အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အပိုင်း ၂၁
မွန်းတည့်ချိန်သည် လီဟုန်မေ့အတွက် တကယ်ကို ခက်ခဲသောအချိန် ဖြစ်ခဲ့သည်။ မနက်ခင်းအလုပ်များပြီးနောက် သူမသည် မြစ်ထဲသို့သွားကာ ငါးဖမ်းခဲ့ပြီး၊ ငါးတစ်ကောင်ကို ချက်ပြုတ်ကာ ကျိုးယဲ့ဆီသို့ ယူလာခဲ့၏။
"ဒါရိုက်တာကျိုး... ဒီနေ့ ကျွန်မ ငါးဆီပြန်ချက်ထားလို့ ရှင်မြည်းကြည့်ဖို့ တစ်ကောင် ယူလာပေးတယ်။"
ကျန်းမန်မန်ကတော့ ဝက်စာမြက်ခြင်းကိုကိုင်ရင်း ဘေးနားတွင် ရပ်ကာ ထိုဒရာမာကို အေးအေးဆေးဆေး ကြည့်နေခဲ့သည်။ သူမသည် စိတ်ထဲမှနေ၍ လီဟုန်မေ့ကို အားပေးနေခဲ့သေး၏။
"အချစ်အတွက် ရဲရဲဝံ့ဝံ့ ကြိုးစားနေတာပဲ၊ လီဟုန်မေ့... ရှေ့ဆက်သာတိုးတော့!"
သူမ ပျော်ပျော်ကြီး ပွဲကြည့်နေသည်ကို မြင်တော့ မနေ့က အဒေါ်ကြီးသည် နှုတ်ခမ်းစူလျက်ဖြင့် သူမ၏အနားကို လျှောက်လာပြန်သည်။
"ရဲဘော်ကျန်း... မင်းက ဘယ်လိုဖြစ်လို့ ပြုံးနေနိုင်ရတာလဲ။ မင်းကတော့ တကယ့်ကို စိတ်အေးလက်အေး ရှိလွန်းတာပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါတို့ ဒါရိုက်တာကျိုးက အဆင့်အတန်း အရမ်းမြင့်တာ။ မြို့ကလာတဲ့ မိန်းကလေးတိုင်းကို သူ သဘောကျမှာ မဟုတ်ဘူး။ ဒါရိုက်တာကျိုးက မြို့တော်ကလာတာလေ။ မင်းရဲ့ လေသံကို နားထောင်ရတာ သူ့လေသံနဲ့ နည်းနည်းဆင်သလိုပဲ။ နေပါဦး... မင်းကလည်း မြို့တော်ကပဲလား။"
ကျန်းမန်မန်လည်း ဘေးနားက အဒေါ်ကြီးကို လှည့်ကြည့်လိုက်မိ၏။
'ငါက သူများအကြောင်းကို အေးအေးဆေးဆေး စပ်စုနေတာကို၊ အခုတော့ ဒီအဒေါ်ကြီးက ငါ့အကြောင်းကို ပြန်ပြီး စပ်စုနေပြန်ပြီ။ ဒါပေမဲ့လည်း..'
"အဒေါ်က နားတော်တော်ပါးတာပဲနော်! ဟုတ်တယ်၊ ကျွန်မလည်း မြို့တော်ကပါပဲ။ ဒါပေမဲ့ အဲဒီမှာက လူတွေအများကြီးဆိုတော့ ကျွန်မတို့တစ်ခါမှတော့ မဆုံဖူးဘူး။"
ထိုအဒေါ်ကြီး၏ မျိုးရိုးနာမည်ကိုတော့ သူမ မသိပေ။ သို့သော် ရွာထဲတွင် လျိုမျိုးရိုး အများကြီးရှိသောကြောင့် အခြားသူများက သူမကို စတုတ္ထအဒေါ်လျိုဟုသာ ခေါ်ကြ၏။ အဒေါ်လျိုကတော့ အားရပါးရ ပြုံးပြီး ပြောလိုက်သည်။
"ဒါက သိပ်ထူးခြားတာပဲ! ဟား! မနေ့က ငါထင်ခဲ့တာက မှန်တာပေါ့။ မင်းရော ဒါရိုက်တာကျိုးရောက မြို့တော်ကဖြစ်ပြီးတော့၊ မင်းက သူ့ကို တစ်ခါတောင် ကယ်ခဲ့ဖူးသေးတယ်။ ဒါက ကံကြမ္မာ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ။"
ကျန်းမန်မန်လည်း ခေါင်းခါရင်း ဆိုလိုက်၏။"ဒါမှမဟုတ် မျောက်ချေး ဖြစ်မှာပေါ့။"
စတုတ္ထအဒေါ်လျိုကတော့ ခေါင်းလေးစောင်းပြီး မျောက်တွေက ဒီကိစ္စထဲ ဘယ်လိုပါလာသလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်သွားရရှာသည်။
တစ်ဘက်တွင်တော့ ကျိုးယဲ့က အမှန်တကယ်ကို စိတ်တိုနေပြီဖြစ်ပြီး၊ လီဟုန်မေ့ကတော့ သူ့ကို အတင်းလိုက်ကပ်နေဆဲပင်။
"ငါ ပြောပြီးပြီလေ၊ ငါ့ဆီကို ဘာမှ လာမပေးနဲ့တော့။ ငါ့နောက်ကိုလည်း တကောက်ကောက် လိုက်မနေနဲ့။ ငါ စိတ်မဝင်စားဘူး။ မင်းကို ငါ မကြိုက်ဘူး၊ မင်းက ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ငါ့အနားမှာ လာပြီး ရစ်ဝဲရစ်ဝဲ လုပ်မနေနဲ့တော့။ ငါက မင်းလို ပျော့ညံ့တဲ့ ကြွေထည်လေးတွေကိုလည်း မကိုင်တွယ်တတ်ဘူး။"
