အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အပိုင်း ၂၅
ထိုမြင်ကွင်းကြောင့် ကျန်းမန်မန်၏ မျက်လုံးများပင် ဝေဝါးသွားမတတ် ဖြစ်သွားသော်လည်း သူပြောလိုက်သည့် စကားကိုတော့ သူမ ရှင်းရှင်းလင်းလင်း ကြားလိုက်နိုင်သေးသည်။
"ဒီမှာ ခဏစောင့်ကြည့်ပေးထားဦး။ ကျွန်တော် ခဏပြန်သွားလိုက်ဦးမယ်။"
ကျိုးယဲ့သည် စကားပြောပြီးနောက် စတုတ္ထအဒေါ်လျိုကို ခေါ်ကာ ကျန်းမန်မန်နှင့်အတူ လီဟုန်မေ့ကို ဝိုင်းစောင့်ကြည့်ပေးရန် အကူအညီတောင်းလိုက်သည်။
စတုတ္ထအဒေါ်လျိုသည် အနားသို့ရောက်လာပြီး လီဟုန်မေ့ကို တစ်ချက်ကြည့်ပြီးနောက် ကျန်းမန်မန်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။
"ဒါ... ဒါက မင်းလုပ်လိုက်တာလား။"
ကျန်းမန့်မန်က ပြုံးပြီး ပြောလိုက်သည်။ "သူမရဲ့ စိတ်ဓာတ်က သိပ်ယုတ်မာလွန်းလို့လေ။ ကျွန်မတို့ ဝက်ခြံရဲ့ အကျိုးစီးပွားကို သူမ ဖျက်ဆီးနေတာမျိုး အဖြစ်မခံနိုင်လို့ပါ အဒေါ်။"
ထိုစကားကို ကြားတော့ စတုတ္ထအဒေါ်လျိုက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ "မင်းပြောတာ မှန်တယ်။ ရဲဘော်ကျန်း... မင်းက တကယ့်လူကောင်းပဲ။"
သူမ၏ အမြင်တွင်တော့ မေ့လဲသွားသူမှာ ပညာတတ်လူငယ် အချင်းချင်းဖြစ်နေ၍ တော်သေးသည်ဟု ယူဆမိသည်။ အကယ်၍ ရွာထဲမှ မိန်းကလေးတစ်ယောက်သာဆိုလျှင် သူမ၏ မိသားစုတစ်ခုလုံး ရောက်လာပြီး ပြဿနာ အကြီးအကျယ် ရှာကြပေလိမ့်မည်။
စတုတ္ထအဒေါ်လျိုက စုတ်တစ်ချက်သပ်ကာ ကျန်းမန်မန်ကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ပြောလိုက်၏။ "ပညာတတ်လူငယ်တွေအဖြစ် ဒီကိုလာရတာ မင်းတို့အတွက် တကယ်ကို ခက်ခဲမှာပဲ။ တစ်ခုခု လိုအပ်တာရှိရင် အဒေါ့်ကို ပြောနော်၊ အဒေါ်က မင်းဘက်က အမြဲရှိနေပေးမယ်!"
ကျန်းမန်မန်ကတော့ သူမ ဘာကြောင့် ရုတ်တရက်ကြီး ဤသို့ပြောလာသည်ကို သိပ်နားမလည်သည့်တိုင် စေတနာကိုတော့ လက်ခံလိုက်သည်။
"ဟုတ်ကဲ့ပါ အဒေါ်၊ ကျေးဇူးတင်ပါတယ်။"
"အင်း... မင်းက အဒေါ်နဲ့ စိတ်ချင်းတိုက်ဆိုင်တဲ့ မိန်းကလေးပဲ။ ဟို လီဟုန်မေ့လို မဟုတ်ဘူး... ငါတို့ခြံထဲက ဝက်တွေကို အကုန်အဆိပ်ခတ်ဖို့ ကြိုးစားတယ်ဆိုတော့ တကယ့်ကို ယုတ်မာလွန်းတာပဲ!"
စတုတ္ထအဒေါ်လျိုသည် တွေးရင်းနှင့် ပိုဒေါသထွက်လာကာ မြေပြင်ပေါ်တွင် မေ့လဲနေသော လီဟုန်မေ့ကို အကြိမ်ကြိမ် မျက်စောင်းထိုးနေတော့သည်။
ကျန်းမန်မန် ထိုအဒေါ်ကြီးကို ကြည့်ကာ အတော်လေး ချစ်စရာကောင်းသည်ဟု ယူဆမိလိုက်၏။
သူမတို့နှစ်ယောက် အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင်တော့ ကောမာဇီ လူအချို့ကို ခေါ်၍ ရောက်လာသည်ကို မြင်လိုက်ရသည်- ထိုသူများမှာ ကျန်းမန်မန် တစ်ခါမှ မမြင်ဖူးသော မျက်နှာသစ်များ ဖြစ်ကြ၏။
ကောမာဇီက ပြောလိုက်သည်။ "ရဲဘော်တို့... ဒီမိန်းကလေးက ဟိုလူနှစ်ယောက်ရဲ့ အပေါင်းအပါပဲ။ သူမက ဝက်စာတွေကို အဆိပ်ခတ်ဖို့ ကြိုးစားနေတုန်း ရဲဘော်ကျန်းက လက်ရမိပြီး ဖမ်းထားလိုက်တာပါ။"
ထိုစကားကို ကြားသည်နှင့် ကျန်းမန်မန်က အမြန်ပင် ခေါင်းညိတ်လိုက်ပြီး ဝင်ပြောလိုက်၏။
"ဟုတ်ပါတယ်၊ သူမလက်ထဲမှာ ဝက်တွေကိုကျွေးဖို့ ရည်ရွယ်ထားတဲ့ အဆိပ်တွေ ရှိနေတုန်းပါပဲ။ ရဲဘော်တို့ စစ်ဆေးဖို့အတွက် ဒါကို ယူသွားလို့ ရပါတယ်။"
ရဲအရာရှိ နှစ်ဦးလည်း တစ်ဦးကိုတစ်ဦးကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
