← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အပိုင်း ၂၇

ကျန်းမန်မန်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

"ရှင်က ဘာတွေ ပြောနေတာလဲ။ မရဘူးတဲ့လား။ ကျွန်မရဲ့ လက်စွမ်းက ဘယ်လောက် ကောင်းတယ်ဆိုတာ ရှင် လုံးဝ သိမှာ မဟုတ်သေးဘူး။ ကဲပါ... ဒီတောင်ပေါ်မှာ တခြားလူလည်း မရှိဘူး။ အသာလေး လှဲလိုက်၊ ကျွန်မ ပြပေးမယ်။"

ကျိုးယဲ့မှာ သူမ၏ အတင်းအကြပ် တွန်းချမှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားရပြီး ဆွံ့အသွားတော့သည်။

"မင်းမှာ ဆေးကုသခွင့် လိုင်စင်ရောရှိရဲ့လား။"

ကျန်းမန်မန် သူ့ကို နောက်ထပ် မျက်စောင်းတစ်ချက်ပစ်လိုက်သည်။ အရင်တစ်ခေါက် ဝက်မကြီးကို ဆေးကုခဲ့ကတည်းက သူမမှာ လိုင်စင်မရှိဘူးလို့ ပြောထားပြီးသား မဟုတ်လား။

"မရှိဘူးလေ။ ဒါပေမဲ့ ခုနကပဲ ရှင့်အသက်က ကျွန်မပိုင်တာဆိုပြီး ပြောခဲ့တယ်မဟုတ်လား။ ရှင့်အသက်က ကျွန်မပိုင်တာပဲဆိုတော့ စကားအပိုတွေ ပြောမနေနဲ့တော့။"

ကျိုးယဲ့တစ်ယောက် လက်လျှော့လိုက်ရတော့သည်။ "ရဲဘော်ကျန်း... မင်း ဒါတွေကို တကယ်ပဲ လေ့လာခဲ့တာ ဟုတ်ပါတယ်နော်။"

ကျန်းမန်မန်၏ အမူအရာမှာ တည်ကြည်သွားပြီးနောက် သူမသည် သူ၏ ကျောတစ်လျှောက် လက်ဖြင့် စမ်းသပ်ကာ ကျောရိုးဆစ်များကို ညင်သာစွာ စမ်းကြည့်နေသည်။

"လေ့လာခဲ့တာပေါ့၊ စာမေးပွဲပဲ မဖြေခဲ့တာ။ နောက်မှ ပြန်ဖြေပြီး... တိရစ္ဆာန်ဆေးကု လိုင်စင်လား ဘာလား တစ်ခုခုတော့ ယူရမှာပဲ။"

ကျိုးယဲ့ သက်ပြင်းချမိသည်။ အသက်ရှင်ရသည်မှာ တကယ်ကို ခက်ခဲ၏။

ထိုစဉ် ရုတ်တရက် သူ၏ခန္ဓာကိုယ် တုန်တက်သွား၏။ ကျောမှနေ၍ ဦးခေါင်းထိပ်အထိ လျှပ်စစ်စီးသွားသလိုမျိုး ခံစားလိုက်ရပြီးနောက် တစ်ကိုယ်လုံး ထုံကျင်သွားသည်။

ဤသည်မှာ သူမ၏ လက်ချောင်းများပင်။

ထိုလက်များက သူ၏ ဒဏ်ရာရနေသော ကျောကို ပြုပြင်ပေးနေခြင်း ဖြစ်သည်။ သူမသည် အကြိမ်အနည်းငယ်မျှသာ ဖိနှိပ်လိုက်သော်လည်း သူ ခံစားနေရသော နာကျင်မှုမှာ ချက်ချင်းပင် တစ်ဝက်မက လျော့ပါးသွားခဲ့၏။

"ဟေး၊ ပြောရဦးမယ်... မင်းရဲ့ လက်စွမ်းက တကယ်ကို မဆိုးဘူးပဲ။ ကျောက အရင်လောက် မနာတော့ဘူး။"

"ရှင် ထိခိုက်မိထားတာ မဟုတ်လား။ ရှင့်ရဲ့ ကျောရိုးတွေက သိသိသာသာကို လွဲနေတာ။ ဒဏ်ရာက သက်သာနေတာ ကြာပြီလို့ထင်ရပေမဲ့ လုံးဝ ပုံမှန်ပြန်မဖြစ်သေးဘူး။ ဒီမှာကြည့် - ဒီအရိုးက သိသိသာသာကြီး ငေါထွက်နေတာ။ အခု ကျွန်မ ပြန်တည့်ပေးလိုက်ရင် ရှင် အများကြီး သက်သာသွားလိမ့်မယ်။ ဒါပြီးရင်တော့ ရှင် သေသေချာချာ အနားယူရမယ်။ အလေးအပင် မတာမျိုး လုံးဝ မလုပ်နဲ့ဦး။ ကျွန်မရဲ့ ပညာတွေက ဒီလိုနေရာမှာ အသုံးဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဖူးဘူး။"

ယခင်ဘဝတွင်လည်း ကျန်းမန်မန်၌ အသိပညာအချို့ ရှိခဲ့သလို၊ ယခုခန္ဓာကိုယ်ပိုင်ရှင်သည်လည်း ရွာဆေးခန်းက ဆရာဝန်ထံမှ အသိပညာအချို့ ရရှိထားခဲ့သည်။

ထို့ကြောင့် ကျောဒဏ်ရာကို ကုသပေးရန်မှာ သူမအတွက် ပြဿနာ မဟုတ်ပေ။

"မင်းလည်း မြို့တော်ကပဲလို့ ကြားတယ်။"

ကျိုးယဲ့သည် မှောက်လျက်သား ဖြစ်နေသော်လည်း ကျန်းမန်မန်၏ လက်နှိပ်ကွက်ကြောင့် အရင်နှင့်မတူဘဲ အလွန်ပင် နေလို့ကောင်းလာခဲ့သည်။

"ဟုတ်တယ်လေ၊ ရှင်ရောပဲလား။"

"အင်း..."

