← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အပိုင်း ၃၃

ဤသတင်းသည် တစ်ရွာလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေရာ စပ်စုတတ်သော ရွာသားတို့သည်လည်း လာရောက်ကြည့်ရှုခဲ့ကြသည်။

ဝက်မွေးမြူရေးခြံအတွင်း၌ ဝက်အများအပြား ရှိနေသည်ကို မြင်တွေ့ရသောအခါ လူတိုင်း၏မျက်နှာပေါ်တွင် အံ့ဩမှင်တက်သော အရိပ်အယောင်တို့ ထင်ဟပ်သွားကြ၏။

"ရဲဘော်ကျန်း၊ ဝက်စာမြက် သွားရိတ်မလို့လား။"

"ရဲဘော်ကျန်း၊ ထမင်းစားပြီးပြီလား။"

"ရဲဘော်ကျန်း၊ ဒီသစ်တော်သီးပင်က အသီးတွေ မှည့်နေပြီ၊ တစ်လုံးလောက် ခူးပေးမယ်လေ။"

ကံကောင်းထောက်မစွာဖြင့် ထိုသို့ပြောဆိုလာသူမှာ အသက်ကြီးပိုင်း အမျိုးသမီးကြီးတစ်ဦး ဖြစ်နေခဲ့သည်။ အကယ်၍ အခြားသူသာ ဖြစ်နေပါက ကျန်းမန်မန်အနေဖြင့် လက်ခံရန် ဝေခွဲမရ ဖြစ်နေမိမည်မှာ အမှန်ပင်။

"ရဲဘော်ကျန်း!"

"ရဲဘော်ကျန်း!"

ကျန်းမန်မန် ရွာထဲသို့ လျှောက်သွားသောအခါတွင်လည်း ရွာသားတို့သည် တွေ့ရာအရပ်၌ နွေးထွေးစွာ နှုတ်ဆက်ကြလေသည်။

"ရဲဘော်ကျန်းက တော်တော် စွမ်းဆောင်နိုင်တယ်နော်။ ထုတ်လုပ်ရေးအဖွဲ့အတွက် တောဝက်အများကြီး ဖမ်းဆီးပေးနိုင်ခဲ့တာပဲ။"

လမ်းလျှောက်လာရင်းဖြင့် ကျန်းမန်မန်၏ အပြုံးတို့သည် တောင့်တင်းလာခဲ့တော့သည်။ ဤရွာသားတို့သည် အလွန် အားတက်သရော ရှိလွန်း၏။

သူမနှင့် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ လူတိုင်းက သူမကို ပြုံးပြနှုတ်ဆက်ကြသောကြောင့် ကျန်းမန်မန်တွင်လည်း ပြန်ပြုံးပြရုံမှလွဲ၍ အခြားမရှိတော့ပေ။

အတင်းအကျပ် ပြုံးနေရလွန်းသဖြင့် သူမ၏ ပါးကြွက်သားတို့ပင် နာကျင်လာရပေသည်။

စတုတ္ထအဒေါ်လျိုသည်လည်း အလုပ်တာဝန် နှစ်ဆတိုးသွားသည့်တိုင် သူမကို မြင်သောအခါ ဝမ်းသာအားရ ပြုံးပြရှာသည်။ ယခင်က ဝက် ၇ ကောင်အတွက် ဝက်စာလုပ်ရသော်လည်း ယခုမူ ၂၇ ကောင်အထိ တိုးလာပြီ ဖြစ်သည်။ သို့သော်လည်း ခွဲတမ်းချချိန်တွင်တော့ အသားပိုရရှိကြမည်ဖြစ်သည့်အတွက် အားလုံးပျော်ရွှင်နေကြသည်။

ထို့ကြောင့် ကျန်းမန်မန်ကို မြင်တွေ့ရခြင်းမှာ သူမအတွက် မိသားစုဝင်တစ်ဦးကို တွေ့ရသကဲ့သို့ ခံစားမိနေ၏။

"ရဲဘော်ကျန်း၊ ဒီနေ့ ငါးဝေကြမှာဆိုတော့ မင်းအတွက် အကြီးဆုံးတစ်ကောင်ကို ချန်ထားပေးမယ်။"

ဤသည်မှာ အတော်ပင် အခန့်သင့်သွားခဲ့လေသည်။ ကျန်းမန်မန်သည် ယနေ့တွင် ငါးအစပ်ချက် ချက်စားရန် ကြံရွယ်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူမက ဝမ်းမြောက်စွာဖြင့် လက်ခံလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် အဒေါ်။"

ဝက်စာများ ပြုလုပ်နေရင်း စတုတ္ထအဒေါ်လျို ပြန်ပြောလိုက်သည်။

"ကျေးဇူးတင်မနေပါနဲ့။ မင်းက ငါတို့အဖွဲ့အတွက် တောဝက်တွေအများကြီး ဖမ်းပေးခဲ့တာပဲ။ ငါတို့ကသာ မင်းကို ကျေးဇူးတင်ရမှာ။... ဒီနှစ်တော့ ငါတို့တစ်ရွာလုံး ဝဝလင်လင် စားရတော့မှာပဲ။"

"အဒေါ်ကလည်း အဲ့လို မပြောပါနဲ့။ ကျွန်မက အကြံဉာဏ်ပေးခဲ့ရုံပါပဲ။ တကယ့်လက်တွေ့ ဆောင်ရွက်ခဲ့ကြတာက ဒါရိုက်တာကျိုးနှင့် အခြားသူတွေလေ။"

စတုတ္ထအဒေါ်လျိုက တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "မင်းသာ အကြံမပေးခဲ့ရင် သူတို့ ဒီလောက်အများကြီး ဖမ်းမိနိုင်ပါ့မလား။ ဒါက မင်းရဲ့ ဉာဏ်ရည်ကြောင့်ပဲ။ မင်းတို့လို ပညာတတ်လူငယ်တွေက တကယ် ထက်မြက်ကြတာပဲ။"

