← Chapters

လေ့လာခြင်း

Vol. 10 Ch. 983

လေ့လာခြင်း

Vol. 10 Ch. 983

နဂါးကြီးက အပြာရောင်ဝတ်ဆင်ထားသည့် မိန်းကလေး လုံး၀ စိတ်ထားမပြောင်းသည်ကို သိရှိသွားပြီးနောက် ဆက်လက် စည်းရုံးခြင်း မပြုလုပ်တော့ပေ။

နဂါးကြီးက…

"ဒါပေမဲ့ မင်း ကျုပ်ကို အကြွေးတင်နေသေးတယ်နော်…"

နဂါးကြီး၏ စကားကိုကြားသည်နှင့် အပြာရောင်ဝတ်မိန်းကလေးက သူမလက်ထဲမှ ပုလွေဖြင့် လေထဲသို့ တစ်ချက် ရိုက်ချလိုက်လေသည်။

ထိုအခါ လေထဲတွင် တာအိုကျမ်းစာတစ်ခု၏ စာသားများ ထွက်ပေါ်လာလေသည်။ ထိုတာအိုကျမ်းစာထဲတွင် ပါဝင်သည့် စာသားများကိုကြည့်ခြင်းအားဖြင့် အလွန်လျှို့ဝှက်နက်နဲသည့် တာအိုကျင့်စဉ်တစ်ခု ဖြစ်ကြောင်း သိရှိနိုင်သည်။

တာအိုကျမ်းစာက လေထဲတွင် သိပ်အကြာကြီး ထင်ပေါ်မနေခဲ့ပေ။ သို့သော် နဂါးကြီးကတော့ သေသေချာချာဖတ်ရှုပြီး စိတ်ထဲတွင် မှတ်သားထားလိုက်လေသည်။

အပြာရောင်ဝတ်မိန်းကလေးက…

"ဒါ စစ်မှန်တဲ့ စန်းရှောင်ကျင့်စဉ်ပဲ ၊ မင်းရဲ့သားတော်အသက်ဆုံးရှုံးသွားတဲ့အတွက် အကြွေးဆပ်တယ်လို့ သဘောထားလိုက်ပါ…"

နဂါးကြီးက ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် နဂါးကြီးက တဖြည်းဖြည်း အနောက်သို့ ဆုတ်သွားပြီး ပင်လယ်ရေလှိုင်းများကြားသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

အပြာရောင်မိန်းကလေးက အဆုံးမရှိသည့် ပင်လယ်ရေလှိုင်းများဆီသို့ စူးစိုက်ကြည့်နေပြီး ပုလွေကို စတင်တီးမှုတ်လိုက်လေသည်။

ထိုပုလွေသံစဉ်သည် ရေလှိုင်းများကို ဖြတ်သန်းပြီး ရှင်သန်စေခြင်းကျောင်းတော်သို့ ပျံ့လွင့်ရောက်ရှိ လာလေတော့သည်။

ရှင်သန်စေခြင်း ကျောင်းတော်တွင်တော့ ကျင့်ကြံသူများအားလုံးက ဆန်းချင်းချင်းကို ဝိုင်းဝန်းချီးကျူးဂုဏ်ပြုနေကြလေသည်။

ထိုအချိန်တွင်… ဆန်းချင်းချင်း၏ နားထဲသို့ ပုလွေသံတစ်သံဝင်ရောက်လာလေ၏။

ဆန်းချင်းချင်း၏ မျက်နှာအမူအရာပြောင်းလဲသွားသည်ကို ရွှင်ယောင်းနှင့် အခြားသူများက သတိထားမိသွားကြသည်။

ရွှင်ယောင်းက…

"မင်းသမီးလေး… ၊ ဘာများ ဖြစ်လို့လဲ…"

ဆန်းချင်းချင်းက…

"ပုလွေသံတစ်သံ မကြားဘူးလား…"

