အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အပိုင်း ၁၁
ကျန်းမန်မန်သည် သန့်ရှင်းခြောက်သွေ့သော အဝတ်အစားအသစ်တစ်စုံ လဲလှယ်ဝတ်ဆင်ပြီးနောက် ထန်ရှောင်မင်တို့နှင့်အတူ မြို့ထဲသို့ ထွက်လာခဲ့သည်။
လမ်းတွင် ထန်ရှောင်မင်က သက်ပြင်းချရင်း ပြောလိုက်၏။ “ရဲဘော်က အခုမှ ရောက်တာကို ဟိုပညာတတ်လူငယ်လီနဲ့ အငြိုးအတေးက ရှိသွားပြီ။ နောက်ကျရင် သူမက ရဲဘော်ကို တစ်မျိုးမဟုတ်တစ်မျိုး ဒုက္ခပေးလာမှာ မကြောက်ဘူးလား။”
ကျန်းမန်မန်ကတော့ ဂရုမစိုက်သည့် အမူအရာဖြင့် ပြန်ဖြေလိုက်၏။ “ကျွန်မ သူမကို ရန်မစခဲ့ရင်တောင် သူမက ကျွန်မအပေါ် ကောင်းမှာ မဟုတ်ပါဘူး။ ကျွန်မက ရွှေမှ မဟုတ်တာ - လူတိုင်း ကျွန်မကို သဘောကျနေမှာ မဟုတ်ဘူးလေ။"
"သူမ အစကတည်းက ကျွန်မကို ကြည့်တဲ့ အကြည့်ကို မမြင်ဘူးလား။ သူမက ကျွန်မကို အစကတည်းက အငြိုးထားပြီးသား။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ မုန်းနေမှာဆိုတော့ ကျွန်မလည်း ကိုယ့်ဘာကိုယ် ပျော်အောင်နေလိုက်တာပေါ့။ ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်ရမှာပဲ!”
ကျိုးယဲ့သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိသည်။
ဒီကောင်မလေးက အငြိုးအတေး တော်တော်ကြီးတာပဲ။
ကျန်းမန်မန်ကတော့ သူမကိုယ်သူမ စိတ်ကျန်းမာရေးချို့ယွင်းနေသည်လား ဒါမှမဟုတ် သွေးဆုံးချင်နေသည်လားဟုသာ တွေးမိနေ၏။
ဟုတ်နိုင်သည်။ ကိုယ်အလေးချိန်တက်လာသည့်အတွက် ဟော်မုန်းမမျှတတော့ဘဲ စိတ်အပြောင်းအလဲ မြန်နေခြင်း ဖြစ်နိုင်သည်။ သဘာဝဖြစ်စဉ်ဖြစ်၍ အများကြီး တွေးတောနေစရာ မလိုပေ။
ထန်ရှောင်မင်ကတော့ ကျန်းမန်မန်၏ အကျိုးအကြောင်းပြချက်သည် မှန်သလိုလို ရှိသည်ဟုသာ ခံစားလိုက်ရသည်။
ထို့နောက် သူမသည် သူမတို့နောက်မှ လိုက်လာသော ကျိုးယဲ့ကို တစ်ချက်၊ သူမဘေးရှိ ကျန်းမန်မန်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာကြောင့်မှန်းမသိ ရုတ်တရက် ရယ်ချင်စိတ် ပေါက်လာခဲ့၏။
မြို့ထဲသို့ ရောက်သောအခါ ကျိုးယဲ့က နွားလှည်းမောင်းသည့် အဘိုးကို သွားရောက် နှုတ်ဆက်လိုက်သည်။
ထို့နောက် သူက ပြန်လာပြီး ပြောလိုက်၏။ “မင်းတို့ ဝယ်စရာရှိတာ သွားဝယ်ကြလေ။ ဝယ်ပြီးရင် အဘိုးဝူရဲ့ နွားလှည်းပေါ် တင်ထားလိုက်။ သူက ဒီနေ့နေ့လယ် ရွာကို ပြန်မှာဆိုတော့ ကျွန်တော်တို့လည်း သူနဲ့အတူ လိုက်သွားကြတာပေါ့။”
ကျန်းမန်မန်နှင့် ထန်ရှောင်မင်တို့သည် နွားလှည်းရှိရာနေရာကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့ လမ်းခွဲလိုက်ကြ၏။
ကျိုးယဲ့သည် ဆန်ဝယ်ရန်အတွက် သမဝါယမဆိုင်သို့ သွားခဲ့သည်။
ကျန်းမန်မန်သည်လည်း လိုအပ်သည့်အရာများဝယ်ရန် ကျိုးယဲ့နှင့်အတူ ထိုဆိုင်သို့ လိုက်သွားမည်ဖြစ်ပြီး ပိုက်ဆံကို နောက်မှ ပြန်တွက်မည်ဟု ပြောထားခဲ့၏။
သူမသည် ထန်ရှောင်မင်ကိုတော့ ပေါက်စီဝယ်ရန်အတွက် အစိုးရပိုင် စားသောက်ဆိုင်သို့ လွှတ်လိုက်သည်။
ထန်ရှောင်မင် ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျန်းမန်မန်သည် ကျိုးယဲ့ သွားနေသော သမဝါယမဆိုင်ဘက်သို့ လှည့်ကြည့်ကာ မျက်လုံးတစ်ချက် လှန်ပြလိုက်သည်။
ထို့နောက် သူမ အခြားလမ်းတစ်ခုဘက်သို့ လှည့်ထွက်သွားတော့၏။