ထိုသို့သော ချီးကျူးစကားများအပေါ် ကျန်းမန်မန် မည်သို့ တုံ့ပြန်ရမည်မှန်း မသိတော့ပေ။ အမှန်စင်စစ် သူမ၏ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အထက်တန်းပင် မအောင်မြင်ခဲ့သူ ဖြစ်သည်။ နောက်နှစ်နှစ်ခန့်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်စတင်တော့မည် ဖြစ်သည့်အတွက် သူမအနေဖြင့် ဗဟုသုတကြွယ်ဝသော ပညာတတ်လူငယ်ပုံရိပ်ကို ထိန်းသိမ်းနိုင်ရန် နည်းလမ်းရှာဖွေရဦးမည်။

သို့သော် ထိုကိစ္စများက ခေတ္တဘေးဖယ်ထား၍ ရနိုင်သည်။ ယခုလောလောဆယ်တွင်တော့ ဝက်စာမြက်များ အမြန်ရိတ်သိမ်းပြီး ငါးအစပ်ချက် ချက်ရန်သာ အာရုံစိုက်ရပေမည်။

"ရဲဘော်ကျန်း၊ တောဝက်တွေကို ပိုက်ကွန်နဲ့ဖမ်းမဲ့ အကြံကို ဘယ်လိုများ ရခဲ့တာလဲ။"

ဘေးနားမှ ချန်သော်ယွိ၏ မေးခွန်းကို ကြားသောအခါ ကျန်းမန်မန် ခေတ္တရပ်တန့်သွား၏။ ဤအကြောင်းကို သူမ ရှင်းပြခဲ့ပြီးသား မဟုတ်လား။ သူက ဘာကြောင့် ထပ်မံ၍ မေးမြန်းနေပြန်သည်လဲ။

"စာအုပ်ထဲမှာ ဖတ်ဖူးတာပါလို့ ပြောပြီးပြီလေ။ အခုက ဘာဖြစ်လို့လဲ။"

"ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်း သိချင်ရုံသက်သက်ပါ။ အဲဒီပြောင်းဖူးတွေထဲမှာ ဘာတွေရောလိုက်လို့ တောဝက်တွေက စားပြီးတာနဲ့ အင်အားချည့်နဲ့သွားရတာလဲဟင်။"

ကျန်းမန်မန် သူ့ကို စိုက်ကြည့်လိုက်သည်။ ဒါက သူမ ဖြေနိုင်သည့် မေးခွန်းမျိုး မဟုတ်ပါ။

"ဪ... ဆေးဖက်ဝင်အပင်တစ်မျိုး ထည့်လိုက်တာပါ။ ဒါကလည်း စာအုပ်ထဲမှာ ဖတ်ဖူးတာပဲလေ။ ကံမကောင်းတာက အဲဒီအပင်က အတော်လေး ရှားတယ်။ ရဲဘော်ကျိုးနဲ့ ကျွန်မ ဒီနားတစ်ဝိုက်မှာ ရှိသမျှ အကုန်လုံးခူးပြီးသွားပြီ။ တခြားနေရာမှာတော့ မတွေ့သေးဘူး။"

သူမက ထိုသို့ပြောလိုက်သောအခါ ချန်သော်ယွိက ထပ်မံ၍ အတင်းအကျပ် မေးမြန်းပြန်၏။ "အဲဒီအပင်ရဲ့ နာမည်ကိုရော သိလား။"

ကျန်းမန်မန်က ခေါင်းခါပြလိုက်၏။ "မသိဘူးလေ။"

ယခုမူ စတုတ္ထအဒေါ်လျိုပင်လျှင် စိတ်မရှည်နိုင်တော့ပေ။"ဟဲ့... ချန်ကောင်လေး၊ မင်းက ဘာလို့ ဒီလောက်တောင် မေးခွန်းတွေ များနေရတာလဲ။"

ချန်သော်ယွိက ပြုံးလျက် ဆိုလိုက်၏။ "ဘာမှမဟုတ်ပါဘူး။ သိချင်ရုံသက်သက်ပါ။"

သူ၏အပြုံးကို မြင်ပြီးနောက် ကျန်းမန်မန်က တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်ကာ ရုတ်တရက် ပြောလိုက်လေသည်။ "အာ... ခုမှ သတိရတယ်။ အဲဒီအပင်ရဲ့ သိပ္ပံနာမည်က...အနက်ရောင် ကဇော့ခါးသီးတဲ့။"

ချန်သော်ယွိ မျက်မှောင်ကြုတ်သွား၏။ အနက်ရောင် ကဇော့ခါးသီးတဲ့လား။

သူ တစ်ခါမှ မကြားဖူးသော အမည်ပင်။

စတုတ္ထအဒေါ်လျိုကလည်း ကြားဖြတ်၍ ဝင်ပြောလိုက်သည်။ "အဲဒါက ဘာကြီးလဲ။"

ကျန်းမန်မန်က ပြုံးရုံသာပြုံးပြီး ခေါင်းခါပြလိုက်လေ၏။

အမှန်တွင်တော့ "အနက်ရောင် ကဇော့ခါးသီး" သို့မဟုတ် "ဗောက်လောက်ညို" ဆိုသည်မှာ အလွန်ပင် ပေါများသော အပင်ဖြစ်သည်။ ကျေးလက်ဒေသနေရာ အနှံ့အပြားတွင် ဒေသအခေါ်အဝေါ် အမျိုးမျိုးဖြင့် တွေ့နိုင်လေသည်။

သေချာပေါက် ၎င်းကတော့ တောဝက်များကို မူးဝေစေရန်အတွက် သူမ အသုံးပြုခဲ့သော ဆေးပင်အစစ်အမှန် မဟုတ်နေခဲ့ပေ။