ဆန်းချင်းချင်း၏စကားဆုံးသွားပြီးနောက် အခြားသူများသည်လည်း ပုလွေသံကို သတိထားလိုက်မိကြသည်။

ပုလွေသံကို ကြားလိုက်သည်နှင့် သူတို့အားလုံး ရေခဲဂူတစ်ခုအတွင်းသို့ ကျရောက်သွားသည့်အလား ခန္ဓာကိုယ်များ အေးစက်တောင့်တင်းသွားသည်ကို ခံစားလိုက်ကြရလေသည်။

ကြီးမားပြီး နားလည်နိုင်စွမ်းမရှိသည့် ဖိအားကြီးတစ်ခုသည်လည်း သူတို့၏ စိတ်အာရုံအတွင်းသို့ ဝင်ရောက်လာလေ၏။

ရွှင်ယောင်းက အင်းသင်္ကေတတစ်ခုကို ရေးဆွဲလိုက်ပြီး လေထဲသို့ အသာလွှတ်လိုက်လေသည်။

လေထဲတွင် အလင်းရောင်များတောက်ပလာပြီး အင်းသင်္ကေတ ပျံသန်းထွက်ခွာသွားကာ ပုလွေသံထွက်ပေါ်လာရာနေရာသို့ ခြေရာခံလိုက်သွားလေသည်။

မိုးကြိုးလျှပ်စီးများ ပြင်းထန်စွာ ပစ်ခတ်နေသည့် တစ်နေရာအရောက်တွင်တော့ အင်းသင်္ကေတသည် မိုးကြိုးလျှပ်စီးများ၏ ဒဏ်ကို မခံနိုင်ဘဲ ချက်ချင်းပင် တစ်စစီပျက်စီးသွားလေတော့သည်။

ရွှင်ယောင်း သွေးများအန်ချလိုက်ပြီး မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်လျှက် ရှိလေသည်။

ဆန်းချင်းချင်း၏ မျက်နှာက တည်ကြည်လေးနက်နေပြီး…

"တကယ့်ပြဿနာက အဲဒီနေရာမှာပဲ…"

မေနန့်စန်းက…

"ဘာပြဿနာလဲ…"

ဆန်းချင်းချင်းက ခေါင်းခါရမ်းလိုက်ပြီး…

"ကျွန်မလည်း မသိဘူး…"

မေနန့်စန်းက…

"မင်းသမီးလေး… ၊ မင်း… ချင်းဆွေထျန်းကောင်းကင်ဘုံကို ပြန်သွားပြီး အကူအညီများ ထပ်တောင်းလို့ ရနိုင်မလား…"

ဆန်းချင်းချင်းမှာ ထိပ်တန်းအဆင့်နတ်ဘုရားတစ်ပါးဖြစ်သော်လည်း တိုက်ခိုက်မှုပိုင်းတွင် ဝါနုသေးကြောင်း မေနန့်စန်း ရိပ်မိထားလေသည်။

ငွေရောင်သံချပ်ကာဝတ် နဂါးမင်းသားကို သတ်ဖြတ်လိုက်နိုင်သော်လည်း သူမအနေဖြင့် ယခု ရောက်ရှိလာသည့် အန္တရယ်ကို ရင်ဆိုင်ရန် အတွေ့အကြုံမလုံလောက်သေးပေ။

ထို့ပြင် ဆန်းချင်းချင်းသည် ချင်းဆွေထျန်းကောင်းကင်ဘုံတွင် နေရာတစ်နေရာ ရရှိထားသည့် အဆင့်မြင့်နတ်ဘုရားတစ်ပါး ဖြစ်ဟန် ရှိလေသည်။ ထို့ကြောင့် သူမအနေဖြင့် ချင်းဆွေထျန်းကောင်းကင်ဘုံမှ အခြားသောနတ်ဘုရားများကို အကူအညီသွားရောက်တောင်းခံရန်မှာ ခက်ခဲသည့်အလုပ် မဟုတ်ပေ။

