောပြင်ထက်တွင် မိန်းကလေးတစ်ယောက် ထိုင်လျှက် ရှိလေသည်။

သူမက အပြာရောင်ဝတ်ဆင်ထားပြီး လက်ထဲတွင် ပုလွေတစ်လက်ကိုင်ထားသည်။ သူမက ပုလွေကို ရေပြင်ညီမျဉ်းအတိုင်း ဘေးတစောင်းကိုင်ကာ တီးမှုတ်နေပြီး ထူးဆန်းသည့်သားရဲကြီးထံမှ ထွက်ပေါ်နေသည့် မိုးကြိုးပစ်သံများက မိန်းကလေး၏ ပုလွေသံကို လွှမ်းမိုးသွားနိုင်ခြင်း မရှိပေ။

သူမတီးမှုတ်နေသည့် ပုလွေသံသည် တောင်ကမ်းပါးတစ်လျှောက် ရိုက်ခတ်သွားပြီး ရွှေချောင်းရွှေစ ရတနာပစ္စည်းများ အချင်းချင်းရိုက်ခတ်သွားသည့်အသံထက်ပင် ကြည်လင်သာယာလွန်းလှသည်။

ထိုအချိန်မှာပင်… ပုလွေသံလှိုင်းများကြားတွင် ကြီးမားသည့် နဂါးခေါင်းကြီးတစ်ခုထွက်ပေါ်လာလေသည်။

နဂါးမုတ်ဆိတ်မွှေးများက သစ်ပင်ကြီးတစ်ပင်အလား ထူထဲလွန်းပြီး နဂါးကြီး၏ ခန္ဓာကိုယ်နှင့်ထိမိသည်နှင့် ချေက်ကမ်းပါးမှ ကျောက်သားများ ပဲ့ကြွေပြုတ်ကျကုန်ကြလေသည်။

နဂါးကြီး၏ မျက်လုံးများက အလွန်အေးစက်နေပြီး ဖော်မပြနိုင်သည့် နက်ရှိုင်းမှုများဖြင့် ပြည့်နက်လျှက် ရှိသည်။

ခြေထောက်တစ်ချောင်းတည်းရှိသည့် နွားနှင့်တူသည့်သတ္တဝါ၏ ခြေထောက်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး မျက်ဝန်းများကတော့ နဂါးကြီးကို အလွတ်မပေးဘဲ စိုက်ကြည့်နေခဲ့လေသည်။

စွမ်းအားကြီးမားသည့် နဂါးကြီးတစ်ကောင်ကို ရင်ဆိုင်ရသည့်တိုင် သူ့ပုံစံက ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။

မိုးကြိုးပစ်ခတ်သံများသည် နဂါးကြီးဆီသို့ ပေါက်ကွဲစေသည့်ဗုံးများအလား ရိုက်ခတ်လျှက် ရှိလေသည်။

သို့သော်… နဂါးကြီးထံမှ မမြင်ရသည့်တန်ခိုးစွမ်းအားတစ်ခုက အလွှာလိုက်ထွက်ပေါ်နေပြီး မိုးကြိုးပစ်သံများကို ကာကွယ်ထားသည်။

ခြေတစ်ချောင်းနွား၏ ကျောပေါ်တွင်ထိုင်နေသည့် မိန်းကလေးက ပုလွေမှုတ်နေခြင်းကို ရပ်တန့်လိုက်လေသည်။

ထို့နောက် သူမ၏ မျက်ဝန်းများက နဂါးကြီးကို စူးစိုက်ကြည့်လိုက်သည်။

သူမ၏ ရှည်လျားပြီးလှပသည့် ဆံနွယ်များက လေထဲတွင် လွင့်မျောနေလေသည်။ သူမလက်ထဲတွင် အပြာရောင် လျှပ်စီးပန်းပွင့်တစ်ပွင့်ဖြစ်တည်လာပြီး နဂါးကြီးထံသို့ ပစ်လွှတ်လိုက်လေရာ နဂါးကြီးမှာ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ နောက်သို့ အနည်းငယ် ဆုတ်သွားလေသည်။