ရှေ့မှ လမ်းလျှောက်နေသော ကျိုးယဲ့သည် သူမ ထွက်သွားသည်ကို သတိပြုမိသည့်အခါ လှည့်ကြည့်လိုက်ပြီး သူမ အဝေးသို့ လျှောက်သွားသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီကောင်မလေး ဘာသွားလုပ်တာပါလိမ့်။
သူမက သူ့နောက်မှနေ၍ ဆိုင်ကို လိုက်လာရမည် မဟုတ်လား။ အိုးခွက်များ၊ ဒယ်အိုးနှင့် အခြားအရာများ ဝယ်ရမည်မဟုတ်လား။
သူက သူမကို ကူသယ်ပေးရန် တွေးထားသည်ကို သူမက ဘယ်ကို သွားနေသည်လဲ။
ကျိုးယဲ့တစ်ယောက် သူမနောက်မှ လိုက်သွားသင့်၊ မသွားသင့် တွန့်ဆုတ်နေမိလေသည်။
ကျန်းမန်မန်ကတော့ လူခြေတိတ်သည့်နေရာကို ရှာကြည့်ခဲ့ရာ လူတစ်ယောက်မှ မရှိနေသည့် တစ်ခုတည်းသောနေရာမှာ အများသုံးသန့်စင်ခန်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဘယ်လိုပဲဖြစ်ဖြစ်... ဒီခေတ်ထဲတွင် လူအများက ပစ္စည်းကောင်းများကို သူစိမ်းများထံ မပြချင်ကြပေ။
ထို့ကြောင့် သူမသည် အများသုံးသန့်စင်ခန်းထဲသို့ ဝင်သွားပြီး မကြာမီမှာပင် အထုပ်ကြီးတစ်ထုပ်ကို ပိုက်လျက်ပြန်ထွက်လာခဲ့၏။
သေချာသည်မှာ ထိုအထုပ်ထဲ၌ ပါလာသည့်အရာများက အညစ်အကြေးများတော့ မဟုတ်ဟူ၍ပင်။
သူမသည် အာကာသဟင်းလင်းပြင်ထဲတွင် ကြိုတင်ပြင်ဆင်ထားသည့် အိုး၊ ခွက်၊ အိပ်ရာလိပ်များ အားလုံးကို အထုပ်ကြီးတစ်ထုပ်ထဲ ထည့်ပြီး အခုတော့ အပြင်ကို ထုတ်ယူလာခဲ့ခြင်းဖြစ်၏။
အဝေးကြီး မသွားရသေးခင်ပဲ သူမ ကျိုးယဲ့နဲ့ တည့်တည့်တိုးမိလိုက်၏။
ကျန်းမန်မန် အထုပ်ကြီးတစ်ထုပ် ပိုက်လာသည်ကိုမြင်တော့ ကျိုးယဲ့ တော်တော်လေး အံ့သြသွား၏။
“ဝယ်လို့ ပြီးပြီလား။”
ကျန်းမန်မန် သူ့ကို တစ်ချက်ကြည့်လိုက်၏။
ဤသို့သော လူအများ၏ စိတ်ဝင်စားမှုခံရသည့် ယောက်ျားမျိုးကို သူမ မကြိုက်ဘူးဟု ပြောထားပြီးသားဖြစ်သည်။
သူ့မေးခွန်းကို သူမက ခပ်တိုတိုသာ ပြန်ဖြေလိုက်၏။
“အင်း.. ပြီးပြီ။”
“ဒီလောက်တောင် မြန်တာလား။”
ကျိုးယဲ့က သူမကို သံသယမျက်လုံးနှင့် ကြည့်ရင်း အနားသို့ တိုးလာ၏။ သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင် ရပ်နေကြပြီး ကျန်းမန်မန်ကတော့ အထုပ်ကြီးကို ပိုက်ထားဆဲပင်။
သူ အနားသို့ ပိုပိုတိုးလာလေလေ၊ ထင်ရှားပေါ်လွင်ပြီး ချောမောလှသည့် သူ၏မျက်နှာကို သူမ၏ ရှေ့တွင် အနီးကပ် မြင်နေရလေလေဖြစ်သည်။
ကျန်းမန်မန် မှင်တက်သွားမိသည်။ ဒီလူက တကယ်ကို ကြည့်ကောင်းလွန်းပြီး သူမ၏ အချစ်တော် ကျန့်ကျန့်ကဲ့သို့ပင် ချောမောနေခဲ့သည်။
သူမ၏ နှလုံးခုန်သံများ ရုတ်တရက် မြန်လာပြီး လည်ချောင်းပါ ခြောက်ကပ်လာ၏။ မဟုတ်သေးဘူး.. စိတ်အေးအေးထားရန် ကိုယ့်ကိုယ်ကိုယ် သတိပေးမှရမည်။
“ဘာလို့ ဒီလောက်တောင် အနားကပ် လာနေတာလဲ။ ရှင် လူယုတ်မာတွေလိုမျိုး လုပ်နေတာလား။”
ကျိုးယဲ့ ခပ်တိုးတိုး ရယ်လိုက်မိ၏။ “မင်းကတော့ အများကြီး လျှောက်တွေးနေပြီ။ ကျွန်တော်က တစ်ခု မေးချင်လို့ပါ။ ဒီပစ္စည်းတွေကို မှောင်ခိုဈေးကနေ သွားဝယ်လာတာလား။ ကျွန်တော် ပြောပြမယ်.. အဲ့ဒီလိုနေရာမျိုးကို နောက်တစ်ခါ ထပ်မသွားတာက အကောင်းဆုံးပဲ။တကယ်လို့ တစ်ခုခုဖြစ်လာရင် ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။”
ကျန်းမန်မန် ခဏတာ ကြောင်အမ်းအမ်းဖြစ်သွား၏။ သူက ဒါကို စိတ်ပူနေခြင်းဖြစ်သည်။ သူမ ပစ္စည်းများကို မှောင်ခိုဈေးမှ သွားဝယ်လာသည်ဟု သူ ထင်နေခြင်းပင်။
