← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အပိုင်း ၃၅

အဒေါ်လျိုသာ ဘာမှမပြောခဲ့လျှင် တော်သေးသည်၊ ပြောလိုက်သည့် ခဏမှာတော့ ကျန်းမန်မန်တစ်ယောက် ထိုအမျိုးသမီးသည် သူမအပေါ် လာရောက်ကြွားဝါနေသည်ဟု အမှန်တကယ် ခံစားလိုက်ရသည်။

"အဒေါ်၊ ဆက်မပြောပါနဲ့တော့။ ကျွန်မ အဒေါ်ကျောက်ကိုလည်း ပြောပြီးသားပါ၊ အိမ်ထောင်လည်း မပြုချင်ဘူး၊ ရည်းစားလည်း မထားချင်ဘူး။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အာရုံစိုက်ပြီး အလုပ်ရမှတ်တွေ ပိုရအောင် လုပ်မယ်၊ ကွန်မြူနစ်ဝါဒရဲ့ ဆက်ခံသူကောင်းတစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားသွားမှာပါ။"

အဒေါ်လျိုသည် ကျန်းမန်မန်၏ ပွင့်လင်းပြတ်သားလွန်းသည့် စကားကြောင့် ခဏတာမျှ ကြောင်အမ်းအမ်းဖြစ်သွားပြီး တစ်ခုခု ထပ်ပြောရန် ပြင်လိုက်ချိန်မှာပင် ထန်ရှောင်မင် ပြန်ရောက်လာခဲ့သည်။

သူမက အဒေါ်လျိုကို နှုတ်ဆက်လိုက်၏။

ကျန်းမန်မန်က ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ အဒေါ်လျိုဘက် လှည့်၍ ပြောလိုက်လေသည်။

"အဒေါ်၊ ကျွန်မ ပြောတာ ရှင်းပြီလို့ ထင်ပါတယ်။ အခုတော့ ပြန်လိုက်ပါဦး!"

မည်သို့မျှ ရှေ့ဆက်၍မရတော့သည်ကို မြင်သောအခါ အဒေါ်လျိုသည်လည်း သက်ပြင်းချကာ ထွက်သွားရုံမှလွဲ၍ အခြားရွေးစရာ မရှိတော့ပေ။

အဒေါ်လျို ထွက်သွားသည်နှင့် ထန်ရှောင်မင်က သိချင်ဇောဖြင့် အနားတိုးကာ မေးတော့သည်။

"အဒေါ်လျိုက ဘာလာလုပ်တာလဲ။"

ကျန်းမန်မန် ငါးအကြေးခွံခွာသည့် ဓားကို ဘေးချလိုက်ရင်း သက်ပြင်းချလိုက်သည်။

"လူဆိုတာက နာမည်ကြီးမှာ ကြောက်ရတယ်၊ ဝက်ဆိုတာ ဆူဖြိုးလာမှာ ကြောက်ရသလိုမျိုးပေါ့။

ဒါက ငါ အကြံဉာဏ်ပေးပြီး တောဝက်တွေကို ဖမ်းပေးခဲ့လို့ပဲ ဖြစ်မှာ။ အခုတော့ ရွာထဲက အဒေါ်ကြီးတွေ အကုန်လုံးက သူတို့သားတွေနဲ့ ငါ့ကို ပေးစားချင်နေကြတယ်။ ငါ အကုန်လုံးကို ငြင်းလိုက်တယ်၊ အခုလောလောဆယ် အိမ်ထောင်မပြုချင်သေးဘူးလို့ပဲ ပြောလိုက်တာ။ သူတို့ ငါ့ကို လာမနှောင့်ယှက်ကြတော့ဖို့ မျှော်လင့်ရတာပဲ။"

ထန်ရှောင်မင်က သူမဆိုလိုသည်ကို နားလည်သွားပြီး ခေါင်းခါလိုက်သည်။

"မဖြစ်နိုင်တာ! နေဦး၊ နင့်ကို လာနှောင့်ယှက်မဲ့သူတွေ ရှိနေဦးမှာပဲ။ အထူးသဖြင့် မနက်ဖြန် ဂုဏ်ပြုပွဲ အခမ်းအနား လုပ်ပြီးသွားရင်ပေါ့။ ဘေးနားက ရွာတွေကလူတွေကပါ နင့်အကြောင်း ကြားသွားကြပြီဆိုရင်တော့ နင့်ရဲ့ အိမ်တံခါးက ကောင်လေးတွေ လာတွန်းလွန်းလို့ ပွန်းပဲ့ကုန်တော့မှာ။"

သူမက သူတို့ငှားနေသည့်အိမ်၏ တံခါးကို ကြည့်ပြီး စနောက်လိုက်သည်။

"အိုး... မဟုတ်သေးပါဘူး၊ တံခါးခုံကို မြှင့်ဖို့ တစ်ယောက်ယောက်ကို သွားရှာလိုက်ရမလား။ မဟုတ်ရင် ဒီပုံအတိုင်းဆို တစ်ယောက်ယောက်က နင်းခြေပြီး ဖျက်ဆီးသွားဦးမယ်။"

ကျန်းမန်မန် ဆွံ့အသွားပြီး မျက်လုံးလှန်ပြလိုက်သည်။ "နင်က နောက်နေပြန်ပြီ! သူတို့သာ ဆက်ပြီး လာနှောင့်ယှက်နေဦးမယ်ဆိုရင်တော့ 'အောင်သွယ်တော်များ မလာရ' ဆိုတဲ့ ဆိုင်းဘုတ်ကို တံခါးရှေ့မှာ ချိတ်ထားလိုက်တော့မယ်။"

