← Chapters

လှည့်ကွက်များ

Vol. 10 Ch. 984

လှည့်ကွက်များ

Vol. 10 Ch. 984

အမှန်တော့ ဆန်းချင်းချင်းနှင့် လေ့ကျင်း၏ တိုက်ပွဲက မည်မျှပင် ပြင်းထန်ပါစေ ဆန်းလျန်အတွက်တော့ ကလေးကစားနေသကဲ့သို့ပင် ဖြစ်လေသည်။

ချန်ကျန့်မေ သူ့ကိုယ်သူစတေးခံကာ ပြုလုပ်ခဲ့သည့် အနတ္တဓားသည်ပင်လျှင် ယခုအချိန်တွင် ဆန်းလျန်အတွက် တန်ဖိုးမရှိတော့ပေ။

ဆန်းလျန်၏ မျက်ဝန်းထဲတွင် လောကရှိ အရာအားလုံး၏ လျှို့ဝှက်ချက်များအားလုံးကို သိမြင်နေခဲ့ပြီ ဖြစ်သည်။ သို့သော်… သူ အနည်းငယ်စိတ်ရှုတ်ထွေးနေခဲ့လေသည်။

အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် အချိန်ကာလသတ်မှတ်ချက်များသည် သူ့အတွက် လုံး၀ အဓိပ္ပါယ် မရှိတော့ပေ။

အကြောင်းမှာ ဆန်းလျန်သည် အချိန်ကာလနှင့် သုံးလောကကို ကျော်လွန်ပြီး သက်ရှိသတ္တဝါများအားလုံးကို တွေ့မြင်နေရသည့်အတွက် ဖြစ်သည်။

ယခု ဖြစ်နေသည့် အကြောင်းအရာများအားလုံးသည် အတိတ်တစ်ချိန်က ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များနှင့် အတူတူပင် ဖြစ်လေသည်။

အနာဂတ်တွင် ဖြစ်ပျက်လာမည့်အရာများသည်လည်း လက်ရှိတွင် ဖြစ်ပျက်နေသည့် ဖြစ်ရပ်များသာ ဖြစ်လေသည်။

အချိန် ၊ နေရာနှင့် လူပုဂ္ဂိုလ်သာ ပြောင်းလဲသွားပြီး သဘောတရားအားလုံးကတော့ အတူတူပင် ဖြစ်လေသည်။

နက်ရှိုင်းသည့်အသိဉာဏ်ဖြင့် လေ့လာလိုက်သည့်အခါ အရာအားလုံး ဖြစ်ပျက်ပြောင်းလဲနေသည့် အနှစ်သာရသဘောတရားများသည် နောက်ဆုံးတွင်တော့ အတူတူပင် ဖြစ်သည်ကို ဆန်းလျန် သိရှိသွားလေသည်။

ထိုအကြောင်းချင်းရာက မည်သည့်အရာနှင့် ဆင်တူသနည်းဆိုရသော်… ပန်းသီး (၁)လုံး မြေပြင်ထက် ကြွေကျသွားသည့် ဖြစ်ရပ်မျိုး ၊ ကြီးမားသည့် ကြယ်စင်ကြီးတစ်လုံး၏ ပတ်ပတ်လည်တွင် ကြယ်စင်လေးများ ဝန်းရံနေကြသည့် ဖြစ်ရပ်မျိုး ၊ အသူရာချောက်မှ ဆွဲခေါ်နေသည့် သံသရာလည်ခြင်းစွမ်းအားမျိုး ၊ ထိုအရာများနှင့် သွားရောက်ဆင်တူလေသည်။

မည်သို့မှ ဆက်စပ်မရနိုင်သည့်အကြောင်းအရာ (၂)ခု၏ ဆက်စပ်မှုကို ဖမ်းဆုပ်လိုက်မိသည်နှင့် အရာအားလုံးသည် အတူတူပင်ဖြစ်သည်ဆိုသည့်အချက်ကို သိရှိသွားနိုင်လေသည်။