ထိုက်ယီမရဏဓား (၇)လက်ကို ကျင့်ကြံအောင်မြင်ပြီးနောက် သူမ မည်မျှ ဓားသိုင်းစွမ်းရည် မြင့်တက်သွားသည်ကို ဆန်းချင်းချင်းကိုယ်တိုင်လည်း သေသေချာချာ မသိသေးပေ။

ထို့ပြင်… ရှင်သန်စေခြင်းကျောင်းတော်ကို သူမ မကာကွယ်ပေးနိုင်လျှင် တာအိုဆရာလီချင်းဆွေ သူမကို အပြစ်ဆိုမည်ကိုလည်း သူမ စိတ်ပူလေသည်။

တာအိုဆရာလီချင်းဆွေကိုယ်တိုင်ရောက်ရှိလာပြီး ရှင်သန်စေခြင်းကျောင်းတော်ကို ကယ်တင်ခဲ့လျှာင်တောင်မှ ထိုသို့ ကယ်တင်ခြင်းသည် သူမကိုယ်တိုင် ကူညီခြင်းနှင့် မတူညီတော့ပေ။

ထို့ကြောင့် ဆန်းချင်းချင်းက…

"ရှင်တို့ စိတ်မပူပါနဲ့ ၊ ဒီကိစ္စကို ကျွန်မ ကိုင်တွယ်နိုင်ပါတယ်…"

ဆန်းချင်းချင်းက ထိုသို့ပြောလိုက်သော်လည်း မေနန့်စန်းကတော့ အနည်းငယ် စိတ်ပူပန်မိလေသည်။

ထို့ပြင်… ရွှင်ယောင်းမှာလည်း ဒဏ်ရာရသွားပြီ ဖြစ်သည့်အတွက် စိတ်ပူပန်နေမိသည်။

သို့သော်… သူက ခပ်တိုးတိုးလေသံဖြင့်…

"မင်းသမီးလေးကို ကျုပ်ယုံပါတယ်…"

ဟုသာ ပြောလိုက်လေ၏။

ဆန်းချင်းချင်း၏ ကျင့်ကြံခြင်းအဆင့်က မေနန့်စန်းထက် များစွာ အဆင့်မြင့်သည့်အပြင် သူမ၏ အလွန်ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားသိုင်းပညာကို တွေ့မြင်ခဲ့ပြီး ဖြစ်လေရာ ဆန်းချင်းချင်းကို မေနန့်စန်း လျှော့မတွက်ရဲပေ။

ဆန်းချင်းချင်းက ချင်းရွှမ်တောင်ကို ဝိုင်းထားသည့် ထောင်နှင့်ချီသည့် နတ်မိစ္ဆာများကို ဓားတစ်လက်တည်းဖြင့် သုတ်သင်ရှင်းလင်းပစ်ခဲ့သူ ဖြစ်သည်။

တောင်ကို ဝန်းရံထားသည့် နတ်မိစ္ဆာများ ၊ နတ်နဂါးများ မည်မျှတန်ခိုးစွမ်းအားကြီးမားသည်ကို ရွှင်ယောင်း အသိဆုံးဖြစ်သည်။

ထို့ကြောင့် ထိုနတ်မိစ္ဆာများကို ဓားတစ်ချက်ဝှေ့ရမ်းရုံဖြင့် သတ်ဖြတ်ပစ်ရန် အလွန်တန်ခိုးစွမ်းအားကြီးမားမှသာ ဖြစ်နိုင်ပေလိမ့်မည်။

သို့သော်… ယခုတော့ ပုလွေသံက တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပြီး ဆန်းချင်းချင်းက လှုပ်ရှားမှု မပြုလုပ်သေးပေ။

ရှင်သန်စေခြင်းကျောင်းတော်မှ လူအများမှာလည်း မည်သို့ ပြုလုပ်ရမည်ကို ကြံရာမရ ဖြစ်နေကြလေသည်။