ထိုစကားကြောင့် ထန်ရှောင်မင် အားရပါးရ ရယ်မောလိုက်တော့သည်။

"နင်ကတော့ တကယ့်လူထူးဆန်းပဲ! ဒါပေမဲ့ အမှန်ပြောရရင် ဒါရိုက်တာကျိုးက နင့်အပေါ် တော်တော်ကောင်းတယ်လို့ ငါထင်တယ်၊ နင် တကယ်ပဲ သူ့ကို ထည့်မစဉ်းစားဘူးလား။"

ကျန်းမန်မန် သက်ပြင်းချလိုက်သည်။

သူမသည် ကျေးလက်ကို ရောက်ခါစသာ ရှိသေးသော်လည်း လူတိုင်းက သူမကို အတင်းအိမ်ထောင်ချပေးချင်နေကြပုံရသည်။

"ကြည့်ကြသေးတာပေါ့! ဘာပဲဖြစ်ဖြစ် ဒီနေ့ နေ့လယ်စာကတော့ ငါးအစပ်ချက်ပဲ။"

ထန်ရှောင်မင်တစ်ယောက် ငါးဟင်းအိုးကို ကြည့်ပြီး သွားရည်ကျသွား၏။

"နင်နဲ့ အတူနေဖို့ ဆုံးဖြတ်ခဲ့တာက ငါ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။"

သို့သော် ကျန်းမန်မန်ကတော့ အနည်းငယ်သာ စားပြီးနောက် ရပ်လိုက်ကာ ထန်ရှောင်မင် စားနေသည်ကိုသာ ကြည့်နေခဲ့တော့သည်။

"စားပါ၊ အများကြီးစား။"

သူမ စားနေသည်ကို ကြည့်ရသည်မှာ မိမိကိုယ်တိုင် စားနေရသကဲ့သို့ပင်။

သို့သော် မကြာခဏဆိုသလို ဘေးအိမ်ဝင်းထဲသို့ လှမ်းကြည့်မိနေ၏။ မည်သူမှ ပြန်မလာသေးသည်ကို မြင်ရသောအခါ သူမ စိတ်မအေးနိုင်ဘဲ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေမိတော့သည်။

တစ်ခုခုများ ဖြစ်သွားသည်လား။

ထိုလူ၏ ကျောကုန်းကလည်း ကောင်းသေးသည် မဟုတ်။ အကယ်၍ သူက ရန်သူကို ပြန်မတိုက်နိုင်ဘဲ အသံတိတ် အလုပ်ကြံခံလိုက်ရလျှင်ရော။

သူမ တွေးလေလေ၊ ပိုပြီး ဖြစ်နိုင်ခြေရှိသည်ဟု ထင်လာလေလေဖြစ်ပြီး ပိုလို့တောင် စိုးရိမ်ပူပန်လာမိခဲ့သည်။

ထိုနေ့မွန်းလွဲပိုင်းတွင် ဝက်စာမြက်သွားရိတ်ရင်း ဟိုဟိုဒီဒီ စုံစမ်းမေးမြန်းကြည့်သော်လည်း ကောမာဇီပင် ပြန်မရောက်သေးပေ။

ယခု ကျန်းမန်မန်တစ်ယောက် ပို၍ပင် စိတ်မအေးနိုင်တော့။

သူမသည် သတိမထားမိဘဲ ဝက်စာမြက် ပေါင် ၃၀ လောက် ရိတ်မ်ိသွားခဲ့ရာ ယနေ့အတွက် အလုပ်ရမှတ် ၆ မှတ် ရရှိခဲ့သည်၊ ၎င်းမှာ အတော်လေး ကောင်းမွန်သည့် ပမာဏပင်။

သူမသည် တောင်ကုန်းပေါ်တွင်ရပ်ရင်း ရွာပြင်ဘက်ဆီသို့ လှမ်းမျှော်ကြည့်နေမိသည်။

တစ်ခါက သတင်းစာထဲတွင် ရွာတစ်ရွာလုံးက လူသတ်သမားကို ဝိုင်းဝန်းဖုံးဖိပေးထားကြသည်ဟူ၍ သတင်းတစ်ခု ဖတ်ဖူးခဲ့သည်ကို သူမ မှတ်မိနေ၏။

ကျိုးယဲ့နှင့် အခြားလူများသည် အသတ်ခံလိုက်ရသည်လား။

အိမ်နီးချင်းရွာက သူတို့လူကို ကာကွယ်ရန်အတွက် ကျိုးယဲ့တို့တစ်ဖွဲ့လုံးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်သည်လား။

မဟုတ်လျှင် သူတို့ ဘာလို့ အခုထိ ပြန်မလာသေးသည်လဲ။

မှောင်ရီပျိုးစ အချိန်ထိတောင် မည်သူမျှ ပြန်လာသည့်အရိပ်အယောင် မရှိသေးသဖြင့် ကျန်းမန်မန်တစ်ယောက် အမှန်တကယ် ထိတ်လန့်တုန်လှုပ်နေခဲ့မိလေပြီ။

ချန်သော်ယွိလည်း ပြန်မရောက်သေးပေ။

သူမ ဆက်ပြီး ငြိမ်မနေနိုင်တော့ဘဲ အဖွဲ့ခေါင်းဆောင်၏ အိမ်သို့ တန်းပြေးသွားလိုက်တော့၏။

အဖွဲ့ခေါင်းဆောင်သည် ခြံဝင်းထဲတွင် ထမင်းစားနေပြီး သူမကို မြင်သောအခါ အံ့ဩသွားပုံပင်။

သူမက အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်သောအခါ သူ၏မျက်နှာထားသည်လည်း တည်ကြည်လေးနက်သွားတော့၏။