"အားးးးး!"

ကျိုးယဲ့၏ ခန္ဓာကိုယ်မှာ လေးတစ်စင်းကဲ့သို့ ကွေးတက်သွားခဲ့သည်။

စကားပြောနေစဉ်မှာပင် ကျန်းမန်မန်က အခွင့်ကောင်းယူကာ သူ၏ လွဲနေသော ကျောရိုးကို အားနှင့် ဆတ်ခနဲ ပြန်တည့်ပေးလိုက်ခြင်း ဖြစ်သည်။

ထိုရုတ်တရက် လှုပ်ရှားမှုကြောင့် သူ နာကျင်လွန်းသဖြင့် အော်ဟစ်မိသွား၏။

"မပူပါနဲ့၊ ကျောရိုးကို ပြန်တည့်ပေးလိုက်တာပါ။ နောက်ထပ် အလွဲအချော် မဖြစ်အောင်နေရင် ရှင် အဆင်ပြေသွားမှာပါ။"

ကျိုးယဲ့လည်း အသက်လုနေရသူတစ်ဦးကဲ့သို့ အတင်း ရုန်းထကာ မတ်တတ် ရပ်လိုက်တော့သည်။

ဟင်။

သူ ကျောကို အနည်းငယ် လှုပ်ရှားကြည့်လိုက်ရာ တကယ်ကို မနာတော့ပေ။

သူ အံ့ဩသွားပြီး ကျန်းမန်မန်ကို လှည့်ကြည့်လိုက်ကာ အဝတ်အစားပေါ်မှ မြက်ပင်များကို ခါထုတ်လိုက်၏။

"မင်း တကယ်ပဲ ဒီလိုတွေတတ်တယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး!"

ကျန်းမန်မန် ပြုံးလိုက်ပြီး ပခုံးတွန့်ပြကာ၊ လက်နှစ်ဖက်ကို အနောက်ပစ်လျက် ကျွမ်းကျင်သော ဆရာကြီးတစ်ဦးကဲ့သို့ အမူအရာ လုပ်လိုက်လေတော့သည်။

"ဒါကို ဝှက်ဖဲလို့ ခေါ်တယ်။ တခြားလူတွေကို လျှောက်မပြောနဲ့ဦး။ ကျွန်မမှာ ဆေးကုသခွင့် လိုင်စင်လည်း မရှိဘူး၊ တွေ့တဲ့လူတိုင်းကိုလည်း ဒီတိုင်း လိုက်မကုပေးချင်ဘူး။"

"မင်း ဒီလောက် တော်နေတာပဲကို... ဘာလို့ လိုင်စင် မယူထားတာလဲ။"

သို့သော် ကျန်းမန်မန်သည် မူရင်းခန္ဓာကိုယ်ပိုင်ရှင် မဟုတ်ပေ။ မူရင်းပိုင်ရှင်က ဒီလမ်းစဉ်ကို လျှောက်ဖို့ စိတ်မကူးခဲ့သလို၊ ယခု ကျန်းမန်မန် ရောက်လာပြီး သူမ၏ "အချစ်ရူး" ရောဂါ ပျောက်သွားသည့်အချိန်တွင်တော့...

"ကျွန်မ ပြောပြီးပြီပဲလေ။ ရှုပ်ရှုပ်ရှက်ရှက်တွေ မလုပ်ချင်လို့ပါ။ အခု ရှင်ကတော့ ကံကောင်းလို့ သက်သာသွားတာ၊ တကယ်လို့ မသက်သာဘဲ တစ်ခုခု ဖြစ်သွားရင် ရှင်လည်း ကျွန်မကို တစ်သက်လုံး အပြစ်တင်နေမှာ မဟုတ်ဘူးလား။"

ကျိုးယဲ့က သူမကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်ပြန်သည်။ "ကျွန်တော့် အသက်ကို မင်းကို ပေးပြီးသားပါလို့ ပြောခဲ့ပြီးပြီပဲ။"

ကျန်းမန်မန် - (-_-)!!!

အဲ့ဒါ နောက်ပြောင်တဲ့အနေနဲ့ ပြောခဲ့တာ မဟုတ်ဘူးလား။ သူက တကယ်ကြီး ပြောနေတာလား။

သူမက မျက်စောင်းထိုးလိုက်စဉ်မှာပင် သူက မေးလိုက်၏။

"ဒါနဲ့ မင်း တောင်ပေါ်ကို ဘာလာလုပ်တာလဲ။"

ကျန်းမန်မန် သက်ပြင်းချပြီး ပြောလိုက်သည်။ "အသားပေါင်းဟင်းချက်ဖို့အတွက် ဟင်းခတ်အမွှေးအကြိုင်တွေ လာရှာတာပါ။ နာနတ်ပွင့်၊ ကရဝေးရွက်၊ သစ်ကြမ်းပိုးခေါက်နဲ့ ငရုတ်ကောင်းစေ့တွေလေ။ တောင်ပေါ်မှာ ရှိမလားလို့ ရှာကြည့်တာ အတော်ကြာနေပြီ၊ ဘာမှ ရှာမတွေ့ဘူး။ ရှာရင်းရှာရင်းနဲ့ သတိမထားမိဘဲ အဝေးကိုရောက်သွားတာ။ ပြန်တော့မယ်လို့ ပြင်နေတုန်းမှာ တောဝက်နဲ့ တိုးတာပဲ။ ဒါနဲ့ ရှင်ကရော ဘာလာလုပ်တာလဲ။"

"မင်းကို လာရှာတာလေ!"