ကျန်းမန်မန်၏ ဘေးတွင်တော့ စတုတ္ထအဒေါ်လျိုက စုတ်တသပ်သပ်လုပ်ရင်း ပြောနေခဲ့သည်။
"ဒီလီဟုန်မေ့ကတော့ ဒီလိုမျိုး ဗြောင်ငြင်းခံရတာ တစ်ကြိမ်မကတော့ဘူး။ အက်ကြောင်းမရှိတဲ့ဥကို ယင်ကောင် မနားဘူးလို့ ပြောကြပေမဲ့၊ ဒါရိုက်တာကျိုးက ဘာအက်ကြောင်းမှ မပေးတာတောင် သူမက ဆက်ပြီးဝဲနေတုန်းပဲ။"
ကျန်းမန်မန် - ဒီကလူတွေက စကားပြောရင် ကာရန်တွေနဲ့ပဲ ပြောတတ်ကြတာလား။ ငါလည်း အဲ့ဒီ ကာရန်တိုက်ဖျက်ရေး ဆေးတွေ ဘာတွေ ဝယ်ထားသင့်လား မသိဘူး။
ထိုအချိန်တွင် လီဟုန်မေ့၏ မျက်လုံးများက နီမြန်းနေခဲ့လေပြီ။ သူမသည် ငါးဆီပြန်ဟင်းပန်းကန်ကြီးကို ကျိုးယဲ့ရဲ့ ရင်ခွင်ထဲသို့ အတင်းထိုးထည့်ပေးရန် ကြိုးစားနေပြန်၏။
"ရဲဘော်ကျိုး... ရှင် ကျွန်မကို ချစ်သူအဖြစ် သဘောမထားနိုင်ရင်တောင် သာမန်သူငယ်ချင်းတွေအဖြစ် နေလို့မရဘူးလား။ သူငယ်ချင်းသက်သက်ပါ။ ကျွန်မ ငါးတွေအများကြီး ချက်ထားမိလို့ ရှင့်ကို တစ်ကောင် လာပေးတာလေ။ ဒါက တရားပါတယ် မဟုတ်ဘူးလား။"
ကျိုးယဲ့ကတော့ စိတ်မရှည်စွာနှင့် ရှောင်ထွက်နေသဖြင့် ဝက်ခြံဝင်းတစ်ခုလုံးသည် ပြေးတမ်းလိုက်တမ်းဆော့ကစားနေသည့် မြင်ကွင်းလို ဖြစ်နေတော့သည်။
"ရဲဘော်လီ... အဲ့ဒီငါးကို ချက်ချင်းပြန်ယူသွားလိုက်ပါ။ မင်းသာ ငါ့ကို ဒီလိုမျိုး ထပ်ပြီး နှောင့်ယှက်နေမယ်ဆိုရင် မင်းရဲ့ မလျော်ကန်တဲ့ အပြုအမူတွေအတွက် ငါ အဖွဲ့ခေါင်းဆောင်ဆီကို သွားတိုင်လိုက်မှာနော်။"
ငါးတစ်ကောင် ပေးသည်ကို ဒီလောက်အထိ ကြမ်းတမ်းသည့် တုံ့ပြန်မှုမျိုး ရလာလိမ့်မည်ဟု လီဟုန်မေ့ မထင်ထားခဲ့ပေ။
လီဟုန်မေ့လည်း ဒေါသတကြီးနှင့် ခြေဆောင့်လိုက်ပြီး လက်ထဲမှ ပန်းကန်ကို မြေကြီးပေါ် ရိုက်ခွဲပစ်ရန် ကြိုးစားလိုက်ချိန်တွင်၊ ကျိုးယဲ့က သူမ၏ စိတ်အခြေအနေကို ရိပ်မိသွားပြီး အမြန်ဟန့်တားလိုက်၏။
"ပန်းကန်ကို သေသေချာချာကိုင်ထားစမ်းပါ။ အဲ့ဒီငါးကို မင်းလွှင့်ပစ်လိုက်ရင် ဒါက အစားအသောက်တွေကို ဖြုန်းတီးတာပဲ။ အစားအသောက် ဖြုန်းတီးတာက ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲ!"
လီဟုန်မေ့၏ မြှောက်ထားသည့်လက်သည် လေထဲမှာတင် တောင့်ခဲသွားပြီး ပန်းကန်ကို တင်းတင်းကြပ်ကြပ် ပြန်ဆုပ်ကိုင်လိုက်ရတော့၏။
သူမသည် နောက်တစ်ကြိမ် ခြေဆောင့်လိုက်ပြီး မျက်ရည်ဝဲနေသည့် မျက်လုံးများနှင့် ကျန်းမန်မန်ကို ဒေါသတကြီး လှည့်ကြည့်လိုက်တော့သည်။
ကျန်းမန်မန်ကတော့ ပြောရခက်သွားတော့၏။
'နေပါဦး... ဘာလို့ မီးက ငါ့ဘက်ကို ကူးလာရတာလဲ။ ငါက ဘာမှမသိဘဲ အေးအေးဆေးဆေး ပွဲကြည့်နေတဲ့ ဘေးလူသက်သက်ပါဆို!'
သူမသည် မျက်နှာကို လက်နှင့်အုပ်ပြီး တစ်ဖက်ကို လှည့်လိုက်ကာ တိုးတိုးလေး ရေရွတ်နေမိလိုက်သည်။
"ငါ့ကို မမြင်ပါစေနဲ့... ငါ့ကို မမြင်ပါစေနဲ့..."
လီဟုန်မေ့တစ်ယောက် ပေါက်ကွဲတော့မည့်အချိန်တွင်ပဲ ကျိုးယဲ့က အော်ပြောလိုက်ပြန်၏။
"ရဲဘော်ကျန်း... အဲ့ဒီမှာ ဘာလုပ်နေတာလဲ။ သွားကြစို့၊ ပြန်ရမဲ့အချိန် ရောက်နေပြီ။ နေ့လယ်စာစားပြီးရင် ဝက်စာပင်တွေ ထပ်ရှာရဦးမယ်။"
ဘေးနားရှိ စတုတ္ထအဒေါ်လျိုကတော့ ဤဒရာမာကို အားရပါးရ ကြည့်နေရင်း နောက်မှမြှောက်ပေးလိုက်ပြန်၏။
"အိုး... ရဲဘော်ကျန်း၊ ဒါရိုက်တာကျိုးက မင်းကို ခေါ်နေပြီ။ မြန်မြန်... သူနဲ့အတူ အိမ်ပြန်လိုက်တော့လေ!"