"စိတ်မပူပါနဲ့၊ ငါ အခုပဲ ရွာထဲကလူတွေကို စုပြီး သွားရှာခိုင်းလိုက်ပါ့မယ်။"

ကျန်းမန်မန်သည် အဖွဲ့ခေါင်းဆောင်နောက်မှ လိုက်ထွက်လာခဲ့ရာ လမ်းတွင် ကောမာဇီ၏ ဖခင်နှင့်တိုးပြီး သူသည်လည်း ဖြစ်နေသည့်အရာများကို မေးမြန်းရန် ရောက်လာခြင်းဖြစ်သည်။ အဖွဲ့ခေါင်းဆောင်က အကျိုးအကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်၏။

ထိုလူကြီးနှစ်ယောက်က ကျန်းမန်မန်ကို အိမ်အရင်ပြန်နှင့်ရန်ပြောပြီး သူတို့က လူပျောက်သွားရှာမည်ဟု ပြောကြသည်။

ကျန်းမန်မန် လိုက်ခဲ့ချင်သော်လည်း လူကြီးနှစ်ယောက်က အပြင်းအထန် တားမြစ်နေသဖြင့် သူမသည်လည်း ပြန်လာပြီးသာ စောင့်နေခဲ့ရလေသည်။

ညဥ့်နက်သည်အထိ မည်သူမျှ ပြန်မလာကြသေးပေ။

နောက်တစ်နေ့ နံနက်အစောကြီးတွင် ကျိုးယဲ့ထံ သွားကြည့်သော်လည်း တစ်ယောက်မှ ရှိမနေသေးပေ။

သူ တစ်ညလုံး ပြန်မလာခဲ့သည်မှာ ရှင်းနေ၏။

ဘာတစ်ခုမှမသိသေးသည့် ထန်ရှောင်မင်ကတော့ ပျော်ပျော်ရွှင်ရွှင်ပင် နှုတ်ဆက်လိုက်လေသည်။

"ဒီနေ့ ငါတို့ မြို့နယ်ကို သွားရမှာလေ၊ မှတ်မိတယ်မလား? နင့်အတွက် ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပမှာ၊ အခုပဲ သွားလိုက်ကြစို့!"

ကျန်းမန်မန်လည်း မှတ်မိနေ၏။ ဤနေ့တွင် မြို့နယ်က သူမကို ဂုဏ်ပြုပွဲလုပ်ပေးမည်ဖြစ်သည့်အတွက် သွားကိုသွားရမည်။

သို့သော် သူမ၏ရင်ထဲတွင်တော့ ကျိုးယဲ့အတွက် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေဆဲပင်။ ဘာတွေများ ဖြစ်ပျက်ခဲ့သည်လဲ။ သူ ဘာလို့ အခုထိ ပြန်ရောက်မလာသေးသည်လဲ။

သူမ သက်ပြင်းချပြီး ပြောလိုက်၏။ "ကောင်းပြီ၊ သွားကြတာပေါ့။ ဒါပေမဲ့... ငါ အဖွဲ့ခေါင်းဆောင်အိမ်ကို အရင်ဝင်ပြီး တစ်ခုသွားမေးလိုက်ဦးမယ်။"

သူမသည် အဖွဲ့ခေါင်းဆောင်၏ အိမ်ရှေ့သို့ ပြေးသွားပြီး လှမ်းခေါ်လိုက်သည်။ "အဒေါ်၊ အဖွဲ့ခေါင်းဆောင် ပြန်ရောက်ပြီလား။"

အသက် ၄၀ ကျော် ၅၀ ခန့်ရှိသော အဖွဲ့ခေါင်းဆောင်၏ ဇနီးဖြစ်သူက သူမကို မြင်သောအခါ နွေးထွေးစွာ ပြုံးပြပြီး ပြောလိုက်သည်။

"ဪ... ပညာတတ်လူငယ်ကျန်း ပါလား! အဒေါ့်ယောက်ျားတော့ အခုထိ ပြန်မရောက်သေးဘူး။ ဒါရိုက်တာကျိုးအတွက် စိတ်ပူနေတာလား။ ဟားဟား၊ မစိုးရိမ်ပါနဲ့၊ ဘာမှမဖြစ်နိုင်ပါဘူး။"

"မင်းလည်း မြန်မြန်သွားတော့၊ ဒီနေ့က မြို့နယ်မှာ မင်းကို ဂုဏ်ပြုပွဲလုပ်ပေးမယ့်နေ့လေ!"

"...ဟုတ်ကဲ့ပါ အဒေါ်၊ ကျေးဇူးတင်ပါတယ်။"

ကျန်းမန်မန်တစ်ယောက် ဆွံ့အသွားရသည်။ ဤအမျိုးသမီးသည် တကယ့်ကို စိတ်ဓာတ်ခိုင်မာလွန်းလှသည်။

လူတစ်ယောက်လုံး ညလုံးပေါက် ပြန်မလာသည်ကိုတောင် ဘာမှမဖြစ်သလို သဘောထားနိုင်သေးသည်လား။

တစ်ညလုံး ပျောက်နေသည်က တကယ်တော့ အလေးအနက်ထားရမယ့်ကိစ္စပင်။ အထူးသဖြင့် ကျန်းမန်မန်သည် ကျိုးယဲ့တစ်ယောက် ချန်သော်ယွိ နောက်ကို လိုက်သွားရင်း ချန်သော်ယွိ၏ အထက်မှ လူကြီးများထံတွင် ဖမ်းမိသွားပြီး အသတ်ခံလိုက်ရမည်ကို စိုးရိမ်မိနေခြင်းဖြစ်သည်။

ထို့နောက် သူမ ဘာလို့ ကျိုးယဲ့အတွက် ဒီလောက်တောင် စိုးရိမ်နေမိပါလိမ့်လို့ တွေးမိလိုက်ပြန်၏။

