အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အပိုင်း ၁၃
ပစ္စည်းအားလုံးသည် ကျန်းမိသားစုထံမှ ရရှိထားသည့်အရာများဖြစ်သည့်အတွက် အလဟဿမဖြစ်စေဘဲ အကျိုးရှိရှိ အသုံးချရလိမ့်မည်။
ခြံစည်းရိုးကတော့ ကြည့်ကောင်းရုံမျှသာရှိပြီး အကာအကွယ်သိပ်မဖြစ်ပေ။
တစ်စုံတစ်ယောက်သာ ကျူးကျော်ဝင်ရောက်လိုပါက ခြေတစ်လှမ်း လှမ်းရုံမျှဖြင့် အလွယ်တကူ ဝင်ရောက်နိုင်သည်။
ထို့ကြောင့် ဤခြံဝင်းအတွင်း လုံခြုံမှုအပြည့်အဝရရှိစေရန် ခိုင်ခံ့သော ခြံစည်းရိုးတစ်ခု တည်ဆောက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကျန်းမန်မန် တွေးမိလိုက်သည်။
သူမတို့နှစ်ဦးတွင် စားပွဲ၊ ဗီရိုနှင့် အခြားအသုံးအဆောင်များ ဝယ်ယူရန် လိုအပ်နေသေးသဖြင့် ထန်ရှောင်မင် ဝယ်ယူလာသော အသားလိပ်မုန့်များကို စားသောက်ပြီးနောက် နွေးထွေးသော ခုတင်ပေါ်တွင် ခေတ္တမျှ လှဲလျောင်းကာ အနားယူလိုက်ကြသည်။
ထိုစဉ် ကျန်းမန်မန်က ရုတ်တရက် ဝုန်းခနဲ ထထိုင်လိုက်ပြီး ပြောလိုက်၏။
"... မေ့သွားခဲ့တာ၊ ထင်း တစ်စလေးမှ မရှိနေသေးဘူးပဲ။"
ထန်ရှောင်မင်လည်း ဆွံ့အသွားတော့၏။ အမှန်တကယ်ပင် ထင်းမရှိဘဲ မည်သို့မျှ မနေထိုင်နိုင်ပေ။
"အခုပဲ တောင်ပေါ်တက်ပြီး ထင်းသွားရှာလိုက်ကြရင် ကောင်းမလား။"
ကျန်းမန်မန် အတန်ကြာ စဉ်းစားပြီးနောက် သဘောတူခဲ့သော်လည်း အကြံတစ်ခုကိုတော့ ထပ်လောင်းပြောကြားလိုက်သည်။
"ဒီလိုလုပ်ရအောင်၊ ငါတို့နှစ်ယောက် အလုပ်ခွဲလုပ်ကြမယ်။ နင်က ဗီရိုနဲ့ စားပွဲခုံတွေ လုပ်ပေးဖို့ လူသွားခေါ်လိုက်။ ငါကတော့ တောင်ပေါ်တက်ပြီး ထင်းသွားရှာလိုက်မယ်။ တောင်ပေါ်မှာ အဆိပ်ရှိတဲ့သတ္တဝါတွေ ရှိတယ်ဆိုပေမဲ့ ငါမကြောက်ပါဘူး၊ ငါပဲ သွားလိုက်ပါ့မယ်။"
ထန်ရှောင်မင်လည်း အလွန်စိတ်လှုပ်ရှားသွားပြီး ကျန်းမန်မန်ကိုဖက်ကာ ကျေးဇူးတင်စကား ဆိုတော့သည်။ "မန်မန်၊ နင်နဲ့အတူ အပြင်ထွက်နေဖို့ ဆုံးဖြတ်ခဲ့တာ တကယ်ကို မှန်ကန်ခဲ့တာပဲ။ ဒါပေမဲ့ သတိထားဦးနော်။ ငါ့မှာ မုယောနို့မှုန့်ဗူးတွေ ရှိသေးတယ်၊ မနက်ဖြန်မနက်ကျရင် ငါတို့ ဖျော်သောက်ကြတာပေါ့။"
ကျန်းမန်မန် ပြုံးလိုက်မိသည်။ ထန်ရှောင်မင်၏ မိသားစုသည်လည်း အခြေအနေ အတော်လေးပြည့်စုံပုံရသည်ဟု တွေးတောမိရင်း ပြောလိုက်၏။
"ကဲပါ... အများကြီး ပြောမနေပါနဲ့တော့။ အချိန်မရှိဘူး၊ သွားကြစို့။ မနက်ဖြန်ဆိုရင် အလုပ်စဆင်းရတော့မှာဆိုတော့ ဒီနေ့ပဲ အပြီးအပြတ် လုပ်ထားရမယ်။"
"ဟုတ်သားပဲ၊ အခုပဲ သွားလိုက်တော့မယ်။"
"ဪ... ရွာအတွင်းရေးမှူးကိုလည်း ခြံစည်းရိုးခတ်မဲ့ကိစ္စ တစ်ခါတည်း ပြောခဲ့ဦးနော်။"
"စိတ်ချပါ၊ ငါ အကုန်ပြောခဲ့ပါ့မယ်။"
ထန်ရှောင်မင် ထွက်ခွာသွားပြီးနောက် ကျန်းမန်မန်လည်း အပြင်သို့ထွက်ကာ ဝါးခြင်းတောင်းတစ်လုံးကို ယူလိုက်သည်။
၎င်းဝါးခြင်းတောင်းသည်လည်း ကျန်းမိသားစုထံမှ ပါလာသော ပစ္စည်းများထဲမှ တစ်ခုဖြစ်၏။ အသုံးတည့်မည့် ပစ္စည်းမှန်သမျှကို လက်လွှတ်မခံဘဲ အသုံးချရန် သူမ ဆုံးဖြတ်ထားသည်။