ပန်းသီးတစ်လုံးကို လေ့လာမည်ဆိုလျှင် မရေမတွက်နိုင်သည့် အမှုံငယ်လေးများဖြင့် ဖွဲ့စည်းထားသည်ကို ဆန်းလျန် တွေ့မြင်နေရသည်။ ထိုအမှုံငယ်လေးများသည် ကျုံ့ဝင်နေသည့် စကြာဝဠာငယ်လေးများအလား ဖြစ်လေသည်။

ထိုအကြောင်းများကို ဆန်းလျန် ကမ္ဘာပေါ်တွင် ဒေါက်တာလီဖုန်းအဖြစ် နေထိုင်ခဲ့စဉ်ကတည်းက သိရှိခဲ့ပြီးသား ဖြစ်သည်။ သို့သော်… ယခုတော့ ဆန်းလျန်မျက်လုံးဖြင့် ကိုယ်တိုင် တွေ့မြင်နေရပြီး သူသိခဲ့သည့် အမှန်တရားကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်… သူ တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန်အတွက် ဆန်းလျန်ရင်ဆိုင်ရမည့် နောက်ဆုံးအတားအဆီးသည် မိုးနှင့်မြေ ၊ လောကကြီးအပေါ်တွင် နားလည်ခြင်းတရား မဟုတ်တော့ပေ။ သူ၏ စိတ်လေးတစ်ချက် ပြောင်းလဲလိုက်နိုင်ရန်သာ လိုအပ်တော့သည်။

သူသည် အနန္တတန်ခိုးရှင် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန် အလွန်နီးစပ်နေပြီ ဖြစ်လေသည်။

သူ စိတ်ဆန္ဒရှိသည်နှင့် အရာအားလုံးကို ပြုလုပ်နိုင်စွမ်းရှိနေပြီဖြစ်လေသည်။ သို့သော်… အရာအားလုံးကို ပြုလုပ်နိုင်ခြင်းကလည်း သူ့အတွက် အဓိပ္ပါယ်ကင်းမဲ့လျှက် ရှိနေခဲ့ပြီ ဖြစ်သည်။

အမှန်တော့ နိစ္စထာဝရ အသက်ရှင်သန်သည့် တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်မီအချိန်မှာပင် "ငါ" ဆိုသည့် အတ္တက အရေးမပါတော့သည်ကို ဆန်းလျန် နားလည်လိုက်သည်။

တာအိုဆရာသခင်ကြီးတစ်ပါးသာ ဖြစ်လာပါက အရာအားလုံးကို ပြုလုပ်နိုင်စွမ်းရှိနေပြီ ဖြစ်သော်လည်း အရာအားလုံး၏ ဖြစ်ပျက်သဘောတရားများကို နားလည်သွားပြီဖြစ်သည့်အတွက် မည်သည့်အရာကိုမှ ပြုလုပ်ရန် ဆန္ဒရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့်… ထိုက်စန့်တာအိုဆရာသခင်က "ခံစားချက်များနောက်မလိုက်ရန်" ဟောပြောခဲ့ခြင်း ဖြစ်ပြီး တာအိုဆရာသခင်ထိုက်ယီကလည်း အကြင်နာတရားကင်းမဲ့သူတစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူတို့ တာအိုဆရာသခင်ကြီးများဖြစ်လာသည့်အခါ လောကတွင် အရာအားလုံးသည် အနိစ္စဖြစ်သည်ကို သိမြင်သွားခဲ့ကြလေသည်။

ဆန်းလျန်သည်လည်း နိစ္စထာဝရတည်ရှိသည့် တာအိုဆရာသခင်ကြီးတစ်ပါး၏ စိတ်အခြေအနေသို့ ရောက်ရှိလုနီးနေပြီ ဖြစ်လေသည်။

သို့သော်… သူ့စိတ်ထဲတွင် မပြတ်နိုင်သည့်သံယောဇဉ်နှင့် တဏှာရာဂများ ကျန်ရှိနေသေးသည်။

ဟုတ်ပေ၏။ သူ့ရင်ထဲတွင် ကျန်ရှိနေသည့် သံယောဇဉ်နှင့် တဏှာရာဂကို ကျော်လွှားသွားနိုင်ပါက သူ့အနေဖြင့် တာအိုဆရာသခင်ကြီး ဖြစ်လာပေလိမ့်မည်။