ထိုသို့ဖြင့်…

အချိန် (၁)နာရီခန့်အကြာတွင် ပုလွေသံ ပျောက်ကွယ်သွားလေသည်။

ထိုအခါမှ… ရှင်သန်စေခြင်းကျောင်းတော်မှ ကျင့်ကြံသူများ စိတ်သက်သာရာရသွားကြပြီး သက်ပြင်းချလိုက်နိုင်ကြလေသည်။

သို့သော်… သူတို့ ပတ်ဝန်းကျင်သို့ ကြည့်လိုက်ကြသည့်အခါ ဆန်းချင်းချင်းကို မတွေ့ရတော့ပေ။

ဆန်းချင်းချင်း ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။ သို့ရာတွင်… ဆန်းချင်းချင်း မည်သည့်အချိန်က ထွက်ခွာသွားကြောင်း သူတို့အားလုံး မသိရှိလိုက်ကြပေ။

…………..

နေရောင်သည် အနောက်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားပြီဖြစ်လေသည်။

ကောင်းကင်သည် ပုဇွန်ဆီရောင်သမ်းနေပြီး နောက်ထပ်နာရီဝက်ခန့်ကြာလျှင် အလင်းရောင်အားလုံး ပျောက်ကွယ်သွားတော့မည် ဖြစ်လေသည်။

ကျီဖူတောင်ထိပ်ရှိ မိုးမခပင်သည် ဆည်းဆာနေရောင်အောက်တွင် တောက်ပနေပြီး မိုးမခပင်၏အရွက်များက အနီရောင်ဆိုးလျှက် ရှိသည်။

ဆန်းချင်းချင်းက ထိုနေရာသို့ စိတ်အာရုံတစ်ချက်ညွှတ်လိုက်သည်နှင့် ရောက်ရှိလာခဲ့လေသည်။

သူမ အရှေ့ဆီသို့ ကြည့်လိုက်သည့်အခါ ခြေထောက်တစ်ချောင်းတည်းရှိသည့် နွားနှင့်ဆင်တူသော သားရဲတစ်ကောင် တရွေ့ရွေ့လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။

ထိုသားရဲ၏ ကျောပေါ်တွင်တော့ အပြာရောင်ဝတ်မိန်းကလေးတစ်ယောက် ထိုင်နေလေသ်ည။

ထိုသားရဲမှာ "တစ္ဆေနွားရိုင်း" ဟုခေါ်သည့် သတ္တဝါဖြစ်ကြောင်း ဆန်းချင်းချင်း သိလိုက်သည်။ ထို တစ္ဆေနွားရိုင်းမှာ စကြာဝဠာမဖြစ်တည်ခင်ကပင် တည်ရှိခဲ့သည့် နတ်သားရဲတစ်ကောင်ဖြစ်ပြီး မိုးကြိုးနှင့်လျှပ်စီးများကို ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။

ထို့ပြင် ထို တစ္ဆေနွားရိုင်းမှာ လျှပ်စီးနတ်မိမယ်၏ စီးတော် ဖြစ်လေ၏။

ချင်းဆွေထျန်းကောင်းကင်ဘုံတွင် သူမ နေထိုင်စဉ် များစွာသော ဒဏ္ဍာရီများနှင့် လျှို့ဝှက်ချက်များကို သိခွင့်ရခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် နှစ်ပေါင်းတစ်သောင်း မကျင့်ကြံရသေးသော်လည်း နှစ်ပေါင်းတစ်သောင်း ကျင့်ကြံသူတစ်ယောက်နှင့်ညီမျှသည့် အသိပညာဗဟုသုတများကို ရရှိထားခဲ့လေသည်။

မမလီချင်းဆွေပြောပြသည့် ဒဏ္ဍာရီများအရဆိုလျှင် ယခု သူမရင်ဆိုင်နေရသူသည် လျှပ်စီးနတ်မိမယ် ဖြစ်သည်မှာ သေချာသလောက်ရှိသည်။