ထို့နောက် ပတ်ဝန်းကျင်၌ လူသူကင်းရှင်းနေသည်နှင့် သူမ၏ ထူးခြားသော အာကာသထဲမှ ထင်းများကို ထုတ်ယူကာ ပုံချလိုက်လေတော့သည်။ ပူပြင်းသော နွေရာသီဖြစ်သဖြင့် ကျောက်မီးသွေးကို အထူးတလည် အသုံးပြုနေရန် မလိုအပ်တော့ပေ။
သူမသည် ခြင်းတောင်းကို ကျောပေါ်လွယ်ကာ တောင်ပေါ်သို့ ထွက်လာခဲ့သည်။ တောင်ခြေသည် သူမတို့၏ အိမ်နှင့် မနီးမဝေး လမ်းလျှောက်ရုံမျှ အကွာအဝေးသာ ရှိသည်။
ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် တောင်ခြေသို့ ရောက်ရှိသွားသည့်အတွက် တောင်းထဲမှ ဓားမကြီးကို ထုတ်လိုက်၏။
သူမသည် သစ်ကိုင်းတစ်ကိုင်းကို ခုတ်ကာ အကူတောင်ဝှေးအဖြစ် အသုံးပြုရင်း တောင်ပေါ်သို့ စတင်တက်လိုက်တော့သည်။ ယခင်ဘဝက သူမသည် ခရီးသွားခြင်းနှင့် စခန်းချခြင်းများကို ဝါသနာပါသူဖြစ်ရာ တောတောင်ထဲတွင် ရှင်သန်နေထိုင်နိုင်သည့် ကျွမ်းကျင်မှုက ထိပ်တန်းအဆင့်တွင် ရှိနေခဲ့၏။
ဤဒေသတစ်ဝိုက်တွင် တောင်တန်းများစွာ ရှိသည်။ အရှေ့မြောက်ပိုင်းဒေသများကဲ့သို့ သမင်အမဲလိုက်နိုင်သည်အထိမဟုတ်သော်လည်း သဘာဝသယံဇာတများကတော့ အတော်လေး ပေါများလှသည်။
လမ်းတစ်လျှောက်တွင် မှိုအစုလိုက်ကို တွေ့ရှိရသလို တောကြက်များနှင့် တောယုန်များကိုလည်း မြင်တွေ့ရသည်။
သူမလည်း စမ်းသပ်ကြည့်သည့်အနေဖြင့် လက်ထဲမှ ဓားမဖြင့် ပစ်ပေါက်လိုက်ရာ တောကြက်တစ်ကောင်၏ ခေါင်းကို တိခနဲပြတ်တောက်သွားစေခဲ့၏။ တောကြက်သည်လည်း ထိုနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
"ဝါး... လက်စွမ်းကတော့ အံ့မခန်းပဲ! မင်းက အခုမှရောက်လာတဲ့ ပညာတတ်လူငယ်အသစ်လား။"
ကျန်းမန်မန် လှည့်ကြည့်လိုက်ရာ သူမနှင့် ရွယ်တူခန့်ရှိမည့် လူငယ်တစ်ဦး သူမအနားသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
သူ့တွင်လည်း သူမကဲ့သို့ ဝက်စာမြက်များ အပြည့်ထည့်ထားသည့် တောင်းတစ်လုံးကို ကျောတွင် လွယ်ထား၏။
အရွယ်ရောက်ပြီးသူတစ်ယောက် ဝက်စာမြက် လိုက်ရှာနေသည်ကို သူမ ပထမဆုံး မြင်ဖူးခြင်းပင်။
"ဟုတ်ပါတယ်၊ ကျွန်မမျိုးရိုးက ကျန်းပါ။ ရှင်က ဘယ်သူလဲ။"
"ကျွန်တော်က ဒီရွာခံပါပဲ၊ နာမည်က ချန်သော်ယွိလို့ ခေါ်တယ်။ မင်းရဲ့အချိန်အဆက တကယ်ကောင်းတာပဲ၊ တစ်ချက်တည်းနဲ့တင် အဲ့ဒီတောကြက်က သွားလိုက်ပြီ။
နေပါဦး... မင်းတို့က ဒီနေ့မှ ရောက်တာဆိုတော့ ပညာတတ်လူငယ်တွေ နားနေဆောင်မှာ အိပ်စရာ နေရာရော လောက်ရဲ့လား။ ကျွန်တော့်အိမ်မှာ အခန်းလွတ် တစ်ခန်းရှိတယ်၊ ကျွန်တော်နဲ့ လာနေမလား။ အိမ်ငှားခ မလိုပါဘူး၊ စားနပ်ရိက္ခာ ဝေစုထဲက ခွဲပေးရင် ရပြီ။"
ကျန်းမန်မန် ခေါင်းကို စောင်းကာ သူမမျက်နှာကိုသူမ ကိုင်ကြည့်ရင်း 'ငါက တကယ်ပဲ အဲ့ဒီလောက်အထိ အရူးလုပ်ရ လွယ်ပုံပေါက်နေတာလား' ဟု တွေးလိုက်မိသည်။
သူမသည် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီးသားဖြစ်သည်။ သူမ၏ မျက်နှာသည် ယခင်ဘဝကအတိုင်းသာ ဖြစ်သော်လည်း အနည်းငယ် ပိုပြီး ဖောင်းကားနေ၏။
မကြာခင်တွင်တော့ ကိုယ်အလေးချိန် လျှော့ချကာ သူမ၏ အလှတရားကို ပြန်လည်ရယူမည်ဟု ဆုံးဖြတ်ထားသည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ရပါတယ်။ ပညာတတ်လူငယ် နားနေဆောင်က နည်းနည်းကျဉ်းတယ်ဆိုပေမဲ့ ကျွန်မတို့ အိမ်တစ်လုံး ငှားပြီးသွားပါပြီ။ ရှင့်ကို အလုပ်မပေးတော့ပါဘူး။"