ပြီးမှ နဂါးကြီးက အဝေးတစ်နေရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်တန့်နေလေ၏။

ထို့နောက် နဂါးကြီးက အသက်တစ်ချက်ရှူလိုက်ပြီး နဂါးပါးစပ်ကြီးပွင့်ဟလာကာ သြရှသည့် ယောကျ်ားသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။

နဂါးကြီး၏ မုတ်ဆိတ်များမှာ လေနှင့်အတူ လွင့်မျောလျှင်ရှိပြီး သူ့ထံမှ တိတ်ဆိတ်ငြိမ်သက်သော်လည်း ကြီးမားသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်နေသည်ကို ခံစားရမည် ဖြစ်သည်။

"မင်းပြောတော့ အသက်ရှည်စေခြင်းကျောင်းတော်ကို တိုက်ခိုက်ဖို့က လွယ်လွယ်လေးဆို ၊ အခုတော့ ကျုပ်ရဲ့သားတော်တစ်ပါး အသက်ဆုံးရှုံးလိုက်ရပြီ…"

မည်သူမှ နဂါးကြီး၏ နှလုံးသားထဲမှ ဒေါသတရားကို နားလည်နိုင်မည် မဟုတ်ပေ။

အပြာရောင်ဝတ်မိန်းကလေးသည်လည်း နဂါးကြီး၏ ဒေါသများကို နားမလည်နိုင်ပေ။ နဂါးကြီး၏ ဒေါသများကြောင့် သူမသည်ပင် အပိုင်းပိုင်းပြတ်သွားနိုင်လောက်လေသည်။

အပြာရောင်ဝတ်မိန်းကလေးက သူမ၏ ဆံနွယ်များကို အသအယာ ပွတ်သပ်လျှက် ရှိလေသည်။

သူမက ဆံနွယ်များကို တစ်မျှင်ချင်းပွတ်သပ်နေပြီး နောက်ဆုံးတော့ ကျစ်ဆံမြီးတစ်ချောင်းကျစ်လိုက်ကာ ပခုံးထက်တွင် ချထားလိုက်လေသည်။

ထို့နောက် သူမက သွေးအိုင်ကြီးတစ်ခုအလား နီရဲလျှက်ရှိသည့် နဂါးကြီး၏ ပါးစပ်ကြီးကို စိုက်ကြည့်နေလေသည်။ နဂါးကြီး၏ နှာမှုတ်သံကြီးထွက်ပေါ်နေသည့်တိုင် သူမက နဂါးကြီးကို တစ်စက်လေးပင် ကြောက်ရွံ့ဟန် မရှိပေ။

သူမက အေးဆေးသည့်လေသံဖြင့်…

"မင်းရဲ့ သားတော်ကိုသတ်လိုက်တဲ့သူက ထာဝရဓားကိုကိုင်ထားတဲ့သူလေ ၊ ဒီလိုဖြစ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ ၊ မင်းအနေနဲ့ ငါ့ကို အပြစ်တင်စရာမလိုဘူး ထင်တာပဲ…"

နဂါးကြီးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"တခြားသူတွေ ဒီစကားပြောရင် ကျုပ် ယုံချင်ယုံဦးမှာ ၊ ဒါပေမဲ့ မင်းက ဆန်းလျန်ထျန်းကျွင်းဆီက 'ယိ' လမ်းစဉ်ကို သင်ယူထားတဲ့သူမဟုတ်ဘူးလား ၊ မင်း ကြိုပြီးမသိဘူးဆိုတာ ကျုပ် မယုံဘူး…"

အပြာရောင်ဝတ်မိန်းကလေးက…

"မင်းမှားနေပြီ ၊ ငါ အဲဒီပညာကို ဆန်းလျန်ထျန်းကျွင်းဆီက သင်ခဲ့တာ မဟုတ်ဘူး…"