"စောစောကပဲ ကျွန်တော်တို့ လူတွေက ဒါရိုက်တာကျိုးကို ရန်ပြုဖို့ ကြိုးစားတဲ့ လူနှစ်ယောက်ကို ဖမ်းဆီးလိုက်ပြီးပါပြီ။ သူတို့အားလုံး အမှန်အတိုင်း ဝန်ခံထားကြပါတယ်။ ဒီရဲဘော်လီကို ပေးထားတဲ့ ဆေးက အမှန်တကယ်ပဲ အဆိပ်ပြင်းတဲ့ဆေးပါ။ တကယ်လို့သာ ဝက်တွေ စားမိသွားရင် ဒီမှာရှိတဲ့ ဝက်တွေ အကုန်သေကုန်မှာပါ။ ဒါက တကယ်ကို စိုးရိမ်ရတဲ့ ကိစ္စပါပဲ။ သူတို့က ခင်ဗျားကိုပါ အန္တရာယ်ပြုဖို့ ကြံစည်ခဲ့ကြသေးတယ်။ လူကုန်ကူးမှုဆိုတာကလည်း ကြီးလေးတဲ့ ပြစ်မှုတစ်ခုပဲ။"
"ကံကောင်းလို့ ရဲဘော်ကျန်းက အချိန်မီ ရှာဖွေသိရှိပြီး တားဆီးနိုင်ခဲ့လို့သာ ပြည်သူပိုင်ပစ္စည်းတွေ ဆုံးရှုံးမှု မရှိခဲ့တာပါ။"
ကျန်းမန်မန် ပြုံးပြီး ဆိုလိုက်လေသည်။"ရဲဘော်ပြောတာ မှန်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မကိုယ်ကျွန်မလည်း ကာကွယ်နိုင်ခဲ့တာပါပဲ။"
ထို့နောက် သူမ မြေပြင်ပေါ်မှ လီဟုန်မေ့ကို တစ်ချက်ကြည့်လိုက်သည်။ "ဒါနဲ့ ဒီလူကိုကျတော့..."
ရဲအရာရှိတစ်ဦးက ရှေ့သို့ တိုးလာပြီး ပြောလိုက်၏။ "သူမကိုတော့ ကျွန်တော်တို့လက်ထဲသာ အပ်ထားလိုက်ပါ။"
ကိစ္စအားလုံးကို လွှဲပြောင်းပေးလိုက်ပြီဖြစ်ရာ ကျန်းမန်မန်အတွက် ဘာစိတ်ပူစရာမှ မရှိတော့ပေ။
သူမသည် စိတ်အေးလက်အေးနှင့် ဝက်စာမြက် ပြန်ရိတ်နိုင်ပြီ ဖြစ်သော်လည်း စောစောက ရိတ်ထားသည့် မြက်ခြင်းတောင်းကမူ သက်သေခံပစ္စည်း ဖြစ်သွားခဲ့လေပြီ။
သူမ၏ ခြင်းတောင်းကို ပြန်မရသေးသဖြင့် နောက်တစ်ခေါက်ရိတ်ရန်အတွက် ကျိုးယဲ့၏ ခြင်းတောင်းကို ခဏငှားရတော့သည်။
ထိုစဉ် ကျိုးယဲ့က အဝေးမှ လျှောက်လာရင်း ပြောလိုက်၏။ "ဘာလုပ်မလို့လဲ။ ဝက်စာမြက်ပင် ထပ်သွားရိတ်မလို့လား။ ဒီနေ့တော့ မလိုတော့ပါဘူး၊ မနက်ဖြန်မှပဲ သွားတော့လေ။ ပြီးတော့ ဒီလူဆိုးတွေရဲ့ အကြံအစည်ကို တိုင်ကြားပေးခဲ့တဲ့အတွက် မင်း ဆုလာဘ်လည်း ရနိုင်တယ်နော်။"
"ကျွန်မရဲ့ ခြင်းတောင်းကိုရော ဘယ်တော့ ပြန်ရမှာလဲ။"
ကျိုးယဲ့ ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားမိသည်။ သူမ ဤမေးခွန်းကို မေးလာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
သူသည် ဆွံ့အစွာဖြင့် သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်မိသည်။ "မင်းက အလုပ်ရမှတ် အများကြီး ဆုရမှာကိုတောင်... ခြင်းတောင်း တစ်လုံးတည်းအတွက် စိတ်ပူနေတာလား။"
ကျန်းမန်မန်ကလည်း ပြန်ပြီး ပြောလိုက်၏။ "ခြင်းတောင်းမရှိဘဲ ကျွန်မက ဘယ်လိုလုပ် ဝက်စာမြက် သွားရိတ်လို့ ရမှာလဲ။"
ကျိုးယဲ့က လက်ကာပြရင်း ပြောလိုက်သည်။ "ကျွန်တော့်ဟာကို သုံး၊ ကျွန်တော့်ဟာကို သုံးလိုက်။"
ထိုနေ့ညတွင် ကျန်းမန်မန်သည် အာဟာရဖြစ်စေမည့် ဂျုံကြမ်းပေါက်စီ အချို့ကို ပြုလုပ်ခဲ့သည်။ တစ်လုံးစားပြီးမှ အိပ်တော့မည်ဟု စီစဉ်ထား၏။
စနစ်တကျ ဝိတ်ချခြင်းဆိုသည်မှာ အာဟာရပြည့်ဝအောင် စားခြင်းပင် ဖြစ်သည် - မဟုတ်ပါက သူမကဲ့သို့ ညအချိန်တွင် ဗိုက်ဆာသဖြင့် လန့်နိုးလာပေလိမ့်မည်။
သူမသည် ရေနွေးနွေးတစ်ခွက်သောက်လိုက်ပြီး၊ နို့မှုန့်လေး ဖျော်ကာ ကြက်ဥနှစ်လုံးနှင့် ဂျုံကြမ်းပေါက်စီတစ်လုံးကို စားလိုက်သည်။
ဖြည်းဖြည်းချင်း ဝါးစားနေရင်းဖြင့် အံ့ဩစရာကောင်းသည့်အရာမှာ - ထိုပေါက်စီက အနည်းငယ် ချိုသလို ခံစားနေရခြင်းပင်။
အသားဟင်းမစားရသည့် ထမင်းနပ်က အနည်းငယ်သာ ရှိသေးသော်လည်း သူမကတော့ အသားကို အတော်လေး တောင့်တနေမိလေပြီ။ သူမသည် သူမကိုယ်သူမ ထိန်းချုပ်ရမည် - ထိန်းချုပ်မှ ဖြစ်လိမ့်မည်။