သူမက ထိုသို့ပြောရင်း ကြက်ကို ကောက်ယူကာ အလေးချိန်ကို ခန့်မှန်းကြည့်လိုက်သည်။ ၃ ပိဿာ နီးပါး ရှိပေလိမ့်မည်။
သူမတွင် မှိုများလည်း ရှိနေပြီဖြစ်ရာ ကြက်သားမှိုဟင်းချက်ရန် အကောင်းဆုံးဖြစ်နေလေသည်။
မှန်ပါသည်၊ စားသောက်ပြီးမှသာ ဝိတ်လျှော့နိုင်မည်။ မည်သို့ပင်ဖြစ်စေ သူမသည် အလုပ်ကြိုးစားရတော့မည်ဖြစ်သည့်အတွက် သဘာဝအတိုင်း အလိုအလျောက် ပိန်သွားလိမ့်မည်။
ချန်သော်ယွိလည်း သူမ အိမ်ငှားလိုက်ပြီဆိုသည်ကို ကြားလိုက်သည်နှင့် မည်သည့်အိမ်ဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွား၏။
"မင်းတို့က အဲ့ဒီကျေးလက်ကုသိုလ်ဖြစ် ဆရာဝန်ကြီးရဲ့ အိမ်ကို ငှားလိုက်တာလား။ အဲ့ဒီမှာက လူတစ်ယောက် သေထားတာလေ၊ နမိတ်မကောင်းဘူးလို့ မထင်မိဘူးလား။"
ကျန်းမန်မန်လည်း ခေါင်းကိုစောင်းကာ ပြန်မေးလိုက်၏။ "သေသွားတဲ့လူက ရှင်နေတဲ့လူထက် ပိုကြောက်ဖို့ကောင်းလို့လား။ သူက သေသွားပြီလေ၊ ကျွန်မအပေါ် အခွင့်ကောင်းယူလို့ မရသလို လမ်းလည်း ပိတ်မနေနိုင်တော့ဘူး။ အမှန်တော့ တစ်ခါတလေ ရှင်နေတဲ့လူတွေက လူသေတွေထက်တောင် ပိုပြီး ဆိုးရွားတတ်ကြသေးတယ်။"
သူမ၏ စကားကြောင့် ချန်သော်ယွိ၏ နှုတ်ခမ်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့၏။ သူမက သူ့ကို စောင်းမြောင်းပြီး ဆဲဆိုလိုက်သကဲ့သို့ သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
"ဟဲဟဲ... မင်းပျော်််တယ်ဆိုရင် ပြီးတာပါပဲ။ ဟေ့... ကြက်က ခေါင်းတောင်ပြတ်နေပြီပဲ၊ အဲ့ဒီခေါင်းကို ကျွန်တော့်ကိုပေးလိုက်ပါလား။"
ပြောနေရင်းနှင့် လက်ဖြင့် ကြက်ခေါင်းကို လှမ်းနှိုက်လိုက်ရာ ကျန်းမန်မန်က လျင်မြန်စွာဖြင့် ကြက်ခေါင်းကို ကောက်ယူပြီး ခြင်းတောင်းထဲပစ်ထည့်လိုက်၏။
"ကျွန်မက ကြက်ခေါင်းနဲ့ ကြက်လည်ပင်း စားရတာ သိပ်ကြိုက်တာ။ အသားသိပ်မရှိပေမဲ့ ရှင့်ကိုတော့ မပေးနိုင်ပါဘူး။"
ဒါက ဘယ်လိုယောင်္ကျားမျိုးလဲ။ ကျန်းမန်မန် မျက်စောင်းတစ်ချက်ထိုးပြီး တောင်ပေါ်ဘက်သို့ ခပ်သွက်သွက် တိုးဝင်သွားလိုက်၏။
ချန်သော်ယွိကတော့ မျက်နှာတစ်ခုလုံး မည်းမှောင်ပြီး ကျန်ရစ်ခဲ့တော့သည်။
ဒီပညာတတ်လူငယ်အသစ်က တကယ်ကို ကပ်စေးနှဲသူပင်။
ကျန်းမန်မန်လည်း ရွံရှာစွာဖြင့် အဝေးသို့ မြန်မြန်ထွက်လာခဲ့၏။ ကြက်ခေါင်းကိုပင် မျက်စိကျနေသည့် အဆင့်မရှိသော အမျိုးသား။
ထို့နောက် သူမသည် သူမအကြိုက်ဆုံးဖြစ်သော တောဟင်းသီးဟင်းရွက်ခင်းကြီးကို တွေ့လိုက်ရသည်။ ထိုအရွက်များသည် ဖက်ထုပ်နှင့် ပေါက်စီလုပ်ရာတွင်ထည့်ရန် အကောင်းဆုံးပင်။
သူမလည်း ဓားမကို အသုံးပြုကာ အမြစ်နားမှနေ၍ ခပ်သွက်သွက် လှီးဖြတ်လိုက်၏။
ထို့ပြင် နံနံပင်ကိုလည်း တွေ့သေးသည်။ ဤအပင်က ပုံမှန်နံနံပင်ထက် အနံ့ ဆယ်ဆလောက် ပိုပြင်းသည်။
ဤအရွက်ကို ရေနွေးဖျောပြီး ပေါက်စီထဲ ထည့်လိုက်ရင် အနံ့အရသာက ဆွေမျိုးမေ့လောက်သည်အထိပင်။
ဒီလောက် ကောင်းသည့်အစားအစာများ ရှိနေလျှင် သူမ ဘယ်လိုလုပ် ဝိတ်လျှော့နိုင်တော့မည်လဲ။