ကျန်းမန်မန် တကယ်ကို စိတ်ပျက်သွားရတော့သည်။ 'စတုတ္ထအဒေါ်လျိုရယ်... ကျွန်မကို ဘဝပျက်အောင် လုပ်နေတာလား။ '
ထိုစကားတစ်ခွန်းက လီဟုန်မေ့၏ ဒေါသကို အထွတ်အထိပ် ရောက်သွားစေ၏။ "နင်တို့နှစ်ယောက်က အတူတူနေနေကြပြီပေါ့ ဟုတ်လား။ တကယ့်ကို အရှက်မရှိတာပဲ! လက်လည်းမထပ်ရသေးဘဲနဲ့ ခိုးပြီး အတူတူနေကြတာလား။ နင်တို့ရဲ့ ဒီလို မလျော်ကန်တဲ့ အပြုအမူတွေကို ငါ သွားတိုင်ပစ်မယ်!"
"နင် ဘာတွေ လျှောက်ပြောနေတာလဲ။ မှတ်ဉာဏ်တွေ ချို့ယွင်းသွားတာလား။ ငါတို့အိမ်တွေက ကပ်လျက်ရှိနေတာလေ၊ ပြီးတော့ ငါက ဝက်ခြံမှာ အလုပ်လုပ်နေတာဆိုတော့ အတူတူ ပြန်ကြတာ ဘာမှားနေလို့လဲ။ တချို့လူတွေက စိတ်ဓာတ်တွေ အရမ်းညစ်ပတ်နေတော့ သူများတွေကိုလည်း သူတို့အတိုင်းပဲ ထင်နေကြတာ။"
ထိုသို့ပြောပြီးနောက် ကျန်းမန်မန်က ကျိုးယဲ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်၏။ စောစောက သူပြောလိုက်သည့် စကားသည် တမင်သက်သက် သူမကို ပြဿနာထဲ ဆွဲထည့်ချင်၍ပြောသည်လား ဆိုသည်ကို သူမ သေချာမသိပေ။
ကျိုးယဲ့ကတော့ နှာခေါင်းကို ပွတ်ရင်း ပြောလိုက်လေသည်။ "မင်းပြောတာ မှန်တယ်။ လာ... ပြန်ကြရအောင်။"
လီဟုန်မေ့ကတော့ ဒေါသတကြီး ခြေဆောင့်နေဆဲပင်။ သူအသာ ကြိုသိခဲ့လျှင် ထိုဆရာဝန်ကြီး၏ အိမ်ဝင်းဟောင်းကို သူမ အရင်ငှားလိုက်မိလောက်သည်။ သို့သော် ထိုနေရာတွင် လူသေဖူးသည်ဆိုသည့် အတွေးကတော့ သူမကို ယခုအချိန်ထိ ကြောက်လန့်နေစေသေး၏။
ကျန်းမန်မန် သူမကို ကျော်ဖြတ်ပြီး ဝက်ခြံ၏ ဂိတ်ပေါက်ရှိရာ ဦးတည်သွားနေသည်ကို မြင်လိုက်ရချိန်တွင် လီဟုန်မေ့၏ ရင်ထဲမှ မီးက ပြန်တောက်လောင်လာပြန်သည်။ သူမသည် ငါးဆီပြန်ဟင်းပန်းကန်ကို ကိုင်လျက်ဖြင့် ကျန်းမန်မန်ရှိရာသို့ အပြေးအလွှား သွားလိုက်တော့၏။ ။
ဒီနေ့ ငါးဟင်းကို လက်ဆောင်ပေး၍မရလျှင်တောင် ရဲဘော်ကျန်း၏ ကိုယ်ပေါ်ကို မှောက်ချပစ်မည်။သူမ၏ ခန္ဓာကိုယ် ညစ်ပတ်သွားအောင် ဖြစ်၏။
ကျန်းမန်မန်ကတော့ ဤသို့သောလူစားမျိုးများက ပြဿနာရှာတတ်မှန်း သိထားသောကြောင့် အမြဲတမ်း ခပ်ခွာခွာသာနေ၏။ ထို့ကြောင့် သူမသည် တမင်တကာ ခပ်ဝေးဝေးမှနေ၍ ဂိတ်ပေါက်ရှိရာသို့ ကွေ့ဝိုက်သွားနေခြင်းဖြစ်သည်။
သ်ို့ရာတွင် သူမ၏ မျက်လုံးထောင့်မှနေ၍ လီဟုန်မေ့က ဟင်းပန်းကန်ကိုကိုင်ပြီး သူမထံသို့ ခပ်သွက်သွက် လျှောက်လာနေသည်ကို မြင်လိုက်ရ၏။
"ရဲဘော်ကျန်း... နေပါဦး! ဒါရိုက်တာကျိုးက မစားဘူးဆိုတော့ ဒီငါးဆီပြန်ကို နင်ပဲ ယူလိုက်တော့။ ရဲဘော်ကျန်း... ခဏ နေပါဦး!"