သူမကတော့ သူ တစ်ခုခု ထူးထူးခြားခြား လုပ်တော့မည်ဟု ထင်နေခဲ့မိ၏။
“သိပါပြီ။ နောက်တစ်ခါ မသွားတော့ပါဘူး။”
သူမ ဒီလို အလိုက်သင့် ပြောလာသည်ကို မြင်တော့ ကျိုးယဲ့ သူမကို အကဲခတ်ကြည့်ပြီး ဆိုလိုက်၏။
“မင်းက ဒီကို အခုမှ ရောက်လာတာ မဟုတ်ဘူးလား။ အဲ့ဒီတော့ မှောင်ခိုဈေးက ဘယ်နေရာမှာရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ။”
ထိုမေးခွန်းက ကျန်းမန်မန်ကို ခေတ္တမျှ ဆွံ့အသွားစေခဲ့သော်လည်း သူမက ချက်ချင်းပဲ ပြန်ဖြေလိုက်၏။ “မသိပါဘူး - ဒါပေမဲ့ ဟိုမေးဒီမေး လုပ်လို့ရတာပဲ မဟုတ်ဘူးလား။”
“ဒီတော့ မင်းက လူတွေကို လိုက်မေးရဲတယ်ပေါ့။ ကောင်မလေး.. မင်းကတော့ တကယ့်သတ္တိခဲပဲ။ တစ်ယောက်ယောက်က မင်းကို သွားတိုင်လိုက်မှာ မကြောက်ဘူးလား။”
“ဘယ်သူမှ မတိုင်ကြဘူးလေ၊ ဟုတ်တယ်မလား။ ကဲပါ.. သွားကြရအောင်။”
ကျိုးယဲ့ကတော့ ခေါင်းခါလျက် ထိုအထုပ်ကြီးကို ဘာမှမဟုတ်သည့်အတိုင်း သယ်သွားနေသည့် သူမကို ကြည့်လိုက်မိသည်။
သူ ကူသယ်ပေးရန် တွေးလိုက်သေးသော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်၏။ သူမကတော့ ထိုအထုပ်ကြီးကို နွားလှည်းပေါ် တင်လိုက်ပြီးမှ သူ့ကို လှည့်မေးလိုက်၏။
“သမဝါယမဆိုင်ကိုရော သွားပြီးပြီလား။”
ကျိုးယဲ့က ခေါင်းခါပြပြီး သူမကို ကြည့်လိုက်သည်။ “မသွားရသေးဘူး။ မင်း သွားဦးမှာလား။”
ကျန်းမန်မန် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိိုက်၏။
“သွားရမှာပေါ့။ ရှင်က ကျွန်မအတွက် ဆန်ဝယ်ပေးမှာလေ။ သွားကြစို့!”
ကျိုးယဲ့ ရုတ်တရက် ရယ်မောပြီး မေးလိုက်၏။ “မင်းက မင်း တကယ်ပဲ ကျွန်တော့်ကို ကယ်ခဲ့တယ်ဆိုပြီး ထင်နေသေးတာလား။”
ကျန်းမန်မန် - “........”
သူမကတော့ ဤအကြောင်း မငြင်းခုံချင်တော့ပေ။
“ဘာလဲ၊ ကျွန်မကယ်ခဲ့တာ မဟုတ်ဘူးလား။”
သူမက သူ့ကို အထက်အောက် တစ်ချက် ကြည့်လိုက်ပြီး ဆိုလိုက်၏။
“ဘာလဲ.. ဆန်နဲ့ ကျေးဇူးမဆပ်ချင်တော့ဘဲ လူကိုယ်တိုင်ပေးပြီး ကျေးဇူးဆပ်ချင်သွားတာလား။”
ကျိုးယဲ့ - “တော်ပါပြီ.. ဆန်ပဲ ပေးလိုက်ပါ့မယ်။”
ကျန်းမန်မန်က ရယ်မောပြီး ပြောလိုက်သည်။ “ဟေး.. ဟိုစကားပုံကို ကြားဖူးလား။”
ကျိုးယဲ့ - “ဘာစကားပုံလဲ။”
ကျန်းမန်မန် - “ကလေးတွေကပဲ ရွေးချယ်မှု လုပ်ကြတာတဲ့။”
ထိုသို့ ပြောပြီးသည်နှင့် သူမက ပြုံးလိုက်ပြီး သမဝါယမဆိုင်ဘက်ကို ထွက်သွားခဲ့သည့်အတွက် ကျိုးယဲ့ကတော့ သူမ ဘာကို ဆိုလိုသလဲဆိုသည်ကို နားမလည်ဘဲ မျက်မှောင်ကြုတ်လျက်သာ ကျန်ရစ်ခဲ့တော့သည်။
သူ သူမနောက်ကို အမြန်လိုက်သွားလိုက်၏။ သူတို့နှစ်ယောက် ဆိုင်ထဲရောက်သည့်အခါ ကျိုးယဲ့က ဆန်ပိဿာ ၂၀ ဝယ်ပေးခဲ့သည်။
ဆိုင်မှ အရောင်းစာရေးမကြီးက ကျိုးယဲ့ကို သိနေသည့်အတွက် ဝမ်းသာအားရဖြင့် သူပိုက်ဆံရှင်းသည်ကို စောင့်ကြည့်ပေးပြီး ဆန်များကို ကျန်းမန်မန်ထံ ကမ်းပေးလိုက်သည်။
သူမ၏ မျက်လုံးများကလည်း တောက်ပနေ၏။ မိန်းကလေးတစ်ယောက်အတွက် ဒီလောက် ဆန်အများကြီး ဝယ်ပေးသည်ဆိုတော့ ဘယ်လို အခြေအနေဖြစ်န်ိုင်သည်လဲ။ သူမက ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။
“အိုး.. ရဲဘော်ကျိုး၊ မင်း အိမ်ထောင်ပြုတော့မှာလား။ ဒီမိန်းကလေးက မင်းရဲ့ဇနီးလောင်းပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။”
ကျိုးယဲ့ - “...”