ပုလွေသံကို ကြားစဉ်ကတည်းက ရှင်သန်စေခြင်းကျောင်းတော် အန္တရယ်ကျရောက်ပြီကို ဆန်းချင်းချင်း ရိပ်မိခဲ့သည်။ သို့သော်… ထိုမျှ ကြီးမားသည့် အန္တရယ်ဖြစ်နေလိမ့်မည်ဟု ဆန်းချင်းချင်း ထင်မထားခဲ့မိပေ။

တစ္ဆေနွားရိုင်းကိုစီးကာ သူမရှိရာသို့ လာနေသည့် လျှပ်စီးနတ်မိမယ်ကို ဆန်းချင်းချင်း အေးအေးဆေးဆေးပင် ကြည့်နေခဲ့သည်။

သူမ၏ လက်ကတော့ ထာဝရဓားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ ဓားသွားမှ အေးစိမ့်သည့်အငွေ့အသက်များသည် သူမ၏ စိတ်ဝိညာဉ်အတွင်းထဲအထိ စီးဆင်းစိမ့်ဝင်လျှက် ရှိလေ၏။

တစ်ချိန်တည်းမှာပင်… ထာဝရဓားနှင့် သူမ၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်သွားပြီး လမင်း၏အလယ်တွင် ရောက်နေသည့်အလား အေးစိမ့်ခြင်းများကို ခံစားလိုက်ရသည်။

သို့သော်… ဆန်းချင်းချင်း၏ စိတ်များကတော့ တည်ငြိမ်နေလေ၏။

သူမဘေးပတ်ပတ်လည်မှ အရာအားလုံး လှုပ်ရှားနေပြီး သူမ၏နှလုံးသားသည် နောက်ဆုံးကြွေကျတော့မည့် သစ်ရွက်ငယ်တစ်ခုအလား ကံကြမ္မာကို သိမြင်နေရလေသည်။

ချက်ချင်းပင် ဓားသိုင်းပညာ၏ အနှစ်သာရကို သူမ နားလည်သွားပြီး ဓားနှင့်လူတစ်သားတည်းကျသွားကာ ထက်မြက်သည့် ဓားသမားတစ်ယောက်အဖြစ် ချက်ချင်းပြောင်းလဲသွားလေတော့သည်။

တစ္ဆေနွားရိုင်း၏ကျောပေါ်တွင်ထိုင်နေသည့် အပြာရောင်ဝတ်မိန်းကလေးကတော့ ဆန်းချင်းချင်း၏ ဓားဝိညာဉ်ကို အဆက်မပြတ်လေ့လာနေလေသည်။

ဓားဝိညာဉ်ကိုလေ့လာရင်း သူမ တိုက်ခိုက်နိုင်မည့်ဟာကွက်ကို ရှာဖွေနေခြင်း ဖြစ်သည်။ ရန်သူ၏ ဟာကွက်ကို သိရှိပါက သူမအနေဖြင့် တန်ခိုးစွမ်းအားအသုံးပြုကာ အပြင်းအထန် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

သို့သော်… ဆန်းချင်းချင်း၏ ဓားသိုင်းက သန့်စင်ပြီး ဟာကွက်လုံးဝမရှိသလို အပြစ်ပြောစရာ တစ်ကွက်မှလည်း မတွေ့ရှိရပေ။

ဆန်းချင်းချင်းက ရုတ်တရက် ရယ်မောလိုက်ပြီး…

"မင်းက လျှပ်စီးနတ်မိမယ်လား ၊ မင်းက ဆန်းလျန်ရဲ့ တပည့်လို့ ငါကြားဖူးတယ် ၊ ဒီလိုသာဆိုရင် ဝါစဉ်အရ မင်း ငါ့ကို ဆရာဒေါ်လေးလို့ ခေါ်သင့်တာ…"