နဂါးကြီးက…

"ကျုပ် မယုံဘူး ၊ ဆန်းလျန်ထျန်းကျွင်းမှာ အခုအချိန်ထိ တပည့် (၃)ယောက်ပဲ ရှိခဲ့တယ် ၊ သူ မင်းကို သင်မပေးဘူးဆိုတာ မဖြစ်နိုင်ဘူး ၊ ပြီးတော့ နှစ်ပေါင်းသောင်းနဲ့ချီနေပြီး မင်းကို ဘယ်သူမှ ခြေရာခံလို့ မရခဲ့ဘူး ၊ ဘာလို့လဲဆိုတော့ မင်းက အမြဲတမ်း တခြားသူတွေထက် အရာရာကို ခြေတစ်လှမ်းကြိုတင်ပြီး သိမြင်နေခဲ့လို့ပဲ …"

အပြာရောင်ဝတ်မိန်းမပျိုက…

"အဲဒါက စိတ်အာရုံက ကြိုတင်သိမြင်ခြင်းပါ ၊ 'ယိ' လမ်းစဉ်နဲ့ ဘာမှ မဆိုင်ဘူး ၊ ငါ့ရဲ့ကျင့်ကြံခြင်းက ကြိုပြီး သိမြင်နိုင်စွမ်းရှိတယ် ၊ ကြိုပြီးကြားနိုင်စွမ်းရှိတယ် … ၊ ဒါပါပဲ…"

နဂါးကြီး မည်မျှပင် ဒေါသထွက်ပါစေ မိန်းမပျိုကတော့ အေးဆေးတည်ငြိမ်စွာဖြင့်ပင် စကားပြန်ပြောလျှက် ရှိလေသည်။

မိန်းကလေးကို မည်သို့မျှ ပြောမရသည့်အဆုံး နဂါးကြီးက မျက်လွှာတစ်ချက်ချလိုက်ပြီး…

"ဒါဆို အခု ကျုပ် ဘာလုပ်ရမလဲ…"

အပြာရောင်ဝတ်မိန်းကလေးက လက်ထဲတွင်ကိုင်ထားသည့်ပုလွေကို အခြားလက်ဖက်ဆီသို့ အကြိမ်ပေါင်းများစွာ ရိုင်ခတ်နေပြီး တိုးတိတ်သည့်လေသံဖြင့်စကားပြောလိုက်သည်။

"အသက်ရှည်စေခြင်းကျောင်းတော် အခု တည်ဆောက်ထားတဲ့နေရာက အရင်က ချင်းရွှမ်နတ်တံခါး တည်ရှိခဲ့တဲ့ နေရာပဲ ၊ ဒါပေမဲ့ ငါ့ဆရာက အဲဒါတွေကို အရေးစိုက်မနေဘူး ၊ ဒီတော့ ဆရာ့ရဲ့တပည့်တစ်ယောက်အနေနဲ့ ငါက တောင်ကိုပြန်သိမ်းတာ ဘာမှားလို့လဲ ၊ ပြီးတော့ ငါက ကြီးနိုင်ငယ်ညှင်း တမင်သက်သက် အနိုင်ကျင့်တာလည်း မဟုတ်ဘူး ၊ ဒါကြောင့် ငါက မင်းကို တိုက်ခိုက်ဖို့ စေခိုင်းခဲ့တာ ၊ အခုတော့ မထင်မှတ်ဘဲ စွမ်းအားကြီးတဲ့ နတ်ဘုရားတစ်ပါး ရောက်လာခဲ့ပြီ ၊ မကြာခင် ငါ အဲဒီကိုလူကိုယ်တိုင်သွားမှ ဖြစ်မယ် ၊ သူက ထာဝရဓားရဲ့ ဆက်ခံသူဆိုပေမယ့်… ငါ လေ့ကျင်းကလည်း ထက်မြက်တဲ့သူတစ်ယောက်ပါပဲ…"

မိန်းကလေး၏ စကားကိုကြားသည်နှင့် နဂါးကြီးက မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး…