ထားလိုက်ပါတော့... သူမ အကုန်လုံးကို အိမ်သယ်သွားလိုက်တော့မည်။ ဝိတ်လျှော့ရန်ဆိုလျှင်လည်း အင်အားရှိမှ ဖြစ်မည်။ ထိုသို့သာ ဆုံးဖြတ်လိုက်တော့၏။
သူမ အိမ်ပြန်ရောက်သည်အထိ ထန်ရှောင်မင် ပြန်မရောက်သေးပေ။ မိုးချုပ်တော့မည်ဖြစ်သည့်အတွက် သူမလည်း အာကာသထဲမှ ရေအိုးကြီးတစ်လုံးကို ထုတ်ယူလိုက်၏။
ရွာခံတစ်ယောက်ထံမှ ဝယ်လာသည်ဟုသာ အကြောင်းပြလိုက်မည်။
ယခုဆိုလျှင် မီးဖိုချောင်က ပြည့်စုံသွားပြီဖြစ်သည်။ သို့သော် မီးဖိုက တစ်ခုတည်းဖြစ်သည့်အတွက် မလုံလောက်သေးပေ။
ထမင်းချက်နေရင်း ရေနွေးတည်ရန် သို့မဟုတ် ကြက်သားချက်ရန် အချိန်မရတော့ပေ။ ထို့အပြင် နံနံပင်ကိုလည်း ရေနွေးဖျောရဦးမည်။
ထမင်းချက်ရန် သီးသန့်မီးဖို အပါအဝင် အနည်းဆုံး မီးဖိုနှစ်လုံးလောက်တော့ ထပ်လိုဦးမည်။
ထမင်း? သူမက ဝိတ်လျှော့ရမည့်သူ ဖြစ်သည့်အတွက် ထမင်းက သူမအတွက် ရန်သူပင်။ ထမင်းမစားတော့ဘဲ ကြက်သားဟင်းသာ ချက်လိုက်တော့မည်။
အိုးအကြီးကြီး၊ ထင်းမီးဖို၊ ကြက်သားနှင့်မှိုဆီပြန်ဟင်း။ ကံကောင်းသည်မှာ သူမ၏အိမ်မှ ဝက်ဆီဗူး ပါလာသည့်အတွက် အနံ့မွှေးအောင် ဆီသတ်လို့ရသွားခြင်းဖြစ်၏။ မကြာခင်မှာပင် ကြက်သားနှင့်မှိုဟင်း၏ မွှေးပျံ့သည့်အနံ့က လေထုထဲ ပျံ့လွင့်လာခဲ့တော့သည်။
ထိုအနံ့က အိမ်အနီးရှိခြံဝင်းထဲအထိထိ ပျံ့နှံ့သွားပြီး ပြောင်းဖူးပေါက်စီကို ကိုက်ရန်ပြင်နေသည့် ကျိုးယဲ့၏ နှာခေါင်းထဲသို့ အရှိန်အဟုန်နှင့် တိုးဝင်သွားတော့သည်။
ကျိုးယဲ့လည်း ထိုအနံ့ကို အားပါးတရ ရှူလိုက်ပြီး တံတွေးမြိုချလိုက်မိသည်။ အလွန်မွှေးတာပဲ။ တကယ်ကို မွှေးလွန်းလှသည်။
ဒီအနံ့နှင့်သာဆိုလျှင် သူ ပြောင်းဖူးပေါက်စီ သုံးလုံးလောက်ပင် စားနိုင်သည်။ သူ၏ တူနှင့်ညှပ်ထားသော မုန်လာဥချဉ်ဟင်းကတောင် သူ၏စိတ်ကူးထဲ၌ ကြက်သားအရသာ ပေါက်နေတော့၏။
သူ၏ အစာအိမ်ကတော့ လိမ်ညာလှည့်ဖြားမှုကို လက်မခံနိုင်ဘဲ တဂွီဂွီမြည်ကာ ဆန္ဒပြနေလေပြီ။
ကျိုးယဲ့တစ်ယောက် သွားရည်ကျကာ နှုတ်ခမ်းကို သပ်မ်ိနေရင်း မနေနိုင်တော့ဘဲ အပြင်သို့ထွက်ကာ ဘေးခြံဘက်သို့ လှမ်းကြည့်လိုက်မိ၏။
ခြံစည်းရိုးသည် မလုံခြုံနေသဖြင့် ဘေးဘက်ရှိ တောကြက်မွှေးအပုံကြီးကို ရှင်းလင်းစွာ မြင်နေရ၏။
"ဟေး... ဘာတွေချက်နေတာလဲ။ အနံ့က အတော်လေး မွှေးနေတယ်!"
ထိုစဉ်မှာပင် ကျန်းမန်မန်က အိုးအဖုံးကို ဖွင့်လိုက်ရာ ပိုပြင်းရှမွှေးပျံ့လှသော အနံ့အသက်များက လှိုင်းလုံးကြီးတစ်ခုပမာ ထွက်ပေါ်လာတော့သည်။
ကျိုးယဲ့သည် သူ၏စိတ်ကို ထိန်းချုပ်ထားနိုင်သော်လည်း သူ၏ အစာအိမ်ကိုတော့ ထိန်းမရတော့ပေ။
တစ်စုံတစ်ယောက်က သူ၏အစာအိမ်ထဲမှနေ၍ 'ဗိုက်ဆာပြီ! ဗိုက်ဆာပြီ! ဗိုက်ဆာပြီ!' ဟု အော်ဟစ်ကာ ထိုးနှက်နေသကဲ့သို့ သူ ခံစားနေရ၏။
ကျန်းမန်မန် ခြံစည်းရိုးတစ်ဖက်မှ ကျိုးယဲ့ကို လှမ်းကြည့်လိုက်မိရာ သူမ၏ မျက်ဝန်းများ အရောင်တောက်သွားတော့သည်။ မည်သို့ပင်ဖြစ်စေ ဤဟင်းများကို သူမနှင့် ထန်ရှောင်မင်တို့ နှစ်ယောက်တည်း ကုန်အောင်စားနိုင်မည် မဟုတ်ပေ။
"ကြက်သားနဲ့ မှိုဆီပြန်ဟင်းလေ။ စားမလား။ တစ်ပွဲကို တစ်ယွမ်!"
"တစ်ယွမ်?! ဓားမြပဲ တိုက်လိုက်ပါတော့လား!"