ကျန်းမန်မန် - “......”
“အဒေါ်ကတော့ နောက်ရတာ တော်တော်ဝါသနာပါတာပဲ။ နောက်တစ်ခါ အဲ့ဒီလို မပြောပါနဲ့။ ကျွန်မက အခုမှရောက်လာတဲ့ ပညာတတ်လူငယ်ပါ - သူ့မိန်းမ မဟုတ်ပါဘူး။”
ကျန်းမန်မန်၏ ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် အဒေါ်ကြီးက သက်ပြင်းချလိုက်ပြီး သူမ မှားသွားကြောင်း သိသည့်အတွက် အမြန်တောင်းပန်လိုက်၏။
“... အားနာလိုက်တာကွယ်။ ရဲဘော်ကျိုးက မိန်းကလေးကို ဆန်တွေကမ်းပေးနေတာမြင်တော့ မိသားစုဝင်တွေလို့ ထင်သွားမိတာပါ!”
“မဖြစ်နိုင်ပါဘူးရှင်! အဒေါ်.. ကျွန်မ ဟိုစက်မှုသုံးလက်အိတ် နှစ်စုံလောက် လိုချင်ပါတယ်။”
သူမက စကားပြောနေရင်း စက်မှုပစ္စည်းဝယ်ယူခွင့် လက်မှတ်များကို ထုတ်ပေးလိုက်ရာ အဒေါ်ကြီးကလည်း ချက်ချင်း သဘောတူလိုက်၏။
“အခြား ဘာလိုသေးလဲ ပြောဦးနော်။”
ကျန်းမန်မန် ယုန်ဖြူတံဆိပ် သကြားလုံးတချို့လည်း ဝယ်လိုက်သေးသည်။ သူမသည် ဝတ္ထုထဲကို ကူးပြောင်းလာသူ ဖြစ်သည့်အတွက် ရှေ့ဆက်၍ ဖြစ်လာမည့်အရာများကို ကြိုသိထားသည်။ ဝတ္ထုထဲမှ အမျိုးသမီးဇာတ်ဆောင် အများစုက ဝက်စာပင်တွေ သွားနုတ်ရတတ်ကြ၏။
ဤအလုပ်က သက်သာသောကြောင့် သူမလည်း ဤအလုပ်ကိုသာ လုပ်မည်ဟု စိတ်ကူးထားသည်။ ရွာထဲမှ ကလေးများကို သကြားလုံးများပေးပြီး ဝက်စာပင်များ ဝိုင်းကူနုတ်ခိုင်းလိုက်မည်။
ငါး၊ ပုစွန်များ ဖမ်းခိုင်းလျှင်လည်း သကြားလုံးလေးများပေးကာ သူတို့ကို ခိုင်းလို့ရ၏။
အတိုချုပ်ပြောရရင် ရွာထဲမှ ကလေးများ သူမနှင့် မတွေ့ရသေးသော်လည်း သူမကတော့ သူတို့၏ အလုပ်ဇယားများကို သူမက ဆွဲထားပြီးနှင့်နေလေပြီ။
အဒေါ်ကြီးက သကြားလုံးများကို လက်နှစ်ဆုပ်လောက်ယူပြီး အလေးချိန် ချိန်လိုက်၏။
“ကဲ.. ကွက်တိပဲ! ငါ့လက်ကတော့ မှော်လက်ပဲ၊ အလေးချိန်က အမြဲကွက်တိကျတယ်။”
“အဒေါ်က တကယ်ကို ကျွမ်းကျင်တာပဲနော်။”
မြှောက်ပင့်စကားကြောင့် အဒေါ်ကြီးက အားရပါးရ ရယ်မောလိုက်၏။
ဈေးဝယ်ပြီးသွား၍ အပြင်ထွက်လာသည့်အခါ ကျိုးယဲ့က လက်လှမ်းပေးလိုက်သည်။
“ဒါတွေ ကျွန်တော့်ကိုပေး၊ ကျွန်တော် ကူသယ်ပေးမယ်”
ကျန်းမန်မန်လည်း အားနာမနေတော့ဘဲ ဆန်ထုပ်ကို သူ့ထံ လှမ်းပေးလိုက်၏။
ဆန်ပိဿာ ၂၀ ဆိုသည်မှာ အလေးချိန်မနည်းသည့်အတွက် သယ်ပေးမည့်သူသာရှိလျှင် သူမအတွက် အတော်သက်သာလ်ိမ့်မည်။
“ကျေးဇူးပါပဲ။”
“အစ်ကိုကျိုး.. အဲ့ဒီမိန်းကလေးက ဘယ်သူလဲ။”
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၁၂
“မင်း မျက်စိကန်းနေတာလား။ ဒီနေ့ပဲ ငါရေထဲကျသွားပြီဆိုပြီး မင်းအော်ခဲ့တာလေ၊ အဲ့ဒါ ငါ့ကို လာကယ်ခဲ့တဲ့သူက သူမပဲ။ တပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင်ကတောင် ကျေးဇူးဆပ်တဲ့အနေနဲ့ သူမကို ဆန်ပိဿာ ၂၀ ပေးဖို့ ငါ့ကိုပြောခဲ့သေးတယ်။ အခုကျမှ မင်းက လာမေးနေသေးတာလား။"
"ငါတောင် မင်းကို ပြန်မမေးရသေးဘူး! မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်အော်လို့ ငါ ဆန်ပိဿာ ၂၀ အလကားကုန်သွားရတာ။ ငါပြောမယ် ကျောက်ချိုင်ဟွား.. အဲ့ဒီဆန်ဖိုးကို မင်းပဲ ပေးသင့်တယ်။”