အကြောင်းမှာ နိစ္စထာဝရရှင်သန်သည့် တာအိုဆရာသခင်ကြီးတစ်ပါး အဖြစ်သို့ ရောက်ရှိပါက သူ့အနေဖြင့် သံယောဇဉ်နှင့် တဏှာရာဂများမှ လုံး၀ ကျွတ်လွတ်သွားပေလိမ့်မည်။

နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီး ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများစွာကို ခံစားလာခဲ့ရသည့်နှလုံးသားသည် ပြာမှုံအလား လွင့်စင်ကာ ခံစားချက်ကင်းမဲ့သွားပေလိမ့်မည်။

သို့သော်… ဆန်းလျန်အတွက်တော့ နိစ္စထာဝရတည်ရှိသည့် စစ်မှန်သော တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန်မှာ အလွန်အရေးပါလှသည်။

သို့ရာတွင်… ဆန်းလျန်၏နှလုံးသားထဲတွင်ကျန်ရှိနေသည့် သံယောဇဉ်နှင့် တဏှာရာဂသည် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်ရန်အတွက် သူ့ကို တားဆီးထားသည့် နောက်ဆုံး အတားအဆီး ဖြစ်လေသည်။

ထို့ကြောင့် သူ၏ရန်သူသည် သူကိုယ်တိုင်သာဖြစ်ပြီး အခြားအရာများမဟုတ်တော့ပေ။

ဆန်းလျန်အမြဲတမ်း တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လိုခဲ့သည်။ ထို့ပြင် သူကလည်း ဆန်းလျန်ပင်ဖြစ်နေသေးသည်။ သူ့ရင်ထဲတွင် ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ကျေနပ်နှစ်သက်ခြင်းနှင့် အခြားများစွာသော စိတ်ခံစားချက်များ ရှိနေသေးသည် မဟုတ်ပါလား။

ဆန်းလျန်ကိုယ်တိုင်လည်း အဖြေမရှာနိုင်ခဲ့ပေ။

သို့သော်… သူ၏တပည့်ဖြစ်သူလေ့ကျင်းကတော့ သူ့ကို ဉာဏ်ကွန့်မြူးစေပြီး စိတ်အားတက်ကြွစေခဲ့သည်။

အမှန်တော့ ရှင်သန်စေခြင်းကျောင်းတော်က ချင်းရွှမ်နတ်တံခါးနှင့် ဆက်နွယ်ပတ်သက်လျှက် ရှိသည်။ ရှင်သန်စေခြင်းကျောင်းတော်မှ တာအိုကျင့်စဉ်များအားလုံးသည် ချင်းရွှမ်နတ်တံခါးမှ ဆင်းသက်လာသည့် ကျင့်စဉ်များအပေါ်တွင်ပင် အခြေခံ ထားခဲ့သည်။

သို့သော်… ရှင်သန်စေခြင်းကျောင်းတော်၏ ကျင့်စဉ်များက ချင်းရွှမ်နတ်တံခါး၏ ကျင့်စဉ်များကို ဆက်လက်ကျင့်ကြံနေကြခြင်း မဟုတ်တော့ပေ။ ချင်းရွှမ်နတ်တံခါး၏ အချို့သော ကျင့်စဉ်များကိုသာ ကျင့်ကြံနေကြခြင်း ဖြစ်လေသည်။

ဆန်းလျန်က ထိုအရာများအားလုံးကို အရေးမစိုက်ခဲ့ပေ။  သို့သော်…  လူတိုင်းက ဆန်းလျန်ကဲ့သို့ မဟုတ်ကြပေ။

ဆန်းလျန်အနေဖြင့် သက်ရှိသတ္တဝါများအားလုံး အတူတူပင်ဖြစ်သည်ကို သိမြင်သွားခဲ့ပြီးနောက် အကြောင်းအရာအတော်များများနှင့်ပတ်သက်ပြီး ဥပေက္ခာတရားထားနိုင်ခဲ့ပြီဖြစ်သည်။