"ပညာတတ်လူငယ် ထန်က မင်း နေ့လယ်စာစားချိန်အထိ ပြန်မလာသေးဘူးလို့ ပြောလို့၊ တောင်ပေါ်မှာ တစ်ခုခု ဖြစ်နေမလားလို့ စိုးရိမ်ပြီး လာခဲ့တာ။ အခု မင်းက ငါတို့ ဝက်ခြံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဆိုတော့ မင်း တစ်ခုခုဖြစ်ရင် ငါ့မှာလည်း တာဝန်ရှိတယ်လေ။"

"ရှင်က တာဝန်သိတတ်တဲ့ လူစားမျိုးပဲနော်။ ဘာပဲဖြစ်ဖြစ် ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။"

ကျိုးယဲ့က လက်ကာပြရင်း ဆိုလိုက်သည်။ "ကျွန်တော့်အသက်ကို ယူတာကလွဲရင် ကျန်တာ အကုန်အဆင်ပြေပါတယ်။"

ကျန်းမန်မန် တခစ်ခစ် ရယ်မောလိုက်တော့သည်။

သူတို့နှစ်ယောက် တောင်အောက်ကို ဆင်းလာကြစဉ်မှာပဲ လမ်းတစ်ဝက်၌ ပြန်တက်လာသည့် ကောမာဇီနှင့် ဆုံခဲ့ကြသည်။

ကောမာဇီက ကျိုးယဲ့အတွက် စိတ်ပူနေခဲ့၏။ ကျန်းမန်မန်သည် မိန်းကလေးတစ်ယောက် ဖြစ်နေသည့်အတွက် ကျိုးယဲ့ကို ကျောပိုးလာရင်း လမ်းတွင် ပြုတ်ကျသွားမလားဟု စိုးရိမ်နေခဲ့ခြင်းပင်။ ဒါကြောင့် ဝက်တွေကို ထားခဲ့ပြီး တောင်ပေါ်ကို အမြန် ပြန်တက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် သူ အံ့ဩသွားရသည်မှာ... ကျိုးယဲ့၏ကျောက ပြန်ကောင်းနေခြင်းပင်။

သူ၏ မျက်လုံးများက ကျိုးယဲ့နှင့် ကျန်းမန်မန်ကြားတွင် လှည့်ပတ်နေပြီး "ဟုတ်ပါပြီလေ" ဆိုသည့် ပုံစံဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေတော့သည်။

ကျိုးယဲ့လည်း မျက်စောင်းထိုးပြီး မေးလိုက်၏။ "ဘယ်လိုအကြည့်နဲ့ ကြည့်နေတာလဲ။"

ကောမာဇီက ပြုံးစိစိလုပ်ရင်း လက်ကာပြလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ဘူး။ တောင်အောက်ဆင်းတဲ့လမ်းမှာ ကျွန်တော် အဖွဲ့ခေါင်းဆောင်နဲ့ တည့်တည့်တိုးခဲ့တယ်။ ကျွန်တော်တို့ တောဝက်အကြီးကြီးတစ်ကောင် ဖမ်းလာနိုင်တာကို မြင်တော့ သူ တော်တော်လေး ပျော်သွားတာ။ ဝက်ကလေး တစ်ကောင်ကိုလည်း သတ်နိုင်ခဲ့တယ်ဆိုတာ သိသွားတော့ သူ ပြုံးလို့ကို မဆုံးတော့ဘူး။"

"အဲ့ဒီဝက်ကလေးက ရဲဘော်ကျန်း ကန်လိုက်လို့ သေသွားတာဆိုတော့ ကျွန်တော်တို့ အသားစားရတော့မယ်! အာ... တကယ်လို့ ဝက်အကြီးကြီးက သေပြီး ဝက်ကလေးက အရှင်ဆိုရင် ပိုကောင်းမှာ။ ဒါဆိုရင် ဝက်ကလေးကို မွေးလို့ရတာပေါ့။ ဟိုဝက်အကြီးကြီးက ပေါင် ၃၀၀ ကျော်လောက်ရှိတာဆိုတော့ အသားတွေ အများကြီး ထွက်မှာ။"

ကျိုးယဲ့က ရယ်မောရင်း ခေါင်းခါလိုက်သည်။ "စကားတွေကို အပိုပြောမနေနဲ့တော့... တောင်အောက်ဆင်းရအောင်!"