မဟုတ်လျှင်လည်း နေ့လယ်ဘက် တောင်ပေါ်တွင် တောကြက်များ ရှိနေမလားဟု သွားကြည့်သင့်သလား။
ကြက်ရင်ပုံသားလောက်သာ စားလိုက်မည်။ ထို့အပြင် အနံ့မွှေးလွန်းသည့် ဆီပြန်ဟင်းလည်း မချက်တော့ပေ။ ဒီတစ်ခါတော့ ပေါင်း၍စားလိုက်တော့မည်။
သူမ၏ အာကာသဟင်းလင်းပြင်ထဲတွင် ကျန်းမိသားစုထံမှ ယူလာသည့် ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်သာ ရှိသဖြင့် အသားဟင်းချက်ရန် မလုံလောက်တော့ပေ။
ထို့ကြောင့် ထိုနေ့မနက်တွင် ဝက်စာမြက်များကို အမြန်ရိတ်ပြီးနောက် သူမသည် နာနတ်ပွင့်၊ ငရုတ်ကောင်းစေ့နှင့် အခြား ဟင်းခတ်အပင်များကို စတင်ရှာဖွေလိုက်တော့သည်။
ဝတ္ထုများထဲ ဖတ်ဖူးသည့်အတိုင်းဆိုလျှင် ထိုအပင်အားလုံးကို တောင်ပေါ်တွင် ရှာတွေ့နိုင်လိမ့်မည်။ သို့သော် တစ်မနက်လုံး လျှောက်သွားခဲ့သည့်တိုင် သူမ ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
ဝတ္ထုတွေက သူမကို လိမ်ခဲ့သည်လား။
နေ့လယ်စာ စားချိန်အထိ သူမ ပြန်မရောက်လာသေးသဖြင့် ထန်ရှောင်မင်က စတင်စိုးရိမ်လာတော့သည်။
ဘာလို့ သူမ ပြန်မလာသေးသည်လဲ။
အရင်က လူဆိုးများက သူမကို ရန်မူရန် ကြိုးစားခဲ့ကြသေးသည်မလား။
အကယ်၍ ထိုလူဆိုးများတွင် အပေါင်းအပါများပါ ထပ်ရှိနေလျှင် ဘယ်လိုလုပ်မလဲ။
ကျိုးယဲ့သည်လည်း ဘေးအိမ်ကို ပြန်ရောက်နေပြီဖြစ်သည်ကို မြင်သောအခါ ထန်ရှောင်မင် ပို၍ပင် စိုးရိမ်လာတော့သည်။
သူမသည် ခြံစည်းရိုးအနားသို့ သွားကာ ဘေးအိမ်ဘက်သို့ လှမ်းခေါ်လိုက်၏။
"ရဲဘော်ကျိုး... ရဲဘော်ကျန်းကို တွေ့မိသေးလား။"
ကျန်းမန်မန် ဝက်စာမြက်များကို စောစောရိတ်ပြီး တောင်ပေါ်သို့တက်သွားသည်ကို ကျိုးယဲ့ သိထားသည်။
သူမ ပြန်မရောက်သေးကြောင်း ကြားလိုက်ရသည့်အခါ သူ မျက်မှောင်ကြုတ်လိုက်မိ၏။
"သူမ အခုထိ ပြန်မရောက်သေးဘူးလား။"
"မရောက်သေးပါဘူး! အခုဆိုရင် နေ့လယ်အချိန်တောင် ကျော်တော့မယ်၊ သူမ တစ်ခုခုများ ဖြစ်နေမလားလို့ ကျွန်မ စိုးရိမ်နေတာပါ။"
ထိုစကားကို ကြားလိုက်သည်နှင့် ကျိုးယဲ့ ချက်ချင်း ထရပ်လိုက်တော့၏။
"ပြဿနာမရှိပါဘူး၊ ကျွန်တော် သွားရှာကြည့်လိုက်ပါမယ်။"
ထို့နောက် သူသည် ဓားမတစ်လက်ကို ဆွဲကာ တောင်ပေါ်သို့ တက်သွားတော့သည်။
ကျန်းမန်မန်မှာမူ ဟင်းခတ်အပင်များကို ရှာဖွေရင်းနှင့် အဝေးကြီးသို့ ရောက်သွားပြီး တောထဲတွင် လမ်းပျောက်လုမတတ်ပါ ဖြစ်ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူမ၏ တောတွင်းရှင်သန်န်ိုင်သည့် ကျွမ်းကျင်မှုများက ထိပ်တန်းအဆင့်တွင် ရှိနေခဲ့၏။
သူမသည် ပြန်လာရန် ပြင်နေစဉ်မှာပင် ဘေးနားရှိ ချုံပုတ်များကြားထဲမှ တရှပ်ရှပ် အသံများကို ရုတ်တရက် ကြားလိုက်ရလေသည်။
သူမလည်း တောကောင်တစ်ကောင်ကောင်နှင့် တိုးမည်ကို စိုးရိမ်သဖြင့် ဓားမကို တင်းတင်းဆုပ်ကာ နိုးနိုးကြားကြား နေလိုက်၏။
ဒီတောင်ပေါ်တွင် ကျားသစ်များ ရှိတတ်သည်ဆိုသော ပုံပြင်များကို သူမ သတိရမိသွားခဲ့ပြန်၏။
တောထဲတွင် အလုပ်လုပ်နေရင်း ကျားသစ်တစ်ကောင်ကို ခုခံတိုက်ခိုက်ခဲ့သည့် အမျိုးသမီးတစ်ယောက်အကြောင်း ဆောင်းပါးတစ်ပုဒ်ကိုတောင် သူမ ဖတ်ဖူးသေးသည်။ စစ်တပ်က သူမကို ဆုအဖြစ် အော်တိုရိုင်ဖယ်တစ်လက်နှင့် ကျည်ဆန်တစ်ရာပါ ပေးခဲ့သေး၏။
သူမ၏ ယခု ခန္ဓာကိုယ်အချိုးအစားနှင့် ဆိုလျှင်တော့ ကျားသစ်တစ်ကောင်အတွက် အလွန်အရသာရှိမည့် အစာတစ်ခု ဖြစ်နေပေလိမ့်မည်။
သူမသည် ဓားမကိုကိုင်ကာ လှုပ်ရှားမှုရှိနေသော မြက်တောထဲသို့ စိုးရိမ်တကြီး စောင့်ကြည့်နေလိုက်သည်။
ဟူး...ဟူး..