ဘာလို့ ခဏနေရမှာလဲ။
ဒါက တမင်သက်သက် ထောင်ချောက်ဆင်နေခြင်းပင်။ ထားလိုက်ပါတော့။ ဒီနေရာမှ အမြန်ဆုံး ထွက်သွားလိုက်ခြင်းက ပိုကောင်းလိမ့်မည်။
သူမလည်း ချက်ချင်းဆိုသလို တစ်ဖက်လှည့်ပြီး ဝက်ခြံဂိတ်ပေါက်ရှ်ရာသို့ အားကုန်ပြေးလိုက်တော့၏။
သို့သော် လီဟုန်မေ့က သူမထက်ပို၍ ဂိတ်ပေါက်နှင့် ပိုနီးနေခဲ့သည်။
ကျန်းမန်မန် ပြေးထွက်သွားသည်ကို မြင်တော့ လီဟုန်မေ့၏ မျက်လုံးများက မှောင်မည်းသွားပြီး ဂိတ်ပေါက်ရှိရာသို့ သူမလည်း လိုက်ပြေးခဲ့တော့သည်။
ကျန်းမန်မန် ဂိတ်ပေါက်နား ရောက်ခါနီးအချိန်တွင်ပဲ လီဟုန်မေ့က နောက်မှအမီလိုက်လာပြီး ပန်းကန်ကိုမြှောက်လိုက်ကာ ငါးဆီပြန်ဟင်းများကို သူမထံ လှမ်းပစ်လိုက်တော့သည်။
ဘေးမှ ကြည့်နေသည့် ကျိုးယဲ့လည်း ဘာဖြစ်တော့မည်ဆိုသည်ကို ချက်ချင်းရိပ်မိသွားပြီး မျက်နှာက မည်းမှောင်သွားတော့၏။
သူသည် ချက်ချင်းဆိုသလို ရှေ့သို့ပြေးထွက်သွားပြီး လက်ထဲမှ ဝက်စာမြက်ခြင်းနှင့် လွင့်ပျံတက်လာသည့် ငါးဟင်းများကို လှမ်းကာလိုက်လေသည်။
ထို့နောက် ကျန်းမန်မန်၏ခါးကို ဖျတ်ခနဲ လှမ်းဖက်လိုက်ပြီး သူ၏ကျောပြင်နှင့် သူမကို ကွယ်ကာပေးလိုက်၏။
ကျန်းမန်မန်လည်း မှင်တက်သွားတော့သည်။
ဤသို့ ခါးကို အဖက်ခံရခြင်းက သူမအတွက် ပထမဆုံးအကြိမ်ပင်။
ဘာလို့ ဒီမြင်ကွင်းက အော်ပရာဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းတစ်ခုလို ဖြစ်နေရတာလဲ။
"မင်း အဆင်ပြေရဲ့လား။"
ကျန်းမန်မန်လည်း ခေါင်းညိတ်ပြလိုက်၏။ "ကျွန်မ အဆင်ပြေပါတယ်။"
ဘေးဘက်ရှိ စတုတ္ထအဒေါ်လျိုနှင့် အဒေါ်ဝမ်တို့ကတော့ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ထားရင်း အဒေါ်ကြီးတို့၏ ထုံးစံအတိုင်း အားရကျေနပ်သည့် မျက်နှာအမူအရာများဖြင့် ကြည့်နေကြလေသည်။
"အို... ဘုရားရေ.."
"ကျိုးယဲ့! ကျွန်မက ရှင့်အပေါ် အကောင်းဆုံး ဆက်ဆံခဲ့တာ၊ ဒီမိန်းကလေးက ရောက်လာတာ နှစ်ရက်ပဲ ရှိသေးတာကို ရှင်က သူမကို ဒီလောက်တောင် ကာကွယ်ပေးနေတာလား။ ရှင် ကျွန်မကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်ရက်ရတာလဲ။ ရှင် တော်တော်လွန်သွားပြီ!"
ကျိုးယဲ့လည်း ကျန်းမန်မန်ကို တွဲထူပေးလိုက်သည့်တိုင် မျက်နှာအမူအရာတော့ တင်းမာနေဆဲပင်။
သူသည် သူ၏လက်အောက်မှ နူးညံ့အိစက်နေသည့် ခံစားချက်ကို လျစ်လျူရှုနိုင်ရန် ကြိုးစားနေမိသည်။
ဒါက ဘာလို့... တစ်မျိုးလေး ခံစားလို့ကောင်းနေရတာလဲ။
ထို့နောက် သူက လီဟုန်မေ့ကို အေးစက်စက် လှည့်ကြည့်လိုက်ပြီး ဆိုလိုက်၏။
"လီဟုန်မေ့၊ ငါ မင်းကို အကြိမ်ကြိမ် ငြင်းခဲ့ပြီးပြီ။ ဒါတောင် မင်းက ငါ့နောက်ကိုပဲ ဇွတ်လိုက်ကပ်နေခဲ့တာ။ မင်းကတောင် အရှက်မရှိမှတော့ မင်းအတွက် မျက်နှာသာပေးဖို့ ငါ့ဆီက မမျှော်လင့်နဲ့တော့။ အခု ချက်ချင်း ထွက်သွားစမ်း။ ငါတို့ ဝက်ခြံထဲကို နောက်တစ်ခါ ခြေတစ်လှမ်းတောင် မနင်းနဲ့။ ဒါမှမဟုတ် မင်းက ငါ့ကို တကယ်ပဲ လက်ပါစေချင်နေတာလား။"
လီဟုန်မေ့လည်း မယုံနိုင်သလို စိုက်ကြည့်ရင်း မေးလိိုက်၏။
"ရှင်...ရှင်က ကျွန်မကို တကယ်ပဲ ရိုက်မလို့လား။"
ကျိုးယဲ့သည် မိန်းကလေးများအပေါ် လက်မပါတတ်ပေ။ သို့သော်လည်း လူရာသွင်းပေး၍ မရနိုင်သော လူတချို့က ရှိနေသေး၏။
စကားနှင့် ပြော၍မရလျှင်တော့ လက်သီးဖြင့်သာ အဖြေပေးရတော့မည်။