သူတို့၏စကားဝိုင်းမှ ကျန်းမန်မန် တစ်ခု သတိထားမိသွားသည်။ "ဒါဆို ဝက်ကလေးရဲ့ အသားတွေကို အဖွဲ့ဝင်တွေကြား ခွဲဝေပေးမှာလား။ ဝက်အတွင်းကလီစာတွေကျတော့ရော။ အဲ့ဒီဝက်ကလေးကို ကျွန်မ ကန်သတ်လိုက်တာဆိုတော့ ဝက်ကလီစာတွေကို ကျွန်မ ယူလို့ရမလား။"

သူမ ရှာနေသည့် ဟင်းခတ်အမွှေးအကြိုင်များက်ို မတွေ့သေးသဖြင့် အသားကို ပေါ်ပေါ်ထင်ထင် စားချင်သည်ဆိုလျှင် ဝက်အသည်းနှင့် ဝက်နှလုံးလောက်နှင့်သာ အာသာပြေအောင် လုပ်ရပေတော့မည်။

ဝက်အူများအတွက်ကတော့ - သူမ ကျိန်ဆိုရဲသည်၊ အနည်းငယ်သာ စားမည်။ အကယ်၍ တစ်ဖဲ့ထက် ပိုစားမိပါက ကျန်းမိသားစုတစ်ခုလုံး ပျက်စီးပါစေ။

"ရဲဘော်ကျန်း အဲ့ဒါတွေက နံစော်နေတာပဲ၊ ဘာလို့ ယူချင်ရတာလဲ။"

"အဲ့ဒါလည်း အသားပဲလေ! သေသေချာချာ ဆေးကြောမယ်ဆိုရင် အသားလိုပဲ အရသာရှိတယ်။"

ဒါကို ကြားတော့ ကောမာဇီက အနားတိုးလာပြီး ပြောလိုက်၏။ "ပြီးခဲ့တဲ့တစ်ခေါက်က ရဲဘော်လုပ်ခဲ့တဲ့ ပေါက်စီတွေက တကယ်ကောင်းတယ်။ နောက်ထပ် ဘယ်တော့လောက် ထပ်လုပ်ဦးမလဲ။ ကျွန်တော် ပိုက်ဆံပေးပြီး ဝယ်မယ်လေ! ပြီးတော့ ဝက်ကလီစာတွေအတွက် မပူနဲ့။ ကျွန်တော် အဲ့ဒါကို သေချာပေါက် ရအောင် စီစဉ်ပေးပါ့မယ်။"

ကျန်းမန်မန်သည်လည်း တစ်ရက်နှစ်ရက်အတွင်း ပေါက်စီ ထပ်လုပ်ရန် စဉ်းစားထားပြီးသား ဖြစ်သည်။

"နောက်နှစ်ရက်လောက် စောင့်ဦးလေ။"

ကောမာဇီက သွားဖြဲပြရင်း ပြောလိုက်သည်။ "ကောင်းတာပေါ့... အများကြီးလုပ်ပြီး ကျွန်တော့်အတွက်လည်း နည်းနည်းချန်ထားပေးဦးနော်။ ကျွန်တော် အိမ်ကိုယူသွားပြီး အမေ့ကို ကျွေးမလို့၊ ရဲဘော်လုပ်သလိုမျိုး ဖြစ်အောင် အမေ့ကို သင်ခိုင်းမလို့လေ။"

"မဖြစ်နိုင်တာ!"

ကျိုးယဲ့က ရုတ်တရက် ကြားဖြတ်ဝင်ပြောလိုက်သဖြင့် ကျန်းမန်မန်နှင့် ကောမာဇီတို့ နှစ်ယောက်လုံး သူ့ကို ကြည့်လိုက်ကြသည်။

ကျိုးယဲ့က သူတို့ကို တစ်ချက်ကြည့်ပြီး ကျန်းမန်မန်ကို ပြောလိုက်၏။ "မင်း အဲ့ဒီပေါက်စီတွေထဲမှာ ဝက်ဆီတွေ အများကြီး သုံးထားတယ် မဟုတ်လား။"

"ဒါပေါ့... ဆီမပါဘဲ ဘယ်လိုလုပ် ပေါက်စီက ကောင်းမှာလဲ။"

ကျိုးယဲ့က ကောမာဇီကို ကြည့်ပြီး ပြောလိုက်သည်။ "ဟင်းထဲမှာ ဆီသုံးစက်ထက် ပိုပါရင်တောင် မင်းအမေက နှမြောနေတာ... အခုလို ဆီတွေအများကြီး သုံးဖို့ဆိုရင် သူမ ဘယ်လိုမှ သဘောတူမှာ မဟုတ်ဘူး။"

ကောမာဇီ ခေါင်းကုတ်လိုက်သည်။ ပြန်စဉ်းစားကြည့်တော့လည်း ဒါက အမှန်ပင်။

"ဒါရိုက်တာကျိုး... အခု ခင်ဗျားရဲ့ ဝက်ခြံမှာ ဝက်တစ်ကောင် တိုးလာပြီဆိုတော့ ကျွန်တော်တို့အဖွဲ့က ဒီနှစ်ရှေ့ဆောင်အဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုခံရဖို့ သေချာသလောက် ရှိသွားပြီနော်။"

ကျိုးယဲ့က ပြုံးပြီး အဖွဲ့ခေါင်းဆောင်ကို နှုတ်ဆက်လိုက်သည်။ "ဟုတ်ပါတယ် ခေါင်းဆောင်။ ဒါတွေအားလုံးက ရဲဘော်ကျန်းရဲ့ ကျေးဇူးတွေပေါ့။ ဒီတစ်ခေါက်တော့ သူမကို အလုပ်ရမှတ်တွေ အပိုဆုအနေနဲ့ ပေးသင့်တယ်။"