လေ့ကျင်းကတော့ ဆန်းလျန်အလေးမထားသည့်အရာများကို အလေးထားခဲ့လေသည်။

အကြောင်းမှာ ချင်းရွှမ်တောင်သည် ချင်းရွှမ်နတ်တံခါး ပိုင်ဆိုင်သည့်နေရာဖြစ်သည့်အတွက် သူမက ပြန်လည်ရယူချင်မိသည်။

ထို့ပြင် ချင်းရွှမ်တောင်ကို သိမ်းပိုက်ပြီးသည်နှင့် သူမက ဆန်းလျန်နှင့် ချန်ကျင်းချင်ကို သွားရောက်တွေ့ဆုံရန်လည်း ဆုံးဖြတ်ထားခဲ့သည်။

နှစ်ပေါင်းတစ်သောင်းကျော်အချိန်က သူမအတွက် ဘဝ၏ ခွဲခြားမရနိုင်သည့်အရာများကို နားလည်စေရန် လုံလောက်စေခဲ့သည်။

ထို့ကြောင့် လေ့ကျင်း အနေဖြင့် ချင်းရွှမ်တောင်ကို ပြန်လည်သိမ်းယူလိုခြင်းမှာ ရုပ်ဝတ္ထုပစ္စည်းများကြောင့်မဟုတ်ဘဲ ဝိညာဉ်ရေးရာအနှစ်သာရများကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။

ရှင်သန်စေခြင်းကျောင်းတော်မှလူများကတော့ ထိုအကြောင်းအရာများကို နားမလည်ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် ရှေးခေတ်အချိန်ကတည်းကပင် မရေမတွက်နိုင်သည့် တာအိုကျင့်စဉ်များစွာ ပျက်စီးခဲ့ကြပြီ ဖြစ်သည်။

မိုးနတ်မင်းအဆက်ဆက်၏ ကောင်းကင်ဘုံသည်ပင် အကြိမ်ကြိမ် ပျက်စီးလိုက် ၊ ပြန်လည်တည်ဆောက်လိုက်နှင့် သံသရာလည်နေကြသည်ဖြစ်ရာ နတ်ဘုရားကျောင်းတော်တစ်ခု ပျက်စီးခြင်းက ပြောဖွယ်ရာမရှိတော့ပေ။

ယခုအချိန်ထိ ဆန်းလျန်ထျန်းကျွင်းသည်ပင်လျှင် ချင်းရွှမ်တောင်ကို ပြန်လည်ရယူရန် ရည်ရွယ်ချက်မရှိသေးရာ လျှပ်စီးနတ်မိမယ် လေ့ကျင်းက ချင်းရွှမ်တောင်ကို လာရောက်သိမ်းပိုက်မည်ဟု မည်သူက တွေးထင်ထားကြပါမည်နည်း။

ထို့ပြင်… လေ့ကျင်းအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်အတွင်း အခွင့်အရေးများစွာ ရရှိခဲ့သည့်တိုင် ချင်းရွှမ်တောင်ကို သိမ်းပိုက်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုတော့ သူမအနေဖြင့် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပေ။

လေ့ကျင်းနှင့် ဆန်းချင်းချင်း၏ တိုက်ပွဲက တိတ်ဆိတ်ငြိမ်သက်လွန်းသည့် တိုက်ပွဲတစ်ခု ဖြစ်လေသည်။

ခြေလှမ်းဆယ်လှမ်းခန့်သာရှိသော အကွာအဝေးအတွင်း သူတို့က နေရာကန့်သတ်ကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ထိုနေရာငယ်လေးအတွင်းမှာပင် လေ့ကျင်းက အဆုံးမရှိသည့် စကြာဝဠာကြီးအတွင်းတွင် တိုက်ခိုက်နေရသည့်အလား တိုက်ခိုက်နေခဲ့လေသည်။