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၁၄
"ဝါး... အနံ့ကတော့ ရှယ်ပဲ!"
"ရဲဘော်ကျန်း ဒီကြက်သားမှိုဟင်းကို ဘယ်လိုများချက်လိုက်တာလဲ၊ ဘာလို့ ဒီလောက်အထိတောင် မွှေးနေရတာလဲ။"
စားပွဲနှင့် ခုံတန်းများ သယ်ပြီး ပြန်ရောက်လာသည့် ထန်ရှောင်မင်တစ်ယောက် ထိုင်ချလိုက်ပြီးသည်နှင့် ကြက်သားဟင်းကို အငမ်းမရ ခပ်စားတော့သည်။ သူမသည် တကယ်ကို အထင်ကြီးသွားသည့်ပုံစံဖြင့် ခေါင်းကို မကြာခဏညိတ်နေမိသည်။
ရဲဘော်ကျန်း ဘာကြောင့် အနည်းငယ် ဝဖြိုးနေရသလဲဆိုသည်ကို သူမ အခုမှ သဘောပေါက်သွားတော့၏။ သူမက ဟင်းချက် တော်လွန်းနေသည်။
ဒါက အဖြေပင်။ သူမတို့နေရာတွင်လည်း နိုင်ငံပိုင် စားသောက်ဆိုင်များနှင့် စက်ရုံများမှ စားဖိုမှူးများသည် ဝဖြိုးသူများဖြစ်သည်။
"မန်မန်... ဒီကြက်သားက တကယ်စားလို့ကောင်းတယ်။ မှိုတွေကြောင့် ပိုပြီး ချိုနေတာပဲ။"
ကျန်းမန်မန်လည်း ထန်ရှောင်မင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝါးခြံစည်းရိုးနားမှ ခေါက်ကုလားထိုင်လေးပေါ်တွင် မတ်မတ်ထိုင်နေသည့် ကျိုးယဲ့ကို လှမ်းကြည့်လိုက်သည်။
သူသည် ကိုယ်နေဟန်ထား မတ်မတ်ဖြင့် ကြက်သားမှိုဟင်းပန်းကန်လုံးအကြီးကြီးကို ကိုင်ကာ၊ လက်တစ်ဖက်ကလည်း ပြောင်းဖူးပေါက်စီကိုကိုင်ထားရင်း တစ်လုပ်ချင်းစီ အရသာခံကာ စားသောက်နေ၏။
ကျန်းမန်မန်ကတော့ ကြက်ရင်ပုံသား အနည်းငယ်နှင့် မှိုကိုသာ စားပြီး ဟင်းရည်ကိုပင် အများကြီး မသောက်ရဲပေ။ ကျိုးယဲ့ ပေးခဲ့သည့် ပြောင်းဖူးပေါက်စီကို တစ်လုပ်ကိုက်ကြည့်လိုက်ရာ လည်ချောင်းထဲတွင် အနည်းငယ် ကြမ်းတမ်းသလို ခံစားရသော်လည်း ဤသို့သော သီးနှံများက အစာခြေစနစ်အတွက် ကောင်းမွန်နေ၏။
ဟင်းလျာအားလုံးကို သူမကိုယ်တိုင် ချက်ပြုတ်ခဲ့သော်လည်း စားသည့်အခါတွင်မူ သူမက အစားအနည်းဆုံးဖြစ်သည်။ ဝိတ်လျှော့ရမည်ဟူသော အသိကို သူမ အမြဲသတိပြုနေမိ၏။ ဝိတ်လျှော့ရမည်... ဒီတစ်နပ်စားပြီးသည်နှင့် သူမ တကယ်ပဲ အစားအသောက် ထိန်းတော့မည်။
ထိုညတွင် သူမနှင့် ထန်ရှောင်မင်တို့သည် ခုတင်၏ အလယ်တွင် လိုက်ကာတစ်ခုကို ခြားလိုက်ပြီး တစ်ဖက်တစ်ချက်စီတွင် ဗီရိုများ ထားလိုက်ကြရာ တစ်ဦးချင်းစီအတွက် ကိုယ်ပိုင်နေရာလေးများ ရရှိသွားကြသည်။
"မန်မန်... နင် အိမ်ကို လွမ်းလား။"
ကျန်းမန်မန် ချက်ချင်းပြန်ဖြေလိုက်၏။ "မလွမ်းပါဘူး!"