ကျန်းမန်မန်ကတော့ အလုပ်ရမှတ်များကို ဆုအနေနှင့် ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း စဉ်းစားကြည့်လျှင် ဒါက ဖြစ်သင့်သည်။ မည်သို့ပင်ဆိုစေ၊ သူမသည် ဝက်ခြံအတွက် ဝက်တစ်ကောင် တိုးလာအောင် ကူညီပေးခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ဆုလာဘ်တစ်ခု ရရှိခြင်းမှာ ကျိုးကြောင်းဆီလျော်လှသည်။

ဤဝက်ခြံသည် မူလက စက်ရုံတစ်ခု ဖြစ်ခဲ့ဖူးသည်။ စက်ရုံပြောင်းရွှေ့သွားပြီးနောက် အဖွဲ့အစည်းက ဤနေရာကို ဝက်မွေးမြူရေးခြံအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်၏။

နေရာက အတော်ပင် ကျယ်ဝန်းလှသဖြင့် နောက်ထပ် ဝက်အကောင်ရေ တစ်ဒါဇင်လောက် ထပ်မွေးလျှင်ပင် ပြဿနာရှိမည်မဟုတ်ပေ။

အဖွဲ့ခေါင်းဆောင်လည်း ပြုံးရွှင်လျက် ခေါင်းကို တညိတ်ညိတ် လုပ်နေပြီး ကျန်းမန်မန်ကို ကြည့်ကာ ပြောလိုက်သည်။

"ရဲဘော်ကျန်း... မင်းက တကယ်ကို တော်ပါပေတယ်။ ငါ ဒီနေ့ ဒီကို ရောက်လာတာကလည်း မင်းတို့အားလုံးကို ရဲဘော်စွင်းနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ပြောပြဖို့ ရှိနေလို့ပဲ..."

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

အပိုင်း ၂၈

"ဒီတစ်ခါတော့ ရဲဘော်စွင်း တကယ်ကို ဒုက္ခရောက်ပြီ။ သူက အလုပ်စခန်းကို အပို့ခံရမှာတင် မဟုတ်ဘူး၊ ထောင်ပါ ကျတော့မှာ။ သူနဲ့ ပတ်သက်နေတဲ့သူတွေက အနီးအနားရွာအချို့က လေလွင့်နေတဲ့သူတွေပဲ။ အဲ့ဒီထဲက တစ်ယောက်က စုန့်ကျားရွာ ဝက်ခြံကတဲ့။ ဒါက တော်တော်လေး အရေးကြီးတဲ့ ကိစ္စမို့လို့ ငါ သူတို့နဲ့ သေသေချာချာ စကားပြောပြီးပြီ။"

စုန့်ကျားရွာ ဝက်ခြံကဆိုသည့် စကားကြောင့် ကောမာဇီသည် ကျိုးယဲ့ထက်ပင် ပို၍ ဒေါသထွက်သွားတော့သည်။

"သူတို့လူတွေလား။ ဒါက သက်သက်မဲ့ လုပ်တာ မဟုတ်လား။ သူတို့ဝက်ခြံမှာက ကျွန်တော်တို့လောက် ဝက်မရှိတော့ အစ်ကိုယဲ့ကို တမင်သက်သက် နှောင့်ယှက်တာပဲ။

ဒီကောင်တွေ။ အခုချက်ချင်း သွားမေးဦးမယ်!"

"ရပ်စမ်း!"

"ပြန်လာခဲ့!"

ကျိုးယဲ့နှင့် အဖွဲ့ခေါင်းဆောင်တို့၏ လှမ်းအော်တားမှုကြောင့် ကောမာဇီတစ်ယောက် မကျေမနပ်ဖြင့် ပြန်လာခဲ့ရသည်။

ကျန်းမန်မန်ကတော့ ဘေးမှနေ၍ တိတ်တိတ်လေး နားထောင်နေရင်း ဘာတွေဖြစ်ပျက်နေလဲဆိုသည်ကို အကြမ်းဖျင်း ပုံဖော်ကြည့်လိုက်သည်။

အခြားဝက်ခြံမှ တစ်စုံတစ်ယောက်က သူတို့တွင် ဝက်နည်းနေရခြင်းသည် ကျိုးယဲ့ ဒီကို ရောက်လာသောကြောင့်ဟု ထင်နေပုံရသည်။

ဝက်များ ပိုများလာအောင် ဘယ်လိုလုပ်ရမလဲဆိုသည်ကို စဉ်းစားကြည့်ရမည့်အစား သူတို့က ယုတ်ညံ့သော နည်းလမ်းများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အကယ်၍ ကျိုးယဲ့သာ မရှိတော့လျှင် ဤဝက်ခြံသည် သူတို့ထက် ဝက်ပိုများနေလိမ့်မည်မဟုတ်ဟု သူတို့က ယူဆထားကြသည်။

ဒီလိုအတွေးအခေါ်မျိုးကို "ရူးနေသည်" ဟု မခေါ်နိုင်သော်လည်း သူတို့၏ ကျိုးကြောင်းဆင်ခြင်နိုင်မှုကတော့ တောင်ပေါ်လမ်းထက်ပင် ပို၍ ကောက်ကွေးနေလေတော့သည်။