အဆဲအဆိုခံရမည်ဆိုလျှင်တောင် ဂရုမစိုက်တော့ပေ။
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၂၂
"အင်း... မင်းသာ ငါ့နောက်ကို တကောက်ကောက်လိုက်ပြီး နားပူနားဆာလုပ်နေဦးမယ်ဆိုရင်တော့ ငါလည်း အင်အားသုံးရတော့မယ်။ မင်း ဒီလောက်အရှက်မရှိဖြစ်နေတာက ဘယ်သူ့အပြစ်လဲ။ အခုတော့ ပိုတောင်ဆိုးလာပြီ၊ ရဲဘော်ကျန်းကိုတောင် တိုက်ခိုက်နေပြီလေ။ ငါ အခုချက်ချင်း အဖွဲ့ခေါင်းဆောင်ကို သွားရှာတော့မယ်။"
ထိုစကားကို ကြားလိုက်ရသည့်အခါ လီဟုန်မေ့ လုံးဝစိတ်ဓာတ်ကျဆင်းသွားပြီး မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
"ဝါး...ရှင်တို့အားလုံး ကျွန်မကို ဝိုင်းအနိုင်ကျင့်နေကြတာပဲ။ ကျိုးယဲ့... ရှင့်နှလုံးသားက ကျောက်တုံးနဲ့ လုပ်ထားတာလား။ ရှင် ဒီကိုရောက်ကတည်းက ကျွန်မ ရှင့်ကို သဘောကျခဲ့တာ။ ဒီလောက်နှစ်တွေ အကြာကြီးရှိပြီကို ကျောက်တုံးဆိုရင်တောင် နွေးထွေးလာဦးမယ်၊ ရှင်က ဘာလို့ ကျွန်မကို ခုချိန်ထိ အဖတ်မလုပ်ရတာလဲ။ သူ... သူက ဘာမှမဟုတ်တဲ့ ဝတုတ်မကြီးပဲလေ! ရုပ်လည်းဆိုး၊ တုံးလည်းတုံး၊ ကြည့်လို့ကောင်းတာလည်း တစ်ကွက်မှမရှိဘူး။ ကျွန်မမှာမရှိဘဲ သူ့မှာရှိနေတာ ဘာများမို့လို့လဲ။"
ကျန်းမန်မန်တစ်ယောက် အသက် ပြင်းပြင်းရှူလိုက်မိသည်။ တောက်... အသည်းကွဲပြီး ရစ်ခြင်းကို နားလည်ပေးလို့ရသော်လည်း၊ ဒီကိစ္စက သူမကိုပါ ရန်ရှာသည်အထိ ဖြစ်လာလေပြီ။
သူမသည် အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး လီဟုန်မေ့အနားသို့ တည့်တည့်လျှောက်သွားကာ ဖြန်းခနဲနေအောင် ပါးရိုက်လိုက်တော့သည်။
သူမ၏ အရင်ဘဝတုန်းကတော့ မည်သူ့ကိုမျှ ပါးမရိုက်ဖူးပေ။ ယခု ဤေနရာကို ရောက်လာသည့်အခါတွင်တော့ မူလခန္ဓာကိုယ်ပိုင်ရှင်၏ စိတ်အခံကြောင့်လား၊ သို့မဟုတ် သူမတို့နှစ်ဦး၏ စိတ်ဓာတ်များ ပေါင်းစပ်သွား၍လားတော့ မသိသော်လည်း၊ ဤအပြုအမူက ယခုလက်ရှိ သူမ၏ ပုံစံပင် ဖြစ်နေတော့သည်။
လီဟုန်မေ့လည်း ငိုနေရင်းနှင့် ပါးရိုက်ခံလိုက်ရသဖြင့် မှင်တက်သွားတော့၏။ ယခင်က သူမ ကျန်းမန်မန်အပေါ် မည်မျှရက်စက်ခဲ့သည်ကို ပြန်တွေးမိပြီး ကြောက်စိတ်ကြောင့် တုန်လှုပ်သွားတော့သည်။
"နင်က ဘယ်သူ့ကို ရုပ်ဆိုးတယ်လို့ ပြောတာလဲ။ ငါ့အကြောင်း မကောင်းမပြောခင် ရေအိုင်ထဲမှာ နင့်မျက်နှာကိုနင် အရင်သွားကြည့်လိုက်ဦး။ နင့်မျက်နှာက ရုပ်ရည်တော့ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ ကိုယ်ကျင့်တရားကတော့ လုံးဝမရွိဘူး။ ဒါတောင် နင်က ငါ့ကို ရုပ်ဆိုးတယ်လို့ ပြောရဲသေးတယ်ပေါ့လေ။"
"ခုနလေးကတင် နင် ငါ့ကို ငါးစွပ်ပြုတ်နဲ့ ပက်ဖို့ ကြိုးစားခဲ့တယ်၊ အဲ့ဒီမတိုင်ခင်ကလည်း ငါ့ကို အရင်းရှင်သမီးဆိုပြီး စွပ်စွဲခဲ့သေးတယ်။ ဒီနေ့သာ ငါ နင့်ကို မဆုံးမရဘူးဆိုရင် ငါ့နာမည် ကျန်းမန်မန် မဟုတ်တော့ဘူး။ အခု ငါ အဖွဲ့ခေါင်းဆောင်နဲ့ အတွင်းရေးမှူးကျောက်ဆီ သွားတိုင်မယ်၊ နင်က ကျဆုံးစစ်သည် မိသားစုဝင်တစ်ယောက်ကို စော်ကားနေပါတယ်လို့ ပြောပြလိုက်မယ်။ စောင့်ကြည့်နေလိုက်။"
သူမသည် ထွက်သွားရန် ခြေလှမ်းပြင်လိုက်ပြီးမှ နောက်သို့ ပြန်လှည့်လာကာ လီဟုန်မေ့၏ အခြားပါးတစ်ဖက်ကိုပါ ထပ်မံရိုက်လိုက်ပြန်သည်။
လီဟုန်မေ့လည်း အံ့အားသင့်စွာဖြင့် ပါးကို အုပ်ထားမိတော့၏။"နင်... နင် နောက်ထပ် မရိုက်တော့ဘူးဆို!"