သူမ တကယ်လွမ်းသည်မှာ ပိုက်ဆံ သာ ဖြစ်သည်။
သူမ၏ ယခင်ဘဝက ရှာဖွေထားသော ပိုက်ဆံများကိုပင် ကုန်အောင် မသုံးရသေးပေ။ သူမ၏ မိသားစုသည်လည်း မိန်းကလေးထက် ယောက်ျားလေးကို ပိုဦးစားပေးတတ်သူများဖြစ်ရာ သူမ အိမ်မှထွက်လာချိန်ကတည်းက သူမကို မေ့မေ့ပျောက်ပျောက် ဖြစ်နေကြလိမ့်မည်။
သူမ၏ ပိုင်ဆိုင်မှုအားလုံးသည်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်ဘဲ ဂိမ်းသာဆော့နေသည့် သူမ၏ မောင်ငယ်လက်ထဲကို ရောက်သွားပေတော့မည်။
ပိုဆိုးသည်မှာ အမည်မသိ Live လွှင့်သူတစ်ယောက်ယောက်ကများ ဝေစုရသွားမလားဟု တွေးမိခြင်းဖြစ်၏။ တွေးမိတိုင်း သူမ ရင်ထဲ နာကျင်လာရသည်။
ကျန်းမန်မန်၏ ပွင့်လင်းလှသော အဖြေကြောင့် ထန်ရှောင်မင် သက်ပြင်းချလိုက်မိ၏။ "ငါကတော့ အိမ်ကို လွမ်းတယ်။ အမေ့ကို လွမ်းတယ်။ မန်မန်... နင့်ရဲ့ မိထွေးက နင့်အပေါ် ကောင်းရဲ့လား။"
"ငါ့ကိုယ်ပေါ်က အဆီတွေကိုပဲ ကြည့်လေ။ သူ ငါ့အပေါ် မကောင်းဘူးလို့ ပြောရင် နင် ယုံမလား။"
"မယုံပါဘူး။ ဒါပေမဲ့ မိထွေးတိုင်းကတော့ မဆိုးကြပါဘူး။ ဥပမာ ငါ့အမေပေါ့၊ သူမက တကယ်ကို စိတ်ထားကောင်းတာ။ သူရော ငါရော ငါ့ပထွေးဆီက ဘာမှ မမျှော်လင့်ထားခဲ့ကြဘူး။ ငါ့ရဲ့ အဖေအရင်းက စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တာ၊ အဖေ့ရဲ့စစ်တပ်ထဲက သူငယ်ချင်းတစ်ယောက်က သူ့ဇနီးလည်း စောစောစီးစီး ဆုံးသွားခဲ့လို့ ငါ့အမေနဲ့ လက်ထပ်ခဲ့တာလေ။ အဲ့ဒီလူမှာ ငါ့ထက်ကြီးတဲ့ ကလေးနှစ်ယောက်ရှိတယ်။ သူတို့က ငါ့ကို အမြဲအနိုင်ကျင့်ကြပေမဲ့ ငါကလည်း အလျှော့ပေးမယ့်သူ မဟုတ်ပါဘူး။ ဒါတောင် ငါ့အမေက သူတို့အပေါ် တစ်ခါမှ မကောင်းတာ မလုပ်ခဲ့ဘူး။ သူတို့က သူတို့ရဲ့ အဘိုးအဘွားတွေနဲ့ပဲ အနေများကြပေမဲ့ ငါ့အမေကို ငါနဲ့တူတူ တွေ့တိုင်း ရန်သူလိုပဲ သဘောထားကြတာ။ အခု ငါက ဒီကို တစ်ယောက်တည်း ရောက်နေတော့ သူတို့တွေ ငါ့အမေကို အနိုင်ကျင့်နေကြမလားလို့ တွေးပူနေမိတယ်။"
ကျန်းမန်မန် စကားပင် မဆိုနိုင်ဘဲ ဖြစ်သွားရသည်။ မိထွေးနှင့် လင်ပါသားသမီးများအကြား ပြဿနာမှာ ယောက္ခမနှင့် ချွေးမပြဿနာကဲ့သို့ ခေါင်းခဲစရာပင်။
သူမသည် စကားနားထောင်ရင်းနှင့် ယောဂလေ့ကျင့်ခန်း လုပ်နေခဲ့ပြီး ခေါင်းကို ခါယမ်းလိုက်သည်။
"ခက်ခဲလိုက်တာ... တကယ်ကို ခက်ခဲတာပဲ! ဒီပြဿနာက ဘယ်ခေတ်မှာမဆို ရှိနေဦးမယ့် ဖြေရှင်းလို့မရတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ။ ငါ့မှာလည်း မိထွေးဘက်ကပါတဲ့သမီး တစ်ယောက် ရှိတယ်... သူက ငါနဲ့ စေ့စပ်ထားတဲ့သူကို ခိုးယူသွားတာ။ မနက်ပိုင်းမှာ ငါ့အဖေကို ဖျောင်းဖျပြီး ငါ့ရဲ့ စေ့စပ်ပွဲကို ဖျက်ခိုင်းတယ်၊ နေ့လယ်ပိုင်းကျတော့ အဲ့ဒီလူနဲ့ သူနဲ့က စေ့စပ်လိုက်ကြပြီလေ။ အဲ့ဒီမှာတင် ငါက သူတို့ကို လူပုံအလယ်မှာ အရှက်ခွဲပစ်ခဲ့တာ။"
ထန်ရှောင်မင်တစ်ယောက် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ "အဲ့လိုလူမျိုးတွေ ရှိတာလား။ နင့်ရဲ့ မိထွေးဘက်က ညီမကတော့ တကယ့်ကို မကောင်းတဲ့သူပဲ။ တော်သေးတာပေါ့ ငါ့မှာ စေ့စပ်ထားတဲ့သူ မရှိလို့။ ငါ့အစ်မမှာတော့ ရှိတယ်၊ ဒါပေမဲ့ အဲ့ဒီလူကို ငါမယုံပါဘူး။ တစ်ခါတော့ သူ့ကို သတိပေးဖူးတယ်၊ ဒါပေမဲ့ သူက ငါ့ကို ပြဿနာရှာချင်နေတယ်လို့ စိတ်ထဲ ထင်မိနေတာနဲ့ နောက်ပိုင်း ဘာမှ ဆက်မပြောဖြစ်တော့တာ။"
ကျန်းမန်မန်တစ်ယောက် စကားပြောရင်း ယောဂ ဆက်လုပ်နေမိသည်။ စကားပြောနေရင်းနှင့် ထန်ရှောင်မင်ထံမှ ဟောက်သံသဲ့သဲ့ ထွက်ပေါ်လာတော့၏။
သူမ နာရီကြည့်လိုက်ရာ ည ၈ နာရီသာ ရှိသေးသည်။ သူမ ဘယ်တုန်းက ဒီလောက်စောစော အိပ်ရာဝင်ဖူးခဲ့သည်လဲ။
ညသန်းခေါင်ကျော်အထိ မအိပ်ဘဲ မနေရလျှင် သူမကိုယ်သူမ အသက်ရှင်နေသည်ဟုတောင် မခံစားရတော့ပေ။
နှစ်နာရီခန့် ယောဂကျင့်ပြီးနောက်တွင်တော့ သူမ၏ ခန္ဓာကိုယ်သည်လည်း အတော်လေး မောပန်းသွားတော့သည်။
ထူးခြားစွာပင် သူမသည် ည ၁၁ နာရီ မတိုင်ခင်တွင် အိပ်ပျော်သွားခဲ့လေသည်။
"မန်မန်... ရေနွေးအိုးထဲမှာ ရေနွေးရှိသေးတယ်နော်။ ငါတို့ နို့မှုန့်ဖျော်သောက်ကြရအောင်။ ငါ့မှာ မက်မွန်သီးမုန့်ကြွပ်တွေလည်း ရှိတယ်၊ တစ်ယောက် နှစ်ခုစီ နို့ထဲစိမ်စားကြရအောင်။ အဲ့လိုစားရင် တကယ်ကောင်းတယ်!"