အဖွဲ့ခေါင်းဆောင်က ဆက်ပြောလိုက်သည်။ "ငါ သူတို့ကို သတိပေးပြီးပြီ။ သူတို့ဘက်ကလည်း နောက်နောင် ငါတို့ဝက်ခြံကို ထိခိုက်စေမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကတိပေးထားတယ်။ ဒါကို သတိပေးချက်တစ်ခုအနေနဲ့ပဲ ထားလိုက်ပါ။ နောက်တစ်ခါ ထပ်လုပ်ရဲရင်တော့ သူတို့ ခံရမှာပဲ။ ဘယ်သူကမှ ကိုယ့်အတွက်လည်း အကျိုးမရှိဘဲ သူတစ်ပါးကို ဒုက္ခပေးတဲ့အလုပ်မျိုးလုပ်ပြီး ကိုယ့်ဘဝကိုယ် ဖျက်ဆီးနေမှာ မဟုတ်ဘူး။ ဒါကြောင့် ဆူညံမနေကြနဲ့တော့။"

ကောမာဇီကတော့ အခုထိ မကျေနပ်သေးပေ။ "ဒါဆို ဒီတစ်ခါ ဒီအတိုင်း လွှတ်ပေးလိုက်ရမှာလား။"

ထိုစဉ် ကျန်းမန်မန်က ရုတ်တရက် ကြားဝင်ပြောလိုက်သည်။ "ကျွန်မမှာ အကြံတစ်ခုရှိတယ်။ အဲ့အတိုင်းသာဆိုရင် အခုကိစ္စအတွက် စိတ်ကျေနပ်မှု ရစေရုံတင်မကဘူး၊ နောက်နောင် သူတို့တွေ ကျွန်မတို့ခြံရဲ့ ဖုန်မှုန့်ကိုတောင် လိုက်မီနိုင်မှာမဟုတ်တော့ဘူး။"

ယခုအခါ ကောမာဇီသာမက ကျိုးယဲ့နှင့် အဖွဲ့ခေါင်းဆောင်တို့ပါ သူမကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

သူမတွင် ဘယ်လိုအကြံရှိသလဲဆိုသည်ကို သူတို့အားလုံး သိချင်နေကြသည်။

ကောမာဇီက မျက်လုံးပြူးကာ မေးလိုက်၏။ "ဘာအကြံလဲ။"

ကျန်းမန်မန် ခဏတာ ရပ်တန့်သွားခဲ့သည်။ ခုနက ကျိုးယဲ့တို့ တောဝက်ဖမ်းနေသည်ကို ကြည့်ရင်း သူမ၏ ယခင်ဘဝက မြင်ဖူးခဲ့သည့် ဗီဒီယိုတစ်ခုကို ရုတ်တရက် သတိရသွား၏။

တကယ်လို့သာ ဒါက ထိရောက်ခဲ့လျှင် ဘေးရွာမှ ဝက်ခြံကို အဝေးကြီးတွင် ကျန်ရစ်ခဲ့အောင် လုပ်နိုင်လိမ့်မည်။

ကျိုးယဲ့ကလည်း သူမကို စပ်စုချင်စိတ်ဖြင့် ကြည့်နေ၏။"မင်းရဲ့ အကြံက ဘာလဲ။"

"ကဲ... ပြောပြပါဦး"

ကျန်းမန်မန်က သူတို့ကို အကြာကြီး ရင်ခုန်အောင် မလုပ်ထားခဲ့ပေ။

"တကယ်တော့ ရိုးရိုးလေးပါပဲ။ တောဝက်တွေကို အရှင်ဖမ်းဖို့ ငါးဖမ်းပိုက်တွေကို သုံးမှာပါ။"

ကောမာဇီက စိတ်မရှည်သလို ခေါင်းကုတ်ရင်း ပြောလိုက်သည်။

"ဒါပဲလား။"

"အင်း... ဒါပဲဆိုပေမဲ့ နည်းနည်းတော့ ထူးခြားတယ်။ အဓိကက တောဝက်တွေ လုံးဝ ရုန်းမထွက်နိုင်အောင် ငါးဖမ်းပိုက်နဲ့ ထောင်ချောက်ဆင်မှာ။"

အားလုံးက စိတ်ဝင်တစား နားထောင်နေကြသည်။ ငါးဖမ်းပိုက်တစ်ခုက တောဝက်များကို ဘယ်လိုများ မလှုပ်နိုင်အောင် ဖမ်းထားနိုင်မည်လဲ။

"ကျွန်မ တောဝက်တွေ စားလိုက်တာနဲ့ မူးဝေသွားစေမယ့် ဆေးတစ်မျိုးကို စပ်ပေးလို့ရတယ်။ ခုနက တောနက်ပိုင်းထဲရောက်ခဲ့တုန်းက အဲ့ဒီအတွက် လိုအပ်တဲ့ ဆေးပင်အချို့ကို မြင်ခဲ့တယ်။ အဲ့ဒါတွေကို ခူးပြီး ပြောင်းဖူးစေ့တွေနဲ့ ရောစပ်လိုက်မယ်။ ပြီးရင် ပိုက်ကွန်ရဲ့ အလယ်တည့်တည့်မှာ အစာအဖြစ် ဖြန့်ခင်းထားလိုက်မှာ။

ကျွန်မတို့က အစာရဲ့ ပတ်ပတ်လည်မှာ ပိုက်ကွန်ကို အသင့်ပြင်ထားမယ်။ တောဝက်တွေက အထဲဝင်လာပြီး ပြောင်းဖူးတွေကို စားမိတာနဲ့ အားအင်တွေ ချည့်နဲ့လာလိမ့်မယ်။"