"ပွင့်ပွင့်လင်းလင်းပြောရရင် မင်းကို မသွားစေချင်ဘူး ၊ ဘာလို့လဲဆိုတော့ အဲဒီနတ်ဘုရားရဲ့ နောက်ကွယ်ကလူက တာအိုဆရာလီချင်းဆွေပဲ…"

အပြာရောင်ဝတ်မိန်းကလေးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး…

"မင်းက ကြောက်နေတယ်ဆိုလည်း ဘာလို့ ငါ့ဆီလာပြီး မေးခွန်းထုတ်နေသေးတာလဲ…"

နဂါးကြီးက မိန်းကလေး၏ စကားကြောင့် ရှက်ကြောက်သွားခြင်းမရှိဘဲ ပုံမှန်လေသံဖြင့်ပင် စကားပြောလိုက်သည်။

"မင်းကို ကျုပ်က မေးခွန်းထုတ်နေတာ မဟုတ်ပါဘူး ၊ ကျုပ်က မင်းဆီက အကူအညီလိုချင်တာပါ ၊ တကယ်ဆို ကျုပ်မင်းအတွက် အလုပ်လုပ်ပေးခဲ့လို့ ကျုပ်ရဲ့ အချစ်ဆုံးသားကို ဆုံးရှုံးသွားခဲ့ရတာ ၊ မင်းအနေနဲ့ တစ်ခုခုတော့ ပြန်လုပ်ပေးသင့်တာပေါ့…"

အပြာရောင်ဝတ်မိန်းမပျိုက…

"မင်းစိတ်ထဲ ဘာအကြံဆိုးတွေတွေးနေလဲ ငါ မှန်းကြည့်ရမလား…"

နဂါးကြီးက…

"မှန်းကြည့်မနေပါနဲ့တော့ ၊ ကျုပ်ပြောပြပါ့မယ် ၊ နတ်မိစ္ဆာအဓိပတိကြီး သေဆုံးသွားပြီလို့ ကြားထားတယ် ၊ ဒီတော့ ကျုပ် အဆုံးမဲ့တောင်ကြားကို ပိုင်ဆိုင်ချင်တယ် ၊ အဲဒီအဆုံးမဲ့တောင်ကြားက နတ်မိစ္ဆာအဓိပတိအသစ်က ကျင့်စူးလို့ခေါ်တယ် ၊ သူ့မှာ ကျွယ်ရှန်းနတ်ဓားရှိနေတယ် ၊ ဒါကြောင့် မင်း ကျုပ်အတွက် ကူပြီးတိုက်ခိုက်ပေးဖို့ မျှော်လင့်တယ်…"

အပြာရောင်ဝတ်မိန်းကလေးက…

"နှစ်ပေါင်း (၁၀၀)အတွင်းမှာ ကျင့်စူးက အတော်ဆုံးဓားသမားတစ်ယောက်ပဲ ၊ ငါကြားတာတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အတိတ်တစ်ချိန်က ဟွင့်ထျန်းတာ့စန်းအရှင်ကြီးထက်တောင် သာလွန်တယ်တဲ့ ၊ မင်းနဲ့ငါ (၂)ယောက်ပေါင်းပြီး တိုက်ခိုက်လို့ သူ့ကိုအနိုုင်ရတယ်ထား ၊ သူ့ကို ဘယ်လိုမှ ဖမ်းမိမှာ မဟုတ်ဘူး ၊ ကျင့်စူးလိုလူမျိုးက သွားပြီးရန်စသင့်တဲ့သူတစ်ယောက် မဟုတ်ဘူး ၊ မဟုတ်ရင် ပြဿနာအကြီးကြီး တက်သွားနိုင်တယ်…"

မိန်းကလေးစကားကြောင့် နဂါးကြီးက ရယ်မောလိုက်လေရာ သူ၏ ပါးစပ်ကြီးက သွေးအိုးကြီးတစ်လုံးအလား ရဲရဲနီလျှက် ရှိလေသည်။