အပြာရောင်ဝတ်မိန်းကလေးက မျက်ခုံးတစ်ချက်ပင့်ကြည့်လိုက်ပြီး…

"ငါ့နာမည်က လေ့ကျင်းလို့ခေါ်တယ်…"

သူမပြောလိုက်သည့် စကားများက အပြာရောင်ဝတ်မိန်းကလေး၏ တာအိုနှလုံးသားကို တစ်ချက်လေးပင် မတုန်လှုပ်စေကြောင်း ဆန်းချင်းချင်း ရိပ်မိလိုက်သည်။

သို့သော်… ဆန်းချင်းချင်း စိတ်ပျက်သွားခြင်း မရှိပေ။

သူမပြုလုပ်လိုက်သည့်နည်းလမ်းက အလုပ်မဖြစ်သည့်တိုင် အနည်းဆုံးတော့ လေ့ကျင်းက သူမကို စကားပြန်ပြောခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့်… လုံး၀ အလုပ်မဖြစ်ဟုလည်း မဆိုနိုင်ပေ။

လေ့ကျင်း၏ မျက်လုံးထဲတွင်တော့ ဆန်းချင်းချင်းကို ပြိုင်ဘက်ကောင်းတစ်ယောက် ခံယူထားသည်။

ဆန်းချင်းချင်းသည် နောက်ပိုင်းမျိုးဆက်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူမ၏ ဓားသိုင်းက အဆင့်မြင့်လေသည်။

ဆန်းချင်းချင်းက အရည်အချင်းရှိသူတစ်ယောက်ဖြစ်လေသည်။

သူမက လေ့ကျင်း၏ တာအိုနှလုံးသားကို ရိုက်ခတ်အောင်ပြုလုပ်ပြီး ဟာကွက်ထွက်ပေါ်လာအောင် ပြုလုပ်နေသည်ကို လေ့ကျင်း ရိပ်မိလိုက်သည်။

ဆန်းချင်းချင်းက သူမ မျှော်လင့်ထားသည်ထက်ပင် သာလွန်လေသည်။

ဆန်းချင်းချင်းသည် ဓားနှင့်လူ တစ်သားတည်းကျနေသည့် အနေအထားကို ထိန်းသိမ်းထားပြီး သူမက စတင်တိုက်ခိုက်ခြင်း မပြုသေးပေ။

မည်သူမှ တိုက်ခိုက်ခြင်း မပြုကြဘဲ လေ့ကျင်းနှင့် ဆန်းချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်နေကြလေသည်။

လေ့ကျင်းအနေဖြင့် ဆန်းချင်းချင်းက သူမကို တားဆီးထားသည့်အတွက် ချင်းရွှမ်တောင်ကို သိမ်းပိုက်ရန် သိပ်တော့မလွယ်ကူလှသည်မှာ ထင်ရှားနေလေသည်။

ဆန်းချင်းချင်းလက်ထဲတွင် ထာဝရဓားရှိနေသလို ဆန်းချင်းချင်းသည်လည်း အဆင့်မြင့်နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

ထို့ကြောင့် သူမ မျှော်လင့်ထားသည်ထက် ဆန်းချင်းချင်းက တန်ခိုးစွမ်းအား ပိုမိုကြီးမားလေသည်။

အမှန်တော့ ဝက်တစ်ကောင်လက်ထဲတွင် ထာဝရဓားကိုင်ထားလျှင်ပင် အထင်မသေးသင့်ကြောင်း လေ့ကျင်း သိရှိထားပြီး ဖြစ်သည်။

ယခုတော့ ဆန်းချင်းချင်းက ဓားနှင့်လူ တစ်သားတည်းကျနေပြီး တရားအလင်းရသည့်အဆင့်သို့ ရောက်ရှိနေလေရာ ပို၍ပင် စိတ်ဝင်စားဖွယ်ကောင်းနေသေးသည်။