သူမသည် ချန်သော်ယွိကို နောက်ပြောင်ကျီစယ်နေခြင်းသာ ဖြစ်ပေသည်။ "ဒါဆို... ကျွန်တော် တောင်ပေါ်တက်ပြီး ဝက်စာမြက် သွားရိတ်လိုက်ပါဦးမယ်။"

ချန်သော်ယွိ ထွက်သွားသည်ကို ကျန်းမန်မန် ကြည့်နေပြီးနောက်၊ ကျိုးယဲ့၏ ဝါးခြင်းတောင်းနှင့် ဓားကိုယူကာ သူမကိုယ်တိုင်လည်း တောင်ပေါ်သို့ တက်လာခဲ့လိုက်လေသည်။

သူမသည် ဝက်စာမြက်အချို့ကို ခုတ်ထွင်ကာ ခြင်းတောင်းထဲသို့ ထည့်လိုက်၏။

တစ်ခါတစ်ရံ မြွေ၊ ပိုးကောင်၊ ကြွက် သို့မဟုတ် ပုရွက်ဆိတ်များနှင့် တိုးမိသောအခါ သူမ၏ လွတ်လပ်ရေးဖိနပ်ဖြင့် ခပ်ပြင်းပြင်း ကန်ထုတ်လိုက်သေးသည်။

သူမ၏ ခြေဖဝါးနားတွင် မြွေတစ်ကောင် တွားသွားနေသည်ကို မြင်ရသောအခါ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားခဲ့ရသည်။

သို့သော်လည်း ကံကောင်းသည်မှာ သူမတွင် ကျိုးယဲ့ပေးထားသော မြွေနိုင်ဆေးမှုန့် ရှိနေခြင်းပင်။ သူမထံမှ ဆေးနံ့က ပြင်းထန်လွန်းနေ၍လားမသိသော်လည်း မြွေတစ်ကောင်မှ သူမ၏ အနားသို့ မကပ်ရဲခဲ့ကြပေ။

မွန်းတည့်ချိန်မတိုင်မီမှာပင် သူမသည် ဝက်စာမြက် ပိဿာ ၂၀ ခန့် ရရှိခဲ့ပြီး အချိန်များစွာလည်း ကျန်ရှိနေသေးသည်။

သူမသည် တောဝက်ဖမ်းရန် ပိုက်ကွန်များ ထောင်ထားခဲ့သော နေရာသို့ လမ်းလျှောက်လာခဲ့ရာ၊ ထိုနေရာတစ်ဝိုက်တွင် ချန်သော်ယွိ တစ်ယောက် ဟိုဟိုဒီဒီလျှောက်သွားနေသည်ကို လှမ်းမြင်လိုက်ရလေ၏။

သူသည် ပိုက်ကွန်တစ်ဝိုက်ကို ပတ်ချာလည်ကြည့်နေရင်း ဝမ်ကျားရှင်းအား ထိုပိုက်ကွန်ကို မည်သို့စီစဉ်ရမည် ဆိုသည်ကို အသေးစိတ် မေးမြန်းနေလေသည်။

ကျန်းမန်မန်လည်း သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်နေရင်း သူတို့ပြောသမျှ စကားတို့ကို ခိုးနားထောင်နေမိ၏။ ချန်သော်ယွိ မေးမြန်းနေသည်မှာ အလွန်ပင် စေ့စပ်သေချာလှရာ ပြောင်းဖူးထဲတွင် ဘာဆေးရောထားသလဲ ဆိုသည်မှအပ ကျန်ရှိသမျှ အကြောင်းအရာအားလုံးကို စုံလင်စွာ မေးမြန်းနေခဲ့ခြင်းပင်။

သူမသည် ဝက်စာမြက်များ ပြည့်နှက်နေသော ခြင်းတောင်းကို ထမ်းပိုးလျက် တောင်အောက်သို့ ပြန်ဆင်းရန် ပြင်လိုက်စဉ် လမ်းခုလတ်၌ တောင်ပေါ်သို့ တက်လာသော ကျိုးယဲ့နှင့် ဆုံလိုက်၏။ သူသည် ခြင်းတောင်းအသစ်တစ်လုံးကို ထမ်းလာပြီး ကျန်းမန်မန်ကို မြင်သောအခါ မျက်ခုံးတစ်ချက် ပင့်ပြလိုက်လေသည်။

"ဝက်စာမြက် ရိတ်ပြီးပြီလား။"

ကျန်းမန်မန်က ပြောလိုက်၏။"မပြီးသေးပါဘူး။ ဪ... ဒါနဲ့ ကျွန်မမှာ အကြံကောင်းတစ်ခု ရှိသေးတယ်။ နားထောင်ကြည့်မလား။"

ကျိုးယဲ့သည် သူမ၏ ပြည့်လျှံနေသော ခြင်းတောင်းကို ကြည့်ကာ သူမသည် မနက်ခင်းအတွက် အလုပ်ပြီးပြီဖြစ်ကြောင်း သိသွားသော်လည်း ဘာမှမပြောဘဲ နေလိုက်လေသည်။ သို့သော် သူမတွင် ပြောစရာရှိသည်ဟု ဆိုသောကြောင့် သူသည် ချက်ချင်းပင် မတ်မတ်ရပ်ကာ အာရုံစိုက်လိုက်လေသည်။

"ပြောကြည့်လေ။"

သူတို့သည် တောင်အောက်သို့ ချက်ချင်း ပြန်မဆင်းခဲ့ကြသေးပေ။ တောင်ပေါ်၌ပင် ဆက်ရှိနေခဲ့ကြပြီး ဝက်စာမြက်များကို အတူတကွ ရိတ်ရင်း စကားစမြည် ပြောဆိုနေခဲ့ကြလေသည်။

"ကျန်တဲ့ ဆေးမြစ်တွေ အားလုံးက ရှင်နဲ့အတူ ရှိနေတာနော်။ သေချာ သိမ်းထားဖို့ မမေ့နဲ့ဦး။ အကုန်လုံးတော့ သုံးမပစ်လိုက်နဲ့၊ အဲဒီလို ဆေးပင်မျိုးက ရှာရခက်တယ်။"