ရုတ်တရက်ဆိုသလို တောဝက်မည်းကြီးတစ်ကောင် ထွက်ပေါ်လာပြီး သူမထံသို့ တည့်တည့်ပြေးဝင်လာတော့၏။
တောဝက်ကြီးလား!
ကျန်းမန်မန်၏စိတ်ထဲ ပထမဆုံးပေါ်လာသည်မှာ သစ်ပင်ပေါ် တက်ပြေးရန်ပင်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ အနောက်တည့်တည့်တွင် သစ်ပင်ကြီးတစ်ပင် ရှိနေလေသည်။ သွက်လက်သော လှုပ်ရှားမှုအချို့နှင့်အတူ သူမသည် သစ်ပင်ပေါ်သို့ ရောက်သွားခဲ့ပြီး၊ အောက်မှ ပေါင် ၃၀၀ ကျော်လောက်ရှိမည့် တောဝက်ကြီးကို ကြည့်ကာ မှင်တက်သွားတော့သည်။
သူမသည် ယုန်တစ်ကောင်ကို တစ်ချက်တည်းနှင့် အလဲသိပ်နိုင်သော်လည်း တောဝက်ကြီးကိုတော့ မယှဉ်နိုင်သည်မှာ သေချာသည်။
ထိုတောဝက်ကြီးကလည်း သူမကို ဖမ်းရလွယ်ကူသည့် သားကောင်ဟု ထင်မှတ်ကာ သစ်ပင်ကို အရှိန်နှင့် တိုက်လိုက်သဖြင့် သစ်ပင်လည်း အနည်းငယ် တုန်ခါသွားခဲ့သည်။
သစ်ပင်သည် တုတ်ခိုင်နေသဖြင့်သာ တောဝက်ကြီးက သိပ်ပြီး မလှုပ်ခါနိုင်ခြင်း ဖြစ်၏။ ထိုတောဝက်ကြီး လက်လျှော့သွားတော့မည်ဟု သူမ ထင်နေစဉ်မှာပင် တောဝက်ကြီးက သစ်ပင်ကိုပတ်ကာ အနားတွင်ရစ်ဝဲရစ်ဝဲ လုပ်နေပြန်သည်။
သူမသည် အချိန်ခဏလောက်တော့ ဆင်းမရနိုင်တော့မှန်း သိလိုက်သဖြင့် သစ်ပင်ပေါ်တွင်သာနေရင်း သူမတွင်ပါလာသည့် ပေါက်စီကို ထုတ်စားနေလိုက်တော့၏။
ကျိုးယဲ့ ရောက်လာသည့်အခါ သစ်ပင်ပေါ်တွင် ပေါက်စီစားနေသော သူမကို မြင်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။
"ပေါက်စီက အရသာရှိရဲ့လား။"
ထိုစဉ် ကျန်းမန်မန်က အောက်ကို ငုံ့ကြည့်ကာ အလျင်အမြန်ပင် လှမ်းအော်လိုက်၏။
"ဒီဘက်ကို မလာနဲ့ဦး! ဒီမှာ တောဝက်ကြီးတစ်ကောင် ရှိတယ်... ကျွန်မ ခန့်မှန်းကြည့်ရသလောက်ဆိုရင် အနည်းဆုံး ပေါင် ၃၀၀ ကျော်လောက်တော့ ရှိလိမ့်မယ်။"
ကျိုးယဲ့သည် စိုးရိမ်စိတ် ဝင်သွားရမည့်အစား သူ၏ မျက်လုံးများကပါ စိတ်ဝင်တစားဖြင့် တောက်ပသွားခဲ့တော့သည်။
"အပေါ်မှာပဲ စောင့်နေဦး။ ကျွန်တော် ဒီကောင်ကို ဖမ်းဖို့ လူတွေ သွားခေါ်လိုက်ဦးမယ်။"
သူ စိတ်လိုက်မာန်ပါ မလုပ်သည်ကို မြင်တော့မှ ကျန်းမန်မန် စိတ်အေးသွားတော့သည်။
ထိုအခါမှ သူမ တစ်ခုခုကို သတိထားမိသွားတော့သည် - သူသည် သူမကို ကယ်ရန်သက်သက်သာ လာခြင်း မဟုတ်ပေ။ ထိုတောဝက်ကြီးကိုပါ အရှင်ဖမ်းပြီး ဝက်မွေးမြူရေးခြံအတွက် ဝက်တစ်ကောင် ထပ်တိုးလာအောင် လုပ်ရန်ပါ ကြံစည်နေခြင်းဖြစ်၏။
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၂၆
ကျန်းမန်မန်သည် သစ်ပင်ပေါ်တွင် ထိုင်ကာ ပေါက်စီကို မြိန်ရည်ယှက်ရည် စားရင်း ကူမည့်လူများလာမည်ကို စောင့်နေခဲ့သည်။ သိပ်မကြာမီတွင် ကျိုးယဲ့သည် ကောမာဇီ၊ ဝမ်ကျားရှင်း၊ လျိုကျန်းယဲ့တို့နှင့်အတူ ရောက်လာသည်ကို သူမ မြင်လိုက်ရ၏။
ကျိုးယဲ့၏ လက်ထဲတွင် ပိုက်ကွန်အကြီးကြီးတစ်ခု ပါလာသည်။