ယခင်ကတော့ ဆန်းချင်းချင်းသည် ဓားသိုင်းကျွမ်းကျင်သူတစ်ယောက် ဟုတ်သည်လား ၊ မဟုတ်သည်လား လေ့ကျင်း မသိရှိခဲ့ပေ။

သို့သော်… သူမ ထာဝရဓားကို ကိုင်ထားသည့်ဟန်က ကိုယ်ပိုင်ဟန်ရှိပြီး အခြားသော ဓားသမားများထက် အနည်းငယ် ပိုမိုသာလွန်လေသည်။

နှစ်ပေါင်းတစ်သောင်းကျော်ဆိုသည့်ကာလအတွင်း လေ့ကျင်းကတော့ ကိစ္စရပ်အတော်များများနှင့်ပတ်သက်ပြီး အတွေ့အကြုံများစွာ ရှိခဲ့သူ ဖြစ်သည်။ ထို့ပြင်… သူမ၏ တိုက်ခိုက်ရေးအတွေ့အကြုံကလည်း မြင့်မားလေသည်။

ထို့ကြောင့် ဆန်းချင်းချင်း၏ တစ်ခုတည်းသောအားနည်းချက်မှာ တိုက်ခိုက်ရေးအတွေ့အကြုံနည်းပါးခြင်း ဖြစ်သည်ကို သူမ ရိပ်မိလိုက်သည်။

ထို့ကြောင့် လေ့ကျင်းက ဆန်းချင်းချင်းကို စကားပြောလိုက်သည်နှင့် သူမ၏ တန်ခိုးစွမ်းအားများကိုပါ တစ်ခါတည်း ထုတ်ဖော်လိုက်လေ၏။

လေ့ကျင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများက မမြင်ရသည့် ဖိအားကြီးတစ်ခုပမာ ဆန်းချင်းချင်းဆီသို့ တလိမ့်လိမ့် တက်လာလေသည်။

တန်ခိုးစွမ်းအားများ တဖြည်းဖြည်းများပြားလာပြီး လုံး၀ ရပ်တန့်ခြင်း မရှိပေ။

ဆန်းချင်းချင်းသာ ပြန်လည်ခုခံတိုက်ခိုက်ခြင်းမရှိလျှင် လေ့ကျင်း၏ တန်ခိုးစွမ်းအားများက သူမကို ရိုက်ခတ်မိပြီး သူမ သေသည်အထိ ခံစားရမည်ကို ဆန်းချင်းချင်း နားလည်လိုက်သည်။

ထို့ကြောင့် ကောင်းမွန်သည့် ရွေးခြယ်မှုတစ်ခု မဟုတ်သည့်တိုင် သူမက လေ့ကျင်းကို တိုက်ခိုက်ရန် ရွေးခြယ်လိုက်ရတော့သည်။

ဆန်းချင်းချင်း ဓားသိုင်းထုတ်ဖော်လိုက်သည်နှင့် ဟာကွက်က ထွက်ပေါ်လာမည်ပဲ ဖြစ်လေသည်။ ထိုအခါ လေ့ကျင်းအနေဖြင့် သူမကို တိုက်ခိုက်ရန် ကျိန်းသေ အခွင့်အရေး ရရှိသွားပေလိမ့်မည်။

ကံကောင်းသည်မှာ သူမတွင် ထာဝရဓား ရှိနေခြင်း ဖြစ်သည်။

နောက်ဆုံးတော့ တိုက်ပွဲတစ်ခု စတင်ခဲ့ပြီ ဖြစ်လေ၏။

သို့သော်… သူမတို့ (၂)ယောက်လုံး မသိရှိသည့်အချက်မှာ မမြင်ရသည့် မျက်ဝန်းတစ်စုံသည် သူမတို့ (၂)ယောက်ကို ကြည့်ရှုနေခြင်း ဖြစ်လေသည်။

ထိုမျက်လုံးများ၏ပိုင်ရှင်က ဆန်းလျန်ပင် ဖြစ်လေတော့သည်။

***

All Chapters