ကျန်းမန်မန်က သတိပေးရင်း သူမ၏ ခြင်းတောင်းထဲမှ ဝက်စာမြက်များကို ကျိုးယဲ့၏ ခြင်းတောင်းအသစ်ထဲသို့ ပြောင်းထည့်ပေးလိုက်လေသည်။

ကျိုးယဲ့သည်လည်း ဝက်စာမြက် အစည်းကြီးတစ်စည်းကို ခုတ်ထွင်ကာ တောင်းထဲသို့ ထည့်လိုက်ရင်း အနီးအနားရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ ဝေ့ဝဲကြည့်လိုက်လေသည်။ သူ၏ နှုတ်ခမ်းအစုံတွင်လည်း အေးစက်သော အပြုံးတစ်ခု ပေါ်လွင်လာခဲ့၏။

"စိတ်မပူပါနဲ့၊ ကျွန်တော် ပြန်ရောက်တာနဲ့ အဲဒါတွေကို ပိုပြီး ဘေးကင်းတဲ့နေရာကို ရွှေ့ထားလိုက်ပါ့မယ်။"

ကျန်းမန်မန်သည် သူ၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်မိသည်။

သူတို့နှစ်ဦးသည် တောင်အောက်သို့ အတူတူ ပြန်ဆင်းလာခဲ့ကြပြီး ဝက်စာမြက်များကို ဝက်ခြံထဲသို့ လောင်းထည့်လိုက်ကြသည်။ ဝက်ခြံအတွင်း၌မူ ယခင်က ပင်ပန်းနွမ်းနယ်ကာ လဲကျနေခဲ့ကြသော တောဝက်တို့သည် ယခုအခါ၌ အင်အားများ ပြန်ပြည့်ဖြိုးလာပြီး ဝက်ခြံ၏ခြံစည်းရိုးကို တိုးဝှေ့တိုက်ခိုက်နေကြလေသည်။ ကျန်းမန်မန်သည် ခြံစည်းရိုး အပြင်ဘက်တွင် ရပ်နေရင်း အနည်းငယ် စိုးရိမ်စိတ် ဝင်လာခဲ့၏။

"ခြံစည်းရိုး နံရံတွေကို မြှင့်လိုက်ရမလား။ ဒီတောဝက်တွေ ခုန်ထွက်သွားမှာ စိုးရတယ်။"

ကျိုးယဲ့က ခေါင်းခါပြလိုက်၏။ "မလိုပါဘူး။ သူတို့အားလုံးရဲ့ ခြေထောက်တစ်ဖက်စီကို ချိုးထားပြီးသားမို့လို့ ဘယ်ကောင်မှ သောင်းကျန်းနိုင်မှာ မဟုတ်ဘူး။ ပိသာ ၂၀၀ လောက်ရှိတဲ့ အကောင်ကြီးတွေကိုတော့ ရှေ့ခြေရော နောက်ခြေပါ ချိုးထားလိုက်တယ်။ သူတို့ ဘယ်ကို ပြေးနိုင်ဦးမှာလဲ။ ပိဿာ ၆၀ ကျော်လောက်ပဲ ရှိတဲ့ အကောင်အငယ်လေးတွေကလည်း ခြေထောက်တစ်ဖက် ကျိုးနေရင် သိပ်ပြီး ခုန်နိုင်မှာ မဟုတ်ပါဘူး။"

ကျန်းမန်မန် စိတ်ထဲမှ အံ့ဩချီးကျူးမိသွား၏။ ထိုအချိန်မှာပင် ချန်သော်ယွိသည် သူ၏ ဝက်စာမြက်တောင်းကို ထမ်းလျက် ဝက်ခြံအတွင်းသို့ ဝင်လာသည်ကို သူမ မြင်တွေ့လိုက်ရသည်။

"ဒါရိုက်တာကျိုး၊ ရဲဘော်ကျန်း၊ ပြန်လာကြပြီလား။ ကျွန်တော် ခုနက တောဝက်ဖမ်းတဲ့ နေရာကို သွားကြည့်ခဲ့သေးတယ်။ ရဲဘော်ကျန်းရဲ့ နည်းလမ်းကတော့ တကယ်ကို ပြောင်မြောက်လှပါတယ်။"

ကျန်းမန်မန်ကတော့ ပြုံး၍သာ နေလိုက်လေ၏။ "ကျွန်မကို မြှောက်ပင့်မနေပါနဲ့။ ဒါက ကျွန်မကိုယ်တိုင် တီထွင်ခဲ့တာ မဟုတ်ပါဘူး၊ စာအုပ်ထဲမှာ ဖတ်ဖူးတာကို ပြန်အသုံးချရုံသက်သက်ပါပဲ။"

သူမသည် ထိုသို့ပြောဆိုပြီးနောက် ကျိုးယဲ့ကို ခေါင်းညိတ်ပြကာ အိမ်သို့ပြန်ရန် ပြင်ဆင်လေတော့သည်။

သို့သော်လည်း ကျိုးယဲ့က သူမကို လှမ်း၍ ခေါ်လိုက်၏။ "ခဏစောင့်ဦး၊ အတူတူ ပြန်ကြတာပေါ့။"

သူသည် ထိုသို့ပြောကာ အနီးနားရှိ အခန်းတစ်ခန်းထဲသို့ အပြေးအလွှား ဝင်သွားခဲ့သည်။ ကျန်းမန်မန်ကတော့ ထိုအတောအတွင်း စတုတ္ထအဒေါ်လျိိုနှင့် စကားစမြည် ပြောဆိုနေခဲ့၏။

ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိနေသည်ကို အခွင့်ကောင်းယူကာ ချန်သော်ယွိသည် ကျိုးယဲ့နောက်သို့ တိတ်တဆိတ် ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့လေသည်။

ကျိုးယဲ့သည် အခန်းအပြင်ဘက်ရှိ ချန်သော်ယွိ၏ အရိပ်ကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီးနောက် သူ၏ အိတ်ကပ်ထဲမှ ဆေးမြစ်ထုပ်ကို ထုတ်ယူကာ နေရာသစ်တစ်ခုတွင် လုံခြုံစွာ ဝှက်ထားလိုက်လေတော့သည်။

ထိုသို့ ဆောင်ရွက်ပြီးမှသာ သူသည် အပြင်ဘက်သို့ ထွက်လာပြီး ကျန်းမန်မန်ကို လှမ်းခေါ်လိုက်သည်။ "ရဲဘော်ကျန်း၊ အတူတူ ပြန်ကြရအောင်!"