"ငါက စေတနာနဲ့ပါ။ နင့်မျက်နှာက တစ်ဖက်စောင်းနေသလို ဖြစ်နေလို့ ညီသွားအောင် ကူညီပေးလိုက်တာ။ ကျေးဇူးတင်စရာ မလိုပါဘူး။ ကဲ... အခုတော့ အတွင်းရေးမှူးဆီ သွားတိုင်လိုက်တော့မယ်။ နင်က အတွေးအခေါ်ပိုင်းတင် ပြဿနာရှိတာမဟုတ်ဘူး၊ ကိုယ်ကျင့်တရားကပါ စက်ဆုပ်စရာကောင်းနေတာ။ နင့်ကို ပြန်လည်ပြုပြင်ရေးစခန်းပို့ဖို့အတွက် ငါ အဆိုတင်သွင်းမယ်။"
ထိုစကားကို ကြားသောအခါ လီဟုန်မေ့ တုန်ယင်သွားတော့သည်။ သူမသည် ထိုအလုပ်စခန်းကိုတော့ လုံးဝ မသွားလိုပေ။ ကျေးလက်ဘက်သို့ အပို့ခံရသည်မှာပင် ပင်ပန်းလှပြီဖြစ်ပြီး နေ့တိုင်း အရိုးကွဲမတတ် အလုပ်လုပ်နေရသည် မဟုတ်လား။
အလုပ်စခန်းသို့ အပို့ခံရလျှင်မူ ယခုထက်ပင် ပို၍ ဆိုးရွားပေလိမ့်မည်။
"မလုပ်ပါနဲ့!"
ကျန်းမန်မန်က လှည့်ထွက်သွားသော်လည်း လီဟုန်မေ့ကတော့ လျင်မြန်စွာဖြင့် သူမ၏ ခြေထောက်ကို ပြေးဖက်လိုက်သည်။
"မလုပ်ပါနဲ့၊ ငါ အလုပ်စခန်းကို မသွားချင်ဘူး! ငါ မှားသွားပါတယ်! တောင်းပန်ပါတယ် ရဲဘော်ကျန်း၊ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ။ နင့်ကိုရော၊ ရဲဘော်ကျိုးကိုရော နောက်ဆို ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး၊ ဟုတ်ပြီလား။"
ကျန်းမန်မန်သည် သူမ၏ ခြေထောက်ကို ဖက်တွယ်ထားသော အမျိုးသမီးကို ငုံ့ကြည့်လိုက်သည်။ လွန်ခဲ့သော မိနစ်ပိုင်းလောက်က သူမသည် အမှန်တကယ်ပင် ဒေါသများ ပေါက်ကွဲလုမတတ် ဖြစ်ခဲ့ရသည်။ သူမလည်း ကျိုးယဲ့ဘက်သို့ လှည့်ကြည့်လိုက်၏။
ကျိုးယဲ့က နှာခေါင်းကို ပွတ်ရင်း ပြောလိုက်၏။ "ကျွန်တော် ဝမ်ကျားရှင်းကိုလွှတ်ပြီး အတွင်းရေးမှူးကျောက်နဲ့ အဖွဲ့ခေါင်းဆောင်ကို သွားခေါ်ခိုင်းထားပြီးပြီ။ ရဲဘော်လီက သနားစရာကောင်းတဲ့သူ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး သူ ကျွန်တော့်ကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့တယ်၊ ဒါက ကျွန်တော့်အလုပ်နဲ့ ကျွန်တော့်ဘဝကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေတယ်။ ဒီတစ်ခါတော့ သူက ကျွန်တော့်ကိုပါ ထိခိုက်အောင် လုပ်လာပြီ။ သူက ဒီနေရာမှာ ဆက်ရှိနေဖို့ မသင့်တော်တဲ့ အန္တရာယ်ရှိတဲ့သူ ဖြစ်နေပြီလို့ ကျွန်တော် မြင်တယ်။"
သူ၏ စကားမဆုံးခင်မှာပင် အတွင်းရေးမှူးကျောက် ရောက်ရှိလာခဲ့သည်။ ကျိုးယဲ့၏ စကားများကို ကြားပြီးနောက် အတွင်းရေးမှူးကျောက်သည် မြေပြင်ပေါ်တွင် ဝပ်တွားနေသော လီဟုန်မေ့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တော့သည်။
ကျန်းမန်မန်သည် အခွင့်အရေးကို လက်လွှတ်မခံဘဲ သူမ၏ခြေထောက်ကို အမြန်ရုန်းကာ အတွင်းရေးမှူးကျောက်ရှိရာသို့ ပြေးသွားတော့သည်။
"အတွင်းရေးမှူးကျောက်... ရဲဘော်ကျိုး ပြောတာတွေက အကုန်အမှန်တွေပဲ။ လီဟုန်မေ့မှာ အတွေးအခေါ်ပိုင်းဆိုင်ရာ ပြဿနာတွေက အကြီးအကျယ်ရှိနေတာ၊ အခုဆိုရင် လူတွေကိုပါ ရမ်းကားတိုက်ခိုက်နေပြီ။ ခုနကတင် သူချက်လာတဲ့ ငါးဟင်းပွဲကို လက်နက်လိုသုံးပြီး ကျွန်မကို ပစ်ပေါက်ဖို့ ကြိုးစားခဲ့တာ။ ရဲဘော်ကျိုးသာ ကြားကဝင်မတားခဲ့ရင် ကျွန်မရဲ့ မျက်နှာတစ်ခုလုံး ပျက်စီးသွားလောက်ပြီ။ ဒါကိုတော့ ကျွန်မ လုံးဝခွင့်မလွှတ်နိုင်ဘူး။"