ကောမာဇီကတော့ တုတ်နှစ်ချောင်း ကိုင်လာ၏။
ကျန်းမန်မန် သေသေချာချာ ကြည့်လိုက်သည့်အခါမှ ထိုတုတ်များမှာ သာမန်တုတ်မဟုတ်ဘဲ သံတုတ်များ ဖြစ်နေသည်ကို သတိထားမိခဲ့၏။
ဒါကိုကြည့်ခြင်းဖြင့် သူတို့၏ အစီအစဉ်ကို သူမ ခန့်မှန်းမိသွားသည် - အရင်ဆုံး တောဝက်ကို ပိုက်ကွန်နှင့် ဖမ်းမည်၊ ပြီးလျှင် သံတုတ်များနှင့် ဝိုင်းရိုက်ပြီး အားအင်ကုန်ခမ်းသွားစေကာ တောင်အောက်သို့ ဆွဲချသွားမည်။
ထို့နောက် ဝက်ခြံထဲတွင် ပိတ်လှောင်ပြီး ယဉ်ပါးအောင် လုပ်မည်။ "ယဉ်ပါးအောင်လုပ်သည်" ဆိုသည်က မှန်ကန်သော စကားလုံး ဟုတ်ပါ့မလား။
မည်သို့ပင်ဖြစ်စေ၊ ထိုကဲ့သို့သော သဘောပင် ဖြစ်သည်။ သူမသည် သစ်ပင်ထက်မှနေ၍ ကျိုးယဲ့တစ်ယောက် သစ်ပင်အောက်မှ တောဝက်ကို ရန်စနေသည်ကို စောင့်ကြည့်နေ၏။
ထင်သည့်အတိုင်း၊ တောဝက်ကြီးသည် ဒေါသတကြီးဖြင့် သူမရှိရာ သစ်ပင်ဆီသို့ ပြေးဝင်လာတော့သည်။ ကျန်းမန်မန်သည် ထိုမြင်ကွင်းကို ရုပ်ရှင်ကြည့်နေရသလိုမျိုး အပြင်ဘက်၌ တိုက်ရိုက် မြင်တွေ့နေရခြင်းပင်။
ထိုတောဝက်ကြီးသည်လည်း သူမ မြင်ဖူးသမျှထဲတွင် အကြီးဆုံးပင်။
တောဝက်ကြီး ပြေးဝင်လာစဉ်မှာပင် ကျိုးယဲ့က သူ့တွင်ပါလာသော ပိုက်ကွန်နှင့် လှမ်းပစ်လိုက်၏။
ရုတ်တရက်ဆိုသလို ကျန်းမန်မန်၏ ခေါင်းထဲတွင် သီချင်းတစ်ပုဒ် ပေါ်လာခဲ့၏။
"ကြိုးကွင်းပစ်တဲ့ လူသား... ရှင်ဟာ တကယ်ကို သန်မာတယ်... လေလိုလျှင်မြန်တဲ့အရှိန်နဲ့ မြင်းကိုစီးနှင်းလို့...ကျွန်မရဲ့အချစ်ကို သစ္စာဖောက်ပြီး.... "
ပိုက်ကွန်က တောဝက်ကြီးကို ပတ်မိသွားသော်လည်း တောဝက်ကြီးကတော့ ကျိုးယဲ့ထံသို့ အရှိန်နှင့် ပြေးဝင်နေဆဲပင်။ ကျိုးယဲ့က အချိန်မီ ဘေးသို့ ရှောင်လိုက်နိုင်၏။
ထို့နောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိုးယဲ့သည် ပိုက်ကွန်ကို ဆွဲကာ အနားရှိ သစ်ပင်တစ်ပင်တွင် ပတ်ပြီး မြဲမြံအောင် ချည်နှောင်လိုက်လေသည်။
တောဝက်ကြီးလည်း အရှိန်ပြယ်ကာ အနောက်သို့ လွင့်စင်သွားပြီး မှောက်လျက် လဲသွားတော့၏။ ထိုစဉ် ကောမာဇီနှင့် အခြားသူများက ချက်ချင်းဆိုသလို ရှေ့သို့ပြေးဝင်ကာ သံတုတ်များနှင့် ဝိုင်းရိုက်ကြတော့သည်။
တောဝက်ကြီးလည်း နာကျင်လွန်းသဖြင့် အော်ဟစ်နေတော့၏။
၎င်းက ဒေါသတကြီးနှင့် ရုန်းကန်လိုက်ရာ လူသုံးယောက်လုံး ဘေးသို့ လွင့်စင်သွားကြလေသည်။
ကျိုးယဲ့က သစ်ပင်ပေါ်မှ ဆင်းကာ ပိုက်ကွန်၏ အခြားတစ်ဖက်ကို ဖြုတ်လိုက်ပြီး တောဝက်ဆီသို့ ပြေးဝင်သွား၏။ လမ်းတွင် ကောမာဇီ လှမ်းပစ်ပေးလိုက်သော သံတုတ်ကို ဖမ်းယူလိုက်သည်။
သူသည် အားကုန်လွှဲ၍ ရိုက်ချလိုက်ရာ သံတုတ်က တောဝက်၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်သွား၏။