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

အပိုင်း ၃၄

"ကောင်းပြီလေ!"

ကျန်းမန်မန်က ရှက်သွေးဖြာဟန်မဆောင်နေဘဲ ချက်ချင်းပင် သဘောတူလိုက်ပြီး သူနှင့်အတူ ပြန်လျှောက်လာခဲ့သည်။

နောက်မှကျန်ခဲ့သော စတုတ္ထအဒေါ်လျိုက သူတို့နှစ်ဦးကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် ချန်သော်ယွိကို ပြောလိုက်၏။

"ဒီ ပညာတတ်လူငယ်ကျန်းနဲ့ ဒါရိုက်တာကျိုးကတော့ တကယ့်ကို ဖူးစာဖက်တွေပဲ။ အို... တစ်နေ့မှာ သူတို့နှစ်ယောက်သာ ပေါင်းဖက်သွားကြရင် ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်လေမလဲ။"

ချန်သော်ယွိက စတုတ္ထအဒေါ်လျိုကို တစ်ချက်ကြည့်ကာ ပြုံးပြလိုက်သည်။

"အဒေါ်... အိမ်ပြန်ပြီး နားလိုက်ပါတော့လား။ ဒီအလုပ်တွေကို ကျွန်တော်ပဲ ကူလုပ်ပေးလိုက်ပါ့မယ်။"

ထိုစကားကိုကြားသော် အဒေါ်လျိုတစ်ယောက် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

"ဒီနေ့ မင်း ဘာစိတ်ကူးပေါက်နေတာလဲ။ အရင်ကဆို တစ်ခါမှ ကူညီမယ်လို့ မပြောဖူးပါဘူး။ အေးလေ... ဒီလိုဆိုရင်လည်း ငါ အားနာမနေတော့ဘူးနော်။"

သူမသည် ခါးစည်းကို ချွတ်၍ နံရံတွင်တင်ကာ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားလိုက်တော့သည်။

ဤလူငယ်လေးထံမှ ယခုကဲ့သို့ စေတနာအပြည့်ဖြင့် ကူညီပေးရန် ကမ်းလှမ်းလာသည်မှာ အတော်ပင် ရှားပါးလှသည့်ဖြစ်ရပ် မဟုတ်ပါလား။

ကျန်းမန်မန်နှင့် ကျိုးယဲ့တို့သည် သိပ်မဝေးသောနေရာသို့ ရောက်သောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကျိုးယဲ့သည် ချက်ချင်းနောက်ပြန်လှည့်မည့်ပုံစံ မပေါ်နေသည်ကိုမြင်သဖြင့် ကျန်းမန်မန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

"သူ့ကို လက်ပူးလက်ကြပ်ဖမ်းမိအောင် အခုချက်ချင်း ပြန်မသွားဘူးလား။"

ကျိုးယဲ့တွင်မူ အခြားအစီအစဉ်တစ်ခု ရှိနေခဲ့သည်။ "မသွားသေးဘူး။ တစ်နေရာမှာ ပုန်းနေပြီး သူ ဒီဆေးတွေကို ဘယ်သူ့လက်ထဲ အပ်မလဲဆိုတာ အရင်ကြည့်ကြရအောင်။"

ထိုစကားကိုကြားသောအခါ ကျန်းမန်မန်ကလည်း ကျိုးကြောင်းဆီလျော်သည်ဟု ယူဆလိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် ချောင်းမြောင်းကြည့်ရှုနိုင်မည့် နေရာတစ်ခုတွင် ပုန်းကွယ်နေလိုက်ကြသည်။

မကြာမီမှာပင် ချန်သော်ယွိ အပြင်သို့ ထွက်လာသည်ကို မြင်လိုက်ရ၏။

သူသည် ရွာဘက်သို့ ဦးတည်မသွားဘဲ ဆန့်ကျင်ဘက်အရပ်ဆီသို့ လျှောက်လှမ်းသွားခဲ့လေသည်။

ကျန်းမန်မန်လည်း သိလိုစိတ်ဖြင့် ရေရွတ်မိပြန်၏။ "သူ အခု ဘာလုပ်မလို့လဲ။ ပစ္စည်းတွေကို တစ်ယောက်ယောက်ဆီ တန်းပြီးသွားပေးမလို့လား။"

သူထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်ရင်း ကျိုးယဲ့က မျက်မှောင်ကြုတ်ကာ ကျန်းမန်မန်ကို လှည့်ကြည့်လိုက်သည်။

"မင်း ဒီမှာပဲ စောင့်နေပါ။ ကျွန်တော် တစ်ယောက်တည်း သူ့နောက်ကို လိုက်သွားမယ်။"

ကျန်းမန်မန် ဆွံ့အသွားရတော့သည်။ "ရှင်က ကျွန်မရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သံသယဝင်နေတာလား။ ကျွန်မ တောဝက်တစ်ကောင်ကို ကန်သတ်ခဲ့ဖူးတာ ရှင် မေ့သွားပြီလား။ ရှင့်ကျောက ဒဏ်ရာကိုပဲ ရှင် ပိုစိုးရိမ်နေသင့်တယ်။"