သူ့ရှေ့တွင်ရှိနေသော အမျိုးသမီးသည် ခုနလေးက ကျိုးယဲ့ ရေထဲကျသွားပြီဟု အော်ဟစ်နေခဲ့သည့် ချိုင်ဟွားဖြစ်သည်။ အခု သူမက အမျိုးသားရဲဘော်တစ်ယောက်နှင့်အတူ ဒီကို ရောက်လာခြင်းဖြစ်၏။
ကျိုးယဲ့၏ စကားကို ကြားတော့ ထိုအမျိုးသားက ချက်ချင်းဝင်ပြောလိုက်၏။
“ကျိုးယဲ့.. ဒီနေ့ဖြစ်သွားတဲ့ကိစ္စကို ငါကြားပြီးပြီ။ ချိုင်ဟွားက မင်းကိုစိတ်ပူလို့ လုပ်ခဲ့တာပါ။ ရေအောက်မှာ ဘာလို့ အကြာကြီး အသက်အောင့်နေရတာလဲ။ သူမက ထိတ်လန့်သွားတော့ မင်းရေနစ်နေပြီလို့ ထင်ပြီး အကူအညီတောင်းတာ။ ဒါက သဘာဝပဲလေ။ နောက်ပြီး ချိုင်ဟွားနဲ့ ငါက မကြာခင် လက်ထပ်တော့မှာ။ မင်း သူမကို နောက်ထပ် မနှောင့်ယှက်တော့ဖို့ ငါမျှော်လင့်ပါတယ်။”
စကားပြောနေရင်း ထိုလူက ကျိုးယဲ့ဘေးတွင် ရပ်နေသည့် ကျန်းမန်မန်ကို အထင်သေးသည့်အကြည့်နှင့် တစ်ချက်ကြည့်ပြီး ထပ်ပြောလိုက်သည်။
“မင်းကိုကယ်ခဲ့တဲ့ ဒီပညာတတ်လူငယ်လေးကလည်း ကြည့်လို့မဆိုးလှပါဘူး။ ဒီလောက်အထိ ထွားထွားကျိုင်းကျိုင်း ဖြစ်နေတာဆိုတော့ သူမမိသားစုကလည်း ချမ်းသာမှာပေါ့။ မင်းမှာ သူမရှိနေပြီပဲ၊ ချိုင်ဟွားကို လာပတ်သက်မနေနဲ့တော့။”
ဒီစကားကြောင့် ကျိုးယဲ့ တကယ်ကို ဒေါသထွက်သွားတော့၏။ “ငါက သူ့ကို ပတ်သက်နေတာလား။ စွင်းတာ့ကျူး.. မင်း မျက်စိကန်းနေတာလား။ ကောင်းပြီလေ၊ မင်းမျက်စိကန်းတာကို ထားလိုက်ပါဦး၊ ဒါပေမဲ့ သူမကိုကြည့်ဦး! အရိုးပေါ်အရေတင်၊ မျက်လုံးကလည်း စောင်း၊ မေးစေ့ကလည်း ချွန်ချွန်နဲ့ - ကြည့်ရတာနဲ့တင် ကပ်စေးနှဲပြီး စိတ်ပုပ်မဲ့ပုံ ပေါက်နေတာ။ ငါ့ကို မင်းလိုမျိုး မျက်စိကန်းတဲ့သူလို့ ထင်နေတာလား။”
ကျောက်ချိုင်ဟွားတစ်ယောက် ကျိုးယဲ့၏ ပြောဆိုမှုကို ခံလိုက်ရသည့်အတွက် တုန်လှုပ်သွားပြီး လဲကျတော့မလို ဖြစ်သွားတော့သည်။
“အစ်ကိုကျိုး.. ဘယ်.. ဘယ်လိုဖြစ်လို့ ကျွန်မကို ဒီလိုပြောနိုင်ရတာလဲ။ ရှင် အရင်က ဒီလိုမဟုတ်ပါဘူး။ သူမက ရှင့်ကိုကယ်လိုက်တာနဲ့ပဲ ရှင့်ရဲ့အချစ်တွေက ချက်ချင်းပြောင်းလဲသွားရတာလား။”
စွင်းတာ့ကျူးက ဝမ်းနည်းနေသည့် ကျောက်ချိုင်ဟွားကို အမြန်တွဲပေးလိုက်ပြီး ကျိုးယဲ့ကို အပြစ်တင်အကြည့်နှင့် စိုက်ကြည့်လိုက်တော့သည်။
“ချိုင်ဟွား.. ဝမ်းမနည်းပါနဲ့။ သူက မင်းကိုမရလို့ ရန်လုပ်နေတာပါ။ အနည်းဆုံးတော့ သူ မင်းကို ထပ်မနှောင့်ယှက်တော့ဘူးဆိုတာ စိတ်ချရပြီလေ။ သွားကြစို့။”
ကျန်းမန်မန် မျက်လုံးလှန်ပြလိုက်မိသည်။ ' ဒီနှစ်ယောက်က ဘာလာလုပ်ကြသည်လဲ။ ကြွားလုံးထုတ်လိုခြင်းလား။'
ထို့အပြင် သူမဘေးမှ ရုပ်ချောချောနှင့်လူကလည်း ချိုင်ဟွားကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်လွန်းနေသည့် နောက်ထပ်တစ်ယောက် ဖြစ်ပုံရသည်။
ကိုယ့်ဘာသာ ဇာတ်လမ်းဆင်ပြီး ပြောဆိုနေကြသူများကို သူမ တကယ် သည်းမခံနိုင်ပေ။
ဒါက သူမနှင့် မဆိုင်သည့်ကိစ္စ ဖြစ်နေသည့်အတွက်သာ ဘာမှဝင်မပြောဘဲ အကြာကြီး အောင့်ခံနေခဲ့ခြင်းဖြစ်သည်။
သူမလည်း ဘေးဘက်ရှိ ကျိုးယဲ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။ “ဝယ်စရာရှိတာ အားလုံးဝယ်ပြီးပြီဆိုတော့ နွားလှည်းဆီ သွားကြရအောင်!”