တောဝက်ကြီးသည် ယိုင်နဲ့သွားပြီးနောက် ကျိုးယဲ့က ၎င်းကို ပိုက်ကွန်ဖြင့် အမြန်ပြန်ပတ်လိုက်တော့သည်။
နောက်ဆုံးတွင်တော့ သူတို့ လေးယောက်သား ဝိုင်းဝန်းပြီး တောဝက်ကြီးကို သယ်သွားကြတော့သည်။
ကျန်းမန်မန်ရှိသည့် သစ်ပင်အောက်သို့ ရောက်သည့်အခါ ကျိုးယဲ့က အပေါ်သို့ မော့ကြည့်လိုက်၏။
သူမသည် ဒီလို ဝဝတုတ်တုတ်ခန္ဓာကိုယ်နှင့် ဒီသစ်ပင်ပေါ်ကို ဘယ်လိုတက်သွားခဲ့ပါလိမ့်။
"ဟေး..." ကျိုးယဲ့က လှမ်းခေါ်လိုက်သည်။
"ရဲဘော်ကျန်း... တောဝက်ကို ဖမ်းမိပြီ။ အခု ဆင်းလာလို့ ရပြီ။"
ကျန်းမန်မန်သည် လက်အိတ်များကို စွပ်လိုက်ပြီး သေသေချာချာ အောက်သို့ ပြန်ဆင်းရန် ပြင်လိုက်လေသည်။
ကျိုးယဲ့က သစ်ပင်အောက်တွင် ရပ်ကာ သူမ ဆင်းလာသည်ကို စောင့်ကြည့်နေ၏။ မလှမ်းမကမ်းတွင် ရှိနေသော ကောမာဇီ၊ ဝမ်ကျားရှင်းနှင့် လျိုကျန်းယဲ့တို့ကလည်း သူတို့ကို ကြည့်နေကြသည်။
ကျန်းမန်မန်သည် သေသေချာချာ ဆင်းလာနေရင်းမှ လူသုံးယောက်က သူမတို့ကို စိုက်ကြည့်နေသည်ကို သတိထားမိသွားခဲ့သည်။
ထို့နောက် သူမ၏ အောက်တွင် ရှိနေသော ကျိုးယဲ့ကို ငုံ့ကြည့်လိုက်မိသည် - အို... မဖြစ်သေးပါဘူး!
ဒီအခြေအနေကြီးကတော့...သူမ အစာမကြေဖြစ်နေသည်က ကံကောင်းသွားသည်။
ဘယ်လိုမျက်နှာ အမူအရာမျိုး လုပ်ရမှန်းမသိသဖြင့် သူမသည် အနေခက်စွာဖြင့် ဘေးသို့ အကြည့်လွှဲလိုက်ရာ မျက်လုံးများ ပြူးသွားတော့၏။
အဝေးမှ နောက်ထပ် တောဝက်တစ်ကောင် ပြေးဝင်လာနေသည်ကို မြင်လိုက်ရခြင်းပင်!
ဤတစ်ကောင်မှာ ပထမတစ်ကောင်၏ အရွယ်အစားထက်ဝက်ခန့်သာ ရှိသဖြင့် ၎င်း၏သားပေါက် ဖြစ်နိုင်ပေသည်။
ထိုတောဝက် သူတို့ဆီသို့ အရှိန်နှင့် ပြေးဝင်လာသည်ကို မြင်လိုက်ရသည့်အတွက် မြေပြင်ပေါ်သို့ ရောက်ခါနီးအချိန်တွင် ကျန်းမန်မန်သည် သစ်ပင်ပေါ်သို့ ပြန်တက်ရမည့်အစား ခြေချော်ပြီး အောက်သို့ ပြုတ်ကျသွားလေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကျိုးယဲ့က ထိုနေရာတွင်ပင် ရှိနေခဲ့သည်။ သူသည် လက်လှမ်းကာ သူမကို ဖမ်းလိုက်ပြီး ပြုတ်ကျလာသည့် အရှိန်ကို လျှော့ချနိုင်ရန် အကြိမ်အနည်းငယ် လှည့်လိုက်သည်။
"အဆင်ပြေရဲ့လား-"
ကျိုးယဲ့၏ စကားမဆုံးသေးခင်မှာပင် ကျန်းမန်မန်က သူ့ကို သစ်ပင်ဘက်သို့ တွန်းပို့လိုက်သည်။
"သတိထား! နောက်ထပ် တောဝက်တစ်ကောင် လာနေတယ်!"
သူမသည် သူ့ကို သစ်ပင်တွင် ကပ်ထားရင်း တောဝက်အသေးလေး သူတို့ဘေးမှ ပြေးထွက်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။
ထို့နောက် သူမ မော့ကြည့်လိုက်သည့်အခါ ကျိုးယဲ့က သူမကို နက်ရှိုင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ကျန်းမန်မန်၏ ရင်ခုန်သံမှာ တစ်ခဏတာ ရပ်တန့်သွားခဲ့သည်။
သူမသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး အတင်းအကြပ် ပြုံးပြလိုက်၏။
"ဟဲဟဲ..."