ထိုအချိန်တွင်တော့ ကျန်းမန်မန်တစ်ယောက် သူမ၏ ခန္ဓာကိုယ်အလှအပကို ဂရုမစိုက်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ မကြာခင်အချိန်အတွင်း အလုပ်လုပ်ရင်း အဆီများ လောင်ကျွမ်းသွားမည်ဖြစ်သည်။
သူမတွင်လည်း နို့မှုန့်ရှိနေသဖြင့် ထန်ရှောင်မင် ပေးသည်ကို ငြင်းလိုက်သော်လည်း မက်မွန်သီးမုန့်ကြွပ်ကိုမူ မငြင်းနေတော့ဘဲ ယူစားလိုက်သည်။
မနက်စာစားပြီးနောက် အိမ်တံခါးနှင့် ခြံဝင်းတံခါးကို သော့ခတ်ပြီး အပြင်သို့ ထွက်လာခဲ့ကြ၏။
ခြံစည်းရိုးခတ်ထားသည့် ခြံဝင်းကိုကြည့်ပြီး ကျန်းမန်မန် သက်ပြင်းချမိသည်။
ဒီလိုခြံစည်းရိုးမျိုးကို သော့ခတ်နေလျှင်ရော ဘာထူးမည်လဲ။
"ဪ... ဟုတ်သားပဲ၊ ငါတို့ ခြံစည်းရိုးခတ်ချင်တဲ့အကြောင်း ရွာအတွင်းရေးမှူးကို ပြောလိုက်ပြီလား။"
ထန်ရှောင်မင် ခေါင်းညိတ်ပြလိုက်သည်။ "ပြောလိုက်တယ်၊ ဒါပေမဲ့ အခုတလော သူ အရမ်းအလုပ်များနေတယ်တဲ့။ အလုပ်တွေ နည်းနည်းပါးသွားတော့မှပဲ အဲ့ဒီအကြောင်း ဆက်ပြောကြမယ်တဲ့လေ။"
သူမ ဘာမှမတတ်နိုင်တော့ပေ။ ဤသံသော့ခတ်ထားရုံနှင့် လုံခြုံမှုပေးနိုင်ပါစေဟု ဆုတောင်းရုံသာ တတ်နိုင်တော့သည်။
ညဘက် တံခါးပိတ်စရာမလို၊ လမ်းတွင် ပစ္စည်းပျောက်သည့်ကိစ္စမျိုး မရှိ ဆိုသည့် ဆိုရိုးစကားမျိုးလည်း ရှိသည်မလား။
သူမသည် အတွေးပေါင်းစုံဖြင့် ရွာသားများနောက်မှ လိုက်ကာ လယ်ကွင်းများရှိရာသို့ လာခဲ့သည်။
အဖွဲ့ခေါင်းဆောင်သည် ပညာတတ်လူငယ်အသစ်များကို ရွာသားများနှင့် မိတ်ဆက်ပေးပြီးနောက် လူတိုင်းကို ပြောင်းဖူးစိုက်ရန် တာဝန်ချပေးတော့သည်။
ထို့နောက် အားလုံးလည်း ကိရိယာများနှင့် မျိုးစေ့များကို သွားယူကြတော့၏။ ကျန်းမန်မန်ကတော့ မနေ့က နွားလှည်းပေါ်တွင် တွေ့ခဲ့သည့် အဒေါ်ကြီးတစ်ယောက်နှင့် တွဲဖက်ဖြစ်သွားခဲ့သည်။
သူမသည် ဝိတ်လျှော့ချင်နေသဖြင့် ဝက်စာရှာရသည့်အလုပ်ကို လက်လွှတ်လိုက်ခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သော်လည်း ကျိုးယဲ့ကိုတော့ မတွေ့ရပေ။ ထိုသူသည် စက်ရုံမှူးတစ်ယောက်ဟု ပြောနေကြသော်လည်း ဘယ်လိုစက်ရုံလဲ။ ရွာထဲတွင် ဘယ်လိုစက်ရုံမှ သူမ မတွေ့မိသေးပေ။
အဒေါ်ကြီးက သူမကိုကြည့်ကာ ပြုံးပြလိုက်၏။ "အယ... ငါတို့အတူတူ အလုပ်ရတော့မယ်။ ကံကောင်းတာပဲ! ငါက တွင်းတူးမယ်၊ မင်းက မျိုးစေ့ချ။ တစ်တွင်းကို နှစ်စေ့ သုံးစေ့ပဲ ထည့်နော်... အများကြီး မထည့်နဲ့။"
ကျန်းမန်မန် ခေါင်းညိတ်ပြီး အလုပ်စလုပ်တော့သည်။ အခေါက်အနည်းငယ် လုပ်ပြီးနောက် သူမ မျက်မှောင်ကြုတ်လိုက်မိ၏။
"အဒေါ်... အဒေါ့်အစား ကျွန်မပဲ တွင်းတူးလိုက်မယ်လေ။"
ထိုအဒေါ်ကြီး အလုပ်လုပ်သည်မှာနှေးလွန်းနေသည်။ ကျန်းမန်မန်ကတော့ တွင်းထဲသို့ မျိုးစေ့ နှစ်စေ့သုံးစေ့သာ ထည့်နေရုံဖြစ်သည့်အတွက် အလွန် လွယ်ကူလွန်းနေ၏။ ထို့ကြောင့် သူမ လိုချင်နေသည့် ကယ်လိုရီလောင်ကျွမ်းမှုအတွက် မလုံလောက်ပေ။