ကျိုးယဲ့သည်လည်း တကယ်ကို စိတ်ပျက်နေခဲ့လေသည်။ ထို ချိုင်ဟွားဆိုသည့် မိန်းမက အမြဲတမ်း ကိုယ့်ဘာကိုယ် ဇာတ်လမ်းဆင်ပြီး ပြောတတ်သည်ကို သူ ဘာမှ လုပ်၍မရနေပေ။
ကျန်းမန်မန် အားလုံးဝယ်ပြီးပြီဟု ပြောသည်ကိုကြားတော့ သူက ဂျုံမှုန့်ထုပ်ကို မ ယူပြီး သူမနှင့်အတူ လှည်းရှိရာကို ထွက်လာခဲ့တော့၏။
ထန်ရှောင်မင်ကတော့ ထိုနေရာတွင် သူတို့ကို ကြိုစောင့်နေခဲ့သည်။ သူတို့နှစ်ယောက် အတူတူပြန်လာသည်ကို မြင်တော့ သူမက အမြန်လက်လှမ်းပြလိုက်၏။
ထိုအချိန်တွင် နွားလှည်းပေါ်၌ ရွာထဲမှ အဒေါ်ကြီးအချို့လည်း ထိုင်နေကြလေပြီ။
“ဒါရိုက်တာကျိုး.. ဒီနေ့ အလုပ်မဆင်းဘူးလား။ ဘေးက မိန်းကလေးက ဘယ်သူလဲ။”
“ဟုတ်ပ.. တစ်ခါမှ မမြင်ဖူးပါဘူး။ ကြည့်ရတာ တော်တော်လေး ချောတာပဲ။”
“ကျိုးယဲ့... ဒါ မင်းမိဘတွေ စီစဉ်ပေးထားတဲ့ ဇနီးလောင်းလား။ အခုကတည်းက နယ်ဘက်ကို လွှတ်လိုက်ပြီပေါ့။”
သူတို့၏ စကားဝိုင်းက လမ်းချော်သွားတော့မည်ကို မြင်သဖြင့် ကျန်းမန်မန် အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်ရတော့သည်။
“မင်္ဂလာပါ အဒေါ်တို့။ ကျွန်မက နယ်ဘက်ဆင်းလာတဲ့ ပညာတတ်လူငယ်ပါ။ ပစ္စည်းတွေ မစုံသေးတာနဲ့ မြို့ထဲကို လာဝယ်ရင်း ရဲဘော်ကျိုးယဲ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိတာပါ။”
ထိုစကားကို ကြားမှ အမျိုးသမီးကြီးများက “ဪ...” ဟု တညီတညွတ်တည်း ဆိုလိုက်ကြတော့သည်။
သူတို့၏ မျက်လုံးများထဲရှိ အတင်းအဖျင်း ပြောချင်နေသော မီးတောက်များသည်လည်း ပညာတတ်လူငယ်တစ်ဦး ဖြစ်မှန်းသိလိုက်ရသဖြင့် ချက်ချင်းပင် မှေးမှိန်သွားတော့၏။
“... မိန်းကလေး၊မင်းက တကယ်ကို ဝတာပဲ။ ပေါင်နှစ်ရာလောက်တော့ ရှိလောက်မယ်။”
“ဝတာက အဒေါ်တို့အိမ်က ဆန်ကို စားပြီး ဝလာတာမှ မဟုတ်တာ။”
“ဝတာက အဒေါ်တို့အိမ်က ဆန်ကို စားပြီး ဝလာတာမှ မဟုတ်တာ။”
ကျန်းမန်မန်နှင့် ကျိုးယဲ့တို့ နှစ်ဦးစလုံး တပြိုင်တည်း ပြန်လည် တုံ့ပြန်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံး ခေတ္တမျှ ကြောင်သွားပြီးနောက် တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြ၏။
အပြောခံလိုက်ရသော အဒေါ်ကြီးသည်လည်း ကျိုးယဲ့ကို တစ်လှည့်၊ ကျန်းမန်မန်ကို တစ်လှည့် ကြည့်လိုက်မိသည်။
“ဟော... ကျိုးယဲ့၊ မင်းက -”
ကျိုးယဲ့က စိတ်မရှည်သော လေသံဖြင့် ပြန်ပြောလာ၏။ “အဒေါ်... တော်ပါတော့ဗျာ။ ဒီမိန်းကလေးက နယ်ဘက်ကို အခုမှရောက်လာတဲ့ ပညာတတ်လူငယ်ပါ။ အဒေါ်တို့က အခုကတည်းက ဒီလိုတွေ လျှောက်ပြောနေရင် ကျွန်တော်တို့တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တာပေါ့။ သူမသာ အိမ်ပြန်ရောက်ပြီး ကျွန်တော်တို့တပ်ဖွဲ့ထဲမှာ အတင်းအဖျင်း ပြောတဲ့သူတွေပဲ ရှိတယ်လို့ လျှောက်ပြောနေရင် ဘယ်လိုလုပ်မလဲ။ အဒေါ်တို့က အဲ့လို ဖြစ်ချင်တာလား။”