ကျိုးယဲ့သည် သူမ၏စကားကြောင့် ခေတ္တမျှ ဆွံ့အသွားပြီးနောက် ထူးဆန်းသော မျက်နှာပေးဖြင့် ပြောလိုက်လေသည်။

"အဲဒါက ဟုတ်ပါတယ်... ဒါပေမဲ့လည်း မင်းလိုက်လာဖို့အထိ မလိုပါဘူး။ မင်းက အမျိုးသမီးတစ်ယောက် ဖြစ်နေတော့ ဘေးကင်းမှာ မဟုတ်ဘူး။ ဒီလိုလုပ်ပါလား... မင်းသွားပြီး မာဇီကို အကြောင်းကြားလိုက်လေ။"

ကျန်းမန်မန် စဉ်းစားကြည့်ပြီးနောက် သဘောတူလိုက်၏။ ကောမာဇီ နေထိုင်သည့်အိမ်ကိုလည်း သူမ သိထားသည်။

သူမသည် ကောမာဇီ၏ အိမ်သို့ အပြေးအလွှား သွားရောက်ကာ ခေါ်လိုက်လေသည်။

"ရဲဘော်ကော! အမြန်ထွက်လာပါဦး၊ ကျွန်မ ပြောစရာရှိလို့။"

ကောမာဇီ၏ မိခင်နှင့် ဖခင်အပါအဝင် တစ်မိသားစုလုံးကလည်း လည်ပင်းတဆန့်ဆန့်ဖြင့် ထွက်ကြည့်ကြလေ၏။

ကျန်းမန်မန်က ဖြစ်ပျက်သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ ကောမာဇီလည်း မှင်တက်သွားပြီးနောက် အိမ်ဘက်သို့လှည့်၍ အော်ပြောလိုက်တော့သည်။

"အဖေနဲ့ အမေ... ကျွန်တော် လုပ်စရာကိစ္စရှိပေါ်လာလို့ အပြင်သွားလိုက်ဦးမယ်!"

ကျန်းမန်မန်နှင့် ကောမာဇီတို့ အတော်ကြာအောင် လမ်းလျှောက်လာပြီးနောက် သူက သူမဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ရဲဘော်ကျန်း... မင်း အိမ်ပြန်ပြီး သတင်းစောင့်နေတာ ပိုကောင်းလိမ့်မယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီကိစ္စတွေထဲ ပါဝင်ပတ်သက်ဖို့က သိပ်ပြီးတော့ အဆင်မပြေဘူး။"

ကျန်းမန်မန်လည်း ဇွတ်မတောင်းဆိုတော့ပေ။ သူက အိမ်ပြန်ခိုင်းသဖြင့် သူမလည်း အိမ်သို့သာ ပြန်လာခဲ့လေသည်။

သို့သော် အိမ်ရှေ့တံခါးဝသို့ ရောက်သည့်အခါတွင်မူ ဟိုဟိုဒီဒီ ချောင်းမြောင်းကြည့်ရှုနေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ဦးကို တွေ့လိုက်ရ၏။

"အဒေါ်... ဘာရှာနေတာလဲဟင်။"

ထိုအမျိုးသမီးသည် သူမပြန်လာသည်ကို မြင်သောအခါ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့သည်။

"အို... ရဲဘော်ကျန်းပါလား! အဒေါ်က ရဲဘော်ကျန်းကို လိုက်ရှာနေတာပါ။"

ကျန်းမန်မန်သည် ထိုအမျိုးသမီးကို မမှတ်မိသည့်အပြင် သူမတွင် ဘာကိစ္စရှိနေသည်ကိုလည်း မသိပေ။

"ကျွန်မနဲ့တွေ့ချင်တာ ဘာကိစ္စရှိလို့လဲ အဒေါ်။"

ထိုအမျိုးသမီးက ပြုံးလျက် သူမကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။

"ရှိတာပေါ့... ရှိတာပေါ့။"

ထိုအချိန်တွင် ထန်ရှောင်မင်က လယ်ကွင်းထဲတွင် အလုပ်လုပ်နေဆဲဖြစ်ပြီး အိမ်သို့ ပြန်မရောက်သေးပေ။

ကျန်းမန်မန်လည်း ခြံတံခါးကိုဖွင့်၍ ထိုအမျိုးသမီးကို ခြံထဲသို့ ဖိတ်ခေါ်လိုက်၏။

ခြံထဲသို့ ခြေချလိုက်သည်နှင့် ထိုအမျိုးသမီးက စတင်၍ မြှောက်ပင့်ချီးမွမ်းတော့သည်။

"အို... ဒီခြံဝင်းကို ရဲဘော်ကိုယ်တိုင် ပြင်ဆင်ထားတာလား။ တကယ်ကို ကြည့်လို့ ကောင်းတာပဲနော်။"

ကျန်းမန်မန်က ပြုံးလိုက်ပြီး ခြံဝင်းထဲမှ ခုံပုလေးနှစ်လုံးကို ဆွဲထုတ်လိုက်သည်။ သူမသည် ထိုအမျိုးသမီးကို အိမ်ထဲသို့ ဖိတ်ခေါ်ရန် အစီအစဉ်မရှိသည်မှာ ထင်ရှားလှသည်။

သူမက ခုံတစ်လုံးကို ကမ်းပေးလိုက်ရင်း ဆိုလိုက်၏။

"ထိုင်ပါဦး အဒေါ်။ ဒါက ကျွန်မနဲ့အတူနေတဲ့ ရဲဘော်ထန် ပြင်ဆင်ထားတာပါ။ အဒေါ် ကျွန်မဆီလာတာ ဘာကိစ္စရှိလို့လဲ။"