"ကျုပ်မှာ ခင်မင်ကြတဲ့ သွေးသောက်ညီအစ်ကိုတွေ အများကြီးရှိတယ် ၊ မင်းကိုယ်တိုင် ဝင်ပြီး တိုက်ခိုက်ပေးဖို့ ပြောတာ မဟုတ်ပါဘူး ၊ မင်းကကိစ္စလေးတစ်ခု လုပ်ပေးရုံပါပဲ ၊ ဘာပဲဖြစ်ဖြစ် မင်းက ဆန်းလျန်ထျန်းကျွင်းရဲ့ တပည့်ရင်းတစ်ယောက်ပဲလေ ၊ မင်းဆရာရဲ့နာမည်ကို သုံးလိုက်တာနဲ့ ဘယ်သူမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး…"

အပြာရောင်ဝတ် မိန်းကလေးက…

"ဒါက မင်းထင်တာလေ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းနဲ့ငါ အတော်လေးခင်မင်ကြပါတယ် ၊ ပြီးတော့ အခုတစ်ကြိမ် မင်းအပေါ်မှာ ငါ အကြွေးတင်သွားပေမယ့် မင်းပြောတဲ့ အလုပ်ကိုတော့ လုပ်ပေးလို့ မဖြစ်ဘူး…"

နဂါးကြီးက…

"ဘာဖြစ်လို့လဲ…"

အပြာရောင်ဝတ်မိန်းကလေးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"မင်း ငါ့နာမည်ကို အသုံးပြုလို့ရတယ် ၊ ဒါပေမဲ့ ငါ့ဆရာနာမည်ကို အသုံးပြုမှာတော့ လုံး၀ ခွင့်မပြုနိုင်ဘူး…"

နဂါးကြီးက အံ့အားသင့်သွားပြီး…

"ဒါပေမဲ့ ကျုပ်ကြားသလောက် မင်းတို့ ဆရာတပည့်ဆက်ဆံရေးက သိပ်မကောင်းကြဘူး မဟုတ်လား…"

အပြာရောင်ဝတ်မိန်းကလေးက…

"မင်း နားမလည်ပါဘူး ၊ ဆရာက ငါ့ကို သေစေချင်ရင် ငါတစ်ချက် မတုံ့ဆိုင်းဘဲ အသေခံလိုက်မယ် ၊ ငါ့ဆရာကို ငါ ဘယ်လောက်ချစ်ခင်လေးစားလဲဆိုတာ တခြားသူတွေ ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး…"

နဂါးကြီးက သက်ပြင်းတစ်ချက်ချလိုက်လေသည်။

သူမကို ပူးပေါင်းရန်အတွက် မည်မျှ တန်ဖိုးကြီးကြီးပေးရပါစေ နဂါးကြီးအနေဖြင့် ပေးဆပ်နိုင်သော်လည်း ယခုတော့ သူဆက်မပြောနိုင်တော့ပေ။

သူမနှင့် ဆန်းလျန်ကြားမှ ဆက်ဆံရေးသည် သူတို့ ညီအစ်ကို (၇)ယောက်၏ ဆက်ဆံရေးကဲ့သို့ ဖြစ်သည်ကို နားလည်လိုက်သည်။

သူမသည် ဆန်းလျန်အတွက်ဆိုလျှင် အသက်စွန့်ရန်ပင် အသင့်ရှိနေသည် မဟုတ်ပါလား။

အမှန်တော့ ထိုသို့သောစိတ်ထားမျိုးသည့် သွေးသောက်ညီအစ်ကိုများကြားတွင် ထားရှိသည့် သစ္စာတရားထက် အခြားသူတစ်ယောက်အပေါ်တွင် ထားရှိသည့် ချစ်ခြင်းမေတ္တာတရားနှင့် ပိုပြီးဆင်တူလေသည်။

သူမသည် ဆန်းလျန်ကို ချစ်ခဲ့မိပါ၏။

သို့သော်… ချစ်ခြင်းမေတ္တာနှင့်တရားမျှတမှုဆိုသည်က အချိန်ကာလ တိုက်ဆိုင်ခြင်းမရှိလျှင် စိတ်မကောင်းစရာပင် ဖြစ်သည် မဟုတ်ပါလား။

***

All Chapters