ထိုအမျိုးသမီးကြီးက အလိုမကျသော အမူအရာဖြင့် ပြောလိုက်၏။ “ငါက တစ်ခွန်းပဲ ပြောရသေးတယ်၊ မင်းက ငါ့ကို တရားဟောဖို့ အသင့်ဖြစ်နေပြီ။ ကဲပါ... တော်ပြီ၊ တော်ပြီ၊ ငါ ဘာမှမပြောတော့ဘူး။ ဒါနဲ့ မင်း တောဝက်အမဲလိုက်ဖို့ တောင်ပေါ် ဘယ်တော့ ပြန်တက်မှာလဲ။ နောက်တစ်ခါကျရင် ငါ့သား ကျားပေါင်ကိုပါ ခေါ်သွားဦးနော်။”
ကျိုးယဲ့ သူမကို ကြည့်လိုက်ပြီး ခြေထောက်ကို ကွေးလျက် ထိုင်လိုက်သည်။ ထို့နောက် လက်ပေါ် ခေါင်းတင်လိုက်ရင်း ပေါ့ပေါ့ပါးပါး ဆိုလိုက်၏။
“ကျွန်တော့် စိတ်အခြေအနေပေါ် မူတည်တယ်! ကျားပေါင်က လိမ်မာတဲ့ ကလေးပါ၊ ကျွန်တော်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ အဒေါ်ကတော့ သူ့အတွက် ကုသိုလ်ရစေချင်ရင် နှုတ်စောင့်နေလိုက်တာ ပိုကောင်းမယ် ထင်တယ်။”
အဒေါ်ကြီးကတော့ သူ့ကို အနေခက်စွာဖြင့်သာ ကြည့်နေတော့၏။
ထိုအခါမှ လှည်းပေါ်ရှိ အခြား အမျိုးသမီးများလည်း ပညာတတ်လူငယ်နှစ်ဦးအကြောင်းကို ဘေးချိတ်ထားလိုက်ပြီး အတင်းအဖျင်း ဇာတ်လမ်းအသစ်များဆီသို့ ကူးပြောင်းသွားကြတော့သည်။
“ကြားပြီးကြပြီလား။ ဟိုဘက်ရွာက မုဆိုးမကျန်းက ပါတီအတွင်းရေးမှူးရဲ့ အိပ်ရာထဲ ခိုးဝင်သွားတာလေ။ အို... အဲ့ဒါနဲ့ အတွင်းရေးမှူးလည်း ရာထူးက ချက်ချင်းပြုတ်သွားရတာပေါ့။ ပါတီဝင်အဖြစ်ကပါ ထုတ်ပယ်ခံလိုက်ရတယ်လို့ ပြောကြတာပဲ။”
“ဒါက ဘာမှမဟုတ်သေးပါဘူး။ အနောက်ဘက်ရွာက လောင်ခယ့်ရဲ့ ဒုတိယသားမိန်းမရဲ့ အဒေါ်ဆိုရင် ကလေးမရနိုင် ဖြစ်နေတာလေ -”
“ဟုတ်တယ်၊ ကျွန်မလည်း ကြားတယ်။ အဲ့ဒါနဲ့ သူမက သူမယောက်ျားရဲ့ အစ်ကိုကြီး အိပ်ရာထဲဝင်သွားလိုက်တာ၊ ဟော... ဗိုက်ကြီးသွားရော။ အခုတော့ အဲ့ဒီလင်မယားမှာ ဘယ်သူက ပြဿနာရှိနေလဲဆိုတာ ရှင်းသွားပြီပေါ့! ဟားဟားဟား!”
“ဟေး... ဟေး...လောင်စုန့်ရဲ့ မိထွေးအကြောင်းရော ကြားပြီးပြီလား။ မနေ့က ကျို့ဟွားကို ထပ်ရိုက်ပြန်ပြီတဲ့။ သနားစရာ ကလေးလေးမှာ တစ်ကိုယ်လုံး ညိုမည်းစွဲနေတာပဲ။ မိထွေးဆိုလည်း ဒီလောက်တောင် ရက်စက်ရသလား။”
“အဲ့ဒါက ဘာဆန်းလို့လဲ။ သူမက သူမသားအရင်းကိုတော့ ရတနာလို ထားပြီး ကျို့ဟွားကိုတော့ မျက်စိစူးနေတာကိုး။”
ကျန်းမန်မန်ကတော့ အဒေါ်ကြီးများ၏ အတင်းအဖျင်း ဇာတ်လမ်းများကို နားထောင်နေရင်း မျက်လုံးများ တောက်ပနေတော့၏။ သူမသည် ထိုဖျော်ဖြေမှုများကို အပြည့်အဝ သဘောကျနေခြင်းပင်။
သူမသည် နေကြာစေ့တစ်ဆုပ်ကို ထုတ်ယူလိုက်ပြီး ထန်ရှောင်မင်ကိုလည်း ဝေမျှလိုက်သေး၏။
ထန်ရှောင်မင်လည်း အားနာနာဖြင့် လက်ခံလိုက်ပြီး ဆက်နားထောင်နေလိုက်၏။
ကျိုးယဲ့ ခေါင်းစောင်းကြည့်လိုက်ရာ သူမသည် နေကြာစေ့များကို တမြုံ့မြုံ့ ဝါးနေရင်း အတင်းအဖျင်းများကို ပျော်ပျော်ကြီး နားထောင်နေသည်ကို မြင်လိုက်ရလေသည်။