ထိုအမျိုးသမီးက တဟားဟား ရယ်မောလိုက်ပြီး ပြောလာ၏။ "ဒီလိုပါ... ရဲဘော်ကလည်း အရွယ်ရောက်နေပြီဆိုတော့လေ၊ အဒေါ့်သား ထျယ်ကျူးကလည်း ရဲဘော်နဲ့ အသက်မတိမ်းမယိမ်းပါပဲ။ တကယ်လို့များ လူငယ်အချင်းချင်း စိတ်ဝင်စားကြမလားဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ကြည့်ကြရင် မကောင်းဘူးလားလို့ပါ။"

ကျန်းမန်မန် ဆွံ့အသွားရပြန်သည်။

ထိုအမျိုးသမီးသည် အောင်သွယ်တော်လုပ်ရန် ရောက်လာခြင်းသာ ဖြစ်၏။

အကယ်၍ ကျန်းမန်မန်သာ ထိုအကြောင်းကို ကြိုတင်သိထားခဲ့ပါက ခုံပုလေးကိုပင် ထုတ်ပေးခဲ့မိမည်မဟုတ်ပေ။

"အဲဒီ ထျယ်ကျူးဆိုတာက ဘယ်သူလဲ။ ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး ထင်တယ်။ စိတ်မရှိပါနဲ့ အဒေါ်.. ကျွန်မ စိတ်မဝင်စားလို့ပါ။ အဒေါ် လာရလို့ မောသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။"

ထျယ်ကျူး၏မိခင်သည် ထိုစကားကိုကြားသော် ခေတ္တမှင်တက်သွားသော်လည်း ဘာမှမဖြစ်သကဲ့သို့ လက်ကာပြလိုက်သည်။

"အို... ရပါတယ်။ အခု စိတ်မဝင်စားသေးရင်လည်း ဖြည်းဖြည်းချင်း ရင်းနှီးအောင် လုပ်လို့ရတာပဲ။ အခုခေတ် လူငယ်တွေက ကိုယ့်လက်တွဲဖော်ကို ကိုယ်တိုင်ရွေးချယ်ကြတယ်ဆိုတာ အဒေါ်လည်း သိပါတယ်။ အစီအစဉ်ချပြီး ပေးစားတာမျိုးတွေလည်း မရှိတော့ပါဘူး။ အဒေါ်က အဒေါ့်သား ထျယ်ကျူးက တကယ့်ကို လူကောင်းတစ်ယောက်ဖြစ်ကြောင်း သိစေချင်ရုံပါ။ ရင်းနှီးသွားရင် ရဲဘော် သိလာပါလိမ့်မယ်။"

ကျန်းမန်မန်တွင် ထပ်ပြောစရာ စကားပင် မရှိတော့ပေ။

"အဒေါ်... ကျွန်မ ထမင်းချက်ရဦးမယ်။ အဒေါ်လည်း ပြန်လိုက်ပါတော့နော်။"

ကျန်းမန်မန်၏ သဘောထားမှာ ထျယ်ကျူးကို လုံးဝစိတ်မဝင်စားကြောင်း ထင်ရှားလှသည်။

ထျယ်ကျူး၏ မိခင်လည်း မျက်နှာပျက်သွားတော့၏။ "ရဲဘော်ကျန်း... အဒေါ့်ရဲ့သား ထျယ်ကျူးက ဒီနားတစ်ဝိုက်မှာ အတော်ဆုံးလို့တောင် ပြောလို့ရတယ်။ သူက တစ်နေ့ကို အလုပ်ရမှတ် ရှစ်မှတ်တောင် ရတာလေ။ သူက အရပ်လည်းရှည်သလို ရုပ်လည်းချောပါတယ်။ တကယ်ပဲ ပြန်မစဉ်းစားတော့ဘူးလား။ ဒါမှမဟုတ်...ဒါရိုက်တာကျိုးကိုပဲ သဘောကျနေတာလား။"

ကျန်းမန်မန်၏ ပင်ကိုယ်စရိုက်ကပင် အတော်အတန် ပွင့်လင်းလှသည်ဖြစ်ရာ ထိုအဒေါ်ကြီး၏ တည့်တိုးမေးခွန်းကိုလည်း အလျော့မပေးဘဲ ပြန်ပြောလိုက်လေသည်။

"အဒေါ်... အဲဒါက ဘာစကားလဲဟင်။ ကျွန်မက အဒေါ့်ရဲ့သား ထျယ်ကျူးကို စိတ်မဝင်စားတာနဲ့ပဲ ဒါရိုက်တာကျိုးကို ကြိုက်နေရမှာလား။ ကျွန်မှာ တကယ် သဘောကျမိနိုင်တဲ့သူတွေ အများကြီးရှိနိုင်ပေမဲ့ အခုလောလောဆယ်တော့ အိမ်ထောင်ပြုဖို့ စိတ်မကူးထားသေးပါဘူး။ ကျွန်မတို့ ပညာတတ်လူငယ်တွေ ဒီကိုလာတာက ကျေးလက်ဒေသ တည်ဆောက်ရေးမှာ ကူညီဖို့လာတာပါ၊ အိမ်ထောင်ပြုဖို့ လာတာမဟုတ်ပါဘူး။ အဒေါ် ပြန်လိုက်ပါတော့၊ ကျွန်မ လိုက်မပို့တော့ဘူး။"

ထျယ်ကျူး၏မိခင် အဒေါ်ကျောက်သည် အနေရခက်စွာဖြင့် ထရပ်လိုက်လေသည်။ သူမ ခြံတံခါးဝသို့ ရောက်သည်နှင့် အဒေါ်လျို လာနေသည်ကို မြင်လိုက်ရပြန်သည်။

"...အစ်မလျို၊ အစ်မလည်း ရဲဘော်ကျန်းဆီ လာတာလား။"

အဒေါ်လျိုက ပြုံးလျက် ပြောလိုက်၏။ "ဟုတ်တယ်၊ သူ့ကို ပြောစရာလေးရှိလို့ လာတာ။"

အဒေါ်ကျောက်၏ မျက်လုံးများက တောက်ပသွားကာ ပြောလိုက်လေသည်။

"အာ... ဒါဆိုလည်း ဝင်ပြောလိုက်လေ။ ကျွန်မကတော့ ကျွန်မသား ထျယ်ကျူးနဲ့ ရဲဘော်ကျန်းကို အောင်သွယ်ပေးဖို့ လာတာ။ ကြည့်စမ်းပါဦး... ရဲဘော်ကျန်းက အဆင့်အတန်း အရမ်းမြင့်တာပဲ၊ ငြင်းလိုက်တယ်လေ!"