အင်း... သူ့အသက်ကို သူမကိုယ်တိုင် ကယ်ထားခဲ့သည်ဖြစ်၍ အခြားသူတစ်ယောက်က လွယ်လွယ်နှင့် လာသတ်သွားလို့ မဖြစ်ပေ။

ဟုတ်သည်၊ ဒါကြောင့်ပဲ ဖြစ်ရမည်။ သူမသည် ဤသို့ ခံစားနေရခြင်းပင်။

သူမနှင့် ထန်ရှောင်မင်တို့သည် ရွာမှ နွားလှည်းကိုစီးပြီး မြို့နယ်ဘက်သို့ ထွက်လာခဲ့ကြသည်။ လှည်းပေါ်တွင် အဒေါ်ကြီးတစ်သိုက်လည်း ပါလာပြီး တစီစီနှင့် စကားပြောနေကြ၏။

သူတို့အားလုံးက ကျန်းမန်မန်ကို ချီးမွမ်းခန်းဖွင့်နေကြ၏။ ယခင်ကလို သူမ မကောင်းကြောင်း မည်သူမှ မပြောရဲကြတော့ပေ။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် သူတို့၏ သားများအကြောင်းကို အရိပ်အမြွက် ပြောလာကြတော့၏။

"အဒေါ့်သားက ဒီနှစ်ထဲမှာ အသက် ၂၀ ရှိပြီ၊ တကယ့်ကို ရိုးသားပြီး အလုပ်ကြိုးစားတဲ့သူလေ။"

"အဒေါ့်တူကတော့ အရပ်ရှည်ပြီး ရုပ်ရည်လည်းချောတယ်၊ အလုပ်ရမှတ်တွေလည်း အများကြီးရတာ။သ"

"အဒေါ့်အမေဘက်က ဦးလေးရဲ့တူဆိုရင်လည်း ဒီနားတစ်ဝိုက်ဆယ်မိုင်အတွင်းမှာ အတော်ဆုံး လူပျိုလေးပဲ။"

ထန်ရှောင်မင်တစ်ယောက် ရယ်ချင်စိတ်ကို အောင့်ထားရလွန်းသဖြင့် ပုခုံးများပင် တုန်နေခဲ့လေသည်။

ကျန်းမန်မန် သူမကို မျက်စောင်းထိုးလိုက်သော်လည်း သူမကိုယ်တိုင်လည်း ရယ်ချင်နေမိ၏။ သူမ ဘာတတ်နိုင်မည်လဲ။

"အဒေါ်တို့က ကိုယ့်လူကိုယ် ချီးမွမ်းနေကြတော့ ဘယ်သူက အတော်ဆုံးလဲဆိုတာ ကျွန်မလည်း မခွဲခြားတတ်တော့ဘူး။"

"အဒေါ့်သားက အတော်ဆုံးပေါ့!"

"မဟုတ်ပါဘူး၊ အဒေါ့်တူကမှ အတော်ဆုံး။ သူ့သားက အရိုးနဲ့ အရေပဲရှိတာ၊ ဘယ်မှာ အလုပ်ရမှတ် ရနိုင်မှာလဲ။ သူ့စကားတွေကို မယုံနဲ့။"

"ဖွီ... နင့်တူက အရပ်ရှည်တယ် ဟုတ်လား။ ကြည့်ရတာ ဝူတာ့လန် ကျနေတာပဲ၊ ပုပုအိုင့်အိုင့်နဲ့! ဘယ်လိုမျက်နှာနဲ့ အရပ်ရှည်တယ်လို့ ပြောရဲတာလဲ။"

ထို့နောက်တွင်တော့ ကျန်းမန်မန်တစ်ယောက် အဒေါ်ကြီးများ တစ်ယောက်နှင့်တစ်ယောက် အခြေအတင် ငြင်းခုံနေကြသည်ကိုသာ ထိုင်ကြည့်နေရတော့သည်။

နွားလှည်းကသာ ကျဉ်းမနေဘူးဆိုလျှင် သူတို့ တကယ်ပဲ ရိုက်နှက်ကြတော့မည်။

သူမနှင့် ထန်ရှောင်မင်တို့သည် ကြားညပ်သွားမည်ကို စိုးရိမ်သဖြင့် လှည်းအစွန်းဘက်သို့ ပိုတိုးကပ်၍ ထိုင်လိုက်ကြရလေသည်။

လှည်းမောင်းသမား ဦးလေးဝူက ခေါင်းခါပြီး လှမ်းအော်ပြောလိုက်သည်။

"မင်းတို့တွေ ဘာလုပ်နေကြတာလဲ။ ငြိမ်ငြိမ်ထိုင်စမ်းပါ! ဒီနေ့ မြို့နယ်ကိုသွားတာက ငါတို့အဖွဲ့စည်းကို ကိုယ်စားပြုပြီးသွားကြတာ၊ အမူအရာ ဆင်ခြင်ကြစမ်းပါ!"