သူမသည် ကျိုးယဲ့၏ လက်မောင်းများထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း နောက်ဆုံးတွင် ကျိုးယဲ့က သူမအပေါ်သို့ ဖိလျက်သားဖြင့် ပြုတ်ကျလာလေတော့သည်။
စောစောက သူမကို ဖမ်းပြီး လှည့်လိုက်စဉ်ကတည်းက သူ၏ ကျောကုန်းမှ ဒဏ်ရာက ပြန်နာလာခဲ့ခြင်း ဖြစ်သည်။ နာကျင်မှုကြောင့် သူ မျက်မှောင်ကြုတ်မိသွား၏။
ယခု ကျန်းမန်မန်က သူ့ကို သစ်ပင်ရှိရာ အတင်းဆောင့်တွန်းလိုက်သည့်အခါ သူ ညည်းညူသံ ထွက်ပေါ်သွားပြီး နာကျင်လွန်းသဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။
လှုပ်ရှားမှုတစ်ခုမှားသွားခဲ့ရာ သူသည် ဟန်ချက်ပျက်သွားပြီး ကျန်းမန်မန်၏အပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။
ဤရုတ်တရက် ဖြစ်ရပ်ကြောင့် သူမ ဆွံ့အသွားရ၏။
"ရှင်... ရှင်..."
"ကျွန်တော်... ကျွန်တော့်ကျော... နာသွားပြီ!"
ကျိုးယဲ့တစ်ယောက် ဤရဲဘော်လေးနှင့် သူ၏ကြားတွင် တစ်ခုခုတော့ လွဲနေပြီဟု စတင်ခံစားလိုက်ရသည်။
ပထမဆုံးနေ့တွင် သူမက သူ ရေနစ်နေသည်ဟုထင်ပြီး ကယ်ဆယ်ရာမှ သူ့ကို သတိမေ့အောင် ရိုက်မိခဲ့သည်။
ယခုလည်း သူက သူမကို ကယ်ခဲ့ပေမဲ့ ကျောနာသွားရပြန်သည်။
ထို့အပြင် သူမက သူ့ကို ပြန်ကယ်လိုက်သော်လည်း သစ်ပင်နှင့် ဆောင့်မိလိုက်သည့်အတွက် ယခုဆိုလျှင် သူ၏ကျောရိုးတောင် ကျိုးသွားပြီလား မသိတော့ပေ။
သူသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကျန်းမန်မန်အပေါ်တွင် မှောက်လျက်သား လဲနေတော့သည်။
ကောင်းပြီလေ... ငါ့အသက်ကိုပဲ ယူလိုက်ပါတော့။
ကျန်းမန်မန်မှာတော့ ဆွံ့အလို့နေ၏။ ဘာလုပ်ရမှန်းကို မသိတော့ပေ။
ကျန်သုံးယောက်ကတော့ တောဝက်အသေးလေးကို ကိုင်တွယ်နေကြဆဲပင်။ ဒီနေရာ၌ သူတို့နှစ်ယောက်တည်း ရှိနေခြင်းဖြစ်၏။
သူတို့၏ ယခုပုံစံမှာ ချစ်သူအချင်းချင်း ပွေ့ဖက်နေသည့်ပုံနှင့် တူနေသည်။ "တူနေရုံ" သာ ဖြစ်၏။
သူသည် သူမထက် အရပ်အများကြီး ပိုရှည်သည်။ ၁.၈၅ မီတာလောက်ရှိသည့် သူ၏ ခန္ဓာကိုယ်မှာ ပေါင် ၂၀၀ မရှိလျှင်တောင် အနည်းဆုံး ၁၆၀ လောက်တော့ ရှိမည်မှာ သေချာသည်။ သူက သူမကို ဖိထားသဖြင့် သူမသည်လည်း ပိပြားမတတ် လေးလံနေ၏။
"အဆင်ပြေရဲ့လား။" ကျန်းမန်မန်က မေးလိုက်သည်။
ဒီလိုပုံစံအတိုင်း ဆက်နေ၍ မဖြစ်ဘူးဆိုသည်ကို သိလိုက်သဖြင့် သူမ အကြံတစ်ခု ရသွားသည် - သူမသည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူ့ကို ကျောပိုးလိုက်တော့၏။
အနည်းငယ် အနေရခက်သော်လည်း အနည်းဆုံးတော့ အမြင်ရိုင်းတော့ပေ။
ထိုအချိန်တွင် လူသုံးယောက်ကတော့ တောဝက်အသေးလေးကို ရိုက်ရန် ကြိုးစားနေကြဆဲပင်။ တောဝက်လေးကလည်း ဟိုပြေးဒီပြေးနှင့် လွတ်အောင်ရုန်းနေရင်း ရုတ်တရက် ကျန်းမန်မန်ရှိရာဆီသို့ ပြန်ပြေးဝင်လာပြန်၏။
သူမက ကျိုးယဲ့ကို ပိုးထားဆဲပင်!
အကယ်၍ တောဝက်လေးကသာ သူမကို တိုက်မိခဲ့လျှင်...
သူမ ဘာမှမစဉ်းစားနေတော့ဘဲ ခြေထောက်ကို မြှောက်ကာ ပြေးဝင်လာသည့် တောဝက်လေး၏ ခေါင်းကို တည့်တည့်ကြီး ကန်လိုက်တော့သည်။
ဘုန်းခနဲ အသံနှင့်အတူ တောဝက်လေးသည် ငါးမီတာ၊ ခြောက်မီတာခန့်အထိ လွင့်စင်သွားပြီး သစ်ပင်တစ်ပင်နှင့် ဆောင့်မိသွားခဲ့၏။
၎င်းမှာ ထိုနေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
အနောက်မှ အပြေးလိုက်လာသည့် ကောမာဇီနှင့် အခြားသူများသည် အံ့အားသင့်လွန်းသဖြင့် ကျောက်ရုပ်များကဲ့သို့ တောင့်ခဲသွားကြလေသည်။
ကောမာဇီက တောဝက်လေးဆီသို့ သွားရောက် စစ်ဆေးကြည့်ပြီး မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။
"သေပြီ... တကယ် သေသွားပြီ!"