"သူတို့ ပြန်ထွက်ပြေးဖို့ ကြိုးစားတဲ့အချိန်မှာ အားကုန်နေပြီဖြစ်လို့ ပိုက်ကွန်ထဲကနေ လုံးဝ ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး။ ဒီနည်းနဲ့ဆိုရင် ကျွန်မတို့ အပင်ပန်းမခံရဘဲ တောဝက်တွေကို တစ်ခါတည်းနဲ့ အများကြီး ဖမ်းလို့ရမယ်လေ။"

ဒါကို ကြားတော့ အဖွဲ့ခေါင်းဆောင်၏ မျက်လုံးများက တောက်ပသွားသည်။

"တကယ်လို့သာ ဒါက အလုပ်ဖြစ်မယ်ဆိုရင်တော့ အစီအစဉ်ကောင်းပဲ။ ဒါပေမဲ့ မင်းပြောတဲ့ ဆေးက တောဝက်တွေကို ထိခိုက်စေမလား။ သူတို့ သေသွားအောင်အထိတော့ အဆိပ်မတိုက်ချင်ဘူးနော်။"

"စိတ်မပူပါနဲ့ အဖွဲ့ခေါင်းဆောင်ရယ်၊ လုံးဝ မသေပါဘူး။ ဒီဆေးက သူတို့ကို ခဏတဖြုတ်လောက် မူးဝေသွားအောင်ပဲ လုပ်နိုင်မှာပါ၊ အသက်အန္တရာယ် မရှ်ိပါဘူး။"

သူမက အာမခံချက်ပေးလိုက်တော့ အဖွဲ့ခေါင်းဆောင်နှင့် ကျိုးယဲ့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကောမာဇီက လက်ခုပ်တီးပြီး ပြောလိုက်၏။ "ဒါဆို အခုပဲ လုပ်လိုက်ကြတာပေါ့! အဲ့ဒီဆေးပင်က ဘယ်လိုပုံစံလဲ။ ကျွန်တော် သွားခူးလိုက်မယ်လေ။"

ကျန်းမန်မန်က ခေါင်းခါပြလိုက်သည်။ "ကျွန်မကိုယ်တိုင် သွားခူးမှရမယ်။ ရှင့်ကို မယုံလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလိုဆေးပင်မျိုးကို တခြားသူတွေ မသိစေချင်လို့ပါ။ အဲ့ဒီဆေးပင်က အကွက်လိုက်လေးပဲ စုပြီးရှိနေတာဆိုတော့ လူမှားလက်ထဲ ရောက်သွားရင် မကောင်းဘူး။ တကယ်လို့ စိတ်သဘောထားမကောင်းတဲ့သူ လက်ထဲ ရောက်သွားရင် အန္တရာယ်ရှိနိုင်တယ်လေ။"

ကျိုးယဲ့က သူမကို ကြည့်ပြီး ပြောလိုက်၏။ "ဒါဆို မင်းနဲ့အတူ တောထဲကို ကျွန်တော် လိုက်ခဲ့မယ်။ ကျွန်တော့်ကိုတော့ ယုံတယ်မလား။"

ကောမာဇီက ထပ်ပြီး လက်ခုပ်တီးပြန်သည်။ "ဒါဆိုရင် ကျွန်တော်က ငါးဖမ်းပိုက်တွေ သွားပြင်ထားလိုက်မယ်။"

ကျန်းမန်မန် ခေါင်းညိတ်ပြလိုက်၏။ "ကောင်းပြီ။ ပိုက်ကွန် အပိုလေးတွေပါ ပြင်ထားဦးနော်၊ တစ်ခုတည်းနဲ့ မနိုင်မှာ စိုးလို့။ လိုရမယ်ရ များများရှ်ိထားတာ ပိုကောင်းတယ်။"

ကောမာဇီကတော့ သူ့ပိုက်ကွန်များအပေါ် ယုံကြည်ချက်အပြည့်ရှိနေသည်။ "မဖြစ်နိုင်တာ... ကျွန်တော့်ပိုက်ကွန်တွေက အရမ်းခိုင်တာဗျ။ ပေါင် ၃၀၀ ကျော် တောဝက်ကြီးတောင် မဖောက်နိုင်ခဲ့ဘူးပဲလေ။"

ကျန်းမန်မန်က သူ့စကားကြောင့် ရယ်မောလိုက်သည်။

ကျိုးယဲ့က သူမကို ကြည့်ပြီး မေးလိုက်၏။ "ဒါဆို အခုပဲ ဆေးပင်သွားခူးကြမလား၊ ဒါမှမဟုတ် မနက်ဖြန်မှ သွားမလား။ အခုက မွန်းလွဲပိုင်းပဲ ရှိသေးတယ်ဆိုတော့လေ။"

"အခုပဲ သွားကြတာပေါ့! အခု အကုန်ပြင်ထားမှ မနက်ဖြန်ကျရင် ထောင်ချောက်တွေကို စဆင်လို့ရမှာ။"

ဒါကို ကြားတော့ ကျိုးယဲ့က ချက်ချင်း ခေါင်းညိတ်လိုက်သည်။"ကောင်းပြီ၊ ဒါဆို အခုပဲ မင်းနဲ့အတူ လိုက်ခဲ့မယ်။"

အဖွဲ့ခေါင်းဆောင်က ချက်ချင်းပင် တည်တည်ကြည်ကြည်နှင့် ကတိပေးလိုက်သည်။ "မင်းတို့အားလုံး စိတ်ချပါ။ ဒါက တစ်ဖွဲ့လုံးနဲ့ဆိုင်တဲ့ ကိစ္စပဲ - ငါ တစ်ခွန်းလေးမှ အပြင်ဘက်ကို ပေါက်ကြားစေမှာ မဟုတ်ဘူး။"