လူကြီးသူမများ၏ ဉာဏ်ပညာဆိုသည်က ဤသို့ပင်။ ဦးလေးဝူ၏ စကားတစ်ခွန်းက ဆံပင်များဆွဲ၊ အင်္ကျီများဆွဲပြီး ရန်ဖြစ်နေကြသည့် အဒေါ်ကြီးများကို ချက်ချင်းဆိုသလို ယဉ်ကျေးသိမ်မွေ့သည့် အမျိုးသမီးကြီးများအဖြစ် ပြောင်းလဲသွားစေပြီး သူတို့၏ အဝတ်အစားများကို အမြန်သပ်ရပ်အောင် ပြန်ပြင်ဆင်နိုင်စေခဲ့သည်။

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

အပိုင်း ၃၆

ဘေးမှ ကြည့်နေသည့် ကျန်းမန်မန်က ထန်ရှောင်မင်နဲ့ အကြည့်ချင်းဆုံပြီး တိုးတိုးလေး ခိုးရယ်လိုက်ကြသည်။

ခဏလောက် ပြုံးလိုက်မိပြီးနောက်မှာတော့ ကျန်းမန်မန်တစ်ယောက် အရိပ်အယောင်တောင် မမြင်ရသေးသည့် ကျိုးယဲ့အတွက် ပြန်ပြီး စိုးရိမ်ပူပန်လာပြန်၏။

သူ ဘယ်နေရာများ ရောက်နေပါလိမ့်။

သူမ အဖွဲ့အစည်းသို့ ရောက်သွားသည့်အခါ အဖွဲ့ခေါင်းဆောင်ကို ထိုနေရာတွင် တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့ရသည်။ အဖွဲ့ခေါင်းဆောင်က ဤနေရာတွင်ရှိနေလျှင်...

သူမ လူအုပ်ထဲကို ဝေ့ဝဲကြည့်လိုက်သော်လည်း သူ့ကိုတော့ ရှာမတွေ့ခဲ့ချေ။

"ရဲဘော်ကျန်း၊ ရောက်လာပြီပဲ! လာ လာ၊ စင်ပေါ်တက်ခဲ့ဦး— ငါတို့တွေ မင်းကို လူပုံအလယ်မှာ ဂုဏ်ပြုကြမလို့။"

ကျန်းမန်မန်က အတင်းပြုံးလိုက်ပြီး ကျိုးယဲ့ကို တွေ့ပြီလားဟု မေးရန် အဖွဲ့ခေါင်းဆောင်ဘက်သို့ လှည့်လိုက်သည်။

"ခေါင်းဆောင်—"

အဖွဲ့ခေါင်းဆောင်က ပြုံးပြီး သူမကို ရှေ့တက်လာရန် လက်ယပ်ခေါ်လိုက်သည်။

"မြန်မြန်တက်လာခဲ့လေ၊ ဒါက ငါတို့အဖွဲ့စည်းအတွက် ဂုဏ်ယူစရာပဲ!"

"ခေါင်းဆောင်၊ ကျိုးယဲ့ကို တွေ့မိလားဟင်။ သူ ဘာမှမဖြစ်ဘူးမလား။"

သူမ၏ စကားမဆုံးသေးခင် တစ်ယောက်ယောက်က သူမကို ဂုဏ်ပြုစင်မြင့်ပေါ် ရောက်အောင် တွန်းပို့လိုက်သည်။ စင်ပေါ်ရောက်သည်နှင့် ဂုဏ်ပြုပွဲက ချက်ချင်း စတင်လိုက်တော့၏။

ဂုဏ်ထူးဆောင် လက်မှတ်တစ်စောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပါတီအတွင်းရေးမှူးတို့၏ မိန့်ခွန်းများ.. သူမသည် အာရုံစိုက် နားထောင်နေသယောင် ဆောင်နေပေမဲ့ တကယ်တော့ လူအုပ်ထဲတွင် ကျိုးယဲ့ကို လိုက်ရှာနေမိသည်။

သူသာ ဘာမှမဖြစ်ဘူးဆိုလျှင် ဒီလိုပွဲမျိုးကို ရောက်နေရမည် မဟုတ်လား။

'တကယ်ပဲ တစ်ခုခုဖြစ်သွားသည်လား။ အသတ်ခံလိုက်ရသည်လား။'

သေချာနှံ့နှံ့စပ်စပ် ရှာကြည့်ပြီးသည့်တိုင် ကျိုးယဲ့ကို မတွေ့ရသေးပေ။

သူမ စိတ်ပျက်သွားမိသော်လည်း မျက်နှာကိုတော့ အပြုံးမပျက်အောင် ထိန်းထားရ၏။ ဘာပဲဖြစ်ဖြစ် သူမသည် ယခု ဂုဏ်ပြုခံနေရသည်!

အခမ်းအနားအပြီးတွင်တော့ သူမသည် ဂုဏ်ထူးဆောင်လက်မှတ်၊ ဆုငွေ ယွမ် ၂၀ နှင့် အမျိုးသမီးတပ်ဖွဲ့ဝင် ရာထူးတစ်ခုကို ရရှိခဲ့သည်။

သူမသည် အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤတာဝန်သည် အဓိကအားဖြင့် အမျိုးသမီးများကို အလုပ်ခွင်တွင် ဦးဆောင်ပေးရခြင်းဖြစ်သည်။

အရင်ဆင်းရဲဒုက္ခခံမှ နောက်ပိုင်းချမ်းသာမည်။

ဒါက သူမ၏ ပုံစံတော့ မဟုတ်။ သာမန်အဖွဲ့ဝင်တစ်ယောက် ဖြစ်ရသည်နှင့်တင် လုံလောက်ပြီဖြစ်သည်။

သူမသည် လက်မှတ်ကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး အားတက်သရော မိန့်ခွန်းတစ်ခု ပြောကာ စင်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။

စင်ပေါ်မှ ဆင်းလိုက်ချိန်တွင်ပဲ ကျိုးယဲ့ကို တွေ့လိုက်ရတော့၏။

ထိုသူက အဖွဲ့ခေါင်းဆောင်၏ ဘေးနားတွင် ရပ်နေပြီး သူမကို လက်လှမ်းပြနေသည်။

"ဂုဏ်ယူပါတယ်၊ ရဲဘော်ကျန်း!"