ထို့နောက် သူသည် ကျန်းမန်မန်၏ဘက်သို့ လှည့်ကာ လက်မထောင်ပြလိုက်ရင်း ချီးကျူးတော့သည်။
"ရဲဘော်ကျန်း... ကန်ချက်ကတော့ ရှယ်ပဲဗျာ! တစ်ချက်တည်းနဲ့ ပွဲသိမ်းသွားတာပဲ!"
ကျန်းမန်မန် - ကျေးဇူးပြုပြီး စကားကို ရပ်လိုက်ပါတော့...ရှက်လွန်းလို့ သေတော့မယ်။
ထိုအခါမှ ကောမာဇီသည် ကျိုးယဲ့တစ်ယောက် ကျန်းမန်မန်၏ ကျောပေါ်သို့ ရောက်နေသည်ကို သတိထားမိသွားပြီး အပြေးအလွှား လာကြည့်တော့၏။
"အစ်ကိုယဲ့... ဘာဖြစ်တာလဲ။"
"ငါ့ကျောတော့ သွားပြီထင်တယ်..."
ကျိုးယဲ့က ငိုချင်စိတ်ပေါက်နေသော အသံဖြင့် ညည်းလိုက်၏။ ယခင်က ဘယ်လို အန္တရာယ်များသည့် အလုပ်များပဲ လုပ်ခဲ့လုပ်ခဲ့ ဘာမှမဖြစ်ခဲ့သော်လည်း၊ ဒီရဲဘော်မလေးနှင့် တွေ့တော့မှ သူ၏ကျော ဒဏ်ရာရသွားတော့သည်။
"အာ... ဒါဆိုရင် ကျွန်တော်..."
ကောမာဇီက သေနေသော တောဝက်အသေးလေးနှင့် ဖမ်းထားသော တောဝက်အကြီးကြီးကို တစ်လှည့်စီ ကြည့်လိုက်သည်။
"ကျွန်တော် ကျောပိုးပါ့မယ်" ဟူသော စကားမှာ သူ၏ လည်ချောင်းဝတွင် တစ်ဆို့သွားသည့်အတွက် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။
"ဒါဆို ရဲဘော်ကျန်းကပဲ... အစ်ကိုယဲ့ကို ကူတွဲပေးလိုက်ပါဦး။ ဒီဝက်နှစ်ကောင်ကိုတော့ ကျွန်တော်တို့ပဲ စီစဉ်လိုက်ပါ့မယ်။"
ကျန်းမန်မန် မျက်လုံးပြူးသွား၏။
'ဒါက ကူတွဲပေးနေတဲ့ ပုံစံလား။ ငါက သူ့ကို ကျောပိုးထားရတာလေ။'
သို့သော် သူမ စမ်းကြည့်လိုက်သည့်အခါ သူမ၏ ခွန်အားမှာ အတော်လေး တောင့်တင်းလှကြောင်း သိလိုက်ရသည်။ သူမတွင် တကယ်ကို သူ့ကို ကျောပိုးနိုင်စွမ်း ရှိနေသည်။
ဘုရားရေ... ဒီလူက ၁.၈၅ မီတာလောက် အရပ်ရှည်တာ၊ ပေါင် ၂၀၀ မရှိရင်တောင် အနည်းဆုံး ၁၆၀ လောက်တော့ ရှိမှာပဲ။
ထို့နောက် သူမသည် ပေါင် ၁၀၀ ကျော်ရှိသည့် တောဝက်ကို တစ်ချက်တည်းနှင့် ကန်သတ်လိုက်နိုင်သည်ကို ပြန်တွေးမိသွား၏။
"မင်း... မင်း ငါ့ကို တကယ်ကြီး ကျောပိုးနိုင်တာလား။"
ကျိုးယဲ့လည်း တကယ်ကို စိတ်လှုပ်ရှားသွားပုံရပြီး ပြောလိုက်သည်။ "ငါ တကယ် အံ့ဩမိတယ်၊ မင်းကိုတော့ လေးစားသွားပြီ။"
"ရဲရင့်တဲ့ သူရဲကောင်းမလေး... ကျွန်တော့်ကို ဆေးခန်းအထိ ကျောပိုးသွားပေးနိုင်မလား။"
"ရှင့်ကျောက ဒဏ်ရာက.. အမြဲတမ်းကြီး မလှုပ်နိုင်အောင် ဖြစ်သွားရလောက်တဲ့အထိတော့ မဆိုးဘူးမလား။ ကျွန်မ ဆေးခန်းမှာ အချိန်အတော်ကြာ အလုပ်လုပ်ဖူးတယ်။ ကျွန်မ ကြည့်ပေးရမလား။"
မူရင်းခန္ဓာကိုယ်ပိုင်ရှင်သည် ယခင်က ယောက္ခမလောင်းကို မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် ဆေးခန်းတွင် အလုပ်ဝင်လုပ်ဖူးသည်။ ထိုစဉ်က တရုတ်တိုင်းရင်းဆေး ဆရာကြီးတစ်ဦးက သူမ၏ ကြိုးစားမှုကို သဘောကျသဖြင့် အကြောပြင် နှိပ်နယ်နည်းအချို့ကို သင်ပေးခဲ့ဖူး၏။
ယခု ကျန်းမန်မန်သည် ထိုမှတ်ဉာဏ်များကို ပေါင်းစပ်လိုက်သည့်အခါ ထိုနည်းစနစ်များက အတော်လေး ကောင်းမွန်ကြောင်း သိလိုက်ရ၏။
သို့သော် သူမ အံ့ဩသွားမိသည်မှာ ကျိုးယဲ့က ထိတ်လန့်တကြားနှင့် ငြင်းလိုက်ခြင်းပင်။
"မင်း ကြည့်ပေးမှာလား။ ဟင့်အင်း၊ ဟင့်အင်း လုံးဝ မကြည့်ရဘူး။"