သူ လက်လှမ်းပေးလိုက်ရာ ကျန်းမန်မန်က ဘာမှမစဉ်းစားနေဘဲ နေကြာစေ့တစ်ဆုပ်ကို သူ့လက်ထဲသို့ ထည့်ပေးလိုက်မိ၏။ ခဏအကြာမှသာ ၎င်းမှာ ထန်ရှောင်မင်၏ လက်မဟုတ်ကြောင်း သူမ သတိပြုမိသွားခဲ့သည်။
သူမသည် ထိုလက်ပိုင်ရှင်ကို တစ်ချက်ကြည့်မိပြီး စူးစိုက်ကြည့်နေလိုက်၏။
သူမ၏ နေကြာစေ့များကို စားနေရအောင် သူက ဘယ်လိုတောင် သတ္တိရှိနေသည်လဲ။
ကျိုးယဲ့ကတော့ အသံမထွက်ဘဲ ပြုံးစ်ိစိ လုပ်နေ၏။ သေချာပေါက်.. ဤမိန်းကလေးသည် အတင်းအဖျင်း နားထောင်နေရလျှင် စိတ်လွင့်သွားတတ်ပြီး ဘယ်သူမှန်းတောင် မကြည့်တော့ဘဲ နေကြာစေ့များ ကမ်းပေးတတ်သည်။
ကွက်တိကျသွား၏။
သူသည်လည်း အဒေါ်ကြီးများ၏ အတင်းအဖျင်းများကို နားထောင်နေရင်း နေကြာစေ့များကို ပျော်ပျော်ကြီး ဝါးနေလိုက်တော့၏။
ရွာသို့ ပြန်ရောက်သည့်အခါ သူတို့ အထုပ်အပိုး အကြီးအသေးများကို အိမ်ထဲ သယ်လာခဲ့ကြသည်။ အချိန်ကတော့ စောသေး၏။
ကျန်းမန်မန် သူမယူလာသည့် အိုးကို မီးဖိုခုံပေါ် တင်ကြည့်လိုက်ရာ ကွက်တိကျနေလေ၏။ ဒီအိုးနှင့် မီးဖိုကတော့ ကောင်းကင်ဘုံက ဖန်တီးပေးလိုက်သည့် တွဲဖက်များအတိုင်းပင်။
ထို့အပြင် သူမက ယောက်မ၊ ပန်းကန်ခွက်ယောက်များ၊ တူများ၊ ဆန်၊ ဂျုံ၊ ဆီ၊ ဆား၊ အိပ်ရာဖျာနှစ်လိပ်နဲ့ ထိုင်ခုံပုလေးနှစ်လုံးကိုလည်း ထုတ်ယူလိုက်သေးသည်။
“ရဲဘော်ကျန်း.. ဒါတွေအားလုံး ဘယ်က ရလာတာလဲ။ ကြည့်ရတာ တစ်ခါသုံးထားပြီးသား ပစ္စည်းတွေနဲ့ တူတယ်နော်။”
ကျန်းမန်မန်က ပြုံးပြီး ပြောလိုက်၏။ “နယ်ဘက်ဆင်းလာရင် ပိုက်ဆံတွေ အများကြီး သုံးရမယ်ဆိုတာ ကျွန်မ တွေးထားမိလို့လေ။ အဲ့ဒါကြောင့် မှောင်ခိုဈေးကို သွားပြီး ဈေးသက်သာတဲ့ တစ်ပတ်ရစ် ပစ္စည်းတွေကို သွားဝယ်ခဲ့လိုက်တာ။”
“မှောင်ခို-!”
ထန်ရှောင်မင် ချက်ချင်းဆိုသလို သူမ၏ပါးစပ်ကို လက်နှင့်ပိတ်လိုက်မိပြီး အံ့သြတုန်လှုပ်သွားကာ မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေမိတော့သည်။ သူမတို့သည် ဒီပစ္စည်းများကို အတူတူ သုံးကြရမည်ဖြစ်သည့်အတွက် မည့်သူ့ကိုမျှ အသိပေး၍မဖြစ်ပေ။
“ရဲဘော်ကတော့ တကယ့် သတ္တိခဲပဲ! ဒါတွေအားလုံး ဘယ်လောက် ပေးခဲ့ရလဲ။”
“တစ်ယွမ်ပဲ”
“ဒီလောက်တောင် သက်သာတာလား။ ဒါဆို.. အဲ့ဒီမှာ နောက်ထပ် ပစ္စည်းကောင်းတွေရော ရှိဦးမလား။”
ကျန်းမန်မန် သူမကို စောင်းကြည့်လိုက်ပြီး ဆိုလိုက်သည်။ “ခုနလေးကပဲ အန္တရာယ်များတယ်လို့ ပြောနေခဲ့တာ မဟုတ်ဘူးလား။ အဲ့ဒီနေရာအကြောင်း မတွေးနဲ့တော့။ အဲ့ဒီနေရာက တကယ်ကို အန္တရာယ်ရှိတယ်။ ကျွန်မလည်း နောက်တစ်ခါ ဘယ်တော့မှ မသွားတော့ဘူး၊ ရဲဘော်လည်း သွားဖို့ စိတ်မကူးနဲ့တော့။”
ထန်ရှောင်မင်က နှုတ်ခမ်းစူလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသည့်တိုင် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါပြီ။ ရဲဘော်ကတော့ တကယ်ကို ငွေသုံးစွဲဖို့ တတ်တာပဲ။ ခြံသော့ခတ်ဖို့ သော့အိမ်ပါ ဝယ်လာခဲ့တာလား။”