အတွင်းရေးမှူးကျောက်လည်း ဆွံ့အသွားရတော့သည်။ လီဟုန်မေ့ ငါးဆီပြန်ဟင်း ချက်ထားသည်ကို သူသိသည်။ ရွာသားအများအပြားလည်း မြင်ခဲ့ကြသည်။ သို့သော် ကျန်းမန်မန်၏ ပြောစကားထဲတွင်မူ ထိုငါးဟင်းမှာ လက်နက်တစ်ခု ဖြစ်သွားခဲ့တော့၏။
ကျန်းမန်မန် - လူကို နာကျင်စေနိုင်ရင်တော့ လက်နက်ပဲ။
လီဟုန်မေ့သည် အတွင်းရေးမှူးကျောက် ရောက်လာသည်ကို မြင်လိုက်ရပြီး ကျိုးယဲ့ကလည်း ထိုသို့ပြောလိုက်သည့်အခါ သူမ၏ လမ်းစများအကုန် ပိတ်ကုန်ပြီဟု ခံစားလိုက်ရလေသည်။ သူမသည် ချက်ချင်းဆိုသလို ထရပ်လိုက်ကာ သူမ၏ ငါးဟင်းပွဲအနားသို့ လျှောက်သွားပြီး လက်ညှိုးထိုးကာ အော်ဟစ်ငိုယိုလေတော့သည်။
"အတွင်းရေးမှူးကျောက်... ကျွန်မက သူတို့ကို ငါးဟင်းလေး လာကျွေးတာပါ။ သူတို့က ကျေးဇူးမတင်ရင် နေပါတော့၊ ဘာလို့ ကျွန်မကိုပါ ဒီလိုမျိုး မဟုတ်မမှန်တာတွေ စွပ်စွဲရတာလဲ။"
"ဒီကျန်းမျိုးနွယ် ကောင်မလေးက ရောက်တာမကြာသေးဘူး၊ ဒါရိုက်တာကျိုးကို မြှူဆွယ်နေတာ။ ကျွန်မမျက်နှာကိုလည်း ကြည့်ပါဦး၊ သူက ကျွန်မကို ရိုက်နှက်ပြီး သူ့အနားကို နောက်ထပ်မကပ်လာဖို့ ခြိမ်းခြောက်နေတာ! ဝါး... အတွင်းရေးမှူးကျောက်ရယ်၊ ကျွန်မဘက်က မားမားမတ်မတ် ရပ်တည်ပေးပါဦး။ ဒီမှာရှိတဲ့သူတွေ အကုန်လုံးက ဝက်မွေးမြူရေးခြံကလူတွေဆိုတော့ သူတို့အချင်းချင်း ဘက်လိုက်ပြောပေးနေကြတာပါ။"
အတွင်းရေးမှူးကျောက်လည်း ခေါင်းကိုက်သွားရသည်။ လီဟုန်မေ့သည် ကျိုးယဲ့နောက်သို့ တကောက်ကောက်လိုက်နေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း တစ်ရွာလုံးသိထားသည်။ ယခု ကျန်းမန်မန်ပါ ပါဝင်လာသည့်အခါတွင်တော့ ကိစ္စများက ပိုကြီးထွားလာခဲ့လေပြီ။
စတုတ္ထအဒါ်လျိုသည်လည်း မနေနိုင်တော့ဘဲ ကြားထဲမှ ချက်ချင်းထွက်လာခဲ့တော့၏။
"အတွင်းရေးမှူး... သူ လိမ်နေတာကို ကျွန်မတို့အားလုံး သက်သေခံနိုင်ပါတယ်။ သူက ကျိုးယဲ့အတွက် ငါးဟင်းလာပေးတာ၊ ကျိုးယဲ့က ငြင်းလိုက်တော့ ရဲဘော်ကျန်းကို ပစ်ပေါက်ဖို့ ကြိုးစားခဲ့တာပဲ! အိုး... ဒါက ပညာတတ်လူငယ်ချင်း အနိုင်ကျင့်တာနော်။ ဒါသာ ကျွန်မရဲ့ကလေးဆိုရင်တော့ သူ့ကို အပိုင်းပိုင်းဆုတ်ပစ်လိုက်တာ ကြာလှပြီ! ပြီးတော့ ဝက်ခြံကလူမို့လို့ အနိုင်ကျင့်လို့ရတယ်လို့ မမှတ်နဲ့။ ကျွန်မတို့ အကုန်လုံး မျက်မြင်ကိုယ်တွေ့ပဲ၊ ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ။"
သူမ ထုတ်မပြောလိုက်သည့် အချက်တစ်ချက်လည်း ရှိသေးသည်။ သူမ၏ သမီးသာ စက်ရုံဒါရိုက်တာကို ရေနစ်နေရာမှ ကယ်တင်ခဲ့ဖူးလျှင်မူ ထိုလူနှင့် လက်ထပ်ရသည်အထိ သူမ စီစဉ်မိပြီးသား ဖြစ်နေလိမ့်မည် ဟူ၍ပင်။
သို့သော် ကျန်းမန်မန်သည် သူမအတွက် ပြောဆိုပေးမည့်သူမရှိသော လူငယ်အမျိုးသမီးတစ်ဦးဖြစ်သည့်အတွက် လွတ်လပ်စွာ ချစ်ကြိုက်ခွင့်ဆိုသည့် အဓိပ္ပာယ်မရှိသော စကားများကို ယုံကြည်နေခြင်း ဖြစ်လိမ့်မည်ဟု သူမ ထင်နေမိ၏။
ဒါရိုက်တာကျိုးသည် ချောမောခံညားပြီး ရာထူးလည်းရှိ၊ မြို့တော်မှလည်း လာသူဖြစ်ရာ အနာဂတ်တွင် အလွန်တောက်ပမည့်သူ ဖြစ်သည်။
အဒေါ်လျို တွေးမိလေလေ ကျန်းမန်မန်တစ်ယောက် ရွှေအခွင့်အရေးကြီးကို လက်လွှတ်ခံနေသည်ဟု ခံစားလာရလေလေဖြစ်ပြီး ဘေးမှကြည့်နေရင်းပင် သူမ ရင်ပူနေမိတော့သည်။