လေ့ကျင်း၏ တာအိုတန်ခိုးစွမ်းအားများသည် ထိုမျှ တည်ငြိမ်ပြီး နက်နဲဆန်းပြားလိမ့်မည်ဟု ဆန်းချင်းချင်းလုံး၀ တွေးထင်မထားခဲ့မိပေ။

လေ့ကျင်း အသုံးပြုတိုက်ခိုက်နေသည့် တာအိုတန်ခိုးစွမ်းအားမှာ သာမန် မိုးကြိုးတန်ခိုးစွမ်းအား (၅)ပါးသာဖြစ်ပြီး သိပ်ပြီး ထူးခြားခြင်း မရှိလှပေ။

သို့သော်… ဆန်းချင်းချင်းကတော့ ထိုတန်ခိုးစွမ်းအားများဖြင့် ရင်ဆိုင်မိသည်နှင့် အံ့သြတုန်လှုပ်သွားရလေသည်။

ထိုတန်ခိုးစွမ်းအား၏ ထူးခြားဆန်းကျယ်မှုများကို ဆန်းချင်းချင်း နားမလည်နိုင်ခဲ့သလို တောက်ပလင်းလက်သည့် လရောင်နှင့်တူသော သူမ၏ တန်ခိုးစွမ်းအားက ထိုတန်ခိုးစွမ်းအားများကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိပေ။

အေးစက်သည့် လစန္ဒာ၏အလင်းရောင်ကို တောင်နှင့်မြစ်ရေ လောကတစ်ခွင်လုံးက ရှောင်ရှားနိုင်ခြင်းမရှိသည့်အလား ဆန်းချင်ချင်းသည်လည်း လျှပ်စီးနတ်မိမယ်လေ့ကျင်း၏ တန်ခိုးစွမ်းအားများကို ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိပေ။

တန်ခိုးစွမ်းအားအရာ ယှဉ်ပြိုင်မည်ဆိုလျှင် ဆန်းချင်းချင်းအနေဖြင့် လေ့ကျင်းကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

သို့သော်… ယခုတိုက်ပွဲတွင်တော့ ဆန်းချင်းချင်း လုံး၀ ရှုံးနိမ့်ခြင်း မရှိသေးပေ။ အကြောင်းမှာ… သူမလက်ထဲတွင် ထာဝရဓားရှိနေသောကြောင့် ဖြစ်သည်။

ထာဝရဓားသည် စန့်ချင်တာအိုဆရာသခင်၏ ဗီဇဝိညာဉ်မရဏဓား (၄)လက်နှင့် ယွမ်တုဓား ၊ ငရဲလမ်းဓားတို့ထက် သာလွန်ခြင်း မရှိပေ။

သို့သော်… ထာဝရဓားသည် တာအိုဆရာသခင်ထိုက်ယီ အချိန်ကြာမြင့်စွာ ကိုင်ဆောင်ခဲ့သည့် ဓားဖြစ်လေရာ ထိုဓားသည် တာအိုဆရာသခင်ထိုက်ယီ၏ တာအိုဆရားများဖြင့် တစ်သားတည်းကျနေခဲ့သည်။

ထို့ပြင် ယင်နှင့်ယန်သည်လည်း အဆုံးမရှိ ညီမျှနေလေသည်။

ထို့ကြောင့် လေ့ကျင်း၏ မိုးကြိုးတန်ခိုးစွမ်းအားများက ထာဝရဓား၏ သဘောသဘာဝကို လှုံ့ဆော်ပေးလျှက် ရှိလေသည်။

မယုံကြည်နိုင်စရာကောင်းသည့် ဓားတန်ခိုးစွမ်းအားများက ပေါက်ကွဲထွက်သွားပြီး ဓားထိပ်ဖျားက တုန်ခါလျှက် ရှိလေသည်။

ဓားတန်ခိုးစွမ်းအားများက လေးထောင့်ပုံသဏ္ဍန် ၊ စက်ဝိုင်းပုံသဏ္ဍန် လှည့်ပတ်သွားခြင်းမရှိဘဲ လေ့ကျင်း၏ မိုးကြိုးတန်ခိုးစွမ်းအားများကို မျဉ်းဖြောင့်အတိုုင်း ယှဉ်ပြိုင်တိုက်ခိုက်လျှက် ရှိလေသည်။