သူ ဘေးကင်းကင်းနှင့် မတ်တတ်ရပ်နေသည်ကို မြင်လိုက်တော့မှ ကျန်းမန်မန် သက်ပြင်းချနိုင်တော့၏။

သူမက သူ့ကို စိတ်တိုတိုနှင့် မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်၏။ "ရှင် ဘယ်တွေသွားနေတာလဲ။ တစ်ညလုံးလည်း ပြန်မလာဘူး၊ ကျွန်မ..."

အဖွဲ့ခေါင်းဆောင်နှင့် ကောမာဇီတို့ သူမကို သေသေချာချာ စိုက်ကြည့်နေသည်ကို သတိထားမိသွားတော့မှ သူမ ချက်ချင်း ပါးစပ်ပိတ်လိုက်ရတော့သည်။

ဒီစကားက အထင်လွဲစရာကြီး ဖြစ်သွားနိုင်သည်က်ို သူမ ဘာတွေ ပြောနေမိသည်လဲ။

သူမသည် ချက်ချင်းဆိုသလို အခြေအနေကို အမြန်ပြန်ထိန်းလိုက်ရသည်။

"ရှင်နဲ့ ရဲဘော်ကောတို့ အန္တရာယ်တစ်ခုခုများ ကြုံနေမလားလို့ စိုးရိမ်နေခဲ့တာ။ အခုတော့ နှစ်ယောက်လုံး ဘေးကင်းတာ တွေ့ရလို့ စိတ်အေးသွားပါပြီ။"

ကျိုးယဲ့က သူမကို ပြုံး၍ကြည့်နေ၏။ သူ၏ နက်မှောင်သည့် မျက်ဝန်းများထဲတွင် တစ်ခုခုကို ဖုံးကွယ်ထားသည့်နှယ် အတော်လေး စူးရှနေခဲ့သည်။

ကျန်းမန်မန်၏ မျက်နှာ ချက်ချင်း နီမြန်းသွားတော့၏။ သူ၏ ရုပ်ရည်ချောမောမှုတွင် ဒီလောက်အထိ ကြွေဆင်းသွားမိသည့် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ထဲမှနေ၍ ပြန်ကျိန်ဆဲနေမိတော့သည်။

သူ ဘာပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် သူမနှင့် ဘာဆိုင်လို့လဲ။

ကျိုးယဲ့က ပြောလာ၏။ "မင်းကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်။"

ကျန်းမန်မန်က စကား အကြောင်းအရာကို အမြန်လွှဲလိုက်ပြီး မေးလိုက်၏။"ဒါနဲ့ အခြေအနေတွေကရော ဘယ်လိုလဲ။"

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ချန်သော်ယွိက ကျွန်တော်ဝှက်ထားတဲ့ ဆေးတွေကိုယူပြီး ဝမ်ကျားကျွမ်းက ဝက်မွေးမြူရေးခြံကို သွားပေးခဲ့တယ်။ အခုတော့ သူတို့အားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ။"

သူက ရိုးရိုးရှင်းရှင်းလေးသာ ပြောပြသော်လည်း ကျန်းမန်မန်အနေဖြင့် ထိုစကားများနောက်ကွယ်က အန္တရာယ်ကို အာရုံခံမိနေသည်။ သို့သော်လည်း သူတို့နှစ်ယောက်လုံး ထိခိုက်ဒဏ်ရာမရဘဲ ဘေးကင်းနေကြသဖြင့် သူမလည်း အကျယ်တဝင့် ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်၏။

ရွာပြန်ရောက်မှသာ အသေးစိတ် ထပ်မေးတော့မည်ဟု တွေးကာ ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။"ရှင်တို့ ဘေးကင်းရင်ပဲ တော်ပါပြီ။ ကျွန်မတို့ ဘယ်အချိန် ပြန်ကြမှာလဲ။"

ဂုဏ်ပြုပွဲက အချိန်ခဏလေးသာ ကြာမြင့်ခဲ့သည်။ အခမ်းအနားအပြီးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အားလုံးကို ထုတ်လုပ်မှုအပေါ် အာရုံစိုက်ကြရန် တိုတိုတုတ်တုတ် တိုက်တွန်းပြောကြားပြီးနောက် လူစုခွဲကာ အလုပ်ခွင်သို့ အသီးသီး ပြန်ခိုင်းလိုက်လေသည်။

"အခု ပြန်လို့ရပါပြီ။ မင်း မြို့ထဲမှာ ဘာဝယ်စရာရှိသေးလဲ။" ကျိုးယဲ့ မေးလိုက်သည်။

ကျန်းမန်မန်က ခေါင်းခါပြလိုက်၏။"မရှိပါဘူး၊ ပြန်ကြတာပေါ့။"

အဖွဲ့ခေါင်းဆောင်ကလည်း ခေါင်းညိတ်ထောက်ခံသည်။ "ဟုတ်တယ်၊ မြန်မြန်ပြန်ကြတာ ပိုကောင်းမယ်။ အစာကျွေးရမယ့်ဝက်တွေ အများကြီးရှိတော့ ဝက်စာမြက်ကိစ္စက တော်တော်လေး အရေးကြီးနေပြီ။"

သူက ကျိုးယဲ့ကို ကြည့်ကာ ဆက်ပြောလိုက်လေသည်။ "မင်းတို့ဝက်ခြံမှာ ဝက်စာမြက် မလောက်ဘူးဆိုရင် ငါ တောင်ပေါ်ကို လူလွှတ်ပြီး မြက်သွားရိတ်ခိုင်းလိုက်မယ်။ အဲဒီဝက်တွေကို အငတ်ထားပြီး ပိန်ချုံးသွားအောင် လုပ်လို့မဖြစ်ဘူး။"