အဒေါ်ကြီးလည်း အံ့သြသွားတော့၏။ "ရတာပေါ့... မင်းလုပ်ချင်လည်း လုပ်လေ! ဒါပေမဲ့ တွင်းကိုတော့ အရမ်းနက်တာ၊ အရမ်းတိမ်တာမျိုး မဖြစ်စေနဲ့။ နောက်ပြီး ဒီလိုမျိုး နောက်ပြန်လျှောက်ပြီး—"
သူမ၏ စကား မဆုံးသေးခင်မှာတင် ကျန်းမန်မန်က ပေါက်ပြားကိုဆွဲယူကာ စတင်တူးလိုက်တော့သည်။ ခြေတစ်လှမ်း၊ တွင်းတစ်တွင်း... တစ်လမ်းလုံး နောက်ပြန်လျှောက်ရင်း တွင်းတူးနေခဲ့ရာ နောက်ဆုံးတွင်တော့ သူမသည် အဝေးမှ လှမ်းမြင်နေရသည့် အမည်းစက်လေးတစ်ခုသာ ဖြစ်သွားတော့သည်။ အဒေါ်ကြီးကတော့ ကြောင်ကြည့်နေရင်း ကျန်ရစ်ခဲ့လေ၏။
အဲ့ဒီလောက်အထိ အတင်းလုပ်နေစရာ မလိုဘူးမလား။
"ဟေ့... လျိုမိသားစုက မိန်းမ! မင်း ဒီထက် မြန်မြန် မလုပ်နိုင်ဘူးလား။ ဟို အသစ်ရောက်လာတဲ့ကောင်မလေးကို ကြည့်စမ်းပါဦး၊ လျှပ်စီးလက်သလို မြန်နေတာပဲ! ဒီအတိုင်းဆိုရင်တော့ သူမတူးထားတဲ့ တွင်းတွေက ခြောက်တောင်သွားတော့မယ်၊ မင်းက မျိုးစေ့တောင် ချလို့မပြီးသေးဘူး!"
အဒေါ်လျို၏ မျက်နှာသည်လည်း အေးစက်သွားပြီး အနေခက်စွာ ပြုံးလိုက်ရတော့သည်။
"ဟဲဟဲ... အဲ့ဒီ အသစ်ရောက်လာတဲ့ ကောင်မလေးက ဒီလောက်တောင် အလုပ်ကြိုးစားနေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူးလေ။"
အတွဲလိုက် အလုပ်လုပ်ရသည့်အခါ ဤသို့သော ပြဿနာမျိုးရှိသည်။ နှေးလွန်းလျှင်လည်း အပြောခံရသလို၊ မြန်လွန်းလျှင်လည်း အပြစ်တင်ခံရတတ်သည်။
တစ်မနက်ခင်းလုံး အဒေါ်လျိုခမျာ ကျန်းမန်မန်နောက်သို့ အမှီလိုက်နေရသည်။ နေ့လယ်စာစားချိန်ရောက်သည့်အခါ ကျန်းမန်မန်သည် ပုံမှန်ထက် ပိုပြီး တွင်းတူး၍ ပြီးသွားခဲ့သော်လည်း အဒေါ်လျိုကတော့ မောပန်းစွာဖြင့် အနောက်တွင် ကျန်နေခဲ့သေးသည်။
ကျန်းမန်မန် မျိုးစေ့ချရန် ပြန်လာကူဦးမလားဟု သူမ ထင်နေခဲ့သော်လည်း သူမကတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့လေပြီ။
အလုပ်ပြီးသည်နှင့် တန်းပြီးထွက်သွားခြင်းပင်။
မှတ်တမ်းတင်သူ တုကျန်းယဲ့ ကတော့ ကျေနပ်အားရစွာနှင့် သူမကို လုပ်အား အမှတ် ၅ မှတ် ပေးလိုက်၏။
ကျန်းမန်မန်သည် သူမ၏တာဝန် ပြီးသွားသည့်နောက် အိမ်ပြန်၍ ထမင်းချက်မနေတော့ပေ။ ထိုအစား တောင်ပေါ်ကို ပြေးသွားပြီး လေ့ကျင့်ခန်းလုပ်နေလိုက်၏။
ခြေထောက်ကို အမြင့်သို့ မြှောက်ပြေးခြင်း၊ ကြိုးခုန်ခြင်း စသည်ဖြင့် လှုပ်ရှားမှုများကို အစွမ်းကုန် လုပ်ဆောင်နေခဲ့သည်။
အိမ်ပြန်ရောက်သည်နှင့် ခြံတံခါးကိုဖွင့်၊ အထဲဝင်ပြီး နာရီဝက်လောက် အနားယူလိုက်၏။ ထို့နောက် ဇလုံထဲ ရေနွေးဖြည့်ပြီး ရေနွေးနွေးလေးနှင့် ရေချိုးလိုက်သည်။
ပင်ပန်းနွမ်းနယ်လွန်းနေပြီဖြစ်သည့်အတွက် ခုတင်ပေါ်ကို ပစ်လှဲချလိုက်တော့သည်။
ဤသို့ဖြင့် ရွာထဲတွင် သတင်းတစ်ခု ပျံ့သွားပါတော့သည်။ အသစ်ရောက်လာသည့် ပညာတတ်လူငယ်မလေးသည် ကျားတစ်ကောင်ကဲ့သို့ အလုပ်လုပ်သည်ဟူ၍ပင်။
အလုပ်ကြိုးစားသည်ဟူ၍ နာမည်ကြီးသည့် အဒေါ်လျိုတောင် ကျန်းမန်မန်ကြောင့် မျက်ရည်များနှင့် အတူ လုပ်အားအမှတ် ၂ မှတ် ပိုရအောင် အတင်းအကျပ် လုပ်ခဲ့ရရှာ၏။