သူတို့လေးယောက် အစီအစဉ်ကို အတည်ပြုပြီးနောက် ကျိုးယဲ့သည် ကျန်းမန်မန်နှင့်အတူ တောင်ပေါ်သို့ လိုက်ပါသွားခဲ့သည်။

"မင်း တကယ်ပဲ တောဝက်တွေကို အားနည်းသွားစေမယ့် အပင်မျိုးကို တောင်ပေါ်မှာ မြင်ခဲ့တာလား။"

ကျန်းမန်မန်က သူ့ဘက်လှည့်ပြီး ပြန်ဖြေလိုက်၏။ "ဒါပေါ့... ကျွန်မက ဘာလို့ လိမ်ရမှာလဲ။"

ဒါကို ကြားရတော့ ကျိုးယဲ့သည် ပညာတတ်လူငယ်လေး ကျန်းမန်မန်အပေါ် ပို၍ပင် အထင်ကြီးသွားတော့သည်။

သူတို့နှစ်ယောက် တောအနက်ပိုင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးဝင်သွားကြ၏။ "မင်း စောစောက တကယ်ပဲ ဒီလမ်းအတိုင်း လျှောက်လာခဲ့တာလား။ တော်တော် သတ္တိရှိတာပဲ။"

ကျန်းမန်မန်က ရယ်မောလိုက်၏။ "ကျွန်မ ပြောပြီးသားပဲလေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ ရှာရင်းနဲ့ သတိမထားမိဘဲ ရောက်သွားတာပါဆို။"

သူတို့ ဆေးပင်များကို ရှာဖွေတွေ့ရှိပြီးနောက် ဝက်ခြံသို့ ပြန်ရောက်လာသည့်အခါ လူအတော်များများ စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

ဝမ်ကျားရှင်းနှင့် လျိုကျန်းယဲ့တို့သာမက ချန်သော်ယွိပင် ရောက်နေ၏။ "အစ်ကိုယဲ့... ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။ ပိုက်ကွန်တွေနဲ့ ငါးဖမ်းထွက်မလို့လား။ ဘာလို့ ရုတ်တရက်ကြီး ငါးဖမ်းချင်စိတ် ပေါက်သွားရတာလဲ။"

ချန်သော်ယွိက လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ သူသည် ပြီးခဲ့သည့်တစ်ခေါက် ဝက်မကြီး နေမကောင်းဖြစ်ခဲ့စဉ်က အဓိက သံသယရှိသူ ဖြစ်ခဲ့သည် မဟုတ်ပေလား။

ဤတစ်ကြိမ်တွင်တော့ ကျိုးယဲ့ အမှန်အတိုင်း မပြောခဲ့ပေ။ "ငါးစားချင်လာလို့ပါ။ မာဇီကို ပိုက်ကွန်တွေ ပြင်ခိုင်းထားတာ၊ မနက်ဖြန်ကျရင် ငါးသွားဖမ်းမလို့။"

"ဟုတ်ပါပြီ။ ဪ... ခင်ဗျားတို့ ဒီနေ့ တောဝက်တစ်ကောင် ထပ်ဖမ်းမိတယ်ဆို၊ အကောင်ကြီးပဲနော်!"

"ဟုတ်တယ်၊ ကျွန်တော်တို့-"

ကောမာဇီ၏ စကားမဆုံးခင်မှာပင် ကျိုးယဲ့က ကြားဖြတ်ပြောလိုက်သည်။

"ငါ ဝက်အသေးလေးတစ်ကောင်ကို ကန်သတ်လိုက်မိလို့ အခု အသားခွဲဝေပေးတော့မှာ။"

"အာ... နှမြောစရာပဲ။ ရွာမှာက အိမ်ထောင်စုတွေ အများကြီးဆိုတော့ အသားခွဲလိုက်ရင် တစ်အိမ်ကို တစ်ပေါင်တောင်ပြည့်မှာ မဟုတ်ဘူး။"

ကျိုးယဲ့က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။ "အင်းလေ။ ပိုက်ကွန်တွေကိုတော့ ဒီမှာပဲ ထားခဲ့လိုက်ပါ၊ မနက်ဖြန်မှ ငါးသွားဖမ်းကြတာပေါ့။ ကဲ... သွားကြစို့၊ ဝက်သား သွားယူရအောင်။"

ဝက်သားခွဲဝေသည့်အချိန် ရောက်သောအခါ ကောမာဇီ တစ်ခုခု မပြောမိသေးခင်မှာပင် ကျိုးယဲ့က အရင်ဦးအောင် ပြောလိုက်သည်။

"ဝက်ကလီစာတွေကိုတော့ ရဲဘော်ကျန်းကို ပေးလိုက်ပါ။"

တောဝက်သား ခွဲဝေပေးမှုတွင် ကျိုးယဲ့ကသာ အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်ကလည်း မတွန့်ဆုတ်နေဘဲ ကလီစာအားလုံးကို ကျန်းမန်မန်ထံ ပေးလိုက်၏။

သို့သော် ရွာသားတစ်ယောက်ကတော့ မကျေမနပ်နှင့် လှမ်းအော်ပြောလိုက်သည်။

"နေဦးလေ အဖွဲ့ခေါင်းဆောင်၊ ကလီစာဆိုတာလည်း အသားပဲလေ။ ဘာလို့ ရဲဘော်ကျန်းတစ်ယောက်တည်းက အကုန်ယူရတာလဲ။"

All Chapters