အဒေါ်ဝမ်ကလည်း ဝင်ရောက်ထောက်ခံလိုက်၏။ "ဟုတ်ပါတယ်... အမှန်တရားက အမှန်တရားပဲ။ ကျွန်မတို့က အရှက်မရှိ လိမ်ညာနေမယ့်သူမျိုးတွေ မဟုတ်ဘူး။ အရင်ကတော့ ဒါရိုက်တာကျိုးနောက်ကိုပဲ လိုက်နေတာ၊ အခုတော့ ဒီကလေးမလေးကိုပါ ရန်ရှာနေပြီ။ အိုး... ကြောက်စရာကောင်းလိုက်တာ! သူ့ကို ဒီကို ထပ်မလာခိုင်းတာ အကောင်းဆုံးပဲ၊ ဝက်တွေကိုပါ သူ့ရဲ့ ရောဂါတွေ ကူးကုန်ရင် ဘယ်လိုလုပ်ကြမလဲ။"
လူတိုင်း သူမကို ဝိုင်းဝန်းအပြစ်ပြောနေကြသည်ကို မြင်သောအခါ လီဟုန်မေ့လည်း အကြံကုန်သွားတော့သည်။ လွန်ခဲ့သော မိနစ်ပိုင်းက ကျန်းမန်မန်၏ ခြေထောက်ကို ဖက်ငိုနေခဲ့သော သူမသည် ယခုတွင်တော့ အတွင်းရေးမှူးကျောက်၏ ခြေထောက်ကို ပြေးဖက်လိုက်ပြန်လေသည်။
အတွင်းရေးမှူးကျောက်လည်း သူ၏ခြေထောက်ကို လီဟုန်မေ့က ဒူးထောက်၍ ဖက်တွယ်လိုက်သည့်အတွက် ကိုယ်ရှိန်မသတ်နိုင် ဖြစ်သွားရ၏။ ကံဆိုးချင်သည့်အတွက် ယနေ့ သူဝတ်ထားသည့် ဘောင်းဘီသည် ခါးပတ်ပတ်ရသည့် အမျိုးအစားမဟုတ်ဘဲ သားရေကြိုးသာပါသော ဘောင်းဘီဖြစ်နေခဲ့သည်။
လီဟုန်မေ့က အတင်းဆွဲဖက်ထားသဖြင့် ဘောင်းဘီမှာ အောက်သို့ တဖြည်းဖြည်း လျောကျလာတော့၏။
ခါးပတ်ကွင်းပါသည့် ဘောင်းဘီကို မဝတ်ခဲ့မိသည်ကို သူ အတော်လေး နောင်တရမိသွားတော့သည်။ သို့သော် အချိန်နှောင်းသွားခဲ့လေပြီ။ သူ၏ မိသားစုတစ်ခုလုံးတွင် ခါးပတ်ဟူ၍ တစ်ချောင်းတည်းသာရှိပြီး ခရိုင်အဆင့် အစည်းအဝေးများ တက်သည့်အခါမှသာ ထုတ်ဝတ်ရန် သေချာသိမ်းထားလေ့ရှိသောကြောင့်ပင်။
ယခုတွင်မူ ဂုဏ်သရေရှိလှသော အတွင်းရေးမှူးကြီးသည် လက်တစ်ဖက်ဖြင့် ဘောင်းဘီကို အတင်းဆွဲမထားရပြီး ကျန်လက်တစ်ဖက်ဖြင့် လီဟုန်မေ့ကို ဖယ်ထုတ်ရန် ကြိုးစားနေရသည့်အတွက် မြင်ကွင်းမှာ အတော်လေး ကြည့်မကောင်းလှပေ။
သို့သော် လီဟုန်မေ့ကမူ အလုပ်စခန်းသို့ အပို့မခံရစေရန်အတွက် အသေအလဲ ကြိုးစားနေခြင်းဖြစ်သည့်အတွက် အတွင်းရေးမှူး၏ ခြေထောက်ကို အတင်း ဖက်တွယ်ထားတော့သည်။
ကျန်းမန်မန်နှင့် ကျိုးယဲ့တို့ကတော့ ဘေးနားတွင်ရပ်ရင်း ထိုပြဇာတ်ကို အေးအေးဆေးဆေး ကြည့်နေကြ၏။
အတွင်းရေးမှူးကျောက် ဘောင်းဘီကို အပေါ်သို့ ပြန်ဆွဲတင်လိုက်တိုင်း လီဟုန်မေ့က အောက်သို့ ပြန်ဆွဲချနေသည်။
အခြေအနေမှာ အတော်လေးကို ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့၏။ နောက်ဆုံးတွင်တော့ အဖွဲ့ခေါင်းဆောင် ရောက်ရှိလာပြီး ရောက်လာသည်နှင့် သူ ပထမဆုံး မြင်လိုက်ရသည့် မြင်ကွင်းသည် အတွင်းရေးမှူးကျောက်၏ အတွင်းခံဘောင်းဘီရှည်ကြီးသာ ဖြစ်နေတော့သည်။
"ဒါ... ဒါတွေက ဘာဖြစ်နေကြတာလဲ။"
အတွင်းရေးမှူးကျောက်သည် အဖွဲ့ခေါင်းဆောင်၏ အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အော်ဟစ်လိုက်တော့သည်။
"အဖွဲ့ခေါင်းဆောင်ကျန်း... ကယ်ပါဦး! ရဲဘော်လီကို ကျွန်တော့်ဆီကနေ အမြန်ဖယ်ပေးပါ!"
အဖွဲ့ခေါင်းဆောင်သည်လည်း ထိုမြင်ကွင်းကို အေးဆေးစွာကြည့်ရှုနေသော လူအုပ်ကြီးကို မြင်ပြီး ဆွံ့အသွားတော့သည်။
"မင်းတို့အားလုံးက ဘာရပ်ကြည့်နေကြတာလဲ၊ သွားကူညီပေးလိုက်ကြလေ!"
စတုတ္ထအဒေါ်လျိုက တခစ်ခစ်ရယ်ရင်း ပြောလိုက်လေသည်။ "အဖွဲ့ခေါင်းဆောင်ရယ်... ကျွန်မတို့က မကူညီချင်လို့တော့ မဟုတ်ပါဘူး၊ ကြောက်လို့ မကူညီရဲတာပါ!"