အဒေါ်လျိုက မျက်စောင်းထိုးလိုက်ပြီး ဆိုလိုက်၏။ "မင်းရဲ့ ထျယ်ကျူးက အရပ်ပုလွန်းလို့ နေမှာပေါ့၊ အဲဒါကြောင့် သူ စိတ်မဝင်စားတာ။ ငါ့သား ဟုန်ဝေ့ကတော့ မတူဘူး၊ သူက ခြောက်ပေနီးပါး တောင် ရှိတာ။ ဒါရိုက်တာကျိုးလောက် အရပ်မရှည်ပေမဲ့ ဒီတစ်ဝိုက်မှာတော့ အရှည်ဆုံးပဲ။ ပြီးတော့ သူက တစ်နေ့ကို အလုပ်ရမှတ် ဆယ်မှတ်တောင် ရတာ!"

အဒေါ်ကျောက်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့၏။ "ကျွန်မသား ထျယ်ကျူးက ဘယ်မှာပုလို့လဲ။ သူလည်း အရပ်ရှည်တာပဲ!"

အဒေါ်လျိုက ယဉ်ကျေးစွာ ပြုံးပြလိုက်ရင်း ဆိုလိုက်ပြန်သည်။"ဟုတ်ပါပြီ... ဟုတ်ပါပြီ။ ငါးပေခွဲကျော်ကျော် ဆိုတာလည်း မပုပါဘူး၊ သူလည်း ရှည်တာပါပဲ! ကဲ... ငါလည်း စကားအရှည်ကြီးမပြောတော့ဘူး၊ ရဲဘော်ကျန်းဆီပဲ ဝင်လိုက်တော့မယ်။"

အဒေါ်ကျောက်က မကျေမနပ်ပုံစံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

ဒါရိုက်တာကျိုးကဲ့သို့ ချောမောခန့်ညားသည့် လူငယ်ရှိနေသည်ကို ဘယ်သူကများ သူမ၏သားကဲ့သို့ မျက်နှာသေသေနှင့်လူကို စိတ်ဝင်စားမည်လဲ။ အကယ်၍ ခြံစည်းရိုးကသာ အကာအရံများနှင့် မဟုတ်ဘဲ နံရံအတိုင်းသာဆိုလျှင် အဒေါ်လျိုတစ်ယောက် ဘယ်လိုအငြင်းခံရမလဲဆိုသည်ကို သူမ ချောင်းနားထောင်မိမှာ အသေအချာပင်။

အလုပ်ရမှတ် ဆယ်မှတ် ဟုတ်လား။ အထူးအဆန်းလုပ်လို့။ ဟွန့်...

မနက်ဖြန်ကျရင် သူမသားကိုလည်း ဆယ်မှတ်ရအောင် လုပ်ခိုင်းဦးမည်။

ကျန်းမန်မန်သည် ယခုမှ အဒေါ်တစ်ယောက်ကို ပြန်လွှတ်လိုက်ရုံရှိသေးသော်လည်း နောက်တစ်ယောက်က ရောက်လာပြန်လေပြီ။ သူမ၏ စကားသံနှင့် လေသံအရ ဘာတွေဖြစ်နေသည်ကို ကျန်းမန်မန် ခန့်မှန်းမိလိုက်၏။

"အဒေါ်လျို... ကျွန်မတို့ အလုပ်တူတူဆင်းခဲ့တုန်းက ကျွန်မ အလုပ်လုပ်တာ မြန်လွန်းလို့ စိတ်ဆိုးနေတာလား။ စိတ်ဆိုးရင်လည်း တည့်တိုးသာပြောပါ၊ ကျွန်မကို အိမ်ထောင်ဖက်အထိ လာမိတ်ဆက်ပေးဖို့ မလိုပါဘူး!"

စကားပြောနေရင်းနှင့် ကျန်းမန်မန်သည် ငါးကို ဗိုက်ဖောက်ကာ သေချာစွာ ဆေးကြောနေ၏။ ထို့နောက် သူမသည် ငါးကို ပါးပါးလှီး၍ အရိုးများကို ဖယ်ရှားလိုက်သည်။

အဒေါ်လျိုသည် ကျန်းမန်မန်၏ သွက်လက်သော လှုပ်ရှားမှုများကို မြင်သောအခါမှ သူမပြောသည်ကို သဘောပေါက်သွားတော့သည်။ သူမက အနေရခက်စွာ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်၏။

"ဘာတွေ ပြောနေတာလဲ။ အဒေါ့်ရဲ့သား ဟုန်ဝေ့က တကယ်ကို ဒီနားတစ်ဝိုက်မှာ အတော်ဆုံး လူငယ်ပါ။"

"အဒေါ်က အပိုကြွားနေတာ မဟုတ်ပါဘူး... ရွာဦးအစကနေ ရွာအဆုံးအထိ ကြည့်လိုက်စမ်းပါ၊ အဒေါ့်သားထက် စိတ်ထားကောင်းပြီး အခြားသူကို ငဲ့ညှာတတ်တဲ့သူမျိုး တစ်ယောက်မှ မရှိပါဘူး။ မင်း သူ့ကိုသာ လက်ထပ်မယ်ဆိုရင် လက်ချောင်းတစ်ချောင်းတာ လှုပ်စရာမလိုဘူးဆိုတာ အဒေါ် အာမခံပါတယ်။"

All Chapters