လေ့ကျင်း၏ မိုးကြိုးတန်ခိုးစွမ်းအားများနှင့် ထာဝရဓားရင်ဆိုင်ရည့်အခါ ဆန်းချင်းချင်း၏ ဓားသိုင်းက အဆင့်မြင့်လာပြီး ကျင့်ကြံခြင်းအဆင့် တက်ရောက်သွားလေသည်။

အတိတ်တစ်ချိန်မှ တိမ်မြုပ်ပျောက်ကွယ်နေပြီဖြစ်သည့် ထာဝရဓားနှင့်ပတ်သက်သည့် မှတ်ဉာဏ်များအားလုံး ပြန်လည်ထွက်ပေါ်လာပြီး ဆန်းချင်းချင်းသည် ထိပ်တန်း ဓား (၇)လက်ကို သိမြင်နားလည်လာလေသည်။

ဆန်းချင်းချင်း ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားသည်ကို သိလိုက်ရသည့်အခါ သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

တိုက်ပွဲများတိုက်ခိုက်ရင်း ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားသည့် ဖြစ်ရပ်များ များစွာ ရှိလေသည်။

သို့သော်… လေ့ကျင်းအတွက်တော့ သူမနှင့်တိုက်ခိုက်ရင်း လူတစ်ယောက် ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားသည်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။

အတိတ်အချိန်များတုန်းက တန်ခိုးစွမ်းအားမြင့်မားသူများနှင့် လေ့ကျင်း များစွာ ရင်ဆိုင်ခဲ့ရဖူးသော်လည်း သူမနှင့် တိုက်ခိုက်ရင်း ကျင့်ကြံခြင်းအဆင့်မြင့်တက်သွားသူ တစ်ယောက်မှ မရှိခဲ့ပေ။

ယခုတော့ လေ့ကျင်း သူမရှေ့တွင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။

ဆန်းချင်းချင်း၏ နောက်ကွယ်တွင် တာအိုဆရာသခင်ထိုက်ယီရှိနေပြီး တာအိုဆရာသခင်ကြီး၏ တန်ခိုးစွမ်းအားများက ထိုသို့ ကျင့်ကြံခြင်းအဆင့် မြင့်တက်စေခဲ့ခြင်း ဖြစ်လေသည်။

တိုက်ပွဲကိုကြည့်နေသည့် ဆန်းလျန်သည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်မိသည်။ သူကတော့ ထိုမိန်းကလေး (၂)ယောက်ကို ထိုသို့ မတိုက်ခိုက်စေချင်မိပေ။

သို့သော်… သူတစ်စုံတစ်ခုကိုတော့ နားလည်ခဲ့သည်။

သူက ဆန်းချင်းချင်းကိုကယ်တင်ရန်အတွက် ဝူကျီးချီကို စေလွှတ်ခဲ့သည်။ သို့သော်… ဝူကျီးချီက သူ့အမိန့်ကို မနာခံဘဲ ဆန့်ကျင်သွားသည့်အတွက် ဟယ်ရှန်းကို ထပ်မံစေလွှတ်ကာ ထိုပြဿနာကို ဖြေရှင်းခဲ့ရသည်။

ဝူကျီးချီကို အပြစ်ပေးပြီးသည့်နောက် ဆန်းချင်းချင်းက ထာဝရဓားကို ပိုင်ဆိုင်သွားခဲ့လေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဒူးနေရာဒူး တော်နေရာတော် ဖြစ်သွားဟန်ရှိသော်လည်း ထိုအဖြစ်အပျက်များအားလုံးသည် တာအိုဆရာသခင်ထိုက်ယီ ဖြစ်စေချင်သည့်အတိုင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ဟန်တူသည်။

ယခုလည်း ဆန်းချင်းချင်းသည် တိုက်တိုက်ဆိုင်ဆိုင်ပင် အသက်ရှည်စေခြင်းကျောင်းတော်၏ ပြဿနာကိုဖြေရှင်းရန် ချင်းရွှမ်တောင်သို့ ရောက်ရှိလာခဲ့ပြန်သည်။