ကျန်းမန်မန်က ခေတ္တရပ်သွားပြီး ရုတ်တရက် မေးလိုက်၏။ "ချန်သော်ယွ်ိက ဝက်စာမြက် သွားရိတ်ဦးမှာလား။"

အကယ်၍ ချန်သော်ယွိသာ ပြန်မလာတော့ဘူးဆိုလျှင် သူတို့ထံတွင် ဝက်စာမြက်ရိတ်မည့် အမြဲတမ်းဝန်ထမ်း တစ်ယောက် လျော့သွားပေလိမ့်မည်။

တောဝက်များကလည်း ဒီလောက်အများကြီးဆိုတော့ ဝက်စာမြက်က ဘယ်လိုမှ လောက်ငမည် မဟုတ်။ "အသားထုတ်လုပ်ရေး စက်ရုံကို ဝက်တချို့ ထပ်ရောင်းလိုက်ရင် မကောင်းဘူးလား။"

ကျိုးယဲ့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောလိုက်၏။ "မပူပါနဲ့၊ ကျွန်တော်တို့ သူတို့နဲ့ ဆက်သွယ်ထားပြီးသားပါ။ အရင်ဆုံး ဝက်တချို့ကို ရောင်းလိုက်မယ်။ ဒါနဲ့၊ တောင်ပေါ်က ပိုက်ကွန်တွေထဲမှာ တောဝက်တွေ ထပ်မိနေသေးလား။"

ကျန်းမန်မန်လည်း သွားမစစ်ရသေးသဖြင့် ပုံမှန်အတိုင်းပြောလိုက်၏။ "မသိဘူးလေ၊ ပြန်ရောက်မှ သွားကြည့်ကြတာပေါ့!"

ကျိုးယဲ့က သူမကို တစ်ချက်ထပ်ကြည့်လိုက်ပြန်သည်။ သူ၏အကြည့်များသည် ကြယ်တာရာများကဲ့သို့ တောက်ပနေသဖြင့် ကျန်းမန်မန်တစ်ယောက် ရင်ခုန်မြန်လာပြီး သူ၏အကြည့်ကို ရင်မဆိုင်ရဲ ဖြစ်သွားခဲ့ရသည်။

အနားတွင်ရပ်နေသည့် ထန်ရှောင်မင်က သူတို့နှစ်ယောက်ကို ကြည့်နေရင်း—သူတို့ကြားတွင် တစ်ခုခုရှိနေသည့်သဖွယ် ပြောမပြတတ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

သူမ၏ ဆဋ္ဌမအာရုံက အမြဲတမ်း စူးရှလွန်းလှ၏။

အပြန်လမ်းတွင် ကျန်းမန်မန်သည် ဤနေ့၏ လူစွမ်းကောင်းဖြစ်နေသဖြင့် လူတိုင်းထံမှ ချီးမွမ်းစကားများကို မကုန်နိုင်မခမ်းနိုင် ကြားနေခဲ့ရတော့သည်။

ထိုစကားလုံးများကို အသာတကြည် နားထောင်နေရင်း ရွာကိုပြန်ရောက်လာသည့်အခါတွင်လည်း ရွာသားများ၏ နောက်ထပ် ချီးမွမ်းထောပနာပြုသည့် စကားလှိုင်းလုံးကြီးနှင့် ထပ်မံကြုံတွေ့လိုက်ရပြန်သည်။

ကျန်းမန်မန်တစ်ယောက် မျက်နှာကြွက်သားများ တောင့်တင်းသွားသည်အထိ လိုက်ပြုံးပြနေခဲ့ရ၏။ နောက်ဆုံးတွင်တော့ သူမသည် ဝက်ခြံသို့ ပြန်ရောက်လာပြီး ခြင်းတောင်းကိုကောက်ကာ တောင်ပေါ်သို့ ဝက်စာမြက်ရိတ်ရန် ပြင်တော့သည်။

ကျိုးယဲ့ ကလည်း သူအသစ်ဝယ်လာသည့် ခြင်းတောင်းကို ဆွဲကာ သူမနောက်က လိုက်လာခဲ့၏။

ကျန်းမန်မန်က လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

"မင်း ဘာတွေဖြစ်ခဲ့သလဲဆိုတာ သိချင်နေမယ်ဆိုတာ ကျွန်တော်လောင်းရဲတယ်။ လာလေ— မြက်ရိတ်ရင်းနဲ့ ပြောပြမယ်။ ပြီးတော့ မာဇီကို ကူညီဖို့လွှတ်လိုက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သူသာ မလာခဲ့ရင် ကျွန်တော် တော်တော်လေး ပိုပြီး အားစိုက်ထုတ်ခဲ့ရမှာ။"

မနေ့က ကျိုးယဲ့ ပြန်မလာသည့်အတွက် သူ တစ်နေရာရာတွင် အသတ်ခံရပြီး အလောင်းဖျောက်ခံလိုက်ရပြီလို့ သူမ စိတ်ကူးယဉ်ကြည့်နေခဲ့မိပြီး...