ဤသည်မှာ တာအိုဆရာသခင်ထိုက်ယီစီစဉ်ထားသည့် လမ်းကြောင်းအတိုင်း အရာအားလုံး ဖြစ်ပျက်နေဟန် ရှိသည်။

တာအိုဆရာသခင်ထိုက်ယီ၏ စေခိုင်းမှုဖြင့် ဆရာဘိုးဘိုးယွမ်ချင်းသည် ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့ခြင်းဖြစ်လေသည်။

ဆန်းလျန်က ချင်းရွှမ်နတ်တံခါးမှ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ဆန်းလျန်၏ တပည့်ဖြစ်သည့် လေ့ကျင်းက ချင်းရွှမ်တောင်ကို ပြန်လည် သိမ်းပိုက်သည်မှာ သဘာဝကျသည်ဟု ဆိုနိုင်သည်။

သို့သော်… အဘယ့်ကြောင့် တာအိုဆရာသခင်ထိုက်ယီ၏ ထာဝရဓားကို ကိုင်ဆောင်ထားသည့် ဆန်းချင်းချင်းက လေ့ကျင်းကို တားဆီးနေရပါသနည်း။

ထိုကိစ္စများအားလုံးသည် ဆန်းလျန်အပေါ်တွင် မူတည်နေလေသည်။

အကြောင်းမှာ… ဆန်းလျန်သည် အတိတ်တစ်ချိန်က ချင်းရွှမ်နတ်တံခါး၏ တပည့်ဖြစ်ခဲ့သည့်အတွက် တာအိုဆရာသခင်ထိုက်ယီ၏ အနွယ်တော်ဟု ဆိုနိုင်သည်။

ယခု ဆန်းလျန် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်တော့မည်ဆိုသည့်အခါ သူ့အနေဖြင့် တာအိုဆရာသခင်ထိုက်ယီနှင့် ပတ်သက်မှုကို ဖြတ်တောက်ရန် လိုအပ်လာပြီ ဖြစ်သည်။

ဗုဒ္ဓပွင့်တော်မူသည့်အခါ ဗုဒ္ဓ၏ မဟာယာနဗုဒ္ဓဘာသာသည် အော်မီတော်ဖူးဗုဒ္ဓ၏ ဗုဒ္ဓဘာသာမှ တစ်နည်းတစ်ဘာသာ ခွဲထွက်သွားသကဲ့သို့ပင် ဖြစ်လေသည်။

ဆန်းလျန်အတွက် အလုပ်လုပ်နေသည်ဟု သူ့ကိုယ်သူ တွေးထင်ထားသော လေ့ကျင်းသည်ပင် ထိုကိစ္စများကို နားလည်ခြင်း မရှိခဲ့ပေ။ လေ့ကျင်းသည် သူမလုပ်နေသည့်အလုပ်များ၏ မူလဇာစ်မြစ်ကိုပင် နားလည်ခြင်းမရှိဘဲ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်… တာအိုဆရာသခင်ကြီးများ၏ လုပ်ရပ်များကတော့ စိတ်ကူးဖြင့်တွေးကြည့်နိုင်ခြင်းငှာ စွမ်းသာမည် မဟုတ်ပေ။

အစမှအဆုံးတိုင် တာအိုဆရာသခင်ထိုက်ယီနှင့် ရင်ဆိုင်နေခဲ့ရသည့် ဆန်းလျန်သည်ပင် ယခုအချိန်ထိ လှည့်စားခံနေရဆဲ ဖြစ်သည်မဟုတ်ပါလား။

သို့သော်… ထိုသို့ရင်ဆိုင်နေရသည့်အတွက် ဆန်းလျန် စိတ်ဆိုးဒေါသထွက်ခြင်း အလျဉ်းမရှိခဲ့ပေ။ သူက စိတ်ဝင်စားစရာကောင်းသည်ဟုသာ တွေးနေခဲ့မိလေသည်။

***

All Chapters