မျက်ရည်လည်ရွဲနှင့် သူ၏ ဝက်ခြံကို ဆက်ခံနေသည့် သူမကိုယ်သူမလည်း မြင်ယောင်ကြည့်မိနေခဲ့သေးသည်။

ယခု သူ ဘာမှမဖြစ်သည်ကို မြင်လိုက်ရပြီဆိုတော့ တကယ်တမ်း ဖြစ်ခဲ့သည့်အရာများကို သိချင်စိတ်က တားမရအောင် တောက်လောင်လာတော့သည်။

"ရှင် ချန်သော်ယွိနောက်ကနေ သူတို့ဝက်ခြံအထိ လိုက်သွားတာလေ။ သူတို့က ရှင့်ကို ဘာမှမလုပ်ကြဘူးလား။

လူအများကြီးကို ရှင်တစ်ယောက်တည်းနဲ့ ဘယ်လိုများ ယှဉ်တိုက်ခဲ့တာလဲ။"

သူမ၏ စကားကြောင့် ကျိုးယဲ့ မရယ်ဘဲ မနေနိုင်တော့ပေ။ "မင်း ဘာတွေ စိတ်ကူးယဉ်နေတာလဲ။ ဒီလောက်အထိ ဒရာမာဆန်ဆန် တွေးနေပုံထောက်ရင် မင်း ကျွန်တော့် အတွက် တကယ်ကို စိုးရိမ်နေခဲ့တာပဲ။ အဲဒီနေ့က ကျွန်တော် ချန်သော်ယွိနောက်ကနေ ဝမ်ကျားကျွမ်း ဝက်ခြံအထိ လိုက်သွားပြီး သူက ဝမ်ဆန်းဆီကို ပစ္စည်းတွေ အပ်နှံနေတာကို မြင်ခဲ့တယ်။ အဲဒီနောက်မှာတော့ မြို့နယ်ရဲစခန်းကို သွားပြီး တိုင်ချက်ဖွင့်ခဲ့တာလေ။ ကျွန်တော်က သူတို့အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နေလိမ့်မယ်လို့ မင်းထင်နေတာလား။ အဲဒီအချိန်က ကျွန်တော် တစ်ယောက်တည်းလေ— တကယ်လို့ တစ်ခုခုသာ ဖြစ်ခဲ့ရင် မင်းရဲ့ စိုးရိမ်ပူပန်မှုတွေက တကယ်ဖြစ်သွားနိုင်တာပေါ့။"

ကျန်းမန်မန်က ဝက်စာမြက်များကို ဆက်ရိတ်ရင်း သူ့ကို တစ်ချက်စောင်းကြည့်လိုက်၏။ "ဘယ်သူက ရှင့်အတွက် စိုးရိမ်နေလို့လဲ။ ကျွန်မက ရှင့်ရဲ့ ဝက်ခြံကို အမွေမဆက်ခံချင်လို့ပါ။"

သူမ၏ စကားကြောင့် ကျိုးယဲ့ အားရပါးရ ရယ်မောလိုက်မိတော့သည်။ "ဟားဟားဟား! မင်းက ကျွန်တော့်ရဲ့ ဝက်ခြံကို အမွေဆက်ခံချင်နေတာလား။"

ကျန်းမန်မန်ကတော့ သူ၏ ရယ်မောမှုကို ဂရုမစိုက်ဘဲ နေလိုက်သည်။

သို့သော်လည်း သူက တည်ကြည်သည့် မျက်နှာထားနှင့် သူမအနားကို တိုးကပ်လာပြီး ပြောလိုက်ပြန်၏။

"ရဲဘော် ကျန်းမန်မန်၊ ကျွန်တော့်ဘဝကို မင်းလက်ထဲ အပ်ထားပြီးပြီပဲ။ မင်းဘက်ကရော တစ်ခုခု ပြန်ပေးသင့်တယ် မထင်ဘူးလား။"

ကျန်းမန်မန်၏ ရင်ခုန်သံများ ဗလောင်ဆူသွားတော့သည်။ သူ ဒါက ဘာဆိုလိုသည်လဲ။

သူမ၏ ယခင်ဘဝတုန်းက တစ်ဦးတည်းသော ကြိုက်ခဲ့ဖူးသည့်သူမှာ စီနီယာကျောင်းသားတစ်ယောက် ဖြစ်သည်။ သူမ သတ္တိမွေးပြီး ဖွင့်ပြောခဲ့သော်လည်း ပြန်ရလိုက်သည့်အရာကတော့ တစ်ကျောင်းလုံးရှေ့ အရှက်ခွဲ လှောင်ပြောင်ခံလိုက်ရခြင်းသာ ဖြစ်သည်။

ထိုဒဏ်ရာက ယခုထိ လုံးဝ မပျောက်ကင်းနိုင်သေးပေ။

ယခုအချိန်တွင် ပြန်တွေးမိရုံနဲ့တင် သူမ၏ ခြေချောင်းလေးများက မြေကြီးကို ကုတ်ဆွဲမိမတတ် ရှက်စိတ်ကြောင့် တွန့်လိမ်သွားတတ်သေး၏။

ဒါကြောင့် သူမသည် နောက်နောင်တွင် ဘယ်တော့မှ အရင်ဦးအောင် ဖွင့်မပြောတော့ဘူးဟု ကျိန်ဆိုထားခဲ့သည်။

ယခုလည်း သူမ၏ ရင်ခုန်သံက စစ်ဗုံတီးသံကဲ့သို့ ကျယ်လောင်နေသည့်တိုင် သူမ ဒါကို အလေးအနက် မတွေးရဲသေးပေ။

သူသည်လည်း သူမကို လာပြီး နောက်ပြောင်နေခြင်းသာဆိုလျှင် ဘယ်လိုလုပ်မည်လဲ။

ထို့အပြင် ယခင်ဘဝတုန်းက သူမသည် အရပ်ရှည်ရှည်၊ ခါးသေးသေး၊ ခြေတံရှည်ရှည်နှင့် အလှလေးတစ်ယောက်ဖြစ်သည်။

ယခုတော့ သူမက ပုပုဝဝ မိန်းကလေးတစ်ယောက်... ဒါကို ဖွင့်ပြောသည့်စကားဟု အထင်ရောက်ရအောင် သူမတွင် ဘယ်က ယုံကြည်မှုများ ရှိနေနိုင်မည်လဲ။

All Chapters